← Chapters

ဟုန်မန်ဂိုဏ်း မြင့်တက်လာရခြင်း အကြောင်းအရင်း

Vol. 132 Ch. 1973

ဟုန်မန်ဂိုဏ်း မြင့်တက်လာရခြင်း အကြောင်းအရင်း

Vol. 132 Ch. 1973

လင်းရီ မီတင်ခန်းထဲက ထွက်လာသည်နှင့် မိုဟုန်ရှန်း၏ လိုက်ပို့ပေးမည့် စေတနာကို ငြင်းပယ်ကာ လေဆိပ်သို့ သူ့ဘာသူ မောင်းထွက်လာခဲ့သည်။

သို့သော် လမ်းတွင် လျန်ကျင်းမင်ထံက ဝီချက်ဗွီဒီယိုကော တစ်ခုကို လက်ခံရရှိလိုက်သည်။

“ ဘာကိစ္စလဲ …”

လင်းရီ စခရင်ကို တစ်ချက်ကြည့်ရင်း ဆက်လက် ကားမောင်းနေလိုက်သည်။

လျန်ကျင်းမင်၏ နောက်တွင် စိတ္တဇ ပန်းချီကား တစ်ချပ် ရှိနေပြီး သူ့အနီးနားဝန်းကျင်ရှိ မီးအလင်းရောင်များနှင့် ဆက်စပ်ကြည့်လိုက်တော့ ကြည့်ရသည်မှာ အိမ်တွင် ရှိမနေသည့်ပုံပင်။

“ လင်းကော … မင်း အခု ပြည်ပထွက်တော့မလို့လား …”

“ မင်း ဘယ်လိုသိတာ …”

“ လေဆိပ် မန်နေဂျာ ငါ့ဆီဖုန်းလာတယ်လေ… သူပြောတာ မင်းသူ့ဆီ ဖုန်းဆက်ပြီး လေယာဉ် အဆင်သင့် ပြင်ခိုင်းထားတယ်ဆို … မင်း ဒူဘိုင်းကို သွားတော့မလို့တဲ့ …”

“ ငါ လုပ်စရာလေးရှိလို့ အဲ့ကို ခဏသွားမှာ … ရက်နည်းနည်းကြာရင် ပြန်လာမှာပါ ….”

လင်းရီ မည်သည်ကိုမျှ ကွယ်ဝှက်ခြင်း မပြုခဲ့ပေ။ ယခုအခြေအနေသို့ ရောက်လာပြီးမှတော့ ဖုံးကွယ်ထားရန်လည်း မလိုအပ်တော့ချေ။

“ မင်း အဲ့လူတွေကို သွားကိုင်တွယ်တော့မလို့လား ….”

“ အင်း … ငါ ကိုင်တွယ်မှရမယ့် ကိစ္စတချို့ ရှိတယ်…” လင်းရီ အမူအရာကင်းမဲ့စွာ ပြောဆိုလိုက်၏။

“ လင်းကော … ဥက္ကဌကျီက မင်းကို စကား နည်းနည်း ပြောချင်လို့တဲ့ …”

ပြောရင်းဖြင့် လျန်ကျင်းမင်သည် ကင်မရာကို တစ်ဖက်သို့ လှည့်လိုက်ရာ ကျီချင်းရန်က သူနှင့် ဆန်ကျင်ဘက်တွင် ထိုင်နေကြာင်းကို မြင်တွေ့လိုက်ရလေသည်။

ဟော်ယွမ်ယွမ်လည်း သူမဘေးနားတွင် ရှိနေပြီး သူမတို့ ကြည့်ရသည်မှာ အတူ စားသောက်နေပုံရ၏။

လင်းရီနှင့် တစ်ဖန် မျက်နှာချင်းဆိုင်ရသည်တွင် ကျီချင်းရန် အနည်းငယ် နေထိုင်ရ ခဲယဉ်းသွားခဲ့ပြီး အဆုံးတွင်တော့ ရှိသမျှ သတ္တိ အလုံးစုံကို ခြစ်ကုပ်ကာ ပြောလိုက်သည်။

“ ဒီကိစ္စ ဒီမှာတင် ပြီးပြီပဲ … နင် မသွားရဘူး …”

“ မဖြစ်ဘူး …”

လင်းရီ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပြီး “ ငါ့ကို စိတ်မပူနဲ့ … ငါလုပ်နေတာတွေ ငါ သိတယ်…”

“ သူတို့အတွက် နင့်အသက်ကို ဒီလိုမျိုး ရင်းပြီး အလုပ်လုပ်ပေးနေတာ တန်တယ်လို့ နင်ထင်လား …”

ကျီချင်းရန် ဒေါနမောကြီးစွာဖြင့် အသံကို မြင့်ပြီး ပြောလာခဲ့၏။

ပထမ အဖြစ်အပျက် ပြီးဆုံးစဉ်ကတည်းက ကျီချင်းရန်သည် ကျုံးဝေ့တပ်ဖွဲ့အပေါ် အတော်လေး အမြင်မကြည်ဖြစ်နေပြီး ဖြစ်သည်။

အကယ်၍ ထိုလူများကြောင့်သာ မဟုတ်ပါက လင်းရီသည်လည်း ထောင်ချောက်ထဲ ကျရှုံးခဲ့ရမှာ မဟုတ်ချေ။

ယခု .. လင်းရီက ထပ်မံပြီး ကျုံးဝေ့တပ်ဖွဲ့အတွက် အလုပ်လုပ်ပေးနေသည်ကို မြင်ရတော့ သူမ၏ စိတ်ခံစားချက်များအား မည်သို့မျှ ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။

“ ဒါက ကျုံးဝေ့တပ်ဖွဲ့နဲ့ ဘာမှမဆိုင်ဘူး …” လင်းရီ လေသံဖျော့ဖျော့ဖြင့် ပြောဆိုလိုက်ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က ငါ့ဆီ ရန်မူလာဝံ့နေမှတော့ ငါ့ဘက်ကလည်း သူတို့ကို အသက်ရှင်ခိုင်းစရာ အကြောင်းမှ မရှိတာ … သူတို့ကို ပြန်ပြီး ပေးဆပ်ရအောင် လုပ်ရမှာပဲ ….”

ပြောပြီးသည်နှင့် လင်းရီ ချက်ချင်း ဖုန်းချလိုက်သည်။

ထိုနောက်ပိုင်းတွင် လျန်ကျင်းမင်ထံက ဗွီဒီယိုကော ပြောရန် တောင်းဆိုလာမှု နှစ်ကြိမ်ဆက်တိုက် ရောက်လာသော်လည်း လင်းရီ လျစ်လျူရှုထားခဲ့လေသည်။

ညအချိန်တွင် ကျိုးဟိုင် မြို့တော်ကြီးမှာ နေရာအနှံ့ လင်းထိန်နေလျက် ရှိသည်။

တချို့က ကုမ္ပဏီအတွက် အချိန်ပို အလုပ်ဆင်းပေးနေပြီး တချို့ကလည်း ရထားအမီ ပြေးနေကြသည်။

တချို့က သူတို့၏ ဇနီးနှင့် သားသမီးများကို ခေါ်ကာ ညဈေးတန်းများတွင် လည်ပတ်ရင်း ရှားပါးသည့် ညချမ်း၏ ငြိမ်းချမ်းမှုကို ခံစားပျော်မွေ့နေကြ၏။

လင်းရီကဲ့သို့ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ကားမောင်းနေသူများလည်း ရှိနေပေသည်။

လေဆိပ်သို့ မောင်းနှင်လာခဲ့ပြီးနောက်တွင် လင်းရီသည် လေယာဉ်ပေါ်သို့ ချက်ချင်းတက်လိုက်သည်။

နှစ်နာရီကျော်ကြာ ပျံသန်းပြီးနောက် လေယာဉ်ပေါ်က ဆင်းလာပြီး ရှောင်ပင်းနှင့် ကျန်းချောင်ယွဲ့တို့က သူ့ကို လေဆိပ် အပြင်ဘက်တွင် စောင့်ဆိုင်းနေလေသည်။

“ အစ်ကိုရီ ….”

လင်းရီ တာမင်နယ်ထဲက ထွက်လာသည်ကို မြင်တော့ နှစ်ယောက်မှာ ရှေ့သို့ ရောက်လာပြီး သူ့အား ကြိုဆိုနှုတ်ဆက်သည်။

“ သွားစို့ … သွားရင်း စကားပြောကြမယ်…”

“ အွန်း …”

သုံးယောက်သား ကားထဲသို့ ဝင်၍ သတ်မှတ်ထားသည့် ဦးတည်ရာသို့ မောင်းနှင်လိုက်ကြသည်။

“ တခြား ကျန်တဲ့လူတွေရော ဘယ်မှာလဲ …” လင်းရီ မေးမြန်းလိုက်သည်။

“ ညီမယင်နဲ့ ချန်ကောက ဟောင်ကောင်ကို ကြိုရောက်လို့ ကျွန်မတို့ကို ကြိုဖို့ စောင့်နေကြပြီလေ….” ရှောင်ပင်း ပြောလိုက်ပြီး “ ချီချီရယ် … ရှောင်းကောရယ် … ကျောက်ကောရယ်ကလည်း လာတဲ့လမ်းမှာ ရောက်နေကြပြီ … သူတို့ ထွက်လာခဲ့တဲ့ အချိန်အတိုင်းဆိုရင် ကျွန်မတို့ ဟောင်ကောင်မရောက်ခင် ကြိုရောက်လောက်တယ်…”

ရှောင်ပင်း သူမ၏ ဆံပင်ကို အနောက်သို့ ပင့်သပ်လိုက်ကာ ဆက်ပြီး ပြော၏။

“ လွန်ခဲ့တဲ့ နာရီလောက်တုန်းက အစ်မချိုး ဟုန်မန်ဂိုဏ်း သတင်းအချက်အလက်တချို့ ပို့ပေးလာခဲ့တယ်…”

“ ဟုန်မန်ဂိုဏ်းရဲ့ ဥက္ကဌ ဖန်းတောက်ဇူက ဟုန်မန်ဂိုဏ်း ခေါင်းဆောင် ရာထူးကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ယူလာခဲ့တာ .. ဒီဆယ်နှစ်အတွင်းမှာ ဟုန်မန်ဂိုဏ်းက တစ်နေ့ပြီး တစ်နေ့ ဆက်တိုက် ကြီးထွားလာနေလိုက်တာ အရင်တုန်းကဆိုရင် အန်းယိနဲ့ ဇီဇူဂိုဏ်းက အထိတ်အထိပ်မှာ … အခုတော့ သူတို့က ဟုန်မန်ဂိုဏ်းနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်တော့ဘူး …”

“ ငါမှတ်မိသလောက်ဆို အရင်တုန်းက အန်းယိနဲ့ ဇီဖူဂိုဏ်းတွေက ဟုန်မန်နဲ့ အရွယ်အစားချင်းက မကွာဘူး မဟုတ်လား … ပြီးတော့ သူတို့ ကြီးထွားနေတဲ့ အရှိန်အဟုန်အတိုင်းဆိုရင် ဟုန်မန်ဂိုဏ်းထက်တောင် နည်းနည်းလေး သာနေသေးတယ်… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးမားသွားခဲ့တာ…”

အလောတကြီး ထွက်လာခဲ့မှုကြောင့် လင်းရီသည် ဟုန်မန်ဂိုဏ်း၏ အချက်အလက်များအား ဖတ်ရှုရန် အချိန်မရခဲ့ပေ။

သို့သော် သူတို့ သမိုင်းကြောင်းကို သူ အနည်းအကျဉ်း ကြားဖူးနားဝ ရှိလေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်က ‌ဟောင်ကောင်မှာ သုံးပါတီ အုပ်ချုပ်မှုအောက်တွင် တည်ရှိနေခဲ့၏။

အဓိက အင်အားစုကြီး သုံးခုကလည်း အချင်းချင်း အစေးမကပ်ဘဲ ပြိုင်ဆိုင်နေကြကာ ရန်သူများဖြစ်သကဲ့သို့ တစ်ခါတစ်ရံ မိတ်ဆွေများလည်း ဖြစ်ကြသည်။

သူတို့ထဲ မည်သည့် တစ်ဘက်ခြမ်းက အနည်းငယ် အင်အားကြီးမားလာစေကာမူ ကျန်အဖွဲ့အစည်းကြီး နှစ်ခုက မဆိုင်းမတွ ပေါင်းစည်း တိုက်ခိုက်ကြမှာ ဖြစ်၏။

ရလဒ် အနေဖြင့် ဟောင်ကောင်မှာ ဆယ်စုနှစ် နှစ်ခုလောက်အထိကို အတော်လေး ကသောင်းကနင်း ဖြစ်ခဲ့ရသည်။

(T/N- ဖန်းတောက်ဇူ အာဏာမရခင်ကာလကို ဆိုလိုပါသည်)

လွန်ခဲ့သည့် ဆယ်နှစ်ခန့်မှ စတင်၍ ဟုန်မန်ဂိုဏ်း၏ တန်ခိုးဩဇာမှာ ရုတ်ချညး ကြီးထွားလာခဲ့ကာ အခြား အဓိက အဖွဲ့အစည်းကြီး နှစ်ခုကိုပင် တစ်ကိုယ်တည်း ဖိနှိပ်ထားနိုင်သည့် အနေအထားသို့ ရောက်ရှိလာသည်။

ဤနေရာတွင် မေးရမည့် မေးခွန်းကား ' ဟုန်မန်ဂိုဏ်းက ဘယ်လိုဖြစ်ပြီး အန်းယိနဲ့ ဇီဖူဂိုဏ်းတွေကို သူတို့ကိုယ်ပိုင်အင်အားနဲ့ ဘယ်လိုလုပ် ဖိနှိပ်နိုင်သွားတာလဲ ‘ ဆိုတာကိုပင်။

အပြတ်သတ် သာလွန်နေသည့် အင်အားကို မပိုင်ဆိုင်ထားပါဘဲနှင့် ယခုလို ရလဒ်မျိုးကို ရရှိနိုင်ဖို့ဆိုသည်မှာ လုံးဝ ဖြစ်နိုင်ခြင်း မရှိသလောက်ပင်။

“ အကြောင်းအရင်း အတိအကျကိုတော့ အတည်မပြုရသေးဘူး… “ ရှောင်ပင်း ပြောလိုက်ပြီး “ ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ သိထားသလောက်ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဟုန်မန်ဂိုဏ်းက အန်းယိနဲ့ ဇီဖူဂိုဏ်းကို သုံးလအတွင်းမှာပဲ ဖိနှိပ်လိုက်နိုင်တယ်… ပြီးတာနဲ့ ဟောင်ကောင်ရဲ့ ထိပ်သီး အင်အားစုအနေနဲ့ ရပ်တည်လာခဲ့တာပဲ … နှစ်တွေ အကြာကြီး ရှိလာတာတောင် အဲ့ဒီ အခြေအနေအတိုင်း အခုထိ မပြောင်းလဲသေးဘူး …”

“ သုံးလအတွင်းမှာပဲ အန်းယိနဲ့ ဇီဖူဂိုဏ်းကို ဖိနှိပ်နိုင်သွားခဲ့တယ်….”

အဆိုပါ သတင်းက လင်းရီကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ဤသည်က ယုံကြည်ရက်နိုင်စရာ မရှိဟု လင်းရီ ခံစားလိုက်ရ၏။

အန်းယိနှင့် ဇီဖူဂိုဏ်းတို့က သာမညောင်ည ဂိုဏ်းအသေးစားလေးများ မဟုတ်ကြချေ။ သူတို့အားလုံးက ဟောင်ကောင်၏ ယာမာဂူချီဂိုဏ်းကဲ့သို့ အဖွဲ့အစည်းကြီးများ ဖြစ်ကြ၏။ ဟုန်မန်ဂိုဏ်းအတွက် … သူတို့အားလုံးကို သုံးလအတွင်း ကိုင်တွယ်နိုင်ဖို့က အတော်လေးကို ထူးခြားသည့် နည်းဗျူဟာကို အသုံးပြုမှသာလျှင် အဆင်ပြေနိုင်လိမ့်မည်။

“ ဒီမှာ တစ်ခု ထူးဆန်းနေတယ်….” ကားမောင်းနေသည့် ကျန်းချောင်ယွဲ့က ပြောလာခဲ့ပြီး “ ဟုန်မန်ဂိုဏ်းက အဖွဲ့အစည်းနှစ်ခုကို ဖိနှိပ်ထားနိုင်တဲ့အချိန် အခွင့်ကောင်းယူပြီး ဘာလို့ အမြစ်ပြတ် မချေမှုန်းပစ်လိုက်လဲ …”

“ အာရုံလွှဲဖို့ …” လင်းရီ ပြောလိုက်ပြီး “ ဟွာရှက ဆိုရှယ်လစ် စနစ် ကျင့်သုံးတဲ့ နိုင်ငံ … သုံးပါတီ အုပ်ချုပ်တာကို ခွင့်ပြုပေးတာနဲ့တင် အတော်လေး လိုက်လျောပေးထားလှပြီ … တကယ်လို့ ဟုန်မန်ဂိုဏ်းကသာ လောဘကြီးပြီး လုပ်ပိုင်ခွင့်အားလုံးကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေတယ်ဆိုရင်တော့ အစိုးရက ကျိန်းသေပေါက် ဝင်ရောက်စွက်ဖက်ရမှာပဲ … အခုလို အန်းယိနဲ့ ဇီဖူဂိုဏ်းကို ချန်ထားလိုက်တော့ အာဏာချိန်ခွင်လျှာက ညီမျှတယ်လို့ မထင်ရဘူးလား …”

“ အစ်ကိုရီ ပြောတာ အဓိပ္ပာယ်ရှိတယ်… ကျွန်မလည်း အဲ့လိုပဲ စဉ်းစားမိတယ်…” ရှောင်ပင်း သဘောတူလိုက်သည်။

“ ဒီရဲ့ ဖန်းတောက်ဇူက မြေခွေးအိုကြီးပဲ … လူတိုင်း သူ့လို အမြော်အမြင်မျိုး မရှိနိုင်ဘူး …” ကျန်းချောင်ယွဲ့ ချီးမွမ်းလိုက်၏။

“ တကယ်လို့ သူ့မှာသာ အရည်အချင်း တချို့ မရှိဘူးဆိုရင် ဟုန်မန်ဂိုဏ်းရဲ့ ခေါင်းဆောင်လည်း ဖြစ်လာမှာမှ မဟုတ်တာ … သူ့အစွမ်းအစတွေက ထင်ရှားတဲ့ သက်ကာယတွေပဲလေ… ဒါပေမယ့် အခု မေးခွန်းထုတ်ရမှာ ဟုန်မန်ဂိုဏ်းက ဘာလို့ ရုတ်ချည်း မြင့်တက်လာရလဲ ဆိုတာကိုပဲ … အခြေအနေက တော်တော်လေးတော့ ပုံမှန်ဟုတ်မနေဘူး …”

“ အစ်မချိုး ဖုန်းထဲမှာ ကျွန်မကို ပြောပြဖူးတယ်…”

“ သူပြောတာ ဟုန်မန်ဂိုဏ်းရဲ့ နောက်မှာ တခြား အဖွဲ့အစည်းကြီး တစ်ခုရဲ့ ကျောထောက်နောက်ခံ ရှိနေနိုင်တယ်တဲ့ … ဒါကြောင့်မို့ ကျွန်မ အထင်ပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အဲ့ဒီလူတွေ ဟုန်မန်ဂိုဏ်းကို ကူညီပြီး ဟောင်ကောင်ရဲ့ နံပါတ်တစ် အဖွဲ့အစည်းအနေနဲ့ ပလ္လင်ပေါ် တင်မြှောက်ပေးလိုက်ကြတာ ဖြစ်ရမယ်…”

“ အင်း … အတော်လေး ဖြစ်နိုင်တယ်…” လင်းရီ တွေးတွေးဆဆနှင့် ပြောလိုက်သည်။

“ ဒါဆို ကျွန်မတို့တွေ သူတို့နောက်ကွယ်က အဖွဲ့အစည်းကြီးက ဘယ်သူလဲဆိုတာ ရှာဖွေကြမလား …”

“ မရှာဘူး …”

ခေတ္တကြာ တိတ်ဆိတ်ပြီးနောက် လင်းရီ အဖြေပေးလာသည်။

“ ကန့်လန့်ကာ နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းက ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းကြီးပဲ ဖြစ်ရမယ်… သူတို့ရဲ့ လက်တံတွေက တစ်ကမ္ဘာလုံး အနှံ့မှာ ရှိတယ်… ဟုန်မန်ဂိုဏ်းဆိုတာ သူတို့အတွက် အရေးမပါ ထိုးကျွေးခံ ပွန်းရုပ်လေးပဲ .. ဘာသဲလွန်စမှ ချန်ထားခဲ့မှာ မဟုတ်ဘူး … သူတို့ကို ရှာတွေ့ဖို့က ခက်ခဲနိုင်တယ်....”

လင်းရီ ထိုင်ခုံနောက်သို့ ကျောမှီလိုက်ပြီး နဖူးပေါ် လက်တင်ကာ အနားယူလိုက်၏။

“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အခုလို အခြေအနေမျိုးနဲ့ … ငါတို့သာ တကယ်လို့ နောက်ကွယ်က အဖွဲ့အစည်းကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရင် အကျိုးဆက်တွေက ဆိုးရွားသွားလိမ့်မယ်…”

ပြောပြီးနောက် လင်းရီ ခေတ္တရပ်တန့်သွားခဲ့ကာ ကိုယ့်ကိုယ်ကိုယ် ရေရွတ်နေဟန်ဖြင့်

“ ဒါပေမယ့် ဒီလူတွေနဲ့လည်း စာရင်းရှင်းရမှာပဲ ….”

All Chapters