← Chapters

အငယ်ကို အနိုင်မကျင့်နဲ့

Vol. 132 Ch. 1975

အငယ်ကို အနိုင်မကျင့်နဲ့

Vol. 132 Ch. 1975

“ မင်းရဲ့ အဆင့်က သူ့ထက်မြင့်တယ်… အတွေ့အကြုံဆိုလည်း သူ့ထက် သာနေတာကို ဘာလို့ သူ့တစ်ယောက်တည်း လွှတ်လိုက်တာလဲ …” လင်းရီ သာမန်လျှံကာ မေးမြန်းလိုက်သည်။

“ စစချင်းတုန်းက ကျွန်မတို့ နှစ်ယောက်လုံး အတူသွားကြတာပဲ … ဒါပေမယ့် သူတို့က ကျွန်မကိုကျ မခေါ်ဘူး … ချီချီကိုပဲ ခန့်လိုက်တယ်….” ယွီစီယင် ပြောလိုက်၏။

“ ဘာကွ … အဲ့ကောင်တွေက ငါတို့ရဲ့ ညီမယင်ကို အထင်သေးတာလား ….” ကျောက်ယွင်ဟူ ဒေါသထွက်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ ငါတို့ရဲ့ ညီမယင်က ဝိတ်တာ အလုပ်လေးတောင် ကောင်းကောင်း မလုပ်နိုင်ဘူးလို့ အဲ့ကောင်တွေ ထင်နေတာလား …”

“ ဟုတ်တယ်.. ပြီးတော့ သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်လည်း ဘယ်လောက်မှ မကွာဘဲကို ဘာလို့ ညီမယင် တစ်ယောက်တည်း ပြန်ထွက်လာခဲ့ရတာ …” ရှောင်ကျန့်ဖုန်းက ထပ်ပေါင်းပြောဆိုလိုက်၏။

“ ဟဲ့ ဟဲ့ ဟဲ့ … သူတို့ရဲ့ ရုပ်ရည်က အတူတူနီးပါးဆိုတာတော့ ငါ လက်ခံတယ်…. ဒါပေမယ့် တစ်ယောက်က B ၊ တခြားတစ်ယောက်က D .. သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ကမ္ဘာတစ်ခုစာလောက် ခြားနားနေတာကို ညီမယင် မရွေးခံရတာ ပုံမှန်ပါပဲ ..” ကျန်းချောင်ယွဲ့ ပြောလိုက်၏။

“ သေစမ်း .. ကျန်း ချောင် ယွဲ့ … ငါနင့်ကို သတ်မယ်….”

ရှောင်ပင်း ပခုံးတွန့်လျက် “ ငါသာ ကြိုသိခဲ့ရင် ငါလည်း သွားလိုက်ပါတယ်… ငါလည်း အရွေးခံလိုက်ရမလား ပြောမရဘူးလေ…”

ယွီစီယင် “ …. “

“ တိတ်ကြစမ်း … မင်းတို့ကောင်တွေ ဘာလို့ အနာပေါ် ဆားဖြူးပြီး အငယ်ကို အနိုင်ကျင့်နေကြတာလဲ ….”

ယွီစီယင် “ ….. “

“ နင်တို့တွေ အတော်တရားလွန်နေပြီနော်….”

“ ကဲ လာလာ … အလုပ်ကိစ္စ အရင်လုပ်ကြစို့ …”

လင်းရီ ယွီစီယင်ကို ကြည့်၍ “ လက်ဝှေ့က ဟောင်ကောင်မှာ နာမည်ကြီးတယ်ဆိုပေမယ့် ဖန်းရှစ်ဟုန် ကိုယ်တိုင် ရောက်လာစေဖို့တော့ မလုံလောက်ဘူးလို့ ထင်တယ်… “

“ ခေါင်းဆောင် .. အဲ့တာက ရှင် မသိသေးလို့ …” ယွီစီယင် ပြောလိုက်ပြီး “ ဟောင်ကောင်မှာ မြေနေရာအသစ်တစ်ခု ပေါ်လာတယ်လေ… အုပ်စုကြီး သုံးခုလုံးက အဲ့တာကို လိုချင်နေကြတာ .. သူတို့က အဲ့တာကို လက်ဝှေ့ပွဲကျင်းပပြီး ဆုံးဖြတ်ဖို့ လုပ်နေကြတာ .. ဒါကြောင့်မို့ လက်ဝှေ့ပွဲက ဒီတိုင်း အပေါ်ယံ သပ်သပ်ပဲ … တကယ့်အစစ်အမှန်က မြေလုဖို့ ….”

လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိမ့်လိုက်ပြီး “ ဆိုတော့ အဲ့လိုကိုး ….”

ကျီချင်းရန်၏ အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်းတွင် အလုပ်ဝင်ခဲ့ဖူးသောကြောင့် လင်းရီသည်လည်း ဤနယ်ပယ်အကြောင်းကို နည်းနည်းပါးပါးတော့ တီးမိခေါက်မိရှိသည်။

မြေဈေးနှုန်းက ရန်ကျင်းနှင့် ကျိုးဟိုင်တွင် မိုးထိမက မြင့်မားနေသော်လည်းပဲ ဟောင်ကောင်နှင့် နှိုင်းစာမည်ဆိုပါက စာပင် မဖွဲ့လောက်ချေ။

သတင်းဆောင်းပါး တစ်ခုတွင် အဆင့်မြင့် သူဌေးရပ်ကွက်ရှိ ကားပါကင် တစ်နေရာစာသည်ပင် ယွမ်ဆယ်သန်းခန့် ကုန်ကျရသည်ဆိုပင်။

၎င်းကြောင့် လင်းရီပင် အတော်လေး ဆွံ့အမိသွားခဲ့ရ၏။

ကားပါကင်ထိုးဖို့ တစ်နေရာစာလေးကို ယွမ်ဆယ်သန်း ….

ဤသည်ကတော့ သာမန်လူတို့ လက်လှမ်းမီနိုင်သည်ထက် အများအပြား ကျော်လွန်နေပြီး ဖြစ်သည်။

“ ခေါင်းဆောင် … ကျုပ်တို့ ခိုးဝင်ပြီး ဟုန်မန်ဂိုဏ်းကို ပွဲနိုင်အောင် ကူညီပေးကြမလား … ကျုပ်တို့ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့နဲ့ နီးစပ်အောင် လုပ်လို့ရတယ်လေ….”

ရှောင်ကျန့်ဖုန်း အကြံပေးလာခဲ့သည်။

“ မလိုဘူး … ချိုးယွီလော့နဲ့ သူ့အသင်းကို လွှဲထားလိုက် …”

ချိုးယွီလော့က ထောက်လှမ်းရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး ယခုလို အချိန်မျိုးတွင် သူမကလွဲ၍ ဟုန်မန်ဂိုဏ်းအား စုံစမ်းမည့် ကိစ္စအား လင်းရီ မည်သူ့ကိုမျှ မယုံကြည်နိုင်ပေ။

“ ဒါနဲ့ … အုပ်စုကြီး သုံးခုအပြင် တခြား အဖွဲ့အစည်းတွေရော ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရှိလား …” လင်းရီ မေးမြန်းလိုက်သည်။

“ ကျန်တာက တစ်သီးပုဂ္ဂလ ပြိုင်ပွဲဝင်တွေပဲ … အထူးသဖြင့် အပျော်တမ်းသမားတွေပေါ့ … တကယ့် ပြိုင်ပွဲက အုပ်စုကြီး သုံးအုပ်စုကြားက ထိုးသတ်ပွဲပဲ …” ယွီစီယင် ရှင်းပြလိုက်သည်။

“ ကျွန်မကတော့ တကယ်လို့ ဖန်းရှစ်ဟုန်သာ ဒီပြိုင်ပွဲမှာ လူလုံးထွက်ပြလာမယ်ဆိုရင် တကယ့် အခွင့်အရေးကောင်းလို့ ထင်တယ်…”

“ ဒါပေမယ့် ပြဿနာက ဖန်းရှစ်ဟုန် အနားမှာ စကေးကောင်းတဲ့ ဘော်ဒီဂတ်တွေ ပြည့်နှက်နေမှာ သေချာတယ်… သူ့အနားကပ်နိုင်ဖို့က တကယ်လွယ်မှာ မဟုတ်ဘူး …” ရှောင်ပင်း ပြောလိုက်သည်။

“ သူတို့ ကော်ပိုရေးရှင်းရဲ့ တည်နေရာကို သိတာနဲ့ အဲ့တာက ပြဿနာမဟုတ်ဘူးလို့ ငါတော့ ထင်တယ်…” ကျောက်ယွင်ဟူ ပြောလိုက်သည်။

“ အခုလောလောဆယ် အကြီးဆုံး ပြဿနာက သူတို့ ဘယ်နေရာမှာ ရှိလဲဆိုတာကို မသိရသေးတာပဲ .. မဟုတ်ရင် သူတို့ဆီ တန်းသွားနေလိုက်ပြီပေါ့ ….”

“ ဒါက နေ့ချင်းညချင် ဖြစ်နိုင်တဲ့ အလုပ်မှ မဟုတ်တာ … မင်းတို့အားလုံး ရယ်ဒီ လုပ်ထားကြ .. ဒီည အတည်ပြုကြည့်ရမယ်…” လင်းရီ ပြောပြီးနောက် မတ်တပ်ရပ်၍ “ ဖန်းရှစ်ဟုန်ရဲ့ ကံကြမ္မာက ဒီည သူ ထွက်လာ မလာ အပေါ် မူတည်နေပြီ …”

ဟိုတယ်ထဲက ထွက်လာပြီးနောက်တွင် ရှောင်ပင်းသည် ဟောင်ကောင် လိုင်စင်နံပါတ်ပြားနှင့် မီနီ ဗန်တစ်စင်း ငှားရမ်းလိုက်သည်။ အနည်းငယ် ဒိတ်အောက်နေပြီ ဆိုသော်လည်းပဲ မောင်းနှင်၍တော့ အဆင်ပြေနေဆဲ ဖြစ်ကာ ကျားငါးကောင် ဒေသသို့ ဦးတည်လိုက်လေသည်။

ရုပ်ပြနှင့် ရုပ်ရှင်ဇာတ်လမ်းတို့ကြောင့် ဟောင်ကောင်၏ ကျားငါးကောင် ဒေသမှာ အထင်ကရ နေရာတစ်ခု ဖြစ်၏။ သို့သော် ကျားငါးကောင်ဒေသတွင် လူတိုင်းသိသည့် နေရာတစ်ခုလည်းရှိ၏။ ယင်းက ကျားငါးကောင်မြို့တော်ပင်။

အတိတ်တွင် ကျားငါးကောင် မြို့တော်က ကျားငါးကောင် ခရိုင်၏ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ပြီး မော်ဒန်ခေတ် ၊ အရှေ့အလယ်ပိုင်း မြို့တော်ကြီးများကဲ့သို့ မကောင်းမှု ၊ ဒုစရိုက်မှုနှင့် မှောင်ခိုပစ္စည်း ဝယ်ရောင်းကိစ္စများနှင့် ပြည့်နှက်နေသည်။

ဖျက်စီး၍ ပြန်လည်တည်ဆောက်ပြီး ဖြစ်သော်လည်းပဲ ဤနေရာရှိ ဓလေ့နှင့် ဒဏ္ဍာရီတို့က လုံးဝ ကွယ်ပျောက်သွားခဲ့ခြင်း မရှိပေ။ ပို၍ပင် ပြင်းထန်လာခဲ့ပြီး ယခင်ကကဲ့သို့ ပေါ်တင်ဆောင်ရွက်ခြင်းမျိုး မရှိသော်လည်းပဲ သိုဝှက်၍တော့ အကြီးအကျယ် လုပ်ကိုင်နေကြဆဲပင်။

ဟောင်ကောင်၏ ဝမ့်လိ ဟိုတယ်က ကျားငါးကောင်မြို့တော်တွင် တည်ရှိပြီး ယင်းက ကြယ်ငါးပွင့် ဟိုတယ်တစ်ခုပင်။

ဝမ့်လိ ဟိုတယ်က နေ့ခင်း အချိန်တွင် ထည်ဝါခမ်းနားပြီး ညပိုင်းတွင်တော့ မကောင်းသည့် ဒုစရိုက်လောကသားတို့ ပျော်မွေ့ကျက်စားရာ နေရာတစ်ခု ဖြစ်လာသည်။

ပြည့်တန်ဆာ လုပ်ငန်း ၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ အဆုံးစွန်ဆုံး အသက်ဖြင့် လောင်းကြေးထပ်ရသည့် လောင်းကစားဂိမ်းများကိုပင် ဤနေရာ၌ တွေ့ရှိနိုင်သည်။

မကောင်းသူများ ကြီးစိုးရာနေရာတွင် ကောင်းသူ တချို့လည်း ရှိမည်က ဓမ္မတာဖြစ်၏။ သို့သော် ဝမ့်လိဟိုတယ်ရှိ ထိုကဲ့သို့သော ကိစ္စရပ်များကို ချေမှုန်းချင်သူတိုင်း နောက်တစ်နေ့တွင် တစ်နည်းနည်းဖြင့် ကားအက်စီးဒင့် ဖြစ်ကာ သေဆုံးသွားကြစမြဲပင်။ ထိုနောက်ပိုင်းတွင်တော့ မည်သူကမျှ ဝမ့်လိဟိုတယ်အား စုံစမ်းစစ်ဆေးခြင်း မပြုဝံ့ကြတော့ပေ။

မည်သို့ပင်ဆိုစေ ဤသည်က ကိတ်မုန့်အကြီးစားကြီး တစ်ခုဖြစ်၏။ ၎င်းကို ထိပါးဝံ့သည့် လူတိုင်း အသက်ဖြင့် ပေးဆပ်ရပေမည်။

တစ်နာရီခန့်ကြာပြီးနောက် လင်းရီနှင့် အခြားသူများမှာ ဝမ့်လိဟိုတယ်သို့ ရောက်ရှိလာခဲ့ကြသည်။

ဝမ့်လိုဟိုတယ်က အထပ်များစွာ မရှိသော်လည်းပဲ ဧရိယာအားဖြင့်တော့ ကြီးမားစွာ နေရာယူထားသည်။ ယင်းက ဘောလုံးကွင်း တစ်ကွင်းစာမျှ အရွယ်အစား ကျယ်ဝန်း၏။ ကြီးမားလေးလံပြီး လွှမ်းမိုးနိုင်သည့် ခံစားချက်တို့အား ပေးစွမ်းနေလေသည်။

အုပ်စုမှာ ထင်သာမြင်သာခြင်း မရှိနိုင်သည့် နေရာတစ်ခု၌ ကားထိုးရပ်၍ တံခါးဝရှိ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ကြသည်။

လက်ဝှေ့ပြိုင်ပွဲရှိသည့် အတွက်ကြောင့် ဟိုတယ်ဝင်ပေါက်ဝတွင် ဇိမ်ခံကားမျိုးစုံ ပါကင်ထိုးထားပြီး ကားထဲရှိ လူများက တစ်ယောက်ပြီး တစ်ယောက်ဆင်းလာကာ ဟိုတယ်ထဲ ဦးတည်လာခဲ့ကြသည်။

သို့သော် အနှီ အကောင်ကြီးကြီး အမြီးရှည်ရှည်များအပြင် သာမန်လူအချို့ကလည်း ဟိုတယ်ထဲသို့ ဦးတည်နေလျက် ရှိကြ၏။

သို့ပေမယ့် ဝင်ရသည့် ဝင်ပေါက်ကတော့ မတူညီချေ။ အဆင့်အတန်း ခွဲခြားမှုကိုလည်း ပေါ်ပေါ်ထင်ထင် မြင်တွေ့နေရ၏။

ထိုလူများကို ကြည့်ရင်း လင်းရီစိတ်ထဲတွင် ဤလူများက ဖန်းရှစ်ဟုန်နှင့် ပတ်သက်ဆက်နွယ်နေခြင်း မရှိနိုင်ဟု ခံစားနေရသည်။ ပစ်မှတ်က ထွက်ပေါ်မလာခဲ့ချေ။

“ လော့ချီကို အခြေအနေ ဘယ်လို ရှိလဲ မေးလိုက် …”

ရှောင်ပင်း ဖုန်းထုတ်၍ လော့ချီထံ မက်ဆေ့ချ်ပို့လိုက်သည်။

သို့သော် အချိန်အတော်ကြာမှ လော့ချီထံက ပြန်စာရောက်လာသည်။

“ ခေါင်းဆောင် … ချီချီ ပြောတာ ဖန်းရှစ်ဟုန်က ဟိုတယ်ထဲမှာတဲ့ ….” ရှောင်ပင်း အံ့အားသင့်သည့် လေသံဖြင့် ပြောလာသည်။ အဆိုပါ သတင်းကို ကြားတော့ ကားထဲရှိလူတိုင်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

“ သူ ဘယ်မှာလဲ ….” လင်းရီ တိုးညှင်းစွာ မေးမြန်းလိုက်၏။

“ အသေးစိတ်တော့ မသိသေးဘူး … ဒါပေမယ့် ချီချီပြောတာတော့ ဒုတိယထပ်မှာ ရှိနေလောက်တယ်တဲ့ …” ရှောင်ပင်း ပြောလိုက်ပြီး “ ပုံစံကြည့်ရတာတော့ သူရောက်နေတာ ကြာနေပြီနဲ့တူတယ်….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သူ့ကို ဂရုစိုက်ဖို့ ပြောလိုက်ဦး … ဒီသတင်းနဲ့တင် လုံလောက်ပြီ … သူ့ကိုယ်သူ လုံခြုံအောင် နေခိုင်းလိုက်…”

“ နားလည်ပြီ …”

ရှောင်ပင်း တုံ့ပြန်ပြီးနောက် သူတို့အားလုံး တစ်ဖန် ခေါင်းချင်းဆိုင်လိုက်ကြပြန်သည်။

“ ငါ တာဝန်တွေ ခွဲပေးမယ်…” လင်းရီ ပြောလိုက်ပြီး “ စီယင်၊ မင်းနဲ့ ကျန်းချောင်ယွဲ့တို့က တစ်သင်းဖွဲ့ပြီး တိုက်ပွဲကွင်းပြင်ထဲ ခိုးဝင်ပြီး ဆူညံအောင် လုပ်လိုက် … ပြိုင်ပွဲကို ရပ်တန့်ဖို့ပဲ လိုတယ်… တခြားဘာမှ လုပ်စရာ မလိုဘူး …”

“ ဟုတ်ကဲ့ …” နှစ်ယောက်မှ သံပြိုင် ဖြေဆိုလိုက်ကြသည်။

“ အခုသွားတော့ … မင်းတို့ အဆင်သင့် ဖြစ်တာနဲ့ ငါ့ကိုပြော … လှုပ်ရှားရမယ့် အချိန်ကျရင် ငါညွှန်ကြားတာတွေကို သေချာလေး လိုက်နာ ….”

“ ဟုတ်ကဲ့ …”

နှစ်ယောက်သား ထပ်မံသံပြိုင် ဖြေဆိုလိုက်ကြပြီး ကားတံခါးဖွင့်၍ ဟိုတယ်ထဲသို့ ဝင်သွားခဲ့ကြလေသည်။

သူမတို့နှစ်ဦး ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီသည် ကျန်းယွင်ဟူဘက်သို့ လှည့်၍ “ ယွင်ဟူ … မင်းလည်း အထဲလိုက်သွား .. ပြီးရင် ဟိုတယ်တစ်ခုလုံးရဲ့ လျှပ်စစ်ဓာတ်အားပေး မိန်းခလုတ်နေရာကို ရှာဖွေပြီး ငါ့ဘက်က ညွှန်ကြားလာမှာကို စောင့်နေ ….”

“ ဟုတ်ကဲ့ … နားလည်ပါပြီ….”

All Chapters