← Chapters

လှုပ်ရှားဖို့ အချိန်

Vol. 132 Ch. 1979

လှုပ်ရှားဖို့ အချိန်

Vol. 132 Ch. 1979

“ ဖရီးမေဆင်ရဲ့ ကြီးကြပ်ရေးမှူး ဖြစ်လာဖို့က ထက်မြက်ဖို့ လိုအပ်ရုံတင် မကဘူး … ထက်မြက်တဲ့ အကန့်အသတ်ကို ကျော်လွန်နေဖို့လိုတယ်… သူတို့နဲ့ စကားပြောရတာ ဘယ်လွယ်မှာ …”

ဖန်းတောက်ဇူသည် မျက်မှောင်နှစ်ခုအား နှိပ်နယ်လိုက်ပြီး သာမန်လျှံကာ လေသံဖြင့် ပြောဆိုလိုက်၏။

“ ဒါပေမယ့် ဒီကိစ္စရဲ့ အကျိုးဆက်က ငါတို့ ထင်ထားသလောက်တော့ မပြင်းထန်တော့ဘူး … နောက်ပိုင်းကျရင် ကုစားမှု တစ်ခုခု ပြန်လုပ်နိုင်ဖို့ မျှော်လင့်တာပဲ …”

ဖန်းတောက်ဇူသည် ဟုန်မန်ဂိုဏ်း၏ အခြေအနေအကြောင်းကို ကောင်းစွာ နားလည်ထားသည်။ သူ့တစ်ကိုယ်တည်းအတွက်သာဆိုပါက ဤမျှလောက် ဂရုစိုက်နေမှာ မဟုတ်ချေ။

သို့သော် ပြဿနာကား သူက သူ့သားကို ထိပ်သို့ မြင့်တက်လာစေပြီး ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင်အသစ် ဖြစ်လာစေချင်သည်။ ထို့ကြောင့်ပဲ ဤကိစ္စကို အတော်လေး စိုးရိမ်ပူပန်နေခဲ့၏။

“ ကောင်းပြီ… ဒီအကြောင်း ထပ်မပြောကြစို့ .. ပြန်မယ်….”

“ ဟုတ်ကဲ့ …”

ဖန်းတောက်ဇူသည် ဖုန်းထုတ်၍ ဖန်းရှစ်ဟုန်ထံ ခေါ်ဆိုလိုက်၏။ သို့သော် မည်သူမျှ ဖုန်းကိုင်မလာချေ။

“ ဒီကောင်စုတ်လေးကတော့ ဘယ်မှာသွားပြီး အပျော်အပါးလိုက်စားနေလဲ မသိပါဘူး …”

လူငယ်မျိုးဆက်ထဲတွင် ဖန်းရှစ်ဟုန်သည် ထူးချွန်သူတစ်ဦးဟု ပြောစမှတ်ပြုရလောက်သော်လည်းပဲ ဖန်းတောက်ဇူ၏ မျက်လုံးထဲတွင်တော့ စကားဖြင့် ထုတ်ပြောရန်ပင် မထိုက်တန်သေးပေ။ ဆက်ပြီး လေ့ကျင့်ပေးဖို့ လိုအပ်နေသေး၏။

“ အခု တလော ကိစ္စတွေ အများကြီးက ဆက်တိုက် ဖြစ်နေတော့ သခင်လေးလည်း နည်းနည်း ပင်ပန်းနေတာ နေမှာပေါ့ ….” သိုက်ရုံရှင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ကျုပ် ကြားမိတာတော့ ဒီနေ့ည ဝမ့်လိဟိုတယ်မှာ လက်ဝှေ့ပွဲ တစ်ခု ရှိတယ်… အနိုင်ရတဲ့သူက ‘ထန်ဝမ်း’ မှာရှိတဲ့ မြေကို ရမှာ … သခင်လေးလည်း အဲ့ဒီကို ရောက်နေတယ်နဲ့တူတယ်…”

ဖန်းတောက်ဇူ သူ့နာရီကို ငုံ့ကြည့်လိုက်ပြီး “ အခုလောက်ဆို ပြန်ရောက်လောက်ရောပေါ့ … တစ်နေရာရာမှာ အလေလိုက်နေတာပဲ ဖြစ်ရမယ်….”

“ သခင်လေး ဘေးနားက လူတွေကို ဆက်သွယ်လိုက်ရမလား ….”

“ မလိုဘူး … သူ့ဖုန်းကို မြင်တာနဲ့ ဆက်သွယ်လာလိမ့်မယ်…” ဖန်းတောက်ဇူ နွမ်းနယ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါ ခဏလောက် တစ်ယောက်တည်း အေးဆေးနေဦးမယ်…”

“ ဟုတ်ကဲ့ …”

………….

လင်းရီသည် ကားကို ကျူပင်အမြင့်တို့ ဝန်းရံနေသည့် စွန့်ပစ် ဆိပ်ကမ်းတစ်ခုထံ မောင်းနှင်လာသည်။

ဤနေရာတွင် ပိန်းပိတ်မှောင်မည်းနေပြီး ကမ်းမျက်နှာပြင်ကို ဆေးကြောပေးနေသည့် ပင်လယ်ရေလှိုင်းများ ပုတ်ခတ်သံကိုသာ အတိုင်းအဆမဲ့ ကြားနေရသည်။

လူသားများကို မဆိုထားနှင့်။ တစ္ဆေများပင် ဤသို့ ခြောက်ခြားဖို့ ကောင်းသည့် နေရာထံ ရောက်လာကြမှာ မဟုတ်ပေ။

နေရာတစ်ခုသို့ မောင်းလာခဲ့ပြီးနောက် လင်းရီသည် ရှန်ဝန်လီ၏ အလောင်းကု ဆွဲကာ ပင်လယ်ထဲသို့ လွင့်ပစ်လိုက်သည်။

ဖန်းရှစ်ဟုန်အတွက်ကတော့ …. သူက ကားထဲမှာပဲ ရှိနေသေးဆဲပင်။

ဤသည်က ဖန်းတောက်ဇူအတွက် လက်ဆောင်ထုပ်ကြီး ဖြစ်ပြီ သေချာလေး ထိန်းသိမ်းထားဖို့ လိုအပ်၏။

ရှန်းဝန်လီကို ပင်လယ်ထဲ လွင့်ပစ်ပြီးနောက် လင်းရီသည် ကြိုတင် ဝယ်ယူလာသည့် လူသေအလောင်းထည့်သည့် အိတ်ကို ထုတ်ကာ ဖန်းရှစ်ဟုန်၏ အလောင်းအား အတွင်းတွင် ထည့်ထားလိုက်သည်။

အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် ကားမှန်ပြတင်းပေါက်ကို ဖွင့်လိုက်၏။ ပင်လယ်လေညှင်းက တဖြူးဖြူး တိုက်ခိုက်လာပြီး ကားအတွင်းရှိ သွေးညှီနံ့များကို တိုက်စားသယ်ဆောင်ပေးသွားလေသည်။

ကလင် ကလင် ကလင် …

များမကြာမီ ခရီးသည်ထိုင်ခုံပေါ်တွင် တင်ထားသည့် ဖုန်းက အသံမြည်လာခဲ့ပြီး ဖန်းတောက်ဇူထံက ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

လင်းရီ ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့၏။ တဒူဒူ တုန်ခါနေသည့် ဖုန်းကို ကြည့်ရင်း သူ မလှုပ်ရှားခဲ့ချေ။

ဖုန်းက မိနစ်ဝက်ခန့်ကြာအောင် ဆက်တိုက် တုန်ခါနေခဲ့ပြီး အလိုအလျောက် ပြန်လည် ပြုတ်ကျသွားခဲ့လေသည်။ ၎င်းနောက် ဆက်ပြီး အသံမမြည်လာခဲ့တော့ချေ။

ကားထဲတွင် ပုံမှန်မဟုတ် တိတ်ဆိတ်သွားတော့မှ လင်းရီ ဟင်းခနဲ သက်ပြင်းချနိုင်သွားတော့သည်။

ဤသည်က သိပ်ပြီးမှ ကောင်းမွန်သည့် လက္ခဏာတစ်ရပ်တော့ ဟုတ်မနေချေ။ အကယ်၍ ဖန်းရှစ်ဟုန်ထံမှ အချိန်အတော်ကြာသည်ထိတိုင်အောင် သတင်းမရဘူးဆိုပါက ဖန်းတောက်ဇူသည် တစ်စုံတစ်ရာကို ကျိန်းသေပေါက် သတိထားမိသွားလိမ့်မည်။

လင်းရီ တွက်ဆမှု တချို့ ပြုလုပ်လိုက်၏။ အကယ်၍ သူသာ ညသန်းခေါင်အချိန် မတိုင်မီ ဖန်းတေက်ဇူကို မကိုင်တွယ်နိုင်ဘူးဆိုပါက ယခု အခွင့်အရေးမှာ အလဟဿ ဖြစ်သွားမှာ ဖြစ်ပြီး နောက်ထပ် လှုပ်ရှားရန်အတွက် သင့်လျော်မည့် အချိန်ကောင်းကို စောင့်ဆိုင်းရတော့မည်။

ကျန်သည်ကတော့ အသင်း ၁ ၏ အမြန်နှုန်းအပေါ် မူတည်နေသည်။

ကလင် ကလင် ကလင် …

တစ်နာရီနီးပါးခန့် ကြာပြီးနောက် လင်းရီသည် ယွီစီယင်ထံက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။

“ ခေါင်းဆောင် .. ကျွန်မတို့ ဖန်းတောက်ဇူရဲ့ ကားကို တွေ့ပြီ … ခေါင်းဆောင်ပို့လိုက်တဲ့ လိပ်စာက သူနေတဲ့ နေရာ အတိအကျပဲ …”

“ အခြေအနေ ဘယ်လိုလဲ … မင်းတို့ကို သတိထားမိသွားသေးလား …”

“ ကျွန်မတို့ ကားလေးစင်းကို ဖြန့်ကျက်ပြီး သတိမထားမိအောင် တစ်စင်းပြီး တစ်စင်း လိုက်နေတာလေ…” ယွီစီယင် ပြောလိုက်ပြီး “ ဒါပေမယ့် ဗီလာဝန်းကျင်မှာ လုံခြုံရေးက တော်တော်တင်းကြပ်တယ်… ကျွန်မတို့ မီတာ ငါးရာထက်ပိုပြီး ဝင်လို့ မရဘူး …”

“ ဆက်ပြီး စုံစမ်းထား … ဧရိယာ အနီးတစ်ဝိုက်က လုံခြုံရေး အင်အား အသေးစိတ်ကို ရအောင် လုပ်ထားလိုက် …”

“ နားလည်ပါပြီ .”

ဖုန်းချပြီးနောက် လင်းရီ အချိန် ဖြုန်းမနေတော့ဘဲ ကားကို တောင်ပိုင်းခရိုင်ရှိ မောင့်ဗစ်တာ ဗီလာသို့ ဦးတည်မောင်းနှင်လာသည်။

ခရီးစဉ်က တစ်နာရီကျော် ကြာညောင်းပြီး လမ်းတွင် ယွီစီယင်ထံမှ အချိန်နှင့်အမျှ ဆက်တိုက် သတင်းပေးမှုများကို လက်ခံရရှီနေသည်။

လူခုနှစ်ယောက် အုပ်စု အသင်းက ဗီလာ၏ လုံခြုံရေးကို ပတ္တယောင် လှည့်နေပြီး မှန်ဘီလူးမှတဆင့် စုံစမ်းမိသလောက်တော့ ဗီလာထဲတွင် အစောင့်အရေအတွက်က စုစုပေါင်း အယောက် ၃၀ ကျော်သည်။ ၎င်းတို့ထဲတွင် ဒီအဆင့် ဘော်ဒီဂတ် တစ်ယောက်၊ E အဆင့် ဘော်ဒီဂတ် နှစ်ယောက်နှင့် ကျန်သည်များက ကောင်းစွာ လေ့ကျင့်ပေးခြင်း ခံထားရသည့် ပုံမှန် အစောင့်များဖြစ်ကာ လက်နက်ပစ္စည်း တပ်ဆင်ပေးခြင်း ခံထားရလောက်သည်။

ရရှိထားသည့် အဆိုပါ သတင်းအချက်အလက်များနှင့် လင်းရီသည် ဖန်းတောက်ဇူ နေထိုင်သည့် တည်နေရာကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်လိုက်သည်။

ဒီအဆင့်နှင့် E အဆင့် ကျွမ်းကျင်သူများကို ဂိတ်စောင့်များအဖြစ် ထားရှိနိုင်ပုံ ထောက်ပါက ဟုန်မန်ဂိုဏ်း၏ လုပ်နိုင်စွမ်းသည် တကယ့်ကို အထင်ကြီးလောက်စရာပင်။

ထို့ပြင် လမ်း၌ ဖုန်းခေါ်ဆိုမှုများစွာကိုလည်း လင်းရီ ရရှိလိုက်သေးသည်။ သို့ပေမယ့် လင်းရီ မကိုင်ချေ။

ဖန်းရှစ်ဟုန်နှင့် ရှန်းဝန်လီတို့၏ ဖုန်းက တစ်ကြိမ်ပြီးး တစ်ကြိမ် မြည်ဟည်းနေကြပြီး ၎င်းတို့၏ မည်သည့်ဖုန်းကိုမျှ လင်းရီ ဖြေဆိုလိုက်၍ မဖြစ်ပေ။

ဤသည်က လင်းရီ၏ စိတ်ကို ပိုပြီး ဖိအားများလာစေသည်။

မဖြေဆိုသည့် ဖုန်းကောတို့က များပြားလာလေလေ ၊ တစ်ဖက်သူ သံသယဝင်နိုင်သည့် အလားအလာက ပိုပြီး များပြားလေလေ ဖြစ်၏။

အကယ်၍ သူသာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း မပြုဘူးဆိုပါက သူတို့အဖို့ ကြီးစွာ အရေးနိမ့်သွားနိုင်သည်။

မကြာမီ လင်းရီသည် ကား၏ အရှိန်ကို မြင့်တင်ကာ မောင့်ဗစ်တာ အောက်ခြေသို့ ရောက်ရှိလာခဲ့ပြီး ယွီစီယင်တို့နှင့် တွေ့ဆုံသည်။

ကားက လူခုနစ်ယောက်စီး ဆိုသော်လည်းပဲ လူရှစ်ယောက်ကို တင်ဆောင်ဖို့က မခက်ခဲလှပေ။

မလှမ်းမကမ်းရှိ ဗီလာကို ကြည့်ရင်း ဖန်းတောက်ဇူ၏ နည်းဗျူဟာကျသည့် တည်နေရာရွေးချယ်မှုကို လင်းရီ သတိပြုမိသွားခဲ့သည်။

ဗီလာက ပိတ်ဆို့ဟန့်တားခြင်း ကင်းသည့် အမြင့်တစ်နေရာတွင် ရှိနေသည်။ စိမ်းစိုသည့် မြက်ခင်းပြင်နှင့် လူလုပ် စမ်းချောင်းတို့မှအပ မြင်ကွင်းကို ဖုံးကွယ်နေသည့် အခြား မည်သည့်အရာမျှလည်း ရှိမနေခဲ့ချေ။

ဗီလာထက်တွင် ရပ်နေရင်း အောက်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ယွီစီယင်က မီတာ ငါးရာထက် ပိုဝင်၍ မရဟု ပြောဆိုလာသည်မှာ မထူးဆန်းတော့ချေ။ ထို့ထက် ပိုနီးကပ်လာပါက ရှာဖွေဖော်ထုတ်ခံရနိုင်ချေ များလေသည်။

“ ခေါင်းဆောင် … ဖန်းတောက်ဇူက ဗီလာထိပ်ဆုံးမှာ …” ယွီစီယင် ပြောလိုက်ပြီး “ ဒါပေမယ့် မီးတွေ အားလုံးက လင်းနေသေးတယ်ဆိုတော့ ကျွန်မတို့ စစ်ဆင်ရေးစဖို့ အချိန်ကောင်းတော့ မဟုတ်သေးဘူး … မီးတွေ မှိတ်သွားတော့မှပဲ ခိုးဝင်ဖို့ အောင်မြင်နိုင်ချေ အခွင့်အရေးများမှာ …”

“ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ဘယ်လိုနည်းနဲ့ပဲ ခိုးဝင်ဝင် အန္တရာယ်များမှာက သေချာပေါက်ပဲ … ဒီလူတွေ အကုန်လုံးက ပရော်ဖက်ရှင်နယ်တွေ … အမှားလုပ်မိဖို့ဆိုတာ အတော်လေး ခဲယဉ်းတယ်…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါက ဖန်းရှစ်ဟုန်ကိုလည်း သတ်ခဲ့ပြီးပြီ … သူ့သားနဲ့ အချိန်အကြာကြီး အဆက်အသွယ် မရဘူးဆိုရင် သံသယ ဝင်လာမှာ သေချာပေါက်ပဲ … မနက်ခင်းအစောပိုင်းမှာ မကိုင်တွယ်ဘူးဆိုရင် ဖန်းတောက်ဇူ တစ်ခုခုကို သတိထားမိသွားပြီး ငါတို့ရဲ့ စစ်ဆင်ရေးကို ကြန့်ကြာစေလာနိုင်တယ်… ငါတို့ဘက်က အမြန် လှုပ်ရှားမှ ဖြစ်မှာ …”

“ အစ်ကိုရီ .. ရှင်က အထဲကို ကားနဲ့ မောင်းသွားဖို့ စီစဉ်နေတာလား …” ရှောင်ပင်း မေးလာခဲ့၏။

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဒါက ဖန်းရှစ်ဟုန်ရဲ့ ကားလေ … ဘော်ဒီဂတ်တွေလည်း တားရဲမှာ မဟုတ်ဘူး … ငါ ထွက်သွားတဲ့ အချိန်ကျရင် မင်းတို့ ကားထဲမှာပဲနေ … တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် အပြင်က ဘော်ဒီဂတ်တွေကို မြန်နိုင်သမျှ မြန်မြန် ရှင်းပစ်လိုက် … ဗီလာကိုတော့ ငါနဲ့ လွှဲထားလိုက် …”

လူတိုင်း ခေါင်းညိတ်လိုက်ပြီး ဤသည်က အသင့်လျော်ဆုံး အစီအစဉ်ဖြစ်ကြောင်းကို ထောက်ခံလိုက်ကြသည်။

ကလင် ကလင် ကလင်

ထိုအချိန်တွင် ဖန်းရှစ်ဟုန်၏ ဖုန်းက ထပ်မံပြီး မြည်ဟည်းလာပြန်သည်။

ဤသည်က ကားထဲရှိ လေထုကို ပိုပြီး လေးလံသိပ်သည်းသွားစေခဲ့၏။

ဖုန်းက အလိုအလျောက် ကျသွားခဲ့ပြီးနောက် ရှန်းဝန်လီ၏ ဖုန်းက နှစ်ကြိမ် မြည်ဟည်းလာခဲ့သည်။

ဆက်တိုက်မြည်နေသည့် ဖုန်းသံများက အသင်းအပေါ် ကျရောက်နေသည့် ဖိအားကို ပိုပြီး များပြားလာစေသည်။

ဆက်တိုက် ဖုန်းခေါ်ဆိုနေခြင်းက တစ်ဖက်လူသည် တစ်စုံတစ်ရာ မူမမှန်နေသည်ကို အာရုံခံနေမိကြောင်း ဖော်ပြနေခြင်းပင်။

အသင်းခေါင်းဆောင် ပြောထားသကဲ့သို့ အကယ်၍ သူတို့သာ လျင်လျင်မြန်မြန် မလှုပ်ရှားဘူးဆိုပါက သူတို့ ယခု အခွင့်အရေးကို အမှန်ပင် လွဲချော်သွားနိုင်သည်။

All Chapters