← Chapters

မကောင်းဆိုးဝါး မျိုးစေ့ သဖွယ်

Vol. 132 Ch. 1977

မကောင်းဆိုးဝါး မျိုးစေ့ သဖွယ်

Vol. 132 Ch. 1977

“ ဖြစ်နိုင်တယ်… ဒါပေမယ့် အတိအကျ ဘာတွေ ဖြစ်သွားလဲဆိုတာတော့ ပြောရခက်တယ်…” ဖန်းရှစ်ဟုန် စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ပြီး “ ဒါပေမယ့် ဟိုတယ်ထဲက အခြေအနေကို ကြည့်ရတာတော့ ငါတို့ကို ပစ်မှတ်ထားလာတာနဲ့ မတူဘူး … သူတို့ ကြည့်ရတာ တခြား တစ်ယောက်အတွက် လာခဲ့တာနေမှာပါ … ထွေထူး စိုးရိမ်စရာတော့ မရှိပါဘူး …”

ကနေဦး ရုတ်ရုတ်သဲသဲ ဖြစ်စဉ်က ဖန်းရှစ်ဟုန်သည် စိတ်ထဲတွင် အမှန်တကယ် အနည်းငယ် ထိတ်ပျာသွားခဲ့ပြီး ကျုံးဝေ့တပ်ဖွဲ့က သူ့ကို လာရှာသည်ဟု အထင်ရောက်သွားခဲ့သည်။

သို့သော် အခန်းထဲက ထွက်လာခဲ့ပြီးနောက် အခြေအနေက သူ စိတ်ကူးထားသလောက် ဆိုးရွားနေခြင်း မရှိကြောင်းကို သတိထားမိလိုက်လေသည်။ အနည်းဆုံးတော့ မည်သူကမျှ သူ့ကို ပစ်မှတ်ထားနေခြင်း မရှိပေ။ ယင်းက သူ့အား အနည်းငယ် စိတ်သက်သာရစေသည်။

အကယ်၍ သူ၏ စစ်ဆင်ရေးသာ ဖော်ထုတ်ခံလိုက်ရမည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့၏ အစွမ်းအစဖြင့် သူ့အား စဉ်းစားနေရန် အချိန် တခဏလေးပင် ပေးလာခဲ့မှာ မဟုတ်ချေ။

ထို့ကြောင့် လက်ဝှေ့ကြိုးဝိုင်းထဲရှိ အမှတ်မထင်ဖြစ်ရပ်က အခြား တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားခြင်း ဖြစ်ဖို့များသည်။ သူက အလကားသပ်သပ် အတွေးလွန်နေခဲ့ခြင်း ဖြစ်၏။

“ သခင်လေး .. ကျွန်မ တခြား သူတွေကို အကြောင်းကြားပြီး ခဏလောက် ပုန်းနေခိုင်းလိုက်ရမလား ….”

“ မလိုဘူး .. ငါ့ဘက်က ဘာ အပြစ်အနာအဆာမှ မရှိအောင် လုပ်ထားခဲ့တာ ကျုံးဝေ့တပ်ဖွဲ့ သတိထားမိသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

“ လတ်တလောတုန်းက ဟောင်ကောင်ရဲတွေ ဗစ်တိုးရီးယားသင်္ဘောကို စုံစမ်းစစ်ဆေးနေကြတယ်… ဆိုလိုသာ သူတို့ရဲ့ အာရုံက သင်္ဘောပေါ်မှာပဲ ရှိပြီး ငါတို့ကို သံသယ မဝင်ဘူးလို့ ဆိုလိုနေတာပဲ … ပျာယာခတ်စရာ မလိုဘူး ….”

ထိုအခိုက်တွင် အေးစက်သည့် အပြုံးတစ်ခုက ဖန်းရှစ်ဟုန်၏ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။

“ ကျုံးဝေ့တပ်ဖွဲ့ ဘယ်လောက်အင်အားကြီးတယ် ပြောပြော ငါ ဒီကောင်တွေကို အရူးလုပ်နိုင်ပါသေးတယ် ……….”

“ ချိန်ချန်းရုံကြောင့်သာ မဟုတ်ရင် ကျွန်မတို့ရဲ့ အရင် စစ်ဆင်ရေးလည်း ကျရှုံးသွားမှာ မဟုတ်ဘူး …” ရှန်းဝန်လီ ပြောဆိုလိုက်ပြီး “ တကယ်လို့ သခင်လေးသာ သင်္ဘောပေါ်မှာ အမိန့်ပေးနေတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင် စီ အဆင့်သွေးရည်ကြည်ကို ရပြီးသာ ကြာနေလောက်ပြီ …”

“ အတိတ်က ပြီးခဲ့တဲ့ ကိစ္စတွေကို ထပ်မပြောနဲ့တော့ ….” ဖန်းရှစ်ဟုန် ပြောဆိုလိုက်ပြီး “ အခု ငါ ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နေပြီလေ… ဒီတစ်ခါတော့ ကျုံးဝေ့တပ်ဖွဲ့ကို ဘယ်လို အခွင့်အရေးမျိုးမှ ထပ်မပေးတော့ဘူး …”

သူတို့ စကားပြောဆိုနေစဉ်မှာပဲ အုပ်စုက ဟိုတယ်ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။

ရှန်းဝန်လီသည် ရှေ့သို့ တက်သွားခဲ့ပြီး ဖန်းရှစ်ဟုန်အတွက် တံခါးကြိုဖွင့်ပေးဖို့ ဟန်ပြင်လိုက်သည်။

သို့သော် သူမ ကားတံခါးဖွင့်ပေးတော့မည့် အချိန်မှာပဲ လင်းရီ ဂရုချက်ထဲသို့ ပြောဆိုလိုက်လေသည်။

“ ယွင်ဟူ … လုပ်လိုက်တော့ …”

“ ဟုတ်ကဲ့ ..”

ကျောက်ယွင်ဟူ စကားပြောပြီးသည်နှင့် လင်းထိန်တောက်ပနေသည့် ဝမ့်လိ ဟိုတယ်ကြီးမှာ ချက်ချင်း ပိန်းပိတ်မှောင်မိုက်သွားလေတော့သည်။

ကားတံခါးကို ဖွင့်တော့မည့်ဆဲဆဲ ရှန်းဝန်လီသည် မျက်နှာကွက်ခနဲ ပျက်သွားခဲ့ပြီး ဖန်းရှစ်ဟုန်ထံသို့ အလျင်အမြန် ပြောဆိုလိုက်၏။

“ သခင်လေး .. ကားထဲ အမြန်ဝင်ပါတော့ …”

ဟိုတယ်ဝင်ပေါက်ဝတွင် လူအများအပြား မတ်တပ်ရပ်နေကြပြီး ဟိုတယ်က ရုတ်ချည်း လျှပ်စစ်မီးပြတ်တောက်သွားခဲ့သည်ကို မြင်တော့ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ပြီ ဖြစ်ကြောင်းကို တွေးတောမိသွားခဲ့ကြပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့ကြလေသည်။

မြင်ကွင်းက အော်ဟစ်သံများနှင့် တရုတ်ပျံကျဈေးမက ပရမ်းပတာ ဆန်လာခဲ့တော့၏။

ရှန်းဝန်လီ၏ လောဆော်တိုက်တွန်းမှုအောက်တွင် နှစ်ယောက်မှာ ကားထဲသို့ အလျင်အမြန် ဝင်ရောက်လိုက်ကြသည်။

ဘာတွေ ဖြစ်နေလဲဆိုတာကို သူတို့တွေ မသိရှိသေးသော်လည်းပဲ ဤနေရာက ချက်ချင်း ထွက်ခွာသည်က အန္တရာယ်အကင်းဆုံးဖြစ်ကြောင်းကိုတော့ နားလည်လေသည်။

“ ကားကို မြန်မြန်မောင်းတော့ …” ရှန်းဝန်လီ လောလိုက်၏။

လင်းရီ ဘာမျှ ပြောဆိုခြင်း မပြုပေ။ လီဗာပေါ်သို့ ခြေထောက်နင်း၍ ဝမ့်လိ ဟိုတယ်ထဲမှ ထွက်ခွာသွားခဲ့လေသည်။

ကားစတင်ထွက်ခွာသည်နှင့် နှစ်ဦးလုံးမှာ စိတ်သက်သာရသွားခဲ့ကြောင်းကို လင်းရီ ခံစားလိုက်ရသည်။

ဟိုတယ်ထဲတွင် ဘာတွေပဲ ဖြစ်ပျက်နေပါစေ၊ ယခု သူတို့နှင့် သက်ဆိုင်ခြင်း မရှိတော့ပေ.

ထောက် …

ကားက ထွက်ခွာလာသည်နှင့် ဖန်းရှစ်ဟုန်သည် စီးကရက် တစ်လိပ်ကို မီးညှိလိုက်ကာ တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

“ ပြန်ရောက်ရင် ဘာဖြစ်လဲ စုံစမ်းဖို့ လူလွှတ်လိုက်….”

“ ဟုတ် … နားလည်ပါပြီ သခင်လေး ဟင် ….”

အနောက်တွင် ထိုင်နေသည့် ရှန်းဝန်လီသည် လင်းရီထံသို့ အကြည့်ရောက်သွားသည်နှင့် နှုတ်က သူ့အလိုလို ရေရွတ်မိသွားခဲ့၏။

သူမ၏ ထက်ရှသည့် အလိုလိုသိစိတ်က မူမမှန်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီ ဖြစ်ကြောင်း ပြောပြနေသည်။ ဒရိုင်ဘာက လောင်စွန်း ဟုတ်မနေခဲ့ချေ။

“ နင် ဘယ်သူလဲ … လောင်စွန်း ဘယ်သွားခဲ့တာလဲ …”

“ ငါက မင်းကို လိုက်ပို့ပေးမယ့်သူလေ…”

ပြောပြောဆိုဆိုနှင့် လင်းရီသည် ကြိုတင်ပြင်ဆင်လာသည့် သေနတ်ကို ထုတ်၍ ခလုတ်ဆွဲကာ ရှန်းဝန်လီ၏ နှလုံးရှိရာ နေရာသို့ ချက်ချင်း ပစ်ခတ်လိုက်သည်။

ရှန်းဝန်လီမှာ ဒီ အဆင့်သို့ ရောက်ရှိပြီးသည့်တိုင် လက်နက်ကျည်ဆံများနှင့် ရင်ဆိုင်ကြုံတွေ့ရာတွင်တော့ ကူကယ်ရာမဲ့နေရဆဲပင်။ သူမမှာ တုံ့ပြန်ရန် အချိန်လေးပင် မရရှိလိုက်ဘဲ လင်းရီက သူမ၏ အသက်ကို ခြွေယူသွားခဲ့လေသည်။

အရာအားလုံးက မျက်စိတ်တစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ပြီး ဘေးတွင် ထိုင်နေသည့် ဖန်းရှစ်ဟုန်မှာ မည်သို့မျှပင် မတုံ့ပြန်နိုင်လိုက်ချေ။

လင်းရီသည် ကားကို လမ်းဘေးတစ်နေရာ၌ ထိုးရပ်လိုက်၏။

သေနတ်က ဖန်းရှစ်ဟုန်၏ ဦးခေါင်းသို့ ချိန်ရွယ်ထားပြီး ခံစားချက်ကင်းမဲ့သည့် လေသံဖြင့် “ မင်း အသံမထွက်တာ အကောင်းဆုံးပဲ .. မဟုတ်ရင် သူ့ထက် ပိုဆိုးတဲ့ သေခြင်းနဲ့ သေသွားရမယ်…”

ဖန်းရှစ်ဟုန်သည် လင်းရီကို ငိုင်တွေစွာ ကြည့်လျက် သူမ၏ သူငယ်အိမ်တို့က တစ်စုံတစ်ရာကို တွေးတောနေသည့်နှယ် ကျုံ့ဝင်သွားခဲ့သည်။

“ မင်းက လင်းရီပဲ …” ဖန်းရှစ်ဟုန်၏ လေသံက အနည်းငယ် အတော်လေး ထိတ်လန့်အံ့အားသင့်နေပုံပေါ်သည်။

“ မင်း ငါ့ကို သိနေတယ်… မင်း အမြင်က မဆိုးဘူးပဲ …”

“ မင်းကိုယ်မင်း စီ အဆင့်သွေးရည်ကြည် ထိုးသွင်းလိုက်တယ် မဟုတ်ဘူးလား .. ဘယ်လိုဖြစ်ပြီး အသက်ရှင်နေသေးတာလဲ …”

လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားခဲ့ပြီး “ မင်းတို့ကောင်တွေက အမှားကြီးကြီးကိုမှ ကျူးလွန်ခဲ့ကြတာကိုး … မင်းက ငါ့ကို သာမန်လူတစ်ယောက်ရဲ့ အမြင်နဲ့ အကဲဖြတ်ခဲ့တော့ ဒီနေ့လိုမျိုး ကျရှုံးရတာပဲ …”

ဖန်းရှစ်ဟုန်က အမှန်ပင် ထက်မြက်လှသည်။ မဟုတ်ပါက လင်းရီကို ပြဿနာကြီးကြီးမားမား တတ်စေနိုင်စွမ်း ရှိမှာ မဟုတ်ချေ။

သို့သော် ယခုအခိုက်အတန့်တွင် သူ့စိတ်တစ်ခုလုံးမှာ ဗလာကျင်းနေပြီး တွေးတောနိုင်စွမ်းများ ကင်းမဲ့နေသည်။

သူ့စိတ်အာရုံတစ်ခုလုံးတွင် လင်းရီ အဘယ်ကြောင့် အသက်ရှင်လျက် ရှိနေလဲဆိုသည့် မေးခွန်းသာလျှင် ထပ်ခါတလဲလဲ ကြီးစိုးနေခဲ့သည်။

ထို့ပြင် လင်းရီ ဤနေရာတွင် ထွက်ပေါ်လာခဲ့သည်ကို ကြည့်ရှုပါက ကျုးဝေ့တပ်ဖွဲ့သည် သူ့အပေါ် ပစ်မှတ်ထားနေသည်မှာ အတော်ကြာကတည်းက ဖြစ်ကြောင်းကို ဖော်ပြနေသည်။

ဆိုလိုသည်မှာ သူတို့က ဖန်းမိသားစုအကြောင်း ရှာဖွေတွေ့ရှိသွားသည်မှာ အချိန်အတော်ကြာကတည်းကပင်။ သူ လက်ရှိ မြင်တွေ့နေရသည့် အရာများအားလုံးက ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်သည်။

ဤသည်များအားလုံးက ကျုံးဝေ့တပ်ဖွဲ့ အနုစိတ် စီစဉ်ထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်၏။

ဖန်းရှစ်ဟုန်၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်ယင်သွားသည်။ ယခုကဲ့သို့ နောက်ဆုံးအချိန်တွင်မှ ကျုံးဝေ့တပ်ဖွဲ့သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် အဖွဲ့အစည်း တစ်ခုလဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့လေသည်။

ဤအဖွဲ့အစည်းကြီးက သူ စိတ်ကူးယဉ်ထားသည်ထက် သာလွန်အားကောင်းပြီး အသံတစ်သံမျှပင် မထွက်ခဲ့ဘဲ သတင်းအချက်အလက် အများအပြားကို ရယူနိုင်ခဲ့သည်။

သူတို့ အရှေ့တွင်တော့ သူ့မှာ လူပြက်ကြီးတစ်ယောက်လို ဖြစ်ပျက်နေခဲ့လေသည်။

သို့သော်လည်းပဲ ဖန်းရှစ်ဟုန်သည် ယခုလို အချိန်မျိုး၌ သူ့စိတ်သူ တည်ငြိမ်စွာ ထားရမည် ဖြစ်ကြောင်း နားလည်ထားသည်။

“ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ …. ငါတို့လိုချင်တာက ဒီတိုင်း စီအဆင့် သွေးရည်ကြည်ကိုပဲ …. စတုန်းကတည်းကရင် ငါတို့ဘက်က စိတ်ရင်း အစစ်အမှန်ကို ပြခဲ့တယ်… မင်းတို့နဲ့ အချေအတင်ဖြစ်မယ့် ကိစ္စတွေကိုလည်း ရှောင်ခဲ့တယ်… ငါတို့ချင်း သေကြေပျက်စီးတဲ့အထိ တိုက်ခိုက်စရာမှ မလိုအပ်တာ … ဒါက ဘယ်သူ့အတွက်မှလည်း အကျိုးမရှိနိုင်ဘူး ….”

“ မင်းက ဉာဏ်ကောင်းတယ်… ဆိုတော့ မင်း ခန့်မှန်းမိမှာပေါ့ … ငါမင်းကို မပြောပြတော့ဘူး …” လင်းရီ ပြောလိုက်ပြီး “ ငါ့ကိုပြော … မင်းတို့နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းက ဘယ်သူလဲ …”

ဖန်းရှစ်ဟုန် စိတ်ထဲ တုန်လှုပ်သွားခဲ့၏။ လင်းရီ၏ မေးခွန်းက သူထင်မှတ်ထားသည်ထက် ကျော်လွန်နေသည်။

ကျုံးဝေ့တပ်ဖွဲ့က ဤအရာများအထိပါ ခန့်မှန်းနိုင်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

“ မင်းကို ပြောပြစရာ အကြောင်းမရှိဘူး .. ငါ့ကို ဖိအားပေးလို့လည်း အသုံးမဝင်ဘူး …”

“ အဲ့လိုလား … ဒါဆိုလည်း ကြိုးစားကြည့်ရတာပေါ့ … မင်းရဲ့ အဲ့ဒီနှုတ်ကို ဖွင့်နိုင်မဖွင့်နိုင် ကြည့်ကြတာပေါ့ ….”

“ ဟားဟား …. မင်းတို့ကောင်တွေက အင်အားကြီးတာ မှန်တယ်… ငါ ဒီနေ့ ရှုံးနိမ့်တာ ဝန်ခံတယ်… ဒါပေမယ့် ……”

ဖန်းရှစ်ဟုန် အေးတိအေးစက် ရယ်မောလိုက်ပြီး သူ၏ အမူအရာမှာ တုန်လှုပ်ခြောက်ခြားခြင်း ကင်းသွားခဲ့ပြီး အလွန်အမင်း တည်ငြိမ်နေခဲ့သည်။ သူ၏ ကံကြမ္မာကို တည်တည်ငြိမ်ငြိမ်နှင့် လက်ခံလိုက်သည့် ဟန်ပင်။

“ ငါ မင်းကို အဲ့လို အခွင့်အရေးမျိုး ပေးမှာ မဟုတ်ဘူး …”

ဖန်းရှစ်ဟုန် လျင်မြန်စွာ ရွေ့လျား၍ သူ့ခါးကြားတွင် ထိုးထားသည့် သေနတ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် သူ့ဦးနှောက်သူ ကျည်တစ်ထောင့် ပစ်သွင်းလိုက်၏။

သွေးနှင့် ဦးနှောက်အပိုင်းအစတို့က နေရာအနှံ့ ပြန့်ကျဲသွားခဲ့ပြီး လင်းရီပင် တစ်စက္ကန့်မျှ ကြက်သေသေသွားခဲ့ရသည်။ သူ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤသည်က ကျိုးကြောင်းဆီလျော်ခြင်း မရှိဟု ခံစားနေရသောကြောင့်ပင်။

သို့သော်လည်းပဲ သူ့ ရင်ဘက်တစ်ခုလုံး အုံ့မှိုင်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူ ဖောဆက်စ်ကို ဖမ်းမိစဉ်ကလည်း ဖန်းရှစ်ဟုန်ကဲ့သို့ အသက်ရှင်လိုစိတ်ရှိခဲ့သည်။

သို့သော် နောက်ကွယ်ရှိ အဖွဲ့အစည်းအကြောင်းကို မေးမြန်းလိုက်သည်နှင့် သူတို့အားလုံးမှာ ရုတ်ချည်း တည်ငြိမ်သွားခဲ့ပြီး သူတို့အသက်သူတို့ တုံ့ဆိုင်းခြင်း မရှိ စီရင်သွားခဲ့ကြသည်။

ဤသည်က နောက်ကွယ်တွင် တည်ရှိနေသည့် ဆန်းကြယ်သည့် အဖွဲ့အစည်းကြီးမှာ သူတို့၏ နှလုံးသားထဲတွင် မကောင်းဆိုးဝါး မျိုးစေ့ကဲ့သို့ ဖြစ်တည်နေခြင်း ဖြစ်ကြောင်းကို ဖော်ပြနေသည်။

ဤလျှို့ဝှက်ချက်ကို မေးခွန်းထုတ်သည်နှင့် သူတို့အသက်သူတို့ စတေးပစ်ဖို့ကို တုံ့ဆိုင်း ဝန်လေးနေမိကြမှာ မဟုတ်ချေ။

“ ဟစ် …..”

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် လင်းရီ စိတ်တည်ငြိမ်သွားခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံးကို မြူလွှာတစ်ခုက ဖုံးအုပ်နေသည့်နှယ် ခံစားနေရပြီး ဖယ်ရှားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သယောင်ပင်။

All Chapters