တိုက်ပွဲအခင်းအကျင်း
Vol. 019 Ch. 1833
ရန်သူက ထိုးနှက်တိုက်ခိုက်လာတော့မည်ကိုမြင်လျှင် ရှောင်ကလန်မှ တန်ခိုးရှင်များကလည်း အသင့်ပြင်ကြ၏။ ရှောင်မုယွီ၏နောက်တွင် သေခြင်းရှင်ခြင်းစက်ဝန်းပုံရိပ်တစ်ခု ပေါ်လာကာ အလင်းပေါက်ကွဲမှုတစ်ခုနှင့်အတူ တစ်ဘက်မှ တိုက်ခိုက်လာသူများထံသို့ ဖိနှိပ်၏။
ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းအလင်းကို ရင်ဆိုင်ရာတွင် တစ်ဘက်လူက အနည်းငယ်မျှပင် နှေးကွေးသွားခြင်းမရှိပေ။ လက်သီးပုံရိပ်များရစ်ပတ်လျှက်ပင် သူက အလင်းပေါက်ကွဲမှုကို ထိုးခွင်းလျှက် ဆက်လက်တိုးဝင်လာသည်။
ရှောင်မုယွီဘေးမှ တန်ခိုးရှင်များက ရှေ့ကိုတက်သွားကာ တစ်ဘက်လူအား ရင်ဆိုင်ကြ၏။ တစ်ဘက်လူ၏တိုက်ပွဲပုံစံသည် သူတို့အပေါ်တွင် အရှိန်အဝါကြီးစွာဖြင့် ရောက်ရှိလာခဲ့ကာ လက်သီးပုံရိပ်များက လေဟာနယ်တစ်ခုလုံးအား ဖုံးလွှမ်းလာခဲ့သည်။
ထိုပုံရိပ်က ရှောင်မုယွီ၏သေခြင်းရှင်ခြင်းစက်ဝန်းထံသို့ နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ရှောင်မုယွီ၏ရှေ့မှ ကာကွယ်ပေးသူများအားလုံးမှာ လက်သီးချက်အားကြောင့် အားလုံး လွင့်စင်သွားကြကာ လက်သီးအရိပ်တစ်ခုသည်လည်း သေခြင်းရှင်ခြင်းစက်ဝန်းကို ထိမိပြီး ၄င်းအား ပြင်းထန်စွာ တုန်ခါစေ၏။ ရှောင်မုယွီက မြန်ဆန်စွာ နောက်ဆုတ်သော်လည်း လက်သီးအားလှိုင်းက သူမထံသို့ အဆက်မပြတ် ဖိအားပေးလာခဲ့သည်။
ရှောင်မုယွီ၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူမ၏တန်ခိုးအဆင့်မှာ အနည်းငယ်နိမ့်သည် မဟုတ်ပါလား။ တစ်ဘက်လူကား တတိယအဆင့် အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ရှင်ဖြစ်သည်။ ရှောင်ကလန်တွင်လည်း တတိယအဆင့်နတ်ဝင်ရိုးပိုင်ရှင်များရှိသော်လည်း မည်သူမှ အက်ကြောင်းမဲ့မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် တစ်ဘက်လူ၏တိုက်ခိုက်မှုက မည်သို့မှ အံတုနိုင်စွမ်းမရှိပေ။
လက်သီးပုံရိပ်သည် လေဟာနယ်ကို ထွင်းဖောက်ကာ အနီးတဝိုက်မှ တန်ခိုးရှင်တိုင်းကို လွင့်စင်စေ၏။ တစ်ဘက်လူသည် ရှောင်မုယွီတို့အုပ်စုတွင် သူမက အဓိကဖြစ်သည်ကို ကောင်းကောင်းသဘောပေါက်ဟန်ရသည်။ ထို့ကြောင့် သူက ရှောင်မုယွီအား အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ ပစ်မှတ်ထားတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ထိုအခိုက်တွင် ရှောင်မုယွီ၏ရှေ့တွင် လူရိပ်တစ်ခုပေါ်လာသည်။ ပြင်းထန်သောမုန်တိုင်းတစ်ခု လက်သီးပုံရိပ်များ၏အောက်တွင် ပေါ်လာကာ တစ်ဘက်လူအား တားဆီးလိုက်ခြင်းက သူ၏ဆံပင်ရှည်များကို လေထဲ ပြင်းထန်စွာ လွင့်မြောသွားစေ၏။ သူ၏ တလွင့်လွင့်ဖြစ်နေသော ဝတ်စုံဖြူ၊ လေထဲတွင် ရပ်တန့်နေသော နတ်ဓားတို့သည် ရှေ့ကို ရွေ့လျားလာခဲ့ကာ လေဟာနယ်ကို ပြိုကွဲစေ၏။
ကလင်...
ပြင်းထန်သော ထိတွေ့မှုတစ်ခု ဖြစ်ပွား၏။ လက်သီးစွမ်းအားနှင့် နတ်ဓားတို့ ထိတွေ့ခြင်းက သတ္တုထိရိုက်သည့် အသံပြင်းပြင်းတစ်ချက် ထွက်ပေါ်လာစေ၏။ ရီဖူရှင်းက နောက်ကို တစ်လှမ်းဆုတ်လိုက်ရသလို တစ်ဘက်လူသည်လည်း နောက်ကို အတော်ဝေးဝေး လွင့်စင်သွား၏။
သူ၏လက်သီးများကို ရွှေရောင်နတ်အလင်းများ ရစ်ပတ်ထားပြီး သူ့လက်များကို ဝိညာဉ်လက်နက်များ ဖုံးအုပ်ထားဟန်ရသည်။ သူတို့အဆင့်များမှာ သေချာပေါက် ဝိညာဉ်လက်နက်များ အရံသင့်ရှိနေတတ်၏။ သူ၏လက်သီးပညာရပ်မှာလည်း အလွန်အားပြင်းကာ ပြိုင်စံရှားသည်။ ဝိညာဉ်လက်နက်များက မထင်မှတ်ထားသော အခြေအနေများမှ ကာကွယ်ပေးနိုင်၏။ ဥပမာအားဖြင့် ရီဖူရှင်း၏နတ်ဓားဖြင့် ရင်ဆိုင်မိသော အခိုက်အတန့်ကို ကြည့်နိုင်သည်။
သူက အဖြူရောင်လူငယ်အား တစ်ချက်ကြည့်လိုက်ကာ ရှေ့ကို တက်လိုက်လျှင် အလင်းများမှသည် အရိပ်သဏ္ဌာအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့သည်။
ရီဖူရှင်းကား ဓားအားလှိုင်းများဖြင့် ရစ်ပတ်ထားကာ လက်သီးစွမ်းအားများက သူ့အနီးကို ချဉ်းကပ်မရနိုင်ပေ။
“ဆရာ...” ရှောင်မုယွီက တီးတိုးခေါ်သည်။ ရီဖူရှင်းက ပြောသည် “ငါ့တာဝန်ထားလိုက်၊ မင်း တခြားတစ်နေရာကို သွားလိုက်”
“ဟုတ်ကဲ့...” ရှောင်မုယွီက ခေါင်းညိတ်ကာ ရှောင်ကလန်တန်ခိုးရှင်များကို ဦးဆောင်လျှက် စစ်မြေပြင်၏တခြားတစ်နေရာသို့ ဦးတည်လိုက်သည်။
နတ်ဘုရားအဆင့်အင်အားစုများ တိုက်ခိုက်ရာတွင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များမှာ အဓိကတိုက်ခိုက်ရေးသမားများဖြစ်သော်လည်း သူတို့မှာ ပြိုင်ဘက်ကင်းများ မဟုတ်ပေ။ သူမ၏တန်ခိုးအဆင့် နိမ့်ပါးခြင်းကို ထည့်မတွက်လျှင်ပင် သူမကဲ့သို့ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များနှင့် ရင်ဆိုင်ရပါက အသာစီးရရန် မလွယ်ပေ။
ရှောင်မုယွီထွက်သွားလျှင် ရီဖူရှင်းက သူ့ရှေ့မှ ရန်သူကို အာရုံစိုက်လိုက်သည်။ သူ၏ရှေ့မှ နတ်ဓားသည် အဆုံးမဲ့သော ဓားစွမ်းအားများကို ထုတ်လွှတ်ကာ တစ်ဘက်လူ၏လက်သီးအရိပ်များနှင့် ယှဉ်ပြိုင်၏။
“ဘယ်ဆရာလဲ...”
တစ်ဘက်လူကလည်း ရီဖူရှင်းကို ကြည့်သည်။ သူ့ရှေ့မှ ချောမောသောလူငယ်သည်လည်း အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်သော်လည်း ဒုတိယအဆင့်နတ်ဝင်ရိုးမျှသာဖြစ်သည်။ သူသည် ထိုအမျိုးသမီးထက် များစွာ သာလွန်ခြင်းမရှိသော်လည်း အဘယ်ကြောင့် သူမ၏ဆရာဖြစ်နေရသနည်း။
သို့ဆိုလျှင်လည်း ထိုဆရာဟုခေါ်သောသူအား ငရဲသို့ ပို့လိုက်ရပေမည်။
သူ၏လက်နှစ်ဘက်လုံးတုန်ခါသွားလျှင် ရုတ်တရက် နတ်အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုလျှက် အလင်းတန်းတစ်ခုသည် လေထုကို ဖောက်ထွင်းသွား၏။ သန်းပေါင်းများစွာသော လက်သီးစွမ်းအားများ သူ့အနီးတွင်ပေါ်လာကာ တစ်ခုစီသည် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားများ ပါဝင်၏။
သူက ခေါင်းငုံ့ကာ ရီဖူရှင်းအား အရှိန်အဝါကြီးသော ဟန်ပင်ဖြင့် ကြည့်သည်။
ဗလာနတ္တိဘုံမှ ထိပ်သီးပါရမီရှင်များအားလုံးသည် ဗလာနတ္တိတောင်ကုန်းတွင် ကျင့်ကြံကြ၏။ ဗလာနတ္တိတောင်ကုန်းတွင် ကျင့်ကြံနိုင်သူများအားလုံးမှာ အတော်ဆုံးများထဲမှ အတော်ဆုံးများဖြစ်ကြ၏။
ဗလာနတ္တိတောင်ကုန်းသည် မကောင်းဆိုးဝါးအင်ပါယာကိုယ်တိုင်က မကြာခဏ လာရောက်တတ်သောနေရာလည်းဖြစ်သည်။ ထိုနေရာကား ဘုံ၏အကောင်းဆုံးသော မြင့်မြတ်နယ်မြေလည်းဖြစ်၏။ သူသည် ဗလာနတ္တိတောင်ကုန်းတွင် မြင့်မားသော တန်ခိုးအဆင့်မရှိသော်လည်း ဤတိုက်ပွဲမြေပြင်တွင်တော့ သူနှင့်အဆင့်တူအတွင်း၌ ပြိုင်ဘက်မရှိဟု မိမိကိုယ်ကို ယူဆထားသူလည်းဖြစ်သည်။
ဘုန်း...
စူးရှသောအလင်းများ ဆင်းသက်ကာ နတ်ဘုရားအလား အသွင်သဏ္ဌာန်တစ်ခု ပေါ်လာသည်။ သူသည် လေဟာနယ်ကို ဖြတ်သန်းကာ အလင်းနှင့်ပေါင်းစပ်၏။ ကောင်းကင်ထက်တွင် မဟာလမ်းစဉ်၏နတ်အလင်းသည် လက်သီးအရိပ်အဖြစ် ပြောင်းလဲကာ သူ့လမ်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးသည်။
ရီဖူရှင်းသည် ထိုနေရာတွင်ပင် ဓားစွမ်းအားများ ရစ်ပတ်လျှက် ရပ်နေသည်။ ထိုဓားစွမ်းအားများသည် အလင်းများကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲ၏။ ၄င်းကား ရိုးရှင်းစွာဖြင့် ရပ်တန့်မရနိုင်ပေ။
ထိုအခိုက်တွင် သူ၏မျက်လုံးများက ထူးဆန်းသွားသည်။ သူ့မျက်လုံးများထဲတွင် ပြည့်စုံသော လသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာ၏။ သူ၏မျက်လုံးကျဆင်းရာနေရာ၌ ထိုတန်ခိုးရှင်သည် သူ၏စိတ်အာရုံထဲ၌ အရာအားလုံးပြောင်းလဲသွားသည်ဟု ခံစားရသည်။ သူသည် သီးခြားကမ္ဘာထဲတွင် လင်းလက်သော လရောင်များ ကျဆင်းလာနေပြီး အပူရှိန်ကို သုညမှတ်အောက်သို့ ကျဆင်းလာနေ၏။ အရာအားလုံးသည် ရပ်တန့်သွားကာ လေဟာနယ်သည် တင်းကြပ်လာကာ သူ၏စိတ်ဝိညာဉ်သည်ပင် အေးစက်လာတော့သည်။
“ဒါက မှော်မျက်လုံးပညာလား...”
တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူက ရိပ်မိလိုက်သည်။ အကယ်၍ ဓားပညာတစ်ခုတည်းသာဆိုလျှင် သူသည် တစ်ဘက်လူ၏တိုက်ခိုက်မှုအား ကောင်းမွန်စွာ တားဆီးနိုင်မည်ဟု ယုံကြည်သည်။ သို့သော်လည်း ထိုလူသည် မှော်မျက်လုံးပညာတွင် ကျွမ်းကျင်ဟန်ရကာ စိတ်အလိုအတိုင်း ဖန်တီးနိုင်သော စိတ်စွမ်းအားကို သူခံစားမိသည်။ သို့ဆိုလျှင် သူ့ရှေ့တွင်ပေါ်လာသောလူသည် အလွန်အန္တရာယ်များသောသူဖြစ်၏။
သူ၏အသိအာရုံထဲတွင် သူ့လှုပ်ရှားမှုသည် နှေးကွေးလာခဲ့ကာ လေဟာနယ်သည် အရာအားလုံးရပ်တန့်သွားသည့်အလား တင်းကြပ်လာ၏။
သူက ရပ်တန့်နေသော်လည်း ရီဖူရှင်းကား ထိုသို့မဟုတ်ပေ။ ကောင်းကင်ထက်မှ နတ်ဓားသည် အဆုံးမဲ့သော ဓားစွမ်းအားများကို ထုတ်လွှတ်ကာ ဓားမြစ်မြင်အလား ကျဆင်းလာခဲ့သည်။ များစွာသော ဓားအားလှိုင်းများသည် နတ်ဓားနှင့်ပနံသင့်ကာ စူးရှသော အလင်းများထုတ်လွှတ်လျှက် ပစ်မှတ်ကို တိုက်ခိုက်ကြ၏။
တစ်ဘက်တန်ခိုးရှင်သည် ရီဖူရှင်းက သူ့အား တိုက်ခိုက်နေသည်ကို သိနားလည်သော်လည်း သူ၏လှုပ်ရှားမှုများက နှေးကွေးလေးလံနေသည်။ မာန်သွင်းအော်ဟစ်သံတစ်ချက်နှင့်အတူ သူ၏ပြင်းထန်သောလက်သီးချက်များဖြင့် သူ့အား နှောင်ဖွဲ့ထားသော လေဟာနယ်ကို ဖျက်ဆီးရန် ကြိုးစား၏။ သူကိုယ်တိုင်က လေဟာနယ်စွမ်းအားကို ကျွမ်းကျင်သူမဟုတ်ပါလား။ သူ၏လက်သီးစွမ်းအားများက လေထုကိုထိုးခွင်းကာ သူသည် လမ်းဖောက်နိုင်၏။
ထိုအခိုက်တွင် နတ်ဓားကား သူ့ထံသို့ အလင်းတန်းအသွင်ဖြင့် ရောက်ရှိလာပြီဖြစ်သည်။ နတ်ဓားသည် အဆုံးမဲ့သော ဓားစီးကြောင်းများဖြင့် တစ်ဘက်လူ၏အား မြန်ဆန်စွာ ထွင်းဖောက်သွားခြင်းက သူ့အား ပြင်းထန်စွာ နာကျင်မှုနှင့်အတူ အော်ဟစ်မိစေသည်။ တချိန်တည်းတွင်ပင် သူ့ခန္ဓာကိုယ်သည် ဖြေးဖြေး ပျက်ပြယ်လာကာ ဝေဝေါးမှိန်ဖျော့လာသည်။
ဝှီး...
နတ်ဓားက သူ့ခန္ဓာကိုယ်၏တခြားတစ်ဘက်မှ ထွင်းဖောက်ထွက်သွားလျှင် သူ့အသက်ဝိညာဉ်သည်လည်း လောကကြီးမှ အပြီးပိုင်ထွက်ခွာသွားရတော့သည်။ ကျန်ရစ်သော ဝိညာဉ်လက်နက်ကိုကား ရီဖူရှင်းက မြန်ဆန်စွာပင် ဖမ်းယူသိမ်းဆည်းလိုက်၏။
နတ်ဓားသည် သူ၏မူလနေရာသို့ ပြန်သွားကာ ရီဖူရှင်းရှေ့၌ မြောလွင့်နေ၏။ တဖန် ရီဖူရှင်း၏နတ်အာရုံသည် စစ်မြေပြင်ကို ဖြန့်ကျက်သွားသည်။
အဝေးမှ စောင့်ကြည့်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များနှင့် မဟာမိတ်အင်အားစုများသည် ရီဖူရှင်း၏နတ်အာရုံထဲတွင် ပေါ်လာကာ သူ့အနေဖြင့် သူတို့အခက်အခဲဖြစ်ပါက အချိန်မရွေး ကူပေးရန် ပြင်ဆင်ထား၏။
ရီဖူရှင်းက တစ်စုံတစ်ခုကို ခံစားမိကာ အနီးတဝိုက်ကို လှမ်းကြည့်လိုက်သည်။ တစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းကွန်ယက်တစ်ခုနှင့်အတူ တန်ခိုးရှင် ၆ ဦးအား တွေ့ရသည်။ သူတို့ဖြတ်သန်းသွားသောနေရာတိုင်း၌ အသက်ရှင်ကျန်ရစ်သူမရှိပေ။
ပို၍ အရေးကြီးသည်ကား ထိုလူခြောက်ဦးကလည်း ရီဖူရှင်းထံသို့ လှမ်းကြည့်ကြသည်။ သူတို့ကလည်း ရီဖူရှင်းကို သတိထားမိကြဟန်ရသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူခြောက်ဦးသည် သူသတ်ဖြတ်ခဲ့သောလူနှင့် ဆင်တူသော စွမ်းရည်များကို ပိုင်ဆိုင်ကြကာ အားကောင်းသော တိုက်ခိုက်ရေးဝင်္ကပါကို ဆင်ယင်ထားကြ၏။
ယခုတွင် သူတို့ဖွဲ့စည်းထားသော ဝင်္ကပါအတွင်း၌ ရန်ဟောင်တချို့ ပိတ်မိနေဟန်ရသည်။ သူတို့ခြောက်ယောက်က လက်သီးစွမ်းအားများနှင့်အတူ ဝင်္ကပါ၏အားကို ယူကာ အချင်းချင်းဆက်သွယ်နိုင်ကြဟန်ရသည်။
ပို၍ ကြောက်စရာကောင်းသည်ကား သူတို့နောက်မှ ဝင်္ကပါသည် ကြီးမားသောနေရာတစ်ခုလုံးကို ဖိအားပေးနိုင်ကာ အတွင်း၌ ပိတ်မိသူများမှာ အဆုံးမဲ့သော ဖိအားများကို ခံစားကြရပေသည်။
ထို့နောက်တွင် တန်ခိုးရှင်ခြောက်ယောက်က လက်သီးများဖြင့် အဆက်မပြတ် ထိုးနှက်ကာ အတွင်း၌ ပိတ်မိနေသူများအား သက်တောင့်သက်သာ သတ်ဖြတ်လိုက်ကြသည်။ ပိတ်မိနေသူများမှာ အပြင်းအထန် ခုခံသော်လည်း နောက်ဆုံးတွင် မည်သူမှ အသက်မရှင်ဘဲ သေဆုံးကုန်၏။
နတ်ဘုရားအဆင့်အင်အားစု၏တိုက်ခိုက်မှုများမှာ အားနည်းမည် မဟုတ်ပေ။ ထိုမြင်ကွင်းကိုကြည့်ကာ ရီဖူရှင်းသည် သူ၏ဆုံးဖြတ်ချက် မှန်ကန်ကြောင်း တွေးမိသည်။ သည်စစ်မြေပြင်သည် စမ်းသပ်သည့်ခရီးကြမ်းတစ်ခုဖြစ်နိုင်သော်လည်း အများစုမှာ အဖြည့်ခံသီးသန့်သာဖြစ်သည်။ အရေးကြီးသည့်အချက်ကား သူ့အနေဖြင့် လူတိုင်းကို မကာကွယ်ပေးနိုင်။
ထိုအခိုက်တွင် တန်ခိုးရှင်ခြောက်ဦးသည် ရီဖူရှင်းထံသို့ အလင်းတန်းအသွင်ဖြင့် လေဟာနယ်ကို ထိုးခွင်းကာ ပျံသန်းလာပြီး သူ့အား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကြည့်ကြသည်။
***