← Chapters

အကူအညီပေးခြင်း

Vol. 019 Ch. 1836

အကူအညီပေးခြင်း

Vol. 019 Ch. 1836

အမည်မဲ့ဘုံရှိတိုက်ပွဲကား အလွန်ကျယ်ပြောလာနေသည်။ ရန်ဟောင်အဆင့်များ၏တိုက်ပွဲမှ လှိုင်းများသည် ကြီးမားစွာ ရိုက်ခတ်၏။ တိုက်ပွဲပေါက်ကွဲထွက်လာလျှင် စစ်မြေပြင်သည်လည်း ဧရာမကျယ်ပျံ့လာတော့သည်။

မှန်သည်၊ တိုက်ပွဲအတွင်း၌လည်း လူအများအပြား ကျဆုံး၏။

ယခု စစ်မြေပြင်သည် နှစ်ခြမ်းကွဲလာနေသည်။ ဧရာမတိုက်ပွဲများသည် တန်ခိုးရှင်များအကြား ဖြစ်ပေါ်လာနေ၏။ တချို့မှာ ရန်သူကို အနိုင်မတိုက်ခိုက်နိုင်ရာ နောက်ကို ဆုတ်ကြရသည်။ သူတို့သည် မူလဘုံအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြစ်သော်လည်း သူတို့အနေဖြင့် အသက်သေသည်အထိ တိုက်ခိုက်စရာတော့ မလိုပေ။ စစ်မြေပြင်တွင် အသက်ရှင်ရေးမှာ သူတို့၏နံပါတ်၁ ဦးစားပေးဖြစ်သည်။

ရန်ဟောင်အဆင့်သို့အထိ ကျင့်ကြံရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ အသက်ရှင်ရန် ကြိုးစားအားထုတ်ခြင်းမှာ မှားယွင်းသောအရာမဟုတ်ပေ။

ထို့ကြောင့် လူအများအပြားမှာ တိုက်ခိုက်သတ်ဖြတ်နေကြသော်လည်း စစ်မြေပြင်မှ ပြေးလွှားနေသူများလည်း ရှိရာ စစ်မြေပြင်သည် အမျိုးမျိုးသော လှုပ်ရှားမှုအောက်တွင် ပိုမိုကျယ်ပြောလာနေသည်။

မှော်နက်အဖွဲ့နှင့် မကောင်းဆိုးဝါးဘုံတို့ ပူးပေါင်းလိုက်ခြင်းက သူတို့အား ကြီးစွာ အသာစီးရစေ၏။ သည်တစ်ကြိမ်ကား သူတို့သည် မူလဘုံကို ဝေမျှအုပ်စိုးရန် ကြံစည်ထားကြသည်။

ရီဖူရှင်းသည် တန်ခိုးရှင်ခြောက်ဦးအား သတ်ဖြတ်ရာတွင် သူ၏စွမ်းရည်များကို ထုတ်သုံးလိုက်ရရာ သူသည်လည်း ကြီးမားသောဖိအားအောက်ကို ရောက်လာသည်။ သူ့အနေဖြင့် ထူးခြားသောစွမ်းရည်ကို ထုတ်ပြခဲ့သော်လည်း သူကား စစ်မြေပြင်၏အစိတ်အပိုင်းငယ်တစ်ခုသာဖြစ်သည်။ သူ့အနေဖြင့် စစ်မြေပြင်၏အဖြေကို ပြောင်းလဲနိုင်လောက်အောင် မစွမ်းဆောင်နိုင်ပေ။

ထိုအခိုက်တွင် လေထဲတွင်ရပ်နေသော ရီဖူရှင်းသည် ပတ်ဝန်းကျင်အား အကဲခတ်နေသည်။ သူ၏နတ်အာရုံသည် အနီးတဝိုက်နေရာများသို့ ဖြတ်ပြေးသွား၏။ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်အင်အားစုများသည် ထိုနေရာမှ မထွက်ခွာရန် ဗျူဟာပိုင်းအရ နားလည်ထားကြသည်။ သူတို့က ပြင်းထန်သောတိုက်ခိုက်မှုများအား ရင်ဆိုင်နေရသော်လည်း အချင်းချင်း မနီးမဝေး၌ အတူရှိနေကြကာ အချိန်မရွေး ကူညီရန် ပြင်ဆင်ထားကြသည်။

သည်မတိုင်ခင် ရီဝူချင်းသည် အန္တရာယ်နှင့်ကြုံသောအခါတွင် ယူချင်းသည် တိုက်ခိုက်နေရာမှ ရပ်တန့်ကာ သူ့အား သွားရောက်ကူညီပေးခဲ့သည်။

ယခု ယူချင်းသည် ထောင့်တစ်နေရာတွင် ရှိနေ၏။ သူ့ထံမှ မိစ္ဆာအငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေကော မှော်နက်အဖွဲ့မှ တစ်ဦးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေ၏။

တခဏအတွင်း၌ တစ်ဘက်လူကား ယူချင်း၏ပုဆိန်ချက်ဖြင့် ထက်ခြမ်းကွဲကာ ကြောက်မက်ဖွယ်အဖြစ်ဆိုးဖြင့် ကြုံတွေ့သွားရသည်။

ယူချင်းတွင် ဝိညာဉ်လက်နှစ်ခုရှိသည်။ တစ်ခုကား နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် ရရှိခဲ့သော အနက်ရောင်ကျောက်တုံးဖြစ်သည်။ နောက်တစ်ခုကား ရတနာခန်းမထဲမှ ရရှိခဲ့သော တိုက်ခိုက်ရေးပုဆိန်ဖြစ်သည်။ ထိုလက်နက်နှစ်ခုအပါအဝင် သူ၏ပင်ကိုယ်စွမ်းရည်များဖြင့် ဆိုပါက သူ့အား ရင်ဆိုင်နိုင်သူ သိပ်မရှိပေ။

သောကျောက်သည်လည်း သူ၏ခုနစ်ဆစွမ်းအားဖြင့် ရန်သူများကို ကောင်းကောင်းဖိနှိပ်နိုင်သော်လည်း ယူချင်းကဲ့သို့ များစွာ ထင်ပေါ်ခြင်းတော့ မရှိပေ။ တစ်ဘက်တွင် ဂူတုံးလျှို၏စွမ်းရည်များမှာ အလွန်သန်မာလှသည်။ သူ၏နတ်ဝင်ရိုးမှ မဟာလမ်းစဉ်၏သင်္ကေတများဖြစ်ပေါ်စေကာ မကောင်းဆိုးဝါးများအားလုံးကို ဖိနှိပ်၏။ သူ၏စွမ်းအားများက တောင်များနှင့် မြစ်များကို ပျက်စီးစေသည်။ သူကား သူ့ရှေ့လမ်းတစ်လျှောက် တားဆီးသောလူတိုင်းကို သတ်ဖြတ်နေ၏။

တစ်ဘက်တွင် ဟွမ်ကျုံး၊ နန်လော့ရှန်းတို့သည်လည်း ကိုယ်စီ ထူးခြားသော စွမ်းရည်များကိုထုတ်ကာ ရန်သူများအား တိုက်ခိုက်နေကြ၏။

ထိုနေရာသို့ ရောက်လာသော စွမ်းအားအမြင့်ဆုံးတန်ခိုးရှင်များမှာ ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံရ၏။

ထို့ကြောင့် သည်စစ်မြေပြင်မှာ ဖိအားအနည်းဆုံးဖြစ်သည်။

ရီဖူရှင်းသည် ကောင်းကင်တွင် ရပ်နေသည်။ သူ၏စိတ်အာရုံသည် ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

“ဒီနေရာက ထွက်မသွားကြနဲ့။ အန္တရာယ်နဲ့ကြုံရင် ကျုပ်က အချိန်မရွေး ကူညီပေးလို့ရတယ်” ရီဖူရှင်းက ပြောသည်။ သူ၏ပြောစကားကို လူတိုင်းက နားလည်ကြ၏။

ထိုအချိန်တွင် တန်ခိုးရှင်အချို့သည် နန်ထျန်းနတ်ပြည်ထောင်မှ လူများထံသို့ ဦးတည်သွားနေကြသည်။ အားကောင်းသော မီးတောက်များ ကောင်းကင်မှ ကျဆင်းလာ၏။ နန်လော့ရှန်းက ချင်းဟယ်ဓားဖြင့် ခုတ်လိုက်သည်။ သို့သော်လည်း သူမဘေးမှ တန်ခိုးရှင်အချို့မှာ တစ်ဘက်မှ တိုက်ခိုက်မှုဒဏ်ကို မခံနိုင်ဘဲ သေဆုံးသွားကြရသည်။

ထိုအချိန်တွင် နတ်ဓားတစ်လက်သည် သူတို့ထံသို့ ဦးတည်လာနေသည်။

အပေါ်မှ တိုက်ခိုက်လိုက်သူများက ထိုနတ်ဓားကိုမြင်သောအခါ နောက်ဆုတ်သွားကြ၏။ သို့တိုင်အောင် နတ်ဓားသည် လေထုကို ခွင်းကာ တားဆီးမရသော စွမ်းအားနှင့်အတူ ဖြတ်သန်းသွား၏။

ဝှစ်...

နတ်ဓားသည် ထိုရန်ဟောင်များ၏အသက်ကို နှုတ်ယူသွား၏။ ထိုအဖြစ်က နန်ထျန်းနတ်ပြည်ထောင်မှ တန်ခိုးရှင်များအား အသက်ရှုရှောင်စေသည်။ သူတို့က ရီဖူရှင်းထံသို့ လှမ်းကြည့်ကာ ပြောသည် “ရန်ဟောင်ရီကို ကျေးဇူးတင်ပါတယ်”

သူတို့က အလွန်ကံကောင်းသည်ဟု ခံစားမိကြသည်။ ရီဖူရှင်းအနီးတွင် သူတို့က လုံခြုံမှုကို ခံစားကြရ၏။

တစ်ဘက်တွင် ထျန်ရှင်းကျောင်းတော်မှ လူများမှာ ကံမကောင်းကြပေ။

ထျန်ရှင်းကျောင်းတော်၏အုပ်စုမှာ အမှန်တကယ်အားဖြင့် အစွမ်းထက်ပေသည်။ အနည်းဆုံးတော့ သူတို့သည် ဘုံကိုးခု၏အကောင်းဆုံးအုပ်စုများထဲမှ တစ်ခုဖြစ်၏။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လွဲ၍ တခြားသောအင်အားစုများမှာ ထျန်ရှင်းကျောင်းတော်ထက် အားနည်းပေသည်။

သို့သော် ထိုအားသာချက်မှာ ဘုံကိုးခု၌သာ အကျုံးဝင်သည်။ ထျန်ရှင်းကျောင်းတော်၏အဆင့်နိမ့်ရန်ဟောင်များထဲတွင် ကျန့်ချန်ကျူသည် တစ်ဦးတည်းသော အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်သည်။

လောလောဆယ်တွင် ထျန်ရှင်းကျောင်းတော်ကို ပစ်မှတ်ထားနေသော တန်ခိုးရှင်အင်အားအတော်များပေသည်။ သူတို့ထဲတွင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် အတော်များများပါဝင်၏။

စစ်မြေပြင်တွင် တန်ခိုးရှင်အနည်းငယ်သည် ကျန့်ချန်ကျူအား ဝန်းရံတိုက်ခိုက်နေကြ၏။ ကျန့်ချန်ကျူက တစ်ဘက်လူများကို တုန့်ပြန်ရန် သူ၏နတ်စာပေလိပ်ဝင်ရိုးကို ထုတ်လွှတ်သည်။ သူ၏စွမ်းအားက ပြိုင်စံရှားသော်လည်း သူ့အနေဖြင့် ရန်သူများဝန်းရံမှုမှ ဖောက်ထွက်နိုင်ခြင်းတော့ မရှိပေ။

ထျန်ရှင်းကျောင်းတော်မှ တခြားသော တန်ခိုးရှင်များမှာလည်း အလားတူဝန်းရံခံနေရ၏။ ရန်သူများထဲတွင် တစ်ဦးမှာ အလွန်သန်မာသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်လျှင် လေထုကို ခွဲထုတ်နိုင်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့လက်တွင် ဝိညာဉ်လက်နက်တစ်ခုပေါ်လာကာ လေထဲတွင် လှည့်ပတ်ပြီး ထျန်ရှင်းကျောင်းတော်မှ တန်ခိုးရှင်များထံသို့ ပျံသန်းသွား၏။

ထျန်ရှင်းကျောင်းတော်မှ တန်ခိုးရှင်များက မာန်သွင်းအော်ဟစ်ကာ ပုံစံမျိုးစုံသော စွမ်းအားများ ထုတ်ဖော်လျှက် ခုခံကြ၏။ သို့သော်လည်း သွေးများ နေရာအနှံ့ စွန်းထင်းသွားကာ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

မကြာခင် လူတစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားရသည်။ တိုက်ပွဲကား အမှန်တကယ် အကျည်းတန်၏။

ရီဖူရှင်းသည် ဤစစ်မြေပြင်ဘက်၌ ဖြစ်ပျက်နေသည်များကို မြင်တွေ့၏။ သို့သော်လည်း ထျန်ရှင်းကျောင်းတော်မှ လူများ၏အခြေအနေမှာ သူ့နတ်အာရုံအပြည့်အဝ မြင်နိုင်သော နေရာမဟုတ်ပေ။

သူက ထိုလူများ၏အခြေအနေကိုမြင်သောအခါ အနည်းငယ် တုံ့ဆိုင်းမိသည်။ အရိပ်ဘုံတွင်ရှိစဉ်က သူအန္တရာယ်နှင့်ကြုံသောအခါ ထျန်ရှင်းကျောင်းအုပ်သည် သူ့အား ကူညီခဲ့ခြင်းမရှိပေ။ ထိုအတွက်လည်း ရီဖူရှင်းက အပြစ်မတင်ခဲ့ပေ။ မည်သို့ဆိုစေ သူနှင့် ထျန်ရှင်းကျောင်းတော်က ဆက်စပ်နေခြင်းမရှိမဟုတ်ပါလား။ တစ်ဘက်လူများက မကူညီလျှင် ၄င်းက သူတို့သဘောဖြစ်သည်။

ထို့ကြောင့် သူက ခဏမျှ တုံ့ဆိုင်းသွားခြင်းဖြစ်သည်။

နောက်ဆုံးတွင် သူက ဆုံးဖြတ်ချက်ချလိုက်သည်။ မည်သို့ဆိုစေ သူတို့တွင် တစ်ဘက်တည်းမှ ဖြစ်နေသည်။ ထျန်ရှင်းကျောင်းတော်မှ တန်ခိုးရှင်များကို ကူညီခြင်းက ခက်ခဲသောကိစ္စမဟုတ်ရာ သူက ထိုလူများအား မခက်ခဲစေလိုတော့ပေ။ ထို့အပြင် သူက ကောင်းကင်ဒေသမှ စစ်ပွဲကို အနိုင်ရရန် မျှော်လင့်ထား၏။

ရီဖူရှင်းနတ်ဓားသည် ကောင်းကင်ကို အလင်းတန်းအသွင်ဖြင့် ဖြတ်သန်းသွားသည်။ တစ်ဘက်လူက တစ်စုံတစ်ခုကို ခံစားမိဟန်ရသည်။ ထိုလူကလည်း သူ၏ဝိညာဉ်လက်နက်ကို ရီဖူရှင်းထံသို့ ဦးတည်လိုက်သည်။

ဝုန်း...

ကျယ်လောင်သံတစ်ချက်ကို ကြားရသည်။ နှစ်ဘက်လုံးမှ တိုက်ခိုက်မှုသည် လေဟာနယ်ကို ပေါက်ကွဲစေနိုင်စွမ်းရှိ၏။ ဖျက်ဆီးအားသည် အတော်ဝေးဝေးသို့အထိ ရိုက်ခတ်သွား၏။ တစ်ဘက်လူက လှမ်းကြည့်လျှင် ရီဖူရှင်းအား မြင်သည်။

ရီဖူရှင်းက လှုပ်ရှားခြင်းမရှိဘဲ ထိုနေရာတွင်ပင် ရပ်နေသည်။ ထျန်ရှင်းကျောင်းတော်မှ လူများကို ကူညီသော်လည်း သူ့မဟာမိတ်မှ လူများက သူ့အတွက် ပို၍ အရေးပါပေသည်။

နတ္တိအင်ပါယာနန်းတော်အပြင်ဘက်တွင် ထျန်ရှင်းကျောင်းတော်မှ လူများသည် စစ်မြေပြင်ကို ကြည့်နေကြသည်။ သူတို့၏လူများအန္တရာယ်နှင့်ကြုံသောအခါ သူတို့အားလုံး စိုးရိမ်ပူပန်ကြ၏။ ကျန့်ချန်ကျူအန္တရာယ်ရှိနေသောအခါ သူတို့အားလုံး မျက်နှာများ နက်မှောင်သွားကြသည်။

ရီဖူရှင်းက ရုတ်တရက် သူတို့အား ကူညီသော်လည်း သူတို့အားလုံး အံ့အားသင့်သွားကြ၏။ သူတို့အားလုံးက သက်ပြင်းချလိုက်သော်လည်း မကြာခင် သူတို့အားလုံး မနှစ်မျို့သော အမူအရာများဖြစ်လာသည်။

“သူ့နေရာမှာ ရပ်နေတုန်းပဲ။ သူက အပြည့်အဝ ကူညီချင်တာ မဟုတ်ဘူး” တစ်ယောက်က မကြေမနပ်ပြောသည်။

ထျန်ရှင်းကျောင်းတော်အကြီးအကဲကလည်း ထိုမြင်ကွင်းကို တွေ့သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မဆိုပေ။ ရီဖူရှင်း အဘယ်ကြောင့် အပြည့်အဝ မကူညီသည်ကို သူ သဘောပေါက်ပေသည်။

***

All Chapters