ပါရမီရှင်အဆင့် မလုံံလောက်
Vol. 6 Ch. 82
' အထပ် ၁၀၀ တော့ရောက်ပြီ...'
လင်းမို့ ပြိုင်ဘက်ကို လေးလေးနက်နက်သတိထား၍ စောင့်နေလိုက်သည် ။ အထပ် ၁၀၀ တွင် ခက်ခဲမှုအဆင့် တိုးလာမည်ဖြစ်သည် ။
သူ၏ ပြိုင်ဘက်က တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ ရောက်နေမည်ကို စိုးရိမ်နေခြင်းပင် ။ သူအဆင့် ၅ သို့မရောက်သေးသဖြင့် အဆင့်၅တစ်ယောက် မည်မျှသန်မာသည်ကို သူမသိ ။ ထို့ကြောင့် သူယုံကြည်မှု မရှိ ။
ကံကောင်းစွာဖြင့် သူထင်သလိုဖြစ်မလာခဲ့ ။ အထပ် ၁၀၀ ရှိ သူ့ပြိုင်ဘက်မှာ အဆင့်၄ အထွတ်အထိပ်တွင်သာ ရှိနေပြီ လက်နက်ပင် မပါချေ ။ သို့သော်လည်း အထပ် ၁၀၀ မြောက်ရှိပြိုင်ဘက်က အထပ် ၉၉ ရှိပြိုင်ဘက်ထက် သိသိသာသာ ပိုသန်မာမည်ဖြစ်သည် ။
' ဟမ် သူလည်း စိတ်ထိန်းချုပ်သူဟ... '
လင်းမို့သည် သူ့ပြိုင်ဘက် စိတ်ထိန်းချုပ်သူဖြစ်သဖြင့် အံ့သြသွား၏ ။ စိတ်ထိန်းချုပ်သူများအား ရင်ဆိုင်ရခက်ခဲပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသူပင် သတိမထားလျှင် ရှုံးနိုင်သည် ။ ကံကောင်းစွာဖြင့် သူလည်း စိတ်ထိန်းချုပ်သူ ဖြစ်နေ၍ တော်သေးသည် ။
လင်းမို့ ၏ စိတ်စွမ်းအားမှာ သန်မာသဖြင့် ပြိုင်ဘက်၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခုခံနိုင်သလို ပြန်၍လည်း တိုက်ခိုက်နိုင်သည် ။ ဆယ်မိနစ်ကျော်ကြာအောင် တိုက်ခိုက်ပြီးမှ အနိုင်ရသွား၏ ။
' ငါ အကန့်အသတ်ရောက်လုနီးပါးပဲ...'
လင်းမို့တုံ့ဆိုင်းသွား၏ ။ သူနောက်ရက်မှ ပြန်လာစိန်ခေါ်ရန် ဆုံးဖြတ်လိုက်သည် ။
' ငါဆက်တက်လို့ အဆင့်၅ နဲ့တွေ့ရင် မလွယ်ဘူး... ငါအရင်အဆင့်၅ ကိုတက်ပြီးမှ ပြန်လာတော့မယ်... '
သို့သော်လည်း....
" ဘုန်း....ဘုန်း....ဘုန်း......"
လင်းမို့၏ ပတ်ချာလည်တွင် မီးရှူးမီးပန်း အနည်းငယ်ပေါက်ကွဲသွားပြီး အထပ် ၁၀၀ တွင် ဖဲကြိုးများနှင့် ပြည့်သွားသည် ။ တစ်ချိန်တည်းမှာပင်...
" ပါရမီရှင်လူသစ် မျှော်စင် ( အစပြုသူအဆင့်) ကို ရှင်းလင်းနိုင်ခဲ့သည် ကစားသမား Black Earth ကို ဂုဏ်ပြုပါတယ်.... ဆုကြေး ရှေးဦးစကြာဝဠာ အမှတ် ၁၀၀ ရရှိပါသည် ..."
လင်းမို့ အံ့အားသင့်သွား၏ ။
' ဘာလဲ... ပြီးသွားပြီလား...မျှော်စင်က အဆုံးရှိတယ်လား... '
လင်းမို့ ဆက်လက် စိန်ခေါ်ချင်သောလည်း အထပ်မရှိတော့ ။
မှောင်ပြီး တိတ်ဆိတ်နေသည် ။
နာရီလက်တံက ညသန်းခေါင်ယံအချိန်ကို တဖြည်းဖြည်းခြင်း ညွှန်ပြနေ၏ ။
ဤအချိန်မှာ ရှေးဦးစကြာဝဠာ ထဲတွင် အတက်ကြွဆုံး အချိန်ဖြစ်သော်လည်း လူသွားအများဆုံးနေရာများပင် လူသိပ်မရှိ ။
ရှေးဦးစကြာဝဠာ အတွင်းရှိ များစွာသော မီဒီယာများက Black Earth မျှော်စင် ရှင်းနေသည်ကို အပြင်မှတိုက်ရိုက်ထုတ်လွှင့်နေကြပြီး ကြည့်ရှုနေသူ သန်းဆယ်ဂဏန်း က စောင့်ကြည့်နေကြသည် ။ Black Earth စံချိန် ဘယ်အထိ တင်နိုင်မှန်း သူတို့သိချင်ကြ၏ ။
" ၉၁ ထပ်..."
" ၉၂ ထပ်... "
" ၉၃ ထပ်... ဒါနည်းနည်းတော့ မမြန်လွန်းဘူးလား..."
" သူ အထပ် ၉၀ မှာ နည်းနည်းကြာနေတာကို ဘယ်လိုလုပ်ပြန်မြန်လာတာလဲ... "
" သူ အထပ် ၈၀ ရှင်းတုန်းကလောက် မြန်နေတာ..."
" တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ အထွတ်အထိပ်တွေကို Black Earth အနိုင်ယူတာ လွယ်လွန်းမနေဘူးလား... "
" Black Earth ကအဆင့် ၅ ရောက်နေပြီလို့ မပြောနဲ့နော်... "
" အဲ့လောက်မြန်နေတာ သူအဆင့် ၅ သေချာပေါက်ပဲ..."
" ရှီးးးး.... အဆင့်၅ အထက်တန်းကျောင်းသား... ကြောက်စရာကောင်းလိုက်တာ... "
" ကျောင်းသားအများစုက တက္ကသိုလ်က ဘွဲ့ရရင်တောင် အဆင့်၅ မရောက်သေးဘူးမှတ်လား... "
Black Earth ၏ ပါရမီနှင့် ခွန်အားက လူတိုင်းကို ကြောက်ရွံ့သွားစေသည် ။
" ၉၈ ထပ်..."
" ၉၉ ထပ်... "
" အထပ် ၁၀၀ ကွ... Black Earth က အထပ် ၁၀၀ ကို ရှင်းလိုက်ပြီဟေ့..."
" သူဆက်တက်နိုင်လောက်သေးလား..."
" ငတုံး... မျှော်စင်က အထပ် ၁၀၀ ပဲရှိတာဟ ..."
မျှော်စင်၏ သမိုင်းအဆင့် ၁ ရှိ Black Earth နံမည်၏နောက်တွင် အထပ် ၁၀၀ ပေါ်လာပြီး စာများပေါ်လာသည် ။
" ဘာလို့ အထပ် ၁၀၀ ထဲရှိတာလဲ..."
ဤစကားများက ကြည့်ရှုနေသူအားလုံကို ပေါက်ကွဲသွားစေသည် ။
" မာနကြီးလိုက်တာ... တခြားပါရမီရှင်တွေက ဆက်မတက်နိုင်လို့ ညီးတာ ဒီကောင်က အထပ်မလောက်လို့ညီးနေတာလား..."
" မာနကြီးတာမဟုတ်ဘူး... အဲ့ကောင် ဖျင်ဂေါင်းကျယ်နေတာ... "
" Black Earth နဲ့ ယဲ့ရီ ဘာကွာလဲ ငါသိသွားပြီ... ယဲ့ရီက ထပ်မတက်နိုင်လို့ ၇၄ ထပ်ပဲရောက်တာ.... Black Earth က ထပ်တက်စရာ မရှိလို့ ၁၀၀ ထိပဲရောက်တာ... "
" မျှော်စင်မှာ နောက်ထက် အထပ်တွေရှိရင် Black Earth ဆက်တက်နိုင်အုံးမယ်ထင်တယ်..."
ယနေ့ည အင်တာနက် တစ်ခုလုံး Black Earth အကြောင်းဖြင့် ပြည့်သွား၏ ။
ဝေဖန်ရေးသမားများက Black Earth အသုံးပြုခဲ့သည့် လက်နက်ကို ငြင်းခုံနေကြ၏ ။
အဓိပ္ပါယ်မရှိသော ဝတ္ထုများပင် ထွက်လာခဲ့သည် ။
" ဂြိုလ်ပြာကြီးအား လွှမ်းမိုးထားသူ..."
" ငါ ၊ Black Earth ၊ အသက် ၁၈ နှစ်မှာ အထွတ်အထိပ် ရောက်ခဲ့တယ်... "
ထိုအချိန်...
ရှားနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့ ။
ဆင်ခြေဖုံး ရပ်ကွက်ရှိ အိမ်တစ်အိမ်အား လူတစ်ဒါဇင်လောက် ဝိုင်းရံထားသည် ။ ထိုလူများက တစ်ယောက်နှင့် တစ်ယောက် တိုးတိုးပြောနေကြ၏ ။
" ဒီအိမ်သေချာလို့လား..."
" သေချာတယ်... ငါမမှားဘူး..."
သေချာ အတည်ပြု ပြီးသည်နှင့် ခေါင်းဆောင်လာသူက တံခါးခေါက်လိုက်သည် ။ ထို့နောက် လူတိုင်း ဝိုင်းအော်ကြတော့သည် ။
" Little Yu အိမ်လား... တံခါး ဖွင့်ပါအုံးဗျို့... "
" မင်း လိုက်လွှင့်ပြီး ျီးစားပြမယ်ဆို ... မစသေးဘူးလား... "
" ယောကျ်ားဆိုတာ ပြောတဲ့ အတိုင်းလုပ်ရတယ်ကွ...Black Earth က မျှော်စင်ရှင်းပြီးသွားပြီ... မင်းကတိအတိုင်း ဆယ့်တစ်ကီလို စားရမယ်... "
" မင်းတို့ အိမ်မှာရှိတာ မလောက်မှာ ဆိုးလို့ ငါတို့ ညီအကိုတွေ စေတနာနဲ့ ယူလာတယ်... တံခါးဖွင့်ပါအုံးဟ... "
ဆင်ခြေဖုံး ရပ်ကွက်ဖြစ်သဖြင့် ခွေးများ ဝိုင်းဟောင်ကြတော့သည် ။ သူတို့ လက်ဆတ်သော အနံ့များ ရလိုက်သောကြောင့်ပင် ။
ခွေးများ၏ မျက်လုံးထဲတွင် မနာလိုမှုများဖြင့် ပြည့်နှက်နေသည် ။
" ဘာလို့ ... မင်းတို့ကြ စားချင်သလောက် စားနိုင်တာလဲ... "
ရှားနိုင်ငံ... သိုင်းဌာနချုပ်...
အိပ်ရေး ပျက်သော ညတစ်ညပင် ။ မည်သူမှ Black Earth မျှော်စင်ရှင်းနိုင်မည်ဟု ထင်မထားခဲ့ ။ Black Earth ၏ ပါရမီကြောင့် ထိတ်လန့်သွားကြပြီး အိပ်မပျော်နိုင်ကြတော့ ။
' Black Earth က ဘယ်သူလဲ... သူ့ကို ဘယ်လိုကာကွယ်ရမှာလဲ... သူ့ကို ဘယ်လို ပျိုးထောင်ရမှာလဲ...'
ဤသည်က သိုင်းဌာနချုပ် ဖြေရှင်းရမည့် ပြသနာများပင် ။
သူတို့၏ မျက်လုံးထဲတွင် Black Earth က ရတနာ လေးဖြစ်လာပြီး ပြုတ်ကျမည်နှင့် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြသည် ။ သို့သော်လည်း ထိုရတနာက ဘယ်မှာရှိမှန်း သူတို့မသိကြ ။
ပါရမီရှင် ရှာဖွေရေး ဌာနက ပြသနာတစ်ခု ရှာတွေ့သွားပြီး ခေါင်းဆောင်များကို တင်ပြလိုက်သည် ။
" Black Earth ရဲ့ ပါရမီက ပြိုင်ဘက်ကင်းအဆင့်ကို ကျော်သွားပြီ... နောက်ထပ် ပါရမီရှင် အဆင့်မရှိတော့ဘူး... ဘယ်လိုလုပ်ရမလဲ..."
ပါရမီအဆင့်များ မလုံံလောက်တော့ပေ ။