← Chapters

မွှေးလိုက်တာ

Vol. 6 Ch. 84

မွှေးလိုက်တာ

Vol. 6 Ch. 84

နာရီဝက် အကြာတွင်...

ဖမ်းစားနိုင်လွန်းသော ဗီဒီယိုတစ်ပုဒ် လင်းမို့၏ ရှေးဦးစကြာဝဠာ အီးမေးလ် အကောင့်ထဲသို့ ဝင်လာ၏ ။ မြင်မိသူတိုင်း ဖွင့်ကြည့်မိပေမည် ။

သို့သော်လည်း ထိုအချိန်တွင် လင်းမို့သည် ရှေးဦးစကြာဝဠာ ထဲမှ ထွက်၍ အိပ်နေလေပြီ ။ ညသန်းခေါင်ပင် ရောက်နေပြီဖြစ်၍ သူ မအိပ်လျှင် ဘာလုပ်ရမည်နည်း ။ လေ့ကျင့်စရာလည်း မလိုအပ် ။

နောက်တစ်နေ့မနက်...

လင်းမို့ နိုးလာသည်နှင့် အနည်းငယ် ဝမ်းနည်းသွားမိသည် ။

' ငါ့သိုင်းပညာ တိုးတက်နှုန်းက တစ်ဆို့နေပြီ...'

လင်းမို့၏ အတွေးများကို တခြားသူများ ကြားလျှင် သေအောင်လာရိုက်ကြပေမည် ။ တစ်ပတ်ထဲနှင့် လက်သီးပြင်းအား ၈၀၀ ကီလိုမှ ၂၂၀၀ ကီလိုသို့ ရောက်ခဲ့သည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၁ မှ အဆင့် ၄ သို့ရောက်ခဲ့၏ ။ စိတ်ထိန်းချုပ်သူ အဆင့် ၃ သို့ပင် အလကားနေရင်း ရောက်ခဲ့သေးသည် ။ ထိုသို့ အရှိန်က မည်သည့်နေရာတွင် တစ်ဆို့နေပါသနည်း ။ တစ်ဆို့နေသည်ဆိုပါက ထိုပုလင်းက မည်မျှအထိ ကြီးနေပါသနည်း ။

' ငါ့ဘေးကလူတွေ ပိုကြိုးစားရင်ကောင်းမယ် ...'

လင်းမို့ မျှော်လင့်တကြီး တွေးလိုက်မိ၏ ။ သို့သော်လည်း ထိုသည်က မဖြစ်နိုင်မှန်း သူသိလိုက်၏ ။ သူ့ပတ်ဝန်းကျင်မှလူများကို ခြောက်သည်အထိ သူညှစ်ပြီးလေပြီ ။ ဒီထက်ပို၍ ကြိုးစားကြပါက သေရုံသာကျန်တော့သည် ။

' ငါ ဟိုကလေးမ ဆီပဲ လေညှင်းခံရင်း သွားတာကောင်းမယ်... '

လင်းမို့ တွေးလိုက်မိ၏ ။

' အဲ့ကလေးမကမှ အခြေခံကောင်းပြီး ဖိအားလည်းခံနိုင်သေးတယ် ...'

လင်းမို့ မြှောက်ပြောသည်မဟုတ် ။ ယန်ယီမို ၏ တက်ကြွအမှတ်က သာမန်ကျောင်းသား တစ်ဒါဇင်နှင့် ယှဥ်၍ရပေသည် ။ ထို့အပြင် ရှားပါးသော စိတ်ထိန်းချုပ်သူလည်း ဖြစ်သဖြင့် သူ ရသလောက်မညှစ်နိုင်လျှင် ဝမ်းနည်းစရာကောင်းနေပေလိမ့်မည် ။

လင်းမို့သည် ကျောင်းသို့ရောက်လျှင် မနေ့က ငါးမျှားသည့်နေရာသို့သွား၍ ငါးမျှားနေလိုက်သည် ။ သူ ကျောင်းခန်းသို့မဝင်ခဲ့သလို ဟောက်ရန်အား အသိမပေးခဲ့ချေ ။

သူ ကျောင်းထုတ်ခံထားရသဖြင့် ကျောင်းခန်းသို့ သွားမသွားက အရေးမပါတော့ ။ ငပျင်းလုပ်နေသော ဟောက်ရန်ကလည်း သူ့အား တက်ကြွအမှတ်မပေးနိုင်တော့ ။ သူခေါ်လိုက်လျှင်တော့ ပြေးလာပေလိမ့်မည် ။

လင်းမို့ ခဏထိုင်လိုက်သည်နှင့် ယန်ယီမိုပေးသော စိတ်ထိန်းချုပ်သူ အညွှန်းကိန်းကို ခံစားမိလိုက်သည် ။

' ငါ အချိန်မှန် လာမိတာပဲ...'

လင်းမို့ ကျေနပ်သွား၏ ။

' ငါ ဒီနေ့ တစ်နေကုန် ငါးကင်စားမယ်... '

သာမန်လူများ ငါးကင်စားလျှင် နှစ်ကက်တီလောက်သာ စားနိုင်သော်လည်း လင်းမို့သည် သိုင်းပညာရှင်ဖြစ်သဖြင့် ဆယ်ကီလိုလောက် စားနိုင်ပေသည် ။

' ငါးကင်ကြည့်ပဲဆို တစ်ခုခု လိုနေသလိုပဲ... '

လင်းမို့ ခဏကြာအောင် စဥ်းစားပြီးမှ ဖွန်ကြောင်သူမဟာမိတ် ခေါင်းဆောင်ဟောင်းကို မက်ဆေ့ပို့လိုက်သည် ။

' ညိုကီ... ဘီယာ နှစ်ဖာလောက် ရှာပေးအုံး...'

ငါးကင်နှင့် ဘီယာ ဆိုလျှင် သူ၏ တနေ့တာ ပြည့်စုံလေပြီ ။

တူညီသော ကျောင်းဝန်းအတွင်းဖြစ်သော်လည်း လင်းမို့ လေညှင်းခံ၍ ငါးမျှားနေစဥ် တခြားကျောင်းသားများက ချွေးတလုံးလုံးနှင့် စာမေးပွဲအတွက် ကြိုးစားနေရ၏ ။

လူသားများ၏ ပျော်ရွှင်ခြင်း နှင့် ဝမ်းနည်းခြင်းက မမျှတ ။

ဗီလာအတွင်း...

ယန်ယီမိုသည် မနေ့ညက လက်သီးပြင်းအား လေ့ကျင့်ခဲ့သော်လည်း ညနက်သည်အထိ မလေ့ကျင့်ပေ ။

သူမ မနေ့ညက စောစော အိပ်ခဲ့ရသဖြင့် လန်းလန်းဆန်းဆန်း နိုးလာခဲ့သည် ။ တခြားကျောင်းသားများနှင့် ယှဥ်လျှင် သူမ၏ လေ့ကျင့်ပုံက ခြားနားသည် ။ စိတ်ထိန်းချုပ်သူ တစ်ယောက်အနေဖြင့် သူမ၏ စိတ် လန်းလန်းဆန်းဆန်းဖြစ်နေမှသာလျှင် စိတ်ထိန်းချုပ်စွမ်းရည်များ လေ့ကျင့်ရာတွင် ပို၍ အကျိုးရှိမည်ဖြစ်သည် ။

ယန်ယီမို ယနေ့ စိတ်ကြည်နေ၏ ။ သူမ ယနေ့ ညဏ်အလင်းရ၍ အဆင့်တက်နိုင်မည်ဟုပင် ခံစားနေရသည် ။

သို့သော်လည်း သူမ စတင်လေ့ကျင့်လိုက်သည်နှင့် မျက်မှောင်ကြုပ်ရ ပြန်သည် ။

' ဟိုကောင်တွေ ငါးလာမျှားပြန်ပြီ...'

ယန်ယီမိုသည် ငါးမျှားနေသော လင်းမို့ကို ပြင်သစ်စတိုင် ပြတင်းပေါက်ကြီးမှ ရှင်းရှင်းလင်းလင်း မြင်နေရသဖြင့် ဒေါသထွက်သွား၏ ။

' ဘယ်လိုကောင်တွေလဲ... '

' နေ့တိုင်းငါးလာမျှားနေတယ်... '

' နင်ကြိုးစားစရာ မလိုဘူးလား...'

ယန်ယီမို အမှန်တရားကို ခန့်မှန်းမိလိုက်ခြင်းဖြစ်သည် ။ လင်းမို့သည် သူကြိုးစားရန်မလိုဘဲ သူ့ပတ်ဝန်းကျင်ရှိ လူများသာ ကြိုးစားနေရန် လိုအပ်သည် ။ ယခု သူမက လင်းမို့နှင့် အနီးဆုံးပင် ။

' ဟိုင်းချန် အထက်တန်းကျောင်းက ဟိုင်းချန် မြို့မှာ အကောင်းဆုံးဆို... ကျန်းနန် စီရင်စုမှာ ထိပ်တန်းဆိုပြီး... ဒီက ကျောင်းသားတွေ ဒီလောက် ဆိုးမယ် ထင်မထားဘူး...'

စာမေးပွဲနီးသည့် တတိယနှစ်ကျောင်းသားများ နေ့တိုင်း ငါးမျှားနေသည်ကြောင့် အထက်တန်းကျောင်းနှင့်ပင် တူမနေ ။

' မတွေးတော့ဘူး...'

ယန်ယီမိုက လင်းမို့ကို မကြည့်တော့ဘဲ လေ့ကျင့်ရန် မျက်စိမှိတ်ထားလိုက်သည် ။

' သူကလည်း သူ့ဟာသူ ငါးမျှားနေတာ... ငါကလည်း ငါ့ဟာငါ လေ့ကျင့်ရမယ်... '

သို့သော်လည်း လေကရပ်မနေ ။

လေ့ကျင့်နေသော ယီမိုလေး အလွန်မွှေးသော အနံ့ကို ရလိုက်သည် ။

" ဒါ... "

သူမ၏ ချစ်စဖွယ် နှာခေါင်းလေးများက ရှုံ့ပွရှုံ့ပွ ဖြစ်လာပြီး မွှေးကြိုင်သော ရနံ့က သူမ၏ နှာခေါင်းအတွင်းရှိ အနံ့ခံဖုလေးများကို ကြည်စယ်နေသည် ။ သူမ ဗိုက်ဆာလာလေပြီ ။

ယီမို ပို၍ ရှက်သွားသည်မှာ သူမ တံတွေး ထိန်းမရတော့ ။ ယီမိုသည် ဇိမ်ခံဘဝတွင် တစ်သက်လုံးနေခဲ့ရသဖြင့် ဤသို့ အရိုင်းဆန်သော အနံ့က အလွန်ဆွဲဆောင်နေလေသည် ။

' စိတ်ထိန်းထား... စိတ်ထိန်းထား...'

သူမ ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း အနံ့က မွှေးလွန်းလှသည် ။

လင်းမို့သည် မနေ့က ငါးကင်ရာတွင် သိပ်အဆင်မပြေခဲ့သဖြင့် သူယနေ့တွင် သေချာသင်ယူလာခဲ့သည် ။

' မဟုတ်ဘူး... '

ယီမို လေ့ကျင့်နေသည်ကို ရပ်လိုက်သည် ။ အနံ့က မွှေးလွန်းသဖြင့် သူမသည်းမခံနိုင်တော့ ။

' ငါ အဲ့ကောင်ကို နှင်ထုတ်ပစ်ရမယ်... '

ထိုကောင် ငါးဆက်ကင်နေလျှင် သူမလေ့ကျင့်၍ ရတော့မည်မဟုတ် ။

ယန်ယီမိုသည် ဆုံးဖြတ်ပြီးသည်နှင့် ဗီလာမှ ဒေါသတကြီး ထွက်လာပြီး လင်းမို့ဆီသို့ ဦးတည်လိုက်သည် ။

" ကျောင်းသား... နင်ဘာလုပ်နေတာလဲ... "

ယန်ယီမိုသည် မနေ့ကကဲ့သို့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော်လည်း ဒီဇိုင်းမတူပေ ။

သို့သော်လည်း သူမ၏ အမူအရာမှာ အေးစက်နေပြီး အော်ရာများ လွှင့်ပျံနေသဖြင့် တော်ရုံလူပင် ခေါင်းမော့ကြည့်ရဲမည် မဟုတ်ချေ ။

သူမ အဝေးမှ အမြန်ပြေးလာပြီး ဆယ်မီတာခန့် အကွာရောက်မှ ရှိန်လျော့၍ ပြောလိုက်ခြင်းဖြစ်သည် ။

" ငါးကင်နေတာ... "

လင်းမို့ ခေါင်းမော့ကြည့်၍ အမှန်အတိုင်းပြောလိုက်သည် ။

ယန်ယီမို ပို၍ ပင်စိတ်ဓာတ်ကျသွား၏ ။

' နင့်ကို ဘယ်သူက အဲ့ဟာမေးနေလို့လဲ... '

' ငါလိုချင်တာ ဒီလိုအဖြေမဟုတ်ဘူးလေ... '

' ငါ နင့်ကို နှင်ထုတ်ဖို့ ကြိုးစားနေတာ နင်မသိဘူးလား...'

" နင် အချိန်မှန် လာတာပဲ... ဒီမှာ ကင်ပြီးပြီ မြည်းကြည့်မလား..."

ယန်ယီမို တွေဝေနေချိန်တွင် လင်းမို့က ငါးကင်ကို ကိုင်၍ သူမ၏ ပါးစပ်အနားသို့ တိုးပေးလိုက်သည် ။

" မမြည်းဘူး... "

ယန်ယီမိုသည် ငြင်းလိုက်သော်လည်း သူမ၏ နှာခေါင်းက အနံ့ရလိုက်သဖြင့် တံတွေးမျိုချလိုက်သည် ။ မည်သို့မည်ပုံ ဖြစ်သွားသည်မသိဘဲ သူမ၏ ပါးစပ်က အော်တိုဖွင့်သွားပြီး ငါးကင်ကို ကိုက်လိုက်သည် ။

မွှေးကြိုင်လှသော ငါးကင်အနံ့က စိတ်အာရုံထဲ အထိ တိုးဝင်သွား၍ သူမ၏ မျက်ဝန်းလေးများက လခြမ်းသဖွယ် ကွေးညွှတ် သွားသည် ။ သူမ ညီးတွားလိုက်မိ၏ ။

" မွှေးလိုက်တာ... "

လင်းမို့ ပြုံးလိုက်သည် ။

' နင့်ပါးစပ်က ငြင်းနေရင်တောင် ... နင့်ခန္ဓာကိုယ်က ရိုးသားတယ်... '

All Chapters