မြေအင်မော်တယ်
Vol. 6 Ch. 88
သိုင်းသူတော်စင်တောင်...
ချယ်ရီပန်း နိုင်ငံ လူသူအရောက်အပေါက်နည်းသော တောနက်ထဲတွင် အမည်မရှိ တောင်လေးတစ်လုံးရှိသည် ။
ချယ်ရီပန်းနိုင်ငံရှိ သိုင်းမဟာသခင် အများစုမှာ ထိုတောင်ခြေရှိ ရွာငယ်လေးတွင် နေထိုင်ကြသည် ။
သိုင်းမဟာသခင်ကဲ့သို့ အစွမ်းရှိသည့် လှပသော မိန်းမငယ်လေးက ဤနေရာတွင်နေ၍ ရှေးဦးစကြာဝဠာ ထဲသို့ စောင့်ကြည့်နေလေသည် ။
" မစ္စ ထန့်ယွမ်.... "
သစ်သားဖိနပ် စီးလာသော အဘိုးအိုကြီးတစ်ယောက် က သူမ၏ အိမ်တံခါးသို့ လာပြီး...( သစ်သားဖိနပ်က ဂျပန်တွေစီးတဲ့ ခုံဖိနပ်လို ဟာမျိုးလေး)
" နင့်ရဲ့ ပုံရိပ်ယောင် သတ်ဖြတ်ခြင်း ဗီဒီယိုနဲ့ Black Earth မသေသေးဘူးလား..."
သူကဲ့သို့ နှစ်ပေါင်းများစွာ အသက်ရှင်လာသော ကျွမ်းကျင်သူ တစ်ယောက်၏ မျက်လုံးထဲတွင် ယဲ့ရီ လိုမျိုးပါရမီရှင်က ဘာမှ မဟုတ်ပေ ။ သို့သော် Black Earth က သူ့အား စိတ်ထင့်စေသည် ။ Black Earth မသေလျှင် ချယ်ရီပန်း နိုင်ငံ၏ အနာဂတ်ကို ထိခိုက်စေမည်ဟု ခံစားနေရသည် ။
" ရွာသူကြီး..."
လှပသော အမျိုးသမီး တန့်ယွမ်က လိုက်ကာကို ဖွင့်၍ အပြင်သို့ ထွက်လာ၏ ။ သူမ ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး...
" ကျွန်မ ပို့လိုက်တဲ့ ဗီဒီယိုဖိုင်က တစ်ခါဖွင့်ပြီးတာနဲ့ သူ့အလိုလိုပျက်သွားမှာ... ဗီဒီယိုကို ဖွင့်လိုက်တာနဲ့ ကျွန်မ ခံစားလို့ရတယ်... ခုထိ တစ်ယောက်မှ ဖွင့်မကြည့်သေးဘူး... "
ပုံရိပ်ယောင်သတ်ဖြတ်ခြင်း ထည့်ထားသည့် ဗီဒီယိုက အဝေးမှနေ၍ သတ်နိုင်သော်လည်း ပစ်မှတ်က ဖွင့်ကြည့်မှ ဖြစ်ပေမည် ။ အခု Black Earth က ဖွင့်မကြည့်သဖြင့် အဆင့်၇ စိတ်ထိန်းချုပ်သူ ဖြစ်သည့် သူမ အား စိတ်မသက်မသာ ဖြစ်စေ၏ ။
ပုံရိပ်ယောင်သတ်ဖြတ်ခြင်း က ရက်အနည်းငယ်သာ ခံသဖြင့် ဖွင့်ကြည့်မည့်သူ မရှိလျှင် သာမန် ဗီဒီယို တစ်ပုဒ်ဖြစ်သွားပေမည် ။
ဤအခြေအနေက မစ္စတန့်ယွမ်အား ဒေသထွက်စေ၏ ။ ဗီဒီယိုထဲတွင် ပုံရိပ်ယောင်သတ်ဖြတ်ချင်းကို ထည့်နိုင်ရန် သူမ၏ စိတ်စွမ်းအင် အဆီအနှစ်များကိုပင် ထုတ်သုံးခဲ့ရသည် ။
စိတ်စွမ်းအင် အဆီအနှစ် ဆုံးရှုံးသည်က ပြန်လည် ကျင့်ကြံ၍ ဖြည့်တင်းမရပေ ။ ထာဝရ ဆုံးရှုံးလိုက်ခြင်း ဖြစ်သည် ။ ဗီဒီယိုကို Black Earth က ဖွင့်မကြည့်လျှင် သူမ အလကား အနစ်နာခံလိုက်ရမည်ပင် ။
" ဖြစ်နိုင်တာက... Black Earth ကို အီးမေးလ် ပို့တဲ့သူ များနေလို့ မမြင်တာများလား..."
ရွာသူကြီး က မေးလိုက်၏ ။
" မဖြစ်နိုင်ဘူး... သူကြီး ပြောတဲ့အတိုင်း ဖြစ်မှာစိုးလို့ ကျွန်မ မိနစ်အနည်းငယ်ကြာတိုင်း လင့် ကို ပြန်ပြန်ပို့နေတာ... သူ ရှေးဦးစကြာဝဠာ မေးလ်ဘောက်ကို ဖွင့်လိုက်တာနဲ့ သေချာပေါက်မြင်ရမှာ... "
" အဲ့တာဆို အီးမေးလ်က Black Earth ကို မဆွဲဆောင်နိုင်လို့လား... "
မစ္စ တန့်ယွမ် က လက်မခံနိုင် ။
" လုံးဝ မဖြစ်နိုင်ဘူး... ကျွန်မ အီးမေးလ်မှာ ရေးထားတဲ့ စာကို ဖတ်ပြီးရင် ဘယ်ယောကျ်ားလေးမှ တောင့်မခံနိုင်ဘူး... "
သူမ ယောကျ်ားများ၏ အကြိုက်ကို သိသည် ။ ရုတ်တရပ်သူမ၏ ဖုန်းသို့ မက်ဆေ့တစ်စောင် ဝင်လာ၏ ။
" ဘာတဲ့လဲ..."
ရွာသူကြီးက တခုခု မှားနေသည်ကို မြင်လျှင် အလောတကြီး မေးလိုက်သည် ။
မစ္စတန့်ယွမ်က အံ့အားသင့်နေပြီး...
" ကျွန်မရဲ့ ရှေးဦးစကြာဝဠာ အကောင့် ဘန်း ခံလိုက်ရပြီတဲ့..."
ရှေးဦးစကြာဝဠာ အကောင့်မှာ DNA ဖြင့် ချိတ်ဆက်ထားသဖြင့် အကောင့်အသစ်ဖွင့်၍ ရမည်မဟုတ်ချေ ။ သူမ ရှေးဦးစကြာဝဠာ ထဲသို့ မဝင်နိုင်တော့ ။ ထို့အပြင် ရှေးဦးစကြာဝဠာ အမှတ်များလည်း ပိတ်ဆို့ခံလိုက်ရမည် ဖြစ်သဖြင့် သူမ၏ ဆုံးရှုံးမှုက ကြီးမားလှသည် ။
" သေချာအောင် ဝင်ကြည့်အုံး..."
ရွာသူကြီးက သတိပေးလိုက်သည် ။
ရွာသူကြီး သတိမပေးလျှင်ပင် သူမ လုပ်ရမည်ပင် ။ မစ္စတန့်ယွမ်က ပုံရိပ်ယောင်ခေါင်းဆောင်းကို ပြေးယူ၍ ရှေးဦးစကြာဝဠာ ထဲသို့ ဝင်လိုက်သည် ။
အနီးအနားရှိ သိုင်းမဟာသခင်များလည်း ပြသနာတက်နေသည်ကို ကြားလျှင် ဝိုင်းအုံလာကြသည် ။
ခဏနေတော့ မစ္စတန့်ယွမ်က ခေါင်းဆောင်းကို ချွတ်လိုက်၏ ။
" ကျွန်မကို လိင်ပိုင်းဆိုင်ရာနဲ့ အတိုင်ခံလိုက်ရလို့ ရှေးဦးစကြာဝဠာ ထဲ ၃၆၅ ရက် ဝင်လို့ မရတော့ဘူး..."
မစ္စတန့်ယွမ်က အံကြိတ်လိုက်ပြီး...
" အဲ့တာ Black Earth ပဲဖြစ်မယ်... ကျွန်မ ပို့ထားတဲ့ လင့်ကို ဖွင့်မကြည့်ဘဲ ရှေးဦးစကြာဝဠာ ကို လိင်ပိုင်းဆိုင်ရာနဲ့ တိုင်လိုက်တာ... "
" ဘာ..."
" ဒီလိုလုပ်ရက်လား..."
" ဒီလို စမ်းသပ်မှုကို ခံနိုင်တဲ့လူ ရှိတယ်လား..."
" သူဘာလို့ တိုင်ရတာလဲ..."
" ဒီကောင် ယောကျ်ား မဟုတ်ဘူးလား... "
သိုင်းမဟာသခင်များ အံ့သြ သွားကြသည် ။ Black Earth ကဲ့သို့လူမျိုး သူတို့ မမြင်ဘူး ။
မစ္စတန့်ယွမ်၏ ဒေါသများက ပေါက်ကွဲထွက်ပေတော့မည် ။
" Black Earth က သောက်ကျင့်မကောင်းဘူး..."
လူငယ်များက မသိတက်ကျ ။ ဤမျှ ဆွဲဆောင်မှုရှိသော ဗီဒီယို လင့်ကို မည်သည့်မျက်နှာဖြင့် တိုင်ကြား ရက်ပါသနည်း ။ ဤ သည်က ယောကျ်ားတစ်ယောက် လုပ်သင့်သည် မဟုတ် ။
မစ္စတန့်ယွမ်၏ ဆုံးရှုံးမှုများက မသေးငယ်လှပေ ။ သူမ ရှေးဦးစကြာဝဠာ ထဲတွင် လေ့ကျင့်၍ မရတော့သည့်အပြင် ရှေးဦးစကြာဝဠာ အမှတ်များပင် ပိတ်ဆို့ခံထားရသည် ။
" ငါတို့ Black Earth ကို ဆက်လုပ်ကြံအုံးမှာလား..."
ရွာသူကြီးက လေးနက်စွာ မေးလိုက်၏ ။ ဘေးရှိ ကျွမ်းကျင်သူများက ခေါင်းခါလိုက်ကြသည် ။
" Black Earth က ဘယ်သူလဲ မသိဘဲ ဆက်လုပ်လို့မှ မရတာ... "
ထိုအချိန် ကောင်းကင်အလယ်တွင် ...
လပြည့်ဝန်းကြီး က တိမ်များကို ခွဲထွက်လာပြီး ဖြောင့်မတ်သောလမ်းစဥ် ၏ အလင်းရောင် ကဲ့သို့ ရွာငယ်လေးပေါ်သို့ ဖြာကျလာသည် ။
ရှားနိုင်ငံ... ပေ့ကျင်းမြို့...
သိုင်းဌာနချုပ်အတွင်း ခေါင်းဆောင်ဝူမြန်နှင့် အကြီးအကဲများ စကားပြောနေကြသည် ။
" ချယ်ရီပန်းနိုင်ငံက မစ္စတန့်ယွမ် ကိုယ်တိုင် Black Earth ကို တိုက်ခိုက်လိုက်တယ်လို့ ငါသတင်းရထားတယ်... "
ခေါင်းဆောင်ဝူက လေးနက်ဟန်ဖြင့်...
" သူက ပုံရိပ်ယောင် သတ်ဖြတ်ခြင်းကို ဗီဒီယိုထဲ ထည့်ပြီး Black Earth ဆီကို ပို့လိုက်တယ်... "
" ဘာ..."
" လုပ်ရဲလား..."
" အဆင့် ၇ စိတ်ထိန်းချုပ်သူက ကလေးတွေကို တိုက်ခိုက်တာလား... အရှက်မရှိလိုက်တာ... "
" ဒါဆို Black Earth အန္တရာယ် ရှိနေတာပေါ့... "
" ကျွန်တော်တို့ ဘာလုပ်ရမလဲ..."
မာရှင်းဝူ နှင့် အကြီးအကဲများ ဒေါသထွက်သွားကြသည် ။ အဆင့် ၇ စိတ်ထိန်းချုပ်သူ တစ်ယောက် တိုက်ခိုက်လိုက်သည်က မည်မျှကြောက်စရာကောင်းမှန်း သူတို့ သိပေသည် ။ အထက်တန်းကျောင်းသား Black Earth မပြောနှင့် သူတို့ပင် အသက်ရှင်နိုင်ရန် ရုံးကန်ရမည်ပင် ။
" Black Earth က အဆင်ပြေပါတယ်... "
ခေါင်းဆောင်ဝူက အထင်ကြီးဟန်ဖြင့်...
" မစ္စတန့်ယွမ် ပို့လိုက်တဲ့ ဗီဒီယိုကို Black Earth က ဖွင့်မကြည့်ဘဲ ရှေးဦးစကြာဝဠာ ကို တိုင်စာပို့လိုက်တယ်တဲ့... ခု မစ္စတန့်ယွမ်ရဲ့ ရှေးဦးစကြာဝဠာ အကောင့်က ၃၆၅ ရက် ဘန်းခံထားရတယ်... "
" ဟမ်..."
" သူတိုင် တယ်တဲ့လား..."
" သူ ဘယ်လိုလုပ်နိုင်တာလဲ..."
လူတိုင်း အံ့သြ သွားကြ၏ ။ Black Earth က ဖြောင့်မတ်သည့်သူ ဖြစ်မည်ဟု သူတို့ ထင်မထားမိ ။
မာရှင်းဝူတို့ Black Earth အား ချီးကျူးကြတော့သည် ။
" Black Earth က ဖြောင့်မတ်တဲ့ လူငယ်လေးပဲ... ငါ ငယ်ငယ်တုန်းက အတိုင်းပဲ..."
" ဆွဲဆောင်မှုကို ဆန့်ကျင်ပြီး တိုင်ဖို့ ဆုံးဖြတ်လိုက်တယ်လား.. သူက စံပြပဲ... "
" ခုချိန် မစ္စတန့်ယွမ် ဘယ်လိုဖြစ်နေမလဲ မသိဘူး... "
" ချယ်ရီပန်း နိုင်ငံက ကောင်တွေ အောင့်သက်သက် ဖြစ်ကုန်ကြမယ်ထင်တယ်... "
ခေါင်းဆောင် ဝူ၏ အမူအရာက အေးစက်သွားပြီး...
" Black Earth က ဒီတစ်ခါ ရှောင်တိမ်းနိုင်လိုက်ပင်မယ့်... ငါတို့ နိုင်ငံရဲ့ ပါရမီရှင်ကို လာသတ်တာကို ငါတို့ သည်းခံနေလို့မရဘူး... "
Black Earth ဤတစ်ကြိမ်တွင် ရှောင်တိမ်းနိုင်ခဲ့သော်လည်း မရှောင်တိမ်းနိုင်ခဲ့ပါက အသက်ရှိတော့မည်မဟုတ် ။
" ဒီကိစ္စကို ငါတာဝန်ယူလိုက်မယ်... "
မိန်းမငယ်လေးတစ်ယောက် အစည်းအဝေး အခန်းအတွင်း ရုတ်တရပ် ပေါ်လာသည် ။
" အကြီးအကဲ ဇီကျင်း... "
အခန်းအတွင်းရှိ လူများအားလုံး မတ်တပ်ရပ်၍ နုတ်ဆက်လိုက်ကြသည် ။ အကြီးအကဲ ဇီကျင်းက ရုံးချုပ်တွင် နေထိုင်၍ ကာကွယ်နေသော်လည်း ရုံးချုပ်မှ လူမဟုတ်ပေ ။ မဟာသခင် ခန်းမ မှ လာခြင်းဖြစ်သည် ။
သူမ ၏ ခွန်အားမှာ ခန့်မှန်းမရနိုင်လောက်သည်အထိ သန်မာပေသည် ။ သူမ၏ ရှေ့တွင် ရုံးချုပ်၏ ခေါင်းဆောင်ဖြစ်သော ဝူမြန် ပင် ခေါင်းငုံ့ထားရသည် ။ ထို့အပြင် ဇီကျင်း၏ ဆရာမှာ မဟာသခင်ခန်းမကို ထူထောင်ခဲ့သူဖြစ်သည် ။
" အရင် ပါရမီစာရင်းကို လုပ်တုန်းက Black Earth ကိုလည်း ထည့်လိုက်တယ်... "
ဇီကျင်းက အေးအေးဆေးဆေး ပြောလိုက်သည် ။
" အရင်က Black Earth ရဲ့ခွန်အားက သာမန် မလို့ ငါစိတ်မဝင်စားခဲ့ဘူး... ခု ငါ့ဆရာက Black Earth ကို စိတ်ဝင်စားနေပြီ... "
" ခန်းမသခင်ကလား..."
ခေါင်းဆောင်ဝူ အံ့အားသင့်သွား၏ ။
" ဘာလို့ အံ့သြနေကြတာလဲ... ရှားနိုင်ငံက ဒီလို ပါရမီရှင်မျိုး ပေါ်လာမှတော့ ငါ့ဆရာက စိတ်ဝင်စားတာပေါ့... "
ဇီကျင်းက တည်ငြိမ်စွာဖြင့်...
" ဒါပင်မဲ့ နင်တို့ ဌာနက Black Earth ကို ခုချိန်ထိ ရှာမတွေ့သေးဘူး... "
" ကျွန်တော်တို့ တွေ့ခံနီးနေပါပြီ ..."
ခေါင်းဆောင်ဝူက အလျင်အမြန် ရှင်းပြလိုက်သည် ။
" ကျန်းနန်စီရင်စု ထဲက အကြိုးစားဆုံး ပါရမီ ရှင်တွေကို ရွေးထုတ်ပြီးတော့ Black Earth ကို ရှာနေပါတယ်... သိပ်မကြာခင် တွေ့တော့မှာပါ... "
ဤနည်းဖြင့် Black Earth ကို ရှာဖွေလျှင် တစ်သက်လုံးရှာတွေ့မည် မဟုတ်မှန်း သူတို့မသိလိုက်ကြ ။ Black Earth က တက်ကြွနတ်ဘုရား မဟုတ်ဘဲ ပျင်းရိနေသော ငါးဆားနယ် တစ်ကောင်သာ ဖြစ်လေသည် ။
" မြန်မြန်ရှာထား... ငါ ချယ်ရီပန်းနိုင်ငံကို သွားပြီး မဒမ် ဖူဂျီဝါရာ ဆီက ဘယ်လို ဆင်ခြေပေးမလဲ သွားကြည့်လိုက်အုံးမယ်... "
အကြီးအကဲ ဇီကျင်းက ပြောပြီးသည်နှင့် လေထဲ ပျံတက်သွားတော့သည် ။
" ဘုန်း...."
သူမ ပျံသန်းသွားသည့် အရှိန်က အသံထက်ပင် မြန်နေပြီး ကျယ်လောင်သော အသံကို ခေါင်းဆောင်ဝူတို့တစ်သိုက်အရှေ့တွင် ချန်ထားခဲ့သည် ။
" အကြီးအကဲ ဇီကျင်း က ပိုပိုပြီး သန်မာလာတာပဲ..."
ခေါင်းဆောင်ဝူ၏ မျက်လုံးများက ရိုသေလေးစားမှုများဖြင့် တောက်ပနေသည် ။
" နျူကလီးယား ဒုန်းကျည်တွေနဲ့ ဝိုင်းပစ်ရင် ငါတောင် အန္တရာယ် နည်းနည်း ရှိနိုင်သေးတယ်... အကြီးအကဲ ဇီကျင်းကတော့ ဟိုက်ဒရိုဂျင်ဗုံးကို မြိုချရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်တော့ဘူး... "
သူမ ၏ ခွန်အားက လူသားအကန့်အသတ်ကို များစွာကျော်လွန်နေပြီး မြေအင်မော်တယ် ဟုပင် ခေါ်ဆိုနိုင်ပေသည် ။
ခေါင်းဆောင်ဝူ၏ အမြင်အရ ရှေးခေတ်က အင်မော်တယ် ဆိုသူများပင် အကြီးအကဲ ဇီကျင်းလောက် သန်မာမည်ဟု မထင် ။