နှုတ်ပိတ်ခြင်း
Vol. 26 Ch. 251
ထိုအချိန်တွင် ကျန်းတိန်ယွဲ့တို့ဘက်မှ အသက်ရှင်ကျန်ရစ်သောသူဟူ၍ ဟွန်းမင်တယောက်သာ ကျန်တော့သည်။
သူသည်လည်း တွားလျက်ပင် မသွားနိုင်တော့ပဲ မြေကြီးပေါ်တွင် အတိုင်းသား လဲကျလျက်ရှိသည်။ အသက်ကိုလည်း အတော်ပင် ခဲခဲယဉ်းယဉ်း ရှုနေရရှာ၏။
ဦးလေးဆယ့််တစ် သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ ဟွမ်းမင်က ခေါင်းခါရင်း အသနားခံလိုက်၏။
"ကျုပ်ကို မသတ်ပါနဲ့ဗျာ"
"မင်းကြောင့်ငါ အတော်လေး ဒဏ်ရာရသွားတယ် ဒါတောင် မင်းက အသက်ရှင်ချင်သေးတယ်ပေါ့ ဟုတ်လား"
ဦးလေးဆယ့်တစ်က အေးစက်သော လေသံနှင့် ပြောလိုက်သည်။ ထို့နောက် သူက လက်တဖက်ကိုမြောက်ရင်း ဟွမ်းမင်ကို ရိုက်ချရန် ဟန်ပြင်လိုက်၏။
ထိုအခိုက်မှာပင် စုချန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဒီလူကို လွှတ်ပေးလိုက်လို့ ရသားပဲဗျ"
"ဘာကွ"
ဦလေးဆယ့်တစ်က စုချန်းကို ဖြတ်ခနဲ လှည့်ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းနေလေသည်။
"ကောင်လေး ခုလိုအချိန်မှာ မင်း ပါးစပ်ဟရဲသေးတယ် ဟုတ်လား"
ဤကောင်လေးကြောင့်သာ မဟုတ်လျင် သူ့ဘက်မှ ဤလောက်ထိ အဆုံးအရှုံးများမည်မဟုတ်ပေ။ ယခုတော့ ဇုယွဲ့ညှန် သေဆုံးခဲ့ရသလို သူကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့၏။
ဟွမ်းမင်၏ ဓားချက်ကြောင့် သူ့ကျောပေါ်တွင် ကြောက်စရာ အပေါက်ကြီးတပေါက် ဖြစ်ပေါ်နေသလို ကျုံးချီစိ၏ ချီဓားလှိုင်းကလည်း သူ့ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသေးသည်။ သူ့အနေနှင့် အနှီချီအားလှိုင်းကို ဖယ်ထုတ်ရန် အချိန်မရခဲ့လေရာ ယခုဆိုလျင် ၎င်းအားလှိုင်းသည် ထိန်းသိမ်းရန် ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပြီဖြစ်ပြီး သူ့ကိုယ်ခန္ဓာအတွင်း ဗြောင်းဆန်အောင် မွှေနှောက်လျက်ရှိလေပြီ။
ထိုမျှသာမကသေး ကျန်းတောက်၏ လက်ဝါးရိုက်ချက်ကြောင့် ရရှိခဲ့သည့် ဒဏ်ရာနှင့် ကျန်းတိန်ယွဲ့၏ အဆိပ်ကလည်း သူ့ကို ဆိုးဆိုးဝါးဝါး ဒုက္ခပေးလျက်ရှိသည်။ ၎င်းတို့အားလုံး၏ တိုက်ခိုက်မှုများသည် တခုချင်းစီဆိုလျင် ဦးလေးဆယ့်တစ်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိသော်လည်း အားလုံးပေါင်းစပ်လိုက်သည့်အခါတွင်ကား သိသိသာသာ အန္တရာယ်ပေးနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အပြင်ပန်းအားဖြင့် သိပ်မဆိုးဟု ထင်ရသော်လည်း ဦးလေးဆယ့်တစ်၏ ဒဏ်ရာမှာ ပြင်းထန်လှ၏။ ထို့ပြင် သူသည် မြေခွေးနီနှင့် ရေလှိုင်းနီကို ထပ်ခါထပ်ခါ ဖော်ထုတ်ခဲ့ရသောကြောင့် စွမ်းအင်များ ကုန်ခန်းကာ အလွန်ပင် မောပန်းနေခဲ့ပြီဖြစ်သည်။
သို့သော် ထိုအခြေအနေမျိုးမှာပင် စုချန်းကို သတ်ဖြတ်ရန်မှာ ဦးလေးဆယ့်တစ်အတွက် ငှက်ပျောသီး အခွံနွှာရသည်ထက်ပင် လွယ်ကူနေသေး၏။ သူ့ကို ဤစကားမျိုး ပြောရဲခြင်းမှာ စုချန်း ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ မဟုတ်ပါလား။
ထိုအခါ ဦးလေးဆယ့်တစ်က စုချန်းကို စိုက်ကြည့်ရင်း ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ခုလိုဖြစ်ရတာ မင်းကြောင့်ပဲကွ ဒါတောင်မင်းက နောက်ထပ် တောင်းဆိုရဲသေးတယ် ဟုတ်လား ဒါမှမဟုတ် ငါ ဒဏ်ရာရထားလို့ မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား"
သို့သော် စုချန်းက ခေါင်းခါယမ်းလိုက်သည်။
"ခင်ဗျား ဒဏ်ရာရထားပေမဲ့ ဒါကို အခွင့်ကောင်းလို့ ကျုပ်မယူဆပါဘူးဗျာ ကုန်ကုန်ပြောရရင် ကျုပ်ဟာ မိန်းကလေးဇုရဲ့ ပြိုင်ဘက်လို့တောင် ကိုယ့်ဟာကိုယ် မထင်ဘူး ဒါပေမဲ့ ဒါနဲ့ပဲ ကျုပ်မှာ စကားပြောခွင့် မရှိဘူးလို့တော့ မဆိုလိုဘူးလေ"
စုချန်း၏ စကားကြောင့် ဇုချန်းညှိုက ဒေါသတကြီးနှင့် လှမ်းကြည့်လိုက်၏။
တခြားမည်သူမှ မသိလိုက်သော်လည်း စုချန်းကသာ သူမကို မတွန်းလိုက်လျင် သူမအနေနှင့် ဤသို့ အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားစရာမလိုမှန်းကိုတော့ ဇုချန်းညှို ရှင်းရှင်းလင်းလင်း သိထား၏။ ဤသို့ဆိုလျင် နောက်ဆက်တွဲဖြစ်ရပ်များလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိ။ သူ့ကြောင့်သာလျင် တိုက်ပွဲ၏ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဇုချန်းညှိုနှင့် ဦးလေးဆယ့်တစ်မှအပ ကျန် ဇုမျိုးနွယ်ဝင်များ အားလုံးလိုလို သေဆုံးခဲ့ရ၏။
နောက်ဆုံး သတ္တုချကြည့်လျင် ဇုမျိုးနွယ်နှင့် ကျန်မျိုးနွယ်စုခြောက်စုအကြား သွေးစွန်းသော တိုက်ပွဲကြီး စတင်ခဲ့ရသည်မှာလည်း စုချန်းကြောင့်ပင် ဖြစ်နေ၏။
အရာအားလုံး၏ တရားခံသည် စုချန်းသာလျင် ဖြစ်နေချေသည်တကား။
ဦးလေးဆယ့်တစ်က အေးစက်သောအသံနှင့် ရယ်မောလိုက်ပြီး စုချန်းကို ပြောလိုက်၏။
"ကောင်လေး ငါ့တို့ မင်းကို မသတ်ဘူးလို့ မင်းကိုယ်မင်း သိပ်ပြီး ယုံကြည်မှုရှိနေဟန်ပေါ်တယ် ကိုယ့်ကိုယ်ကို သိပ်ပြီး အထင်မကြီးနဲ့ကွ မင်းဟာ ငါတို့ကို ဖျက်ဆီးဖို့ ဒီလိုအကြံအစည်ကို ကြံစည်ခဲ့တယ် အဲဒီကတည်းက မင်းနဲ့ ငါတို့ကြားက ပူးပေါင်းဆောင်ရွက်မှုဟာ ပျက်စီးသွားခဲ့ပုံပေါ်တယ် အဲဒီလိုသာဆိုရင် မင်းတော့ သေပြီကောင်လေး ငါက မင်းရဲ့ ခြေလက်တွေကို ဖြတ်ပစ်မယ် နှာခေါင်းတွေ မျက်နှာတွေကို ဖျက်ဆီးပစ်မယ် မင်းက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိသေးတယ်ဆိုရင်တောင် မင်းရဲ့ အလောင်းကို မဖျက်ဆီးပဲ ထားခဲ့တာဟာ အသက်ညှာဆုံး အခြေအနေပဲကွ ဒီကမ္ဘာလောကကြီးမှာ ငါလုပ်ချင်ရာလုပ်ခွင့်ရှိတယ် ဒီပစ္စည်းကို ငါတို့မရဘူးဆိုရင် တခြားလူတွေလည်း မရစေရဘူး ဒါနိယာမပဲ ဒီတော့ မင်းကို ငါတို့ အမြဲတမ်း စိတ်ရှည်နေမယ်လို့ ထင်နေသေးတာလား"
ပြောပြောဆိုဆို ဦးလေးဆယ့်တစ်က အန္တရာယ်ပြုမည့်ဟန်ဖြင့် စုချန်းဆီသို့ ဦးတည်လမ်းလျှောက်လာလေသည်။
ဦးလေးဆယ့်တစ်ကား နောက်ဆုံးတွင် ဆုံးဖြတ်ချက်တခုကို ယတိပြတ် ချမှတ်လိုက်လေပြီ။ သူ့အနေနှင့် စုချန်း၏ ခြိမ်းခြောက်မှုကို နောက်ထပ် သည်းမခံနိုင်တော့။
သို့သော် စုချန်းကား ယခုတိုင် အပြုံးမပျက်သေးချေ။
"ဒီလိုအခြေအနေရောက်သွားတာတောင် ခင်ဗျားတို့ကို ကိုင်းဟွမ်နည်းစနစ်တခုတည်းနဲ့ ထိန်းချုပ်နိုင်မယ်လို့ ထင်နေသေးရင် ကျုပ်လောက် ရူးမိုက်တဲ့လူ ရှိပါအုံးမလားဗျ"
ဟင်....ဘာလဲဟ....
စုချန်း၏ စကားကြောင့် ဦးလေးဆယ့်တစ်၏ တကိုယ်လုံး အေးစက်သွား၏။
စုချန်းက သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။
"တခုခုမလုပ်ခင် ခင်ဗျားအနေနဲ့ ပတ်ဝန်းကျင်ကို နည်းနည်းပါးပါးတော့ စစ်ဆေးသင့်တယ်မလား ဒါမှမဟုတ် ဒဏ်ရာပြင်းထန်လွန်းလို့ ခင်ဗျားရဲ့စွမ်းရည်တွေ လျော့နည်းကုန်တာလားဗျ"
"ဘယ်သူလဲဟေ့ ထွက်လာစမ်း"
စုချန်း၏ စကားကို ကြားလိုက်သည်နှင့် ဦးလေးဆယ့်တစ်က အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို လျင်မြန်စွာ လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူက နောက်ကျောဘက်သို့ သွေးရောင်အလင်းတန်းတခုကို ပစ်လွှတ်လိုက်လေသည်။
တောအုပ်အတွင်းမှ မည်းမည်းသဏ္ဍာန်တခုသည် လျင်မြန်စွာ ပျံ့လွင့််လာပြီး ဦးလေးဆယ့်တစ်၏ သွေးရောင်အလင်းတန်းနှင့် လမ်းခုလတ်မှာပင် ဆုံတွေ့မိကြသည်။ ထို့နောက် ထိုမည်းမည်းသဏ္ဍာန်သည် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ လက်စသတ်တော့ ထိုအရာမှာ အနံ့ခံကြွက်တကောင်ပေတကား။ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်နှင့် အနံ့ခံကြွက်သည် ချက်ချင်းပင် သေဆုံးသွားလေသည်။
ထို့နောက် မြင်းကဲ့သို့ ရှည်လျားသော မျက်နှာနှင့်လူတယောက် တောအုပ်အတွင်းမှ တရွေ့ရွေ့ ထွက်ပေါ်လာ၏။ ထိုလူမှာ တခြားလူမဟုတ်။ မာရန်းချီပေတည်း။
မာရန်းချီက စုချန်းကို လှမ်းကြည့်လိုက်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးဟန်ပေါ်နေသည်။
"စုချန်း မင်းဘာလုပ်ဖို့ ကြိုးစားနေတာတုန်း မင်းသာ မပြောလိုက်ရင် ကျုပ်က သူ့ကို အလစ်ဝင်တိုက်လို့ရတယ်ကွ မင်းကိုငါ ကယ်စေချင်ရင် ဒီလိုမလုပ်နဲ့လေကွာ"
စုချန်းက ရယ်မောလိုက်သည်။
"ဘယ်သိမလဲဗျ ခင်ဗျားက တနေ့လုံး မလှုပ်မရှားပဲ ပုန်းနေတာဆိုတော့ ကျုပ်စိတ်ထဲမှာ ခင်ဗျား ကျုပ်ကို မကယ်လောက်တော့ဘူးပဲ ထင်တာပေါ့ ဒါကြောင့် ခင်ဗျား ထွက်လာအောင် ကျုပ်လုပ်လိုက်တာပဲ ခင်ဗျား သူ့ကို အလစ်ဝင်တိုက်ဖို့ ချောင်းနေမှန်း ကျုပ် ဘယ်သိပါ့မလဲ ခင်ဗျား ဘာမှမလုပ်နိုင်သေးခင် ကျုပ်သေသွားမှာကို ခင်ဗျား စိတ်မပူဘူးလား"
"သူက မင်းကို ချက်ချင်းမသတ်ပဲ နည်းနည်းပါးပါး နှိပ်စက်အုံးမယ်လို့ ပြောနေတယ်လေကွာ ဒါကို မင်းက ဘာတွေ စိတ်ပူနေတာလဲ"
စုချန်းက သက်ပြင်းချလိုက်သည်။
"ခင်ဗျား ကျုပ်ကို အတော်လေးး မုန်းတီးနေတာပဲကိုး"
"ဟက် ဟက် သူ မင်းကို အဲဒီလိုမလုပ်လည်း ကျုပ်က လုပ်မှာပဲကွ ကျုပ်ကို ဆန့်ကျင်တဲ့ကောင်ကို အလွယ်တကူ လွှတ်ပေးမယ်လို့ မင်းက ထင်နေတာလား"
မာရန်းချီ၏ အသံကား အေးစက်မာကျောလှသည်။ ပြောသည့်စကားအတိုင်း အမှန်တကယ် လုပ်ဆောင်မည့်ဟန် ပေါ်နေ၏။
မာရန်းချီ၏ စကားကြောင့် ဦးလေးဆယ့်၏ မျက်လုံးထဲတွင် အလင်းရောင်တချက် ဝင်းလက်သွားသည်။ ထို့နောက် သူက မာရန်းချီကို ပြောလိုက်၏။
"ဒီအတိုင်းဆိုရင် ခင်ဗျားနဲ့ကျုပ်နဲ့ ရန်သူတွေ မဟုတ်ဘူးပေါ့ ဒါဆို ကျုပ်တို့ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တယ် ဒီကောင်လေးဟာ ကျုပ်တို့ရဲ့ အကြံအစည်တွေကို ပျက်စီးစေခဲ့တယ် ဒီလိုဖြစ်မှတော့ ကိုင်းဟွမ်ကောင်းကင်ဘုံကို ကျုပ်တို့ မလိုချင်တော့ဘူး ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် သူ့ကို သတ်ပစ်လိုက်ကြတာပေါ့ မကောင်းဘူးလား"
ဤတကြိမ်တွင် ဦးလေးဆယ့်တစ်က ပထမဆုံးအနေနှင့် စကားကို အချိုသာဆုံး ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် မာရန်းချီက ရယ်မောလိုက်၏။
"ကျုပ်က သူ့ကို သတ်ချင်ပေမဲ့ သတ်လို့မရသေးဘူးဗျ ကျုပ်အတွက် သူ့ကို အလုပ်တချို့ လုပ်ခိုင်းစရာ ရှိနေသေးတယ်"
"ဒါဆိုရင်လည်း သူ့ကို ခင်ဗျား ပိုင်သွားပြီ"
ဦးလေးဆယ့်တစ်က မြန်မြန်ဆန်ဆန်ပင် ဆုံးဖြတ်လိုက်သည်။ လက်ရှိ သူ့အခြေအနေအရ မာရန်းချီနှင့် တိုက်ခိုက်ရန် မလွယ်ကူလှပေရာ စုချန်းကို လွှတ်ပေးလိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
စုချန်း သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။
"အဲဒီလိုဆိုရင်တောင် သူက ခင်ဗျားကို လွှတ်ပေးမှာမဟုတ်ဘူးဗျ ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ခင်ဗျားသိသွားတာကိုက ခင်ဗျားရဲ့ အပြစ်ပဲ"
"ဘာကွ"
ဦးလေးဆယ့်တစ် အံ့သြသွား၏။
မာရန်းချီ၏ အမူအရာမှာကား ရုတ်ချည်းပင် ရက်စက်ကြမ်းတမ်းလာလေသည်။ ထို့နောက် သူက စုချန်းကို ဒေါသတကြီးနှင့် ငေါက်ငမ်းလိုက်၏။
"ခွေးမသား မင်းပါးစပ်ကို ပိတ်ထားစမ်း"
သို့သော် စုချန်းကား စကားကို အမျှင်မပြတ် ဆက်ပြောနေ၏။
"ဒီလူဟာ ရှင်သန်ခြင်းကျောင်းတော် အဖွဲ့ဝင်တယောက်ပဲဗျ"
ထိုစကားကို ကြားလိုက်သောအခါ လူတိုင်းလိုလိုသည် အံ့သြတုန်လှုပ်သွား၏။ လူသားတိုင်းလိုလိုသည် ရှင်သန်ခြင်းကျောင်းတော်၏ မကောင်းသတင်းကို ကောင်းစွာ ကြားဖူးကြသည် မဟုတ်ပါလား။
စုချန်း၏ စကားအရ သူသည် ရှင်သန်ခြင်းကျောင်းတော်နှင့် ဆက်နွယ်မှုရှိကြောင်း ဝန်ခံလိုက်သလို ဖြစ်သွား၏။ ဤလျှို့ဝှက်ချက်သာ ဇုမျိုးနွယ်လက်ထဲသို့ ရောက်သွားပါက ၎င်းတို့အနေနှင့် နောင်အနာဂတ်တွင် စုချန်းကို ထိန်းချုပ်ရန် အလွန် လွယ်ကူသွားပေလိမ့်မည်။
အမှန်တော့ မာရန်းချီအနေနှင့် ထိုကိစ္စကို အရေးမစိုက်လှ။ သူ အရေးစိုက်သည်မှာ တခုတည်းသာ။ ၎င်းမှာ စုချန်းသည် ယခုအချိန်ထိ ရှင်သန်ခြင်းကျောင်းတော်အပေါ်တွင် ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးများ အကြွေးတင်နေသည့် ကိစ္စသာ ဖြစ်သည်။
မာရန်းချီသည် ဒေါသထွက်လွန်း၍ တကိုယ်လုံး တုန်ယင်လာ၏။
"ဟေ့ကောင် မင်း ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ ခွေးမသား"
ထိုအခါ စုချန်းက ပြန်ပြောလိုက်သည်။
"ရှင်းပါတယ် ဦးလေးဆယ့်တစ်ကို သတ်ပစ်တဲ့နေရာမှာ ခင်ဗျားက ကျုပ်ကို ကူညီဖို့ ပြောနေတာပေါ့ဗျ ခင်ဗျားကို ဒီနေရာ ဘာကြောင့် ခေါ်လာတယ်များ ထင်နေသတုန်း ဇုမျိုးနွယ်ဟာ ကျုပ်ကို ကူညီပြီး မျိုးနွယ်စုခြောက်စုကို ရှင်းပစ်ခဲ့တယ် ခု ဇုမျိုးနွယ်တွေကို ရှင်းပစ်ဖို့ ခင်ဗျားကကျုပ်ကို ကူညီရလိမ့်မယ်"
နှုတ်ပိတ်ခြင်း။
ဤတကြိမ်တွင်လည်း နှုတ်ပိတ်သတ်ဖြတ်ခြင်းပေတကား။
ဇုမျိုးနွယ်သည် ကျန်းတိန်ယွဲ့တို့လူစုကို နှုတ်ပိတ်သည်ာအနေနှင့် သတ်ပစ်ခဲ့၏။
ယခုတော့ မာရန်းချီသည် နှုတ်ပိတ်သည့်အနေနှင့် ဇုမျိုးနွယ်များကို ပြန်လည်သတ်ဖြတ်ပေတော့မည်။
ဦးလေးဆယ့်တစ်သည် စတင်လှုပ်ရှားရန် အနည်းငယ် တွန့်ဆုတ်နေ၏။ မာရန်းချီသည်လည်း ထို့အတူပင်။
မာရန်းချီအနေနှင့် လှည့်စားခံလိုက်ရမှန်း သိသွားသည့်တိုင်အောင် ဦးလေးဆယ့်တစ် စတင်လှုပ်ရှားသည်နှင့် ပြန်လည် တိုက်ခိုက်လာတော့မည်ဖြစ်သည်။
ဦးလေးဆယ့်တစ်အဖို့ ဒဏ်ရာက ပြင်းထန်လှသည် ဖြစ်လေရာ အနည်းငယ်မှ တိုက်ခိုက်လိုစိတ် မရှိတော့။ သို့သော် မာရန်းချီကတော့ မတူ။ တိုက်ပွဲမဝင်ရသေး၍ အထူးပင် လန်းဆန်းတက်ကြွလျက်ရှိသည်။ သူ့အနေနှင့် အလျော့ပေးလိမ့်မည်မဟုတ်။ ထို့ပြင် ရှင်သန်ခြင်းကျောင်းတော် အဖွဲ့ဝင်တယောက်အနေနှင့် တာဝန်ပျက်ကွက်ပါက ပေးဆပ်ရမည့်တန်ဖိုးက ဦးလေးဆယ့်တစ်ထက် အဆပေါင်းများစွာ ပိုနေ၏။ ဤအခြေအနေတွင် မာရန်းချီအတွက် နောက်ထပ် ရွေးချယ်စရာလမ်းမရှိတော့။
ထိုအချိန်တွင် စုချန်းက ဘေးမှနေ၍ မာရန်းချီကို သွေးထိုးလိုက်ပြန်သည်။
"ဒီလူတွေက ကျုပ်နဲ့ လာညှိုနှိုင်းတာ ဒါပေမဲ့ ကျုပ် ဘာလိုချင်မှန်းမသိတော့ သူတို့မှာ ကျုပ်နဲ့ အပေးအယူလုပ်ဖို့ တန်ဖိုးကြီးဆေးဝါးတွေ၊ ရှေးဟောင်းနည်းစနစ်တွေ၊ မူလကိရိယာတွေ၊ မူလကျောက်တုံးတွေ အများကြီး ပါလာတယ်"
လောဘတရားသည် မာရန်းချီအား သူ့အတွက် စုချန်း စီစဉ်ထားသည့် လမ်းကြောင်းပေါ်သို့ တွန်းတင်ပေးလိုက်သည့် နောက်ဆုံးဖိအား ဖြစ်လာ၏။
သူက ဦလေးဆယ့်တစ်အား အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်သည်။သူ့စွမ်းအင်လှိုင်းများမှာကား လူးလွန့်လှုပ်ရှားစ ပြုလာလေသည်။
ထိုအခါ ဦးလေးဆယ့်တစ်က ကပျာကသီ အော်ဟစ်လိုက်သည်။
"ဟေ့ ဟေ့ ကျုပ်က ခင်ဗျားကို ပိုက်ဆံပေးနိုင်တယ် ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေ မပေါက်ကြားစေရဘူးလို့လည်း ကျိန်ပြပါမယ်ကွာ"
"လူသေတွေကသာ လျှို့ဝှက်ချက်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်တာကွ"
ထိုစကားမျိုးကို ဦးလေးဆယ့်တစ် ကောင်းကောင်းကြားဖူးလေသည်။