← Chapters

အရဲစွန့်လိုက်ပြီ

Vol. 26 Ch. 252

အရဲစွန့်လိုက်ပြီ

Vol. 26 Ch. 252

မာရန်းချီကား စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ မာရန်းချီ သူ့ထံသို့ ခုန်ဝင်လာသည်နှင့် ဦးလေးဆယ့်တစ်က နောက်ကို လျင်မြန်စွာ ဆုတ်ပေးလိုက်၏။

သူဆုတ်လိုက်သည်မှာ စုချန်းဆီသို့ ဖြစ်သည်။ ထို့နောက် သူက စုချန်း၏ လက်ကို ဖမ်းဆွဲလိုက်၏။

ဦးလေးဆယ့်တစ်ကား အမှန်တကယ်ပင် ညဏ်ကောင်းလှချေ၏။ အချိန်တိုအတွင်းမှာပင် စုချန်းသည် အရာအားလုံးတွင် အခရာအကျဆုံးမှန်း ကောင်းစွာ သုံးသပ်ခဲ့ပြီး ဖြစ်သည်။ စုချန်းကိုသာ ပီပီပြင်ပြင် ထိန်းချုပ်နိုင်ပါက သူ့အနေနှင့် မာရန်းချီကို ဖိအားပေးရန် အလွန်လွယ်ကူသွားပေလိမ့်မည်။

ထို့ကြောင့် သူက တိုက်ပွဲအစမှာပင် စုချန်းကို ထိန်းချုပ်ထားနိုင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ သို့သော် ဦးလေးဆယ့်တစ် စတင်လှုပ်ရှားလိုက်သည်နှင့် စုချန်းက သူ့အိပ်ကပ်ထဲမှ ပစ္စည်းတခုကို ဆွဲထုတ်လိုက်သည်။ ထိုပစ္စည်းမှာ စာလိပ်တလိပ် ဖြစ်သည်။ သူက စာလိပ်၏ စည်းတံဆိပ်ကို ဆွဲဖွင့်လိုက်ရာ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး သူ့တကိုယ်လုံးကို လွှမ်းခြုံထားလေ၏။

ဦလေးဆယ့်တစ်၏ လက်သည်းသည် ထိုအကာအကွယ်ကို ထိုးဖောက်နိုင်စွမ်းမရှိပဲ ဖြစ်နေလေသည်။

"အသက်ပေါင်းတသောင်း အကာအကွယ်ပါလား ဘယ်လောက်တောင် လက်ဖွာလိုက်တဲ့ကောင်လဲလို့"

ဦးလေးဆယ့်တစ်က အေးစက်သော လေသံနှင့် ရေရွတ်လိုက်၏။

စုချန်းသည် ဤအခြေအနေမျိုးကို ကြိုတင်မျှော်တွေးကာ အသက်ကာကွယ်ပေးနိုင်သည့် စာလိပ်ကို ကြိုတင်ယူဆောင်လာခြင်း ဖြစ်သည်။ ဇုမျိုးနွယ်ဝင်များအနေနှင့် သူ့ကိုယ်ခန္ဓာကို စစ်ဆေးခြင်းမရှိစေရန် စုချန်းသည် ၎င်းတို့နှင့် ပူးပေါင်းချင်ဟန်ဆောင်ခဲ့၏။ တန်ပြန်ခြိမ်းခြောက်မည့်အစား လှည့်စားမည့်နည်းလမ်းကိုသာ အဓိက အားထားခဲ့၏။ သူ့အနေနှင့် မိမိ၏ တိုက်ခိုက်ရေးအင်အားကို ထိမ်းသိမ်းထားရန် လိုအပ်နေခဲ့သည် မဟုတ်ပါလား။

ဦးလေးဆယ့််တစ်၏ တိုက်ခိုက်မှု ထိရောက်မှုမရှိသည်နှင့် မာရန်းချီသည် ဦးလေးဆယ့်တစ်ဆီသို့ ခုန်ဝင်ကာ လက်သီးနှင့် လှမ်းထိုးလိုက်သည်။ သူ့လက်သီးချက်သည် မည်သည့် အသံဗလံမှ ထွက်ပေါ်လာခြင်းမရှိသလို အန္တရာယ်ပေးမည့် ဟန်ပန်လည်း မရှိသော်လည်း ကြောက်မက်ဖွယ်အင်အားတမျိုး ပါဝင်လာသည်မှာကား သံသယဖြစ်စရာမလို။ မာရန်းချီ၏ လက်သီးသည် ဦးလေးဆယ့်တစ်၏ မျက်နှာဆီသို့ လျင်မြန်စွာ တိုးဝင်လာ၏။

ထိုအခိုက်မှာပင် ရေလှိုင်းနီက ထပ်မံပေါ်ထွက်လာပြီး လက်သီးချက်ကို ဖယ်ထုတ်လိုက်လေသည်။

ထိုကဲ့သို့ သူတို့နှစ်ယောက် အပြန်အလှန် တိုက်ခိုက်နေချန်မှာပင် စုချန်းက ဇုချန်းညှိုကို လှမ်းကြည့်ပြီး ရယ်မောလိုက်သည်။ သူ့ရယ်မောသံမှာကား အေးစက်မာကျောလှ၏။ ထိုရယ်မောသံ၏ နောက်ကွယ်တွင် အလွန်လျှို့ဝှက်သော အဓိပ္ပါယ်တမျိုး ပါဝင်နေလေသည်။

ဇုချန်းညှို၏ နှလုံးသားသည် ဒိန်းခနဲ တုန်ခါသွား၏။

"ရှင်....ရှင်...."

"ကဲ ခုဆိုရင် ဘာကိုမှ စောင့်နေစရာမလိုတော့ဘူးပေါ့ဗျာ"

စကားဆုံးသည်နှင့် စုချန်းသည် ဇုချန်းညှိုဆီသို့ ခုန်ဝင်တိုက်ခိုက်လိုက်လေသည်။ ဇုချန်းညှိုသည် ရုတ်တရက်မို့ မှင်သက်သလို ဖြစ်သွားသော်လည်း အနီရောင်မြေခွေးလက်ဝါးနှင့် ချက်ချင်းလိုလို ပြန်လည်တုံ့ပြန်လိုက်၏။ သို့သော် စုချန်းက သူမ၏ လက်ဝါးရိုက်ချက်ကို အနည်းငယ်မျှ ဂရုမစိုက်ပဲ ရှေ့သို့သာ ဆက်လက်တိုက်ခိုက်လိုက်လေသည်။

အနီရောင်မြေခွေးလက်ဝါးသည် အသက်ပေါင်းတသောင်းအကာအကွယ်ကိုသာ ရိုက်ချမိပြီး ပျက်ပြယ်သွား၏။ အသက်ပေါင်းတသောင်း အကာအကွယ်သည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်လျင် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်တယောက်၏ တိုက်ခိုက်မှုကို အဘယ်မှာ ဂရုစိုက်စရာ လိုမည်နည်း။

အမှန်တော့ စုချန်းတယောက် ဇုချန်းညှိုကို ဤမျှ မြန်မြန်ဆန်ဆန် ဝင်တိုက်ရခြင်းမှာ သူ့အကာအကွယ် နိုးကြားနေတုန်း သူမကို အမြန်ဆုံး အနိုင်ရလို၍ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ လက်ဝါးသည် မိုးခြိမ်းသံပမာ ကျယ်လောင်စွာ အသံပြုရင်း ဇုချန်းညှိုဆီသို့ ဝင်ရောက်သွား၏။

ဇုချန်းညှိုသည် အံ့သြတကြီးနှင့် နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်သည်။ ထို့နောက် သူမက စုချန်းကို ညှိုငင်သော အကြည့်ဖြင့် ကြည့်ရင်း လက်ဝါးနှင့် ပြန်လည်တိုက်ခိုက်လိုက်၏။ သူမ၏ လက်ဝါးရိပ်များသည် ကောင်းကင်တခွင်လုံး ဖုံးအုပ်သွားသည်ဟု ထင်မှတ်ရ၏။ ဇုမျိုးနွယ်၏ မူပိုင်ညှို့ငင်မူလစွမ်းရည်ပေတည်း။

ကနဦးတိုက်ပွဲတွင် မျိုးနွယ်စုခြောက်စုမှ လူများသည် သူမထက် ကိုယ်ခန္ဓာစွမ်းအင် အထူးတလည် မြင့်မားကြသည် ဖြစ်လေရာ သူမ၏ အကျွမ်းကျင်ဆုံး မူပိုင်နည်းစနစ်မှာ လုံးဝအသုံးမဝင်ပဲ အဟောသိကံသာ ဖြစ်ခဲ့ရ၏။ ယခုတော့ ထိုနည်းစနစ်ကို စုချန်းအပေါ်တွင် အသုံးပြုရန် သူမ အခွင့်အရေး ရခဲ့လေပြီ။ အသက်ပေါင်းတသောင်း အကာအကွယ်သည် အလွန် အင်အားကြီးသော်လည်း ဝိညာဉ်တိုက်ခိုက်မှုများကိုတော့ ကာကွယ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဇုချန်းညှိုသည် ယခုအချိန်တွင် တိုက်စစ်ဆင်ရန် လုံးဝအာရုံမထားပဲ ခံစစ်ကိုသာ လုံအောင်ပြုထား၏။ သူမ၏ စိတ်အာရုံတခုလုံးကိုကား မျိုးနွယ်စုမူပိုင် ညှို့ငင်နည်းစနစ်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလေသည်။

ရွှီခနဲ မြည်သံနှင့်အတူ မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ ထွက်ပေါ်လာပြီး ထိုအလင်းရောင်သည် ရှေ့သို့ တရှိန်ထိုး ပျံသန်းသွား၏။

ထိုအချိန်တွင် စုချန်း၏ လှုပ်ရှားမှုများသည် ရုတ်ခြည်း ရပ်တန့်သွားသကဲ့သို့ ထင်ရသည်။ ၎င်းကိုကြည့်ရင်း သူမ၏ လုပ်ဆောင်မှု အောင်မြင်သွားပြီဟု ယူဆကာ ဇုချန်းညှို အတော်လေး စိတ်သက်သာရသွား၏။ သို့သော် စုချန်းက အလင်းတန်းတခုပမာ ဇုချန်းညှိုဆီသို့ ခုန်ဝင်လာပြီး သူမ၏ လည်မြိုကို ဆုပ်ကိုင်ကာ မြေကြီးပေါ်သို့ ဆောင့်ချလိုက်တော့သည်။

"မလုပ်နဲ့"

ဦးလေးဆယ့်တစ်သည် အူသည်းလှိုက်သည်းအသံနှင့် အော်ဟစ်လိုက်ပြီး မာရန်းချီ၏ တိုက်ခိုက်မှုကို အံကြိတ်ခံကာ စုချန်းဆီသို့ လှစ်ခနဲ ခုန်ဝင်လာ၏။

သို့သော် ကံမကောင်းအကြောင်းမလှစွာပင် ဤအချိန်ထိ အသက်ပေါင်းတသောင်းအကာအကွယ်က အသက်ဝင်နေသေးလေရာ ဦးလေးဆယ့်တစ်၏ တိုက်ခိုက်မှုကို စုချန်း ကောင်းစွာ ကာကွယ်နိုင်လိုက်လေသည်။ ဇုချန်းညှို၏ ချောမောလှပသော မျက်နှာသည် မြေကြီးနှင့် ပြင်းထန်စွာ ရိုက်မိသွားပြီး မြေကြီးပေါ်တွင် အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာ၏။

ဇုချန်းညှို နာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုအခါ စုချန်းက သူမအား ကျောပြင်မှ ဆွဲမပြီး လည်မြိုကို တင်းကျပ်စွာ ကိုင်ကာ အနီးအနားရှိ သစ်ပင်တပင်နှင့် ရိုက်ချလိုက်ပြန်သည်။ ရိုက်ချက်မှာ ပြင်းထန်လှပေရာ သူမ၏ ကိုယ်တွင်းအင်္ဂါတခုလုံး ဗြောင်းဆန်သွားသလို ဇုချန်းညှို ခံစားလိုက်ရသည်။ စုချန်း၏ တိုက်ခိုက်မှုမှာကား ဤမျှနှင့် ရပ်မသွားသေး။ ဇုချန်းညှို၏ ဝမ်းဗိုက်ကို ပြင်းထန်လှသော လက်သီးချက်များ အဆက်မပြတ် ပစ်သွင်းလိုက်ပြန်၏။

စက္ကန့်ပိုင်းအတွင်း စုချန်းသည် ဇုချန်းညှိုအား အားရပါးရ ထိုးကြိတ်လျက် ရှိလေပြီ။ အဆက်မပြတ် ကျရောက်လာသော စုချန်း၏ လက်သီးချက်များက ဇုချန်းညှို၏ ပြန်လည်တိုက်ခိုက်လိုသော ဆန္ဒအကြွင်းအကျန်ကို အပြီးတိုင် လှည်းကျင်းသုတ်သင်ပစ်လိုက်၏။ ထိုအခါ ဇုချန်းညှိုသည် စုချန်း၏ လက်သီးချက်များကို မည်သို့မှ ခုခံနိုင်စွမ်းမရှိတော့ပဲ အတိုင်းသား လည်စင်းခံရုံသာ တတ်နိုင်ရှာတော့သည်။ အတန်ကြာသော် သူမတကိုယ်လုံးသည် အရိုးမရှိတော့သကဲ့သု့ိ ပျော့ခွေလာ၏။

ထိုအခါကျမှ စုချန်းက ဇုချန်းညှိုကို လွှတ်ပေးပြီး အေးစက်သော လေသံနှင့် ပြောလိုက်သည်။

"ကျုပ် တောင်းပန်ပါတယ်ကွာ ဒါပေမဲ့ ရန်သူတွေကို သက်သက်ညှာညှာ ဆက်ဆံတယ်ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲကွ ဒီတော့ မင်းဟာ အတော်လေး လှပေမဲ့ ကျုပ်က အလွယ်တကူတော့ လွှတ်မပေးနိုင်ဘူး"

ဇုချန်းညှိုက စုချန်းကို စိုက်ကြည့်ရင်း ဒေါသတကြီးနှင့် ပြောလိုက်၏။

"ရှင် ဘာဖြစ်လို့ ကျွန်မရဲ့ ညှို့ငင်နည်းစနစ်ကို နှစ်ကြိမ်တိုင်တိုင် ရှောင်တိမ်းနိုင်ရတာလဲ"

စုချန်းက ဆေးပုလင်းငယ်ကို ဆွဲထုတ်ရင်း ပြောလိုက်သည်။

"ဒါ ဝိညာဉ်တည်ငြိမ်ခြင်းဆေးလို့ ခေါ်တယ် တစုံတယောက်ရဲ့ စိတ်စွမ်းအင်ကို အားဖြည့်ပေးနိုင်သလို စိတ်ဝိညာဉ်ခံနိုင်ရည်ကိုလည်း တိုးပွားစေနိုင်တယ် မင်းဟာ လှည့်ဖြားနှလုံးသားဇုမျိုးနွယ်ကမှန်း သိသွားကတည်းက ကျုပ်ဟာ ဒီဆေးကို တရက်တပုလင်း မှန်မှန်သောက်ခဲ့တယ် ဒီဆေးဟာ ဈေးအလွန်ကြီးပေမဲ့ ခုတော့ ဈေးကြီးသလောက် တကယ်အသုံးဝင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီပေါ့ကွာ"

ဝိညာဉ်တည်ငြိမ်ခြင်းဆေးတဲ့လား....

စုချန်းတွင် ထိုဆေးမျိုး ရှိလိမ့်မည်ဟု ဇုချန်းညှို လုံးဝမျှော် င့်မထား။ ထိုအခါ သူမ လုံးဝ အငိုက်မိသွားသလို ခံစားလိုက်ရလေသည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် မာရန်းချီနှင့် ဦးလေးဆယ့်တစ်တို့၏ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဦးလေးဆယ့်တစ်သည် အားနှင့်မာန်နှင့် တိုက်ခိုက်လိုက်ရာ အနီရောင်ရေလှိုင်းများက မာရန်းချီ၏ တကိုယ်လုံးကို လွှမ်းခြုံသွား၏။ သို့သော် မာရန်းချီသည် အနက်ရောင်မီးခိုးငွေ့များကို ထုတ်ဖော်လိုက်ပြီး ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ထို့နောက် မာရန်းချီသည် ဦးလေးဆယ့်တစ်၏ နောက်ကျောတွင် ရုတ်တရက် ပြန်ပေါ်လာပြီး ဦးလေးဆယ့်တစ်၏ နောက်စေ့ကို လက်သီးနှင့် လှမ်းထိုးလိုက်သည်။ သူ့လက်သီးဆုပ်ပုံမှာကား တခြားလူများနှင့် မတူပဲ လက်ခလယ်သည် လက်သီး၏ ရှေ့သို့ အနည်းငယ် တိုးထွက်နေ၏။

ထိုလှုပ်ရှားမှုကို သံချပ်ကာ ဖြိုခွဲရေးဆူးချွန်ဟု ခေါ်လေသည်။

မာရန်းချီသည် အထူးလေ့ကျင့်ထားသော လူသတ်သမား ဖြစ်သည်။ သူသည် မကြာခနဆိုသလို ပစ်မှတ်ကို အမှောင်ထုထဲမှ အလစ်ချောင်းဝင်ရောက်လုပ်ကြံလေ့ရှိ၏။ ထို့ကြောင့် စွမ်းရည်များအားလုံးကို ပျမ်းမျှချကြည့်လျင် ကျန်းတိန်ယွဲ့က မာရန်းချီထက် သာကောင်းသာလိမ့်မည်။ သို့သော် ရန်သူကို တချက်လွှတ်တိုက်ခိုက်ရာတွင်တော့ မာရန်းချီသည် ကျန်းတိန်ယွဲ့ထက် များစွာ သာလွန်နေ၏။

ထို့ပြင် သံချပ်ကာဖြိုခွဲရေးစူးချွန်သည် မာရန်းချီ အနှစ်သက်ဆုံး လူသတ်နည်းစနစ်တမျိုး ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုသည် ပစ်မှတ်ကိုသာ ထိမှန်သွားပါက ထိုသူသည် ရရုပ်ပိုင်းဆိုင်ရာအရ ကြီးကြီးမားမား ဒဏ်ရာရသွားပေလိမ့်မည်။ ထို့ကြောင့် ဤနည်းစနစ်သည် လုပ်ကြံသတ်ဖြတ်ရာတွင် အလွန် အသုံးဝင်သော နည်းစနစ်ဖြစ်သည်။

ယွဲ့ဝူချိသည်ပင် ထိုနည်းစနစ်ကြောင့် အသက်ပျောက်သွားရခြင်း ဖြစ်သည်။

အကယ်၍ တိုက်ပွဲသာ စောစော ဖြစ်ခဲ့ပါက ဦးလေးဆယ့်တစ်အနေနှင့် မာရန်းချီကို မှုစရာမလို။ ထိုနည်းစနစ်ကိုလည်း ဂရုစိုက်စရာမလို။ သူ့တွင် ထိုနည်းစနစ်မျိုးကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိနေသည် မဟုတ်ပါလား။

မြန်မြန်ဆန်ဆန် ရှောင်တိမ်းခြင်းသည် ရိုးရှင်းလွယ်ကူသလောက် ထိုနည်းစနစ်ကို ရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ သို့သော် လက်ရှိတွင် ဦးလေးဆယ့်တတစ်သည် ဒဏ်ရာအကြီးအကျယ်ရထား၏။ ထို့ကြောင့် သူ့လှုပ်ရှားမှုများက တုံ့ဆိုင်းနှေးကွေးနေသည်။ ထိုအခါ သူသည် မာရန်းချီ၏ တိုက်ခိုက်မှုကို ရှောင်နိုင်စွမ်းမရှိတော့ပေ။ ထိုအချိန်တွင် သူ့အနေနှင့် ရွေးချယ်စရာ တလမ်းသာရှိသည်။ ၎င်းမှာ ရန်သူ၏ တိုက်ခိုက်မှုကို ရေလှိုင်းနီဖြင့် ကာကွယ်ပြီး ပြန်လည်တိုက်ခိုက်ရန် ဖြစ်သည်။ သို့သော် ကနဦးတိုက်ခိုက်မှုများတွင် သူ့စွမ်းအင် အလွန်အမင်း ကုန်ခန်းနေခဲ့လေရာ သူသည် ရေလှိုင်းနီကို အချိန်မီ နှိုးဆွနိုင်ခြင်း မရှိတော့။ သို့သော် သူ့အတွက် နောက်ထပ် နည်းလမ်းတခုတော့ ကျန်နေသေးသည်။ ထိုနည်းလမ်းမှာ သံချပ်ကာဖြိုခွဲရေးဆူးချွန်သည် တစုံတယောက်၏ ရုပ်ပိုင်းဆိုင်ရာကိုသာ ဖောက်ထွင်းနိုင်ပြီး မူလစွမ်းအင်အကာအကွယ်ကို ချိုးဖောက်နိုင်ခြင်း မရှိသောကြောင့် သာမာန်အကာအကွယ်တခုကို နှိုးဆွပြီး ကာကွယ်ရန် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဦးလေးဆယ့်တစ်၏ ကိုယ်ခန္ဓာအတွင်း ကျုံးချီစိ၏ ချီဓားလှိုင်းက အကြီးအကျယ် ဒုက္ခပေးနေလေရာ သာမာန်မူလစွမ်းအင် အကာအကွယ်မျှကိုပင် နှိုးဆွရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်နေ၏။

ထို့ကြောင့် မာရန်းချီ၏ တိုက်ခိုက်မှုကို ဦးလေးဆယ့်တစ် မည်သို့မှ ကာကွယ်နိုင်စွမ်းမရှိတော့ပဲ လည်စင်းခံရုံသာ ရှိလေတော့သည်။ ဦးလေးဆယ့်တစ် မြင်တွေ့လိုက်သည်မှာကား မာရန်းချီ၏ မျက်နှာပေါ်မှ အားရကျေနပ်သော အပြုံး ဖြစ်သည်။ ထိုအခိုက်မှာပင် ဇုချန်းညှို၏ အခြေအနေဆိုးကို ထပ်မြင်လိုက်ရ၍ ဦးလေးဆယ့်တစ် အတော်လေး စိတ်ပျက်သွား၏။

သို့သော် ဦးလေးဆယ့်တစ်ကား သာမာန်လူမဟုတ်။ အလွန်တရာ စိတ်ဓာတ်ပြင်းထန်သူဖြစ်သည်။ သူ့အနေနှင့် တဖက်လူလုပ်သမျှ လည်စင်းတော့မခံနိုင်။ ထိုအခါ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့လှည့်ကာ မာရန်းချီကို လက်ညှိုးဖြင့် လှမ်းထိုးလိုက်လေသည်။

ကောင်းကင်မြေခွေးလက်ညှိုးပင် ဖြစ်သည်။

လက်ညှိုးတိုက်ကွက် ထွက်ပေါ်လာသည်နှင့် ဦးလေးဆယ့်တစ်၏ ခွန်အားသည် မိုးထိအောင် မြင့်မားလာပုံရသည်။ တဆက်တည်းမှာပင် ရေလှိုင်းနီသည်လည်း အသံမျိုးစုံပြုကာ ပြန်လည်ထွက်ပေါ်စပြုလာ၏။

ကောင်းကင်မြေခွေးလက်ညှိုးသည် ကောင်းကင်ဘုံကို စိုက်ထူပေးထားသည့် တိုင်လုံးကြီးများပမာ မာရန်းချီထံသို့ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့လေပြီတည်း။

ဘုန်းခနဲမြည်သံနှင့်အတူ သံချပ်ကာဖြိုခွဲဆူးချွန်သည် ဦးလေးဆယ့်တစ်၏ ကိုယ်ပေါ်တွင် ကြီးမားလှသော အပေါက်ကြီးတပေါက် ထပ်မံ ဖြစ်ပေါ်လာစေ၏။ ထိုအချိန်မှာပင် ကောင်းကင်မြေခွေးလက်ညှိုးကလည်း မာရန်းချီကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။ ထိုအခါ မာရန်းချီသည် နောက်ဘက်သို့ အရှိန်ပြင်းစွာ လွင့်စင်သွားပြီး အနက်ရောင်မီးခိုးငွေ့များ၏ ကြားထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားပြန်၏။

ထိုနည်းစနစ်သည် မာရန်းချီ အနှစ်သက်ဆုံး အသက်ကယ် ဓာတ်ပြယ်နည်းစနစ်ဖြစ်သည်။ သေရေးရှင်ရေး တိုက်ပွဲများတွင် ဤနည်းစနစ်ကို အသုံးပြု၍ မာရန်းချီတယောက် အသက်ဘေးမှ အကြိမ်ကြိမ် လွတ်မြောက်နိုင်ခဲ့၏။ ဤနည်းစနစ်ကို သိပ်သည်းမီးခိုး နည်းစနစ်ဟု ခေါ်လေသည်။

သို့သော် ဤတကြိမ်တွင်တော့ မာရန်းချီ၏ လက်သုံးတော် သိပ်သည်းမီးခိုးနည်းစနစ်သည် ဦးလေးဆယ့်တစ်၏ ကောင်းကင်ဝံပုလွေလက်ညှိုးကိုတော့ အပြည့်အဝ ချေဖျက်နိုင်စွမ်း ရှိဟန်မတူ။ လက်ညှိုးတိုက်ကွက်၏နောက်တွင် ကြောက်မက်ဖွယ်ရာ လှိုင်းတံပိုးများက ထပ်ချပ်ပါဝင်လာလေရာ သိပ်သည်းမီးခိုးနည်းစနစ်၏ တစိတ်တဒေသသည်သာ ဤလက်ညှိုးကွက်ကို အန်တုလိုက်နိုင်၏။ ကျန်ရေလှိုင်းများမှာကား အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားလေသည်။

၎င်းကိုကြည့်ရင်း စုချန်းကိုယ်တိုင်ပင် အတော်လေး ထိတ်လန့်တုန်လှုပ်သွား၏။ ထို့နောက် သူက ဇုချန်းညှိုကို ဒိုင်းကာသဖွယ် အသုံးပြုရင်း သူ့ကိုယ်သူ ကာကွယ်ထားလေသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ သူ၏ အကာအကွယ်ကလည်း ယခုတိုင် နိုးကြားနေခြင်းပင် ဖြစ်သည်။ သို့သော် သိပ်မကြာမီ အားပါလှသော ရေလှိုင်းများကြောင့် သူ့အကာအကွယ်တခုလုံး ပျက်စီးသွား၏။

"အား"

ထိုအချိန်မှာပင် ကြောက်စရာကောင်းလှသော အသံနက်ကြီး ပေါ်ပေါက်လာ၏။

မာရန်းချီ၏ အော်သံဖြစ်သည်။

အနက်ရောင်မီးခိုးငွေ့များ တဖြည်းဖြည်း ပြယ်လွင့်သွားပြီး မာရန်းချီ၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ပြန်ပေါ်လာ၏။

သူ့တကိုယ်လုံးမှာ သွေးများ ဖုံးလွှမ်းလျက်ရှိပြီး မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ယိုစီးကျလျက်ရှိ၏။ အနီးကပ်ကြည့်လိုက်လျင် သူ့အရေပြားများမှာ အရည်ပျော်လျက်ရှိပြီး သူ့မျက်နှာတခုလုံးမှာ သွေးလွှမ်းကာ ရုပ်ပျက်ဆင်းပျက် ဖြစ်လျက်ရှိသည်။

မာရန်းချီသည် ရုပ်ပျက်ဆင်းပျက် ဖြစ်လျက်ရှိသော သူ့တကိုယ်လုံးကို စစ်ဆေးကြည့်ရင်း ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မဟုတ်ဘူး"

သိပ်မဝေးလှသော နေရာတွင်ကား ဦးလေးဆယ့်တစ်သည် လက်ကို ရှေ့သို့ညွှန်ကာ ကျောက်ရုပ်ကြီးပမာ တွေတွေကြီး မတ်တပ်ရပ်လျက်ရှိသည်။

ထိုအချိန်တွင် လေပြေလေညှင်းများက သွေ့ခနဲ တိုက်ခတ်လိုက်၏။

ဦးလေးဆယ့်တစ်၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ပြိုကွဲကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားလေသည်။

"ဦးလေးဆယ့်တစ်"

ဇုချန်းညှို၏ ဝမ်းနည်းစဖွယ် ငိုကြွေးသံ ထွက်ပေါ်လာ၏။

All Chapters