နောက်ဆုံးတိုက်ပွဲ
Vol. 26 Ch. 253
ဦးလေးဆယ့်တစ်ကား သေဆုံးသွားခဲ့လေပြီ။
မာနာကြီးသလောက် ထူးချွန်ထက်မြက်လှသော၊ မျိုးနွယ်စုခြောက်စု၏ ထိပ်သီးပညာရှင် အယောက်၅၀ခန့်ကို တယောက်တည်း သုတ်သင်ပစ်ခဲ့သော အနှီ ပြိုင်ဘက်ကင်း ချီစွမ်းအားရှင်သည် ဤတကြိမ်တွင်တော့ အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဇုချန်းညှိုသည် သူမ မြင်တွေ့နေရသည့် အဖြစ်အပျက်ကို ယခုထိ နားမလည်နိုင်သေးဟန်ဖြင့် ပါးစပ်ကို လက်ဝါးဖြင့်အုပ်ကာ တွေတွေကြီး ငေးကြည့်နေရှာသည်။
ဦးလေးဆယ့်တစ် သေဆုံးသွားသည်ကို မြင်တွေ့လိုက်သောအခါ မာရန်းချီသည် နာကျင်မှုကို အံကြိတ်ခံရင်း ခေါင်းမော့ကျုံးဝါးလိုက်၏။
"သေသွားပြီဟုတ်လား ခွေးမသား ငါ့ကို ဒဏ်ရာရစေပြီးမှ ဒီလိုသေသွားတာ ဒီကောင် ကံကောင်းတာပဲ ဒါပေမဲ့ ကျေးဇူးတင်စရာကောင်းတာက မင်းတို့နှစ်ယောက် ကျန်သေးတာပဲ"
ပြောပြောဆိုဆိုနှင့်ပင် မာရန်းချီသည် နောက်ကို ဒေါသတကြီးနှင့် လှည့်လိုက်ပြီး ဇုချန်းညှိုနှင့် စုချန်းတို့ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ဒေါသမီးလျံများ တဟုန်းဟုန်း တောက်လောင်နေ၏။
ထို့နောက် သူသည် စုချန်းဆီသို့ တလှမ်းချင်းလျှောက်လာပြီး ပြောလိုက်၏။
"ခွေးမသားလေး ဒါတွေအားလုံးဟာ မင်းကြောင့်ပဲ မင်းကြောင့်ငါ ဒီလို ဖြစ်ရတယ် ငါ မင်းကို သတ်ပစ်ချင်..."
ထိုအခိုက်အတန့်ဝယ် နှလုံးသားအတွင်း၌ တဟုန်းဟုန်း တောက်လောင်လျက်ရှိသော ဒေါသမီးလျံများက ရှင်သန်ခြင်းကျောင်းတော်မှ ပေးအပ်ထားသော တာဝန်ကိုပင် မေ့လျော့သွားစေရန် မာရန်းချီအား စေစားလျက်ရှိသည်။ လတ်တလော သူအလုပ်ချင်ဆုံးအရာမှာ သူ့နှလုံးသားအတွင်းရှိ အမုန်းတရားများကို ပြေလျော့သွားစေရန် စုချန်းအား အပိုင်းပိုင်းအထစ်ထစ် ခုတ်ထစ်သတ်ဖြတ်ပစ်လိုခြင်းပင် ဖြစ်သည်။
စုချန်းသည် ရူးသွပ်မိုက်မဲစွာ သူ့ကို ဆန့်ကျင်ရန် ကြံစည်ခဲ့သည့်အတွက် အကြီးအကျယ် နောင်တရသွားစေရမည်ဟုပင် မာရန်းချီ ကျိန်ဆိုမိ၏။ ဇုချန်းညှိုအတွက်တော့ ဤမိန်းကလေးသည် အတော်ပင် စွဲမက်စရာကောင်း၏။ သူ ဒဏ်ရာသက်သာလာမှ သူမနှင့် အားရပါးရ ပျော်ပါးလိုက်မည်ဟု မာရန်းချီက တွေးထားလေသည်။
သို့သော် သူ၏ တင်းမာသော ပုံပန်းသွင်ပြင်က စုချန်းကို မည်သည့်အကြောက်တရားမှ ပေါ်ပေါက်စေပုံမရ။ သူက အေးဆေးသောလေသံနှင့် ပြောလိုက်သည်။
"ခင်ဗျားဆီက ဒီစကားကြားရတာ ကျုပ် နည်းနည်းမှ မအံ့သြဘူး နောက်ဆုံးမှာ ခင်ဗျားရဲ့ ဇာတိရုပ်ပေါ်လာမယ်မှန်း ကျုပ် သိပြီးသားပဲကိုး ဒါပေမဲ့ ခင်ဗျားကို ကျုပ်ရဲ့ နောက်ဆုံးဝှက်ဖဲအဖြစ် ထုတ်သုံးရလောက်အောင်ထိ ကျုပ် မိုက်မဲလိမ့်မယ်လို့ ခင်ဗျားက ထင်နေတာလား"
ဟင်...ဘာသဘောလဲဟ...
မာရန်းချီ၏ တကိုယ်လုံး အေးစက်တောင့်တင်းသွား၏။
စုချန်းက စကားဆက်ပြန်သည်။
"တကယ်တော့ ခင်ဗျားထင်သလို မဟုတ်ဘူးဗျ ကျုပ်အနေနဲ့ ရန်ပွဲတပွဲကနေ အမြတ်ထုတ်ချင်ရင် တဖက်နဲ့တဖက် အပြန်အလှန် ပျက်စီးစေမှသာ ဖြစ်လိမ့်မယ် ဒီလိုမှမဟုတ်ပဲ တဖက်ဖက်က အပြတ်အသတ် အနိုင်ရသွားရင် ကျုပ်အတွက် ဘာအကျိုးမှ မရှိဘူး ဒါပေမဲ့ ခက်တာက ပြိုင်ဘက်နှစ်ဦးဟာ အင်အားတူညီနေပြီဆိုရင်တော့ တိုက်ခိုက်ဖို့ကို တွန့်ဆုတ်နေကြလေ့ရှိတယ် အဲ တဖက်ကသာ အင်အားအပြတ်အသတ် သာနေပြီဆိုရင်တော့ အဲဒီလူဟာ ယှဉ်ပြိုင်တိုက်ခိုက်ရမဲ့လမ်းကြောင်းကို မဖြစ်မနေ ရွေးချယ်တော့မှာပဲ ဒါဟာ လူ့သဘောလူ့မနောလူ့သဘာဝပဲဗျ ဒါကြောင့် ပထမအခြေအနေဟာ ဘယ်တော့မှ ဖြစ်ပေါ်လာလေ့မရှိဘူး ဒုတိယအခြေအနေမျိုးကတော့ အခါအားလျော်စွာ ဖြစ်ပေါ်လာလေ့ရှိတယ် အဲဒီအချိန်ဟာ တတိယလူအတွက် အမြတ်ထုတ်ဖို့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရမဲ့အချိန်ပဲ"
"အမြတ်ထုတ်ဖို့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမယ် ဟုတ်လား မင်းက"
မာရန်းချီက အေးစက်သော လေသံနှင့် ရယ်မောလိုက်၏။
"ဟုတ်တယ် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လှုပ်ရှားရမယ် ဒါပေမဲ့ ဒီစကားက ကျုပ်ကိုကျုပ် ရည်ညွှန်းပြီး ပြောနေတာတော့ မဟုတ်ဘူး တိုက်ပွဲစဉ်တလျှောက် အကျိုးအမြတ်တွေ အကုန်လုံးကို သိမ်းပိုက်ချင်ရင် နောက်ဆုံးတိုက်ပွဲကို အနိုင်ရအောင် တိုက်ခိုက်နိုင်မဲ့ အင်အားတော့ရှိဖို့ လိုသေးတယ် ...သေချာတာကတော့ အဲဒီလို အကျိုးအမြတ်တွေအကုန်လုံးကို သိမ်းပိုက်သွားမဲ့လူဟာ ခင်ဗျားတော့ မဟုတ်ဘူးဗျ"
ထို့နောက် စုချန်းက ကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်ရာ အရပ်ရှည်သော အဖိုးကြီးတယောက် သူ့နောက်ကျောတွင် အတိုင်းသား မတ်တပ်ရပ်လျက်ရှိလေသည်။
ထိုအဖိုးကြီးမှာ တခြားလူမဟုတ်။ စုချန်း၏ ဆရာဖြစ်သူ ရှီကိုင်းဟွမ်ပေတည်း။
ရှီကိုင်းဟွမ်ကို မြင်လိုက်ရသောအခါ မာရန်းချီ အံ့သြသွား၏။
"ရှီကိုင်းဟွမ်...ခင်ဗျား ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"
ရှီကိုင်းဟွမ်က မာရန်းချီကို စိတ်ရှုပ်ထွေးဟန်ဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ငါ ဒီနေရာမှာ ရှိနေတာ ဘာများဆန်းသလဲ ငါမရှိမှသာ ထူးဆန်းတာကွ"
ရှီကိုင်းဟွမ်၏ စကားမှာ သွေးထွက်အောင်မှန်လှသည်။ သူနှင့်စုချန်းသည် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို အတူတကွ ဖန်တီးခဲ့သူများ ဖြစ်ကြ၏။ ထို့ကြောင့် ရှီကိုင်းဟွမ်သည် ပြသနာထဲတွင် ထဲထဲဝင်ဝင် ပါဝင်နေခဲ့ပြီးသားဟု ဆိုနိုင်၏။
စုချန်းကို တဦးတည်းလှုပ်ရှားစေခဲ့သည့် ရှီကိုင်းဟွမ်၏ အဓိကရည်ရွယ်ချက်မှာလည်း တပည့်ဖြစ်သူကို စမ်းသပ်လို၍သာဖြစ်သည်။ ထို့ပြင် နောက်ဆုံးအခြေအနေထိ ရှီကိုင်းဟွမ်ကသာ ဖုံးကွယ်ထားနိုင်ခဲ့လျင် စုချန်း၏ အရည်အသွေးကို ပိုမိုဆန်းစစ်နိုင်မည်ဖြစ်သည်။
အမှန်တော့ ဤနေရာသို့ ရောက်လာသူတိုင်းလိုလိုသည် ရှီကိုင်းဟွမ်နှင့် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်လာသူများသာ ဖြစ်ကြကုန်၏။ စုချန်းသည် ရှီကိုင်းဟွမ်၏ တပည့်ပင် မဟုတ်ပါလော။ ယုတ်စွအဆုံး ဦးလေးဆယ့်တစ်ကိုယ်တိုင်ပင် ရှီကိုင်းဟွမ်ရောက်လာမည်ဟု ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် တိုက်ပွဲ အထွတ်အထိပ်ကာလမှာပင် ရှီကိုင်းဟွမ် ပေါ်မလာခဲ့ရာ လူတိုင်း၏စိတ်ထဲတွင် သူ့ကို မေ့လျော့သွားခြင်း ဖြစ်၏။
တဖက်တွင်လည်း အားလုံးသော အပေးအယူများကို စုချန်းကသာ ဦးဆောင်ပြုလုပ်နေလေရာ လူတိုင်းလိုလိုသည် စုချန်းကိုသာ အထူးတလည် အာရုံစိုက်နေခဲ့ကြ၏။ ဤအနေအထားတွင် အခိုက်အတန့်အားဖြင့် ရှီကိုင်းဟွမ်ကို မေ့လျော့နေကြသည်မှာ သိပ်မဆန်းလှ။
နောက်ဆုံးတွင် စုချန်း၏ ကလိန်ကကျစ် လှည့်ကွက်များကြောင့် ရှီကိုင်းဟွမ်နှင့် တိုက်ခိုက်ရမည်ဟု ကြိုတင်မျှော်တွေးလာသော ဦးလေးဆယ့်တစ်သည် မမျှော်လင့်ပဲ ကျန်းတိန်ယွဲ့တို့လူစုနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်။ စုချန်း၏ လှည့်ကွက်ကို မြင်တွေ့ခဲ့ရသည့်အတွက် ကြိုတင် သတိထားသင့်သော မာရန်းချီသည်လည်း နောက်တကြိမ် အလိမ်မိကာ ဦးလေးဆယ့်တစ်နှင့် တိုက်ခိုက်ခဲ့ရပြန်သည်။
အမှန်တော့ သူတို့အားလုံးသည် ရှီကိုင်းဟွမ်မှာ စုချန်း၏ဆရာဆိုသော ဖြစ်တည်မှုကို သတိမထားမိ၍ မဟုတ်။ ရှုပ်ထွေးလှသော အခြေအနေကြောင့် ယာယီမေ့လျော့ကုန်ကြခြင်းသာ ဖြစ်သည်။
ဤစီမံကိန်းကြီးတခုလုံးတွင် ရှီကိုင်းဟွမ်၏တာဝန်က ရိုးရှင်းလှသည်။ သူ့တာဝန်သည် စုချန်းအတွက် သေရေးရှင်ရေးဟု ယူဆရသော အခြေအနေကျမှ ထွက်ပေါ်လာရန် ဖြစ်သည်။
စုချန်း သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရပါက ရှီကိုင်းဟွမ်သည် ရုတ်တရက် ထွက်ပေါ်လာပြီး တပည့်ဖြစ်သူကို ကယ်ထုတ်သွားမည်ဖြစ်သည်။
အကယ်၍ စုချန်း၏ အစီအစဉ် အောင်မြင်ပြီး ဘာပြသနာမှ မဖြစ်ပေါ်ပါက ရှီကိုင်းဟွမ်သည် နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲမည့်သူ ဖြစ်လာပေလိမ့်မည်။
နောက်ဆုံးတော့ မာရန်းချီ သဘောပေါက်သွားပေပြီ။ သူက စုချန်းကို အံ့သြတုန်လှုပ်စွာ ကြည့်ရင်း ပြောလိုက်သည်။
"ဘာလဲ မင်းက ငါ့ကို သတ်ပစ်ချင်နေတာလား"
အစကတည်းက သူ့ကို သတ်ပစ်ရန် ကြံစည်ထား၍သာ ဤတိုက်ပွဲအတွင်းသို့ ဆွဲသွင်းခဲ့မှန်း မာရန်းချီ နားလည်သဘောပေါက်လာ၍ မေးလိုက်ခြင်း ဖြစ်သည်။
စုချန်းက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"သိပ်မှန်တာပေါ့ ခင်ဗျားရဲ့ စိတ်နေစိတ်ထားဟာ အလွန် ဆိုးယုတ်တယ် ရွံစရာကောင်းတယ် ခင်ဗျားဟာ လူတယောက်အဖြစ်တောင် သတ်မှတ်ဖို့ခက်တဲ့ လူစားမျိုးပဲ ဟုတ်ပြီ ခင်ဗျား ကျုပ်ဆီက ဆေးကို လိုချင်သလား ရတယ် ကျုပ်ပေးမယ် ဒါပေမဲ့ အဲဒီအတွက် တယောက်ယောက်တော့ သေကိုသေရလိမ့်မယ်"
"ဆေးတော့ပေးမယ်...တယောက်ယောက်တော့ သေကိုသေရလိမ့်မယ်....ဆေးတော့ပေ...."
စုချန်း၏ နောက်ဆုံးစကားကို မာရန်းချီတယောက် အထပ်ထပ်အခါခါ ရေရွတ်လျက်ရှိ၏။ နောက်ဆုံးကျမှ သူသည် စုချန်း၏ စဉ်းစားပုံစဉ်းစားနည်းကို နားလည်သဘောပေါက်စပြုလာလေသည်။
စုချန်းကား မာရန်းချီ၏ အသက်ကို အသုံးပြု၍ ရှင်သန်ခြင်းကျောင်းတော်ကို သတိပေးရန် ကြိုးစားနေခြင်းပေတကား။ ရှင်သန်ခြင်းကျောင်းတော်အနေနှင့် စုချန်းထံမှ ဆေးကို လိုလားလျင် မူလသဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်ရန် လိုအပ်၏။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ရှီကိုင်းဟွမ်က စတင်လှုပ်ရှားလိုက်သည်။
သို့သော် မာရန်းချီက စုချန်းကို အေးစက်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
"ငါ့ကိုသတ်ဖို့ ဒီလောက်တော့ ဘယ်လွယ်ပါ့မလဲကွ"
ပြောပြောဆိုဆို သူက လက်တဖက်ကို မိုးပေါ်သို့ မြှောက်လိုပ်ရာ လက်ဝါးပတ်ပတ်လည်တွင် အလင်းစက်ဝန်းတခု ဖြစ်ပေါ်လာ၏။ ထို့နောက်သူက လက်ဝါးကို မြေကြီးပေါ်သို့ ညွှန်လိုက်ပြန်သည်။ နဂါးကျောင်းတော်မှ ထွက်ပြေးရန် ပထမအကြိမ် အသုံးပြုခဲ့ဖူးသည့် နည်းလမ်းကိုပင် ပြန်လည်အသုံးပြုရန် မာရန်းချီ ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော် အလင်းတန်းကို မြေကြီးပေါ်သို့ ညွှန်ပြလိုက်သော်လည်း ဤတကြိမ်တွင်တော့ မာရန်းချီတယောက် ဘယ်ကိုမှ ရောက်မသွားပဲ နေရာမှာပင် ရှိနေ၏။ ထိုအလင်းတန်းသည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မာရန်းချီ အံ့သြတကြီးနှင့် ရေရွတ်လိုက်၏။
ထိုအခါ စုချန်း၏ မျက်နှာပေါ်တွင် အပြုံးတရပ် ပေါ်ပေါက်လာသည်။
"ခင်ဗျားရဲ့ မိုးကြိုးအလင်းရောင်ထွက်ပြေးခြင်းနည်းစနစ် သုံးစားမရဖြစ်သွားလို့ အံ့သြနေတာလားဗျ ဒီလိုပစ္စည်းမျိုး သုံးထားမှတော့ ခင်ဗျားရဲ့နည်းစနစ် အသုံးမဝင်တာ ဘာမှ အံ့သြစရာမရှိတော့ပါဘူးဗျာ"
ပြောပြောဆိုဆို စုချန်းသည် ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ပြီး မာရန်းချီမြင်သာအောင် လှုပ်ပြလိုက်သည်။
"ကျောက်ခဲအသွင်ပြောင်းဆေးပါလား"
မာရန်းချီ ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။
အမှန်တော့ မာရန်းချီ၏ မိုးကြိုးအလင်းရောင်ထွက်ပြေးခြင်းနည်းစနစ်သည် ပထဝီအမျိုးအစား အကာအကွယ်နည်းစနစ်တရပ်ဖြစ်သည်။ သို့သော် မာရန်းချီက တခြားလူများကို လှည့်စားရန် ထိုနည်းစနစ်တွင် မိုးကြိုးအလင်းရောင်ဟူသော နာမည်ကို ပေါင်းစပ်ပေးထား၏။ တစုံတယောက်သည် ထိုနာမည်ကို ကြားလိုက်ပါက မာရန်းချီသည် ကောင်းကင်ပေါ်မှ မိုးကြိုး၏ အားအင်ကို ယူငင်အသုံးပြုသည်ဟု ယူဆမိကြပေလိမ့်မည်။
သို့သော် စုချန်းကတော့ အမှန်တရားကို သေသေချာချာ သိထား၏။ ထို့ကြောင့် သူ လုပ်ရန်လိုအပ်သည့်အရာမှာ မာရန်းချီ မြေကြီးကိုအသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားခြင်းမရှိစေရန် ကျောက်ခဲအသွင်ပြောင်းဆေးကို အသုံးပြု၍ အနီးအနားရှိမြေပြင်ကို ကျောက်သားကျောက်စိုင်များအဖြစ် အသွင်ပြောင်းလိုက်ရန်သာ ဖြစ်သည်။
သိပ်သည်းမြူခိုးအကာအကွယ်နှင့် မိုးကြိုးအလင်းရောင်ထွက်ပြေးခြင်းနည်းစနစ်သည် မာရန်းချီ အလွန်အားကိုးသည့် အသက်ကယ်နည်းစနစ်နှစ်မျိုးဖြစ်သည်။ ပထမနည်းစနစ်သည် ရန်သူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရာတွင် အလွန်အသုံးဝင်ပြီး ဒုတိယနည်းစနစ်မှာကား တိုက်ပွဲအတွင်းမှ ရုတ်တရက် ထွက်ပြေးရာတွင် အလွန်အသုံးဝင်၏။
ယခုတော့ မိုးကြိုးအလင်းရောင်ထွက်ပြေးခြင်းနည်းစနစ်သည် အသုံးမဝင်တော့ပြီဖြစ်လေရာ မာရန်းချီအနေနှင့် ထွက်ပြေးနိုင်စွမ်းမရှိတော့။ ဤသို့ ဒဏ်ရာရရှိနေသည့် အခြေအနေတွင် သူ့အနေနှင့်် ရှီကိုင်းဟွမ်ကို မည်သို့ ယှဉ်နိုင်မည်နည်း။
နောက်ဆုံးတွင်တော့ မာရန်းချီသည် ထိတ်လန့်တုန်လှုပ်စပြုလာ၏။ ထို့နောက် သူက ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။
"ငါ့ကို သွားခွင့်ပြုပါကွာ"
ထိုအတွက် တခုတည်းသော တုံ့ပြန်မှုမှာ ရှီကိုင်းဟွမ်၏ ကမ္ဘာမြေခွဲလက်ဝါးက တဖြည်းဖြည်နှင့် သူ့ဆီသို့ ကျရောက်လာခြင်းပင် ဖြစ်သည်။
"မဟုတ်သေးဘူး စုချန်း မင်း ငါ့ကိုသတ်လိုက်မယ်ဆိုရင် ရှင်သန်ခြင်းကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို နင်းခြေလိုက်သလို ဖြစ်သွားလိမ့်မယ် သူတို့ ဒါကို လုံးဝလက်ခံမှာမဟုတ်ဘူးနော်"
မာရန်းချီသည် ကြောက်လန့်တကြားနှင့်် အော်ဟစ်လိုက်၏။
ထိုအခါ စုချန်းက အေးဆေးသော လေသံနှင့် ပြန်ပြောလိုက်၏။
"မဟုတ်သေးဘူးဗျ ကျုပ်အနေနဲ့ ရှင်သန်ခြင်းကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးအောင်လုပ်မိမှာ မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ခင်ဗျားကို သတ်မဲ့လူဟာ ကျုပ်မှမဟုတ်ပဲကိုး"
ထိုအချိန်မှာပင် စုချန်း၏ ဘေးနားသို့ နောက်ထပ်လူတယောက် လှစ်ခနဲ ရောက်လာ၏။
အဖြူရောင်အဝတ်အစားများ လေထဲတွင် တဖြတ်ဖြတ်လွင့်နေ၏။
ယွဲ့လောင်ရှပေတည်း။