နောက်ဆုံးတိုက်ပွဲ ၂
Vol. 26 Ch. 254
အကယ်၍ မာရန်းချီအနေနှင့် ဤနေရာတွင် အသက်ပျောက်မသွားစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့လျင်ပင် အခါးသီးဆုံးအမှန်တရားကတော့ သူသည် အကောင်းဆုံးအခြေအနေမှာပင် ရှီကိုင်းဟွမ်၏ ပြိုင်ဘက် ဘယ်တုန်းကမှ မဟုတ်ခဲ့ခြင်း ဖြစ်သည်။ ရှီကိုင်းဟွမ်သည် အလင်းတုန်ခါခြင်းနယ်ပယ်အဆင့် ပညာရှင် ဖြစ်နေသည့်အပြင် ထိုနယ်ပယ်၏ အမြင့်ဆုံးအလွှာသို့ အချိန်အတော်ကြာကတည်းက ရောက်ရှိနေခဲ့ပြီးသူ ဖြစ်သည်။
ထို့ပြင် မာရန်းချီသည် လုပ်ကြံသတ်ဖြတ်ရေးသမားတယောက်သာ ဖြစ်လေရာ ရင်ဆိုင်တိုက်ပွဲများတွင် မကျွမ်းကျင်လှ။ ပို၍ဆိုးသည်က လက်ရှိတွင် သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသေး၏။ ထို့ကြောင့် မမျှော်လင့်သော အပြောင်းအလဲမျိုးသာ ပေါ်ပေါက်မလာခဲ့လျင် ဤတပွဲတွင် မာရန်းချီ ရှုံးနိမ့်မည်မှာ သေချာနေခဲ့လေပြီ။
ရှီကိုင်းဟွမ်၏ ကောင်းကင်မြေခွဲလက်ဝါးသည် မာရန်းချီကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ မာရန်းချီ၏ ကိုယ်ခန္ဓာသည် ကြိုးပြတ်သွားသော စွန်တကောင်ပမာ လေထဲသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွားလေသည်။ မာရန်းချီ ထမလာနိုင်တော့။
ထိုအခါ ယွဲ့လောင်ရှက မာရန်းချီထံသို့ လျှောက်သွားပြီး ပြောလိုက်၏။
"မာရန်းချီ ရှင် ဝဋ်လည်ပြီပဲ ကျွန်မအဖေကို သတ်ပစ်လိုက်တုန်းက ဒီလိုနေ့မျိုး သိပ်မကြာခင် ကြုံရလိမ့်မယ်လို့ ရှင်မတွေးမိဘူးမလား"
မြေကြီးပေါ်တွင် လဲကျနေလျက်နှင့်ပင် မာရန်းချီက ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ငါ့ဘဝမှာ လူတွေအများကြီး သတ်ခဲ့တယ် ဒီတော့ မင်းဟာ ဘယ်ခွေးမသားရဲ့သမီးတုန်းကွ ကြည့်ရတာတော့ မင်းဟာ အစောကြီးကတည်းက ငါမတွေ့အောင် ပုန်းနေခဲ့တာဆိုတော့ ညဏ်ကောင်းပုံရတယ် မဟုတ်လို့ကတော့ မင်းလိုဟာမျိုးလေးကို အားရပါးရ ပျော်ပါးပြီးမှ အပျော်အိမ်မှာ သွားပြီးရောင်းစားပစ်လိုက်မယ် အဲဒီအခါကျရင် မင်း ဒီလိုပြောရဲအုံးမလားဆိုတာ ငါကြည့်ချင်သေးတယ်"
"ရှင်...ရှင်..."
ယွဲ့လောင်ရှသည် တကိုယ်လုံး တုန်ယင်လာသည်အထိ ဒေါသထွက်လာ၏။ ထိုအခါ သူမက မာရန်းချီထံသို့ ခုန်ဝင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ရှီကိုင်းဟွမ်က သူမ၏ လက်ကို ဆတ်ခနဲဖမ်းဆွဲထားပြီး နောက်သို့ပို့ကာ ပြောလိုက်သည်။
"ဒီကောင့်ရဲ့ ထောင်ချောက်ထဲ အကျမခံနဲ့ကွ ငါ့ရဲ့လက်ဝါးရိုက်ချက်ဟာ ပြင်းထန်ပေမဲ့ ဒီကောင် သေလောက်တဲ့အထိတော့ မဟုတ်သေးဘူး ဒီကောင် မင်းကို ဒေါသထွက်လာအောင် ဆွပေးပြီး ဓားစာခံလုပ်ဖို့ ကြံစည်နေတာ"
"ခွေးမသားကြီး"
မာရန်းချီ အကြီးအကျယ် ဒေါပွသွား၏။ သူ၏ နောက်ဆုံးလှည့်ကွက်က အဟောသိကံ ဖြစ်သွားရပြီ မဟုတ်ပါလား။ ထိုအခါ သူသည် လေထဲသို့ ခုန်တက်လိုက်၏။ သူ့ကိုယ်ခန္ဓာသည် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ယွဲ့လောင်ရှနှင့် စုချန်းတို့ဆီသို့ ဦးတည်တိုက်ခိုက်လိုက်တော့သည်။
စုချန်း သို့မဟုတ် ယွဲ့လောင်ရှကို အသက်ရှင်လျက် ဖမ်းမိနိုင်မှ မာရန်းချီ အတွက် ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ပေါ်ပေါက်လာမည်ဖြစ်သည်။
၎င်းကိုမြင်သောအခါ ရှီကိုင်းဟွမ်က သက်ပြင်းချလိုက်၏။
"မင်းရဲ့ အပေါစားလှည့်ကွက်တွေက ငါ့ရှေ့မှာ အသုံးမဝင်ပါဘူးကွာ စုချန်း သေသေချာချာ ကြည့်ထားစမ်း ဒါကို မြင့်မိုရ်ဟင်းလင်းပြင်လို့ ခေါ်တယ်"
ပြောပြောဆိုဆို ရှီကိုင်းဟွမ်သည် လေထဲသို့ လက်ဝါးဖြင့် ငြင်သာစွာ ရိုက်ချလိုက်သည်။
စုချန်းကလည်း ဆရာဖြစ်သူ၏ စကားအတိုင်း မျက်တောင်ပင်မခတ်ပဲ စိုက်ကြည့်နေ၏။ သူသည် မူလစွမ်းအင်များကို မြင်နိုင်သော မျက်လုံးကို နှိုးဆွထားလေရာ ထိုနည်းစနစ်၏ အဆုံးစွန်သော စွမ်းရည်ကို မြင်နေရလေသည်။ အမှန်တော့ ရှီကိုင်းဟွမ်က စုချန်းကို မူလစွမ်းရည်များနှင့်ပတ်သက်၍ သင်ကြားပြသခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်ရပ် ဖြစ်သည်။ ထို့ကြောင့် စုချန်းကလည်း အတွေ့အကြုံ ရအောင်ယူမည်ဟု စိတ်ပိုင်းဖြတ်ထားလေသည်။
လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် လေထုထဲတွင် လေဟာနယ်တခု ဖြစ်ပေါ်လာ၏။ ထိုလေဟာနယ်ထဲတွင် လေသည် တဖြည်းဖြည်း ပြွတ်သိပ်ကျပ်ခဲလျက် အသက်ရှုရန်ပင် အလွန်ခက်ခဲလာဟန်ရှိသည်။ မာရန်းချီ၏ အနက်ရောင်မီးခိုးငွေ့များသည်ကား ထိုလေဟာနယ်ထဲတွင် တဖြည်းဖြည်း နှေးကွေးလာ၏။ ၎င်းကို ကြည့်ရသည်မှာ မည်သို့မှ ပြိုကွဲနိုင်ဖွယ်မရှိသည့် တိမ်ထုကြီးကို တွေ့မြင်ရသလို ရှိလေသည်။
မြင့်မိုရ်ဟင်းလင်းပြင်၏ လွှမ်းမိုးမှုအောက်ဝယ် မာရန်းချီ၏ အနက်ရောင်မီးခိုးများသည် နှေးသထက်နှေးကွေးလာခဲ့ပြီ ဖြစ်သည်။
ရှီကိုင်းဟွမ်က တပည့်ဖြစ်သူကို ထပ်မံရှင်းပြလိုက်ပြန်သည်။
"ဒါကတော့ နိဗ္ဗာန်ဘုံလက်ချောင်းလို့ ခေါ်တယ်ကွ သူက မြင့်မိုရ်ဟင်းလင်းပြင်ထဲက စွမ်းအင်တွေကို ချေးငှားအသုံးပြုနိုင်တဲ့ သဘောမှာရှိတယ်"
ပြောပြောဆိုဆို သူက လေထဲသို့ လက်ဖြင့်ကုပ်ချလိုက်ရာ လေဟာနယ်အတွင်းမှ ကြီးမားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ ထိုအခါ မာရန်းချီ၏ အနက်ရောက်မီးခိုးငွေ့များသည် တဖြည်းဖြည်း လွင့်ပြယ်သွားပြီး မာရန်းချီ၏ ပုံသဏ္ဍာန် ပေါ်ထွက်လာ၏။ ရှီကိုင်းဟွမ်သည် သူ၏ မူလစွမ်းရည်ကို အသုံးပြုပြီး မာရန်းချီ၏ မူလပုံစံရောက်အောင် ဖိအားပေးလိုက်ခြင်း ဖြစ်သည်။
"မလုပ်နဲ့"
မာရန်းချီသည် အရူးတယောက်ပမာ အော်ဟစ်လိုက်၏။ ထိုအခါ အနက်ရောင်မီးခိုးများသည် ပြန်လည် ရစ်ခွေစုဝေးလာပြီး ရှီကိုင်းဟွမ်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားနေလေသည်။ သို့သော် နိဗ္ဗာန်ဘုံလက်ချောင်း၏ စွမ်းပကားမှာ ကြီးမားလှ၏။ မာရန်းချီအနေနှင့် မည်မျှ ကြိုးစားနေစေကာမူ မလွတ်မြောက်နိုင်ပဲ ရှိလေသည်။
ရှီကိုင်းဟွမ်၏ လက်ချောင်းများသည် အလွန်နှေးကွေးစွာ လှုပ်ရှားနေ၏။ သူ၏ ရည်ရွယ်ချက်မှာ စုချန်းတယောက် ပိုမိုရှင်းလင်းပီသစွာ မြင်ရစေရန်နှင့် မာရန်းချီကို ပိုမို နာကျင်စေရန်ပင် ဖြစ်သည်။
ရှီကိုင်းဟွမ်၏ ထိန်းချုပ်မှုကြောင့် အနက်ရောင်မြူခိုးများသည် လူတယောက်အဖြစ် ပုံစံပြောင်းလဲလာပြီး နောက်ဆုံးတွင် မာရန်းချီ၏ ကိုယ်ခန္ဓာသည် မီးခိုးငွေ့များကြားမှာ နောက်တကြိမ် ပြန်လည်ထွက်ပေါ်လာ၏။
ဤတကြိမ်တွင် မာရန်းချီ ခံစားလိုက်ရသည့် နာကျင်မှုသည် ဦးလေးဆယ့်တစ်၏ ကောင်းကင်မြေခွေးလက်ချောင်းကြောင့် ခံစားရသည့် နာကျင်မှုထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်နေ၏။
နိဗ္ဗာန်ဘုံလက်ချောင်း၏ ဖျစ်ညှစ်မှုကြောင့် မာရန်းချီ၏ ကိုယ်တွင်းအင်္ဂါများအားလုံး နေရာလွဲမှားကုန်ပြီး သူ၏ အရေပြားနှစ်လွှာလုံး ကွာကျကုန်၏။
မာရန်းချီသည် သာမာန်လူမဟုတ်။ ရှင်သန်ခြင်းကျောင်းတော် ရှည်လျားရစ်ခွေမြို့တော်နယ်မြေ၏ ခေါင်းဆောင်ဖြစ်ပြီး နာမည်ကြီးလှသော လူသတ်သမားတဦးလည်း ဖြစ်သည်။ နိုင်ငံမှ အလိုရှိဆုံး ဝရမ်းပြေးတဦးလည်း ဖြစ်နေပြန်သည်။ ထိုကဲ့သို့ အပွဲပွဲနွှဲလာသမျှ ဤတပွဲကျမှ အချီကြီး ခံလိုက်ရ၍ မာရန်းချီ၏ ရင်ထဲတွင် ခါးသီးစွာ ခံစားလိုက်ရ၏။
ထိုအခိုက်မှာပင် သူ့တကိုယ်လုံး နေရာလပ်မကျန်အောင် သွေးများစီးကျလာ၏။ ကြည့်ရသည်မှာ သူ့သွေးကြောများအားလုံး ပေါက်ကွဲထွက်သွားသည့်ပုံပင်။ အူသည်းလှိုက်သည်း နာကျင်မှုကို မာရန်းချီ တောင့်မခံနိုင်တော့ပဲ ကျယ်လောင်စွာ အော်ဟစ်ငြီးငြူလိုက်သည်။
ယုတ်စွအဆုံး ရှီကိုင်းဟွမ် ကိုယ်တိုင်မှာပင် ထိုရလဒ်မျိုးကို မျှော်လင့်မထား။ ထိုအခါ ရှီကိုင်းဟွမ်သည် ခေတ္တတုံ့ဆိုင်းသွားပြီးမှ လက်ကိုပြန်လည်ရုတ်သိမ်းရင်း ပြောလိုက်သည်။
"ဒီလောက်ဆိုရင်တော့ ဒီကောင် ပြန်မလုပ်နိုင်တော့ပါဘူး မင်း သူ့ကို သတ်လို့ရပြီ ဒီကောင့်ကို ဝေဒနာသက်သာသွားအောင် အမြန်ဆုံး ကူညီပေးလိုက်ပါကွာ"
ယွဲ့လောင်ရှ၏ မျက်လုံးထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
"ဒီလူဟာ သူ့ပြစ်မှုတွေအတွက် ဒီလောက်တော့ ပေးဆပ်ရမှာပေါ့ ကျွန်မကတော့ ဒီလူကို ဒီလောက်မြန်မြန် မသေစေချင်သေးဘူးရှင့်"
ထိုအခါ စုချန်းက ယွဲ့လောင်ရှ၏ ပုခုံးပေါ်သို့ လက်တင်ကာ ငြင်သာသော လေသံနှင့် ပြောလိုက်သည်။
"ခင်ဗျား ဘယ်လိုခံစားနေရတယ်ဆိုတာ ကျုပ် နားလည်ပါတယ်ဗျာ ဒါပေမဲ့ တရားမျှတမှုကို ပြန်ယူတဲ့နေရာမှာ အမုန်းတရားရဲ့လွှမ်းမိုးမှုကိုတော့ မခံရစေနဲ့ လူတွေကို နှိပ်စက်တယ်ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး ဒီလူဟာ ဘယ်လောက်ပဲ ဆိုးဝါးတဲ့လူ ဖြစ်နေပါစေအုံး ဒီလို နှိပ်စက်ပြီး အရသာခံနေဖို့တော့ မသင့်ဘူးလေဗျာ"
စုချန်း၏ စကားကြောင့် ယွဲ့လောင်ရှ၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ ထို့နောက် သူမက ခေါင်းညိတ်လိုက်သည်။
"ရှင် သတိပေးတာ ကျေးဇူးတင်ပါတယ် ကျွန်မ နားလည်ပါပြီ"
စကားဆုံးသည်နှင့် သူမသည် မချိတင်ကဲ ဝေဒနာခံစားနေရသော မာရန်းချီဆီသို့ လျှောက်သွားပြီး လက်တဖက်ကို လှုပ်ရှားလိုက်သည်။
လရောင်ကဲ့သို့ ဖြူဖွေးသော အလင်းရောင်တချက် ထွက်ပေါ်လာပြီး မာရန်းချီ၏ ဦးခေါင်းသည် လည်တိုင်မှ ပြုတ်ထွက်သွားလေသည်။
_____________×××_____________×××_____________
မာရန်းချီသေဆုံးပြီးနောက် ရှည်လျားပြင်းထန်လှသော တိုက်ပွဲရှည်ကြီး အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
ရှီကိုင်းဟွမ်၊စုချန်း၊ယွဲ့လောင်ရှတို့အပြင် ဇုချန်းညှိုသည်လည်း အသက်ရှင်ကျန်ရစ်ခဲ့၏။
နောက်ထပ် အသက်ရှင်ကျန်ရစ်ခဲ့သူမှာကား ဟွမ်းမင်ပင် ဖြစ်သည်။
ဟွမ်းမင်ကား အတော်ပင် ကုသိုလ်ကံထူး၍သာ အသက်ရှင်ကျန်နေခဲ့ခြင်း ဖြစ်သည်။ ဦးလေးဆယ့်တစ်က သူ့ကို သတ်တော့မည့်ဆဲဆဲတွင် စုချန်းက ကြားဝင်ဟန့်တားလိုက်၏။ တဖန် မာရန်းချီနှင့် ဦးလေးဆယ့်တစ် အသည်းအသန်တိုက်ခိုက်နေကြချိန်ဝယ် ထွက်ပြေးရန်ပင် အားမရှိတော့ရှာသော သူ့အား ရှီကိုင်းဟွမ်က အလွယ်တကူ ဖမ်းဆီးထားလိုက်လေသည်။
"မင်း သူတို့နှစ်ယောက်ကို ဘာလုပ်ဖို့စီစဉ်ထားသလဲ"
စုချန်းသည် သူ့တပည့်သာ ဖြစ်သော်လည်း ဤနေရာတွင်တော့ စုချန်း၏ စိတ်ကူးစိတ်သန်းနှင့် ဖြတ်ထိုးညဏ်တို့ကို ရှီကိုင်းဟွမ် တန်ဖိုးထား၏။ လေးစား၏။
"သေတဲ့လူတွေကော ရှင်တဲ့လူတွေကော ကျွန်တော်တို့ ပြန်သယ်သွားမယ် သူတို့ကို အသုံးချစရာရှိသေးတယ်"
ရှီကိုင်းဟွမ်၏ မျက်နှာပေါ်တွင် 'ငါထင်သားပဲ'ဟူသော အမူအရာမျိုး ပေါ်လာ၏။ ထို့နောက် သူက လူသေအလောင်းများကို တနေရာတွင် စုပုံလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော အလောင်းများသည် သက်မဲ့အရာများသာ ဖြစ်ကြသောကြောင့် လေဟာနယ်လက်စွပ်အတွင်း ထည့်သွင်းသယ်ယူနိုင်သောကြောင့်ပင်။
နောက်ထပ် အလောင်းတလောင်းကို လက်စွပ်အတွင်း ထည့်သွင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှီကိုင်းဟွမ်၏ ပါးစပ်မှ အာမေဋိတ်သံတချက် ထွက်ပေါ်လာ၏။
"ဟေ့ ဒီတယောက်က မသေသေးဘူးကွ"
"ဘယ်သူလဲ ဆရာ"
စုချန်းက ကြည့်လိုက်ရာ ထိုသူမှာ ကျန့်ပါ့ရှန်း ဖြစ်နေ၏။ ထိုအမျိုးသမီးသည် ဦးလေးဆယ့်တစ်၏ လက်ချက်ကြောင့် ဦးခေါင်းတခုလုံး မွမွကြေသွား၏။ အမှန်ဆိုလျင် ဆယ်ခါပြန် သေသင့်သော ဒဏ်ရာမျိုးဖြစ်သည်။ သို့သော် စုချန်းတို့ တွေ့လိုက်ရသည်မှာကား ယခုအချိနထိ သူမ မသေသေးချေ။ အသက်ကို ဖြည်းညှင်းစွာရှုလျက် သတိမေ့လျက်ရှိလေ၏။
ကျန့်ပါ့ရှန်း မသေသေးမှန်း သိလိုက်ရသောအခါ စုချန်းက ပြုံးလိုက်သည်။
"ဒီအမျိုးသမီးဟာ အံ့သြလောက်စရာကောင်းတဲ့ ပြန်လည်ပြည့်ဖြိုးခြင်းမူလစွမ်းရည်တမျိုးကို ပိုင်ဆိုင်ထားတယ် သူမသေသေးတာ သိပ်ကောင်းတယ် သူ့ကိုအသုံးချပြီး သုတေသနတွေ လုပ်ကြည့်ရမယ်"
"စုချန်း မင်း ဒီလူတွေအကုန်လုံးကို သုတေသနလုပ်ဖို့ စီစဉ်နေတာလား"
"အမှန်ပါပဲဆရာ ဒါဟာ ရတောင့်ရခဲလှတဲ့ အခွင့်အရေးကြီးပါ ပြီးတော့..."
စုချန်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ စကားဆက်လိုက်သည်။
"တော်ဝင်မျိုးနွယ်စုဝင်တွေ သြဇာတိက္ကမ အလွန်ကြီးမားကြတယ်ဆိုတာ သူတို့ရဲ့ သွေးဗီဇဟာ တစုံတယောက်ရဲ့ အင်အားအတွက် မရှိမဖြစ် လိုအပ်နေလို့ဆိုတဲ့ အကြောင်းတခုတည်းကြောင့် မဟုတ်ဘူး ကိုယ်ခန္ဓာစွမ်းအင်အဆင့်တူချင်း နှိုင်းယှဉ်ရင်တောင် မယုံနိုင်စရာကောင်းလောက်အောင် သာလွန်မြင့်မားနေတဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကြောင့်လည်း ပါတယ် ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားချင်တယ်ဆိုရင် သွေးဗီဇမပါပဲ အဆင့်မြင့်နယ်ပယ်တွေကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းတွေကို တီထွင်ကြံဆရုံတင်မကဘူး သွေးမဲ့မူလစွမ်းရည်တွေဟာ သွေးဗီဇမူလစွမ်းရည်တွေထက် သာလွန်ကောင်းမွန်နေဖို့လည်း လိုအပ်တယ် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ သွေးဗီဇမလိုပဲ ချီစုဆောင်းခြင်းနယ်ပယ်ကနေ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို တီထွင်ဖော်ထုတ်နိုင်ခဲ့ပြီ နောက်ခြေလှမ်းကတော့ သွေးမဲ့မူလစွမ်းရည်တွေဖက်ကို အာရုံစိုက်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ဆရာ"
"ဟဲဟဲ ဒါတွေကို ဖြန့်ဝေဖို့ မင်းမှာ တကယ်ဆန္ဒမရှိပါဘူးကွ ဟုတ်သလား ငါပြောတာ"
ထိုအခါ စုချန်းက သွားများပေါ်အောင်ပင် ရယ်မောလိုက်သည်။
"တနေ့နေ့မှာတွေ ဒါတွေအကုန်လုံးကို ကျွန်တော် ဝေငှလိုက်မှာပါ ဆရာရယ် ဒါပေမဲ့ အခုတော့ ဒါတွေကို ကျွန်တော့ရဲ့ ဝှက်ဖဲအဖြစ် သုံးပါရစေအုံး ဒါမှသာ ကျွန်တော်ဟာ အစစအရာရာ ဆရာ့အပေါ် မှီခိုနေရတဲ့ဘဝက လွတ်တော့မှာပေါ့"
"အစစအရာရာတိုင်းမှာ ငါ့အပေါ် မှီခိုနေရတယ် ဟုတ်လား"
ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ပြောလိုက်၏။
"ခုလည်း ဒါတွေအကုန်လုံးကို မင်းတယောက်တည်း စီစဉ်သွားတာပါပဲကွာ ငါက လမ်းကြုံလို့ ဝင်ကူတဲ့သဘောလောက်ပဲ ရှိတာပါ"
"ဟာ ဒါကတော့ ဆရာ ကျွန်တော့ကို တစိမ်းတယောက်လို သဘောထားပြီး ပြောနေတာပဲဗျ"
"ဟေ တစိမ်းလို သဘောထားပြီး ပြောတယ် ဟုတ်လား မင်းကတောင် မင်းနဲ့ ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်မှုကို ငါ့ကို ပြောပြလို့လားကွ"
"ဒါကတော့ ဆရာ ဒီကိစ္စ မေးဖို့စိတ်ကူးမရှိဘူးလို့ ကျွန်တော် ထင်နေတာကိုး"
"ဟေ ငါက မင်းကိုယ်တိုင် ဝန်ခံလာမဲ့အချိန်ကို စောင့်နေတာကွ"
"ဒါဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် ခင်မင်ရင်းနှီးမှုရှိတယ်လို့ ထင်နေတာ မှားနေပြီနဲ့တူတယ်"
".........."