ညတစ္ဆေ၏ သစ္စာတရား
Vol. 26 Ch. 255
ဤသို့ ဆရာတပည့်နှစ်ယောက် အပြန်အလှန် နောက်ပြောင်ကျီစယ်နေစဉ်မှာပင် ယွဲ့လောင်ရှက သူတို့ထံသို့ လျှောက်လာ၏။
ထို့နောက် သူမက စုချန်းကို ပြောလိုက်သည်။
"ခုလို ကျွန်မအဖေအတွက် လက်စားချေတဲ့နေရာမှာ ကျွန်မကို ကူညီတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် နောက်နောင်များ ရှင့်မှာတစုံတရာ လိုအပ်လာခဲ့ပြီဆိုရင် ကျွန်မကို မမေ့ပါနဲ့"
"ကျုပ်တို့ တယောက်နဲ့တယောက် အပြန်အလှန် ကူညီခဲ့ကြပြီးပါပြီဗျာ"
စုချန်းက ပြန်ပြောလိုက်၏။
"ကျုပ် ခင်ဗျားကို နေရာချခိုင်းထားတဲ့ပစ္စည်းကော နေသားတကျရှိရဲ့လား ကျုပ်ပြောတဲ့အတိုင်းတော့ လုပ်ထားတယ်မလား"
ယွဲ့လောင်ရှက ခေါင်းညိတိပြီး သစ်ပင်နောက်သို့ လက်ညှိုးထိုးပြလိုက်သည်။
စုချန်းသည် သစ်ပင်ပေါ်သို့ ခုန်တက်ပြီး သစ်ရွက်များအကြားမှ မူလစွမ်းအင်ပုံစံငွေပြားကို ဆွဲထုတ်လိုက်၏။
ထိုငွေပြားမှာတခြားမဟုတ်။ ပုံရိပ်ဖမ်းငွေပြား ဖြစ်သည်။ ထိုအထဲတွင် တိုက်ပွဲဖြစ်စဉ်ကြီး တခုလုံးကို ပြီးပြည့်စုံစွာ မှတ်တမ်းတင်ထားခဲ့လေပြီ။
ပုံရိပ်ဖမ်းငွေပြားကို စေ့စေ့စပ်စပ် ကြည့်ရှုပြီး မည်သည့်ပျက်းစီးမှုမှ မရှိမှန်း သိသွားသည်နှင့် စုချန်း၏ နှုတ်ခမ်းထောင့်တွင် အလွန်တရာ နှစ်သိမ့်ကျေနပ်သော အပြုံးတရပ် ပေါ်ပေါက်လာ၏။
"ရှင် နောက်ထပ်ဘာလုပ်ဖို့စီစဉ်ထားတာလဲ"
ယွဲ့လောင်ရှက မေးလိုက်သည်။
စုချန်းက အနည်းငယ်မှ တုံ့ဆိုင်းခြင်းမရှိပဲ ယွဲ့လောင်ရှ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ကျုပ်က ဒီပုံရိပ်ဖမ်းငွေပြားကို လိုအပ်သလောက် အပိုင်းလေးတွေအဖြစ် ခွဲထုတ်မိတ္တူပွားမယ် ပြီးရင် ဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ မျိုးနွယ်စုဝင်တိုင်းဆီကို ပို့ပေးလိုက်မယ်"
ထိုအခါ ယွဲ့လောင်ရှ၏ မျက်နှာပေါ်တွင် အလွန်တရာ ချီးမွမ်းအံ့သြဟန် ပေါ်လာ၏။
"ဒါဆိုရင်တော့ မျိုးနွယ်စုခြောက်စုက သူတို့ရဲ့မျိုးနွယ်စုဝင်တွေဟာ ဇုမျိုးနွယ်လက်ထဲမှာ အသက်ပျောက်သွားတာကို သိသွားလိမ့်မယ် အဲဒီလိုပဲ ဇုမျိုးနွယ်တွေကလည်း သူတို့ရဲ့ ဦးလေးဆယ့်တစ်ဟာ ရှင်သန်ခြင်းကျောင်းတော်ကြောင့် သေဆုံးသွားတယ်ဆိုတာကို သဘောပေါက်သွားလိမ့်မယ် ရှင်သန်ခြင်းကျောင်းတော်ကလည်း မာရန်းချီကို ကျွန်မ သတ်လိုက်တယ်ဆိုတာကို သိသွားလိမ့်မယ် ဒါဆိုရင်တော့ သိပ်မကြာခင်မှာပဲ မျိုးနွယ်စုဝင်တိုင်း အဖွဲ့အစည်းတိုင်းဟာ ဒေါသအကြီးအကျယ်ထွက်ပြီး သူတို့နဲ့ သက်ဆိုင်ရာ ပစ်မှတ်အသီးသီးကို လက်စားချေကြတော့မှာပဲ ဒီအစီအစဉ်ရဲ့ အလှပဆုံးအစိတ်အပိုင်းက ရှင်ဟာ သူတို့ကို သူတို့သိဖို့လိုအပ်သလောက်ပဲ ပေးသိမှာဖြစ်တဲ့အတွက် အရာအားလုံးဟာ ရှင်ပြောသလိုပဲ တိတိကျကျ ဖြစ်ပျက်လာတော့မှာပဲ ဒီဖြစ်ရပ်ကြီးတခုလုံးကို အမှန်အတိုင်း သိတဲ့လူဆိုလို့ ကျွန်မပဲ ရှိတော့တယ် ကျွန်မအနေဲ့ကတော့ ကျွန်မအဖေအတွက် လက်စားချေခွင့်ရဖို့ ဒီဝန်ထုပ်ဝန်ပိုးကို ကျေကျနပ်နပ်ကြီး ထမ်းပိုးဖို့ ဆန္ဒရှိပါတယ်ရှင်"
"ခင်ဗျား လက်စားချေရမှာပါ မာရန်းချီကို ခင်ဗျားသတ်တာ သူတို့ သိသွားရင်တောင် တချိန်တည်းမှာ ဇုမျိုးနွယ်စုနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ရှင်သန်ခြင်းကျောင်းတော်အတွက် သိပ်တော့မလွယ်လှဘူး အဲဒီလိုပဲ သူတို့ အုပ်စုကြီးသုံးစုဟာ အချင်းချင်း ထွေးလုံးပတ်လုံး သတ်ဖြတ်နေကြတဲ့အတွက် ကျုပ်တို့ကို အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး"
"ဘယ်လောက်တောင် လှပလိုက်တဲ့ အစီအစဉ်လဲရှင်"
ယွဲ့လောင်ရှက စုချန်းအား အထင်ကြီးလေးစားသော မျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်လေသည်။
"ကျုပ်တို့ ကံကောင်းသွားတာလဲ ပါပါတယ်"
စုချန်းက ပုံရိပ်ဖမ်းငွေပြားကို ဂရုတစိုက်နှင့် သိမ်းဆည်းရင်း ပြောလိုက်၏။
"ဒီပုံရိပ်ဖမ်းငွေပြားကို ခွဲထုတ်ပြီးရင် သူတို့ဆီကို ခင်ဗျားနာမည်တပ်ပြီး ပို့လိုက်မယ် ခင်ဗျား ဘယ်လိုသဘောရသလဲ"
ယွဲ့လောင်ရှက ရယ်မောလိုက်၏။
"ပြသနာမရှိပါဘူးရှင် ကျွန်မမှာ သူတို့ကို ရှင်းပြစရာ အကြောင်းပြချက်ကောင်းကောင်းရှိပါတယ် ဒီလိုပြောလိုက်မယ်လေ မာရန်းချီဟာ ကျွန်မနောက်ကို လိုက်လာရင်း တိုက်ပွဲကို တွေ့တော့ ဒီအခြေအနေပေါ်မှာ အမြတ်ထုတ်ဖို့ စိတ်ကူးပေါ်လာတယ် တိုက်ပွဲအနီးကို လျှို့ဝှက်ပြီး ချည်ူကပ်သွားတယ် အဲဒီမှာတင် မမျှော်လင့်ပဲ သူ အကြီးအကျယ် ဒဏ်ရာရသွားတယ် ဒါကို အခွင့်ကောင်းယူပြီး ကျွန်မက သူ့ကို သတ်ပစ်လိုက်နိုင်တယ် ကဲ ဘယ်လိုသဘောရသလဲရှင့် ကျွန်မပြောတာကို"
"မဆိုးဘူး အဆင်ပြေမဲ့ပုံပဲ"
ထို့နောက် စုချန်းနှင့် ယွဲ့လောင်ရှသည် တယောက်နှင့်တယောက် စိုက်ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ကြလေသည်။
ယခုဆိုလျင် သူတို့သည် အခင်းဖြစ်ပွားရာ နေရာတခုလုံးကို ရှင်းလင်းပြီးပြီ ဖြစ်သည်။ ရှီကိုင်းဟွမ်သည် မူလစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည် ကြိုးသုံးချောင်းကို ဖန်တီးပြီး ဇုချန်းညှို၊ ဟွမ်းမင်နှင့် ကျန့်ပါ့ရှန်းတို့ကို တုပ်နှောင်လိုက်၏။
"ဆရာ...ဆရာ့ဆီမှာ မာရန်းချီရဲ့ လေဟာနယ်လက်စွပ်များ ရှိသလား"
စုချန်းက ရှီကိုင်းဟွမ်ကို မေးလိုက်ခြင်း ဖြစ်သည်။ ရှီကိုင်းဟွမ်က ခေါင်းညိတ်ပြီး လက်စွပ်တကွင်းကို လှမ်းပစ်လိုက်၏။ အထဲတွင်ကား ဝိညာဉ်တည်ငြိမ်ခြင်း ဆေးပုလင်း ၈၀တိတိမှာ အစီအရီ ရှိနေသည်။ စုချန်း၏ မျက်နှာ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဆရာတို့နှစ်ယောက် ကျောင်းကိုအရင် ပြန်နှင့်လိုက်ကြဗျာ ကျွန်တော် နည်းနည်းလုပ်စရာပေါ်လာလို့"
"ဟာ ဒီကောင် ကိုယ့်ဆရာကို အမိန့်ပြန်ပေးနေတာပါကလား"
ပါးစပ်ကသာ စကားအဖြစ် ပြောလိုက်သော်လည်း ရှီကိုင်းဟွမ်သည် ဖမ်းထားသောလူသုံးယောက်က်ိုခေါ်ပြီး နဂါးကျောင်းတော်သို့ ပြန်သွားလေသည်။
ယွဲ့လောင်ရှကလည်း ပြန်ရန်ဟန်ပြင်လိုက်သည်။ မပြန်ခင် သူမက စုချန်းကို ပြောလိုက်၏။
"နောင်အနာဂတ်မှာ ရှင်သန်ခြင်းကျောင်းတော်နဲ့ ပတ်သက်လို့ အကူအညီလိုလာပြီဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို လာရှာစမ်းပါရှင်"
စုချန်း ခေါင်းညိတ်ပြလိုက်သည်။
"ရှာပါ့မယ်"
"ဒါဆိုလည်း....နှုတ်ဆက်ခဲ့ပါတယ်ရှင်"
စုချန်းကလည်း ပြန်ပြောလိုက်၏။
"နှုတ်ဆက်ပါတယ်ဗျာ"
ထို့နောက် ယွဲ့လောင်ရှသည် စုရှန်းကို စူးနင့်နက်ရှိုင်းစွာ စိုက်ကြည့်ပြီး ချာခနဲလှည့်ထွက်သွားလေသည်။
ရှီကိုင်းဟွမ်နှင့် ယွဲ့လောင်ရှတို့ ထွက်ခွာသွားသည်နှင့် စုချန်းသည် သူတို့နှင့် ဆန့်ကျင်ဘက်သို့ ဦးတည်လျှောက်လာခဲ့၏။ အတန်ကြသော် သူသည် ယခင်လာဖူးနေကျ လမ်းကြားလေးသို့ ပြန်လည်ရောက်ရှိလာပြန်သည်။
စုချန်းက ခြံဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ ခြံဝင်းအတွင်း၌ကား ခွေးတကောင်ကြောင်တမြီးမှပင် မရှိ။ ထိုအခါ စုချန်းသည် လဲလျောင်းစရာ တနေရာရှာပြီး စိတ်အေးလက်အေးနှင့် အနားယူနေလိုက်၏။ အချိန်မည်မျှ ကြာသွားသည်မသိ။ တစုံတယောက် ခြံဝင်းအတွင်းသို့ လှမ်းဝင်လာသံကို စုချန်း ကြားလိုက်ရသည်။
ခြေသံမှာ ကြည်လင်ပြီး အနိမ့်အမြင့် အစိပ်အကျဲ မှန်လှသည်။
ညတစ္ဆေ ရောက်ရှိလာပြီတည်း။
စုချန်းကို မြင်လိုက်သောအခါ ညတစ္ဆေ၏ မျက်လုံးအစုံမှာ ဝင်းလက်တောက်ပသွား၏။
"အိုး မင်းတောင်ရောက်နေပြီကိုး ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန်ဆန်ဆန် ရောက်နေတာလဲ ငါ မင်းကိုတောင် အကြောင်းမကြားရသေးဘူး"
စုချန်းက ပျင်းရိလေးတွဲ့သော ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ကျုပ် အတော်လေး အလျင်လိုနေတယ်ဗျ ဒါကြောင့် အချိန်မဖြုန်းတော့ပဲ ခင်ဗျားကို ဒီမှာလာပြီး စောင့်နေတာ"
"ငါ့နှယ်နှော်"
ညတစ္ဆေက စိတ်မသက်မသာဖြစ်သည့်ဟန်ဖြင့် ရေရွတ်ပြီး လက်စွပ်အတွင်းမှ အိတ်ကြီးတအိတ်ကို ဆွဲထုတ်ပြီး စုချန်း၏ ရှေ့တွင် ပစ်ချပေးလိုက်သည်။
"အဲဒီမှာ မင်းလိုချင်တဲ့ ဆေးဘက်ဝင်ပါဝင်ပစ္စည်းတွေ အကုန်လုံး ပါလာတယ် ကဲ ပိုက်ဆံပေးတော့"
ညတစ္ဆေက သူမ၏ ဖြူဖွေးသေးငယ်သော လက်ကို ဖြန့်ရင်း စုချန်းဆီမှ ပိုက်ဆံတောင်းလိုက်သည်။ စုချန်းကလည်း မူလကျောက်တုံးတချို့ကို သူမ၏ လက်ဖဝါးအတွင်း ထည့်ပေးလိုက်၏။ မူလကျောက်တုံးများကို လျင်မြန်စွာ ရေတွက်ပြီး ညတစ္ဆေက ပြောလိုက်သည်။
"ဘာလို့ ကျောက်တုံး၂၀၀ ပိုနေတာလဲ"
"ခင်ဗျား ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရလို့ အပိုဆုပေါ့ဗျာ"
"အမယ် မင်းက ဒီလိုကျတော့လဲ အသိတရားရှိသားပဲ"
ညတစ္ဆေက စုချန်းကို ညှုတုတုနိုင်သော အကြည့်နှင့် စိုက်ကြည့်ပြီး ပြောလိုက်လေသည်။
"ဒီထက်တောင် ပိုပါသေးတယ်ဗျာ"
ပြောပြောဆိုဆို စုချန်းက ညတစ္ဆေအား သေတ္တာငယ်တလုံး ပေးလိုက်ပြန်သည်။ သေတ္တာအတွင်း၌ ဝိညာဉ်တည်ငြိမ်ခြင်းဆေးပုလင်း ၈၀တိတိ ရှိနေ၏။
"ဝိညာဉ်တည်ငြိမ်ခြင်းဆေးတွေပါလား"
"ဒုတိယအသုတ်အနေနဲ့ ကျွန်တော် ပေးမယ်လို့ သဘောတူထားတဲ့ဟာတွေလေဗျာ"
အမှန်တော့ စုချန်းအနေနှင့် ရှင်သန်ခြင်းကျောင်းတော်ကို ဝိညာဉ်တည်ငြိမ်ခြင်းဆေးပုလင်းများ ဒုတိယအသုတ်အနေနှင့် ပေးအပ်ရန် ဘယ်တုန်းကမှ စိတ်ကူးခဲ့သည်မဟုတ်ပေ။ မာရန်းချီက အတင်းအကြပ် ခြိမ်းခြောက်နေသည့်အတွက် သူ့အတွက် လူးသာလွန့်သာဖြစ်အောင် အချိုသပ်ထားလိုက်သည့် သဘောသာ။ ယခုဆေးပုလင်း၈၀သည် ပထမအကြိမ်ပေးလိုက်သည့် ဆေးပုလင်းများသည် ဖြစ်လေသည်။
ညတစ္ဆေ ခေါင်းရှုပ်သွား၏။
"ဒါတွေကို မာရန်းချီလက်ထဲ ထည့်လိုက်မယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား"
စုချန်းက အဓိပ္ပါယ်ပါပါ ပြန်ပြောလိုက်သည်။
"သူနဲ့ ကျုပ်ဟာ အတူတွဲပြီ အလုပ်လုပ်ရအုံးမယ်လို့ ကျုပ်တော့မထင်ဘူးဗျ"
ညတစ္ဆေ ပို၍နားမလည်နိုင်ပဲ ဖြစ်သွား၏။
"ဘာဖြစ်လို့လဲ"
စုချန်းက ပုခုံးတွန့်ရင်း ရယ်မောလိုက်သည်။
"ဘာကြောင့်လဲဆိုတာ မေးမနေပါနဲ့ဗျာ ဒီဆေးတွေကိုသာ ခင်ဗျားရဲ့ အထက်လူကြီးတွေဆီ ယူသွားစမ်းပါ သူတို့ သဘောပေါက်ပါလိမ့်မယ်"
"ကောင်းပြီလေ"
ညတစ္ဆေက ခေါင်းညိတ်သဘောတူလိုက်သည်။
ညတစ္ဆေ၏ နုံအပုံကိုကြည့်ပြီး စုချန်း၏ စိတ်ထဲတွင် အတွေးတမျိုး ဝင်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ညတစ္ဆေ"
"အင်း ပြော"
"ကျုပ်တို့က သူငယ်ချင်းတွေမလား"
"ဒါပေါ့"
ညတစ္ဆေက ခေါင်းကို အလေးအနက်ထား၍ ညိတ်ပြလိုက်သည်။
"ဒါဆိုရင် နောင်အနာဂတ်မှာ ခင်ဗျားက ကျုပ်ကို တိုက်ခိုက်မှာလား"
"ဘာလို့ တိုက်ခိုက်မှာတုန်း မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေလေ သူငယ်ချင်းတွေဟာ အချင်းချင်း ပြန်တိုက်လေ့မရှိဘူး"
"ဒါပေမဲ့ တနေ့မှာ ကျုပ်နဲ့ ရှင်သန်ခြင်းကျောင်းတော်ဟာ ရန်သူတွေ ဖြစ်သွားပြီဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ"
ညတစ္ဆေ မျက်လုံးပြူးသွား၏။
"ရှင်သန်ခြင်းကျောင်းတော်နဲ့ မင်းနဲ့ ဘာဖြစ်လို့ ရန်သူတွေ ဖြစ်မှာလဲ"
"ကျုပ်က ဒီအတိုင်း တွေးကြည့်နေတာပါ"
ညတစ္ဆေကား နှုတ်ခမ်းကိုကိုက်ရင်း အလေးအနက် စဉ်းစားလျက်ရှိသည်။ အတန်ကြာမှ သူမက ပြောလိုက်၏။
"အဲဒါဆိုရင်တော့ ငါလုပ်နိုင်တာ တခုပဲရှိတယ်"
"ဘာများလဲဗျ"
"ငါဟာ သူငယ်ချင်းရဲ့အသက်ကို ကယ်ဖို့ ငါ့အသက်ကို ပေးရရင်လည်း ဝန်မလေးဘူး တကယ်လို့ မင်း ပြောတဲ့နေ့မျိုးကိုသာ အမှန်တကယ် ရောက်လာခဲ့ရင် ပထမဆုံး ငါလုပ်မှာက ရှင်သန်ခြင်းကျောင်းတော်ဟာ မင်းကို သတ်ဖို့ကြိုးစားနေပြီ ဒါကြောင့် မင်းအနေနှင့် အမြန်ဆုံး ရှောင်သွားသင့်တယ်လို့ မင်းကို ငါ ကြိုပြီး သတိပေးမယ် ပြီးတာနဲ့ ငါ့ရဲ့ အထက်အကြီးအကဲတွေရှေ့မှာ ငါ ဘာလုပ်ခဲ့တယ်ဆိုတာကို အမှန်အတိုင်း ဝန်ခံလိုက်မယ် ပေးလာတဲ့အပြစ်ကို ရင်ကော့ခေါင်းမော့ပြီး ခံယူလိုက်မယ်"
ပြောရင်းနှင့် ညတစ္ဆေ၏ မျက်နှာပေါ်တွင် အမှန်တကယ် ခံစားသက်ဝင်နေဟန် ပေါ်လာ၏။ သူမက စကားဆက်ပြန်သည်။
"ငါဟာ သူငယ်ချင်းအတွက် အသက်ပေးဖို့ ဝန်မလေးဘူး ငါ့အဖွဲ့အစည်းကိုလည်း ငါ သစ္စာမဖောက်နိုင်ဘူး ဒီတော့ အရာရာကို ရဲရဲရင့်ရင့် ရင်ဆိုင်ရုံကလွဲလို့ တခြားရွေးစရာလမ်း ငါ့မှာမရှိဘူး"
စုချန်း ဘာပြောရမှန်းမသိပဲ ဖြစ်သွားလေသည်။
ညတစ္ဆေက စုချန်းကို လှမ်းကြည့်ပြီး မေးလိုက်သည်။
"ဒီလောက်ဆိုရင် ငါဟာ သူငယ်ချင်းကောင်းလို့ ပြောလို့ရပြီလား"
"ဟုတ်တယ် ပြောလို့ရပါပြီ ခင်ဗျားဟာ တကယ်ကို သစ္စရှိပါပေတယ်"
စုချန်းက ညတစ္ဆေ၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
ညတစ္ဆေက အလွန်တောက်ပစွာ ပြုံးလိုက်၏။
"ဒီလောက်ထိ စိတ်ရှုပ်ရှားစရာမလိုပါဘူးကွာ ငါဟာ အဲဒီလောက် အထင်ကြီးစရာကောင်းတဲ့ လူစားမျိုးမှ မဟုတ်တာ ဒီမေးခွန်းကလည်း မင်းမေးလို့သာ ငါ့မှာ အတော်လေးစဉ်းစားပြီး ဖြေလိုက်ရတာ ပြီးတောာ့ ဒါဟာ သဘောတရားသက်သက်ပဲ ရှိသေးတာလေ တကယ်မှ ဖြစ်မလာသေးတယ် ငါတို့ ဒါကို ရှောင်လွှဲလို့ရပါသေးတယ် ဟုတ်တယ်မလား"
"မှန်ပါတယ်ဗျာ မှန်ပါတယ် ခင်ဗျားပြောတာ မှန်ပါတယ်"
စုချန်းက ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ထောက်ခံလိုက်သည်။
မိမိစကားကို မိမိ အခိုင်အမာ ယုံကြည်ဟန်ဖြင့် ပြောဆိုနေသော ညတစ္ဆေကိုကြည့်ရင်း စုချန်း တွေးမိသည်မှာကား...
အနာဂတ်တွင် များပြားလှသော အန္တရာယ်များ စောင့်ကြိုနေမည်မှာ သေချာနေ၏။
သို့သော်...
ပျော်ရွှင်စရာ၊ ကြည်နူးနှစ်သိမ့်စရာများလည်း ရှိနေတတ်ချေသည်တကား။