အကျဉ်းသားများ
Vol. 26 Ch. 256
အချိန်းအချက် ပြုလုပ်သောနေရာမှ ပြန်လာပြီးနောက် စုချန်းသည် လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့၏။
ပြီးခဲ့သည့် ကြောက်မက်ဖွယ်ရာ တိုက်ပွဲရှည်ကြီးသည် စုချန်းကို အကျိုးအမြတ်များများစွာ ရရှိစေခဲ့လေသည်။
ဇုမျိုးနွယ်စုများနှင့် မျိုးနွယ်စုခြောက်စုထံမှ စုချန်းသည် အမျိုးမျိုး အဖုံဖုံသော ပစ္စည်းများကို စုဆောင်းရရှိခဲ့၏။ ထိုအထဲတွင် မူလကျောက်တုံးများ၊ ဆေးဘက်ဝင်ပါဝင်ပစ္စည်းများ၊ ကျင့်ကြံခြင်းနည်းစနစ်များအပြင် ယုတ်စွအဆုံး မူလကိရိယာများပင် ပါဝင်နေသေးသည်။
သို့သော် စုချန်းအတွက် တန်ဖိုးအကြီးမားဆုံးပစ္စည်းများမှာ ထိုလူပုဂ္ဂိုလ်များကိုယ်တိုင်သာ ဖြစ်သည်။
တော်ဝင်မျိုးနွယ်စုခုနှစ်စုမှ မည်သူမဆိုသည် စုချန်းအတွက်တော့ တန်ဖိုးကြီးမားလှသော အစမ်းသပ်ခံများသာ ဖြစ်ကြကုန်၏။ သေဆုံးသွားသည့်တိုင်အောင် ၎င်းတို့ကိုယ်တွင်း၌ သွေးများကျန်ရှိနေသေး၍ မသေခင်ကကဲ့သို့ပင် ၎င်းတို့၏ ကိုယ်ခန္ဓာသည် တန်ဖိုးကြီးမားနေဆဲသာ ဖြစ်သည်။ စုချန်း၏ မူလစွမ်းအင်များကို မြင်နိုင်သောမျက်လုံးသည် ကိုယ်တွင်းရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကို အသေးစိတ်မြင်နိုင်သောကြောင့် အမှန်တရားကို ရှာဖွေရာတွင် အသုံးဝင်လှသည်။ ထိုအခါ စုချန်း၏ သုတေသနလုပ်ငန်းများသည် ပို၍လွယ်ကူလာ၏။ တခြားလူများအနေနှင့် သာမာန်မျက်လုံးများဖြင့််သာ မြင်နိုင်သည့် မူလစွမ်းအင်၏ ရှုပ်ထွေးလှသော နယ်ပယ်များအတွင်း ပိတ်မိနေစဉ် စုချန်းသည် ထူးခြားသော အမြင်အာရုံကို အသုံးပြု၍ မူလစွမ်းအင်လမ်းကြောင်းများကို အသေးစိတ် မြင်တွေ့နိုင်ခဲ့လေသည်။ ဤပုံဤနည်းအားဖြင့် စုချန်းသည် သုံးသပ်ချက်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ချမှတ်နိုင်ခဲ့လေသည်။
သုတေသနလုပ်ငန်းများအတွက် စုချန်းသည် ဆေးဝါးအများအပြား ပြင်ဆင်ထားသည့်အပြင် လူအသွေးအသားများ၊ ကိုယ်တွင်းအင်္ဂါများ၊ အသားနမူနာများကိုပါ စုဆောင်းထား၏။ ဤသို့ပြင်ဆင်ထားခြင်းမှာ အလွန်ညစ်ပတ်သည်ဟု ထင်စရာရှိသော်လည်း သူလျှောက်ရမည့်လမ်းပေါ်ရှိ အခက်အခဲ၊ အတားအဆီးများနှင့်စာလျင် အသေးအဖွေးမျှသာ။ သာမာန်အခက်အခဲကိုမျှ မကိုင်တွယ်နိုင်လျင် ကြီးကျယ်သော အိပ်မက်ကို အဘယ်မှာ ထုဆစ်နိုင်အံ့နည်း။
အမှန်တော့ လူသေအလောင်းများနှင့်စာလျင် အသက်ရှင်သောသူများက ပို၍ တန်ဖိုးကြီးမားသည်ကတော့ အမှန်ပင်။
စုချန်းသည် အလောင်းများအား စနစ်တကျ ပြင်ဆင်ထားသိုပြီးသည်နှင့် အကျဉ်းသားများ၏ အခြေအနေကို စစ်ဆေးရန် သွားခဲ့၏။ သူ ပထမဦးဆုံး သွားကြည့်သည့်လူမှာ ဟွမ်းမင်ဖြစ်သည်။
ဟွမ်းမင်၏ အခြေအနေမှာကား ဆိုးဝါးလှသည်။ သူ့တကိုယ်လုံးရှိ အရိုးများမှာ ကျိုးပဲ့နေပြီး ကိုယ်တွင်းအင်္ဂါများမှလည်း ရစရာမရှိအောင် ပေါက်ပြဲနေ၏။ ဤအတိုင်းဆိုလျင် ဟွမ်းမင်ကား သိပ်မကြာခင် သေဆုံးသွားဖို့ သေချာသလောက်ရှိနေ၏။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်အဖို့ ဟွမ်းမင်သည် အင်အားကြီးမားလှသော်လည်း ကျန့်ပါ့ရှန်းကဲ့သို့ လျှို့ဝှက်နည်းစနစ်မျိုးကို လေ့ကျင့်ထားခြင်း မရှိလေရာ ပြင်းထန်လှသော ဒဏ်ရာမှ သက်သာလာစရာအကြောင်းမရှိတော့။
ဤအခြေအနေတွင် စုချန်းနှင့် ဆုံတွေ့မိ၍ ဟွမ်းမင်အဖို့ ကံထူးသွား၏။
နှစ်အတန်ကြာအောင် ပြင်းပြင်းထန်ထန် လေ့လာခဲ့ပြီးနောက် စုချန်း၏ ဆေးပညာမှာ ထိပ်တန်းအဆင့်သို့တိုင် ရောက်ရှိနေခဲ့လေပြီ။ စုချန်းသည် သေကောင်ပေါင်းလဲ ဖြစ်နေသော ဟွမ်းမင်ကို ခွဲစိတ်ကုသပြီး အင်မတန် တန်ဖိုးကြီးမားသည့်် ဆေးဝါးများကိုပင် ဖော်စပ်တိုက်ကျွေးခဲ့၏။ ရက်ပေါင်းအတော်ကြာ ပင်ပင်ပန်းပန်း ကုသပြီး စုချန်းသည် ဟွမ်းမင်ကို သေရွာမှ ပြန်ခေါ်နိုင်ခဲ့၏။ ဤသို့ ကုသနိုင်ခဲ့ခြင်းမှာ စုချန်း၏ ဆေးပညာစွမ်းရည်ကြောင့်သာမဟုတ်ပဲ ဟွမ်းမင်၏ ကြံခိုင်သောကိုယ်ကာယနှင့် တန်ဖိုးကြီးဆေးဝါးများ၏ အကူအညီလည်း များစွာပါဝင်လေသည်။
အသက်ပြန်ရှင်လာခြင်းကြောင့် ဟွမ်းမင် ကံကောင်းသွားသည်ဟု ဆိုနိုင်သလို တဖက်တွင်လည်း ကံဆိုးသွားသည်ဟု ဆိုနိုင်စရာတချို့တော့ ရှိနေသေးသည်မှာ အမှန်ပင်။
အကြောင်းမှာ စုချန်းသည် ဟွမ်းမင်ကို ဆေးကုသပေးခဲ့သော်လည်း သူ၏တကယ့်ရည်ရွယ်ချက်မှာကား ၎င်း၏ အသက်ကို ကယ်လို၍ မဟုတ်။ သုတေသနလုပ်ငန်းတွင် အစမ်းသပ်ခံအဖြစ် အသုံးချရန်သာ ဖြစ်နေသည်မဟုတ်ပါလား။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်ကို အစမ်းသပ်ခံအဖြစ် ရရှိဖို့ဟူသည်မှာ လွယ်သည့်ကိစ္စမဟုတ်။ ထို့ကြောင့် စုချန်းအတွက် ဟွမ်းမင်သည် တန်ဖိုးကြီးမားသော အစမ်းသပ်ခံပစ္စည်းတခုထက်မပို။ စုချန်းကိုယ်တိုင်ကလည်း ဆေးပညာတွင် ပါရမီပါလာသူတဦးဖြစ်လေရာ မိမိ၏ ဆေးပညာစွမ်းရည်များ တိုးတက်လာစေရန် အမြဲတစေ လေ့လာအားထုတ်နေတတ်၏။ ထိုအခါ ဟွမ်းမင်အဖို့ ကြီးမားလှသော ဒုက္ခသုက္ခနှင့် နေတဓူဝ ရင်ဆိုင်နေရရှာတော့သည်။ သူသည် စုချန်း သူ့ကို မတော်တဆ သတ်မိသည့်အချိန် မရောက်ခင်ထိ အိပ်ယာပေါ်တွင် ပက်လက်လန်ကာ စုချန်း လက်တည့်စမ်းသမျှ ဆေးဝါးအမျိုးမျိုးကို သောက်သုံးနေရလေသည်။
အမှန်တော့ ထိုအချိန်ထိ ဟွမ်းမင်သည် ကိုယ့်အခြေအနေကို မသိသေးပေ။
သူသည် အိပ်ယာပေါ်တွင် လဲလျောင်းလျက်ရှိ၏။ သူ့တကိုယ်လုံးကိုတော့ ပိုက်များဖြင့် သွယ်တန်းထားလေသည်။ သူသည် စုချန်းကို အင်အားမရှိသည့် မျက်လုံးအစုံဖြင့် ရီဝေစွာ စိုက်ကြည့်လျက်ရှိသည်။ စုချန်းကား ဆေးစာအုပ်ကိုကိုင်ပြီး ဟွမ်းမင်၏ ကိုခန္ဓာအပြောင်းအလဲများကို မှတ်တမ်းတင်လျက်ရှိသည်။
"မင်း.....ဘာကြောင့်....ငါ့ကို ကယ်ခဲ့တာလဲ"
ဟွမ်းမင်မှာ စကားကိုပင် မနည်းအားစိုက်ပြောနေရ၏။ စုချန်းက ဟွမ်းမင်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။ ဘာမှတော့ ပြန်လည်ရှင်းပြခြင်းမရှိ။
ရှင်းပြလျင်လည်း နားလည်လိ်မ့်မည်မဟုတ်ဟု စုချန်း ယုံကြည်ထားသည်မဟုတ်ပါလား။
ထိုအခါ သူက တကယ့်အကြောင်းပြချက်ကို ရှင်းပြခြင်းမရှိတော့ပဲ ဟွမ်းမင် လက်သင့်ခံနိုင်လောက်မည့် စကားကိုသာ ပြောလိုက်၏။
"ကျန်းချန်းအန်ကို ကျုပ်သတ်ခဲ့တယ် တခြားလူတွေ သေဆုံးသွားတာလဲ ကျုပ်ကြောင့်လို့ ပြောလို့ရတယ် ဒါပေမဲ့ သူတို့ထဲကယောက်ကတော့ ကျုပ်လက်ချက်ကြောင့် သေသွားတာမဟုတ်ဘူး သူ့ကို သတ်သွားတာ ရွှံ့ဘီလူးပဲ"
"ဟွမ်းဝုပေါ့ ဟုတ်လား"
စုချန်း ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်လည်း ဟွမ်းဝုသည် ရွှံ့ဘီလူး၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့သည် မဟုတ်ပါလား။ သို့သော် ဟွမ်းမင်ကို စုချန်း ကယ်လိုက်ရသည့် အကြောင်းပြချက်ကတော့ ဟွမ်းဝုနှင့် လားလားမျှမဆိုင်။
ဟွမ်းမင်က သက်ပြင်းချလိုက်သည်။
"ငါ နားလည်ပါပြီ ငါ ပြန်ရောက်တဲ့အခါ မင်းကို ဆက်ပြီး ဒုက္ခမပေးဖို့ ငါ့မျိုးနွယ်စု အကြီးအကဲတွေကို ပြောလိုက်ပါ့မယ်"
ခင်ဗျားက ပြန်နိုင်မယ် ထင်နေသေးတာလား....
စုချန်း ကြိတ်၍ရယ်မောလိုက်သည်။ သို့သော် ဘာမှတော့ ပြန်မပြောလိုက်။ ဟွမ်းမင်သည် သူ့ကို ယုံကြည်နေခဲ့ပြီဖြစ်လေရာ သူ့အနေနှင့် ဤအခြေအနေကို ပျက်စီးစေလိုစိတ်မရှိ။
ထိုအခါ သူက ပြောလိုက်သည်။
"ကျုပ်နဲ့ ဟွမ်းမျိုးနွယ်စုကြားမှ ဘာကျေးဇူးကြွေးမှမရှိဘူး ဒါပေမဲ့ ခင်ဗျားကတော့ ကျုပ်အပေါ်မှာ အသက်တချောင်း အကြွေးတင်နေပြီ"
ဟွမ်းမင်သည် စုချန်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်လိုက်၏။ ထိုအခါ သူက ပြောလိုက်သည်။
"ဟုတ်ပါတယ် မင်းအပေါ်မှာငါ အသက်တချောင်း အကြွေးတင်နေပြီ ဒီတော့ ငါ့လက်စွပ်ထဲက ပစ္စည်းတွေကို မင်း ယူလိုက်ပေတော့"
စုချန်း ခေါင်းခါပြလိုက်သည်။
"လက်စွပ်ကို ကျုပ်ရထားပြီးသားပဲဗျ"
"မင်းက ဘာလိုချင်လို့တုန်း"
မိမိ၏ အခြေအနေမှာ စုချန်းကို တင်းတင်းမာမာ ဆက်ဆံရမည့် အနေအထားတွင် မရှိမှန်း ဟွမ်းမင် သိထားလေရာ အတတ်နိုင်ဆုံး လိုက်လိုက်လျောလျော ဆက်ဆံရန် ကြိုူစားနေ၏။
"ကျုပ်လိုချင်တာ မူလစွမ်းရည်တွေ ခင်ဗျား သိထားသမျှ မူလစွမ်းရည်တွေ အထူးသဖြင့် ခင်ဗျား ဦးလေးဆယ့်တစ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်လိုက်တဲ့ မူလစွမ်းရည်ကို ပိုပြီး လိုချင်တယ်"
"ဒါကတော့...."
ဟွမ်းမင် တွန့်ဆုတ်သွား၏။ သို့သော် နောက်ဆုံးတွင် သူက သဘောတူလိုက်လေသည်။
"သိပ်ကောင်းတယ် ကဲ ကဲ ခင်ဗျားလည်း အနားယူလိုက်အုံး"
စကားဆုံးသည်နှင့် စုချန်းသည် ဟွမ်းမင်ကို ကျောခိုင်းကာ ထွက်ခွာလာခဲ့လေသည်။
ဟွမ်းမင်နှင့် တွေဆုံပြီးသည်နှင့် စုချန်းသည် ကျန့်ပါ့ရှန်းအား သွားရောက်စစ်ဆေးပြန်သည်။ ကျန့်ပါ့ရှန်း၏ အခြေအနေမှာကား ဟွမ်းမင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သူမ၏ ပြင်ပဒဏ်ရာများမှာ သိပ်မပြင်းထန်လှ။ သို့သော် ယခုတိုင် သတိမရသေးပဲ မေ့မျောလျက်ရှိလေသည်။ ထိုသို့ မေ့မျောနေရခြင်းမှာ ဦးလေးဆယ့်တစ်၏ လက်ချက်ကြောင့် သူမ၏ ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ထိခိုကထသွားခြင်းကြောင့်ပင်တည်း။
အမှန်တော့ ဦးလေးဆယ့်တစ်၏ တိုက်ကွက်သည် စိတ်အာရုံတိုက်ခိုက်မှုမျိုးတော့ မဟုတ်ပေ။ သို့သော် ထိုတိုက်ခိုက်မှုကြောင့် သူမ၏ဦးနှောက်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားပုံပေါ်သည်။ လူတယောက် သတိရခြင်း၊ သတိမေ့ခြင်းဟူသည် ဦးနှောက်နှင့် ဆက်နွယ်နေကြောင်း လူအတော်များများ သိကြ၏။ သို့သော် မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေကြောင်းကိုတော့ မည်သူမျှ ဂဃနဏ မသိကြပေ။ ယခုတော့ ကျန့်ပါ့ရှန်း၏ အဖြစ်ကြောင့် စုချန်းသည် ထိုဆက်နွယ်မှုအပေါ် ပို၍ သဘောပေါက်လာ၏။
ထို့ကြောင့် ကျန့်ပါ့ရှန်းနှင့် ပတ်သက်၍ စုချန်း၏ အဓိကရည်ရွယ်ချက်မှာ ဦးနှောက်ပိုင်းဆိုင်ရာဒဏ်ရာများနှင့်ပတ်သက်၍ လေ့လာရန် ဖြစ်လာ၏။ ထို့နောက် သူသည် ကျန့်ပါ့ရှန်း၏ ဒဏ်ရာကို အသေးစိတ်စစ်ဆေးပြီး ဆေးတမျိုး တိုက်ကျွေးကာ ဇုချန်းညှိုဆီသို့ ဆက်လက်ထွက်ခွာလာခဲ့လေသည်။
အကျဉ်းသားသုံးယောက်အနက် ဇုချန်းညှိုသည် ဒဏ်ရာအနည်းဆုံးဖြစ်သည်။
ထို့ကြောင့် စုချန်းက သူမနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရ၏။ သူသည် ဇုချန်းညှိုအား ချီပိတ်ဆို့ခြင်းဆေးမှုန့် တိုက်ကျွေးထားသလို အခန်းဝတွင် သံမဏိကိုပါ အစောင့်ခိုင်းထားလေသည်။
စုချန်း ဝင်လာသည့်အချိန်တွင် ဇုချန်းညှိုသည် ခုတင်ထောင့်တွင် ဒူးကွေးထိုင်ရင်း တစုံတခုကို အလေးအနက် စဉ်းစားလျက်ရှိသည်။
စုချန်းကို မြင်လိုက်သည်နှင် ဇုချန်းညှိုသည် ခါးကိုမတ်မတ် ပြန်ထိုင်လိုက်၏။ သူမ၏ မျက်လုံးထဲတွင်လည်း ဒေါသအရိပ်အယောင်များ ယှက်သန်းလာသည်။
စုချန်းက ဟက်ခနဲ ရယ်မောလိုက်ပြီး သူမ၏ ဘေးနားတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။
"ဘယ်လိုနေသေးလဲ ဒဏ်ရာတွေ သက်သာရဲ့လား"
သူမက အေးစက်သော လေသံနှင့် ပြန်ပြောလိုက်၏။
"စုချန်း ရှင်နိုင်သွားတာ ကျွန်မ ဝန်ခံပါတယ် ဇုမျိုးနွယ်ရဲ့ အစီအစဉ်ဟာ ရစရာမရှိအောင် ပျက်စီးသွားပြီ ရှင်က ကျွန်မဟာ ရှင့်လက်ထဲမှာဆိုတဲ့အကြောင်း ဇုမျိုးနွယ်ဆီ စာပို့ပြီး ပြောလိုက်ပါ အဲဒါဆိုရင် ကျွန်မရဲ့ မိခင်က ကိုင်းဟွမ်ကောင်းကင်ဘုံကြော်ငြာ ပိတ်ဆို့ထားတာကို ပယ်ဖျက်ပေးလိမ့်မယ်"
"မင်းကို အသက်ရှင်လျက် ဖမ်းထားတာ အဲဒီကိစ္စကြောင့်လို့ မင်းတကယ် ထင်နေတာလား"
စုချန်းက ရယ်မောရင်း မေးလိုက်၏။
"အဲဒီလိုမဟုတ်ဘူးလား"
ဇုချန်းညှို အံ့သြသင့်သွား၏။
"ဘယ်ကလာ ဟုတ်ရမှာလဲဗျ ကျုပ်အနေနဲ့ ကိုင်းဟွမ်နည်းစနစ်ကို ရောင်းချချင်ရင် ဒီထက် အများကြီး ပိုလွယ်မဲ့နည်းရှိတယ်"
ပြောပြောဆိုဆို သူက ကိုင်းဟွမ်ကောင်းကင်ဘုံလက်ရေးမူစာအုပ်ကို ဇုချန်းညှို၏ ရှေ့မှောက်တွင် တဖြတ်ဖြတ်နှင့် လှုပ်ပြရင်း ပြောလိုက်၏။
"ဒီလက်ရေးမူကို ကျုပ်က မိတ္တူတွေ အများကြီး ပွားလိုက်မယ်ဗျာ ပြီးတော့မှ......"
ထို့နောက် သူက စကားကို ဆုံးအောင်မပြောသေးပဲ လေထဲတွင် တစုံတခု လွင့်မြောသွားသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။ ပြီးမှ စကားဆက်လိုက်၏။
"အဲဒီလိုသာဆိုရင် ခင်ဗျားတို့ ဇုမျိုးနွယ်အနေနဲ့ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ် ပျံ့ပွားသွားမဲ့အရေးကို ဘယ်အချိန်ထိ ကာကွယ်နိုင်အုံးမယ်ထင်သလဲ"
ဇုချန်းညှို၏ တကိုယ်လုံး ဆတ်ခနဲ တုန်လှုပ်သွား၏။
သူမ လုံးဝ မှင်သက်အံ့သြသွားခြင်း ဖြစ်သည်။