အလင်းနှင့်အမှောင်
Vol. 26 Ch. 258
အိပ်မက်နယ်ပယ်အတွင်း၌ကား အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိသည်။
ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်သည် ဗဟုသုတခန်းမ၏ ထင်သာမြင်သာအရှိဆုံးနေရာတွင် မိန့်မိန့်ကြီးချိတ်ဆွဲလျက်သားရှိ၏။ မင်လန်းကလည်း သူမ၏ အခွင့်အာဏာကို အသုံးပြုပြီး ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ကြယ်ကိုးပွင့်အဆင့် သတ်မှတ်ပေးလိုက်သည်။ ၎င်းမှာ သူမနှင့် စုချန်းတို့အကြား သဘောတူညီချက်ကြောင့် မဟုတ်ပေ။ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကိုက အမှန်တကယ် တန်ဖိုးကြီးမားနေသောကြောင့် သူမကိုယ်တိုင်က လိုလိုချင်ချင်နှင့် ကြယ်ကိုးပွင့်အဆင့် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။
သွေးဗီဇမလိုအပ်ပဲ သွေးဆူပွက်ခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်မည့် ကျင့်ကြံခြင်းနည်းလမ်းအတွက် အိပ်မက်အမှုန် ၁၀၀။
လူအတော်များများသည် ထိုစာတမ်းကို ဖတ်မိသောအခါ ရုတ်တရက် နောက်မှနေ၍ ဇက်ပိုးအုပ်ခံရသလို ခံစားလိုက်ရ၏။
ဒီလိုနည်းစနစ်အတွက် အိပ်မက်အမှုန် ၁၀၀ပဲတဲ့လား...
ဘာလဲဟ...လာလိမ်နေတာလား...
လူအတော်များများသည် အထက်ပါအတိုင်း ပထမဆုံး စဉ်းစားမိကြလေသည်။ ိသို့သော် ထိုကြော်ငြာသည် သုံးရက်တိုင်တိုင် ထိုနေရာတွင် တည်ရှိနေပြီး ဘေးနားရှိ ကြယ်ကိုးပွင့် အဆင့်သတ်မှတ်ချက်ကာ ထိုကြော်ငြာသည် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပေးလိုက်၏။ တဖက်တွင်လည်း အိပ်မက်အမှုန် ၁၀၀သာလျင် ကျသင့်မည်ဖြစ်လေရာ အလိမ်ခံရပါကလည်း များများစားစား ဆုံးရှုံးစရာမရှိဟု လူတိုင်းလိုလို တွေးမိလာကြလေသည်။
အိပ်မက်နယ်ပ်အတွင်း ရောက်ရောက်ချင်း မြင်တွေ့လိုက်ရသည့် ရလဒ်ကြောင့် စုချန်း ပါးစပ်အဟောင်းသားဖြစ်သွား၏။
စုစုပေါင်း မိတ္တူစောင်ရေ ၂၁၀၀၀တိတိ ရောင်းခခဲ့ပြီးလေပြီ။
မှန်သည်။ တရက်အတွင်း ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ် မိတ္တူစောင်ရေ ၂၁၀၀၀တိတိ ရောင်းထုတ်နိုင်ခဲ့၏။
ဤသည်မှာပင် အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်နှင့် ကိုင်းဟွမ်ကောင်းကင်ဘုံအကြား ကွဲပြားခြားနက်ချက်ပင် ဖြစ်သည်။ အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်သည် ခံစစ်စွမ်းရင်တွင် အလွန်ကောင်းမွန်သော နည်းစနစ်တရပ် ဖြစ်သော်လည်း ထိုစွမ်းရည်မျိုးကို လူတိုင်း လိုအပ်နေသည်မဟုတ်။
သို့သော် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကတော့ မတူ။ ကိုင်းဟွမ်ကောင်းကင်ဘုံသည် လူသားများ၏ ကိုယ်ခန္ဓာစွမ်းအင်ဆိုင်ရာ အခြေခံအုတ်မြစ်ကြီးတခုလုံးကို မြှင့်တင်ပေးနိုင်သော နည်းစနစ်ဖြစ်သည်။ ဤနည်းစနစ်နှင့်သာဆိုပါက ချီစုဆောင်းခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်များသည် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် သွေးဗီဇဆေးဝါးများအား အားကိုးနေရန် မလိုတော့။
ပို၍ အရေးကြီးသည်မှာ ဤမျှ တန်ဖိုးကြီးမားသော နည်းစနစ်၏ တန်ဖိုးက အိပ်မက်အမှုန် ၁၀၀သာကျသင့်နေခြင်း ဖြစ်သည်။ိသို့သော် မင်လန်း၏ စိတ်ထဲတွင်တော့ မိတ္တူစောင်ရေ နှစ်သောင်းကျော်ရောင်းရသော်လည်း အားမရသေး။ သူမ၏ စိတ်ထဲတွင် ဤပမာဏသည် အလွန်နည်းပါးသည်ဟု ခံစားနေရလေသည်။
"ရဲတိုက်သခင်မက ပြောတယ် လူအတော်များများဟာ အခြေအနေကို စောင့်ကြည့်နေကြသတဲ့ အိပ်မက်အမှုန်၁၀၀ဆိုတာ ဈေးပေါလွန်းတာကြောင့် ဒီနည်းစနစ်ကို လူတွေအများကြီးဝယ်အောင် ဆွဲဆောင်နိုင်ပေမဲ့ တဖက်မှာလည်း နည်းစနစ်က တန်ဖိုးကြီးသလောက် ဈေးကပေါလွန်းနေတာကြောင့် မယုံမရဲ ဖြစ်နေကြတယ် အလိမ်မိမှာ ကြောက်နေကြတယ် နည်းစနစ်က အသုံးမဝင်မှာ စိတ်ပူနေကြတယ် ဒါကြောင့် လူအများစုက ဝယ်ပြီးသွားတဲ့လူတွေဆီက ဝေဖန်သုံးသပ်ချက်တွေကို ပြန်စောင့်နေကြတယ် ဒါကြောင့် သခင်မက လူတွေရဲ့ မှတ်ချက်တွေ အကဲဖြတ်ဝေဖန်ချက်တွေကို ရေးသားခွင့်ပြုလိုက်ပြီ သိပ်မကြာခင်မှာပဲ ဝေဖန်ချက်တချို့ တက်လာလိမ့်မယ် အဲဒီနောက်မှာတော့ ကိုင်းဟွမ်ကောင်းကင်ဘုံဟာ ဒီဖက်ပိုပြီး ရောင်းအားကောင်းလာလိမ့်မယ်"
လုလုက စုချန်းကို လှည့်ပတ်ကာ ပျံသန်းရင်း ပြောလိုက်၏။
အမှန်တော့ ဝေဖန်သုံးသပ်ချက်တချို့ကတော့ နဂိုကတည်းက ရှိနှင့်ပြီးသားပင် ဖြစ်သည်။
လူတချို့သည် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ဝယ်ယူပြီးသည်နှင့် လတ်တလော အသုံးမပြုသေးသည့်တိုင် မြန်မြန်ဆန်ဆန်ပင် စစ်ဆေးပြီး သီအိုရီအရ မှန်ကန်ကြောင်း အတည်ပြုခဲ့ကြလေသည်။
သွေးဆူပွက်ခြင်းနယ်ပယ်အတွင်း ဝင်ရောက်ရန် အသင့်ဖြစ်နေသည့် လူတချို့မှာကား ထိုနည်းစနစ်ကို ဝယ်ယူပြီးသည်နှင့် မြန်မြန်ဆန်ဆန်ပင် လက်တည့်စမ်းလေ့ကျင့်ကြလေသည်။ လက်တွေ့အောင်မြင်မှုများ ရလာသည့်အခါတွင်ကား အလွန်အမင်း ချီးကျုးထောပနာပြုကာ သုံးသပ်ချက်များ ရေးသားခဲ့ကြ၏။
ကိုင်းဟွမ်ကောင်းကင်ဘုံကို လေ့ကျင့်ပြီး ရှုံးနိမ့်သူတချို့လည်း မရှိမဟုတ်။ ရှိနေသည်မှာ အမှန်ပင်။ သူတို့သည် သွေးဆူပွက်ခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် မည်သည့်ဘေးထွက်ဆိုးကျိုးမှ မရှိသည်ကို မြင်တွေ့ရ၍ မှတ်ချက်ကောင်းကောင်း ပေးခဲ့ကြကုန်၏။
သို့သော် ကိုင်းဟွမ်ကောင်းကင်ဘုံကို တရက်သာ ရောင်းချရသေးလေရာ ဝေဖန်သုံးသပ်ချက် များများစားစားတွေ တက်မလာသေး။ မည်သို့ဆိုစေ ပမဏဝေဖန်သုံးသပ်ချက်အနည်းငယ်မျှလောက်နှင့်ပင် ကိုင်းဟွမ်ကောင်းကင်ဘုံအပေါ် လူအများစုက အထင်ကြီးနေကြလေပြီ။
လူ့သဘာဝအတိုင်းပင် ကိုင်းဟွမ်ကောင်းကင်ဘုံကို အသုံးပြုပြီး သွေးဆူပွက်ခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုက်သူများသည် အလွန်ပင် ဝမ်းသာပီတိ ဖြစ်ကုန်ကြ၏။ လေ့ကျင့်၍ မအောင်မြင်လိုက်သူများမှာလည်း နည်းစနစ်၏ ဘေးထွက်ဆိုးကျိုးနည်းပုံကို အံ့သြချီးကျူးကုန်ကြလေသည်။ ကိုင်းဟွမ်ကောင်းကင်ဘုံသည် လူသားတို့၏ သမိုင်းကို တဆစ်ချိုး ပြောင်းလဲစေခဲ့လေပြီ။ ဤမှ တန်ဖိုးကြီးမားသော နည်းစနစ်ကို ဈေးပေါပေါနှင့် ရောင်းချပေးခဲ့သည့်အတွက် လူအများက တိမ်တိုက်လင်းနို့အား ကျေးဇူးတင်မဆုံး ဖြစ်နေကြ၏။
ထိုအခါ တိမ်တိုက်လင်းနို့၏ နာမည်သည် လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလာတော့သည်။
လူအတော်များများက ကိုင်းဟွမ်ကောင်းကင်ဘုံနှင့်ပတ်သက်၍ ကောင်းသတင်းကိုသာ ပြောနေကြသော်လည်း လူ့သဘောလူ့မနောအရ ပုတ်ခတ်ပြောဆိုသူတချို့လည်း ဧကန်ရှိနေ၏။
ထိုသူတို့သည် ကိုင်းဟွမ်ကောင်းကင်ဘုံသည် မူလစွမ်းအင်ပုံစံမျိုးစုံကို ပေါင်းစပ်ထားခြင်းကြောင့် ဤနည်းစနစ်ကို လေ့ကျင့်မည့်သူသည် မူလစွမ်းအင်ပုံစံများအကြောင်းကိုတော့ အနည်းဆုံး နားလည်ထားရန်လိုအပ်ကြောင်း၊ ထို့ပြင် ထိုသို့အသေးစိတ် ပေါင်းစပ်ထားနိုင်၍သာ ကိုင်းဟွမ်ကောင်းကင်ဘုံသည် အောင်မြင်မှုရသွားခြင်းဖြစ်ကြောင်း၊ လောကကြီးတွင် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် တခြားနည်းလမ်းများလည်း ရှိနေကြောင်း၊ တိမ်တိုက်လင်းနို့သည် ထိုနည်းလမ်းတို့ကို အနည်းငယ်ပြုပြင်မွမ်းမံကာ ကိုင်းဟွမ်ကောင်းကင်ဘုံကို တည်ထွင်ခဲ့ခြင်းကြောင့် သူ့ကို လူသားသမိုင်းကို ပြောင်းလဲနိုင်သူ၊ လူသားမျိုးနွယ်စုကို ကယ်တင်သူဟု မခေါ်သင့်ကြောင်း စသည်ဖြင့် ပုတ်ခတ်ပြောဆိုကြလေသည်။
ထိုလူများ၏ စကားသည် အကြောင်းပြချက်အားဖြင့် မှန်ကန်သယောင်ရှိသော်လည်း ၎င်းတို့၏ လေသံမှာကား လှောင်ပြောင်လိုဟန်များ ပါဝင်နေ၏။ တနည်းအားဖြင့် ၎င်းတို့သည် စုချန်း၏ အောင်မြင်မှုကို မနာလိုစိတ်နှင့် သေးသိမ်အောင် ပြုလုပ်နေကြခြင်းသာဖြစ်သည်။
စုချန်းကား ထိုလူများ၏ စကားကို အနည်းငယ်မှပင် အလေးမထား။ ယခုဆိုလျင် ကိုင်းဟွမ်ကောင်းကင်ဘုံ၏ အသုံးဝင်ပုံကို အတော်များများက နည်းလည်သဘောပေါက်ကုန်ကြပြီ ဖြစ်လေရာ ရောင်းအားမှာ တရိပ်ရိပ်မြင့်တက်လာ၏။
ထိုအခါ စုချန်းက လုလုကို ပြန်ပြောလိုက်သည်။
"ရဲတိုက်သခင်မလေးရဲ့ ထောက်ပံ့မှုအတွက် ကျုပ်က မဖြစ်မနေ ကျေးဇူးတင်ရလိမ့်မယ်"
"ဒီလောက်လည်း ယဉ်ကျေးနေစရာမလိုပါဘူးလေ နောက်ဆုံးတော့ မင်းတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်သွားကြပြီပဲဟာ"
လုလုက ခါးထောက်ရင်း ပြောလိုက်၏။
"သခင်မလေးကတော့ များများရောင်းရလေ ကြိုက်လေပဲ မင်းသာ ခုနေ ရောင်းဈေးကို မြှင့်လိုက်ရင် နှစ်သန်းလောက်ကတော့ သပိတ်ဝင်အိတ်ဝင်ပဲ"
စုချန်း ရယ်မောလိုက်သည်။
"တော်ပါပြီဗျာ ကိုင်းဟွမ်ကောင်းကင်ဘုံကိုတော့ ဒီထက်ပိုပြီး ဈေးတင်ရောင်းဖို့ ကျုပ်စိတ်ကူးမရှိဘူး ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်လည်းစိတ်ပူမနေနဲ့လို့ မင်းရဲ့ ရဲတိုက်သခင်မလေးကို ပြောလိုက်ပါ သိပ်မကြာခင်မှာ ကျုပ်က မူလစွမ်းရည်တချို့ကို ရောင်းအုံးမှာပါ အဲဒီအခါကျရင် မင်းတို့သခင်မလေးရဲ့ အိပ်ကပ်ထဲကို ဒီထက်ပိုက်ဆံအများကြီး ဝင်လာအုံးမှာ"
"အိုး ဒါဆိုမင်းက မူလစွမ်းရည်တချို့ ဖန်တီးဖို့ စီစဉ်နေပြန်ပြီပေါ့ ဟုတ်လား"
လုလုက စိတ်လှုပ်ရှားဟန်ဖြင့် မေးမြန်းလိုက်၏။
"စီစဉ်တုန်းပဲရှိသေးတယ် စတောင်မစရသေးဘူး"
စုချန်းက ပြန်ပြောလိုက်သည်။
"ခုမှ စီစဉ်နေတုန်း ဟုတ်လား မူလစွမ်းရည်တမျိုး တီထွင်ဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စမှမဟုတ်ပဲ"
"ဟုတ်ပါတယ် ဒါပေမဲ့ ဒီလောက်ထိ ခက်ခဲတဲ့ ကိစ္စတော့လည်း မဟုတ်ဘူးဗျ"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
အမှန်တကယ်လည်း မူလစွမ်းရည်တမျိုး ဖန်တီးခြင်းဟူသည် စုချန်းအတွက် ခက်ခဲလှသော ကိစ္စမဟုတ်တော့ပေ။
နောက်ထပ်ရက်အနည်းငယ်တွင်ကား စုချန်းနှင့်မင်လန်းတို့ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ကိုင်းဟွမ်ကောင်းကောင်ဘုံကြောင့် အိပ်မက်နယ်ပယ်အတွင်း အကြီးအကျယ် အုတ်အော်သောင်းနင်းဖြစ်လျက်ရှိပြီး တခါမှ မမြင်ဖူးသည့် ရောင်းအားမျိုးကိုပါ မြင်တွေ့ခဲ့ရ၏။
သုံးရက်အတွင်း ကိုင်းဟွမ်ကောင်းကင်ဘုံမိတ္တူ ၂၃၀၀၀၀တိတိ ရောင်းချနိုင်ခဲ့၏။
မိတ္တူစောင်ရေ ၂၃၀၀၀၀၀။
ဤကမ္ဘာကြီးအတွင်း ချီစွမ်းအားပညာရှင် ဘယ်နှစ်ယောက်များ ရှိနေသနည်း။
စုစုပေါင်း သန်းနှစ်ဆယ်ထက် မပိုပေ။ ထိုအထဲတွင်မှာ လေးသန်းခန့်သာ ချီစုဆောင်းခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်များ ဖြစ်ကြသည်။ ထိုလေးသန်းတွင် နှစ်သန်းခန့်သည် တော်ဝင်မျိုးနွယ်စုဝင်များ ဖြစ်ကြလေရာ သူတို့အတွက် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ် မလိုအပ်။ ထိုအခါ ခန့်မှန်းချေ နှစ်သန်းမျှသော ချီစွမ်းအားပညာရှင်များအတွက်သာ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ် လိုအပ်သည်ဟု ယူဆရ၏။
ထိုနှစ်သန်းမျှသော ချီစွမ်းအားပညာရှင်များတွင်လည်း အိပ်မက်နယ်ပယ်အတွင်း ရောက်ရှိနိုင်သူမှာ တဝက်ခန့်သာရှိသည်။
မည်သို့ဆိုစေ သွေးဗီဇမပါသူ ချီစွမ်းအားပညာရှင်တသန်း၏ လေးပုံတပုံမျှသော ပမာဏက ကိုင်းဟွမ်ကောင်းကင်ဘုံကို ဝယ်ယူခဲ့ကြသည်ဟု ယူဆရ၏။ ဤအရေအတွက်တွင် သုံးရက်နောက်ပိုင်း၌ ရောင်းချရသည့် ပမာဏကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပေ။ ဤနှုန်းထားအတိုင်းသာဆိုပါက သွေးဗီဇမရှိသူ ချီစွမ်းအားပညာရှင်စုစုပေါင်း၏ တဝက်ခန့်က ကိုင်းဟွမ်ကောင်းကင်ဘုံကို ဝယ်ယူကြလိမ့်မည်ဟု ယူဆရ၏။
၎င်းသည် စုချန်းနှင့် မင်လန်း ကြိုတင်ခန့်မှန်းထားသော ပမာဏထက် များစွာပင် ပိုနေသေးသည်။
ဤမျှ များများစားစား ရောင်းချနိုင်ခဲ့ခြင်း၏ အဓိကကျသော အကြောင်းပြချက်တခုမှာ ဝယ်ယူသူများက တိမ်တိုက်လင်းနို့အပေါ် ကျေးဇူးတင်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကိုင်းဟွမ်ကောင်းကင်ဘုံကို ဈေးပေါပေါနှင့် ရောင်းချပေးလိုက်သော စုချန်း၏ တကယ့်ရည်ရွယ်ချက်အစစ်အမှန်ကို ကောင်းစွာနားလည်သဘောပေါက်ကြ၏။
အနှီ တိမ်တိုက်လင်းနို့သည် ငွေရှာလို၍မဟုတ်ပဲ လူသားမျိုးနွယ်၏ ကောင်းကျိုးအတွက် ကိုင်းဟွမ်ကောင်းကင်ဘုံကို ဈေးပေါပေါနှင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သူတို့ နားလည်ထားကြလေသည်။ ထိုအခါ သူ့ထံမှ အကျိုးခံစားလိုက်ရသော လူများသည် ကြီးမြတ်သော ရည်ရွယ်ချက်အတွက် အုတ်တချပ် သဲတပွင့်ပင် ဖြစ်ပါစေဟူသော သဘောနှင့် ကိုင်းဟွမ်ကောင်းကင်ဘုံကာ လက်တို့ကာ ဝယူကြကုန်၏။ တချို့ကလည်း ပြင်ပတွင် ဝယ်ယူရခြင်းထက် အိပ်မက်နယ်ပယ်အတွင်း ဝယ်ယူခြင်းက ပို၍ ဈေးပေါလေရာ ကိုင်းဟွမ်ကောင်းကင်ဘုံကို အိပ်မက်နယ်ပယ်အတွင်း လာရောက်ရောင်းချပေးသည့်အတွက် စုချန်းကို အထူးပင် ကျေးဇူးတင်နေကြလေသည်။
ဒါကိုပင် လူသားမျိုးနွယ်ဟု ခေါ်လေသည်။
၎င်းတို့သည် ကြီးကျယ်မြင့်မြတ်ချင်မှ မြင့်မြတ်မည်။ တကိုယ်ကောင်းဆန်ချင်လည်း ဆန်မည်။ သို့သော်ခန့်ညားထယ်ဝါခြင်းနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသည့်အခါတွင်ကား လေးစားရကောင်းမှန်းသိတတ်ကြသလို မျက်နှာကို မော်ဖူးတတ်ကြလေသည်။
သူ့ထံမှ ဤနည်းစနစ်ကို ရရှိလိုက်သူများသည် သူ ဒုက္ခနှင့်ကြုံတွေ့ပါက ဝင်ရောက်ကူညီလိမ့်မည်မဟုတ်ဟု ရှီကိုင်းဟွမ် တခါက ပြောခဲ့ဖူး၏။
သူ့စကားက မှားတော့မမှား။
မမှားသော်လည်း ထိုလူများသည် သူ့ကို ဝင်ရောက်မကူညီသည့်တိုင် ကျေးဇူးတရားကို မခံစားတတ်ဟုတော့ မဆိုလိုချေ။ ကျေးဇူးတရားကိုသာ ခံစားတတ်ပါက ထိုလူများသည် သူ ဒုက္ခတွေ့ချိန်ဝယ် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မကူညီသည့်တိုင် တဖက်လှည့်နှင့် ကျေးဇူးတုံ့ပြန်နိုင်သေးသည်မဟုတ်ပါလား။
အိပ်မက်အမှုန်တရာဟူသည် ဘာမှတန်ဖိုးရှိသည်မဟုတ်။ သို့သော် ကျေးဇူးသိတတ်သူတို့အဖို့မှာကား ဘာလုပ်ရမည်မှန်း ကောင်းကောင်းသိနေကြလေသည်။
သင့်အနေနှင့် ကျေးဇူးရှိဖူးသူအား မိမိတတ်နိုင်သောနည်းလမ်းနှင့်သာ ကျေးဇူးတုံ့ပြန်ရန် လိုအပ်ပေသည်။
ဤကမ္ဘာကြီးကား ပိန်းပိတ်အောင်မှောင်မဲသော နေရာဖြစ်သည်။ သို့သော် အလင်းရောင်တချို့တော့ ရှိနေသေး၏။