လှည့်ဖျားနှလုံးသားသွေးဗီဇ ၁
Vol. 26 Ch. 259
အထက်တွင်ဖော်ပြခဲ့သော အတွေးအခေါ်များအပေါ်တွင် အခြေတည်ပြီး ကိုင်းဟွမ်ကောင်းကင်ဘုံ၏ ရောင်းအားသည် တရိပ်ရိပ်နှင့် မြင့်တက်လာ၏။
ကြော်ငြာ၏ ဖုံးကွယ်မှုကို ဖြုတ်ချပြီး ၁၀ရက်မြောက်နေ့တွင် အရောင်းအမှတ်အသားသည် ၄၀၀၀၀၀တန်အမှတ်ကိုပင် ကျော်လွန်လာခဲ့၏။
ကိုင်းဟွမ်ကောင်းကင်ဘုံကား ရောင်းပြီးရင်းရောင်း ဖြစ်နေ၏။ ဤအခြေအနေတွင် ငွေကြေးချွေတာတတ်သူများပင် မနေနိုင်တော့ပဲ ကိုင်းဟွမ်ကောင်းကင်ဘုံကို အလုအယက် ဝယ်ယူကြကုန်၏။ စုချန်း၏ နည်းစနစ်သည် နောက်ပိုင်းရက်များတွင်လည်း ဤနည်းအတိုင်း ရောင်းအားကောင်းနေခဲ့လေသည်။
ထိုအခါ စုချန်း၏ လက်ထဲတွင် ပထမဦးဆုံးအနေနှင့် ငွေကြေးအမြောက်အများကို စုဆောင်းမိလာ၏။
မူလကျောက်တုံးသန်းလေးဆယ်။
သာမာန်အားဖြင့် စုချန်းသည် ငွေကြေးကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသည်ဟု ဆိုနိုင်သော်လည်း အထက်ပါ ငွေကြေးပမာဏသည် သူ့ကိုပင် မျက်လုံးပြူးသွားစေခဲ့၏။
မူလကျောက်တုံးသန်းလေးဆယ်နှင့် သူ ဘာလုပ်ရမည်နည်း။
နောက်ကြောင်းပြန်ကြည့်လျင် စုခေါ့ကျိသည် မူလကျောက်တုံးထောင်ဂဏန်းမျှလောက်နှင့် စုချန်းကို လှည့်ဖျားရန် ကြိုးစားခဲ့ဖူးသည်။ စုချန်းကိုယ်တိုင်လည်း စုမျိုးနွယ်နှင့် သံယောဇဉ်ဖြတ်ရန် မူလကျောက်တုံး ၃၀၀၀၀ထိ အသုံးပြုခဲ့ရသည်။ ယခု သူ့လက်ထဲတွင်ရှိသည့် မူလကျောက်တုံး သန်းလေးဆယ်နှင့်ဆိုလျင် စုချန်း အယောက်ပေါင်းတစ်ထောင်ခန့်ကိုပင် ကျွေးမွေးပြုစုရန် လုံလောက်နေ၏။
မည်သို့ဆိုစေ တခါမှမမြင်ဖူးသော ငွေကြေးပမာဏမျိုးကို ကိုင်တွယ်ရသောအခါ စုချန်းခမျာ ခေါင်းများပင်မူးနောက်လာသလို ခံစားလိုက်ရလေသည်။
ကိုင်းဟွမ်ကောင်းကင်ဘုံကို မူလတီထွင်ခဲ့သူမှာ ရှီကိုင်းဟွမ်မှန်း စုချန်း နားလည်ထားလေရာ နောက်ဆုံးတွင် သူက ထိုငွေများကို ရှီကိုင်းဟွမ်အား ပေးအပ်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် ရှီကိုင်းဟွမ်က ထိုစကားကို ကြားလိုက်ရသောအခါ တူးတူးခါးခါးပင် ငြင်းဆန်၏။
"ထားလိုက်စမ်းပါကွာ အဲဒီငွေတွေ ငါကဘာလုပ်ရမှာလဲ ငါ့မှာ ငွေမလိုဘူးကွ မင်းပဲ အသုံးလိုတဲ့နေရာမှာ သုံးလိုက်စမ်းပါ ဆေးဘက်ဝင်ပါဝင်ပစ္စည်းတွေ ဝယ်ရင်ဝယ် ဒါမှမဟုတ် တခုခု ဝယ်လိုက်ပေါ့"
"ဒါပေမဲ့ ဆရာ ကိုင်းဟွမ်ကောင်းကင်ဘုံရဲ့ တကယ့်ဖန်တီးရှင်က ဆရာပဲလေ ဒါကြောင့် တပည့်က...."
သို့သော် ရှီကိုင်းဟွမ်က စုချန်းစကားကို ဆုံအောင်ပင် အပြောမခံပဲ ဖြတ်ပြောလိုက်သည်။
"ဟေ့ဟေ့ ပေါက်ကရတွေ မပြောစမ်းနဲ့ကွာ ပထမဆုံးအချက်အနေနဲ့ မင်းဟာ ကိုင်းဟွမ်ကောင်းကင်ဘုံကို အဆုံးသတ်ခဲ့တဲ့လူပဲ ဒုတိယအနေနဲ့ မင်းဟာ ဇုမျိုးနွယ်ကို ရင်ဆိုင်ခဲ့တယ် တတိယအချက်ကတော့ မင်းဟာ ငါ့ကို ဘရုခ်ပုံသေနည်းပေးခဲ့တယ် ဒီပုံသေနည်းတခုတည်းကိုက ကိုင်းဟွမ်ကောင်းကင်ဘုံလောက် တန်ဖိုးရှိတယ်ကွ"
ကိုင်းဟွမ်ကောင်းကင်ဘုံကို စုချန်း အပြီးသတ်ဖန်တီးနိုင်ခဲ့ကတည်းက ရှီကိုင်းဟွမ်သည် သူ၏ အမှားများကို ပြန်လည်သိမြင်လာပြီး ရှေးဟောင်းအာကင်နာနည်းစနစ်များအပေါ် ပြစ်တင်ဝေဖန်ခြင်းမရှိတော့ပေ။ ထို့ပြင် ရှင်သန်ခြင်းကျောင်းတော်နှင့် ရင်ဆိုင်ရန် ရှီကိုင်းဟွမ်က်ို စုချန်း လိုအပ်သည်ဖြစ်လေရာ ဘရုခ်ပုံသေနည်းကို ဆရာဖြစ်သူလက်ထဲသို့ ထည့်လိုက်ရန် စုချန်းက ဆုံးဖြတ်လိုက်ခြင်းပင်။
ဘရုခ်ပုံသေနည်းနှင့်သာဆိုလျင် ရှီကိုင်းဟွမ်အနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် နည်းစနစ်တမျိုးမျိုး တွေ့ရှိရန် ပိုမိုအခွင့်အလမ်းများလာမည် မဟုတ်ပါလား။
ရှီကိုင်းဟွမ်၏ စကားကို ကြားလိုက်သောအခါ စုချန်းက ထပ်မံတိုက်တွန်းခြင်းမရှိတော့ပဲ ထိုငွေများအားလုံးကို လိုလိုလားလားပင် လက်ခံလိုက်လေသည်။ တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့သည်လည်း ထိုငွေပမာဏကို ကြားလိုက်သောအခါ နှစ်ယောက်သား မျက်လုံးပြူးကုန်ကြ၏။ သူတို့၏ ခေါင်းဆောင်သည် ဤမျှ များပြားလှသော ငွေပမာဏကို ရရှိလိုက်သည်ဟု ကြားလိုက်ရသောအခါ သူတို့နှလုံးသားအတွင်းရှိ ပျော်ရွှင်မှုမှာ ထိန်းချုပ်၍ပင်မရတော့။ ထိုအခါ သူတို့နှစ်ယောက်သည် နေရာတွင် ထိုင်နေရင်း အားရပါးရ အော်ဟစ်ရယ်မောနေကြလေသည်။ မသိလျင် သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ အရူးများပမာပေတည်း။
တနေ့တွင်တော့ တိမ်တိုက်ကျားသစ်သည် ရှီကိုင်းဟွမ်ဆီသို့ ကပျာကယာပြေးလာပြီး မေးမြန်းလိုက်၏။
"ဆရာကြီး ဆရာကြီး နတ်ဆိုးဧကရာဇ်အဆင့် တော်ဝင်မျိုးနွယ်စုတစုဟာ ဘယ်လောက်ထိ ကြွယ်ဝချမ်းသာမယ်ထင်သလဲဗျ"
"ဟေ ဘာလုပ်မလို့လဲကွ"
ရှီကိုင်းဟွမ်က ပြန်မေးလိုက်သည်။
"ဒီလိုပါဆရာကြီး သူတို့နဲ့ စုချန်း ဘယ်သူပိုချမ်းသာသလဲ သိချင်လို့ပါ"
တိမ်တိုက်ကျားသစ်က ခေါင်းကိုပွတ်ရင်း ပြောလိုက်၏။
"နတ်ဆိုးဧကရာဇ်အဆင့် တော်ဝင်မျိုးနွယ်စု ဟုတ်လား"
ရှီကိုင်းဟွမ်က ခေတ္တစဉ်းစားပြီးမှ ပြန်ပြောလိုက်၏။
"အင်း အဆင်းရဲဆုံးဆိုတဲ့ တော်ဝင်မျိုးနွယ်စုတစုမှာတောင် မူလကျောက်တုံး အနည်းဆုံး ဆယ်သန်းကျော်ကျော်တော့ ချမ်းသာလိမ့်မယ်ကွ"
တိမ်တိုက်ကျားသစ် မျက်လုံးပြူးသွား၏။
"ဒါဆို စုချန်းဟာ နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုတစုလောက်ကို ချမ်းသာနေပြီပေါ့ ဟုတ်လား ဆရာကြီး"
ရှီကိုင်းဟွမ်က တိမ်တိုက်ကျားသစ်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။
"ငါပြောနေတာ အဆင့်မြင့်မူလကျောက်တုံးတွေကွ"
"အိုး"
ရှီကိုင်းဟွမ်၏ စကားကို ကြားလိုက်ရသောအခါ တိမ်တိုက်ကျားသစ်က စိတ်ပျက်သွားဟန်ဖြင့် နေရာမှ ချာခနဲ လှည့်ပြေးသွားလေသည်။ တိမ်တိုက်ကျားသစ်၏ အပြုအမူကို ကြည့်ရင်း ရှီကိုင်းဟွမ်က ပြုံးကာ ခေါင်းခါယမ်းလိုက်၏။ သို့သော် သူက သွေးပူတတ်သော လူငယ်များ၏ ကလေးကလားနိုင်သော စိတ်ဓာတ်ကို ကောင်းစွာနားလည်ထားသူဖြစ်လေရာ တိမ်တိုက်ကျားသစ်၏ လုပ်ရပ်ကို သူ့အနေနှင့် နားလည်ပေးနိုင်၏။
ထိုအချိန်တွင် အိပ်မက်နယ်ပယ်အတွင်း၌ တိမ်တိုက်လင်းနို့၏ နာမည်သည် အကြီးအကျယ် ကျော်ကြားနေခဲ့လေပြီ။ အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်နှင့်် ကိုင်းဟွမ်ကောင်းကင်ဘုံသည် တိမ်တိုက်လင်းနို့ကို အိပ်မက်နယ်ပယ်တွင် နာမည်ကျော်တဦး ဖြစ်စေခဲ့၏။
နေရာတကာတွင်လည်း တိမ်တိုက်လင်းနို့၏ ဇစ်မြစ်နှင့် ပတ်သက်၍ အကြီးအကျယ် ငြင်းခုန်နေကြ၏။ ခုနှစ်ပြည်ထောင်ရှိ နာမည်ကြီးပုဂ္ဂိုလ်အတော်များများကတော့ တိမ်တိုက်လင်းနို့ကို ရှီကိုင်းဟွမ် ဖြစ်ရမည်ဟု ယူဆထားကြလေသည်။ တိမ်တိုက်လင်းနို့ဟူသည် သာမာန်ကျောင်းသားလေးတယောက်မှန်း မည်သူမှ မခန့်မှန်းမိကြချေ။
တကယ့်အမှန်တရားကို သိရှိသူဟူ၍ ရေပြင်ညီတောင် ဇုမျိုးနွယ်စုများသာ ရှိ၏။ သို့သော် သူတို့သည်လည်း ဇုချန်းညှိုကို အပူတပြင်း ရှာဖွေနေကြလေရာ ထိုကိစ္စများနှင့်လပတ်သက်၍ ဝင်ရောက်ငြင်းခုန်နေရန် အချိန်မရှိ။
အချိန်ကြာလာသည်နှင့်အမျှ ကိုင်းဟွမ်ကောင်းကင်ဘုံကြောင့် ရိုက်ခတ်ခဲ့သော ဂယက်များ တဖြည်းဖြည်း အရှိန်လျော့စပြုလာသည်။ လူအတော်များများသည် တိမ်တိုက်လင်းနို့အကြောင်းကို ဆက်လက်ဆွေးနွေးခြင်း မပြုကြတော့။ သို့သော် ကိုင်းဟွမ်ကောင်းကင်ဘုံ၏ လွှမ်းမိုးမှုသည် ချီစွမ်းအားပညာရှင်စနစ်ကြီး၏ မျက်နှာစာတိုင်းကို စတင်ထိုးဖောက်ဝင်ရောက်စပြုလာခဲ့လေပြီ။
ကိုင်းဟွမ်ကောင်းကင်ဘုံပေါ်ပေါက်လာသောနေ့မှစ၍ ချီစွမ်းအားပညာရှင်တယောက်သည် သွေးဗီဇကိုအသုံးပြုစရာမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်လာ၏။
သို့သော် ဘာတွေပင်ပြောင်းလဲသွားပါစေ စုချန်း၏ဘဝကား ပုံမှန်အတိုင်းသာ လည်ပတ်လျက်ရှိသည်။ သူသည် နေ့တိုင်းလိုလို ကျောင်းတက်၏။ လေ့ကျင့်၏။ ပြီးလျင် သုတေသနလုပ်ငန်းများနှင့် အချိန်ဖြုန်းနေလေသည်။
သူသည် အိပ်မက်နယ်ပယ်မှရရှိသော ငွေကြေးနှင့်အရင်းအမြစ်များကို သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားပြီး စမ်းသပ်မှုများကို ယခင်ကထက် တွင်တွင်ကျယ်ကျယ် ပြုလုပ်နိုင်လာခဲ့လေရာ သူ၏ ဗဟုသုတအသိပညာမှာ ဒီရေအလား တရိပ်ရိပ မြင့်မားလာခဲ့လေသည်။
___________×××________________×××___________
"စိတ်ဝင်စားစရာပဲဗျို့ ဒီလိုမူလပစ္စည်းမျိုးကို ဒါ ပထမဆုံးအကြိမ် ကျုပ်တွေ့ဖူးတာပဲ တကယ်ဆိုရင် မူလပစ္စည်းဟာ အတူတူပဲ ဖြစ်သင့်တယ် ဒါပေမဲ့ ခုကျတော့ ယောကျာ်းနဲ့မိန်းမက မတူပဲ ကွဲပြားနေတာကိုး ဒီအတိုင်းဆိုရင် ခင်ဗျားတို့မျိုးနွယ်စုရဲ့ ညှို့ငင်လှည့်စားမူလစွမ်းရည်တွေကို မိန်းကလေးတွေပဲ အသုံးပြုလို့ရတာ ဘာမှ အံ့သြစရာမရှိတော့ဘူး မူလပစ္စည်းတွေရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေထဲက တချို့က မိန်းကလေးတွေရဲ့ကိုယ်ခန္ဓာထဲမှာပဲ ပေါ်တတ်တာလေ"
စုချန်းက မတူညီသော ပြွန်နှစ်ခုအတွင်းမှ အရည်များကို သေသေချာချာ စစ်ဆေးရင်း ပြောလိုက်သည်။
"အကြောင်းပြချက်ကို သိရပြီဆိုတော့ ရှင် ဒါကို ပြောင်းလဲနိုင်မှာလား"
ဇုချန်းညှိုက စိတ်ပျက်နေသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
ဤအတောအတွင်းဝယ် စုချန်းသည် ဇုချန်းညှိုထံမှ သွေးတို့ကို ပမာဏအနည်းငယ်စီ နေ့စဉ်ထုတ်ယူခဲ့၏။ ဤနည်းလမ်းသည် စုချန်း ရွေးချယ်ခဲ့ဖူးသည့် နည်းလမ်းများအနက် အငြင်သာဆုံး နည်းလမ်းဖြစ်သော်လည်း ဇုချန်းညှိုကား ယခုတိုင် ကသိကအောင် ခံစားနေရဟန်တူသည်။ သူမ၏ လေသံမှာ အတော်ပင် စိတ်မသက်မသာ ဖြစ်နေဟန်ရှိ၏။
"ပြောင်းနိုင် မပြောင်းနိုင်ဆိုတာ ကျုပ်မသိဘူးဗျ"
စုချန်းက ပြန်ပြောလိုက်သည်။
"ဒီနှစ်ပိုင်းတွေမှာ ကျုပ်ဟာ မူလပစ္စည်းတွေရဲ့ နောက်ကွယ်က လျိုှု့ဝှက်ချက်တွေကို ရှာဖွေတာနဲ့ပဲ အချိန်ဖြုန်းခဲ့တယ် နောက်တော့ ဒီမူလပစ္စည်းတွေအတွက် အစားထိုးပစ္စည်းတွေ ရှိနေသေးတယ်ဆိုတာ ကျုပ်သိလာခဲ့တယ် ဒါကြောင့် အစားထိုးပစ္စည်းတွေကို ကျုပ် ကြိုးစားရှာဖွေခဲ့တယ် ဒါပေမဲ့ ဒီလိုအစားထိုးပစ္စည်းတွေက အမြဲတမ်းတော့လည်း မတွေ့တတ်ဘူးဗျ ဒါဟာ ကံတရားနဲ့လည်း ဆိုင်နေသေးတယ်"
"ကံတရားနဲ့လည်း ဆိုင်တယ် ဟုတ်လား"
ဇုချန်းညှိုက စုချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားမယ်ဆိုတဲ့ ရှင့်ရဲ့ မဟာအိပ်မက်ကြီးက ကံတရားအပေါ်မှာ မူတည်နေတယ်လို့ ရှင်က ပြောနေတာလား"
သူမ၏ စကားလုံးများတွင် စုချန်းအား အထင်သေးဟန်၊ လှောင်ပြောင်လိုဟန်များ အပြည့်အဝ ပါဝင်နေ၏။
သို့သော် စုချန်းကား ဇုချန်းညှို၏ စကားကို စိတ်ကွက်ဟန်မရှိ။ သူက အေးဆေးသောလေသံနှင့် ပြောလိုက်သည်။
"ဟုတ်တယ်လေ ကံကောင်းဖို့လည်း လိုသေးတယ်လို့ပြောတာ ရှက်စရာမှမဟုတ်တာပဲဗျ ခင်ဗျားပဲ စဉ်းစားကြည့်လေ ဘာကြိုးစားအားထုတ်မှုမှ မရှိတဲ့လူဟာ ဘယ်မှာ ကံကောင်းဖို့အခွင့်အရေး ရှိပါ့မလဲ ကျုပ်ပြောတဲ့ ကံတရားဆိုတာ ကြိုးစားအားထုတ်မှုမရှိပဲ မိုးကောင်းကင်ပေါ်က ကျလာတဲ့အရာမျိုးကို ဆိုလိုတာမဟုတ်ဘူး ကျုပ်ပြောတာက ဘာနဲ့ပိုတူမလဲဆိုတော့ ဒီလိုဗျာ ထပ်ခါထပ်ခါ ကြိုးစားအားထုတ်နေတဲ့ လူတယောက်ကို ကောင်းကင်ဘုံက သနားလာတဲ့နောက်မှာ မမျှော်လင့်တဲ့ အခြေအနေမျိုးကနေ အောင်မြင်မှု ရလာနိုင်တာမျိုးကို ဆိုလိုတာ ဒါကြောင့် ကျုပ်ကတော့ ကံကြမ္မာကောင်းဆိုတာ မရေမတွက်နိုင်လောက်တဲ့ ကြိုးစားအားထုတ်မှုတွေအပေါ်မှာပဲ အခြေတည်နေတယ်လို့ ယူဆတယ်"
"ဒီတော့ ဇုမျိုးနွယ် သွေးဗီဇနဲ့ပတ်သက်လို့ ရှင့်ရဲ့ ကံကြမ္မာကောင်းက ဘာတဲ့လဲ ပြုံးပြနေပြီလား"
ဇုချန်းညှိုသည် ယခုတိုင် စုချန်းကို လှောင်ပြောင်လျက်သာ ရှိနေသေး၏။
စုချန်းက ဘာမှပြန်မပြောပဲ ပုခုံးနှစ်ဖက်ကိုသာ တွန့်ပြလိုက်သည်။
သူ့ပုံစံမှာ ယခုထိ ကံမကောင်းသေးမှန်း သိသာနေ၏။
ဇုချန်းညှိုက မညှာမတာပင် ရယ်မောလိုက်သည်။
"ဇုမျိုးနွယ်သွေးဗီဇကို တကယ်ပဲ ချိုးဖျက်နိုင်မယ်လို့ ရှင်ထင်နေတာလား ရယ်စရာကောင်းလိုက်တာရှင် ကိုင်းဟွမ်ကောင်းကင်ဘုံကို တီထွင်နိုင်တာနဲ့ပဲ တအားကြီး ထူးခြားသွားပြီလို့ ကိုယ့်ကိုယ်ကို ထင်မနေနဲ့ရှင့် တကယ်တော့ ရှင့်ဆရာကမှ အလုပ်အများစုကို လုပ်ခဲ့တာ ရှင်ကတော့ သူချထားတဲ့ အုတ်မြစ်ကို အခြေတည်ပြီး ပေါက်ဖွားလာတဲ့ အောင်မြင်မှုအသီးအပွင့်တွေကို အခန့်သား ခူးဆွတ်ခဲ့တဲ့လူ ဒါကြောင့် ဒီအပေါ်မှာ အချိန်သိပ်မဖြုန်းနဲ့လို့ပဲ ကျွန်မက ရှင့်ကို အကြံပေးလိုက်မယ်"
"အင်း ခင်ဗျား ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
စုချန်းသည် ထိုကိစ္စနှင့် ပတ်သက်၍ ဇုချန်းညှိုနှင့် ထပ်မံပြောဆိုခြင်း မပြုတော့။ သူ့စိတ်ထဲတွင်တော့ အချိန်ရှိသရွေ့ ကြိုစားသွားပါက တနေ့တွင် မုချအောင်မြင်ရမည်ဟု ယူဆထားလေသည်။ သို့သော် တဖက်တွင်လည်း သုတေသနလုပ်ငန်းဟူသည် မိမိ ပစ်ထည့်လိုသော ကျောက်တုံးများ၏ ပဲ့တင်သံကိုပင် ပြန်မကြားရလောက်အောင် နက်ရှိုင်းသော တွင်းနက်ကြီးမှန်း စုချန်း ကောင်းစွာ နားလည်သဘောပေါက်ထား၏။ ထို့ကြောင့် အချိန်အတိုင်းအတာ တခုအတွင်း ဇုမျိုးနွယ်သွေးဗီဇကို မချိုးဖျက်နိုင်ပါက သူ့အနေနှင့် ဤကိစ္စကို လက်လွှတ်ရန် စဉ်းစားလိမ့်မည်သာ။
ထိုအချိန်မှာပင် သံမဏိတယောက် အမောတကောနှင့် ပြေးဝင်လာ၏။
သူကပြောလိုက်သည်။
"ကျန့်ပါ့ရှန်း နိုးလာပါပြီသခင်"