← Chapters

လှည့်ဖျားနှလုံးသားသွေးဗီဇ ၂

Vol. 26 Ch. 260

လှည့်ဖျားနှလုံးသားသွေးဗီဇ ၂

Vol. 26 Ch. 260

ကျန့်ပါ့ရှန်းသည် ကျောက်သားထိုင်ခုံတလုံးပေါ်တွင် ထိုင်ရင်း ကိုယ်ခန္ဓာကို ရှေ့တိုးနောက်ငင်ယိမ်းကာ သီချင်းတပုဒ်ကို သီဆိုလျက်ရှိသည်။

သူမ၏ သီဆိုပုံမှာ အလွန်တရာ နူးညံ့သိမ်မွေ့လှပြီး ခံစားချက်ပါလှ၏။

စုချန်းက သူမ၏ ရှေ့တွင် လက်နှစ်ဖက်ကို လှုပ်ယမ်းပြလိုက်သည်။ သို့သော် ဘာတုံ့ပြန်မှုမှမရှိ။

သူမသည် ယခင်အတိုင်းပင် ကိုယ်ကိုရှေ့နောက်ယိမ်းကာ သီချင်းဆိုနေ၏။ တခါတရံတွင် ကိုယ့်ကိုယ်ကို ပြန်စကားပြောနေလေသည်။ တချက်တချက်တွင်တော့ ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေပြန်၏။

စုချန်း ဘာပဲလုပ်လုပ် ကျန့်ပါ့ရှန်းကတော့ အနည်းငယ်မှပင် တုံ့ပြန်မှုမရှိ။

"သူ နိုးလာကတည်းက အဲဒီလိုဖြစ်နေတာလား"

စုချန်းက မေးလိုက်သည်။

"နိုးလာကတည်းက ဒီအတိုင်းပဲ သခင် ကျွန်တော်ဘာပြော ပြောမရဘူး ဦးလေးဆယ့်တစ်ရဲ့ လက်ချက်ကြောင့် ဦးနှောက်ပျက်သွားတာလား သခင်"

"သေတော့မသေချာဘူးကွ ကျုပ်လည်း ဒါမျိုး ပထမဆုံး မြင်ဖူးတာပဲ"

စုချန်းက ကျန့်ပါ့ရှန်း၏ မျက်ခွံကို လှန်ကြည့်ရင်း ဖြေလိုက်သည်။

ထို့နောက် သူက ထူးခြားသော အမြင်အာရုံကို နှိုးဆွပြီး စိုြက်ကြည့်လိုက်ရာ သူမ၏ နောက်တွင် ကျယ်ပြောပြီး အရောင်အသွေး စုံလင်လှသော စကြာဝဠာအသေးစားတခုကို မြင်တွေ့လိုက်ရသည်။ သို့သော် အနှီ စကြာဝဠာ အသေးစားသည် မယုံနိုင်လောက်အောင်ပင် ရှုပ်ထွေးနေ၏။ ၎င်းကို ကြည့်နေရင်း ဦးခေါင်းတခုလုံး မူးနောက်လာသလို စုချန်း ခံစားလိုက်ရ၏။

မည်သို့ဆိုစေ သူ သေသေချာချာ ပြောနိုင်သည်မှာ ကျန့်ပါ့ရှန်း၏ အခြေအနေမှာ သာမာန်မဟုတ်ခြင်းပင်။

"ထူးဆန်းလိုက်တာ ဘာတွေများ ဖြစ်နေပါလိမ့်"

စုချန်း ရေရွတ်လိုက်သည်။

"အဲဒါ ဝိညာဉ်နစ်မြုပ်ခြင်းလို့ခေါ်တယ်"

စုချန်း၏ နောက်ကျောမှ အသံတသံ ပေါ်လာ၏။

စကားပြောလိုက်သူမှာ ဇုချန်းညှို ဖြစ်နေသည်။

ဇုချန်းညှိုသည် စုချန်းနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးနေသဖြင့် နောက်ပိုင်းရက်များတွင် စုချန်းကလည်း သူမအပေါ် အခွင့်အရေးတချို့ ပြန်ပေးထား၏။ ထိုအခွင့်အရေးမှာ သူမအား တခြားလူများကဲ့သို့ ချုပ်နှောင်ထားခြင်းမရှိပဲ မူလစွမ်းအင်မျှော်စင်အတွင်း လွတ်လပ်စွာ သွားခွင့်ပြုထားခြင်း ဖြစ်သည်။ သို့သော် သူမသည် စုချန်း အထူးကန့်သတ်ထားသည့် နေရာများကိုတော့ ဝင်ခွင့်မရှိပေ။ မည်သို့ဆိုစေ ကျန်နှစ်ယောက်ထက်စာလျင် ဇုချန်းညှို နေထိုင်ရသည့် အနေအထားက အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်၏။

စုချန်းက ဇုချန်းညှိုကို ဖြတ်ခနဲ လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ခင်ဗျားက ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"

တဆက်တည်းမှာပင် သူက မေးလိုက်ပြန်သည်။

"ဒါနဲ့ ခုနက ခင်ဗျား ဘာပြောလိုက်တယ် ဝိညာဉ်နစ်မြှုပ်ခြင်း ဟုတ်လား"

ဇုချန်းညှိုက လမ်းလျှောက်ရင်းနှင့်ပင် စုချန်း၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

"ဒါက ဝိညာဉ်နစ်မြှုပ်ခြင်းလို့ခေါ်တယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာဟာ ပြန်နိုးလာပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ ဒဏ်ရာကြောင့် အိပ်မောကျနေတုန်းပဲရှင့် သူဟာ အိပ်မက်ရဲ့ နက်ရှိုင်းတဲ့အလွှာထဲမှာ ပိတ်မိနေပြီး တဝဲလည်လည်နဲ့ ပြန်မနိုးထနိုင်ပဲ ဖြစ်နေတာ ကြည့်ရတာတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ပြင်းပြင်းထန်ထန် ထိခိုက်ခံလိုက်ရပုံပေါ်တယ် ခုဆိုရင် သူဟာ ကိုယ်ပိုင်အိပ်မက်တခုဖန်တီးပြီး အဲဒီအိပ်မက်ထဲကနေ ထွက်လာဖို့ရာမရှိတော့ဘူး"

"ဒီတော့ ကျုပ်တို့က သူ့ကို ဘယ်လိုပြန်နှိုးမလဲ"

"စိတ်ဝိညာဉ်အမျိုးအစားနည်းစနစ်တွေကပဲ စိတ်ဝိညာဉ်ဆိုင်ရာ ဒဏ်ရာတွေကို ကုသနိုင်တယ် ခုကြည့်ရတာ သူ့ရဲ့ဒဏ်ရာဟာ ပြင်းထန်ပုံပေါ်တော့ အင်မတန်အားကောင်းတဲ့ စိတ်ဝိညာဉ်အမျိုးအစားနည်းစနစ်ကို သုံးတော့မှပဲ သူ့ကိုနှိုးနိုင်တော့မယ်"

"အဲဒီလိုလား ခင်ဗျားက ဘာကြောင့် ဒီအကြောင်းတွေကို အဲဒီလောက်ထိ သိနေရတာတုန်း"

"ရှင်လည်း သိထားပြီးသားပဲ ဇုမျိုးနွယ်ဟာ စိတ်ကို လှည့်စားညှို့ငင်တဲ့ နည်းစနစ်တွေမှာ အင်မတန်ကျွမ်းကျင်တယ်ဆိုတာ အဲဒီထဲမှာ စိတ်ဝိညာဉ်အမျိုးအစားနည်းစနစ်တွေက ပထမနေရာက ပါနေတယ်ရှင့် ရှင်သိအောင်ထပ်ပြောရရင် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ သွေးဗီဇမှာ ယောကျာ်းမိန်းမ ကန့်သတ်ချက်ကြီးဖြစ်နေတာကို အဖြေရှာဖို့ကြိုးစားနေတာ အတော်ကိုကြာပြီ"

"ယောကျာ်းတွေလည်း ညှို့ငင်ဖမ်းစားနည်းစနစ်တွေကို အသုံးပြုလာနိုင်အောင်လို့လား"

"မဟုတ်ဘူး ညှို့ငင်ဖမ်းစားနည်းစနစ်တွေကို မိန်းမတွေအပေါ်မှာပါ အသုံးပြုလို့ရအောင် အဖြေရှာနေတာ"

"ကျုပ် ထင်တော့ထင်သား ခင်ဗျားတို့တတွေ ဒီလောက်ထိ သဘောမကောင်းပါဘူးလို့"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။ တဆက်တည်းမှာပင် သူက

"ကျုပ် ဒါကို သင်ချင်တယ်"

"မသင်ပေးနိုင်ဘူး"

ဇုချန်းညှိုက တုံးတိပင် ငြင်းဆိုလိုက်သည်။

စုချန်းအနေနှင့် ဤကိစ္စကိုတော့ ဖိအားပေးရန် ရည်ရွယ်ထားခြင်းမရှိ။ ထိုကြောင့် သူက ခေတ္တစဉ်းစားပြီး ပြောလိုက်၏။

"ကောင်းပြီ ဒါကို သင်ယူဖို့ ကျုပ်ဘက်က ဘာလုပ်ပေးရမလဲ"

"ဒီထက်ပိုပြီး လွတ်လပ်ခွင့်လိုချင်တယ် အနည်းဆုံးတော့ နဂါးကျောင်းတော်ထဲမှာ လမ်းလျှောက်ခွင့်ပေါ့ ဒီအထဲမှာ ကျွန်မ အရမ်း ငြီးငွေ့နေပြီရှင့်"

"ဒါမဖြစ်နိုင်ဘူးဆိုတာ ခင်ဗျား သိပါတယ်နော်"

"ရှင် ကျွန်မကို မယုံဘူးဆိုရင် ကျွန်မနဲ့ လိုက်လာနိုင်သားပဲ"

ဇုချန်းညှိုက တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။

"နေ့တိုင်း တရက်ကို နာရီဝက်လောက်ဆုံရင် လုံလောက်ပြီ ကျွန်မအနေနဲ့ လေကောင်းလေသန့်ရှုပေးဖို့တော့ လိုသေးတယ် ဒါကိုမှ မယုံသေးဘူးဆိုရင် ကျွန်မ ထွက်မပြေးနိုင်အောင် ဆေးတွေကျွေးထားပေါ့ ရှင်ဟာ အဂ္ဂိရတ်ပညာရှင်ပဲလေ ရှင်ကြိုက်တဲ့နည်းလမ်း ရှင်သုံးလို့ရနေသားပဲဟာ"

စုချန်း အသက်ကို အားရပါးရ ရှုသွင်းလိုက်သည်။

သူစဉ်းစားရပြီ။ အချိန်အတော်လေးကြာသွားမှ သူက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ကောင်းပြီ တရက်ကို နာရီဝက်ပဲနော် ဒါပေမဲ့ ခင်ဗျားသင်ပေးမဲ့ နည်းလမ်းဟာ တကယ်တန်ဖိုးရှိပြီး အသုံးဝင်ပါမယ်လို့တော့ ခင်ဗျား ကျိန်ရလိမ့်မယ်"

ဇုချန်းညှို သက်ပြင်းချလိုက်၏။

"တကယ် အသုံးဝင်မဝင်တော့ ကျွန်မ သေသေချာချာ မပြောနိုင်ဘူး တကယ်တော့ ကျွန်မတို့ မိသားစုဟာ ဒါကို လေ့လာနေတာ အချိန်အတော်ကြာပြီ ဒါပေမဲ့ ထူးထူးခြားခြား အောင်မြင်တာမျိုးတော့ မရှိခဲ့သေးဘူး ဆိုလိုတာက ဒါဟာ အကြမ်းထည်သဘောမှာပဲ ရှိနေသေးတယ်ပေါ့ရှင် ဒီတော့ ရှင့်ကို နားလည်အောင် ရှင်းပြဖို့တောင် အတော်လေး အချိန်ယူရလိမ့်မယ် ဒီတော့ ဒီလိုလုပ်လေ ကျွန်မတို့ လမ်းလျှောက်ထွက်တိုင်း ရှင်က သိချင်တာတွေမေးပေါ့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပြီးဖြေပေးမယ်"

"ကောင်းသားပဲ"

စုချန်း သဘောတူလိုက်၏။

အကယ်၍ ဇုချန်းညှိုသာ သူ့မေးခွန်းများကို မဖြေနိုင်ပါက သူမ၏ လေကောင်းလေသန့်ရှုရမည့် အခွင့်အရေးသည် ည်း ထိုနေရာမှာပင် အဆုံးသတ်သွားပေလိမ့်မည်။

နောက်တရက်လွန်မြောက်သည်နှင့် စုချန်းသည် ဇုချန်းညှိုအား သူ့ကတိအတိုင်း မျှော်စင်အပြင်သို့ ခေါ်ထုတ်သွား၏။ အချိန်မှာ ညနေခင်းအစောပိုင်းဖြစ်သည်။ ဇုချန်းညှိုကလည်း သူမ၏ ကတိအတိုင်းပင် စုချန်းအား မည်သည့်ဒုက္ခမှမပေးသလို အပြင်မှလူများနှင့်လည်း ဆက်သွယ်ရန် ကြိုးစားခြင်းမရှိပေ။

သူတို့နှစ်ယောက်သည် ဝင်လုဆဲနေရောင်ခြည်အောက်ဝယ် တရွေ့ရွေ့နှင့် လမ်းလျှောက်နေကြ၏။ အခါအားလျော်စွာ စုချန်းက မေးခွန်းများ မေးသလို ဇုချန်းညှိုကလည်း ပြန်လည်ဖြေပေးနေ၏။

အပြင်ဘက်ရှိလူများမှာကား ဘာတွေဖြစ်နေမှန်း တိတိကျကျ သိကြသည်မဟုတ်။ သူတို့စိတ်ထဲတွင် စုချန်းသည် အလွန်လှပသော မိန်းကလေးတဦးနှင့် သူငယ်ချင်းဖြစ်နေသည်ဟု ယူဆကာ အကြီးအကျယ် မနာလိုဖြစ်နေကြလေသည်။ သိပ်မကြာမီမှာပင် စုချန်းသည် တော်ဝင်မျိုးနွယ်စုဝင် မိန်းကလေးတယောက်ကို အခွင့်အရေးများ ရရန်အလို့ငှာ မျက်နှာလိုမျက်နှာရလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လာ၏။

တချို့ကလည်း ဤသတင်း မဟုတ်မမှန်ကြောင်း စိတ်ထဲက သိနေကြ၏။ အနည်းဆုံးတော့ စုချန်းသည် ရှေးယခင်ကတည်းက ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန် အခွင့်အရေး ရှိနေခဲ့သူ မဟုတ်ပါလား။

ယုတ်စွအဆုံး ဝမ်တောက်ရှန်းသည်ပင် ထိုသတင်းကို ကြားသောအခါ အမောတကောနှင့် ပေါက်ချလာ၏။ ဇုချန်းညှိုကို မြင်လိုက်ရသောအခါတွင်တော့ အနှီဖက်တီး၏ မျက်လုံးများမှာ သပိတ်အိုးပမာ ပြူးကျယ်သွားတော့သည်။ ဒီကြားထဲ ယွဲ့လောင်ရှကိုလည်း မကြာခန တွေ့နေရလေရာ ဝမ်တောက်ရှန်းမှာ စုချန်း ဘာတွေလုပ်နေမှန်း လုံးဝနားမလည်နိုင်ပဲ ဖြစ်နေရှာ၏။ သို့သော် အလိုက်သိသူပီပီ ဘာမှတော့ မမေးမြန်းရှာ။

ဤအတောအတွင်း ကုချိန်းလွှာနှင့် တွေ့လို၍ စုချန်းတယောက် နှစ်ကြိမ်တိုင်တိုင် သွားရှာသေးသည်။ ကုချိန်းလွှာသည် ထိုနှစ်ကြိမ်လုံးတွင် သူ့ကို ရှောင်နေ၏။

သို့သော် ကုချိန်းလွှာသည် မမြင်ကွယ်ရာမှနေ၍ စုချန်းကို အမြဲလိုလို စောင့်ကြည့်လျက်ရှိမှန်းကိုတော့ စုချန်း လုံးဝမသိခဲ့ချေ။

______________×××______________×××____________

ဇုချန်းညှိုနှင့် နေ့တဓူဝ လမ်းလျှောက်ရင်း စုချန်းသည် လူသားများ၏ စိတ်ဝိညာဉ်အပေါ် တနေ့တခြား ပိုမိုနားလည်လာ၏။ သူ၏ ဗဟုသုတမှာလည်း တရိပ်ရိပ်နှင့် တိုးပွားလာ၏။

လူူသားများ၏ စိတ်ဝိညာဉ်အပေါ် ဇုမျိုးနွယ်စု၏ နားလည်နိုင်စွမ်းမှာ အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ စုချန်း မသိသေးသည့် အရာအတော်များများကို ဇုမျိုးနွယ်များက ရှေးအတီတေကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီးလေပြီ။

ဇုချန်းညှို၏ လမ်းညွှန်မှုအောက်ဝယ် ဤဘာသာရပ်အပေါ် စုချန်း၏ နားလည်နိုင်စွမ်းသည် တဖြည်းဖြည်း မြင့်မားလာသကဲ့သို့ သူ၏ အသိပညာမှာလည်း ပို၍ ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။

သွေးဗီဇများ၊ မူလစွမ်းရည်များ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာရှာဖွေခြင်းဟူသည် အမှန်တော့ စုချန်းတယောက်တည်းသာ လုပ်နေသည်မဟုတ်ပေ။ တော်ဝင်မျိုးနွယ်စုများသည်လည်း ထိုနည်းနှင်နှင်လုပ်ဆောင်နေကြ၏။ လူတယောက်သေဆုံးသွားပါက ကျန်ရစ်သူသည် ထိုသူ၏ ဗဟုသုတနှင့်နည်းစနစ်များကို ဆက်ခံကာ ပထမလူ၏ ခြေရာကို လိုက်နင်းကြပြန်သည်။ ဤနည်းအားဖြင့် သံသရာလည်နေခြင်း ဖြစ်သည်။

နဂါးကျောင်းတော်အတွင်း ဇုချန်းညှိုအား လမ်းလျှောက်ခွင့်ပြုပြီး ၂၁ရက်မြောက်နေ့တွင် စုချန်း၏ လှည့်ဖျားနှလုံသားသွေးဗီဇအပေါ် လေ့လာနေသည့် သုတေသနသည် လမ်းခွဲတခုသို့ ရောက်လာခဲ့၏။ သူသည် ထိုသွေးဗီဇ၏ အခြေခံမူ တစိတ်တဒေသကို နားလည်တတ်ကျွမ်းလာခဲ့လေပြီ။

ထိုသို့ နားလည်တတ်ကျွမ်းလာသည်နှင့် စုချန်းသည် လှည့်ဖျားနှလုံးသားသွေးဗီဇ၏ အင်အား တစိတ်တဒေသကို ဖော်ဆောင်နိုင်စေရန် မူလစွမ်းအင်အဆောင်လက်ဖွဲ့ ၁၂ခုကို စတင်ဖွဲ့စည်းကြည့်လေသည်။ ထိုနည်းလမ်းကို သုံးလိုက်ခြင်းကြောင့် လှည့်ဖျားနှလုံသားမူလစွမ်းရည်များကို အသုံးပြုချိန်တွင် စုချန်း၏ စွမ်းအင်ထုတ်လွှတ်မှုနှုန်းထားသည် သိသိသာသာပင် မြင့်တက်လာခဲ့၏။

သို့သော် ထိုမျှနှင့် စုချန်း စိတ်မကျေနပ်သေး။ သူ၏ အဓိကရည်ရွယ်ချက်မှာ သွေးဗီဇမဲ့မူလစွမ်းရည်များသည် အဆင့်မြင့်သွေးဗီဇမူလစွမ်းရည်များနှင့် အနည်းဆုံး အဆင့်တူအနေအထားတွင် ရှိနေစေရန်ဖြစ်သည်။ ထို့ကြောင့် မူလစွမ်းရည်တချို့ကို သင်ယူခြင်း သို့မဟုတ် မူလစွမ်းရည်တချို့ကို အားကောင်းလာစေရန် ပြုပြင်မွမ်းမံခြင်းမှာ သူ့အတွက် အရေးမပါလှ။

လက်တွေ့ကောက်ချက်ချရလျင် လှည့်ဖျားနှလုံးသားသွေးဗီဇ၏ အခြေခံနိယာမသည် လူသားများ၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်လျက်ရှိသောကြောင့် စုချန်းသည် လတ်တလော သူ့အာရုံများအားလုံးကို စိတ်ဝိညာဉ်အမျိုးအစားမူလစွမ်းရည်များအပေါ်တွင်သာ အာရုံစိုက်ထားလေသည်။

စုချန်း လေ့လာသင်ယူခဲ့ဖူးသည့် စိတ်ဝိညာဉ်အမျိုးအစား မူလစွမ်းရည်များကို အခြေခံအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားထား၏။

ဝိညာဉ်မျက်လုံးနှင့် ဝိညာဉ်အမြစ်တွယ်ခြင်းနည်းစနစ်များသည် အဆင့်နိ်မ့်နည်းစနစ်များသာဖြစ်ပြီး ယေဘုယျအားဖြင့် ၎င်းတို့သည် မိမိထက် အင်အားနည်းပါးသူများအပေါ်တွင်သာ အသုံးဝင်၏။ စိတ်ဓာတ်ခိုင်မာသူများ၊ စွမ်းအင်အဆင့်မြင့်သူများကို ထိုနည်းစနစ်များနှင့် တိုက်ခိုက်၍မရပေ။

သူတို့နှင့် နှိုင်းယှဉ်လျင် လှည့်ဖျားနှလုံးသားသွေးဗီဇမူလစွမ်းရည်များကို အဆင့်မြင့် ဝိညာဉ်အမျိုးအစား နည်းစနစ်များဟု သတ်မှတ်နိုင်ပေသည်။

သို့သော် ဝိညာဉ်မျက်လုံးနှင့် ဝိညာဉ်အမြစ်တွယ်ခြင်းနည်းစနစ်များမှာ ရှေးဟောင်းအာကင်နာနည်းလမ်းများကို တီထွင်ဆန်းသစ်ထားခြင်းဖြစ်သဖြင့် ၎င်းနည်းစနစ်များထဲတွင် မူလစွမ်းအင်အဆောင်လက်ဖွဲတချို့နှင့် အားဖြည့်ထားသော မူလစွမ်းအင်ပုံစံများ ပါဝင်နေသည်။ ထို့အတွက်ကြောင့်ပင် စုချန်းက လှည့်ဖျားနှလုံးသားသွေးဗီဇကို အခြေခံ၍ သူဖော်ထုတ်ထားသော အဆောင်လက်ဖွဲ့တို့ကို ထည့်သွင်းပေါင်းစပ်ရန် ကြိုးစားကြည့်နေခြင်းဖြစ်သည်။

ဤသည်မှာပင် အခြေခံအားဖြင့် သူဆောင်ရွက်လိုသည့် ရိုးရှင်းသော စမ်းသပ်မှုလေး ဖြစ်သည်။ မည်သို့ဆိုစေ ထိုစမ်းသပ်မှုကို စုချန်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။

ပထမဆုံးအနေနှင့် သူသည် ရှီကိုင်းဟွမ်၏ မူလစွမ်းအင် အဆောင်လက်ဖွဲ့အလင်းရောင်ပုံစံကွက်ကြီးကို အသုံးပြု၍ အဆောင်လက်ဖွဲ့အစိတ်အပိုင်းများ၏ အထားအသို အခင်းအကျင်းကို တွက်ချက်၏။ ထို့နောက် ဘရုခ်ပုံသေနည်းကို အသုံးပြု၍ မူလစွမ်းအင်ပုံစံကို ပြန်လည်စီစဉ်ပြန်၏။ နောက်ဆုံးတွင်တော့ သူသည် ဇုမျိုးနွယ်ထံမှ ရရှိသော ဗဟုသုတအသစ်အဆန်းများကို အခြေခံပြီး မူလစွမ်းအင်အဆောင်လက်ဖွဲ့နှင့် မူလစွမ်းအင်ပုံစံကို ပေါင်းစပ်ကာ စိတ်ဝိညာဉ်ဆိုင်ရာ နည်းစနစ်အသစ်တမျိုးကို တီထွင်နိုင်ခဲ့လေသည်။

ထိုနည်းစနစ်အတွက် အစမ်းသပ်ခံမှာကား ကျန့်ပါ့ရှန်း ဖြစ်လာ၏။ ဝိညာဉ်နစ်မြုပ်ခြင်းဝေဒနာခံစားနေရသည့်် ကျန့်ပါ့ရှန်းထက် ကောင်းမွန်သော အစမ်းသပ်ခံဟူ၍ အဘယ်မှာ ရှိမည်နည်း။

နောက်ဆုံးတွင်တော့ စုချန်းသည် ပြီးပြည့်စုံသော မူလစွမ်းရည်သစ်တမျိုးကို တီထွင်နိုင်ခဲ့ပြန်လေပြီတည်း။

ယခင် လေ့ကျင့်ဖူးခဲ့သည့် စိတ်ဝိညာဉ်အမျိုးအစားမူလစွမ်းရည်များနှင့် မတူသည်မှာ စုချန်း၏ နည်းစနစ်သစ်သည် တဖက်လူကို အစေခံဖြစ်အောင် မပြုလုပ်နိုင်သလို စိတ်ဝိညာဉ်ကိုလည်း အမြစ်တွယ်အောင် မစွမ်းဆောင်နိုင်။ တဖန် သူ့နည်းစနစ်သည် တဖက်လူ၏ နှလုံးသားကိုလည်း ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သို့သော် တဖက်လူကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေရန်တော့ ပြုလုပ်နိုင်၏။

ရုတ်တရက်ကြားလိုက်ရလျင် ထိုစွမ်းရည်သည် ဝိညာဉ်မျက်လုံးနှင့် တူသလိုထင်ရသော်လည်း ၎င်းတို့ကြား အကြီးမားဆုံး ကွဲပြားခြားနားချက်မှာ စုချန်း၏ စွမ်းရည်သစ်က အချိန်အကြာကြီး သက်ရောက်မှုရှိနေခြင်းပင် ဖြစ်သည်။

All Chapters