#အကြွင်းအကျန်များကို အမြစ်ဖြတ်ခြင်း#
Vol. 86 Ch. 1216
ခေးအောစ့်အနှစ်သာရဓားဘိုးဘေး!
ဓားသခင်နန်းတော်တွင် ဓားသခင်ပြန်လာတာကို မြင်သောအခါ မဟာအကြီးအကဲ ဦးညွတ်ရင်းမေးသည်။
"ဓားသခင်၊ ကိစ္စတွေဘယ်လိုဖြစ်သွားပြီလဲ"
ခေးအောစ့်အနှစ်သာရဓားသခင် ခေါင်းညိတ်သည်။
"ဒါပေမယ့် ဓားသခင် နတ်ဆိုးဘုရင်ပိုင်နက်ကိုသွားပြီး အဲဒီဧကရာဇ်အသစ်ကို ဂုဏ်ပြုဖို့အတွက် ဘာလို့နှိမ့်ချရသလဲဆိုတာ ကျွန်တော်တကယ်နားမလည်နိုင်ဘူး" မဟာအကြီးအကဲမျက်မှောင်ကြုတ်သည်။
"တစ်ဘက်လူရဲ့ပါရမီက ထူးခြားတယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက သူတို့ကို မြှောက်ပင့်ပေးဖို့အတွက် ကိုယ်တိုင်သွားနေစရာမလိုဘူးလေ၊ ဒီလိုအရာမျိုးလုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့စွမ်းအားက အဲလောက်ထိကြီးမားနေစရာမလိုဘူးမလား"
ခေးအောစ့်အနှစ်သာရဓားသခင် မဟာအကြီးအကဲကို ဓားတစ်စင်းကဲ့သို့ ထက်ရှသည့် အကြည့်ဖြင့် တည့်တည့်ပစ်လွှတ်ကာ ကြည့်နေသည်။
ဒါကိုမြင်သောအခါ မဟာအကြီးအကဲ အလျင်အမြန်ဦးညွတ်လိုက်သည်။
"ကျွန်တော်လွန်ကဲမိသွားပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ၊ ဓားသခင်"
ခေးအောစ့်အနှစ်သာရဓားသခင် အနည်းငယ်ခေါင်းခါယမ်းသည်။
"မင်းကလည်း ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းရဲ့ ကောင်းကျိုးသုခကို စဉ်းစားနေတာပဲ၊ ငါမင်းကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် မင်းစိတ်နေသဘောထားနဲ့ဆိုရင် ဓားကျင့်ကြံခြင်းလမ်းစဉ်မှာ အဝေးကြီးသွားနိုင်မှာမဟုတ်ဘူး၊ မင်းပြောင်းလဲရမယ်"
မဟာအကြီးအကဲခါးသီးစွာသာပြုံးသည်။ ဒါကို သူကိုယ်တိုင်ကောင်းကောင်းသိပါသည်။
သို့သော် ခေးအောစ့်အနှစ်သာရဓားသခင်၏ နယ်ပယ်က ကြီးမားလွန်းပြီး အော်ရာကလည်း လွှမ်းမိုးနိုင်စွမ်းရှိသဖြင့် သူအကြိမ်တိုင်း ဒီလိုပြုမူနေမိခဲ့သည်။
"ပြီးတော့ ကြေညာစရာတစ်ခုရှိတယ်" ဓားသခင်ဆက်ပြောသည်။
မဟာအကြီးအကဲခေါင်းထောင်လာပြီး ဂရုတစိုက်နားထောင်သည်။
"လာမယ့်နေ့တွေမှာ ငါလေ့ကျင့်ဖို့အတွက် သွားတော့မယ်၊ ကျေးဇူးပြုပြီး အဆင့်မြင့်မဟာအကြီးအကဲကို ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းရဲ့ ကိစ္စရပ်တွေကို ကြီးကြပ်ပေးဖို့အတွက် ထွက်လာဖို့ပြောလိုက်ပါ၊ သူ့အမိန့်တွေက ငါ့အမိန့်အတိုင်းပဲ"
လေ့ကျင့်ဖို့အတွက်သွားမှာလား!
ဒီလိုအရေးကြီးတဲ့ကာလမှာလား!
မဟာအကြီးအကဲပူပန်စွာပြောသည်။
"ဒါမကောင်းဘူးဓားသခင်၊ အဆင့်မြင့်ကြယ်နယ်မြေက ရှုပ်ထွေးနေတဲ့အချိန်မှာ အရာတိုင်းကို ကြီးကြပ်ဖို့အတွက် ဓားသခင်ရှိမနေဘူးဆိုရင် ဓားတာအိုက ပြဿာနာတွေကို ကြုံတွေ့ရနိုင်တယ်"
"ဒီလိုသေးငယ်တဲ့ကိစ္စရပ်တွေကိုတောင် မခံနိုင်ဘဲ ပြဿာနာတွေကို ကြုံတွေ့နေရသေးတယ်ဆိုရင် ဒီဓားတာအိုတည်ရှိနေစရာ မလိုတော့ဘူး" ခေးအောစ့်အနှစ်သာရဓားသခင် တည်ငြိမ်စွာပြောသည်။
"တော်ပြီ၊ ငါစိတ်ပိုင်းဖြတ်ထားပြီးပြီ"
မဟာအကြီးအကဲ အားကိုးရာမဲ့စွာပြောသည်။
"ဒါပေမယ့် နတ်သခင်ရဲ့ခွန်အားနဲ့ လေ့ကျင့်ဖို့အတွက် ထွက်သွားစရာလိုသေးလို့လား"
"အပြင်မှာ အမြဲလိုလိုပိုတော်တဲ့ သူတွေဆိုတာ ရှိသလို အထက်မှာလည်း ပိုမြင့်တဲ့ ကောင်ကင်တစ်ခုဆိုတာ အမြဲရှိတယ်" ခေးအောစ့်အနှစ်သာရဓားသခင် ကောင်းကင်ကို မော့ကြည့်ရင်း ပြောသည်။
"ဒါ့အပြင် ငါ့ကို ဖိအားပေးတဲ့သူတစ်ယောက် ရှိနေပြီ"
ဖိအားလား!
ဓားသခင်ကိုတောင် ဖိအားပေးနိုင်ဖို့ ဘယ်လိုစွမ်းအားမျိုးရှိဖို့လိုလဲ!
"အဲဒီလူက....." မဟာအကြီးအကဲ မေးတော့မည့်အချိန်တွင် ခေးအောစ့်အနှစ်သာရဓားသခင် ထိုနေရာကနေ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။
....
ထာ၀ရသက်တမ်းကမ္ဘာ!
လျိုကျိယု စံအိမ်တော်သို့ ရောက်လာခဲ့သည်။
ဖယောင်းနဂါးကိုမြင်သောအခါ သူချက်ချင်းထိတ်လန့်သွား၏။
"ဒါနဂါးဥက ပေါက်ဖွားလာတဲ့အကောင်လား"
သူ့နှုတ်ခမ်းဖျားကနေ စကားလုံးများ ထွက်လာပြီး မကြာခင်မှာပင် ဖယောင်းနဂါး၏ ဧရာမနဂါးမျက်လုံးများက ဟိန်းသံတစ်ချက်နှင့် လျိုကျိယုအား စိုက်ကြည့်လာသည်။ ၎င်းက အသက်မပြည့်သေးသည့်တိုင် ခန္ဓာက တောင်ကုန်းလေးတစ်ခုပမာ ကြီးမားနေပြီဖြစ်ကာ လျိုကျိယုအား တိုက်ခိုက်သည်။
၎င်း၏သွေးအဆီအနှစ်မှ ဧရာမစွမ်းအားက လျိုကျိယုကို ထိတ်လန့်စေသည်။
မကြာသေးခင်က ဥကပေါက်ဖွားလာပြီး နတ်အင်ပါယာနယ်ပယ် အထွပ်အထိပ်အဆင့်ကို ရောက်နေပြီလား၊ ပြီးတော့ ဒီနိယာမစွမ်းအားကဘာလဲ!
ဒါက ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်နေပြီမလား!
လျိုကျိယု အရိပ်အဖြစ်ပြောင်းကာ ရှောင်ရန်ကြိုးစားသော်လည်း သူ့၀န်းကျင်က အာကာသကို ဒီနိယာမစွမ်းအားက ပိတ်ဆို့ထားပုံရသဖြင့် သူ့ကို မလွတ်မြောက်နိုင်အောင် လုပ်စေသည်။
ရွေးချယ်စရာမရှိတော့သဖြင့် သူဖယောင်းနဂါးကို ထိပ်တိုက်ရင်ဆိုင်ရတော့သည်။
ဘန်း......!
ဖယောင်းနဂါး၏တိုက်ချက်က လျိုကျိယုကို တိုက်ရိုက်ပင် လွင့်စင်သွားစေသည်။
တစ်ချိန်တည်းမှာပင် ဖယောင်းနဂါးက နဂါးခေါင်းကိုလှုပ်ယမ်းရင်း လျိုကျိယုရှိရာသို့ ဆက်တိုက်ဟိန်းနေသည်။
ထို့နောက် လျိုကျိယုထံ ပြေး၀င်သွားရန် ပြင်နေစဉ်မှာပင် ဘေးက ဟွမ်ချင်း၏ အသံထွက်လာသည်။
"ဖယောင်းနဂါး၊ ရပ်တော့"
ဟွမ်ချင်း၏အသံကို ကြားသော် ဖယောင်းနဂါးချက်ချင်းရပ်သွားပြီး အော်ရာကို ရုပ်သိမ်းကာ ဟွမ်ချင်းဆီသို့ နာခံတတ်သည့် ကလေးငယ်တစ်ဦးပမာ ခေါင်းကို ဘယ်ညာလှုပ်ယမ်းရင်း ငုံ့ထားသည်။
ဟွမ်ချင်း ဖယောင်းနဂါး၏ ကြီးမားသည့်ခေါင်းကို ပွတ်သပ်ရင်း အပြုံးဖြင့်ပြောသည်။
"သူကရန်သူမဟုတ်ဘူး"
လျိုကျိယု စိတ်သက်သာရာရစွာ ရင်ဘတ်ကို ပွတ်ရင်း ပြုံးနေသည့်ဟွမ်ချင်းကို ပြောသည်။
"ဒီနဂါးလေးက မင်းကို သူ့အမေလို့ ထင်နေတယ်လို့ ငါဘာလို့ခံစားနေရတာပါလိမ့်၊ ဒါဆို အဖေလို့ သူဘယ်သူ့ကိုထင်မလဲ"
ဟွမ်ချင်း၏မျက်နှာက နီမြန်းသွားပြီးနောက် ဖယောင်းနဂါးခေါင်းကို ထပ်ပွတ်သပ်ရင်းပြောသည်။
"ဒါပေမယ့် သူကအရမ်းဆိုးတယ်၊ သူနဲ့ နောက်ထပ်အကြိမ်ရေနည်းနည်းလောက် သွားပြိုင်လိုက်"
လျိုကျိယု၏ မျက်နှာက သေလုမြောပါး ဖြူရော်သွားပြီး အလျင်အမြန်ဒူးထောက်သည်။
"စီနီယာဟွမ်ချင်း၊ ငါမှားပါတယ်၊ ငါမှားသွားပါတယ်"
ဒါကိုမြင်သော် ဟွမ်ချင်းတစ်ခုခုပြောရန် ပြင်နေစဉ်မှာပင် ကျောက်စိမ်းဆွဲသီးကနေ အသံတစ်သံထွက်လာသည်။
"မင်းတို့အခုလုပ်နေတာကို ဘေးဖယ်ထားကြ၊ မင်းတို့ချက်ချင်းအာရုံစိုက်ဖို့လိုတဲ့ အရာတစ်ခုရှိတယ်"
ဟွမ်ချင်းကျောက်စိမ်းဆွဲသီးကို ထုတ်ယူသောအခါ လုချန်ရှန်းဆီက အသံပို့လွှတ်ခြင်းဖြစ်သည်။
လျိုကျိယုအလျင်အမြန်ရောက်လာသည်။
"စီနီယာလု၊ ခင်ဗျားဘယ်မှာလဲ၊ ကျွန်တော့်မှာလည်း ခင်ဗျားကိုမျှဝေရမယ့် အရေးကြီး သတင်းအချက်အလက်တွေရှိတယ်"
"ခဏလေး" လုချန်ရှန်း၏ အနည်းငယ် လေးနက်သောအသံ ထွက်လာပြန်သည်။
"လူရိုင်းဒေသကို ချက်ချင်းသွားကြ"
လူရိုင်းဒေသလား!
"အဲဒီမှာ ဘာသွားလုပ်ရမှာလဲ" ဟွမ်ချင်း သိချင်နေမိသည်။
ဒါ့အပြင် လုချန်ရှန်း၏အသံထဲက လေးနက်မှုက လူရိုင်းဒေသတွင် သူစိုးရိမ်ပူပန်ရသည့် အရာတစ်ခုခုရှိလောက်သည်ဟု အရိပ်အမြွက်ပြနေသည်။
"တောင်ပိုင်းဒေသကို သွားပြီး လျှို့ဝှက်ကလန်ဖြစ်တဲ့ ရှင်းမိသားစုကိုရှာပါ"
ရှင်းမိသားစု!
ဒီနေရာတွင် လျိုကျိယု၏ အမူအရာကလည်း လေးနက်သွား၏။
"စီနီယာလု၊ ရှင်းဟုန်ယီရဲ့ ကိစ္စကြောင့်လား"
"မင်းဘယ်လိုသိတာလဲ"
"ဘာလို့လဲဆိုတော့ ကျွန်တော်လည်း စီနီယာကို ဒါကို ပြောပြမလိုလေ"
"ဒါဆိုဘာလို့ အရင်ကတည်းက မပြောရတာလဲ"
"ကျွန်တော်....ကျွန်တော် အဲတုန်းက အမှောင်ပိုင်နက်က ကိစ္စတွေကို ကိုင်တွယ်နေခဲ့တာ" လျိုကျိယုခေါင်းကုတ်ရင်း ရှက်သလိုခံစားနေရသည်။
"အို" လုချန်ရှန်းထူးမခြားနားစွာ ပြန်ဖြေသည်။
"ဒါဆိုအချိန်ကျလာတဲ့အခါကျရင် မင်းအမှောင်နယ်မြေကို ပြန်သွားသင့်တယ်"
ဒါကိုကြားသော် လျိုကျိယု မဲ့ရွဲ့စွာပြုံးရင်း ပြန်ဖြေသည်။
"လုပ်စမ်းပါ၊ စီနီယာလုရာ၊ ကျွန်တော်အခုစံအိမ်တော်ကလေ၊ အမှောင်ပိုင်နက်လား၊ တကယ်ကို မရင်းနှီးပါဘူး"
အမှောင်သခင်သာ ဒီမှတ်ချက်ကို ကြားပါက လျိုကျိယုကို သေချာပေါက်ကန်ထုတ်ပစ်ပေလိမ့်မည်။
ဟွမ်ချင်းပင်လျှင် အထင်အမြင်သေးသွားရသည်။
"အရှက်မဲ့လိုက်တာ"
ရှန်းလျို၊ အရိုးတောင်ပံမြွေကျားနှင့် ဖယောင်းနဂါးတို့ပင် သဘောတူသည့်အသွင် ခေါင်းညိတ်လိုက်ကြ၏။
"ပေါက်ကရပြောနေတာတွေတော်တော့၊ ရှင်းမိသားစုက ငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်တွေပဲ၊ လူရိုင်းဒေသကို ချက်ချင်းသွား၊ ရှင်းမိသားစုကို ရှာပြီး သူတို့ကိုရှင်းပစ်လိုက်၊ ဖြစ်နိုင်တယ်ဆိုရင် ငါပြန်လာတဲ့အခါ စစ်ဆေးလို့ရအောင် တစ်ချို့ကို အသက်ရှင်လျက် ဖမ်းဆီးလိုက်"
"ပြီးတော့ ဘေးကင်းရအောင် ရှန်းလျို၊ အရိုးတောင်ပံမြွေကျားနဲ့ ဖယောင်းနဂါးတို့ကိုလည်း ခေါ်သွားလိုက်၊ အိုး၊ ဟုတ်သားပဲ၊ အဲဒီကလေးဆိုးလေး ကျောက်တုံးလေးကိုလည်း အာကာသကိုချိပ်ပိတ်ခိုင်းလိုက်"
ဟွမ်ချင်းတုံ့ဆိုင်းစွာခေါင်းညိတ်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ရှင့်စိတ်ချလို့ရပါတယ်၊ သူတို့က လူရိုင်းဒေသက မိသားစုလေးတစ်ခုပဲလေ၊ ဘယ်လောက် အစွမ်းထက်နိုင်မှာမို့လဲ"
"ဒါ့အပြင် ရှင့်အခုဘယ်မှာလဲ၊ အိမ်ကနေ ဒီလောက်အကြာကြီးအဝေးမှာ ရှိနေတာက ရှင့်နဲ့မတူဘူး"
"ငါ့ကိုစမနေနဲ့၊ ငါအဲဒီကောင်စုတ်လေးတွေရဲ့ ကိစ္စနဲ့ အလုပ်ရှုပ်နေတယ်၊ အခုသွားရတော့မယ်"
ဒီစကားလုံးများနှင့်အတူ အသံလွှင့်ကျောက်စိမ်းဆွဲသီးက အလင်းက မှေးမှိန်သွား၏။
'အခုသွားရတော့မယ်' ဆိုသောစကား၏ အဓိပ္ပညယ်ကို ဟွမ်ချင်းနားမလည်သဖြင့် စိတ်ရှုပ်ထွေးစွာ ခေါင်းခါယမ်းရုံသာ တတ်နိုင်သည်။ ထို့နောက် လျိုကျိယုတို့ဘက်ကို လှည့်ကာပြောသည်။
"ပြောတာကြားတယ်မလား၊ ကျောက်တုံးလေးကို ပြန်ခေါ်လိုက်၊ ငါတို့ထွက်ခွာကြမယ်"
ထိုကလေးကလည်း လုချန်ရှန်းမရှိချိန်တွင် ထွက်ပြေးရန် ဒီအခွင့်အရေးကို အသုံးချလိုက်သည်။
.....
လူရိုင်းဒေသ!
လျိုကျိယု၏ ထောက်လှမ်းရေးကွန်ရက်အောက်တွင် ရှင်းမိသားစုတည်နေရာကို အမြန်ရှာတွေ့သွားသည်။
သူတို့လူသူကင်းမဲ့သည့် တောအုပ်တစ်ခုထဲသို့ မည်သူ့ကိုမှသတိမပေးဘဲ တိတ်တဆိတ်ရောက်လာကြသည်။ ဒီနေရာ၌ လူတစ်ယောက်မှမရှိပါ။
သူတို့ရှေ့တွင် ဧရာမအိမ်ကြီးတစ်လုံးရှိပြီး အာရုံအသိအာရုံကနေ အထဲတွင် လူတစ်ဒါဇင်ကျော်ရှိသည်။
တစ်ခဏကြာ အာရုံခံပြီးနောက် လျိုကျိယုခေါင်းခါယမ်းသည်။
"ရှင်းဟုန်ယီ ဒီကိုပြန်မလာသေးဘူး"
ထို့နောက် သူဟွမ်ချင်းကို ကြည့်ရင်း မေးသည်။
"အခုဘာလုပ်ကြမလဲ"
"ဘာလုပ်ကြမလဲ"
ဟွမ်ချင်းတည်ငြိမ်စွာပြောသည်။
"ကျောက်တုံးလေး၊ အာကာသကို ချိပ်ပိတ်လိုက်"
ကျောက်တုံးလေးပြောသည့်အတိုင်းပင် လုပ်ဆောင်လိုက်စဉ် ရှင်းမိသားစုတစ်ဝိုက်က အာကာသက မမြင်ရသည့် သံကြိုးများဖြင့် ချည်ထားသည့်အလား လွှမ်းခြုံခံလိုက်ရသည်။
ဒါကိုမြင်သော် ဟွမ်ချင်းလက်ဟန်လုပ်လိုက်၏။
မီးတောက်က ကောင်းကင်၌ တောက်လောင်နေပြီး နတ်ဖီးနစ်မီးတောက်က ရှင်းမိသားစုအိမ်ကြီးကို ချက်ချင်းလွှမ်းခြုံပစ်သည်။
"ငါတို့လုပ်သင့်တာ ဒါပဲ"
အပိုင်း(1217) coming။