← Chapters

ပြေးပေါက်ပိတ်ခြင်း

Vol. 019 Ch. 1839

ပြေးပေါက်ပိတ်ခြင်း

Vol. 019 Ch. 1839

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ဒေသမှ တန်ခိုးရှင်များက စတင်ဆုတ်ခွာ​နေကြပြီး တစ်ဖက်ရန်သူဘက်မှ တန်ခိုးရှင်များက ရီဖူရှင်းတို့အဖွဲ့အား အမဲလိုက်ရန် ကြိုးစားနေသည်။ လူတိုင်းကဲ့သို့ပင် သူတို့သည်လည်း ပြန်ဆုတ်ခွာရန် အစီအစဥ်ရှိပြီးသား ဖြစ်သည်။ သို့သော်လည်း သူတို့က အရပ်မျက်နှာအသီးသီးမှ တန်ခိုးရှင်များ၏ လိုက်ဖမ်းခြင်းကို ခံနေရသည်။

သူတို့အား လိုက်ဖမ်းနေသည့် လူများကြားတွင် အနည်းငယ်က အလွန် လျင်မြန်လှသော အရှိန်နှင့် လေဟာနယ်အား စုတ်ဖြဲပစ်နိုင်သည့် ကြောက်မက်ဖွယ်မုန်တိုင်းများကို ဖန်တီးရင်း ရီဖူရှင်းတို့ အဖွဲ့ဆီ ပြေးဝင်လာသည်။

ရီဖူရှင်း၏ ပုံရိပ်က အလွန်လျင်မြန်လှသော လျှပ်စီးသဖွယ် ပြောင်းလဲသွားသည်။ အကြည့်တစ်ချက်နှင့် သူ၏ မျက်ဝန်းမှော်ပညာကို အသုံးပြုလိုက်ကာ သူတို့အား လိုက်​နေသည့် ရန်ဟောင်များကို လွှမ်းခြုံသွားသည်။ အခြားသူများ၏ အသိစိတ်ထဲတွင် အေးစက်သော လတစ်စင်း ကျူးကျော်လာကာ သူတို့ကို မျက်ဝန်းမှော်ကမ္ဘာအတွင်း ဝင်ရောက်သွားစေသည်။

တစ်ချိန်တည်းမှာပင် သူ၏ နတ်ဓားက လျှပ်စီးသဖွယ် ထွက်ပေါ်လာကာ ပြိုင်ဘက ခန္ဓာကိုယ်ကို ထိုးဖောက်၍ ချက်ချင်းသတ်ဖြတ်ပစ်လိုက်ပေသည်။

ဤမြင်ကွင်းသည် သူတို့်အား လိုက်ဖမ်းနေသော အဝေးတွင် ကျန်နေခဲ့သော အခြားသူများကို ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာစေသည်။ ရီဖူရှင်း၏ အဖွဲ့က သူတို့ဘက်မှ တန်ခိုးရှင်များကို ဆက်တိုက်သတ်ဖြတ်နိုင်သည်မှာ မထူးဆန်းတော့ပေ။  ထင်ထားသလိုပင် ရီဖူရှင်းတို့ စွမ်းအားက အလွန် သန်မာလှသည်။ ဤအဖြူရောင်ဆံပင်နှင့် လူငယ်၏ တိုက်ပွဲစွမ်းရည်က အလွန် ကြောက်မက်ဖွယ်ရာပင် ဖြစ်၏။ နတ်ဓားက လူအများကို မြင်တွေ့ခွင့်ပင် မပေးဘဲ လျင်မြန်စွာ သတ်ဖြတ်လိုက်သည်။

“သတိထား၊ သူက မျက်ဝန်းမှော်ပညာကို ကျွမ်းကျင်တယ်။' နက်ရှိုင်း၍ စွမ်းအားပြည့်ဝသော အသံတစ်ခုက အော်ဟစ်လိုက်သည်။ ရီဖူရှင်းတို့ အဖွဲ့၏ ဘယ်ညာတွင် လူအများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကာ သူတို့အား အဖက်ဖက်မှ ပိတ်ဆို့တားဆီးရန် ပြင်ဆင်နေသည်။ အချို့လူများက သူတို့အထက်မှ ဖြတ်သန်းသွားသည်။ သူတို့၏ အရှိန်က အလွန် လျင်မြန်လှသည်။ ရန်ဟောင်အများစုက လေဟာနယ်မဟားလမ်းစဥ်ကို ကျွမ်းကျင်ကြပေသည်။ ​ခြေတစ်လှမ်းနှင့်ပင် သူတို့က ဝေးကွာလှသော နေရာသို့ ရောက်ရှိနိုင်သည်။

ရီဖူရှင်းနှင့် အခြားသူများက အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ရီဖူရှင်းက တစ်ယောက်တည်း မဟုတ်ပေ။ ထို့​​ကြောင့် သူတို့က ကြီးမားသော ပစ်မှတ်ကြီးတစ်ခု ဖြစ်နေခဲ့သည်။ ရန်သူ့လက်မှ ထွက်ပြေးရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ခဲ့ပေ။

“ယူချင်း၊ အစ်ကိုသုံး တိုက်တော့။” ရီဖူရှင်း၏ မျက်လုံးများထဲတွင် အေးစက်သော အကြည့်တို့ လင်းလက်သွားသည်။ ပြိုင်ဘက်များက သူတို့အား အလျင်စလို မတိုက်ခိုက်ရဲသည်ကို သူ သတိပြုမိပေသည်။ သူတို့က ရီဖူရှင်းတို့အား ဟန့်တားထားပြီးနောက် သူတို့အား ဝန်းရံရန် ကြိုးစားနေခြင်း ဖြစ်သည်။ ကောင်းကင်ဒေသမှ အင်အားစုအားလုံး ဆုတ်ခွာသွားခြင်းက ရန်သူများကို ကြီးမားသည့် အရေးသာမှု ဖြစ်စေခဲ့သည်။ သူတို့သာ ရီဖူရှင်း၏ အဖွဲ့ကို ဝန်းရံနိုင်ခဲ့လျှင် ကြီးမားသည့် ဖိအားအောက်တွင် ကျရောက်သွားပြီး ခံစစ်အနေအထားနှင့် ဖြစ်သွားရပေလိမ့်မည်။

ရီဖူရှင်း၏ စကားကို ကြားသည့်အခါ သူ့အဖွဲ့က နားလည်သွားကြပြီး ပြန်ဆုတ်ခွာနေရာမှ ချက်ချင်း ရပ်တန့်လိုက်သည်။

ရီဖူရှင်းက ပြန်လှည့်ကာ လေထုအလယ်သို့ လျှောက်တက်သွားသည်။ သူ၏ အရှိန်က အလွန် လျင်မြန်လှသည်။ သူသည် ချက်ချင်းပင် တိုက်ခိုက်မှုအား စတင်လိုက်သည်။ တစ်ချိန်တည်းတွင် ယူချင်းနှင့် ဂူတုံးလျှိုသည်လည်း ​ခြေလှမ်းလိုက်ကာ ဘေးတစ်ဖက်ရှိ ရန်သူများထံ တိုးဝင်သွားသည်။ သူတို့အပြင် နန်လော့ရှန်းနှင့် အခြားသူများသည်လည်း တွေဝေကျန်မနေခဲ့ဘဲ အတူတကွ ဝင်ရောက်တိုက်ခိုက်ကြပေသည်။

ချက်ချင်းပင် ဤ​နေရာက တိုက်ပွဲမြေပြင် ​ဖြစ်လာပြီး ပြင်းထန်သော တိုက်ခိုက်မှု ဖြစ်ပွားလာသည်။

လေဟာနယ်က ပြင်းထန်စွာ တုန်ခါနေ၏။ ရီဖူရှင်း၏ စွမ်းရည်များက ပေါက်ကွဲထွက်လာပြီး သူက အလွန် ကြောက်မက်ဖွယ်ကောင်းနေသည်။ မကြာခင်မှာပင် သူတို့နောက်မှ လိုက်လာသော တန်ခိုးရှင်များ ကြား အချို့မှာ ရီဖူရှင်း၏ နတ်ဓားချက်ကြောင့် ကျဆုံးသွားတော့သည်။ ယူချင်းနှင့် အခြားသူများဘက်တွင်လည်း သူတို့၏ ပြိုင်ဘက်များက စတင်သတ်ဖြတ်ခံနေရ၏။ ၎င်းသည် ပြိုင်ဘက်များကို ဝန်းရံနေရာမှာ စတင်၍ ဆုတ်ခွာစေခဲ့သည်။ ရန်သူများက သူတို့အနီးတွင် မရှိရဲတော့သည့်အတွက် ဝန်းရံခံထားရသည့် အကွာအဝေးကို ကျယ်ပြန့်သွားစေ၏။.

အခြားသော အရပ်မျက်နှာတွင် ကောင်းကင်ဒေသ၏ အင်အားစုများက ပြန်ဆုတ်ခွာနေဆဲ ဖြစ်သည်။ ဖီးနစ်နက်တပ်မှ တန်ခိုးရှင်အချို့က ဖြတ်သန်းသွားရင်း ရီဖူရှင်းကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ရန်သူနဲ့ အကြာကြီး တိုက်မနေနဲ့။ ပြန်ဆုတ်တော့။”

ဤအပြောင်းအလဲတွင် ကောင်းကင်ဒေသမှ တန်ခိုးရှင်များ အရေးနိမ့်ခဲ့သည်။ အကယ်၍ သူတို့သာ ဆက်တိုက်နေမည်ဆိုလျှင် တဖြေးဖြေး အသတ်ခံကြရမည် ဖြစ်၏။ ရီဖူရှင်း၏ စွမ်းရည်က အလွန် သန်မာအားကောင်းလှသည်။ သူတို့သာ တိုက်ပွဲမှ ခေတ္တဆုတ်ခွာသွားနိုင်လျှင် နောက်ပိုင်း အခွင့်အရေးက ကျိန်းသေ ရလာနိုင်ပေသည်။ ထို့​ကြောင့် သူတို့က အသက်ကို ထိန်းသိမ်းနိုင်ရန် မှန်ကန်သည့်အရာကို ရွေးချယ်ဖို့ရာ လိုအပ်သည်။

“ကျုပ် သိတယ်။ ဒီလူတွေနဲ့ အရင် ရင်ဆိုင်လိုက်ဦးမယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက လူတိုင်းကို လွတ်မြောက်စေချင်ပါသော်လည်း ယခုအချိန်တွင် သူတို့အတွက် လွတ်မြောက်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

“အချိန်မရှိတော့ဘူး။ တခြားလူတွေကို ပြန်ဆုတ်ဖို့ ပြောလိုက်။” တစ်ဖက်လူက ကျယ်လောင်စွာ ပြောလိုက်သည်။ သူသည် ရီဖူရှင်းက လူတိုင်းအား လွတ်မြောက်စေလိုသော အတွေးတို့အား စွန့်လွှတ်စေချင်နေသည်။ ထိုသည်က ယုတ္တိမတန်ပေ။ ကြီးမားသော တန်ခိုးရှင်အဖွဲ့က ပြန်ဆုတ်ခွာလာကြပြီး နောက်တွင် ကျန်ရစ်ခဲ့သူ အများအပြား ရှိပေသည်။

ယခုအချိန်၌ လူတိုင်းသည် ကိုယ့်အသက်ကိုယ် ရှန်သန်နိုင်ဖို့ ကြိုးစားရန်သာ လိုအပ်ပေသည်။

“ခင်ဗျားတို့ အရင်သွားနှင့်ကြ။” ရီဖူရှင်းက ပြောလိုက်သည်။ သူ ပြောပြီးသည်နှင့် သူ၏ နတ်ဓားက နောက်ထပ် ပြိုင်ဘက်တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်သည်။ သူ့အဖွဲ့သည် တိုက်ပွဲတွင် သူနှင့်အတူ ပူးပေါင်းပေးနေသည်။ အထူးသဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တပည့်များ ဖြစ်ကြသည်။ သူသည် သူတို့အားလုံးကို အန္တရာယ်ကင်းကင်း လွတ်မြောက်သွားစေလိုသည်။ မည်သူ့ကိုမှ နောက်တွင် မချန်ရစ်ခဲ့နိုင်ပေ။

“မင်းက ဘယ်ဟာကို ဦးစားပေးရမလဲဆိုတာ နားမလည်ဘူးလား။” တစ်ဖက်လူက ရီဖူရှင်းအား မကျေမနပ်နှင့် ဝေဖန်ပြစ်တင်လိုက်သည်။ ရီဖူရှင်း၏ စွမ်းရည်သည် အလွန်အစွမ်းထက်သော်လည်း သူက အခြေအ​နေကို မည်သို့ ကိုင်တွယ်ရမည်အား မသိရှိပေ။ ထိုသို့သော အခြေအနေမျိုးတွင်ပင် သူက ဆက်လက်တိုက်ခိုက်နေသေးသည်။ သူသာ ခြေလှမ်းကျွံသွားခဲ့ရင် ပြန်ဆုတ်ချင်ရင်တောင် ပြန်ဆုတ်လို့ရမှာ မဟုတ်တော့ပေ။

“မင်းတို့အားလုံး ထွက်သွားလို့ မရဘူး။” အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်တွင် သဏ္ဌာန်နှစ်ခု ထွက်ပေါ်လာသည်။ ထိုသူတို့မှာ နတ်ဆိုးအင်ပါယာဘုံမှ နတ္ထိတောင်ကုန်း၏ တန်ခိုးရှင်များနှင့် မှော်နက်စစ်တပ်မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ထိုလူများကြားတွင် နတ်ဆိုးအင်ပါယာဘုံမှ ယခင်ခေါင်းဆောင်လည်း ရှိနေပြီး သူသည် လက်ထဲ၌ နတ်ဓားတစ်လက်ကို ကိုင်စွဲထားသည်။ မြေအောက်ကမ္ဘာ၏ ဂုဏ်ယူဖွယ်ရာ သားတော် ချီရီလည်း ဤနေရာ၌ ရှိ​နေခဲ့၏။ သူတို့က ရီဖူရှင်းတို့ အဖွဲ့ရှိရာသို့ စိုက်ကြည့်​နေခဲ့သည်။ သူတို့ရှေ့တွင် လူများက ရှေ့သို့ ဆက်လက် ပြေးလာနေသည်။ သူတို့သည် အလွန်လျင်မြန်လှသော အရှိန်နှင့် ရှေ့ဆက်သွားနေပြီး ရီဖူရှင်းရှိရာသို့ ဝေ့ကြည့်သွားသည်။

ကောင်းကင်ထက်မှ တစ်နေရာတွင် အစွမ်းထက် ဝိညာဥ်လက်နက်တစ်ခုမှ လေဟာနယ်နတ်အလင်းတို့က အောက်သို့ ဖြာကျလာ၏။ လူအများက ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ ကြောက်မက်ဖွယ် ရွှေရောင်အလင်းတို့က သူတို့၏ မျက်လုံးများပင် ကန်းမတတ် တောက်ပနေပြီး လေဟာနယ်ကို ချိပ်ပိတ်ထား၏။ အချို့သော နတ်အလင်းက ကြောက်မက်ဖွယ် အလင်းတန်းများ ဖြစ်ပေါ်လာပြီး ဖီးနစ်နက်တပ်နှင့် ရီဖူရှင်းအဖွဲ့မှ တန်ခိုးရှင်များကို လွှမ်းခြုံသွားသည်။

ဖီးနစ်နက်တပ်မှ ခေါင်းဆောင်၏ အကြည့်များက အေးစက်​နေပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။ သူတို့သည် ရီဖူရှင်း၏ ပြဿနာထဲ ဆွဲထည့်ခံလိုက်ရပြီ ဖြစ်၏။

​ပြင်းထန်လှသည့် ဖိအားက သူတို့ကို လွှမ်းခြုံထားသည်။ အခြားတစ်ဖက်မှ ထိပ်သီးပုဂ္ဂိုလ်များက သူတို့ထံ တစ်ယောက်ချင်း လျှောက်လာနေသည်။ ကြောက်မက်ဖွယ် ရန်ဟောင်စစ်တပ်က သူတို့ဆီသို့ ပြေးဝင်လာ၏။ ဖီးနစ်နက်တပ်သည် ကောင်းကင်ဒေသမှ အဓိကအင်အားစုတစ်ခု ဖြစ်သလို ရီဖူရှင်းအဖွဲ့သည်လည်း ရန်သူဘက်မှ လူအများအပြားကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် ရန်သူများက သူတို့ကို လွတ်မြောက်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။

သူတို့အား သတ်ဖြတ်ခြင်းက စစ်ပွဲအဆုံးသတ်ကို ယူဆောင်လာနိုင်ပေသည်။ သူတို့ထဲမှ အနည်းငယ် လွတ်မြောက်သွားလျှင်ပင် ကြီးမားသည့် အပြောင်းအလဲ ဖြစ်ပေါ်စေမည့် ကိစ္စမရှိသည့်အတွက် အကျိုးဆက် သိပ်မရှိနိုင်ပေ။

အဝေးတွင် နတ်ဆိုးအင်ပါယာဘုံမှ ခေါင်းဆောင်အပြင် ချီရီသည်လည်း ရီဖူရှင်းအား စိုက်ကြည့်နေခဲ့သည်။ သူတို့၏ များပြားလှသော တန်ခိုးရှင်များက ရီဖူရှင်း၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။ ယခု သူတို့သည် ရီဖူရှင်းအား သတ်ဖြတ်ခြင်းဖြင့် ဂုဏ်ကျက်သရေကို ပြန်လည် ဆောင်ယူရပေလိမ့်မည်။

အပြင်ဘက်မှ နတ်ဆိုးအင်ပါယာဘုံနှင့် မှော်နက်စစ်တပ်မှ တန်ခိုးရှင်များ၏ မျက်နှာထက်တွင် အပြုံးများ ဖြစ်ပေါ်လာသည်။ ယင်းကို ကြည့်လျှင် စစ်ပွဲက အဆုံးသတ်တိုင်လုပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။ သူတို့က အရာအားလုံးကို သိမ်းပိုက်နိုင်ရန်မှာ သိပ်မကြာ​တော့ပေ။

ကောင်းကင်ဒေသ၏ ပြိုင်ဘက်ကင်း မင်းသမီးလေးက အဆုံးမှာတော့ အလွန်ငယ်ရွယ်နေဆဲသာ ဖြစ်ပေသည်။ သူတို့ ပို့လိုက်သော အဖွဲ့အင်အားက အားနည်းမနေသော်လည်း လုံလောက်နေမှုတော့ မရှိပေ။ သူတို့၏ အင်အားစုနှစ်ခု မဟာမိတ်ဖွဲ့ခြင်းဖြင့် ကောင်းကင်ဒေသက မူလဘုံ နယ်မြေပိုင်းခြားခြင်း ခံရမည်ကို တားဆီးနိုင်မည်ဟု ထင်နေသည်လား။

အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်၏ ခေတ်က နှစ်ပေါင်းသုံးရယကျော် ကြာမြင့်ခဲ့သည်။ သူတို့သည် တစ်ချိန်တည်း၌ မူလဘုံကို အုပ်ချုပ်ခဲ့သည်။ ယခုအခါတွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများက မူလဘုံမှ စတင်သည်ဟု ဆိုရမည်ဖြစ်ကာ အခြားအင်အားစုများက မူလနယ်မြေ၏ အချို့သော နယ်မြေများကို သိမ်းယူလိုပါက ကောင်းကင်ဒေသ၏ အင်အားစုများကို အနိုင်ယူရပေလိမ့်မည်။

ကံမကောင်းစွာနှင့် ကောင်းကင်ဒေသ၏ မင်းသမီးများက တိုက်ပွဲတွင် ကိုယ်တိုင် မပါဝင်ခဲ့ပေ။ သူမသာ ကိုယ်တိုင် ပါဝင်ခဲ့လျှင် သူတို့က အနိုင်ရနိုင်သည့် အခွင့်အလမ်း ပိုများသွားလိမ့်မည်ဟု မှော်နက်စစ်တပ်မှ တန်ခိုးရှင်အချို့က တွေးလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် နတ္ထိအင်ပါယာနန်းတော်မှ တန်ခိုးရှင်များ၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့၏ ဂျူနီယာများက တိုက်ပွဲတွင် ရှိနေသည်။ လက်ရှိအခြေအနေသည် သေကြေပျက်စီးမှုများပြားသော ကမ္ဘာပျက်ကိန်းကဲ့သို့ ဖြစ်နေပေသည်။

အချို့သော သူများက မင်းသမီးဒွန်ဟောင်ကို ကြည့်လိုက်ကြသည်။ အခြေအနေများကို ပြောင်းလဲမပစ်နိုင်လျှင် မင်းသမီးက အရှုံးကို ဝန်ခံကာ မူလဘုံအား ပိုင်းခြားခြင်းအား လက်ခံလိုက်မည်လား။

သူမသာ ထိုသို့ လုပ်လိုက်လျှင် အသက်ပေါင်းများစွာကို ကယ်တင်လိုက်နိုင်ပေမည်။

သူမသည် အရှင်ဒွန်ဟောင်၏ သမီးတော် မင်းသမီးဒွန်ဟောင်ပင် ဖြစ်သည့်အတွက် သူမက အရှုံးကို လက်ခံရန် ခက်ခဲမည်မှာ ပုံမှန်ပင် ဖြစ်သည်။ မည်သူကမှ သူမကို အကြံမပေးရဲပေ။

ထိုအခိုက်တွင် မင်းသမီးဒွန်ဟောင်က တိတ်ဆိတ်စွာ စောင့်ကြည့်နေ​ဆဲ ဖြစ်သည်။ ယခုချိန်ထိ သူမသည် မည်သည့် အမူအရာကိုမှ ထုတ်ဖော်မပြခဲ့ပေ။ ယင်းသည် အင်အားစုအသီးသီးမှ လူများကို စိတ်လှုပ်ရှားပူပန်စေသည်။ မင်းသမီးက အတိအကျ မည်သည်ကို တွေးနေသနည်း။

“အဓိကအင်အားစုတွေက ပြန်ဆုတ်​နေကြပြီ။ ဒါပေမယ့် ရီဖူရှင်းကြောင့်နဲ့ သူတို့ရဲ့ အခွင့်အရေးက ပျောက်သွားရပြီ။” ရှန်ကလန်က ရီဖူရှင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ ဤအခြေအနေမျိုးမှာပင် သူတို့က ရီဖူရှင်းကို ပြစ်တင်ရန် ကြိုးစားနေပေသည်။ ယခု တိုက်ပွဲတွင် ရီဖူရှင်းက နောက်ထပ် အမှားတစ်ခု ကျူးလွန်ခဲ့ပြီး သူတို့က ရီဖူရှင်းကို ထိုးချ၍ ရနိုင်သော အခွင့်အရေးအား လက်လွတ်မခံလိုကြပေ။

“သူက ဒီစစ်ပွဲရဲ့ ရလဒ်ကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး။ သူက သူ့လူတွေကိုပဲ ဂရုစိုက်တယ်။” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်တစ်ဦးကလည်း ပြောလိုက်သည်။

ဤတစ်ကြိမ်၌ ချောင်ကျွင်းသည် မည်သည့်စကားမှ မဆိုခဲ့ပေ။ ရီဖူရှင်းသည် အစွမ်းထက်သော်လည်း ရူးမိုက်လှသည်။ သူက အလျင်စလိုပြုမူကာ သူ၏ လူများနှင့်အတူ ယှဥ်ကာ တိုက်ပွဲဝင်သော်လည်း လူတိုင်းက ထောင်ချောက်မိသွားရသည်။ ထိုအဖြစ်ကြောင့် ဒဏ်ရာရသူတို့ ပိုများလာပေလိမ့်မည်။

ယခု သူတို့သည် အခွင့်အရေးကို ဆုံးရှူံးသွားပြီး နောက်တစ်ခါ ထွက်ပြေးရန်မှာ ခက်ခဲသွားပေလိမ့်မည်။

တိုက်ပွဲတွင် ရီဖူရှင်း အဖွဲ့က စစ်တပ်ကြီးတစ်ခု၏ ဝန်းရံခြင်းကို ခံထားရသည်။ အထက်အောက် ဘယ်ညာတွင် အစွမ်းထက် ရန်ဟောင်အများအပြား ရှိ​နေသည်။ အစွမ်းထက်ဝိညာဥ်လက်နက်များက လေထဲတွင် မျောလွင့်နေသည်။ သူတို့ရှေ့တွင် ကြီးမားသော စစ်တပ်က စုစည်းနေကြပြီး သူတို့အား သုတ်သင်ရန် တဟုန်ထိုး ပြေးဝင်လာ၏။

သူတို့နောက်တွင် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ရဟန်းက ရီဖူရှင်းတို့ ရှိရာဘက်သို့ ပြန်လှည့်ကြည့်နေသည်။ သူ၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ ရီဖူရှင်းနှင့် အခြားလူများက အန္တရာယ်တွင်း ကျရောက်နေပုံရ၏။

ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ခေါင်းထက်မှ ကောင်းကင်တွင် ဝိညာဥ်လက်နက်အများအပြား ပေါ်ပေါက်လာသည်။ ၎င်းတို့ကြားတွင် ကြီးမားသော ရွှေရောင်ထီးတစ်လက်ရှိနေပြီး လေထဲတွင် ကြောက်မက်ဖွယ် အရှိန်နှင့် လှည့်ပတ်နေသည်။ ထိုထီးမှ လေဟာနယ်ဖျက်ဆီးခြင်းအလင်းများ ထုတ်လွှတ်ကာ ဖြာကျလာနေသည်။

ထို့ပြင် ကြီးမားသော ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံးက လေထဲတွင် ထွက်ပေါ်လာသည်။ ရှေးဟောင်းခေါင်းလောင်းကြီးက ပြိုင်ဘက်ကင်းသော နတ်အလင်းတို့ကို ထုတ်လွှတ်နေ၏။ နတ်အလင်းတန်းတစ်ခုချင်းစီက နှိုင်းယှဥ်မရအောင် အလွန် အစွမ်းထက်သော စွမ်းအားများ ထုတ်လွှတ်နေကာ သူ၏ ပြိုင်ဘက်များကို ဖိနှိပ်ထားလေသည်။

ထိုဝိညာဥ်လက်နက်နှစ်ခုအပြင် အခြားသော ဝိညာဥ်လက်နက်များကလည်း တစ်ချိန်တည်းတွင် နတ်စွမ်းအားများကို ထုတ်လွှတ်နေ၏။ ခဏချင်းအတွင်းတွင် ကျယ်ပြောလှသော လေဟာနယ်အတွင်း၌ အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများ ပြည့်နှက်သွားလေသည်။

“သူတို့ကို သတ်စမ်း”

အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာသည်။ ထိုစကားလုံးများ ထွက်လာသည်နှင့် ကြီးမားလှသော ဗုံဝိညာဥ်လက်နက်များက ကောင်းကင်ထက်တွင် တပြိုင်တည်း မြည်ဟီးလာသည်။ ကြောက်မက်ဖွယ် ဗုံသံများက ကောင်းကင်တခွင်ကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။ ကြောက်မက်ဖွယ် သဏ္ဌာန်မဲ့ တေးသွားသံစဥ်လှိုင်းများက လူအများ၏ နားစည်ကို ကွဲထွက်စေတော့မတတ် ဖြစ်လာစေသည်။ သူတို့၏ ဝိညာဥ်သိစိတ်များက အပိုင်းပိုင်း စုတ်ဖြဲခံရတော့မတတ် ခံစားကြရပေသည်။

အဟွတ်... အဟွတ်.. အဟွတ်.. လူများက ချောင်းများ စတင်ဆိုးလာကြပြီး သွေးများ တစ်ပွက်ပြီးတစ်ပွက် အန်ထုတ်ကြရတော့သည်။ ရီဖူရှင်းအဖွဲ့တွင် ရှောင်ကလန်၊ သောမျိုးနွယ်စုနှင့် နန်ထျန်းနတ်ပြည်ထောင်မှ တန်ခိုးရှင်များလည်း ပါဝင်ပြီး သူတို့ကြားထဲတွင် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို မပိုင်ဆိုင်ထားသူများ ရှိသည်။ ထိုသူတို့မှာ ဤတိုက်ခိုက်မှု၏ ကြီးမားလှသော စွမ်းအားကို တောင့်ခံနိုင်ရန် ခက်ခဲပေသည်။

ပြီးပြည့်စုံသော နတ်ဝင်ရိုးကို မပိုင်ဆိုင်ထားသူများ အပြင် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားပေမယ့် ကျင့်ကြံဆင့် နိမ့်ကျနေသူများမှာလည်း ထိုသို့သော တိုက်ခိုက်မှုများကို ခံနိုင်ရည် မရှိကြပေ။

ဘုန်း... ရီဖူရှင်း၏ ပုံရိပ်က မိုးကြိုးလျှပ်စီးသဖွယ် ဖြစ်လာသည်။ သူ၏ အရှိန်က အလွန် လျင်မြန်ပြီး လျှပ်စီးတန်းကဲ့သို့ စစ်ဗုံများထံ တိုးဝင်သွားသည်။

သို့သော်လည်း ကောင်းကင်ထက်တွင် ကြီးမားသော ဝတ်ရုံနက်ဝိညာဥ်ရတနာတစ်ခုက ပတ်ဝန်းကျင်မှ မဟာလမ်းစဥ်စွမ်းအားများကို ဆွဲယူနေပြီး မြေအောက်ကမ္ဘာ၏ နတ်ဘုရားတစ်ပါးပုံရိပ် ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်က မြေအောက်ကမ္ဘာ လှံတံကို ကိုင်စွဲထားကာ ရီဖူရှင်းကို ထိုးစိုက်လိုက်သည်။ ၎င်းကို မြေအောက်ကမ္ဘာမှ သားတော် ချီရီက ထိန်းချုပ်ထားသည်။ သူက ရီဖူရှင်းနှင့် ရင်ဆိုင်ရန် ပြေးဝင်လာသည်။ အခြားတစ်ဖက်တွင် နတ်ဆိုးအင်ပါယာဘုံ၏ ခေါင်းဆောင်က သူ့ နတ်ဓားကို ထိန်းချုပ်ပြီး ဖီးနစ်နက်တပ်မှ တန်ခိုးရှင်များကို ကိုင်တွယ်ရန် ကြိုးစားလိုက်သည်။

ရီဖူရှင်း၏ နတ်ဓားက ချက်ချင်းပင် လှံရှည်အား ထိုးစိုက်လိုက်သည်။ ကြောက်မက်ဖွယ် အေးစက်မှုက ထိုလှံရှည်တလျှောက် ကျုးကျော်လာ၏။ သို့သော် မြေအောက်ကမ္ဘာ နတ်ဘုရားပုံရိပ်၏ ဘေးတွင် နောက်ထပ် ကြီးမားလှသော လမ်းစဥ်ခန္ဓာနှစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့က ကျန့်ပေါင်း ထောင်ချီကြီးမားပေသည်။ သူတို့ထဲမှ တစ်ယောက်က လေဟာနယ်စစ်ပုဆိန်ကို ကိုင်ထားကာ နောက်တစ်ယောက်က နတ်လှံတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုလက်နက်နှစ်ခုလုံးက ရီဖူရှင်းထံသို့ တစ်ချိန်တည်းကျဆင်းလာသည်။ ကျယ်လောင်လှသော အသံတစ်ခုက ကောင်းကင်ကို ဖြတ်ကာ ထွက်ပေါ်လာပြီး မြေကြီးကို ကွဲအက်သွားစေသည်။

ဘုန်း! ကြီးမားသော အသံတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းအား ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။ သူ၏ လက်မောင်းက ပြင်းထန်စွာ တုန်ယင်နေ၏။ နတ်ဓားသည်လည်း ဆက်လက်တုန်ခါကာ အော်မြည်နေသည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ် အော်သံတစ်ခု ထွက်ပေါ်လာကာ အခြားသော ဝိညာဥ်ရတနာများက တစ်ချိန်တည်း တိုက်ခိုက်ခံလိုက်ရသည်။ တိုက်ပွဲမြေပြင်သည် အလွန် ရှုပ်ထွေးနေလျက် ရန်ဟောင်များက ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ချေဖျက်လိုက်သည်။ ယူချင်းနှင့် အခြားသူများက အလွန် အစွမ်းထက်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။

“အွတ်!”

ကျယ်လောင်လှသော အသံနှင့်အတူ တိုက်ပွဲ၏ အရှေ့ဆုံးမှာ ရှိနေသော ရာရာသည် သူမ၏ အစွမ်းထက် ဓားစွမ်းအင်နှင့် ပြိုင်ဘက်ကို သတ်ဖြတ်လိုက်သည်။ သို့သော် သူမသည်လည်း ဒဏ်ရာရသွားခဲ့၏။ သူမသည် ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့ မျက်လုံးများက အလွန် အေးစက်သွားလေသည်။ ယင်းတို့တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာ၏။

ထိုသည်ကို ကြည့်လျှင် သူတို့က ထွက်ပြေးချင်လျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ရီဖူရှင်း၏ အကြည့်များက နတ်ဆိုးအင်ပါယာဘုံမှ ခေါင်းဆောင်ဆီသို့ ကျရောက်သွားပြီး အဝေးမှ မှော်နက်စစ်တပ်ဆီသို့ ရောက်ရှိသွားသည်။ ယခုအချိန်တွင် သူတို့၌ ပြိုင်ဘက်များအား သတ်ပစ်ရန်မှ လွဲလျှင် အခြား ရွေးစရာလမ်းမရှိတော့ဟု ထင်ရပေသည်။

***

All Chapters