သတ်ဖြတ်ခြင်း
Vol. 019 Ch. 1840
တိုက်ပွဲအပြင်ဘက်မှ အင်အားစုသုံးခုမှာ မတူညီသော ခံစားချက်များနှင့် တိုက်ပွဲကို စောင့်ကြည့်နေကြ၏။ နတ်ဆိုးအင်ပါယာဘုံနှင့် မှော်နက်စစ်တပ်မှ တန်ခိုးရှင်များက တိုက်ပွဲကို စောင့်ကြည့်နေရင်း ပြုံးလိုက်ကြသည်။ မူလဘုံမှ ဤတိုက်ပွဲသည် မကြာခင်၌ အဆုံးသတ်တော့မည် ဖြစ်သည်။
သို့သော် ကောင်းကင်ဒေသမှ လူများက တည်ငြိမ်စွာကြည့်နေရင်း အတွေးနက်နေကြသည်။
နတ္ထိအင်ပါယာနန်းတော်အပြင်ဘက်မှ တန်ခိုးရှင်များသည်ပင် တိုက်ပွဲကို ကြည့်နေရင်း ရီဖူရှင်းအတွက် စိုးရိမ်ပူပန်နေကြသည်။
ဤတိုက်ပွဲအတွင်းမှ ရီဖူရှင်း၏ စွမ်းဆောင်ချက်များက သာမန်ထက် အဆများစွာ သာလွန်နေသည်။ တိုက်ပွဲထဲတွင် သူက လွှမ်းမိုးနိုင်စွမ်းအရှိဆုံး အစွမ်းထက် တန်ခိုးရှင်တစ်ဦး ဖြစ်ပေသည်။ သူက ရန်သူအများအပြားကို သတ်ဖြတ်ခဲ့ပြီး မည်သူကမှ သူ၏ လမ်းကို ဟန့်တားနိုင်စွမ်း မရှိပေ။
သူတို့သည် ရှန်ကလန်မှ တန်ခိုးရှင်များကဲ့သို့ ရီဖူရှင်းက အစွမ်းကုန် မတိုက်ခိုက်ဟု တွေးမြဲတွေးနေသော တစ်ဖက်ပိတ်တယူသန်များ မဟုတ်ကြပေ။ အမှန်တကယ်၌ ရီဖူရှင်းက အစွမ်းကုန် မတိုက်ခိုက်လျှင်ပင် ယနေ့ တိုက်ပွဲ၌ ရီဖူရှင်း၏ စွမ်းဆောင်ချက်များက ထူးချွန်ပြောင်မြောက်နေခဲ့ပြီးသား ဖြစ်သည်။ သူတို့က သူ့ထံမှ မည်သည်တို့အား ထပ်မံမျှော်လင့်နေပါသနည်း။
ထို့ပြင် မဟာလမ်းစဥ်ဘုံသုံးထောင်၌ သူတို့က အထက်ဘုံမှ လာသည်ဆိုလျှင်ပင် ရန်သူများကို ဖိနှိပ်သတ်ဖြတ်နိုင်သည့် ပါရမီရှင်များ ဖြစ်ကြရာ ထိုသို့သော သူမျိုးကို မွေးထုတ်ပေးနိုင်ခြင်းက ဂုဏ်ယူစရာ ဖြစ်၏။ အဆုံးမှာတော့ ရီဖူရှင်းမှ လွဲလျှင် သူ့ထက် ထူးချွန်ပြောင်မြောက်သူက အခြားမရှိတော့ပေ။
ကျန့်ချန်းကျူ၏ ပါရမီက ထူးခြားလှလျှင်ပင် သူသည် ရီဖူရှင်း၏ ခြေဖျားကို မမီသေးချေ။ သူတို့ကြားမှ ကွာခြားချက်က အလွန် ကြီးမားလှပေသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ရီဖူရှင်းသည် သေခြင်းရှင်ခြင်းအခြေအနေအား ကြုံတွေ့နေရသည်။ သူက အသတ်ပင်ခံရနိုင်ချေရှိသည်။ ထို့ကြောင့် လူတိုင်းက သူ့အတွက် အနည်းငယ် စိတ်ပူနေကြသည်။
ရီဖူရှင်းကဲ့သို့ အရည်အချင်းရှိသူ တိုက်ပွဲတွင် ကျဆုံးသွားပါက အလွန် နှမြောစရာကောင်းပေလိမ့်မည်။ သူ့တွင် အချိန်သာ ပိုရခဲ့လျှင် သူက မဟာလမ်းစဥ်ဘုံသုံးထောင်၌ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာကာ တစ်ခေတ် တစ်ယောက်ထွန်းသည့် အကျော်အမော်တစ်ဦး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့သော် ထိုအချိန်တွင် သူ သေမလား ရှင်မလားဆိုသည်ကို မည်သူမှ မပြောနိုင်ပေ။
ရီဖူရှင်းနှင့် အခြားသူများ၏ ခေါင်းထက် မျောလွင့်နေသော ဝိညာဥ်လက်နက်များမှ တောက်ပသည့် နတ်အလင်းများ ပြင်းထန်စွာ ထုတ်လွှတ်နေသည်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။ များပြားလှသော ရန်ဟောင်များက နေရာ၌ ချက်ချင်း သတ်ဖြတ်ခံလိုက်ရ၏။ ထိုအချိန် တိုက်ပွဲအတွင်း သန်မာလှသော ရန်ဟောင်များက ယခုတွင် အလွန်အမင်း အားနည်းနေပုံရလေသည်။
ရီဖူရှင်းက သေခြင်းမှ လွတ်မြောက်နိုင်ပါမည်လား။
ထိုအတွေးက အားလုံး၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ မှန်မျက်နှာပြင်အတွင်း တိုက်ပွဲအလယ်မှ ရီဖူရှင်း၏ ခန္ဓာကိုယ်က သဏ္ဌာန်မဲ့သော်လည်း ဝိုးတဝါးမြင်နိုင်သော အလွှာတစ်ခု စတင်ထုတ်လွှတ်လာသည်။ တစ်ချိန်တည်းမှာပင် သူ့အနီးမှ တန်ခိုးရှင်များက သူနှင့် နီးကပ်လာသည်။ သူတို့က ဝင်္ကပါသဏ္ဌာန် ပုံဖော်လိုက်ကြ၏။
ထိုမြင်ကွင်းကို ကြည့်နေကြသော လူများ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးခြင်း အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
သူတို့က မည်သည်ကို လုပ်ရန် ကြိုးစားနေသနည်း။
ရီဖူရှင်းက အခြားသူများကို ကာကွယ်ရန် ကြိုးစားနေသည်လား။
အကယ်၍ ပြိုင်ဘက်က အလွန် မသန်မာလျှင် သေချာပေါက်ဖြစ်နိုင်မည် ဖြစ်သော်ငြား ယခု ထိုတိုက်ပွဲတွင် ကောင်းကင်၌ ဝိညာဥ်လက်နက်များနှင့် ပြည့်နှက်နေပြီး ပြင်းထန်လှသည့် စွမ်းအင်မုန်တိုင်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ လူအများကို တစ်သားတည်းဖြစ်အောင် စုစည်းလိုက်ခြင်းက သူတို့တစ်ယောက်ချင်းစီ၏ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်ရန် ကန့်သတ်လိုက်သည်နှင့် မခြားပေ။ ထိုသို့ဆိုလျှင် သူတို့၏ လှုပ်ရှားမှုက သေခြင်းတရားအား ရှာဖွေနေသည်နှင့် ခြားနားလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက မည်သည်တို့ကို တွေးနေသနည်း။ သူသည် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေရန် ကြိုးစားနေသင့်သည် မဟုတ်ပါလား။ အဆုံးမှာတော့ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် သွေးများ စတေးမှုများစွာ ရှိနေသည့် လမ်းကို လျှောက်ရမည်မှာ အသေအချာပင် ဖြစ်သည်။ တစ်ခါတစ်ရံ၌ လူတစ်ယောက်သည် အခြေအနေနှင့် အချိန်အခါကို လိုက်ကာ ဖြစ်သင့်သည့်အရာကို ဦးစားပေးသင့်ပေသည်။
နတ္ထိအင်ပါယာနန်းတော်မှ အကြီးအကဲများသည်လည်း ရီဖူရှင်း၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။
“သူ ရူးများသွားတာလား။” တစ်ယောက်က မေးလိုက်သည်။ ထိုအခြေအနေ၌ ဤသို့သော နည်းလမ်းမျိုးကို အသုံးပြုခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် ထူးမခြားနားပင်။ ထိုမျှမကသေးဘဲ ထိုလုပ်ရပ်ကြောင့် သေခြင်းတရားက ပို၍ပင် လျင်မြန်စွာ ရောက်ရှိလာနိုင်ပေသည်။
သူက လူတိုင်းကို သူနှင့်အတူ သေစေချင်နေသည်လား။
ချောင်ကျွင်းသည်လည်း စိုးရိမ်ပူပန်စွာနှင့် ကြည့်နေခဲ့သည်။ ရီဖူရှင်း၏ ပါရမီအရည်အချင်းနှင့်ဆိုလျှင် ထိုသို့သော အမှားမျိုးကို လုပ်ဆောင်မိစေရန် အကြောင်းမရှိပေ။
မဟုတ်လျှင် သူ့တွင် ဤပြဿနာမှ အားလုံးကို ကယ်တင်ရန် နည်းလမ်းတစ်ခုခု ရှိနေသည်လား။
အရှင်ထိုက်ရွှမ်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်အချို့သည်ပင် ရီဖူရှင်း မည်သည်ကို လုပ်ချင်နေသည်အား မရေမရာ ခန့်မှန်းနေကြသည်။ သူတို့က ရီဖူရှင်း၏ အင်အားက အကောင်းဆုံး ဖြစ်သည်အား သိကြသည်။ သူက အန္တရာယ်ထဲသို့ ကြံဆချက်မရှိဘဲ တိုးဝင်သွားလိမ့်မည် မဟုတ်ပေ။ သူသည် အမြဲတမ်း သူ၏ အစစ်အမှန်ခွန်အားကို မဖော်ပြဘဲ အမြဲ ဝှက်ဖဲများ ရှိနေတတ်သည်။
သို့သော်လည်း ယခုလို ဝန်းရံခံထားရသည့် အခြေအနေတွင် ရာရာနှင့် အခြားသူများက ဒဏ်ရာ ရရှိသွားကြသလို တန်ခိုးရှင် အများအပြားလည်း အသတ်ခံလိုက်ကြရသည်။
ရီဖူရှင်းက ဆက်၍ သည်းခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထိုသို့သော အခြေအနေက ကောင်းချီးဖြစ်မလား ကျိန်စာဖြစ်မလားဆိုသည်ကိုတော့ မည်သူမှ မသိပေ။
အမှန်တွင် အရှင်ထိုက်ရွှမ်သည်လည်း ရီဖူရှင်းသာ တိုက်ပွဲတွင် သူ၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်လိုက်လျှင် မည်သို့သော ပျက်စီးခြင်းမျိုး ဆောင်ယူလာလိမ့်မည်ကို သိချင်နေခဲ့သည်။
ထိုအချိန်၌ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တောက်ပလှသော နတ်အလင်းတို့ ဖြာထွက်လာကာ ကောင်းကင်ကို ဖြန့်ကျက်သွားသည်။ နတ်အလင်းရောင်အောက်တွင် သူ၏ အဖြူရောင်ဝတ်စုံက ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ချောမောသော မျက်နှာသည် အဆုံးမဲ့ ဂုဏ်သရေတို့ဖြင့် လွှမ်းခြုံခြင်းကို ခံထားရသည်။ ထိုသည်မှာ ဧကရာဇ်ရောင်ဝါပင် ဖြစ်တော့၏။
“ဧကရာဇ်အသိပဲ!”
တန်ခိုးရှင်တိုင်း၏ နှလုံးသားက တုန်ယင်သွားကြသည်။ နတ္ထိအင်ပါယာနန်းတော် အပြင်ဘက်တွင် စောင့်ကြည့်နေသည့် မရေတွက်နိုင်သော တန်ခိုးရှင်တို့မှာ လက်သီးအား ကျစ်ကျစ်ဆုပ်လိုက်မိကြသည်။ ကောလာဟလတစ်ခု ရှိသည်မှာ ရီဖူရှင်းသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ဧကရာဇ်စွမ်းအားကို ဆက်ခံခဲ့ရပြီး ၎င်းကို အသုံးပြု၍ သူ့ထက် ကျင့်ကြံဆင့်မြင့်မားသော ရန်ဟောင်များကိုပင် သတ်ဖြတ်နိုင်သည်ဟူ၍ ဖြစ်သည်။ ပြီးပြည့်စုံသော နတ်ဝင်ရိုးမရှိလျှင်ပင် ကျင့်ကြံဆင့် မြင့်မားသော အဆင့်မြင့်ရန်ဟောင်များက အလွန်သန်မာအားကောင်းနေဆဲ ဖြစ်သည်။ သို့ပေမယ့်လည်း ထိုအဆင့်မြင့်ရန်ဟောင်များက ရီဖူရှင်း လက်ချက်နှင့် သေပွဲဝင်ခဲ့ရသည်။
ယခုတွင် ရီဖူရှင်းက ဧကရာဇ်အသိကို တဖန် အသက်သွင်းလိုက်ပြီ ဖြစ်၏။ သူက မည်မျထိ အစွမ်းထက်သွားတော့မည်နည်း။
လူတိုင်းက ဤတစ်ကြိမ် အလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်လာလိမ့်မလား မျှော်လင့်မိနေကြသည်။
“အဲဒီတော့ ဒါက ဧကရာဇ်အသိပေါ့။” သူတို့သည် ရီဖူရှင်းး အရှိန်အဝါနှင့် အရည်အချင်းများကြောင့် ဆွဲဆောင်ခံရပေသည်။ နဂိုချောမောပြီးသား ရီဖူရှင်းက ယခုတွင် ပြိုင်ဘက်ကင်း ဂုဏ်သရေတို့နှင့် ထည်ဝါခန့်ညားလျက်ရှိသည်။ သူက တိုက်ပွဲမြေပြင်တွင် ရပ်နေသည့်အခါ အားလုံးက သူတစ်ယောက်သာလျှင် ရှိနေသကဲ့သို့ ကြည့်နေမိကြသည်။
ထိုအခိုက် တိုက်ပွဲအလယ်တွင် နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရသော ရီဖူရှင်း၏ သွေးတို့က ဆူပွက်နေသည်။ ဤလောကထဲမှ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက် ရောက်နေသကဲ့သို့ ဖြစ်လာသည်။ သူ၏ နတ်အာရုံထိန်းချုပ်မှုက ပိုမို အားကောင်းလာပြီး ကောင်းကင်နှင့် မြေကြီးအတွင်းမှ စွမ်းအားတိုင်းက သူ့ထံသို့ ဆွဲယူခံနေရသည်။ သူ၏ စွမ်းအားက ပို၍ သန်မာအားကောင်းလာ၏။
တောက်ပသော နတ်အလင်းတန်းများက ကောင်းကင်အရပ်မျက်နှာ အသီးသီးသို့ ဖြာထွက်လာသည်။ ၎င်းသည် အလွန် သန့်စင်မြင့်မြတ်ဟန်ရပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ နယ်မြေတစ်ခုအဖြစ် အကြွင်းမဲ့ပြောင်းလဲသွားပေသည်။ ထို့ပြင် အလင်းများက ဝေးလံသော နေရာများအထိပင် ဆက်လက်ဖြန့်ကျက်နေသည်။
လေဟာနယ်ကို ဖြတ်သန်းလာသော တိုက်ခိုက်မှု၏ မဟာလမ်းစဥ်စွမ်းအားများက ရီဖူရှင်း ထုတ်လွှတ်လိုက်သော နတ်အလင်းတို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။ သူ၏ ငွေရောင်ဆံပင်ရှည်များက လေထဲတွင် ကခုန်နေသည်။ ကောင်းကင်ထက်မှ အစွမ်းထက် တန်ခိုးရှင်များကို မော့ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ကောင်းကင်တွင် မျောလွင့်လာသည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက ကြီးစိုးနေကေသည်။
မြေအောက်အရှင်၏ သားတော်က ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ သူ နတ္ထိအင်ပါယာနန်းတော်သို့ လာရောက်သည့် နေ့က ရီဖူရှင်းနှင့် ပြိုင်တိုက်ဖူးသည်။ ထိုသူက သူ၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။ သို့သော်လည်း ယခုတွင် သူသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားမိပေသည်။
သူ ယခုမှ သဘောပေါက်သည်မှာ ထိုနေ့က သူတို့ တိုက်ခိုက်စဥ်၌ ရီဖူရှင်းသည် သူ၏ ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ထားပြီး အစွမ်းကုန် တိုက်ခိုက်မှု မပြုခဲ့ခြင်းပင် ဖြစ်သည်။
ယခု သူ ထုတ်ဖော်ပြသလာသည့် စွမ်းအားက သူ၏ ခွန်အား အစစ်အမှန်ပေလား။
“သူ့ကို သတ်!” အဝေးမှ ချီရီက အမိန့်ပေးလိုက်သည်။ သူ အမိန့်ပေးပြီးသွားသည်နှင့် ကောင်းကင်ရှိ ဝိညာဥ်လက်နက်များမှ နတ်အလင်းများ ထုတ်လွှတ်လာသည်။
ဤတစ်ကြိမ်တွင် ၎င်းတို့အားလုံးက ရီဖူရှင်းကိုသာ အာရုံစိုက်ထားကြသည်။ လေဟာနယ်ကို ဖြတ်သန်းလာသည့် ရွှေရောင်အလင်းများ၊ နှိုင်းမရအောင် အစွမ်းထက်လှသည့် ရှေးဟောင်းခေါင်းလောင်း၊ စိတ်ဝိညာဥ်များကို ဖျက်ဆီးနိုင်စွမ်းရှိသည့် စစ်ဗုံများသည် ချက်ချင်းပင် ဖျက်ဆီးခြင်းစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်ရင်း ရီဖူရှင်းထံ တိုးဝင်သွားသည်။
ထိုတိုက်ခိုက်မှုက မည်မျှ အားကောင်းလှသနည်း။
အပြင်ဘက်မှ တိုက်ပွဲကို စောင့်ကြည့်နေသူများက ရီဖူရှင်းအတွက် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ကြရပေသည်။ ထိုသည်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ လေဟာနယ်တစ်ခုလုံးကို ဖျက်ဆီးခြင်း အလင်းတို့နှင့် လွှမ်းခြုံထားသော စွမ်းအားများက ရီဖူရှင်းနှင့် သူ ကာကွယ်လိုသည့် လူများကို သတ်ဖြတ်ဖျက်ဆီးပစ်ရန် တဟုန်ထိုး တိုးဝင်လာသည်။
ဘုန်း....
ချက်ချင်းပင် ပြိုင်ဘက်ကင်း တိုက်ခိုက်မှုများက နတ်အလင်းတို့ဖြင့် လွှမ်းခြုံထားသော ရီဖူရှင်းထံ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ အရာအားလုံးက တခဏအတွင်း ဖြစ်ပျက်သွားသည်။ ဤအဆင့် တိုက်ခိုက်မှုများက အချိန်အခြားဘဲ အဆက်မပြတ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တိုက်ခိုက်မှုတိုင်းက တစ်ချိန်တည်းလိုလို ကျရောက်လာပေသည်။
မျက်လုံးပေါင်းစုံက ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ မဟာအင်ပါယာ နတ်အလင်းတို့နှင့် လွှမ်းခြုံထားသော ရီဖူရှင်းက ဤတိုက်ခိုက်မှုမှ အသက်ရှင်လျက် ကျန်ရစ်နိုင်မည်လား။
ထို့နောက်တွင် သူတို့သည် အချိန်နှင့် လေဟာနယ် အေးခဲသွားသလို ခံစားလိုက်ကြရသည်။
ထိုသည်မှာ မရေရာသော ခံစားချက်ဖြစ်သော်လည်း အစစ်အမှန်ဟု ခံစားကြရပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က ဗဟိုတွင် ရှိနေပြီး အားလုံးသော တိုက်ခိုက်မှုများက ရပ်တန့်သွားသည်။ ရှေးဟောင်းခေါင်းလောင်း၏ သတ်ဖြတ်ခြင်း အလင်းတန်းများနှင့် အခြားသော မဟာလမ်းစဥ် စွမ်းအားများက တောက်ပသော မဟာအင်ပါယာနတ်အလင်းများ အောက်တွင် အေးခဲသွားခဲ့ပုံရလေသည်။
အစက အလွန် အစွမ်းထက်ပြီး လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုများသည် ယခုတွင် ဖိနှိပ်ခံလိုက်ရပြီ ဖြစ်၏။ ယင်းတို့သည် အရိုးကွဲမတတ် အေးစက်လှသော တောက်ပသည့် ရွှေရောင်အလင်းများအောက်တွင် အေးခဲ၍ သွားခဲ့လေသည်။
“အဲဒါက ဘာလဲ။” လူတိုင်း၏ နှလုံးသားများက တုန်ယင်နေသည်။ ၎င်းက မဟာလမ်းစဥ်အေးခဲခြင်း စွမ်းအားများ ဖြစ်သလား။
ယင်းစွမ်းအားများက ရေခဲကဲ့သို့ အေးခဲသွားသည်နှင့် တူသော်လည်း စွမ်းအားဖြတ်သန်းရာ လေဟာနယ်အေးခဲသွားသည်နှင့် ပို၍ တူနေပေသည်။
လေဟာနယ်အတွင်းမှ တန်ခိုးရှင်များသည် အနည်းငယ် အေးစိမ့်သော ခံစားမှုကို ခံစားလိုက်ရသည်။ ဧကရာဇ်အသိ၏ တည်ရှိမှုက အရာအားလုံးကို ရွှေရောင်လွှမ်းသွားစေပြီး သူတို့ကို ရေခဲများနှင့် ဖုံးလွှမ်းခံထားရသကဲ့သို့ ခံစားရစေသည်ကို သတိပြုမိပေသည်။
ရွှစ်!... တောက်ပသော နတ်အလင်းက နတ်ဓားမှ ထိုးထွက်လာသည်။ ချက်ချင်းပင် အခြားတစ်ဖက်မှ တိုက်ခိုက်မှုများက ပျောက်ကွယ်သွားပြီး မည်သည်မှ မရှိတော့သည်ထိ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် နတ်ရောင်ဝါအလင်းတို့က ကောင်းကင်ရှိ အရပ်မျက်နှာအသီးသီးသို့ ဆက်လက် ဖြန့်ထွက်သွားသည်။ ကြည့်ရသည်မှာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ထိုအလင်းများနှင့် မြေမြှုပ်ပစ်တော့မလိုပင် ထင်မှတ်ရသည်။
“အဲဒါက ဘာစွမ်းအားလဲ။” လေထဲမှ အချို့သော တန်ခိုးရှင်များက ထုတ်မေးလိုက်ကြသည်။
အေးစက်လှသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် အရိုးကွဲမတတ် အေးစိမ့်လှသည့် အေးခဲမှုအား အလုံးစုံခံစားမိကြပေသည်။ သူတို့၏ ခန္ဓာကိုယ်က ရေခဲထဲ ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဥ်သိစိတ်များပင် အေးခဲကုန်ကြသည်။ အေးခဲမှုကြောင့် သူတို့၏ အာရုံခံစားနိုင်မှုတို့က တဖြေးဖြေး နှေးကွေးလာပေသည်။ အချိန်နှင့် လေဟာနယ်က ရပ်တန့်နေပုံ ရလေသည်။
ထိုအခိုက်တွင် လူတိုင်း မေ့နေခဲ့ပုံရသော အခြားတစ်ဖက်မှ ယူချင်းသည်လည်း ပြင်းထန်လှသည့် နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ကြည့်ရသည်မှာ ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင် မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများက လေဟာနယ်အတွင်း လှည့်ပတ်နေပြီး သူ၏ စွမ်းအားက ကောင်းကင်ကို လွှမ်းခြုံလာသည်။
ဂူတုံးလျှိုနှင့် အခြားသူများသည်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လာ၏။
ထိမြင်ကွင်းသည် ဖီးနစ်နက်တပ်မှ တန်ခိုးရှင်များကို လှည့်ကြည့်လာစေသလို ထွက်ပြေးရန် ပြင်ဆင်နေကြသည့် တန်ခိုးရှင်များလည်း တူညီစွာပင် ဖြစ်သည်။
ဥပမာအနေနှင့် တောင်တန်းဘုံ ဗုဒ္ဓဂိုဏ်းမှ တန်ခိုးရှင်များ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ရဟန်းသည်လည်း ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်။ ထိုအရှိန်အဝါကို ခံစားမိလိုက်သည်နှင့် သူ၏ မျက်လုံးများ၌ အလင်းတစ်ခု ဖြတ်ပြေးသွားသည်။
“ယင်စွမ်းအားပဲ” သူက စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူက ဆက်လက်၍ ဆုတ်ခွာမသွားတော့ဘဲ ရီဖူရှင်းအား ဆက်ကြည့်နေခဲ့သည်။
ဤသည်မှာ အခြေအနေအား ပြောင်းပြန်လှန်နိုင်မည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သည်။
ထိုအချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတဝိုက်တွင် မဟာလမ်းစဥ် နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် လေလှိုင်းများအောက်တွင် ကောင်းကင်ထက်၌ အေးစက်လှသော လတစ်စင်း ထွက်ပေါ်လာ၏။
ကောင်းကင်ထက်မှ လရောင်ဖြာကျလာပြီး ယင်စွမ်းအားနတ်အလင်းများအဖြစ် ပြောင်းလဲသွားကာ ကျယ်ပြောလှသော နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဤလေဟာနယ်အတွင်းမှ လူတိုင်းသည် ရေခဲများနှင့် ဖုံးလွှမ်းခံထားရသကဲ့သို့ဖြစ်နေစဥ် မဟာလမ်းစဥ်ကန့်သတ်နယ်မြေအတွင်း သဏ္ဌာန်မဲ့ လေစွမ်းအင်လှိုင်းတို့က စီးဆင်းနေသည်။
“သတ်!”
ရီဖူရှင်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ကြီးစိုးနေလျက် သူ၏ အတွေးတစ်ချက်တွင် နတ်ဓားက ကောင်းကင်ကို ထက်ခြမ်းခွဲကာ လေဟာနယ်ကို တိုက်ရိုက်ဖြတ်ပိုင်းသွားသည်။
Bzzzt…
ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် တတိယဆင့်ရန်ဟောင်တစ်ဦးမှာ ယင်စွမ်းအားများကြောင့် နှေးကွေးသွားချိန်၌ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ နတ်ဓားဖြင့် ထိုးစိုက်ခံလိုက်ရကာ အမှုန့်အဖြစ် ပြောင်းလဲသွားသည်။
သန်မာအားကောင်းသော တန်ခိုးရှင်တစ်ဦးက တိုက်ပွဲတွင် ယခုကဲ့သို့ ချက်ချင်း အသတ်ခံလိုက်ရပေသည်။
နတ်ဓားက လေဟာနယ်ကို ဆက်လက်ဖြတ်သန်းသွားသည်။ စွပ်ခနဲ ထိုးစိုက်သံများက လေထဲတွင် ဆက်တိုက်ထွက်ပေါ်လာနေ၏။ လေထဲတွင် အလောင်းတစ်လောင်းပြီး တစ်လောင်းက အမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အချို့သော လူများက အလျင်အမြန် တုံ့ပြန်လိုက်ပြီး လေဟာနယ်အေးခဲခြင်းစွမ်းအားတို့မှ လွတ်မြောက်ရန် ဖိအားပေး ဖောက်ထွက်လိုက်ကြသည်။ ပြန်ဆုတ်ခွာသွားသည့် လူများ၏ မျက်လုံးများထဲတွင် အကြောက်တရားများကို မြင်နေရပေသည်။
ထိုအဖြူရောင်ဆံပင်နှင့် လူငယ်က မည်သို့ဖြစ်၍ ရုတ်တရက် ထိုမျှ ကြောက်မက်ဖွယ် ကောင်းလာရသနည်း။
အဝေးရှိ နတ်ဆိုးအင်ပါယာဘုံမှ ခေါင်းဆောင်များနှင့် မှော်နက်စစ်တပ်မှ တန်ခိုးရှင်များသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ယုံကြည်ချက်တို့ ပျောက်ဆုံးသွားကြသည်။ သူတို့က ခေတ္တမျှ အံ့သြမှင်တက်သွားပေသည်။ သူတို့၏ မျက်လုံးရှေ့မှ ထိုနတ်ဓားသည် သေဆုံးခြင်းအလင်းလှိုင်းများနှင့် လောင်ကျွမ်းနေ၏။ ထိုးစိုက်သံများက အဆက်မပြတ်ပင် ထွက်ပေါ်နေသည်။ ဓားဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တစ်ချိန်တွင် လောကကို လွှမ်းမိုးနိုင်မည့် ပါရမီရှင်များက သတ်ဖြတ်သုတ်သင်ခံလိုက်ရပြီး မြူမှုန်များအဖြစ် ပြောင်းလဲသွားပေသည်။
သူတို့က သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ကြရပြီ ဖြစ်၏။
***