သေစေနိုင်သောစုန်းမ
Vol. 27 Ch. 261
"ဟေ့ သံမဏိ"
စုချန်း လှမ်းခေါ်လိုက်သည့်အချိန်တွင် သံမဏိသည် ချီစွမ်းအင်စုဆောင်းခြင်းအား လေ့ကျင့်လျက်ရှိသည်။
"သခင်"
စုချန်းကို မြင်လိုက်သည်နှင့် သံမဏိက ကပျာကယာ လှည့်ပြီး အရိုအသေ ပြုလိုက်၏။
စုချန်းက သံမဏိအား တစုံတရာ ပြောဆိုရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် တစုံတခုက ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်သကဲ့သို့ မူလစွမ်းအင်မျှော်စင်ကြီးတခုလုံး သွက်သွက်ခါအောင် တုန်ခါလာ၏။ တချိန်တည်းမှာပင် ကျယ်လောင်သော အော်သံကြီး ထွက်ပေါ်လာ၏။
"ခွေးသူတောင်းစား စုချန်း မင်းက ငါ့မျိုးနွယ်စုဝင်တွေကို သတ်ပစ်တယ် ငါ့သမီးကို ထောင်သွင်းအကျဉ်းချထားတယ် မင်းအသက်ကို ယူဖို့ ငါရောက်လာပြီ"
စကားဆုံးသည်နှင့် အသံရှင်သည် မူလစွမ်းအင်မျှော်စင်အား တိုက်ခိုက်လိုက်ဟန် တူသည်။ မျှော်စင်တခုလုံး ထပ်မံတုန်ခါသွားပြန်၏။ ထို့နောက်တွင်ကား မျှော်စင်၏ အကာအကွယ်များအားလုံး ကျိုးပဲ့သွားလေသည်။
စုချန်း၏ အမူအရာသည် ချက်ချင်းလိုလို ပြောင်းလဲသွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါ ဇုမျိုးနွယ်တွေပဲ သူတို့ ကျုပ်ကို ရှာတွေ့သွားပြီ ဒီနေရာက အမြန်ဆုံး ထွက်သွားကြစို့"
သံမဏိအား ပြောပြီးသည်နှင့် စုချန်းသည် မျှော်စင်၏ ထိပ်ဖျားသို့ တဟုန်ထိုး ပြေးတက်သွား၏။ သံမဏိကလည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေသည်။
မျှော်စင်၏ ထိပ်ဖျားသို့ ရောက်သည်နှင် မူလပုံစံကွက်ကြီးတခု လင်းလက်တောက်ပလျက်ရှိကြောင်း သံမဏိ တွေ့ရှိလိုက်ရသည်။ ၎င်းသည် မူလစွမ်းအင်မျှော်စင်၏ တယ်လီပသီ ပုံစံမှန်း သံမဏိကောင်းကောင်း သိထား၏။ ၎င်းကို နှိုးဆွလိုက်သည်နှင့် လူတယောက်ကို ကီလိုမီတာ များစွာဝေးကွာသော နေရာသို့ ပို့ဆောင်ပေးနိုင်သည့် မူလစွမ်းအင်ပုံစံတမျိုး ဖြစ်သည်။
စုချန်းနှင့်သံမဏိတို့နှစ်ယောက် မူလပုံစံအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် နာကျင်စွာအော်ဟစ်သံနှင့််အတူ သူတို့ဆီသို့ လူတယောက် ပျံသန်းလာ၏။ ထိုလူမှာ ရှီကိုင်းဟွမ် ဖြစ်သည်။ ရှီကိုင်းဟွမ်၏ တကိုယ်လုံးမှာ သွေးများဖုံးလွှမ်းလျက်ရှိပြီး ဝမ်းဗိုက်တွင်လည်း အပေါက်ကြီးတပေါက် ဖြစ်ပေါ်လျက်ရှိသည်။ သူ့ပုံစံမှာ အသက်ရှင်နိုင်တော့မည့် ဟန်မပေါ်။
ဆရာဖြစ်သူကို မြင်လိုက်သည်နှင့် စုချန်းက ချက်ချင်းပင် နောက်သို့လှည့်ကာ ဖမ်းဆွဲလိုက်သည်။ ထိုအချိန်မှာပင် သူတို့အောက်နားရှိလူတယောက်က ခုန်ဝင်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ လက်ဝါးရိုက်ချက်သည် စုချန်းအား တည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး သွေးများ ပန်းထွက်လာစေ၏။
စုချန်းက အံကိုတင်းတင်းကြိတ်ပြီး ထိုလူကို အားကုန်ပွေ့ဖက်ကာ သံမဏိကို လှည့်၍ အမိန့်ပေးလိုက်သည်။
"သွားတော့"
ထို့နောက် သူက လွတ်နေသော လက်တဖက်နှင့် သံမဏိကို မူလစွမ်းအင်ပုံစံအတွင်းသို့ ပို့ဆောင်ပေးလိုက်လေသည်။
"သခင်"
သံမဏိ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် တယ်လီပသီပုံစံမှာ အဖြူရောင်အလင်းတန်းများ တောက်ပဝင်းလက်လာပြီး သံမဏိအား မူလစွမ်းအင်မျှော်စင်၏ အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်၏။ သူ ပြန်ပေါ်လာသည်အချိန်တွင် ကန္တာရတခုအတွင်းသို့ ရောက်ရှိနေကြောင်း သံမဏိ တွေ့လိုက်ရလေသည်။
ဆရာဖြစ်သူ စုချန်းနှင့်ရှီကိုင်းဟွမ်တို့ သေဆုံးသွားသည်ကို တွေးမိလိုက်သောအခါ သံမဏိ၏ နှလုံးသားသည် နာကျင်လာပြီး ဤကမ္ဘာကြီးမှာ အလွန်ပင် ကျယ်ပြောလှသော်လည်း သူ့အတွက်မူကား သွားစရာနေရာမရှိဟု ခံစားလိုက်ရလေသည်။
ဘာလုပ်ရမှန်းမသိပဲ ယောင်ချာချာဖြစ်နေစဉ်မှာပင် ကုန်သည်တစုကို သံမဏိ မြင်တွေ့လိုက်ရသည်။ ကုန်သည်များကို ဦးဆောင်လာသူမှာ မုတ်ဆိတ်ထူထူနှင့် လူတယောက် ဖြစ်၏။ သံမဏိ၏ ကြံ့ခိုင်တောင့်တင်းသော ကိုယ်ကာယကို မြင်လိုက်သောအခါ ထိုလူက သူတို့ လူစုအား စောင့်ရှောက်ပေးနိုင်မလားဟု မေးလာ၏။ သဘောက သံမဏိကို အစောင့်အဖြစ် ငှားယမ်းလိုသည့် သဘောပင်။
သံမဏိသည် အထူးပင် စိတ်ဓာတ်ကျဆင်းလျက်ရှိပြီး ဘယ်သွားလို့ဘယ်လာရမှန်းမသိပဲ ယောင်ချာချာ ဖြစ်လျက်ရှိသည်။ နောက်ဆုံးတွင် ထိုကုန်သည်များထံ၌ အစောင့်အဖြစ်လုပ်ကိုင်ရန် သူ ဆုံးဖြတ်လိုက်၏။
အတန်ကြာအောင် ခရီးဆက်ခဲ့ပြီးနောက် သူတို့လူစုသည် အိုအေစစ်လေးတခုသို့ ရောက်ရှိလာ၏။ ခေတ္တအနားယူရန် အချိန်ရောက်ပေပြီ။ အစားအသောက်များ စားသောက်ရန် ဟန်ပြင်ကြစဉ်မှာပင် အဝေးတနေရာဆီမှာ ကျွဲချိုသံတချက် ထွက်ပေါ်လာပြီး မိုးကုပ်စက်ဝိုင်းဆီမှ ဖုန်လုံးကြီးများ တလိပ်လိပ်ထလာ၏။
လူတိုင်းလိုလိုသည် ထိတ်လန့်တုန်လှုပ်ကာ ငိုကြွေးကြကုန်၏။
ဖုန်လုံးကြီးများနှင့်အတူ ထွက်ပေါ်လာသည်မှာကား သတ်ဖြတ်သူမျိုးစိတ်ဝင်စစ်တပ်တစ်တပ်ပေတည်း။ သံမဏိ၏ စိတ်ထဲတွင် ၎င်းတို့နှင့် သူသေကိုယ်သေ တိုက်ခိုက်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာ၏။
သူ၏ ချစ်လှစွာသော သခင်သေဆုံးသွားခဲ့လေပြီ။ ဒီတော့ သူ အသက်ရှင်နေလည်း ဘာထူးတော့မည်နည်း။
ထို့နောက် သံမဏိသည် လက်သီးကြီးများကို မြောက်ကာ သတ်ဖြတ်သူစစ်တပ်ထံသို့ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လိုက်လေသည်။
အချိန်မည်မျှကြာအောင် တိုက်ခိုက်နေမိမှန်း သံမဏိ မသိတော့။ စစ်သား ဘယ်လောက်များများကို သတ်လိုက်မိမှန်းလည်း သူ သတိမထားမိတာ့။ သို့သော် သူ့ကိုယ်တွင်းမှ စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာသည်ကိုတော့ သံမဏိ ခံစားနေရ၏။ ထိုအချိန်တွင် စစ်သားတဦး၏ လှံရှည်က သူ့ရင်ဝသို့ ထိုးဖောက်ဝင်ရောက်လာပြီး သံမဏိတယောက် မြေကြီးပေါ်သို့ လဲကျသွားလေသည်။
မရေမတွက်နိုင်သော သတ်ဖြတ်သူစစ်သားများက သူ့ကိုတက်နင်းပြီး ဆက်လက်ချီတက်သွားသည်ကို သံမဏိ မြင်တွေ့နေ၏။ သူ့ အမြင်အာရုံတခုလုံးမှာလည်း သွေးများ ဖုံးလွှမ်းလာလေသည်။
နောက်ဆုံးတွင်တော့ သံမဏိက မျက်လုံးများကို တဖြည်းဖြည်း မှိတ်လိုက်သည်။
______________×××_______________×××___________
"အား"
သံမဏိ၏ တကိုယ်လုံး တုန်ယင်လာပြီး မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်။
သူသည် ယခုအချိန်တွင် မူလစွမ်းအင်မျှော်စင်အတွင်း၌သာ ရှိနေသေးလေသည်။ စုချန်းသည် သူ့ရှေ့တွင် ပြုံးစိစိနှင့် မတ်တပ်ရပ်လျက်ရှိလေ၏။
သံမဏိသည် နဝေတိမ်တောင်နှင့် ပတ်ဝန်းကျင်ကို ကပျာကသီ လှည့်ပတ်အကဲခတ်လိုက်၏။
၎င်းကိုကြည့်ရင်း စုချန်းက ရယ်မောကာ တပည့်ဖြစ်သူကို ရှင်းပြလိုက်၏။
"ဘာမှကြည့်နေစရာမလိုပါဘူးကွာ မင်းအခုမြင်ခဲ့ရတာ တကယ်မဟုတ်ဘူး အိပ်မက်မက်နေတာကွ ဘယ်ကုန်သည်မှမရှိသလို ဘယ်သတ်ဖြတ်သူစစ်တပ်မှလည်း မရှိဘူး မင်းလည်း အသက်ရှင်နေတုန်းပဲ"
"အိပ်မက်မက်နေတာ ဟုတ်လား သခင်"
သံမဏိ မျက်လုံးပြူးသွား၏။
"ဘယ်လိုဖြစ်ရတာလဲသခင် ကျွန်တော်က သခင်သေသွားတယ်လို့ အိပ်မက်မက်နေတာလား ပြီးတော့ သခင်က ကျွန်တော် မက်တဲ့အိပ်မက်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"
"ငါသိတာပေါ့ကွ အဲဒါ ငါဖန်တီးထားတဲ့ အိပ်မက်ပဲဟာကို ဘယ်လိုနေသလဲ ကြည့်ရတာ သိပ်တော့မဆိုးဘူး ဟုတ်တယ်မလား အနည်းဆုံးတော့ မင်းကို လှည့်စားနိုင်သားပဲ"
ထိုအခါကျမှ သံမဏိက သူ ဘာဖြစ်သွားမှန်း နားလည်လာ၏။
"အဲဒါ သခင် ဖန်တီးထားတဲ့ မူလစွမ်းရည်အသစ်ပေါ့ ဟုတ်လား"
"ဟုတ်တယ်ကွ ဒါကိုငါက သေစေနိုင်သောစုန်းမ ဆိုပြီး နာမည်ပေးထားတယ် ဒီနည်းစနစ်ကိုရဖို့ ငါဟာ ဝိညာဉ်မျက်လုံး၊ ဝိညာဉ်အမြစ်တွယ်ခြင်း၊ ဇုမျိုးနွယ်လှည့်ဖျားနှလုံးသားမူလစွမ်းရည်တွေရဲ့ သဘောသဘာဝတွေနဲ့ ကျန့်ပါ့ရှန်းရဲ့ ဝိညာဉ်နစ်မြုပ်ခြင်း အခြေအနေအပေါ် နားလည်သဘောပေါက်ထားတာတွေကို အလျင်းသင့်သလို ပေါင်းစပ်ခဲ့ရတယ် ဒီနည်းစနစ်ဟာ လူတွေကို အိပ်မက်ကမ္ဘာထဲ အချိန်အတိုင်းအတာတခုထိ ကျရောက်သွားစေနိုင်တယ်ကွ မင်း အခုအိပ်ပျော်နေတာ ဘယ်လောက်တောင်ကြာသွားတယ်ထင်သလဲ"
`
"ဘယ်လောက်တောင် ကြာသွားလို့လဲ သခင်"
စုချန်းက လက်တချောင်း ထောင်ပြရင်း ပြောလိုက်၏။
"အမွှေးတိုင်တချောင်းစာကွ အမွှေးတိုင်တချောင်းစာမှ အမွှေးတိုင်တချောင်းစာ ကွက်တိပဲဟေ့"
သံမဏိ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
သူ အိပ်မက်မက်နေသည့်အချိန်က အမွှေးတိုင်တချောင်းစာပင် ကြာသွားသည် ဆိုပါကလား"
"အဲလောက်တောင် ကြာသလား သခင် ဒါဆိုရင် ဒီနည်းစန်ကိုသာ တိုက်ပွဲအတွင်းမှာ သုံးလိုက်ရင် ရန်သူဟာ တကြိမ်မဟုတ် အကြိမ်တရာလောက် ပြန်သေသွားနိုင်တာပေါ့"
ဤနည်းစနစ်ကား အမှန်ပင် အင်အားကြီးမားလှပေ၏။
ထိုအခါ စုချန်းက တပည့်ကျော်ကို ရှင်းပြရပြန်၏။
"ဘယ်မူလစွမ်းရည်မှ ပြိုင်ဘက်ကင်းတယ်ဆိုတာ မရှိဘူးကွ ဒါကြောင့် ဒီ သေစေနိုင်သောစုန်းမ မှာလည်း သူ့ကန့်သတ်ချက်နဲ့သူ ရှိတာပေါ့ ဒီနည်းစနစ်ဟာ အိပ်မက်ကမ္ဘာကြီးကို တည်ဆောက်ပေးထားတဲ့အတွက် ရန်သူတွေဟာ သူတို့ကိုယ်တိုင် အဲဒီထဲက ထွက်ပြေးလို့မရဘူး ဒါပေမဲ့ တဖက်မှာလည်း သူတို့ကို သွားထိလို့မရဘူးကွ ထိလိုက်တာနဲ့ နိုးလာလိမ့်မယ်"
"ဒီတော့ သခင့်မှာ တကြိမ်ပဲ တိုက်ခိုက်ဖို့အခွင့်အရေး ရှိတယ်ဆိုတဲ့ သဘောပေါ့"
သံမဏိက ပြန်မေးလိုက်၏။
"ဟုတ်တယ်ကွ
"ဘာပဲဖြစ်ဖြစ် ဒီလောက်ဆိုရင်ကို အင်မတန် အထင်ကြီးစရာကောင်းနေပါပြီသခင် ဒီအခွင့်အရေးကိုသာ မှန်မှန်ကန်ကန် အသုံးချနိုင်ရင် သခင့်အနေနဲ့ တချက်တည်းနဲ့ ရန်သူကို သတ်ပစ်နိုင်သားပဲလေ ဒါ့အပြင် ကိုယ့်ဖက်မှာ လူသာလုံလုံလောက်လောက်ရှိနေရင် သခင့်အနေနဲ့ ရန်သူကို ဝိုင်းပြီး တိုက်ခိုက်လို့တောင် ရသေးတယ်"
တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်များသည် အလွန်တရာ ရိုးသားကြသောလည်း နုံချာသူများတော့ မဟုတ်ပေ။ သံမဏိသည် သေစေနိုင်သော စုန်းမကို မည်သို့မည်ပုံ အသုံးချရမည်ကို ချက်ချင်းပင် စဉ်းစားလိုက်နိုင်၏။
စုချန်း ရယ်မောလိုက်၏။
"မှန်တယ် ဒါပေမဲ့ နောက်ထပ် အားနည်းချက်တခုလည်း ရှိနေသေးတယ်ကွ အဲဒါက ဘာလဲဆိုတော့ ဒီနည်းစနစ်ရဲ့ ကြာချိန်က တသမတ်တည်းမဟုတ်တာပဲ မင်းအပေါ် အမွှေးတိုင်တချောင်းထွန်းစာ ကြာပေမဲ့ တခြားလူတွေအပေါ် အဲဒီလောက် ကြာချင်မှကြာမယ်"
"ဘာဖြစ်လို့လဲသခင်"
"ဘာဖြစ်လို့လဲဆိုတော့ ငါက မင်းကို နားလည်နေလို့ပေါ့ကွာ"
စုချန်းက ထပ်မံရှင်းပြရပြန်သည်။
"ဒီ သေစေနိုင်သောစုန်းမ လို့ခေါ်တဲ့နည်းစနစ်မှာ အပိုင်းကြီးနှစ်ပိုင်း ပါတယ်ကွ ပထမတပိုင်းကတော့ သူ့ရဲ့မူလနည်းစနစ်ကိုယ်တိုင်ပဲ ဒုတိယအပိုင်းကတော့ အိပ်မက်ကမ္ဘာကြီးတခုကို တည်ဆောက်ပေးရတာပဲ ဒီနေရာမှာ မင်းအနေနဲ့ ရန်သူရဲ့ မှတ်ညဏ်တွေကို ပြောင်းပေးလို့မရဘူး တနည်းအားဖြင့်တော့ မင်းရဲ့ ရန်သူဟာ ဒီနည်းစနစ်နဲ့ တိုက်ခိုက်ခံရပြီးရင် သူသိထားတဲ့ မှတ်ညဏ်အဟောင်းနဲ့ဆိုင်တဲ့ အိပ်မက်မျိုးကိုပဲ မက်လိမ့်မယ် ဥပမာကွာ မင်းရဲ့ ပတ်ဝန်းကျင်သာ ခုလိုမျိုး ရုတ်တရက် ပြောင်းလဲသွားရင်..."
ပြောပြောဆိုဆို စုချန်းက လက်ကိုဝေ့ယမ်းလိုက်ရာ သံမဏိ၏ အမြင်အာရုံသည် ရုတ်ချည်းပင် ဝေဝါးလာပြီး သူ့မျက်စိရှေ့ရှိ မူလစွမ်းအင်မျှော်စင်ကြီးတခုလုံး ထပ်မံပျောက်ကွယ်သွားကာ အခြားတနေရာသို့ ရောက်သွားသလို ထင်လိုက်ရပြန်သည်။
ယခုတကြိမ်တွင်တော့ သူသည် အလွန်မြင့်မားသော တောင်တလုံး၏ ထိပ်တွင် မတ်တပ်ရပ်လျက်ရှိပြီး သူနှင့် မလှမ်းမကမ်းရှိ သစ်ပင်တပင်၏ အောက်တွင် စုချန်း ရှိနေ၏။ စုချန်း၏ မျက်နှာမှာ ပြုံးစိစိ ဖြစ်နေ၏။
သံမဏိ ချက်ချင်းပင် နားလည်သဘောပေါက်လိုက်သည်။
"သခင် သေစေနိုင်သောစုံးမကို ထပ်ပြီး အသုံးပြုလိုက်ပြန်ပြီ ကျွန်တော် အိပ်မက်ကမ္ဘာထဲ ရောက်နေပြန်ပြီပေါ့ ဟုတ်လား"
အပေါ်ကို မော့ကြည့်လိုက်ရာ အလွန်တောက်ပနေသော အပြာရောင်ကောင်းကင်ကြီးကို သံမဏိ မြင်တွေ့လိုက်ရ၏။
"ဒီထဲက ဘယ်လိုထွက်ရမလဲ သခင်"
သံမဏိက မေးလိုက်၏။
"ခါတိုင်း အိပ်မက်မက်ရင် မင်း ဘယ်လိုပြန်နိုးလာလေ့ရှိသလဲ"
စုချန်းက ပြန်မေးလိုက်သည်။
သံမဏိက တစုံတခုကို အာရုံစိုက်၍ စဉ်းစားလိုက်၏။ ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။
"ဒါတကယ်မဟုတ်ဘူး တကယ်မဟုတ်ဘူး ဒါ အိပ်မက်သက်သက်ပဲ ပြန်နိုးလာစမ်း"
စကားဆုံးသည်နှင် သံမဏိသည် ခေါင်းကိုမော့ကာ ကောင်းကင်ကို လက်သီးနှင့် လှမ်းထိုးလိုက်၏။။ သူ၏ စိတ်စွမ်းအင်တခုလုံးကို လက်သီးချက်တွင် သွတ်သွင်းကာ လှမ်းထိုးလိုက်ခြင်း ဖြစ်သည်။ လက်သီးချက် ထိမှန်သွားသည်နှင့် ကောင်းကင်ကြီးသည် သိမ့်သိမ့်ခါအောင် တုန်ယင်သွားပြီး အပေါက်ကြီးတပေါက် ပေါ်ပေါက်လာ၏။ တဆက်တည်းမှာပင် ကောင်းကင်ကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး မမြင်နိုင်သော ဝဲကတော့တခုက သူ့ကို ဆွဲသွင်းနေသကဲ့သို့ သံမဏိ ခံစားလိုက်ရ၏။
သံမဏိ မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သုူ့ကိုယ်ခန္ဓာသည် မူလစွမ်းအင်မျှော်စင်သို့ ပြန်လည်ရောက်ရှိနေ၏။ သူ့ရှေ့တွင်တော့ စုချန်းက မတ်တပ်ရပ်လျက်ရှိသည်။ စုချန်း၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျနေ၏။
သံမဏိ ထိတ်လန့်သွား၏။
"သခင်"
"ရတယ် ငါ ဘာမှမဖြစ်ဘူး အိပ်မက်ကမ္ဘာပြိုကွဲသွားတဲ့အတွက် တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရတဲ့သဘောပဲ"
စုချန်းက လက်ကာရင်းပြောလိုက်၏။
"ခုဆိုရင် တစုံတယောက်ကို လှည့်ဖျားညှို့ငင်ဖို့ ကြိုးစားလို့ မအောင်မြင်တဲ့အခါ ဘာဖြစ်မလဲဆိုတာ မင်းသိသွားပြီ"
မည်သည့်မူလစွမ်းရည်မှ ပြီးပြည့်စုံသည်ဟူ၍ မရှိပေတကား။
သေစေနိုင်သော စုန်းမသည် အလွန်တရာ အင်အားကြီးမားသော်လည်း တဖက်လူကို လှည့်စားရန် အိပ်မက်ကမ္ဘာတခု တည်ဆောက်ထားရန် လိုအပ်၏။ လှည့်စားမှု မအောင်မြင်ပါက အိပ်မက်ကမ္ဘာပြိုကွဲသွားပြီး စိတ်ဝိညာဉ်တန်ပြန်ရိုက်ခတ်မှု ပေါ်ပေါက်လာတော့သည်။
စိတ်ဝိညာဉ်တန်ပြန်ရိုက်ခတ်မှု ဆိုရာတွင်လည်း ပြင်းအားအပေါ်မူတည်ပြီး အဆင့်သုံးဆင့်နှင့် ဖြစ်ပေါ်လေ့ရှိသည်။ ပထမအဆင့် တန်ပြန်ရိုက်ခတ်မှု ဖြစ်ပေါ်ရာတွင် နည်းစနစ်ဖန်တီးသူသည် သာမာန် မူးဝေရုံလောက်သာ ခံစားရလေ့ရှိသည်။ ဒုတိယအဆင့်တွင်တော့ မူလစွမ်းရည်ကို ယာယီထုတ်မသုံးနိုင်သည်အထိ ခံစားရလေ့ရှိသည်။ တတိယအဆင့် တန်ပြန်ရိုက်ခတ်မှုကိုသာ ခံစားရပါက နည်းစနစ်ဖန်တီးသူသည် တခါတည်း မူးလဲသွားပေလိမ့်မည်။
သံမဏိ၏ အိပ်မက်ကမ္ဘာမှ ရုန်းထွက်သော နည်းလမ်းသည် အလွန်ပင် ကြမ်းတမ်းသော်လည်း စုချန်းအဖို့ကား အသေးစားဒဏ်ရာမျှသာ ရလိုက်၏။ အကြောင်းမှာ စုချန်းသည် စိတ်ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးကို ကြိုတင်သောက်သုံးထားခြင်းကြောင့်ပင်တည်း။
သေစေနိုင်သော စုန်းမသည် ပထမအကြိမ်တုန်းက သံမဏိအား အောင်အောင်မြင်မြင် လှည့်စားနိုင်ခဲ့ခြင်းမှာ စုချန်းသည် အိပ်မက်ကမ္ဘာကို သံမဏိ၏ မှတ်ညဏ်အပေါ်မူတည်၍ တည်ဆောက်ထားခြင်းကြောင့် ဖြစ်သည်။ သူတို့နှစ်ယောက် မူလစွမ်းအင်မျှော်စင်အတွင်း ရှိနေတုန်း ဇုမျိုးနွယ်များက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ကြခြင်းမှာ သံမဏိ၏ မူလမှတ်ညဏ်တွင် သိရှိထားသည့် အဖြစ်အပျက်များနှင့် လွန်စွာ အကျိုးသင့်အကြောင်းသင့် ဖြစ်နေ၏။ လိုက်လျောညီထွေဖြစ်နေ၏။ ထို့ကြောင့်ပင် သံမဏိတယောက် အလိမ်ခံလိုက်ရခြင်း ဖြစ်သည်။ အကယ်၍ တဖက်လူ၏ အကြောင်းကို ဂဃနဏမသိပဲ ကြောင်းကျိုးဆီလျော်မှုမရှိသော အိပ်မက်ကမ္ဘာမျိုးကို ဖန်တီးမိပါက ဒုတိယအဖြစ်မျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် သေစေနိုင်သောစုန်းမနည်းစနစ်သည် တဖက်လူကို လိမ်ညာလှည့်စားခြင်းနှင့်သာ ပို၍ တူနေ၏။ ရန်သူကို မည်သို့မည်ပုံ လှည့်စားမည်ဟူသည့်အချက်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှသာလျင် ဤမူလစွမ်းရည်က အောင်မြင်မှုရသည်ဟု ဆိုနိုင်ပေလိမ့်မည်။
ဤနည်းစနစ်၏ နောက်ထပ်အားသာချက်တခု ရှိနေသေး၏။ ၎င်းမှာ ဤနည်းစနစ်သည် ရန်သူ၏ အင်အား၊ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းအပေါ် လုံးဝမူတည်ခြင်းမရှိပဲ မည်မျှ ကျိုးကြောင်းခိုင်လုံသည့် အိပ်မက်ကမ္ဘာတည်ဆောက်နိုင်သနည်းဟူသာ အချက်အပေါ်တွင်သာ မူတည်နေ၏။ ထို့ကြောင့် တည်ဆောက်လိုက်သည့် အိပ်မက်ကမ္ဘာသာ ရန်သူ၏ မှတ်ညဏ်နှင့် ကျိုးကြောင်းဆီလျော်နေပါက အင်အားကြီးမားသော ရန်သူသည်လည်း အိပ်မက်နယ်ပယ်အတွင်း ရောက်သွားကာ အိပ်မောကျသွားနိုင်၏။
ဤနေရာတွင် အိပ်မက်ကမ္ဘာသည် ကျိုးကြောင်းဆီလျော်ရန် အလွန်အရေးကြီးသည်ဟူသော စကားကို ထပ်၍ ရှင်းပေအံ့။
အကယ်၍ စုချန်းကသာ တူညီသော အိပ်မက်ကို ဖန်တီးပြီး ရှီကိုင်းဟွမ်အပေါ် အသုံးပြုလိုက်ပါက ရှီကိုင်းဟွမ်က စုချန်း ဖန်တီးထားသည့် အိပ်မက်ကမ္ဘာသည် အသေးစိတ်မကျပဲ အကြမ်းထည်ဆန်လွန်းကြောင်း၊ ရန်သူ၏ ထုရိုက်မှု ခံလိုက်ရစဉ် မူလစွမ်းအင်မျှော်စင်၏ တုန်ခါမှုသည် တသမတ်တည်း ဖြစ်နေကြောင်း၊ သတ်ဖြတ်သူစစ်တပ်၏ တိုက်ပွဲအတွင်း နည်းဗျူဟာသည် ရိုးစင်းလှကြောင်း စသည် စသည်ဖြင့် ပြောလာပေလိမ့်မည်။
ထိုအားနည်းချက်များထဲမှ တချက်ချက်သည် ရန်သူအား ပြန်လည်အသိဝင်လာစေရန် လှုံ့ဆော်ပေးနေမည်ကား သေချာလှသည်။
မည်သို့ဆိုစေ ထိုအားနည်းချက်အချို့ကိုသာ အသေးစိတ်ပြင်ဆင်လိုက်ပါက စုချန်းအဖို့ ဆရာဖြစ်သူ ရှီကိုင်းဟွမ်ကိုလည်း လှည့်စားနိုင်မည်မှာ သေချာလှသည်။ ထို့ကြောင့် ဤနည်းစနစ်အရ ရန်သူကို လှည့်စားနိုင်ရန် မည်သည့်အင်အားမှမလို။ အခွင့်အရေးတကြိမ် ရရန်သာ လိုအပ်သည်ဟု ဆိုနိုင်၏။
ထို့ကြောင့် သေစေနိင်သောစုန်းမ မူလစွမ်းရည်သည် ကန့်သတ်ချက်တချို့ ရှိနေသော်လည်း တန်ဖိုးကြီးမားသော မူလစွမ်းရည်တမျိုး ဖြစ်လာမည်ကတော့ သေချာနေခဲ့လေပြီတည်း။