မိန်းမတွေဟာ နားလည်ရခက်တယ်
Vol. 27 Ch. 262
သေစေနိုင်သောစုန်းမ၏ အားနည်းချက်၊ အားသာချက်တို့ကို နားလည်သဘောပေါက်သွားပြီးနောက် သံမဏိက ဂုဏ်ယူစွာနှင့် သက်ပြင်းတချက်ချကာ ပြောလိုက်သည်။
"ဘာပဲပြောပြော ဒီနည်းစနစ်ဟာ သာမာန် အသုံးများတဲ့ နည်းစနစ်တွေထက် သာလွန်နေတယ်သခင် ဒါကြောင့် သူ့ကို အဆင့်လွန်မူလစွမ်းရည်အဖြစ် သတ်မှတ်ဖို့သင့်တယ်"
မူလစွမ်းရည်များကို အဆင့်လေးဆင့်ခွဲထား၏။ ၎င်းတို့်ှမှာ သာမာန်၊ အဆင့်လွန်၊ ဒဏ္ဍာရီနှင့် အိပ်မက်ဆိုးဟူ၍ ဖြစ်သည်။
သွေးဆူပွက်ခြင်းနယ်ပယ်နှင့် ၎င်းအောက်နယ်ပယ်ရှိ ချီစွမ်းအားပညာရှင်များ အသုံးပြုလေ့ရှိသည့် မူလစွမ်းရည်များမှာ သာမာန်အဆင့် မူလစွမ်းရည်များသာ ဖြစ်ကြကုန်။ ထို့ကြောင့် သေစေနိုင်သောစုန်းမ ကဲ့သို့ မူလစွမ်းရည်မျိုးကို အဆင့်လွန်ဟု သတ်မှတ်ခြင်းမှာ မှားတော့မမှားပေ။
သို့သော် စုချန်းက ခေါင်းခါလိုက်သည်။
"ငါတော့ အဲဒီလို စိတ်ကူးမရှိသေးဘူးကွ ဘာကြောင့်လည်းဆိုတော့ ဒီနည်းစနစ်က အသစ်လည်းဖြစ်နေတယ် အဆင့်လည်း မသတ်မှတ်ရသေးဘူး နောက်ပြီးတော့ မူလစွမ်းရည်တွေကို အဆင့်ခွဲတာမျိုးကို ငါ့စိတ်ထဲမှာတော့ သိပ်သဘောမတွေ့လှဘူးဟေ့ မူလစွမ်းရည်ဆိုတာ အသုံးချသူအပေါ်မူတည်ပြီး သက်ရောက်မှုကလည်း ကွာခြားသွားတတ်တဲ့ သဘောမှာရှိတယ်ကွ ဥပမာကွာ ဇုမျိုးနွယ်စုရဲ့ ကောင်းကင်မြေခွေးလက်ချောင်းကို ငါ သင်ယူပြီးပြီး ဒီမူလစွမ်းရည်ကို ဦးလေးဆယ့်တစ် အသုံးပြုလိုက်တဲ့အခါ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာကို တွေ့ရတယ် ဒါပေမဲ့ ငါသုံးလိုက်ရင်တော့ မီးလျံငှက်လောက်တောင် အဆင်မပြေဘူးကွ"
စုချန်းသည် ကောင်းကင်မြေခွေးလက်ချောင်းကို အမှန်တကယ် လေ့လာသင်ယူပြီးခဲ့ပြီ ဖြစ်သည်။ သို့သော် လှည့်ဖျားနှလုံးသားဇုမျိုးနွယ်စု၏ ဒဏ္ဍာရီအဆင့် မူလစွမ်းရည်သည် စုချန်း၏ လက်ထဲတွင် အနည်းငယ်မှ မထိရောက်ပဲ ဖြစ်နေ၏။ ထိုနည်းစနစ်ကို အသုံးပြုရန် သူ့အနေနှင့်စွမ်းအင်များစွာ အသုံးပြုရသော်လည်း တကယ် ထွက်ပေါ်လာသည့် အင်အားကတော့ မီးလျံငှက်နှင့် သူမသာကိုယ်အသုဘသာ ဖြစ်နေ၏။ သွေးဗီဇကို နားလည်သဘောပေါက်အောင် လေ့လာခြင်းသည် လမ်းခွဲတခုသို့ ရောက်လာပါက နည်းစနစ်ကို ယခုထက် ပိုမို ထိရောက်စွာ အသုံးပြုနိုင်ရန် စုချန်း မျှော်လင့်ထားသော်လည်း ထို လမ်းခွဲသို့ ရောက်လာသည့်တိုင် သူသည် စိတ်ဝိညာဉ်ကို အားကောင်းလာစေရန်လည်းကောင်း၊ ကောင်းကင်မြေခွေးလက်ချောင်းကို ပိုမိုထိရောက်အောင်သော်လည်းကောင်း စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိသေးပေ။ ထိုအခါ စုချန်းသည် ထိုနည်းစနစ်များကို လက်လျှော့လိုစိတ်ပင် ပေါ်လာ၏။
ထိုစဉ် သံမဏိက ကောက်ခါငင်ခါ မေးလိုက်၏။
"ဒါဆိုရင် သခင်....ဒီနည်းစနစ်ကို အိပ်မက်နယ်ပယ်မှာ သွားရောင်းအုံးမှာလား"
သံမဏိ၏ လေသံမှာ စိတ်ပူနေဟန်ရှိသည်။
စုချန်း ရယ်မောလိုက်၏။
"မင်းက ငါ့အတွက် စိတ်ပူနေတာလား မပူပါနဲ့ကွ ဘာဖြစ်ဖြစ် ငါ ဒီနည်းစနစ်ကိုတော့ မရောင်းပါဘူး"
သေစေနိုင်သောစုန်းမသည် စုချန်း၏ အဓိကဝှက်ဖဲ ဖြစ်လာပေလိမ့်မည်။ ဤနည်းစနစ်ကို သူ ဘယ်သောအခါမှ ရောင်းချလိမ့်မည်မဟုတ်။ ထို့ပြင် သူ့တွင် ငွေလည်းမလိုချေ။
ယုတ်စွအဆုံး စုချန်းသည် ဤနည်းစနစ်ကို ဝမ်တောက်ရှန်းကိုပင် ပေးသိလိမ့်မည်မဟုတ်။ သံမဏိမှအပ သူ၏ လျှို့ဝှက်ချက်ဖြစ်သော ဤနည်းစနစ်ကို စုချန်း ပေးသိမည့်လူများမှာ ရှီကိုင်းဟွမ်၊ တိမ်တိုက်ကျားသစ်နှင့်် ဇုချန်းညှိုတို့ပင် ဖြစ်သည်။
ဇုချန်းညှိုကို ပေးသိရသည်မှာကား တချိန်ကျလျင် သူမ၏ မှတ်ညဏ်ကို ဖျက်ပစ်မည်ဖြစ်သည့်အတွက် လျှို့ဝှက်ချက်ပေါက်ကြားမည်ကို စိတ်ပူစရာမလိုသောကြောင့်ပင်။ ထိုအတွက်ကြောင့်ပင် ဇုချန်းညှိုသည် စုချန်း၏ လျှို့ဝှက်ချက်အများစုကို သိထားသောလူတယောက် ဖြစ်လာ၏။
ထိုအခါ ဇုချန်းညှိုသည် စုချန်းကြောင့် မကြာခနဆိုသလို မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အံ့သြသင့်နေရတော့သည်။
သူမ ပထမထင်သည်မှာ စုချန်းသည် အမှန်တကယ် ထူးချွန်ထက်မြက်၍ ကိုင်းဟွမ်ကောင်းကင်ဘုံကို တီထွင်နိုင်ခဲ့ခြင်းမဟုတ်ပဲ ရှီကိုင်းဟွမ်၏ အပြီးသတ်ခါနီးအလုပ်ကို နှမ်းဖျူး၊ အညွှန့်ခူးခဲ့သည့် ကောက်ကျစ်သောကောင်ကလေးဟု ထင်မြင်နေခဲ့၏။ နောက်တော့ သူမ၏ စိတ်ထဲတွင် စုချန်းသည် သူ့ရန်သူများကို ရှင်းလင်းရန် ဇုမျိုးနွယ်ကို အသုံးချခဲ့ပြီး နောက်တော့ ဇုမျိုးနွယ်ကို ပြန်ဒုက္ခပေးခဲ့သည့် အကြံသမား၊ ညဏ်သမားတယောက်ဟု ခံစားမိလာပြန်သည်။ နောက်ဆုံးတွင်တော့ သူမ၏ စိတ်ထဲတွင် စုချန်းကို သွေးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်ဟူသော စိတ်ကူးယဉ်အိပ်မက်ကမ္ဘာကြီးထဲတွင် နေထိုင်သူတယောက်ဟု ခံစားလာရပြန်သည်။
သို့သော် သေစေနိုင်သောစုန်းမကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သော စုချန်း၏ လုပ်ရပ်သည် ဇုချန်းညှို၏ ကမ္ဘာကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။ သူမ၏ စုချန်းအပေါ် အမြက်မှာလည်း တမုဟုတ်ချင်း ပြောင်းလဲသွားလေသည်။
မည်သည့်သွေးဗီဇမှမပါသည့် သာမာန်လူတယောက်က တော်ဝင်မျိုးနွယ်သွေးဗီဇများ၏ လျှို့ဝှက်နက်နဲမှုများအား ထိုးထွင်းအဖြေရှာနိုင်ပြီး ဤမျှအင်အားကြီးမားလှသည့် မူလစွမ်းရည်တမျိုးကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ဇုချန်းညှို လုံးဝမျှော်လင့်မထား။ အနှီ စုချန်းဟူသော လူငယ်သည် ဇုမျိုးနွယ်သွေးဗီဇကို လေ့လာရန် မည်မျှ ကြိုးစားအားထုတ်နေကြောင်းကိုလည်းကောင်း၊ သူ၏ သုတေသနလုပ်ငန်းအတွက် ငွေကိုရေလိုသုံးနေသည်ကိုလည်းကောင်း၊ ရှုံးနိမ့်မှုများ ကြုံတွေ့ရသော်လည်း ဘယ်သောအခါမှ အားလျှော့သွားသည်မရှိပဲ အဖန်ဖန်တလဲလဲ ပြန်လည်ကြိုးစားနေသည်ကိုလည်းကောင်း ဇုချန်းညှို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။ နောက်ဆုံးတွင်တော့ စုချန်းသည် အံ့သြစရာကောင်းသည့် မူလစွမ်းရည်တမျိုးကို တီထွင်နိုင်ခဲ့ငည်ကို ဇုချန်းညှိုကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။
ထိုအခါ ဇုချန်းညှို၏ စိတ်ထဲတွင် ပထမဆုံးအကြိမ်အနေနှင့် စုချန်းသည် သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်၊ အလင်းတုန်ခါခြင်းနယ်ပယ်၊ ဝိညာဉ်လောင်ကျွမ်းခြင်းများသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းများကို ဖန်တီးနိုင်ရုံမက ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းများကိုပါ ဖော်ထုတ်နိုင်လိမ့်မည်ဟု တွေးမိလာလေသည်။
ပင်ကိုယ်ထူးချွန်သူ၊ ပါရမီရှင်များသည် အမြဲတမ်းလိုလို မိန်းကလေးများအား ဆွဲဆောင်နိုင်စွမ်းရှိကြ၏။
ယခုလည်း သူမရင်ထဲရှိ အမုန်းတရားများသည် တဖြည်းဖြည်း လျော့ပါးစပြုလာပြီး စုချန်းအပေါ် အမြင်ပြောင်းလဲစပြုလာသည်ကို ဇုချန်းညှိုကိုယ်တိုင် သတိမထားမိသေးချေ။
_______________×××_________________×××_________
"ဒီတော့ ခင်ဗျားဆိုလိုတာ ဝိညာဉ်လှိုင်း ကြိမ်နှုန်းပေါ့ ဟုတ်လား လူနှစ်ယောက်ဟာ ဝိညာဉ်လှိုင်းကြိမ်နှုန်းသာ တူညီနေမယ်ဆိုရင် သူတို့ရဲ့ အတွေးတွေဟာ ချိတ်ဆက်မိသွားပြီး အိပ်မက်နယ်ပယ်ထဲမှာ အတူတကွ ရှိနေနိုင်တာပေါ့ ဟုတ်လား ဒီအတိုင်းသာဆိုရင် အိပ်မက်နယ်ပယ်ကြီးတခုလုံးကိုလည်း ဒီသဘောတရားအပေါ် အခြေခံထားပြီး တည်ဆောက်ထားတာ မဖြစ်နိုင်ဘူးလားဗျ"
စုချန်းနှင့် ဇုချန်းညှိုသည် နဂါးကျောင်းတော်အတွင်းရှိ ချောင်းကလေးဘေးတွင် လမ်းလျှောက်ရင်း စိတ်ဝိညာဉ်နှင့်ဆိုင်သည့် ဗဟုသုတများကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။
ဇုချန်းညှိုက ခေါင်းခါပြလိုက်သည်။
"အိပ်မက်နယ်ပယ်ဆိုတာက အမှန်တကယ် တည်ရှိနေတဲ့ နေရာကွက်လပ်ကြီးတခုပဲရှင့် ပုံရိပ်ယောင်နယ်ပယ်ကြီးလို့တော့ ဆိုကောင်းဆိုနိုင်တာပေါ့ အိပ်မက်နယ်ပယ်ဟာ တကယ့်ကမ္ဘာကြီးနဲ့ အာကာသရဲ့ကြားထဲမှာ တည်ရှိတယ်လို့ဆိုတယ် သူ့ရဲ့တည်ရှိမှုကို နားလည်ဖို့ကတော့ ကျွန်မတို့နဲ့ အလှမ်းဝေးလွန်းတယ် အဲဒီနယ်ပယ်မှာ ကျွန်မတို့ရဲ့ကိုယ်ခန္ဓာတွေက ပုံရိပ်ယောင်တွေဆိုပေမဲ့ ကျွန်မတို့ရဲ့စိတ်ဝိညာဉ်တွေကတော့ အစစ်ပဲလေ တကယ်တော့ အိပ်မက်နယ်ပယ်အရှင်သခင်ဟာ အဲဒီနယ်ပယ်ရဲ့ ဖန်တီးသူမဟုတ်ဘူး သူက အဲဒီနေရာကို စီမံခန့်ခွဲနေသူသက်သက်ပဲ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ စွမ်းအားကတော့ သိပ်ကြောက်စရာကောင်းတယ် ကျွန်မစိတ်ထင် သူ့ရဲ့ အသက်ဟာ အိပ်မက်နယ်ပယ်နဲ့တော့ ဆက်စပ်နေလိမ့်မယ် သဘောကတော့ရှင် အိပ်မက်နယ်ပယ် တည်မြဲနေသမျှ ဒီလူ အသက်ရှင်နေမယ်ဆိုတဲ့ သဘောပေါ့"
"ဒါဆိုရင် ကျုပ် မေးပါအုံးမယ်ဗျာ တကယ်လို့သာ ကျုပ်ရဲ သေစေနိုင်သောစုန်းမဟာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး လူပေါင်းမြောက်များစွာရဲ့ အိပ်မက်ကမ္ဘာကြီးတွေနဲ့ ဆက်သွယ်မိတယ်ဆိုရင် ကျုပ်ကိုယ်တိုင်ကော အိပ်မက်အရှင်သခင်ရဲ့ အဆင့်အတန်းမျိုးကို ရောက်လာနိုင်သလား"
စုချန်း၏ စကားကြောင့် ဇုချန်းညှို ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။
"ဘာရှင့် သေစေနိုင်သောစုန်းမကို အိပ်မက်နယ်ပယ်လိုမျိုး ချဲ့ထွင်မယ်ဟုတ်လား ရှင်ဟာလေ တကယ့်ကို စိတ်ကူးယဉ်နေတာပဲကိုး"
စုချန်းက ဘာမှထူးခြားမှုမရှိသည့် လေသံနှင့် ပြောလိုက်၏။
"ကျုပ်စိတ်ထဲမှာ ကျုပ်တည်ဆောက်လိုက်တဲ့ အိပ်မက်ကမ္ဘာက ပိုပြီး အစစ်အမှန်ဆန်တယ် အခြေအနေတချို့မှာ ပိုပြီး အားကောင်းသလို ခံစားရလို့ပါ တကယ်တော့ ကျုပ်အနေနဲ့လည်း ဒီလိုအခြေအနေမျိုးထိ ရောက်ဖို့မလိုအပ်ပါဘူး ဒီနည်းစနစ်ကို ဆင့်ကဲအသုံးချနိုင်ဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းတွေကို စဉ်းစားကြည့်တဲ့သဘောပါ"
"ရှင့်အနေနဲ့ ဒါဟာ ကျော်လွှားဖို့မဖြစ်နိုင်တဲ့ အကွာအဝေးလို့များ မထင်မိဘူးလား"
ဇုချန်းညှိုက စုချန်း၏ စိတ်ကူးစိတ်သန်းကို အံ့သြတကြီးနှင့် မေးလိုက်သည်။ စုချန်းသည် သေစေနိုင်သောစုန်းမကို တီထွင်ပြီးသည်မှာပင် မကြာသေး၊ ၎င်းကိုချဲ့ထွင်အသုံးချနိုင်မည့်နည်းလမ်းကိုပင် ကြိုတင်စဉ်းစားနေချေပြီတကား။
"ဘာလို့ထင်ရမှာတုန်းဗျ ကျုပ်စိတ်ထဲမှာ ဒီကိစ္စဟာ ကျင့်ကြံခြင်းနယ်ပယ်ခုနှစ်မျိုးကို သွေးဗီဇမပါပဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းမျိုး တီထွင်ရတာလောက်တောင် ခက်လိမ့်မယ်လို့ မထင်ဘူး ပြီးတော့ မိုင်ထောင်နဲ့ချီနေတဲ့ ခရီးစဉ်ကို ပထမခြေတလှမ်းကနေ စရတာပဲလေဗျာ သွားရမဲ့ခရီးက အရမ်းဝေးနေရင် ကျုပ်အနေနဲ့ ပိုပြီး မြန်မြန်သွားရုံပေါ့"
စကားဆုံးသည်နှင့် စုချန်းက သက်ပြင်းချလိုက်သည်။ သူ့အမူအရာမှာကား အချိန်နှင့် ဒီရေသည် လူကိုမစောင့်ဟူသော စကားပုံကို ဖော်ညွှန်းနေသကဲ့သို့ ရှိလေ၏။
စုချန်း၏ စကားလုံးများသည် အထူးတလည် ခမ်နားထည်ဝါခြင်းမရှိသလို အမြော်အမြင်ရှိဟန်လည်းမတူ။ သို့သော် စုချန်း၏ စကားကြောင့် ဇုချန်းညှို၏ ရင်အစုံသည် သွက်သွက်ခါအောင် တုန်ယင်သွားလေသည်။
သူမသည် လမ်းလျှောက်ခြင်းကို ရုတ်တရက် ရပ်တန့်ပြီး စုချန်းကို ငေးကြည့်နေ၏။ သူမ၏ မျက်လုံးအစုံမှာကား အလွန်တောက်ပနေလေသည်။ သူမ ဘာစဉ်းစားနေမှန်း သိနိုင်ရန်ကား ခက်လှ၏။
"ဘာဖြစ်တာလဲဗျ"
ဇုချန်းညှို၏ ထူးဆန်းသောအမူအရာကို မြင်သောအခါ စုချန်းက ခြေလှမ်းများကို ရပ်တန့်ပြီး မေးလိုက်၏။ ဇုချန်းညှိုသည် ဘာမှပြန်မပြောပဲ ငိုင်တွေပြီး စဉ်းစားနေ၏။ အတန်ကြာမှ သူမက မေးလိုက်သည်။
"စုချန်း လာမဲ့တလအတွင်း ကျွန်မ ထွက်သွားတော့မယ် ဒီကာလအတွင်းမှာရှိတဲ့ မှတ်ညဏ်တွေကို ရှင်ဖျက်ပစ်မှာလား"
စုချန်းက ဖျက်ပစ်မည်ဟူသောသဘောနှင့် ခေါင်းညိတ်ပြလိုက်၏။ သူ့အနေနှင့် ဇုမျိုးနွယ်စု၏ သောကဖြေသစ္စာကို သင်ယူခဲ့ပြီး ဖြစ်သည်။ သွေးဗီဇမပါသူဖြစ်၍ စွမ်းဆောင်ရည်မှာ အတန်ငယ်နိမ့်သော်လည်း စုချန်းကတော့ မဖြစ်ဖြစ်အောင် လုပ်ရပေလိမ့်မည်သာ။
ဇုချန်းညှိုက ပြောလိုက်ပြန်သည်။
"သဘောတူညီချက်ရဲ့ နောက်ဆုံးပိုင်းကို ရှင့်အနေနဲ့ နည်းနည်းပါးပါး မပြောင်းပေးနိုင်ဘူးလား"
"ခင်ဗျားက ဘယ်လိုပြောင်းချင်လို့တုန်းဗျ"
ဇုချန်းညှိုက ခေတ္တ စဉ်းစားပြီး ပြောလိုက်သည်။
"ရှင်တို့ဟာ နောက်ဆုံးမှာ မိန်းကလေးယွဲ့နဲ့ ကျွန်မနဲ့ အတူရှိနေတယ်ဆိုတဲ့ လံကြုတ်ဇာတ်လမ်းကို ခင်းဖို့ မူလက စီစဉ်ထားတယ်မလား...အဲဒီနေရာမှာ မိန်းကလေးယွဲ့အစား ရှင့်ကိုယ်ရှင် အစားထိုးလိုက်လို့ရမလား"
"ခင်ဗျားက ဘာဖြစ်လို့ ဒီလိုလုပ်ချင်ရတာလဲ"
စုချန်းက အံ့သြတကြီးနှင့် မေးလိုက်၏။
သူတို့၏ မူလအစီအစဉ်ကလည်း ဇုချန်းညှို ပြောလိုက်သကဲ့သို့ပင် ဖြစ်သည်။ သူမ၏ မှတ်ညဏ်များကို ပယ်ဖျက်ပြီးသည်နှင့် ဇုမျိုးနွယ်နှင့် ပြသနာဖြစ်မည့်အရေးကို ရှောင်လွှဲရန် ကြိုတင်တိုင်ပင်ထားသည့် လံကြုတ်ဇာတ်လမ်းတပုဒ်အား ဇုချန်းညှိုကို ပြောပြလိုက်ရန် စုချန်းက ကြိုတင်စီစဉ်ထား၏။ ထိုလံကြုတ်ဇာတ်လမ်းတွင် စုချန်းမပါချေ။ အဓိကဇာတ်ကောင်အဖြစ် ယွဲ့လောင်ရှသာ ပါဝင်လာမည်ဖြစ်သည်။ ယခုတော့ ယွဲ့လောင်ရှ၏ နေရာတွင် စုချန်းနှင့် အစားထိုးပေးရန် ဇုချန်းညှိုက ပြောဆိုနေပါကလား။ အဘယ်ကြောင့်ပေနည်း။
ဇုချန်းညှို၏ မှတ်ညဏ်ထဲတွင် စုချန်းရှိနေခြင်းသည် နောင်အနာဂတ်အလားအလာများအတွက် မကောင်းပေ။ အကြောင်းမှာ ထိုမှတ်ညဏ်သည် ဇုချန်းညှိုနှင့် စုချန်းအကြား ပတ်သက်ဆက်နွယ်မှုကို ပြန်လည်တည်ဆောက်ပေးသလို ဖြစ်နေသောကြောင့်ပင်တည်း။
ဇုချန်းညှိုသည် ခေါင်းကိုငုံ့ရင်း စုချန်း၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ရှင်များ လုပ်ပေးနိုင်မလားလို့ ကျွန်မက သိချင်ရုံပါ"
စုချန်းသည် ဘာပြောရမှန်းမသိပဲ တအင်းအင်းတအဲအဲဖြစ်နေ၏။
"ဒါ...ဒါ...ဒါကတော့..သိပ်ပြီး မသင့်တော်ဘူးလို့ထင်တယ်ဗျ"
ဝမ်းနည်းခြင်းလှိုင်းတံပိုးများသည် ဇုချန်းညှို၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။ အလွန်လှပသော မိန်းမပျိုသည် ရုတ်ချည်းပင် ဒေါသထွက်လာပြီး ဆောင့်ကြီးအောင့်ကြီးနှင့် ပြောလိုက်သည်။
"ပြီးရောလေ ဒါဆိုလဲ မပြောင်းနဲ့ပေါ့"
စကားဆုံးသည်နှင့် သူမသည် စုချန်းကို ကျောခိုင်းကာ ဘောက်ဆတ်ဘောက်ဆတ်နှင့် ထွက်ခွာသွားလေသည်။
စုချန်းသည် ဇုချန်းညှို၏ မြန်ဆန်လှသော အပြောင်းအလဲကြောင့် အူကြောင်ကြောင် ဖြစ်နေ၏။ သူ ဘာနေရာတွင် ဘာပြောမိလို့ ဇုချန်းညှို စိတ်ဆိုးသွားမှန်း နားမလည်နိုင်ပဲ ဖြစ်နေလေသည်။
ထိုအခါ သူက တီးတိုးရေရွတ်လိုက်သည်။
"အင်း...မိန်းမတွေဟာ တယ်လည်းနားလည်ရခက်တာပဲကိုး"