← Chapters

မေ့လျော့ခြင်း

Vol. 27 Ch. 263

မေ့လျော့ခြင်း

Vol. 27 Ch. 263

အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေ၏။

မျက်စေ့တမှိတ်အတွင်း နောက်ထပ်အချိန်တလသည် မြန်မြန်ဆန်ဆန်သည် ကုန်လွန်သွားခဲ့လေသည်။

နောက်ဆုံးတွင်တော့ အကျဉ်းသားအား လွှတ်ပေးရမည့်အချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဇုချန်းညှိုသည် စုချန်းနှင့် ပထမဆုံး တွေ့ဆုံစဉ်ကကဲ့သို့ပင် ရှည်လျားသော ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် မှန်တင်ခုံ၏ ရှေ့တွင်ထိုင်ပြီး ဖီးလိမ်းခြယ်သလျက်ရှိသည်။

သူမသည် ကျောက်စိမ်းဘီးတလက်နှင့် ရှည်လျားသော ဆံပင်ရှည်များအား စိတ်ရှည်လက်ရှည် ဖြီးသင်နေ၏။ သို့သော် တဒိန်းဒိန်းခုန်နေသော နှလုံးသားကိုကား သူမခမျာ ငြိမ်သက်အောင် မထိန်းချုပ်နိုင်ရှာ။

ထိုအခါ သူမက ကျောက်စိမ်းဘီးကို စားပွဲပေါ် ရုတ်တရက် ပစ်ချလိုက်ပြီး ပြောလိုက်၏။

"ကျွန်မဆံထုံးကို နည်းနည်းကူပြီးပြင်ပေးပါလားရှင့်"

"ကျုပ်ကိုပြောနေတာလား"

စုချန်းက ဇုချန်းညှိုကို မျက်လုံးပြူးပြကာ မေးလိုက်သည်။

ဇုချန်းညှို၏ ရယ်မောသံ ထွက်ပေါ်လာ၏။

"ဒီနေရာမှာ ရှင့်အပြင် တခြားလူ ရှိသေးလို့လား"

စုချန်း၏ မျက်နှာပေါ်တွင် အခက်တွေ့သော အမူအရာများ ပေါ်ပေါက်လာ၏။

"ခက်တာပဲ ဘယ်လိုလုပ်ရမှန်း ကျုပ်မသိဘူးဗျ"

"ကျွန်မ သင်ပေးမယ်"

အနည်းငယ်တုန့်ဆိုင်းနေပြီးမှ စုချန်းသည် ဇုချန်းညှိုအနီးသို့ လျှောက်လာပြီး သူမ၏ ဆံပင်ကို အသစ်ပြန်လည်ထုံးဖွဲ့ရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအလုပ်မျိုးကို သူတခါမှ မလုပ်ဖူးလေရာ သူ၏ လှုပ်ရှားမှုများမှာ ကိုးရိုးကားယားနိုင်လှ၏။ သို့သော် ဇုချန်းညှိုသည် အနည်းငယ်မှ မချင့်မရဲဖြစ်ဟန်မတူပင် ငြင်သာသောလေသံနှင့်် စုချန်းကို လမ်းညွှန်ပေးနေ၏။

အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်ထုံးဖွဲ့ပြီးမှ စုချန်းသည် ဇုချန်းညှို၏ ဆံပင်ထုံးဖွဲ့ရာတွင် ကူညီနိုင်ခဲ့လေသည်။ သို့သော် ဇုချန်းညှို၏ ဆံထုံးကို မှန်ထဲတွင် အကဲခတ်ရင်း စုချန်းက မှတ်ချက်ချလိုက်သည်။

"ကြည့်ရတာ နည်းနည်းစောင်းနေသလိုပဲ"

ဇုချန်းညှို ရယ်မောလိုက်ပြန်သည်။

"ရပါတယ်ရှင့် လှသားပဲဟာကို"

ထို့နောက် သူမက တိုးညှင်းသော လေသံနှင့် ပြောလိုက်သည်။

"ဒီနေ့ပြီးရင် ကျွန်မတို့နှစ်ယောက် ဘယ်တော့မှထပ်မဆုံနိုင်တော့ဘူး ဟုတ်တယ်မလား"

စုချန်း၏ နှလုံးသားသည် သိမ့်ခနဲ တုန်ခါသွား၏။ သူက နူးညံ့သောလေသံနှင့် ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်ဗျာ"

သုံးလခန့် နီးနီးကပ်ကပ် နေထိုင်ခဲ့ကြပြီးနောက် သူတို့နှစ်ယောက်ကြားရှိ ပဋိပက္ခများ၊ရန်ညိုးများမှာ လွင့်စင်ပျောက်ကွယ်သွားပြီဖြစ်သည်။ စုချန်းကိုယ်တိုင်လည်း ဇုချန်းညှိုအပေါ်အထူးတလည် မျက်နှာသာပေးခဲ့မိ၏။

သို့သော်ငြားလည်း အတိတ်မှ ဖြစ်ပျက်ခဲ့သော အရာများကို သူတို့ ပြန်ပြင်၍မရ။ ထို့အတူ သေဆုံးခဲ့သူများမှာလည်း ပြန်ရှင်လာတော့မည်မဟုတ်။ နူးညံ့သိမ်မွေ့မှုများ၏ နောက်ကွယ်၌ ဝမ်နည်းကြေကွဲဖွယ်ရာကောင်းသော အမှန်တရားသည် စင်စစ် တည်ရှိနေ၏။

ထိုအမှန်တရားမှာ...

ယခုအချိန်ထိ သူတို့နှစ်ယောက်သည် ရန်သူများ ဖြစ်နေကြဆဲသာတည်း။ ထို့ကြောင့် စုချန်းအဖို့ နူးညံ့ပျော့ပြောင်းစပြုလာသော သူ့နှလုံးသားအား ကျောက်သားအလွှာတထပ်နှင့် ဖုံးအုပ်ထားရန်သာ ရှိလေတော့သည်။

ထိုအချိန်မှာပင် ဇုချန်းညှိုသည် စုချန်း၏ မျက်လုံးအစုံကို စူးနင့်နက်ရှိုင်းစွာ စိုက်ကြည့်ပြီး ရှေ့သို့ တလှမ်းချင်းတိုးလာ၏။ ထို့နောက် သူမသည် စုချန်းကို ရုတ်တရက်ပွေ့ဖက်ပြီး အားရပါးရ နမ်းရှိုက်လိုက်တော့သည်။

သူတို့၏ နှုတ်ခမ်းအစုံသည် ကြာမြင့်စွာ ပူးကပ်သွား၏။ ဇုချန်းညှိုထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့်အချစ်စိတ်ကို စုချန်း ခံစားနေရလေသည်။

အနမ်းသည် ကြာမြင့်လှ၏။ အချိန်အတန်ကြာမှ သူတို့ လူချင်းကွဲသွားလေသည်။ ထို့နောက် ဇုချန်းညှိုက စုချန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"စုချန်း....ကျွန်မ..."

သို့သော် ဇုချန်းညှိုကား စကားကိုဆုံးအောင်ပြောခွင့်မရလိုက်ရှာ။ အကြောင်းမှာ စုချန်း၏ လက်ဝါးက သူမ၏ ဦးခေါင်းကို ရုတ်တရက် ရိုက်ချလာသောကြောင့်ပင်။ မမျှော်လင့်သော လက်ဝါးရိုက်ချက်ကြောင့် ဇုချန်းညှိုသည် စုချန်းကို ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်ရင်း တကိုယ်လုံး အိခနဲ ပျော့ခွေကျသွား၏။

"ကျုပ် တောင်းပန်ပါတယ်ဗျာ...ခင်ဗျား ဘာပြောမယ်ဆိုတာ ကျုပ်သိပါတယ် ဒါပေမဲ့ ဒါဟာ ဘယ်လိုမှမဖြစ်နိုင်ပါဘူးဗျာ"

ဇုချန်းညှို၏ နှုတ်ခမ်းအစုံသည် တဆတ်ဆတ်တုန်ယင်နေ၏။ ထို့နောက် သူမ၏ အမြင်အာရုံတခုလုံး အမှောင်ဖုံးသွားတော့သည်။

စုချန်းကား သောကဖြေသစ္စာကို စတင်လိုက်လေပြီတည်း။

_______________×××________________×××__________

သူမ၏ မျက်လုံးအစုံသည် ရုတ်တရက် ပြန်ပွင့်လာ၏။

ထိုအခါ သူမသည် သစ်သားကုတင်ကြီးပေါ်တွင် လဲလျောင်းလျက်ရှိပြီး အဖြူရောင်ဝတ်ဆင်ထား၍ ချောမောလှပသော မိန်းကလေးတဦးက သူမကို စိုက်ကြည့်လျက်ရှိကြောင်း ဇုချန်းညှို မြင်တွေ့လိုက်ရသည်။

"ရှင်နိုးလာပြီကိုး"

အဖြူရောင်ဝတ်ဆင်ထားသော မိန်းကလေးက စကားစလိုက်သည်။ သူမ၏ အသံမှာ အလွန်ဝေးကွာသောနေရာမှ ထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရ၏။

"ကျွန်မ...ဘယ်ရောက်နေတာလဲ"

ဦးခေါင်းကို ဟိုလှည့်ဒီလှည့်လုပ်ရင်း ကုတင်ပေါ်မှ ထထိုင်ကာ ဇုချန်းညှိုက မေးလိုက်သည်။ မိန်းကလေးက သူမကို ဖေးကူးရင်း မေးခွန်းကို ပြန်ဖြေလိုက်၏။

"ရှင်ဟာ နဂါးကျောင်းတော်ထဲက ကျွန်မအခန်းကို ရောက်နေတာ စိတ်မပူပါနဲ့ အားလုံးအေးအေးဆေးဆေး ဖြစ်သွားပြီ"

"အားလုံး ဟုတ်လား"

ဇုချန်းညှိုက မိန်းကလေးကို ဖြတ်ခနဲစိုက်ကြည့်ပြီး ပြောလိုက်၏။

"ရှင်က ဘယ်သူလဲ အားလုံး အေးအေးဆေးဆေး ဆိုတာက ဘာကိုဆိုလိုတာလဲ"

"ဘာလဲ ရှင်က မမှတ်မိဘူးလား"

အဖြူရောင်ဝတ်ဆင်ထားသော မိန်းကလေးက သိမ်မွေ့စွာ ပြုံးရင်း ပြောလိုက်၏။

"ကျွန်မက ယွဲ့လောင်ရှလေ"

"ဘယ်လို ယွဲ့လောင်ရှ ဟုတ်လား"

ဇုချန်းညှိုက ခေါင်းကုပ်ရင်း စဉ်းစားလိုက်သည်။ တဖန် သူမက ခေါင်းခါလိုက်ပြန်၏။

"ကျွန်မ မမှတ်မိဘူး ဘာကြောင့် တခုမှ မမှတ်မိပဲ ဖြစ်နေရာတလဲ ကျွန်မ နောက်ဆုံး မှတ်မိတာဆိုလို့ ကျွန်မတို့ နဂါးကျောင်းတော်ကို လာ......."

အတန်ကြာအောင် စဉ်းစားနေပြီးမှ တစုံတခုကို သတိရလာဟန်ဖြင့် ဇုချန်းညှိုက ပြောလိုက်သည်။

"စုချန်း ဟုတ်တယ် ကျွန်မတို့ နဂါးကျောင်းတော်ကို လာတာ စုချန်းနဲ့ တွေ့ဖို့ပဲ"

"ကိုင်းဟွမ်ကောင်းကင်ဘုံကို မရောင်းအောင် နားချသိမ်းသွင်းမလို့မလား"

ယွဲ့လောင်ရှက စကားဆက်ပေးလိုက်၏။

"ရှင်က ဘယ်လိုလုပ်သိနေတာလဲ"

ဇုချန်းညှို၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။

"ရှင်ပဲ ကျွန်မကို ပြောပြခဲ့တာလေ မမှတ်မိဘူးလား"

ယွဲ့လောင်ရှက ရယ်မောရင်း ပြောလိုက်၏။

"ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး"

ဇုချန်းညှို နေမထိထိုင်မသာ ဖြစ်လာ၏။

"ကျွန်မအနေနဲ့ ရှင့်ကို လုံးဝမသိဘူး ပြီးတော့ ဒီလိုကိစ္စမျိုးကိုလည်း ကျွန်မက သူများကို လျှောက်ပြောမှာမဟုတ်ဘူး ဦးလေးဆယ့်တစ်ကော ဦးလေးဆယ့်တစ်"

ဇုချန်းညှိုကိုကြည့်ရင်း ယွဲ့လောင်ရှ သက်ပြင်းချလိုက်သည်။

"ရှင့်ကိုကြည့်ရတာ ဒဏ်ရာကြောင့်အတိတ်မေ့သွားဟန်တူတယ် ရှင်တို့ရဲ့ အစီအစဉ် လုံးဝပျက်စီးသွားပြီရှင့် စုချန်းဟာ ကိုင်းဟွမ်ကောင်းကင်ဘုံကို ရှင်တို့ ဒီမရောက်ခင်မှာပဲ ဖြန့်ဖြူးပေးခဲ့တယ် ဒါကို ထင်းရှုးသစ်တောမှာ ရှင်တို့ ရပ်တန့်ဖို့ကြိုးစားပေမဲ့ ရှင်တို့ နောက်ကျသွားတယ်လေ"

စကားဆုံးသည်နှင့် ယွဲ့လောင်ရှက ပုံရိပ်ဖမ်းငွေပြားကို ဆွဲထုတ်ကာ ထင်းရှုးသစ်တောတိုက်ပွဲ ဖြစ်ပွားခဲ့ပုံကို ဇုချန်းညှိုအား ပြသလိုက်၏။ သူမ၏ မျိုးနွယ်စုဝင်များ တယောက်ပြီးတယောက် သေဆုံးသွားပုံကို ဇုချန်းညှို မြင်တွေ့နေရလေသည်။ ထိုအချိန်မှာပင် မာရန်းချီ ပေါ်လာ၏။ ဦးလေးဆယ့်တစ်သည် ရှိသမျှအင်အားကို ညှစ်ထုတ်ပြီး မာရန်းချီကို တားဆီးရန် ကြိုးစားလေသည်။

ထိုအချိန်မှာပင် ပြသနေသော ပုံရိပ်များက ရုတ်တရက် ပျောက်ကွယ်သွား၏။ ဦးလေးဆယ့်တစ်ကို ထပ်မံ မမြင်တွေ့ရတော့သော်လည်း ဇုချန်းညှို၏ စိတ်ထဲတွင် တစုံတခုကို နားလည်သဘောပေါက်လိုက်သည်။

သူမ၏ တကိုယ်လုံး တုန်ယင်လာပြီး နာကျင်စွာ အော်ဟစ်လိုက်၏။

"ဦးလေးဆယ့်တစ်......."

ထို့နောက် သူမက ယွဲ့လောင်ရှကို စိုက်ကြည့်ပြီး မေးလိုက်ပြန်သည်။

"ဒီပုံရိပ်ဖမ်းငွေပြားကို ရှင်ဘယ်လိုလုပ် ရလာတာလဲ"

ယွဲ့လောင်ရှက သူမ၏ မျက်နှာပေါ်သို့ ဝဲကျနေသော ဆံစများကို ငြင်သာစွာ ဖယ်လိုက်ပြီး ပြောလိုက်၏။

"မှတ်ညဏ်ပျောက်ဆုံးနေတဲ့သူကို ရှင်းပြရတာ တော်တော်တော့ ရှုပ်ထွေးတဲ့အလုပ်ပဲ ကျွန်မရဲ့နာမည်က ယွဲ့လောင်ရှလို့ ရှင့်ကို ပြောခဲ့ပြီးပြီ ကျွန်မဟာ ယွဲ့ဝူချိရဲ့ သမီးပဲ ရှင်တို့ရဲ့ ဦးလေးဆယ့်တစ်ကို သတ်သွားတဲ့ လူကို မာရန်းချီလို့ ခေါ်တယ် အဲဒီလူဟာ ကျွန်မအဖေကို သတ်သွားတဲ့ လူသတ်သမားတွေထဲက တယောက်ပဲ ကျွန်မဟာ လက်စားချေဖို့ အခွင့်အရေး ရလိုရငြားနဲ့ မာရန်းချီနောက်ကို လိုက်နေတာကြာပြီ အဲဒီနေ့မှာတော့ မမျှော်လင့်ပဲ ရှင်တို့ရဲ့ ထင်းရှုးသစ်တောတိုက်ပွဲကိုတွေ့ပြီး ကျွန်မ မှတ်တမ်းတင်ထားလိုက်မိတယ် ပထမပုံရိပ်ဖမ်းငွေပြား မိတ္တူတခုကို ရှင်က ရှင့််မျိုးနွယ်စုဆီကို ပို့လိုက်ပြီးပြီ ဒါကတော့ နောက်တခုဆိုပါတော့ ဦးလေးဆယ့်တစ်ဟာ သူမသေခင်မှာ မာရန်းချီကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်ခဲ့တယ် ကျွန်မကလည်း ဒါကို အခွင့်ကောင်းယူပြီး မာရန်းချီကို..."

ပြောပြောဆိုဆို ယွဲ့လောင်ရှက ပုံရိပ်ဖမ်းငွေပြားကို နှိပ်လိုက်ရာ မာရန်းချီအား သူမ ခေါင်းဖြတ်နေသော ပုံရိပ်ပေါ်လာ၏။

"ဒီပုံရိပ်ဖမ်းငွေပြားက ပြည့်မှမပြည့်စုံပဲကိုး"

ဇုချန်းညှိုက တစုံတခုကို သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်၏။

"မာရန်းချီဟာ နှယ်နှယ်ရရ မဟုတ်ဘူးရှင့် ဒဏ်ရာရထားတာတောင် သူ့ကို သတ်လို့မလွယ်ဘူး ဒါကြောင့် ကျွန်မရဲ့ ဝှက်ဖဲကို ထုတ်သုံးလိုက်ရတယ် ဒီလိုဝှက်ဖဲကို လူတိုင်း သွားပြနေလို့ ဘယ်ဖြစ်ပါ့မလဲ ဒါကြောင့် ပုံရိပ်ဖမ်းငွေပြားကို နည်းနည်း ဖြတ်တောက်ထားလိုက်တာ"

ယွဲ့လောင်ရှက မည်သို့မှ မထူးဆန်းသော လေသံနှင့် ပြောလိုက်သည်။

ဇုချန်းညှိုက ခေါင်းကို ဆတ်ခနဲညိတ်ပြီး မေးလိုက်ပြန်သည်။

"နောက်တော့ ဘာတွေဆက်ဖြစ်သေးလဲ"

"နောက်တော့ ရှင်နဲ့ကျွန်မ သူငယ်ချင်းဖြစ်သွားကြတယ်"

ယွဲ့လောင်ရှက ရယ်မောရင်း ပြောလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ရန်သူက ရှင်သန်ခြင်းကျောင်းတော်ပဲ ဖြစ်နေတာကိုး သူတို့ကို အတူတူ ဆန့်ကျင်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြတယ် သိပ်မကြာပါဘူး ရှင်သန်ခြင်းကျောင်းတော်ရဲ့ လျှို့ဝှက်အစည်းအဝေးလုပ်တဲ့နေရာကို ကျွန်မတို့ တွေ့မိကြတယ် အဲဒီတိုက်ပွဲမှာ ရှင် ဒဏ်ရာရသွားတယ် ဒါတွေအားလုံးကို ရှင် တခုမှ မမှတ်မိဘူးလား"

"လုံးလုံးကိုမမှတ်မိတာရှင့်"

"သိပ်လည်းစိတ်မပူပါနဲ့ ဒဏ်ရာကြောင့် ခနတဖြုတ် မေ့သွားတာနေမှာပါ သိပ်မကြာခင် ပြန်ကောင်းသွားမှာပါ"

ယွဲ့လောင်ရှက နှစ်သိမ့်လိုက်သည်။

နှစ်ယောက်သား အတန်ကြာအောင် စကားပြောဆိုပြီးနောက် ဇုချန်းညှိုသည် သူမတို့၏ အစီအစဉ်တခုလုံး ရစရာမရှိအောင် ပျက်စီးသွားပြီဖြစ်ကြောင်း၊ သူမ၏ မျိုးနွယ်စုဝင်များအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း လက်ခံလိုက်ရသည်။ သူမ စိတ်ဓာတ်ကျသွား၏။

ယွဲ့လောင်ရှသည် ဇုချန်းညှိုကို အိပ်ယာပေါ်တွင် သက်တောင့်သက်သာနေနိုင်အောင် နေရာချပေးပြီး အခန်းပြင်သို့ ထွက်ခွာလာခဲ့သည်။ အခန်းပြင်တွင်ကား စုချန်း မတ်တပ်ရပ်လျက်ရှိ၏။

"ရှင် ဘယ်လိုထင်သလဲ"

ယွဲ့လောင်ရှက မေးလိုက်သည်။

"သူ လိမ်နေတာတော့ မဟုတ်ဘူး"

မည်သည့်အမှားအယွင်းမှ မဖြစ်ပေါ်ကြောင်း သေချာစေရန် စုချန်းသည် လိမ်ညာမှုစစ်ဆေးခြင်းနည်းစနစ်ကို အသုံးပြု၍ ဇုချန်းညှိုအား စောင့်ကြည့်နေခြင်းဖြစ်သည်။ စစ်ဆေးမှု၏ ရလဒ်အရ ဇုချန်းညှိုတယောက် အမှန်တကယ် မှတ်ညဏ်များ ပျောက်ဆုံးသွားပြီဟုသာ ယူဆရပေတော့မည်။

စုချန်း၏ အစီအစဉ်ကား ရာနှုန်းပြည့်အောင်မြင်သွားလေပြီ။ ဤယနေ့မှစ၍ ဇုမျိုးနွယ်သည် စုချန်းအပေါ် အာရုံစိုက်တော့မည်မဟုတ်။ သူတို့၏ အာရုံသည် ရှင်သန်ခြင်းကျောင်းတော်အပေါ်သာ ရှိနေတော့မည်ဖြစ်သည်။

သုံးရက်အကြာတွင် ဇုချန်းညှို၏ ရုပ်ပိုင်းဆိုင်ရာသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာ၏။ ထိုကနေ့မှာပင် သူမသည် ယွဲ့လောင်ရှအား တရားဝင် နှုတ်ဆက်စကားဆိုပြီး ဇုအိမ်တော်သု့ိ ပြန်သွားလေသည်။

ယွဲ့လောင်ရှသည် ဇုချန်းညှို၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို အတန်ကြာအောင် ငေးကြည့်နေ၏။ ထို့နောက် သူမသည် သက်ပြင်းတချက်ချပြီး နဂါးကျောင်းတော်သို့ ပြန်လာခဲ့လေသည်။ ထို့ကြောင့် သူမသည် ဇုချန်းညှို ပြန်ပေါ်လာသည်ကို မည်သို့မှ မသိနိုင်တော့ချေ။

ဇုချန်းညှိုသည် ယွဲ့လောင်ရှ၏ ကျောပြင်ကို ထူးဆန်းသောပုံစံနှင့် စိုက်ကြည့်ပြီး ဘေးဘက်သို့ ဖယ်ခွာလျှောက်လာခဲ့၏။ လမ်းဘေးရှိ လဖက်ရည်ဆိုင်သို့ ရောက်သောအခါ သူမက ဆိုင်ထဲသို့ ဝင်ထိုင်လိုက်သည်။

"ဆိုင်ရှင် လာပါအုံး"

"လာပါပြီ ဘာများသုံးဆောင်မလဲခင်ဗျာ"

ပါးရေနားရေများ ရှုံ့တွနေပြီး ခါးကိုင်းနေသော အဖိုးအိုတဦး အပြေးတပိုင်းနှင့် ရောက်လာ၏။ ဇုချန်းညှို၏ အနီးသို့ ရောက်သည်နှင့် အဖိုးကြီးက လေသံကို နှိမ့်ကာ ပြောလိုက်သည်။

"နောက်ဆုံးတော့ သခင်မလေး ဒီကိုရောက်လာပြီပဲ"

"အချိန်ဘယ်လောက်ကြာသွားလဲ"

ဇုချန်းညှိုကလည်း အသံကိုနှိမ့်၍ ပြန်မေးလိုက်သည်။

"သုံးလပါ သခင်မလေး"

ဇုချန်းညှို၏ မျက်လုံးအစုံသည် အရောင်တချက် ဝင်းလက်သွား၏။

"သုံးလအတွင်း ကျွန်မ ရှင့်ကို တခါမှ လာမဆက်သွယ်ဘူးလို့ ရှင်ပြောနေတာလား"

"မှန်ပါတယ် သခင်မလေး"

"ထင်းရှုးတောအုပ်မှာ ဘာတွေဖြစ်ခဲ့သလဲ ရှင်သိသလား"

"ကျွန်တော်ဟာ ကျောင်းထဲမှာပဲ နေရတဲ့အတွက် အဲဒီမှာ ဘာတွေဖြစ်ခဲ့မှန်ူ တိတိကျကျ မသိပါဘူးခင်ဗျာ"

"ဒါဆိုရင် ကျွန်မကော ဘာဖြစ်ခဲ့တာလဲ ဒီသုံးလအတွင်း ကျွန်မ ဘာဖြစ်ခဲ့သလဲကော ရှင်သိသလား"

"ဒါကိုတော့ သိပါတယ် သခင်မလေးဟာ သုံးလလုံးလုံး နဂါးကျောင်းတော်ထဲမှာပဲ ရှိနေခဲ့ပါတယ်"

"ကျွန်မ ဒီမှာ တချိန်လုံးရှိနေမှန်း ရှင်သိရဲ့သားနဲ့ ဘာကြောင့် ကျွန်မကို လာမရှာတာလဲ"

"ကျွန်တော် လာတွေ့ဖို့ ကြိုးစားခဲ့ပါတယ် သခင်မလေး ဒါပေမဲ့ သခင်မလေးက ကျွန်တော့ကို ဘာမှအချက်မပြခဲ့ဘူး ဒါကြောင့် ကျွန်တော်လည်း မူလရုပ်ကိုဖုံးကွယ်ပြီး အရင်လိုပဲ ဆက်နေထိုင်ခဲ့ပါတယ်"

ဇုချန်းညှို အံ့သြသွား၏။

"ရှင့်ကို ဘာအချက်မှမပြခဲ့ဘူးဟုတ်လား နောက်တော့ ကျွန်မ ဘာဆက်လုပ်သလဲ"

"နေ့တိုင်းလိုလို သခင်မလေးဟာ ညနေခင်းရောက်တာနဲ့ ချောင်းဘေးနားမှာ လမ်းလျှောက်တော့တာပဲခင်ဗျ"

"လမ်းလျှောက်တယ် ဟုတ်လား ဘယ်သူနဲ့လဲ ယွဲ့လောင်ရှနဲ့လား"

"စုချန်းနဲ့ပါ သခင်မလေး"

ဖျောင်းခနဲ မည်သံနှင့်အတူ ဇုချန်းညှို၏ လက်ထဲရှိ ရေနွေးခွက်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။

All Chapters