← Chapters

ပညာဝေမျှခြင်း

Vol. 27 Ch. 264

ပညာဝေမျှခြင်း

Vol. 27 Ch. 264

ရာသီအလီလီပြောင်းလဲနေ၏။ နှစ်ဝက်ဟူသောအချိန်သည် မျက်စေ့တမှိတ်အတွင်း မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားလေသည်။

ဇုချန်းညှို ထွက်ခွာသွားပြီးနောက် အရာအားလုံးသည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။ စုချန်းသည်လည်း သူ၏ သုတေသနလုပ်ငန်းများနှင့်သာ အချိန်ကုန်နေတော့သည်။

သူ့အနေနှင့် ဇုမျိုးနွယ်သွေးဗီဇကို ထပ်မံမရရှိနိုင်တော့သော်လည်း တခြားတော်ဝင်မျိုးနွယ်စုများ၏ သွေးဗီဇ ကျန်ရှိနေသေးရာ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်လည်ပတ်နိုင်ခဲ့၏။

အမှန်တော့ ထင်းရှုးတောအုပ်တိုက်ပွဲသည် စုချန်းအတွက် ရတနာပုံကြီး ဆိုက်ခြင်းပေတည်း။ ထိုတိုက်ပွဲကို အကြောင်းပြု၍ သူသည် မူလစွမ်းရည်များ၊ ဗဟုသုတများနှင့် များပြားလှသော ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို စုဆောင်းနိုင်ခဲ့လေသည်။ ကိုင်းဟွမ်ကောင်းကင်ဘုံကြောင့် ရရှိလာသော ငွေကြေးများကိုပါ ထည့်ပေါင်းလိုက်သောအခါ စုချန်းတယောက် သုတေသနကို ထင်တိုင်းကြဲနိုင်ခဲ့၏။

ငွေ၏ အထောက်အပံ့ကြောင့် သူ၏ ရှာဖွေတွေ့ရှိမှုများ၊ ရလဒ်များသည် မြန်မြန်ဆန်ဆန်ပင် တိုးတက်လာခဲ့လေသည်။ နှစ်ဝက်ဟူသော ကာလအတွင်း စုချန်း၏ တိုးတက်မှုမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။

ဤယနေ့တွင်ကား စုချန်းသည် ဝမ်တောက်ရှန်း၊ ဆွန်းချီစု၊ တုချိန်းနှင့် ချင်းလင်အာတို့ကို သူ၏ မူလစွမ်းအင်မျှော်စင်အတွင်းသို့ ခေါ်ယူလိုက်သည်။

"အိုး လူစုံတက်စုံတောင် ရောက်နေကြပြီပဲ"

ဝမ်တောက်ရှန်း၏ စကားသံဖြစ်သည်။ ဖက်တီးသည် ထုံးစံအတိုင်း နောက်ဆုံးမှရောက်လာ၏။ စုဝေးနေသော လူစုကိုကြည့်ပြီး သူ အားရပါးရ ရယ်မောလိုက်၏။ သူ၏ ရယ်ရွှင်ဖွယ်ရာပုံစံ၊ အန္တရာယ်မရှိသည့် အမူအရာကို ကြည့်ပြီး လူတိုင်း၏ စိတ်ထဲတွင် သူ့ကို သြင်္ကန်အမြောက်ဟုသာ ယူဆကြပေလိမ့်မည်။ သို့သော် စစ်မှန်သောတိုက်ပွဲနှင့်သာ ကြုံတွေ့ပါက သူ၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်ပုံကို မြင်တွေ့ကာ လူတိုင်းလိုလို ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။

"စုချန်းက ကျုပ်တို့ကို ရုတ်တရက်ခေါ်လိုက်တယ် ဘာမှလည်းမပြောဘူး ဘာကိစ္စများရှိလို့လည်းမသိဘူး"

ဆွန်းချီစုက စပြောလိုက်သည်။

ကျန်းချန်းအန်သေဆုံးပြီးနောက် တောက်ပခြင်းအသင်းသည် ပထမဆုံးအကြိမ်အနေနှင့် ပြန်လည်စုဝေးမိခြင်းဖြစ်သည်။

"ဘယ်သူ ကျွန်မနဲ့ လောင်းရဲသလဲ ကျွန်မစိတ်ထင် သူပြောမှာ သတင်းကောင်းပဲ ဖြစ်ရမယ်"

တုချိန်းက ရယ်ကာမောကာနှင့် ပြောလိုက်၏။

"ဘာသတင်းလဲ မျိုးနွယ်စုခြောက်စုက သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို လက်လျှော့လိုက်ပြီဆိုတဲ့ သတင်းလား"

ဆွန်းချီစုက ပြန်ပြောလိုက်၏။ နှစ်ဝက်အတွင်း သူသည် အလွန်သိုသိပ်စွာ နေထိုင်ခဲ့လေရာ ကျန်းတိန်ယွဲ့တို့လူစု ဘာဖြစ်သွားမှန်း ခုထိ မသိသေးပေ။

မည်သို့ဆိုစေ စုံစမ်းစစ်ဆေးမှု စတင်ပြီးနောက်ပိုင်း မျိုးနွယ်စုခြောက်စုဘက်မှ ဘာသတင်းမှမကြားလေရာ သူသည် အတော်လေး စိတ်သက်သာရသွား၏။ သို့သော် စုချန်း၏ ရုတ်တရက် ဖိတ်ခေါ်ချက်ကြောင့် သူ၏ ငြိမ်သက်နေသော စိတ်အစဉ်သည် ပြန်လည်လှုပ်ရှားလာပြန်၏။

"ဟေ့ ဟေ့ ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီကွ ခင်ဗျားအနေနဲ့ အရာရာတိုင်းကို ဒီလောက်ထိ သတိထားနေစရာ လိုသေးလို့လား"

ဝမ်တောက်ရှန်းက စိတ်မရှည်တော့ဟန်ဖြင့်် ဝင်ပြောလိုက်သည်။

"ကျုပ်က အကုန်လုံးကို စိတ်ပူရုံသက်သက်ပါဗျာ"

ဆွန်းချီစု၏ လေသံမှာ အနည်းငယ် တုန်ယင်နေ၏။

ချင်းလင်အာက သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။

"စိတ်မပူကြပါနဲ့ မျိုးနွယ်စုခြောက်စုကိစ္စကို စုချန်း ရှင်းပြီးပါပြီ အဲဒီကိစ္စအတွက် ကျွန်မတို့ကို ခေါ်တာမဟုတ်တာတော့ သေချာတယ်"

"ရှင်က ဘယ်လိုလုပ်သိနေတာလဲ"

တုချိန်းက မေးလိုက်သည်။ ချင်းလင်အာ ပါးစပ်ပိတ်ထား၏။ ဝမ်တောက်ရှန်းကား တစုံတရာကို စဉ်းစားနေဟန်ရှိလေသည်။

ကျေးဇူးတင်စရာကောင်းသည်မှာ သူတို့ ကြာကြာမစောင့်လိုက်ရပေ။ အကြောင်းမှာ စုချန်းတယောက် သုတေသနအခန်းထဲမှ ထွက်လာကာ သူတို့ဆီသို့ ဦးတည်လျှောက်လာခြင်းကြောင့် ဖြစ်သည်။

သူက လူတိုင်းကို ပြုံးပြကာ တောင်းပန်လိုက်သည်။

"လူစုံနေပြီပဲ ခင်ဗျားတို့ကို စောင့်ခိုင်းရတာ တောင်းပန်ပါတယ်ဗျာ"

ချင်းလင်အာက ပုခုံးတွန့်ပြလိုက်သည်။

"သတင်းဆိုးမဟုတ်ဘူးဆိုရင် နည်းနည်းပါးပါး စောင့်ရလည်းဘာမှမဖြစ်ပါဘူးရှင်"

စုချန်း အားရပါးရ ရယ်မောလိုက်သည်။

"ခင်ဗျားတို့ကို စိတ်ပူစေမိတာ တောင်းပန်ပါတယ်ဗျာ ခုခေါ်လိုက်တာ မျိုးနွယ်စုခြောက်စုနဲ့ မဆိုင်ပါဘူး သူတို့ကို စိတ်ပူစရာမလိုတော့ဘူးဗျ သူတို့ကို ကျုပ် သေသေချာချာ ကိုင်တွယ်ပြီးပြီ နောင်အနာဂတ်မှာ သူတို့အနေနဲ့ ကျုပ်တို့ကို ဒုက္ခပေးလာစရာ အကြောင်းမရှိတော့ပါဘူး ခု ခင်ဗျားတို့ကို ခေါ်လိုက်တာ သတင်းကောင်းတခုကို မျှဝေပေးချင်လို့ပဲ"

"ဘာသတင်းကောင်းများလဲ"

လူတိုင်းလိုလိုက ပြိုင်တူမေးမြန်းလိုက်ကြသည်။

"လာမဲ့နှစ်လအတွင်း နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ လာတော့မယ် ခင်ဗျားတို့အားလုံး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြလိမ့်မယ်လို့ ကျုပ်ထင်တယ် ဟုတ်သလား"

လူတိုင်း ခေါင်းညိတ်ပြလိုက်၏။

"ကျုပ်အမြင်အရ ခင်ဗျားတို့ဟာ သိပ်ပြီး အဆင့်မြင့်မြင့်တော့ မရလောက်ဘူးလို့ ထင်တယ်"

စုချန်းက ထပ်ပြောလိုက်သည်။ ုတုချိန်းတို့အားလုံး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

အကြောင်းမှာ ဤနေရာတွင် စုဝေးနေသူများအားလုံးတွင် အဆင့်ကောင်းသူဟူ၍ တယောက်မှ မပါသောကြောင့်ပင်။

တုချိန်းနှင့် ဆွန်းချီစုတို့မှာကား ပြောနေစရာပင်မလို။ သူတို့သည် သွေးဗီဇမပါသော သာမာန်လူများ ဖြစ်ကြလေရာ အင်အားအရ နဂါးကျောင်းတော်တွင် အနိမ့်ဆုံးစာရင်းဝင်များ ဖြစ်ကြလေသည်။

ချင်းလင်အာသည်လည်း သူမ၏ သွေးဗီဇမူလစွမ်းရည်များက ရင်ဆိုင်တိုက်ပွဲများနှင့် မသင့်တော်လေရာ သူမကိုလည်း ထည့််တွက်နေစရာမလို။

တိမ်တိုက်ကျားသစ်။ သူကတော့ တမျိုးတဘာသာ ဖြစ်သည်။ သူသည် တောနက်အတွင်း တိုက်ခိုက်ရသော သေရေးရှင်ရေး တိုက်ပွဲများတွင် အလွန်ကြောက်စရာကောင်း၏။ သို့သော် စင်ပေါ်၌ တရားသဖြင့် ယှဉ်ပြိုင်ရသော တိုက်ပွဲများတွင်ကား ညံ့ဖျင်းလှသည်။ အမှတ်နှင့် အနိုင်အရှုံး ဆုံးဖြတ်ရသော တိုက်ပွဲများတွင် တိမ်တိုက်ကျားသစ်အဖို့ အမှတ်ရစရာမရှိပေ။

သူတို့ထဲတွင် အခြေအနေ အကောင်းဆုံးလူမှာ ဝမ်တောက်ရှန်း ဖြစ်သည်။ သူသည် နှစ်တိုင်းလိုလို နဂါးအသွင်ပြောင်းခြင်းစာရင်းတွင် အယောက်၁၀၀အတွင်း ဝင်နိုင်ခဲ့၏။ ထိုထက်မြင့်မားသော အဆင့်မျိုးကို မချိတ်နိုင်ခဲ့ခြင်းမှာကား ဝမ်တောက်ရှန်းသည် သူ၏ ဝှက်ဖဲဖြစ်သော မူလကိရိယာကို ပြိုင်ပွဲများတွင် ဘယ်တုန်းကမှ ထုတ်မသုံးခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ထိုလက်နက်ကိုသာ ထုတ်သုံးလိုက်ပါက ဝမ်တောက်ရှန်းအနေနှင့် ထိုထက် အဆင့်မြင့်မြင့် ချိတ်နိုင်စရာရှိ၏။

မည်သို့ဆိုစေ စုချန်း၏ ရည်ရွယ်ချက်ကို ယခုထိ မည်သူမှ နားမလည်နိုင်သေးပေ။

ထိုစဉ် စုချန်းက အခန်းထောင့်ရှိ အံဆွဲတခုကို ဆွဲဖွင့်ပြီး အထဲမှ ကျောက်စိမ်းပြားတချို့ကို ဆွဲထုတ်လိုက်သည်။

"သိပ်မကြာသေးခင်ကပဲ ကျုပ်ဟာ သုတေသနတချို့ကို ပြုလုပ်ခဲ့တယ် ဒီအထဲမှာပါတဲ့ နည်းစနစ်တွေက ခင်ဗျားတို့ကို ထိထိရောက်ရောက် အကူအညီပေးနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ် ဒီအတိုင်း လေ့ကျင့်လိုက်လို့ရှိရင် ခင်ဗျားတို့ရဲ့ အင်အားတွေ တိုးပွားလာပြီး ပြိုင်ပွဲမှာ အဆင့်မြင့်မြင့် ရပ်တည်နိုင်ကြဖို့ ကျုပ် မျှော်လင့်ထားတယ်"

"အိုး"

လူတိုင်း၏ မျက်လုံးအစုံသည် စိတ်ဝင်စားမှုကြောင့် အရောင်များ တောက်ပလာ၏။

"သိပ်လည်းလောမကြီးကြပါနဲ့ တယောက်ချင်းစီ ယူကြပေါ့"

စုချန်းက ရယ်ရွှန်းဖတ်ရွှန်းနှင့် ပြောလိုက်၏။ ထို့နောက် သူက ကျောက်စိမ်းပြားတပြားကို ဆွဲထုတ်ပြီး

"ရော့ တုချိန်း ဒါက ခင်ဗျားအတွက်"

တုချန်း ကျောက်စိမ်းပြားကို လှမ်းယူပြီး အပေါ်တွင် ရေသားထားသော စာကို နဝေတိမ်တောင်နှင့် ရေရွတ်လိုက်သည်။

"ပျံသန်းနေသော သိမ်းငှက်သည် အလေးချိန်မရှိ ဆိုပါလား"

စုချန်းက ရှင်းပြလိုက်သည်။

"ခင်ဗျားရဲ့ ထက်ခြမ်းခွဲခြင်းဓားနည်းစနစ်ဟာ အင်မတန် သွက်လက်မြန်ဆန်တယ် ဒါကြောင့် ချောမွေ့စွာလှုပ်ရှားခြင်းဟာ ခင်ဗျားရဲ့ တိုက်ခိုက်မှုပုံစံအတွက် အံဝင်ခွင်ကျပဲဗျ ဒါပေမဲ့ ခင်ဗျားမှာ ကိုယ်ခန္ဓာတည်ဆောက်ပုံနည်းစနစ် ကောင်းကောင်းမရှိတဲ့အတွက် တိုက်ကွက်တွေက ခွန်အားမပါဘူး ဖြစ်နေတယ် ဒါပေမဲ့ ပြသနာမရှိဘူး ' ပျံသန်းနေသော သိမ်းငှက်သည် အလေးချိန်မရှိ"ဆိုတဲ့ နည်းစနစ်က ခင်ဗျားရဲ့ အမြန်နှုန်းကို ပိုပြီးတိုးပွားလာစေလိမ့်မယ် ဒီနည်းစနစ်နှစ်ရပ်ကိုသာ တွဲဖက်အသုံးပြုလိုက်ရင် အတော်လေးအသုံးဝင်လိမ့်မယ်"

တုချိန်း အလွန်ပျော်သွား၏။

"ကျေးဇူးတင်ပါတယ် စုချန်း"

တုချိန်းတွင် အမှန်တကယ်လည်း ကိုယ်ခန္ဓာနည်းစနစ်ကောင်းကောင်းမရှိပေ။ ထိုနည်းစနစ်များမှာ ရရှိရန် အလွန်ခဲယဉ်း၏။ တချို့နည်းစနစ်များမှာ အလွန်ဈေးကြီးပြီး တချို့မှာ သူမနှင့် မသင့်တော်သောကြောင့် ယခုထိ တုချိန်းတွင် အင်အားကိုတိုးမြင့်စေနိုင်သည့် နည်းစနစ်ကောင်းကောင်း မရှိသေးပေ။

အမှန်တော့ 'ပျံသန်းနေသော သိမ်းငှက်သည် အလေးချိန်မရှိ' ဟူသော နည်းစနစ်သည် ခွန်မျိုးနွယ်စုမှ ဆင်းသက်လာခြင်းဖြစ်သည်။ တတိယမယ်တော်ခွန်၏ သွေးဗီဇမှ မူလပစ္စည်းကို ခွဲခြမ်းစိတ်ဖြာပြီး ၎င်းတို့၏ သွေးဗီဇနိယာမသဘောတရားများကို နားလည်သဘောပေါက်လာသော စုချန်းသည် နေုာက်ဆုံးတွင် ဤနည်းစနစ်ကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနည်းစနစ်သည် ခွန်မျိုးနွယ်စုကဲ့သို့ လေထဲတွင် ပျံသန်းနိုင်သည်အထိ အစွမ်းမထက်သော်ငြား အမြန်နှုန်းကို တိုးပွားစေပြီး လေထဲတွင် ရွေ့လျားသွားလာရာတွင် ပို၍အသုံးဝင်၏။

တဖန် စုချန်းက ဆွန်ချီစုအတွက် ကျောက်စိမ်းပြားတပြား လှမ်းပေးလိုက်ပြန်သည်။

"ဒါကတော့ ခင်ဗျားအတွက်"

ဆွန်းချီစုက အသံထွက်၍ ရေရွတ်လိုက်ပြန်သည်။

"ခိုင်မာသောလှိုင်းများ ဆိုပါကလား"

စုချန်းက ရှင်းပြလိုက်၏။

"ဒီနည်းစနစ်ကတော့ ခင်ဗျားရဲ့ ကိုယ်တွင်းက မူလစွမ်းအင်ရွေ့လျားမှုကို ထိန်းချုပ်ပြီး စွမ်းအင်လှိုင်းတွေအဖြစ် တွန်းထုတ်နိုင်အောင် ကူညီပေးလိမ့်မယ် ခင်ဗျားရဲ့ ကမ္ဘာမြေခွဲချိတ်ကောက်ဟာ လေထဲမှာ ဆက်တိုက်တိုက်ခိုက်နိုင်တယ် ဒါပေမဲ့ တကြိမ်ထက်ပိုပြီး မတိုက်ခိုက်နိုင်တဲ့အတွက် ထိရောက်သင့်သလောက် မထိရောက်ဘူးဖြစ်နေတယ် ခုနည်းစနစ်ကတော့ ဒီအားနည်းချက်ကို ဖြည့်စည်းပေးလိမ့်မယ် ခင်ဗျားအနေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ ခုထက်ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်နိုင်လာလိမ့်မယ်"

"သိပ်ကောင်းတာပဲဗျို့"

ဆွန်းချီစုက ဝမ်းသာအားရနှင့် ပြောလိုက်သည်။ ဤနည်းစနစ်နှင့်သာဆိုပါက သူ၏ ကမ္ဘာမြေခွဲချိတ်ကောက်သည် စွမ်းအင်နှစ်ဆတိုးပွားလာသည်ဟု ဆိုနိုင်ပြီမဟုတ်ပါလား။

ယခုကျမှ လူတိုင်းလိုလိုသည် စုချန်း၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်လာကြပြီး ရှေးကထက်ပို၍ စိတ်လှုပ်ရှားလာကြ၏။

ချင်းလင်အာသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပဲ စုချန်းကို မေးမြန်းလိုက်လေသည်။

"ကျွန်မအတွက်ကော ကျွန်မကျ ဘာရမလဲရှင့်"

စုချန်းက

"ခင်ဗျားဟာ သူတပါးကို ထိန်းချုပ်တဲ့နေရာမှာ ထူးချွန်သလောက် ရင်ဆိုင်တိုက်ပွဲတွေမှာကျတော့ သိပ်အဆင်မပြေဘူး ဖြစ်နေတယ် ဒီတော့ ခင်ဗျားကို တိုက်စစ်နည်းစနစ်တမျိုး ပေးလိုက်ရင် ဘာမှအသုံးမဝင်ပဲဖြစ်နေမှာ စိုးရတယ် တကယ်လို့ ကျုပ်ပေးလိုက်တဲ့ နည်းစနစ်ဟာ စင်ပေါ်မှာ အမှတ်ယူဖို့ပဲ အသုံးဝင်ပြီး တကယ့်တိုက်ပွဲတွေမှာ သုံးစားမရဘူးဆိုရင် အလကားပဲပေါ့ဗျာ ဒါကြောင့် ခင်ဗျားအတွက် ရှောင်တိမ်းနည်းစနစ်တမျိုးက ပိုပြီးအသုံးတည့်လိမ့်မယ်လို့ ကျုပ်ယူဆတယ် ရန်သူရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်တဲ့ မူလစွမ်းရည်တွေဟာ ခင်ဗျားရဲ့အင်အားကို တိုးပွားလာအောင်တော့ မကူညီနိုင်ဘူး ဒါပေမဲ့ စင်ပေါ်မှာရော စင်အောက်မှာရော အသုံးတည့်တယ်ဗျ"

စကားဆုံးသည်နှင့် စုချန်းက ကျောက်စိမ်းပြားကို ချင်းလင်အာအား လှမ်းပေးလိုက်သည်။ ကျောက်စိမ်းပြားပေါ်ရှိ စာကိုမြင်သည်နှင့် ချင်းလင်အာ လွှတ်ခနဲ အော်မိတော့သည်။

"ရွှေရောင်ပုစဉ်းရင်ကွဲအရေခွံလဲခြင်း ဆိုပါလား"

အဆိုပါနည်းစနစ်ကား ရွှေရောင်ပုစဉ်းရင်ကွဲမျိုးနွယ်စု၏ မူပိုင်နည်းစနစ် ဖြစ်နေ၏။

ချင်းလင်အာ၏ စကားသံကို လူတိုင်း ကြားလိုက်ရလေရာ သူတို့၏ စိတ်ထဲတွင် တစုံတခုကို အလိုလို နားလည်သဘောပေါက်လိုက်ကြလေသည်။ စုချန်း ကနဦး ထုတ်ပေးခဲ့သည့် နည်းစနစ်သုံးမျိုးသည် သေဆုံးသွားသော မျိုးနွယ်စုအသီးသီး၏ နည်းစနစ်များ ဖြစ်နေကြသည် မဟုတ်ပါလား။

စုချန်း၏ အမူအရာသည် အနည်းငယ်မှပင် ပြောင်းလဲသွားခြင်းမရှိပဲ အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။

"သိပ်လည်းစိတ်ပူမနေနဲ့ ကျုပ်က ဒီနည်းစနစ်ကို ပြောင်းလဲထားတယ် ခင်ဗျားအနေနဲ့ ဒါကိုထုတ်သုံးလို့ အဝတ်အစားတွေ ဆုံးရှုံးစရာမလိုသလို ထွက်ပြေးနိုင်တဲ့ အကွာအဝေးကလည်း တိုသွားလိမ့်မယ် တကယ်လို့ ခင်ဗျားအနေနဲ့ တယောက်ယောက်ကို ထိန်းချုပ်ထားနိုင်ပြီဆိုရင် ဒါက ပိုပြီး အသုံးဝင်လာလိမ့်မယ် ဒါ့အပြင် စင်မြင့်တိုက်ပွဲတွေမှာလည်း ခင်ဗျားကို အများကြီး အကျိုးပြုလိမ့်မယ် ဒီနည်းစနစ်ကို နာမည်သာပြောင်းပေးလိုက်ရင် ဒါဟာ ရွှေရောင်ပုစဉ်းရင်ကွဲအရေခွံလဲခြင်းနည်းစနစ်ဆိုတာ ဘယ်သူမှ မမှတ်မိနိုင်ဘူးလို့ ကျုပ် ရဲရဲကြီး ကတိပေးတယ်"

"တကယ်တော့ ကျွန်မသိချင်တာ ဒါမဟုတ်ဘူးဆိုတာ ရှင်သိပါတယ်"

ချင်းလင်အာက ငြင်သာသောလေသံနှင့် ပြောလိုက်သည်။

"ဒါပေမဲ့ ခင်ဗျား သိသင့်တာကတော့ ဒီလောက်ပဲဗျ"

"ဟေ့ ဟေ့ နေစမ်းပါအုံး ကျုပ်ကိုကျတော့ ဘာပေးမှာလဲ ကျောက်စိမ်းကိုယ်ခန္ဓာလား ဒါမှမဟုတ် သွေးပုံတူလား"

ဝမ်တောက်ရှန်းက မေးလိုက်ပြန်သည်။

စုချန်းက ရယ်မောလိုက်သည်။

"ကျောက်စိမ်းကိုယ်ခန္ဓာက တိမ်တိုက်ကျားသစ်နဲ့ ပိုပြီးသင့်တော်တယ်ဗျ ဒါကြောင့် သူ့ကို ပေးလိုက်မယ်"

ကျောက်စိမ်းကိုယ်ခန္ဓာနည်းစနစ်သည် အနီးအနားရှိ သစ်ပင်များမှ အသက်ဓာတ်ကို စုပ်ယူပြီး ဒဏ်ရာမှ မြန်မြန်ဆန်ဆန် သက်သာစေနိုင်သော စွမ်းရည်ရှိ၏။ တိမ်တိုက်ကျားသစ်သည် တောအုပ်အတွင်း တိုက်ခိုက်ခြင်းကို ကျွမ်းကျင်သူဖြစ်လေရာ ထိုနည်စနစ်သည် သူနှင့် အထူးပင် သင့်လျော်၏။

"သွေးပုံတူကလည်း ပုံရိပ်ယောင်တွေ ပွားနိုင်တယ်ဆိုပေမဲ့ ခင်ဗျားရဲ့ တကယ့်ပုံရိပ်အစစ်ကိုတော့ အားနည်းသွားစေလိမ့်မယ် ဒါကလည်း ခင်ဗျားနဲ့ သိပ်မသင့်တော်လှဘူးလို့ ကျုပ်ထင်တယ် ဒါကြောင့် ခင်ဗျားအတွက် နောက်ထပ်နည်းစနစ်တမျိုး ကျုပ် စီစဉ်ထားတယ်"

စုချန်းက ဆက်ပြောလိုက်သည်။

"ဘာနည်းစနစ်တုန်းဟ"

ဝမ်တောက်ရှန်းက မျက်ခုံးပင့်ရင်း မေးလိုက်၏။

"ကောင်းကင်ဘုံကိုဝါးမြိုစားသောက်ခြင်းနည်းစနစ်လို့ ခေါ်တယ်"

ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်း ဟူသည်မှာ တခြားမဟုတ်။ များပြားလှသော အဆီများအား အသက်နှင့် အစားထိုးရန် ကျန့်ပါ့ရှန်း အသုံးပြုခဲ့သည့် နည်းစနစ်ဖြစ်သည်။ အမှန်တော့ ဤနည်းစနစ်သည် သွေးဗီဇမူလစွမ်းရည်မဟုတ်ပေ။ ကျန့်ပါ့ရှန်း ကံကောင်းထောက်မ၍ ရရှိလာခဲ့သော သွေးဗီဇမလိုသည့် မူလစွမ်းရည်သာ ဖြစ်သည်။ သို့သော် သွေးဗီဇမလိုသည့်တိုင် ဤနည်းစနစ်၏ အင်အားမှာကား ကြီးမားလှ၏။ ၎င်းကိုထောက်ရှုလျင် စုချန်းမဟုတ်သော တခြားသူများသည်လည်း သွေးဗီဇမလိုအပ်သည့် မူလစွမ်းရည်များကို တီထွင်နိုင်ခဲ့ကြောင်း သိသာနေလေသည်။ လူထုကြားသို့ ရောက်မလာသည်မှာကား တီထွင်သူများ၏ တကိုယ်ကောင်းဆန်မှုကြောင့်သာလျင် ဖြစ်လေသည်။

နည်းစနစ်၏ နာမည်ကို ကြားလိုက်ရုံနှင့် ဝမ်တောက်ရှန်းကား စိတ်ဝင်စားလှပြီ။ စုချန်းသည် သူ့အား အင်အားအကြီးမားဆုံး မူလစွမ်းရည်တမျိုးကို ပေးသည်မှာ သေချာနေခဲ့ပြီ မဟုတ်ပါလား။

စုချန်းက စကားဆက်ပြန်သည်။

"ဒါပေမဲ့ တခုတော့ရှိတယ် အစ်ကိုကြီးဝမ် ဒီမူလစွမ်းရည်ဟာ တလမ်းသွားပဲဗျ"

"ဘာကို တလမ်းသွားလဲကွ"

"ဒီနည်းစနစ်ကို စကျင့်ပြီဆိုတာနဲ့ ခင်ဗျားဟာ ပိန်ချင်တဲ့ဆန္ဒကို ရာသက်ပန် စွန့်လွှတ်လိုက်ရလိမ့်မယ်"

".........."

All Chapters