ခုန်ပျံကျော်လွှားတိုးတက်လာခြင်း
Vol. 27 Ch. 265
အင်အားကြီးမားခြင်းနှင့် ရုပ်ရည်အသွင်အပြင်ကို ယှဉ်၍ရွေးရသောအခါ ဝမ်တောက်ရှန်းသည် နောက်ဆုံးတွင် အင်အားကြီးမားခြင်းကိုသာ ရွေးချယ်လိုက်၏။
လွန်ခဲ့သောဆယ်နှစ် သို့မဟုတ် ထိုထက်ပိုသော နှစ်များဆီက တနည်းအားဖြင့် သူ မဝသေးခင်ကသာ ဤဆုံးဖြတ်ချက်မျိုးကို ပြုလုပ်ရမည်ဆိုလျင် ဝမ်တောက်ရှန်း၏ ရွေးချယ်မှုက တမျိုးတဖုံ ဖြစ်သွားနိုင်သည်။ သို့သော် ယခုတော့ အဝလွန်ခြင်းဟူသည်မှာ ဝမ်တောက်ရှန်းအတွက် ထူးဆန်းသောကိစ္စ မဟုတ်တော့။
အကဲဖြတ်ပြိုင်ပွဲစတင်ဖို့ရာ အချိန်ကလည်း နှစ်လပင်လိုနေသေးရာ နည်းစနစ်အသစ်ကို ကျွမ်းကျင်ဖို့အတွက် အချိန်မှာ သူတို့အတွက် လုံလောက်နေသေး၏။ သူတို့အားလုံးသည် စုချန်းအပေါ် အလွန်ပင် ကျေးဇူးတင်နေကြလေသည်။
မူလစွမ်းရည်တမျိုးမျိုးကို တစုံတယောက်အား ပေးလိုက်ခြင်းသည် အရိုးရှင်းဆုံး ပြောရလျင် ဆင်းရဲနွမ်းပါးသူတယောက်အား ငွေစကြေးစများ လှုဒါန်းလိုက်သည့် သဘောမျှသာ ရှိသည်။ သို့သော် တဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းများနှင့် ကိုက်ညီမည့် မူလစွမ်းရည်များကို ဖန်တီးပေးခြင်းသည်ကား ကြီးစွာသော ကြိုးစားအားထုတ်မှုဟု ဆိုနိုင်၏။ ထို့ကြောင့် စုချန်းသည် အဆိုပါ မူလစွမ်းရည်များအား အတော်လေး ကြိုးစားပမ်းစား ဖန်တီးထားသည်မှာ သံသယဖြစ်နေစရာမလိုတော့။
ထိုအခါ သူတို့အားလုံးသည် ရုတ်တရက်ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုကို မနည်းပင် ထိန်းချုပ်နေကြရလေသည်။
ဝမ်တောက်ရှန်းက စုချန်းကို ဝမ်းသာအားရနှင့် ပွေ့ဖက်ရင်း ပြောလိုက်၏။
"ဒီ ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်း နည်းစနစ်နဲ့သာဆိုရင် ကျုပ်အနေနဲ့ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှာ အရင်ထက်ပိုပြီး အဆင့်ကောင်းကောင်းရဖို့ သေချာသလောက်ရှိတယ်ကွ"
ထိုအခါ စုချန်းက ပြောလိုက်၏။
"ဟေ့ ဟေ့ ကျုပ်က အလကားပေးနေတာ မဟုတ်ဘူးနော် ခု ခင်ဗျားကြီး ဒီနည်းစနစ်ကြောင့် အကျိုးရှိတယ်ဆိုရင် ကျုပ်အတွက် တခုပြန်လုပ်ပေးရမယ်"
"ဘာပြန်လုပ်ပေးရမှာလဲ"
စုချန်းက ဆေးပုလင်းလွတ် တလုံးကို ပစ်ပေးလိုက်သည်။
"သေချာတာက ပြိုင်ပွဲမှာ သွေးထွက်သုံယိုတွေတော့ ဖြစ်မှာပဲ ခင်ဗျားအနေနဲ့ အခွင့်အရေးရမယ်ဆိုရင် တော်ဝင်မျိုးနွယ်စုဝင်တွေရဲ့ သွေးတွေကို ကျုပ်အတွက် စုဆောင်းပေးစမ်းပါ"
"မင်းက ဘာကြောင့် တော်ဝင်မျိုးနွယ်စုဝင်သွေးတွေကို ဒီလောက် များများစားစား လိုနေတာတုန်း"
စုချန်းက ရှင်းပြလိုက်၏။
"သွေးဗီဇတိုင်းမှာ ထူးခြားတဲ့ ဝိသေသလက္ခဏာကိုယ်စီ ရှိတယ်ဗျ ဘယ်ဟာက အသုံးဝင်မယ် ဘယ်ဟာက အသုံးမဝင်ဘူးဆိုတာ ကျုပ်တို့ မသိနိုင်ဘူး ဒီတော့ များများစုဆောင်းနိုင်လေ ကျုပ်ရဲ့သုတေသနက ပိုပြီး တိုးတက်လေလေပေါ့ နောက်ဆုံးမှာ အံ့သြသင့်စရာ ရလဒ်မျိုး ထွက်မထွက်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေဗျာ"
စုချန်း၏ စကားကိုကြားလိုက်ရသောအခါ လူတိုင်းလိုလိုသည် စိတ်ဝင်စားလာ၏။
"ကျွန်မ လုပ်ပေးမယ်ရှင့်"
ပထမဆုံး ကတိပေးလိုက်သူမှာ ချင်းလင်အာဖြစ်သည်။ နောက်ဆုံးတွင် ကျန်လူများကလည်း စုချန်း၏ ဆန္ဒအတိုင်း ဆောင်ရွက်ပါမည်ဟု ကတိပေးလိုက်ကြ၏။
သူတို့အားလုံး၏ စိတ်ထဲတွင် လေးလေးနက်နက် သဘောတူထားကြသည်မှာကား စုချန်းကို ကူညီခြင်းသည် ကိုယ့်ကိုယ်ကို ကူညီခြင်းသာ ဖြစ်ကြောင်းပေတည်း။
ဝမ်တောက်ရှန်းနှင့် တခြားလူများအား လိုက်ပို့ပြီးသည်နှင့် စုချန်းသည် ယွဲ့လောင်ရှထံသို့ အလည်သွားခဲ့၏။
ယွဲ့လောင်ရှထံသို့ ရောက်သည်နှင့် စုချန်းက စကားကို ဝေ့ဝိုက်မနေတော့ပဲ လိုရင်းကို တည့်တည့်ပင် ပြောလိုက်သည်။
"ယွဲ့မိသားစုဝင်တိုင်းဟာ လရောင်အောက်မှာ တိုက်ခိုက်ရတာကို အလွန်ကျွမ်းကျင်တယ် ဒါပေမဲ့ စင်မြင့်တိုက်ပွဲတွေကတော့ နေ့အလင်းရောင်အောက်မှာပဲ ပြုလုပ်လေ့ရှိတယ် ဒါကြောင့် စင်မြင့်တိုက်ပွဲတွေမှာ ခင်ဗျားရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ အားမရစရာ ဖြစ်နေလိမ့်မယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"
ယွဲ့လောင်ရှက ပြန်မေးလိုက်သည်။
"အဲဒီတော့"
စုချန်းက ကျောက်စိမ်းပြားနှစ်ပြားကို ဆွဲထုတ်ပြီး စကားဆက်ပြန်၏။
"ပထမကျောက်စိမ်းပြားထဲမှာ ကျုံးမျိုးနွယ်စုရဲ့ သွေးပုံတူခွဲထုတ်နည်းကို ရေးသားထားတယ် သူ့ရဲ့ သွေးပုံတူက ကျုံးမျိုးနွယ်သွေးပုံတူလောက် အစွမ်းမထက်ဘူး ဒါပေမဲ့ သွေးပုံတူတကောင် ဖန်တီးဖို့ သွေးနည်းနည်းပဲ လိုတယ် ဒါ့အပြင် ကိုယ်ခန္ဓာအစစ်အပေါ်မှာလည်း သက်ရောက်မှု အင်မတန် နည်းတယ် ပြီးတော့ ဒီသွေးပုံတူတွေဟာ တိုက်စစ်စွမ်းရည်မရှိဘူး ဒါပေမဲ့ အားသာချက်ကတော့ ခင်ဗျားအနေနဲ့ ဒီသွေးပုံတွေကြားထဲမှာ ကြိုက်သလို နေရာပြောင်းလဲနိုင်တယ် ပေ၂၀၀ပတ်လည်အထိ သက်ရောက်မှုရှိတယ်ဗျာ ဒီနည်းစနစ်နဲ့သာဆိုရင် ခင်ဗျားအနေနဲ့ နေ့အလင်းရောင်အောက်မှာလည်း ပုံဖျက်ဖုံးကွယ်နိုင်လိမ့်မယ် ဒုတိယကျောက်စိမ်းပြားထဲမှာတော့ ကျုပ်ရဲ့ ကိုယ်ပျောက်ပိုက်ကွန်နည်းစနစ်ပါတယ် ဒီနည်းစနစ်ရဲ့ စွမ်းရည်ကိုတော့ ခင်ဗျား သိပြီးသားဖြစ်လို့ အထူးအထွေ ပြောနေစရာ မလိုတော့ဘူး ခင်ဗျားရဲ့အမြန်နှုန်းနဲ့ လိုက်လျောညီထွေ သုံးတတ်မှုအပေါ်မူတည်ပြီး ဒီနည်းစနစ်က ပိုအစွမ်းထက်လာလိမ့်မယ် ဒါ့အပြင် ဒီနည်းစနစ်ထဲမှာ ခင်ဗျားရဲ့ သွေးဗီဇကို ထပ်ပေါင်းပြီး လရောင်အောက်မှာပါ အသုံးချလို့ရတယ် ဒါကတော့ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်တယ်"
ယွဲ့လောင်ရှက လက်ပိုက်ရင်း မေးလိုက်သည်။
"ဒါက ဘာသဘောလဲ"
"သူငယ်ချင်းအချင်းချင်း ကူညီတဲ့သဘောပေါ့ဗျာ ကျုပ်မှာ ဒီနည်းစနစ်တွေ ရှိထားပေမဲ့လို့ ဒါတွေကို လေ့ကျင့်နေဖို့ အချိန်မရှိဘူး ဒီတော့ သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပေးလိုက်တာ ပိုကောင်းတယ်လေ"
"သူငယ်ချင်း ဟုတ်လား"
ယွဲ့လောင်ရှ၏ ပုံစံမှာ အဆိုပါစကားလုံးအပေါ် အချိန်ယူ၍ စဉ်းစားနေဟန်ရှိသည်။
"ဟုတ်တယ် သူငယ်ချင်း"
စုချန်းက ပြန်ဖြေလိုက်၏။
ယွဲ့လောင်ရှ၏ မျက်နှာပေါ်တွင် အပြုံးတမျိုး ပေါ်ပေါက်လာ၏။
"အဲဒါဆိုလည်း ကောင်းပြီလေ ဒါကို ကျွန်မ ယူလိုက်မယ်"
စကားဆုံးသည်နှင့် သူမက ကျောက်စိမ်းပြားများကို ယူကာ သိမ်းဆည်းထားလိုက်လေသည်။
ကျေးဇူးတင်စကားမဆို။ အပိုတွေ မပြော။ ယွဲ့လောင်ရှ၏ ပုံစံက ထိရောက်သလောက် ရိုးရှင်းလှသည်။
ယွဲ့လောင်ရှအား ပေးစရာရှိသည်ကို ပေးပြီးသည်နှင့် စုချန်းသည် မျှော်စင်သို့ ပြန်လာခဲ့၏။ ထိုအခါ သံမဏိတယောက် အသည်းအသန် လေ့ကျင့်နေကြောင်း စုချန်း တွေ့လိုက်ရသည်။
လူတိုင်းလိုလို၏ လက်ထဲတွင် စုချန်းထံမှ မူလစွမ်းရည်များ ရောက်ရှိသွားပြီဖြစ်သည်။ ဤနေရာတွင် သံမဏိကိုလည်း ချန်ထား၍မရ။ အမှန်တော့ သံမဏိရရှိသည်က တခြားလူများထက်ပင် ပိုနေသေးသည်။ ထို့ကြောင့် သူ့အနေနှင့် ပို၍ လေ့ကျင့်ရပေလိမ့်မည်။
အက်ဒမန်တင်းစစ်ပွဲသုံးကိုယ်ခန္ဓာအပြင် စုချန်းက သူ့တပည့်အား နောက်ထပ် နည်းစနစ်နှစ်မျိုးကို ပေးခဲ့၏။ ထိုနည်းစနစ်နှစ်မျိုးမှာ အားထားရသောကိုယ်ခန္ဓာနည်းစနစ်နှင့် ကောင်းကင်ဘုံကို ဝါးမြိုခြင်း တို့ပင်ဖြစ်သည်။ ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်းသည် လက်တွေ့ကျလှသော အဆင့်လွန်မူလစွမ်းရည်ဖြစ်ပြီး ၎င်း၏ တခုတည်းသော အားနည်းချက်မှာ လေ့ကျင့်သူ၏ ကြီးမားလှသော ကိုယ်ခန္ဓာကြောင့် ရန်သူကို သတိထားမိသွားစေခြင်း ဖြစ်သည်။ သံမဏိမှာကား နဂိုတည်းက ကိုယ်ခန္ဓာထွားကျိုင်းသန်မာသူဖြစ်လေရာ ဤအားနည်းချက်ကို ဖာထေးပြီးသားဖြစ်သွားစေ၏။ ထို့ပြင် ကိုယ်ခန္ဓာထွားကျိုင်းလာခြင်းကြောင့် သတ္တုအကာအကွယ်မှာလည်း ပို၍ အားကောင်းလာတော့မည်ဖြစ်သည်။ "အားထားရသော ကိုယ်ခန္ဓာ" နည်းစနစ်မှာ ကြံ့ဓားမျိုးနွယ်စုများ၏ ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းခြင်းနည်းစနစ်ဖြစ်ပြီး လေ့ကျင့်သူ၏ အင်အားကို လျင်လျင်မြန်မြန် တိုးပွားလာစေနိုင်သော စွမ်းရည်ရှိ၏။
ထို့ကြောင့်် အက်ဒမန်တင်းကိုယ်ခန္ဓာသည် စုချန်း၏ ခံစစ်စွမ်းရည်ကို မြင့်မားလာစေမည်ဖြစ်ပြီး အားထားရသော ကိုယ်ခန္ဓာသည် ၎င်း၏ အင်အားကို တိုးပွားလာစေမည် ဖြစ်သည်။ ကောင်းကင်ဘုံကိုဝါးမြိုစားသောက်ခြင်းသည်ကား သံမဏိ၏ ဒဏ်ရာမှပြန်လည်သက်သာနိုင်စွမ်းကို မြင့်မားလာစေမည်ဖြစ်သည်။ သံမဏိ၏ တိုးတက်နှုန်းမှာကား နှေးကွေးပေ၏။ သို့သော် သူသည် စုချန်းမျှော်လင့်ထားသော သတ္တုအကာအကွယ်တခု၏ အခန်းကဏ္ဍကို တဖြည်းဖြည်း ထမ်းဆောင်လာနိုင်မည်မှာကား သေချာလှသည်။
စုချန်းကော ဘာနည်းစနစ်တွေကို ရွေးချယ်ထားသနည်း။ သူသည်လည်း သူ့အတွက် သင့်တော်မည့် နည်းစနစ်တချို့ကို ရွေးချယ်ထားလေသည်။ ထိုနည်းစနစ်များမှာကား...
_______________×××_______________×××___________
နှစ်လဟူသော အချိန်ကာလသည် ဘာမှမကြာလိုက်ပေ။ နောက်ဆုံးတွင် အကဲဖြတ်ပြိုင်ပွဲ ကျင်းပမည့်နေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့၏။
စုချန်း ပေးလိုက်သည့်် မူလစွမ်းရည်များကြောင့် ချင်းလင်အာနှင့် တခြားလူများသည် မြန်မြန်ဆန်ဆန်ပင် အင်အားကြီးမားလာကြ၏။ သူတို့အားလုံးသည် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲတွင် အထင်ကြီးလောက်စရာ ရလဒ်များကို အသီးသီး ပိုင်ဆိုင်နိုင်ခဲ့ကြလေသည်။
ဝမ်တောက်ရှန်း၏ နောက်ဆုံးအကြိမ် ရလဒ်မှာ နဂါးအသွင်ပြောင်းခြင်းစာရင်းတွင် အဆင့်၉၂ ဖြစ်သည်။ ဤတကြိမ်ပြိုင်ပွဲတွင်တော့ သူသည် အဆင့်၈၀နေရာတွင် ရပ်တည်နိုင်ခဲ့၏။ ယခင်အဆင့်ထက် ၁၂ဆင့်တိတိ မြင့်မားလာခြင်း ဖြစ်သည်။
တိမ်တိုက်ကျားသစ်သည်လည်း ယခင်အကြိမ်များတွင် အဆင့်၁၅၀ပတ်ချာလည်တွင်သာ ရှိနေခဲ့သော်လည်း ဤတကြိမ်ပြိုင်ပွဲတွင် အဆင့် ၁၃၀ ရခဲ့၏။ ဤသည်မှာ သူ၏ ကျောက်စိမ်းကိုယ်ခန္ဓာနည်းစနစ်သည် တောထဲတွင် အသုံးဝင်သော်လည်း စင်မြင့်တိုက်ပွဲများတွင် အသုံးမတည့်သောကြောင့်သာ ဤအဆင့်တွင် ရပ်တည်ခဲ့ခြင်းဖြစ်စည်။ သို့မဟုတ်လျင် တိမ်တိုက်ကျားသစ်၏ ရလဒ်က ယခုထက်ပို၍ ကောင်းလာစရာ ရှိ၏။
ချင်းလင်အာ၏ အဆင့်မှာကား ၁၈၆ဖြစ်သည်။ ပထမတစ်နှစ်တွင်သာ အဆင့်၂၀၀အတွင်း ဝင်နိုင်ခဲ့ပြီး ကျန်နှစ်များတွင် ချင်းလင်အာအဖို့ နဂါးအသွင်ပြောင်းခြင်းစာရင်းထဲ မဝင်နိုင်ခဲ့သည်မှာ ကြာပြီ။ ထို့ကြောင့် ဤနှစ်အတွက် ရလဒ်ကတော့ သူမအဖို့ ကြီးမားသော အောင်မြင်မှုဟု ဆိုနိုင်၏။
တုချိန်းနှင့် ဆွန်းချီစုတို့သည်လည်း နဂါးအသွင်ပြောင်းခြင်းစာရင်းတော့ မဝင်နိုင်ကြသော်လည်း ပြိုင်ပွဲ၏ ဒုတိယအဆင့်ထိ တက်ရောက်နိုင်ခဲ့ကြ၏။ မည်သို့ဆိုစေ ဤသည်ကိုပင် သူတို့အတွက် အောင်မြင်မှုကြီးဟု သတ်မှတ်နိုင်၏။ အကြောင်းမှာ အရင်နှစ်များကဆိုလျင် သူတို့သည် ပထမအဆင့်မှာပင် အမြဲတစေ ရှုံးနိမ့်သွားတတ်ကြသောကြောင့်ပင်။
သူတို့ထဲမှ အအောင်မြင်ဆုံးလူမှာ ယွဲ့လောင်ရှဖြစ်သည်။ သူမသည် အဆင့် ၃၆တွင် ရပ်တည်နိုင်ခဲ့၏။
လူတိုင်းလိုလိုသည် သိသိသာသာပင် တိုးတက်လာကြ၏။ သို့သော် ဤအောင်မြင်မှုမှာ အစသာ ရှိပေသေးသည်။
ထိုနေ့မှစ၍ စုချန်းသည် အမျိုးမျိုးအဖုံဖုံသော သွေးဗီဇများကို ခွဲခြမ်းစိတ်ဖြာကာ သုတေသနလုပ်ငန်းများနှင့်သာ နစ်မြုပ်နေတော့သည်။ အောင်မြင်မှုအများအပြားလည်း ရရှိခဲ့၏။ ထိုသို့ အောင်မြင်မှုရရှိသည့်အကြိမ်တိုင်း သူ မလိုအပ်သည့် အရာများကို သူငယ်ချင်းများအား မျှဝေပေးခဲ့လေသည်။ သူ့အတွက် သင့်တော်မည့် အရာများကိုကား စုချန်းက သီးသန့် သိမ်းဆည်းထားလိုက်လေသည်။
သုတေသနဟူသည် ငွေကြေးအလွန်ကုန်ခန်းသော လုပ်ငန်းမျိုး ဖြစ်သည်။ စုချန်းတွင် မူလကျောက်တုံး သန်းလေးဆယ်ရှိနေသည့်တိုင် မလုံလောက်ပဲ ဖြစ်နေ၏။ နောက်ဆုံးတွင် ရှီကိုင်းဟွမ်ကိုယ်တိုင် စုချန်း၏ သုတေသနလုပ်ငန်းများအတွက် ငွေကြေးစိုက်ထုတ်ပေးခဲ့၏။ မည်သို့ဆိုစေ ငွေကုန်ကြေးကျ များလာလေလေ သူတို့၏ အောင်မြင်မှုများက ပို၍ များပြားလာလေလေပင်။
ဆဌမမြောက်နှစ်၏ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲတွင်ကား တဦးချင်းစီ၏ တိုးတက်မှုများကို သိသိသာသာပင် မြင်တွေ့ရလာ၏။
ဝမ်တောက်ရှန်းသည် ယခင် အဆင့်၈၀နေရာမှ အဆင့်၃၆သို့ တမုဟုတ်ချင်း ခုန်တက်လာခဲ့၏။ သူ၏ ကိုယ်အလေးချိန်မှာလည်း ထိန်းမနိုင်သိမ်းမရ မြင့်တက်နေခဲ့လေပြီ။
တိမ်တိုက်ကျားသစ်မှာကား အဆင့်၉၅နေရာ ရရှိခဲ့ပြီး ချင်းလင်အာသည် အဆင့်၁၅၄နေရာ ရရှိခဲ့၏။ အမှန်တော့ သူတို့နှစ်ယောက်၏ အင်အားသည် ဝမ်တောက်ရှန်းနှင့် သိပ်မကွာလှသော်လည်း သူတို့၏ နည်းစနစ်များက စင်မြင့်တိုက်ပွဲများနှင့် မဆီလျော်၍သာ အဆင့်ချင်း ဤမျှ ကွာဟသွားရခြင်း ဖြစ်သည်။
ဆွန်းချီစုနှင့် တုချိန်းတို့သည်ကား ပြိုင်ပွဲ၏ တတိယအဆင့်ထိ တက်ရောက်နိုင်ခဲ့၏။
ယွဲ့လောင်ရှသည် အဆင့်၂၄နေရာတွင် ရပ်တည်နိုင်ခဲ့လေသည်။
ဂျီဟန်းယင်။ သူမကား အဆင့်၄နေရာတွင် ရပ်တည်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီ။ ထို့ကြောင့် အဆင့်သုံးအတွင်းသို့ ဝင်ရောက်နိုင်ရန် သူမ အဆက်မပြတ် ကြိုးစားနေခဲ့၏။ သို့သော် သူမ ကျော်လွှားရမည့်နံရံမှာ အလွန်မြင့်မားနေဟန်ရှိသည်။
သတ္တမမြောက်နှစ်တွင်တော့ ဝမ်တောက်ရှန်းက အဆင့် ၁၈၊ တိမ်တိုက်ကျားသစ်က အဆင့် ၆၆၊ ချင်းလင်အာက ၁၂၅၊ တုချိန်းနှင့် ဆွန်းချီစုက ပြိုင်ပွဲ၏ စတုတ္ထအဆင့်၊ ယွဲ့လောင်ရှက အဆင့် ၁၂တို့ အသီးသီး ရရှိခဲ့ကြ၏။
အဌမမြောက်နှစ်တွင်တော့ ဝမ်တောက်ရှန်းက ယွဲ့လောင်ရှကိုပင် ကျော်တက်သွားပြီး အဆင့်၇နေရာတွင် ရပ်တည်နိုင်ခဲ့၏။ ယွဲ့လောင်ရှကတော့ အဆင့်၈နေရာသာ ရရှိခဲ့လေသည်။ သူလေ့ကျင့်ထားသော ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်း နည်းစနစ်သည် ကြောက်စရာကောင်းလှ၏။ နောက်ပိုင်းနှစ်များတွင် ဝမ်တောက်ရှန်းသည် နဂါးကျောင်းတော်၏ မသေနိုင်သောပုဂ္ဂိုလ်ဟုပင် နာမည်ကြီးလာလေသည်။
တိမ်တိုက်ကျားသစ်က အဆင့် ၄၁၊ ချင်းလင်အာက အဆင့် ၉၈ ဖြစ်လာသည်။
ဂျီဟန်းယင်၏ အဆင့်မှာကား နံပါတ်၅ ဖြစ်၏။ သူမသည် မူလအဆင့်ထက် တဆင့်ပင် နိမ့်သွားသေး၏။ ဂျီဟန်းင်တယောက် ဒေါသထွက်လိုက်သည်မှာကား ပြောစရာပင်မရှိ။
သူမကို နောက်ဘက်သို့ တွန်းပို့လိုက်သူမှာ တခြားသူမဟုတ်။ စုချန်း၏ ချစ်လှစွာသော ကုချိန်းလွှာပင် ဖြစ်သည်။ ကုချိန်းလွှာသည် အမြဲတစေ မထင်မရှား နေထိုင်တတ်သူ ဖြစ်သည်။ ဤနှစ်တွင်တော့ သူမသည် တဟုန်ထိုး တိုးတက်လာပြီး ဂျီဟန်းယင်ကို နောက်ကောက်ချကာ အဆင့်၄နေရာကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ခဲ့လေသည်။
ဤနှစ်တွင် ဆွန်းချီစုနှင့် တုချိန်းတို့ပင် နဂါးအသွင်ပြောင်းခြင်းစာရင်းအတွင်း ပထမဆုံးအကြိမ်အနေနှင့် ဝင်ရောက်နိုင်ခဲ့၏။ သူတို့နှစ်ယောက်သည် သွေးဗီဇမပါသူ ကျောင်းသားများအနက် ကြယ်နှစ်ပွင့်ရ ကျောင်းသားများ ဖြစ်လာကြလေသည်။
ယခုနှစ်သည်ကား နဝမမြောက်နှစ်ပင် ဖြစ်သည်။
နောက်ထပ် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲသည်ပင် စတင်ရန်အဆင်သင့်ဖြစ်နေခဲ့ပြီတည်း။