ရွှေရောင်အနုလက်ရာကျမ်းစာ
Vol. 27 Ch. 266
၅နှစ်ဟူသော အချိန်ကာလသည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ စုချန်း၏ ပုံစံသည် ယခင်ကနှင့် မတူတော့ပဲ ရင့်ကျက်ဟန်ပေါက်လာလေသည်။
အားမာန်အပြည့်နှင့် နုနယ်ပျိုမြစ်သော လူငယ်လေးသည် ယခုဆိုလျင် အမွေးအတောင်စုံကာ အရွယ်ရောက်လာခဲ့လေပြီ။ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွှေးများပင် ရေးရေးမျှ သန်းလာပြီး သူ့အကြည့်များမှာကား ပို၍ ငြိမ်သက်အေးချမ်းလာ၏။ ပို၍ နက်ရှိုင်းလာ၏။
ဤယနေ့တွင်တော့ စုချန်းသည် ဝိညာဉ်တည်ငြိမ်ခြင်းဆေးတဖုံကို ဖော်စပ်လျက်ရှိသည်။
မာရန်းချီသေဆုံးပြီးနောက် စုချန်းကို ဖိအားပေး၍ အကျိုးမရှိမှန်း ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ကောင်းကောင်းသဘောပေါက်သွား၏။ နောက်ဆုံးတော့ သူတို့သည် စုချန်းနှင့် သဘောတူညီချက်အသစ်တခု ရယူခဲ့၏။ ၎င်းမှာ စုချန်းအနေနှင့် အဂ္ဂိရတ်ပညာတွင် ထူးထူးခြားခြား အဆင့်မတက်သေးသ၍ တနှစ်လျင် စုစုပေါင်း ဆေးပုလင်း ၂၀၀သာ ဖော်စပ်ပေးရန် ဖြစ်သည်။
ထိုတောင်းဆိုချက်မှာ တရားလွန်ဟု မဆိုသာ။ ထိုကြောင့် စုချန်းကလည်း လိုလိုလားလားပင် လက်ခံလိုက်၏။ သဘောတူညီချက်အရ စုချန်းသည် နှစ်စဉ်နှစ်တိုင်း ဆေးပုလင်း ၂၀၀စီ ရှင်သန်ခြင်းကျောင်းတော်သို့ ပေး့ပို့ခဲ့လေသည်။ ယခုဆိုလျင် သူ့အနေနှင့် ရှင်သန်ခြင်းကျောင်းတော်ကို ပေးချေရန် ဆေးပုလင်း ၁၀၀၀သာ အကြွေးကျန်တော့သည်။ စုချန်း၏ ဆေးပညာမှာလည်း တနေ့တခြား တိုးတက်လာ၏။ လက်ရှိ သူ့လက်ရည်သည် အဂ္ဂိရတ်ပညာစဉ်၏ နောက်တဆင့်သို့ မတက်လှမ်းနိုင်သေးသည့်တိုင် ထိုအဆင့်ရှိ ပညာရှင်များကဲ့သို့ ဝိညာဉ်တည်ငြိမ်ခြင်းဆေးတဖုံကို ကောင်းကောင်းမွန်မွန် ဖော်စပ်နိုင်ခဲ့ပြီဖြစ်သည်။
စုချန်းသည် ဆေးကိုကြိုးစားဖော်စပ်နေ၏။ ထိုအခိုက်အတန့်သည် အလွန်အရေးကြီးသော အခိုက်အတန့် ဖြစ်သည်။ အနည်းငယ်မှ အတိမ်းအစောင်းခံ၍ မရ။ ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။
မမျှော်လင့်သော တံခါးခေါက်သံကြောင့် စုချန်း၏ စိတ်အာရုံသည် ရုတ်တရက်ပျံ့လွင့်သွားပြီး ပါဝင်ပစ္စည်းများရောစပ်ရာတွင် မူလစွမ်းအင်ကို အလွန်အကျွံ ပျံ့နှံ့စေမိ၏။ ရုတ်ချည်းပင် ဆေးပုလင်းအတွင်းမှ မီးခိုးငွေ့များ တထောင်းထောင်းထလာကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။
သွားပြီ။
"သေစမ်း"
စိတ်ပျက်လက်ပျက်နှင့် ကျိန်ဆဲပြီး ဆေးပုလင်းကို အသင့်ပြင်ဆင်ထားသော အမှိုက်ပုံးအတွင်းသို့ စုချန်း လျင်မြန်စွာ ပစ်ထည့်လိုက်၏။ တချိန်တည်းမှာပင် သူ့လက်ဖဝါးမှ ထွက်ပေါ်လာသော မီးတောက်မီးလျံများက ဆေးပုလင်းကို ပြာကျသွားစေလေသည်။ ဝိညာဉ်တည်ငြိမ်ခြင်းဆေး၏ အခြေခံအကျဆုံး ပါဝင်ပစ္စည်းမှာ အလောင်းကောင်ဝိညာဉ်ပန်းများ ဖြစ်လေရာ ဆေးဖော်ခြင်းသာ မအောင်မြင်ပါက ထိုမီးခိုးငွေ့များက လေထုကို အဆိပ်သင့်စေမည်ဖြစ်သည်။
နောက်ဆုံး ကျန်ရှိနေသော အပိုင်းအစတချို့ကို မီးရှို့ဖျက်ဆီးပြီးနောက် စုချန်းက တံခါးကိုဖွင့်ကာ စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"ဆေးဖော်နေတဲ့အချိန် ငါ့ကို အနှောင့်အယှက်မပေးပါနဲ့လို့ ပြောထားရဲ့သားနဲ့ကွာ"
တံခါးခေါက်သူမှာ သံမဏိဖြစ်သည်။
"ဆရာကြီးက သခင့်ကို ခေါ်နေတယ်ဗျ"
ရှီကိုင်းဟွမ် သူ့ကို ခေါ်ခိုင်းမှန်း သိသွားသောအခါ စုချန်း၏ ဒေါသသည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် မူလအဆောင်လက်ဖွဲ့အလင်းရောင်ပုံစံကွက်ခန်းမဆီသို့ ဦးတည်ကာ ခပ်မြန်မြန်လေး လျှောက်လာခဲ့လေသည်။
ခန်းမအတွင်းသို့ရောက်သောအခါ ရှီကိုင်းဟွမ်သည် ပုံစံကွက်အတွင်းဝယ် ထိုင်နေကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် ကြယ်ပွင့်လေးများသည် ပုံစံအမျိုးမျိုးနှင့် လှုပ်ရှားနေကြလေရာ ရှုပ်ထွေးသော ပန်းချီကားများ ဖြစ်ပေါ်နေသကဲ့သို့ ထင်ရ၏။ ကြမ်းပေါ်တွင်လည်း များပြားလှသော မူလပုံစံများကို ရေးဆွဲထား၏။ စုချန်းက ရှီကိုင်ဟွမ်လက်ထဲ ဘရုခ်ပုံသေနည်း ထည့်လိုက်သော်လည်း ရှီကိုင်းဟွမ်ကား ယခုတိုင် မူလပုံစံများအား ခွဲခြမ်းစိတ်ဖြာနေဆဲပင်။
"ဆရာ"
စုချန်းက ရှေ့တလှမ်းတိုးကာ ဆရာဖြစ်သူကို ဦးညွတ်လိုက်၏။
"အိုး မင်းတောင်ရောက်လာပြီပဲ ထိုင်စမ်းပါအုံး"
ရှီကိုင်းဟွမ်က ကြမ်းပြင်ကို ညွှန်ရင်း ပြောလိုက်သည်။ ဤအခန်း၌ မည်သည့်ထိုင်ခုံမှမရှိပေ။ ထို့ကြောင့် စုချန်းကလည်း ရှီကိုင်းဟွမ်ကဲ့သို့ပင် ကြမ်းပေါ်တွင် ထိုင်ချလိုက်သည်။
ရှီကိုင်းဟွမ်က စကားစသည်။
"မင်းကို ပြောစရာရှိလို့ ခေါ်လိုက်တာကွ ငါ့အနေနဲ့ သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းရဲ့ အစကိုတော့ ဆွဲမိပြီလို့ ထင်တာပဲဟေ့"
"ဟာ တကယ်လားဆရာ"
စုချန်းက ဝမ်းသာအားရနှင့် ပြောလိုက်၏။
"ဂုဏ်ယူပါတယ်ဆရာ ဂုဏ်ယူပါတယ်"
"ဒါဟာလည်း တကယ်တမ်းကျတော့ မင်းကျေးဇူးပဲကွ"
ရှီကိုင်းဟွမ်က ပြောလိုက်၏။
"ရှေးဟောင်းအာကင်နာနည်းစနစ်တွေနဲ့ လက်ရှိခေတ်သုံး မူလစွမ်းရည်တွေပေါင်းစပ်ခြင်းဟာ ငါ့အတွက် ရွေးချယ်စရာနည်းလမ်းတွေ အများအပြား ပေါ်ပေါက်လာစေတယ် ဘရုခ်ပုံသေနည်းကလည်း တကယ့်ကို အံ့သြလောက်စရာပဲကွ သူ့ရဲ့တန်ဖိုးဟာ ငါ့ရဲ့ မူလစွမ်းအင်အဆောင်လက်ဖွဲ့ပုံစံကွက်ထက်ကို မနိမ့်ဘူးဟေ့ ဒါတွေအကုန်လုံးကို ပေါင်းစပ်လိုက်တော့ ငါ့ရဲ့သုတေသနဟာ မြန်မြန်ဆန်ဆန်ကို တိုးတက်လာတော့တာပဲ ဒါပေမဲ့ ရည်ရွယ်ချက်အောင်မြင်ဖို့တော့ ခရီးရှည်ကြီးကို ဆက်လျှောက်ရအုံးမယ် လမ်းမှာ အခက်အခဲ အတားအဆီးတွေ အများကြီး ကြုံတွေ့ရအုံးမယ် ခုက အရေးကြီးတဲ့ ပြသနညတခုကို ဖြေရှင်းလိုက်နိုင်ရုံပဲ ရှိအုံးမယ် ရှေ့မှာ ပြသနာတွေ တပုံတခေါင်းကြီးဟေ့"
"ဒီတော့ ဆရာက ကျွန်တော့ကို ဘာလုပ်စေချင်တာလဲ"
စုချန်းက မေးလိုက်၏။
ရှီကိုင်းဟွမ်က ရှင်းပြလိုက်သည်။
"ဒီလိုကွ ခုဆိုရင် ငါက သွေးဗီမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ဖို့အတွက် နန်းတော်ဝင်ပေါက်အဆင့်ကို ပြီးစီးအောင်မြင်နိုင်ခဲ့ပြီ ဒါပေမဲ့ နန်းတော်ဝင်ပေါက်ကို အရိပ်ထင်စေဖို့ မူလစွမ်းအင်တွေကို အနည်ကျစေဖို့ လိုအပ်တယ်ကွ ရှေးယခင်တုန်းကတော့ လူသားတွေဟာ မူလစွမ်းအင်တွေ သိပ်သည်းလာဖို့ သွေးဗီဇစွမ်းအားကို အသုံးပြုကြတယ် ဒါကြောင့် ဒီအဆင့်ကို ကျော်လွှားဖို့အတွက် ငါတို့အနေနဲ့ ဒီထက်ကောင်းတဲ့ နည်းလမ်းတမျိုးမျိုးတော့ လိုနေပြီ"
ကျင့်ကြံခြင်းနယ်ပယ်တခုချင်းစီသည် ကြီးမားလှသော အတားအဆီးကို ကိုယ်စားပြုနေ၏။ အဆင့်တိုင်းသည် တခုနှင့်တခု ဆက်စပ်နေလေသည်။ ထို့ကြောင့် ပို၍ အဆင့်မြင့်သော ကျင့်ကြံခြင်းနယ်ပယ်တခုသ်ု့ိ ထိုးဖောက်ဝင်ရောက်ရန် မူလစွမ်းရည်တမျိုးတည်းနှင့် မလုံလောပေ။ မူလစွမ်းရည် အများအပြားပင် လိုအပ်၏။
လက်ရှိအချိန်တွင်တော့ ရှီကိုင်းဟွမ် လိုအပ်နေသည်မှာ မူလစွမ်းအင်များကို ထူထည်းသိပ်သေးစေမည့် မူလစွမ်းရည်တမျိုးကို ဖြစ်သည်။
တူညီသော မူလစွမ်းရည်တမျိုးတည်းသည်ပင် ကွဲပြားခြားနားသော ချီစွမ်းအားပညာရှင်များ၏ လက်ထဲတွင် သက်ရောက်မှုအမျိုးမျိုး ကွဲပြားသွားနိုင်၏။ ထိုသက်ရောက်မှုများကို လွှမ်းမိုးနေသော အကြောင်းချင်းရာ များစွာရှိလေသည်။ ထိုအထဲမှ တခုမှာ မူလစွမ်းရည်ကို သိပ်သည်းစေခြင်းပင် ဖြစ်သည်။
ရှီကိုင်းဟွမ်က စကားဆက်ပြန်၏။
"ဒီလိုကွ မူလစွမ်းရည်တွေဟာ ပတ်ဝန်းကျင်မှာ စတင်စုဝေးတယ် ပြီးတာနဲ့ ငါတို့ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ပေါင်းစည်းသွားတယ် ဒီနေရာမှာ နည်းစနစ်ရဲ့ အပြင်ဘက်အခြမ်းကို ငါက ဘရုခ်ပုံသေနည်းသုံးပြီး ဖြေရှင်းပြီးသွားပြီ ဒါပေမဲ့ အတွင်းဘက်အခြမ်းက ပိုပြီးခက်နေတယ် မူလအဆောင်လက်ဖွဲ့အလင်းရောင်ပုံစံနဲ့တင် မလုံလောကတော့ဘူး ဒါကြောင့် ငါ့အနေနဲ့ ပိုပြီး ကောင်မွန်တဲ့ မူလစွမ်းအင်သိပ်သည်းခြင်းနည်းလမ်းတမျိုး လိုလာတာပဲ"
"ပိုပြီးကောင်းမွန်တဲ့ မူလစွမ်းအင်သိပ်သည်းခြင်းနည်းလမ်း ဟုတ်လား ဆရာ ဒီလိုနည်းလမ်းမျိုးကို ဘယ်ကနေ ရနိုင်မလဲ တပည့်အနေနဲ့ ဆရာ့အတွက် ရှာပေးချင်ပါတယ်"
"မင်းကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ဒါပဲဟေ့ လောကကြီးပေါ်မှာ အလွန်ပြစ်ချက်ကင်းတဲ့ မူလစွမ်းအင်သိပ်သည်းခြင်းနည်းလမ်းဆိုလို့ ငါသိသလောက် သုံးမျိုးပဲရှိတယ် အဲဒီထဲက တမျိုးကတော့ ဒီ လောင်စန်းနိုင်ငံမှာပဲ ရှိနေတယ်"
"အဲဒါ ဘယ်နေရာမှာ ရှိနေတာလဲဆရာ"
"ဘုရင်မျိုးစိတ် လင်းမျိုးနွယ်စု"
ရှီကိုင်းဟွမ်က ပြန်ဖြေလိုက်သည်။
ဘုရင်မျိုးစိတ် လင်းမျိုးနွယ်စု ဆိုပါကလား....
ထိုအမည်ကို ကြားလိုက်ရသောအခါ စုချန်း မျက်လုံးပြူးသွား၏။
...ဘုရင်မျိုးစိတ်ဟူသည်...
နတ်ဆိုးသတ္တဝါဧကရာဇ်များကို ဆိုလိုခြင်းမဟုတ်ပေ။
လောင်စန်းနိုင်ငံ လက်ရှိဘုရင်၏ ဆွေမျိုးနွယ်ဖွားများကို ဆိုလိုခြင်း ဖြစ်သည်။
များပြားလှသော မျိုးနွယ်စုများအနက် မျိုးနွယ်စု ခုနှစ်မျိုးကိုသာ ဘုရင်မျိုးစိတ်ဟု သတ်မှတ်ထားလေသည်။ သူတို့သည် ခုနှစ်ပြည်ထောင်၏ အုပ်ချုပ်သူ၊ မူဝါဒကိုင်တွယ်သူများလည်း ဖြစ်ကြကုန်၏။
အလင်းနတ်ဘုရားနန်းဆက် ပျက်သုန်းသွားပြီးနောက် အင်အားအကြီးမားဆုံး၊ သြဇာအရှိဆုံး တော်ဝင်မျိုးနွယ်စု ခုနှစ်စုသည် ကျယ်ပြောလှသော နယ်မြေကြီးသည် ခုနှစ်ပိုင်း ပိုင်းလိုက်ကြ၏။
မြောက်ပိုင်းမြို့စောင့်တပ်၏ ဗိုလ်ချုပ်ဖြစ်သူ လင်းချွန်းယုသည် အလင်းနတ်ဘုရင်းအင်ပါယာ၏ မြောက်ခြမ်းကို သူ့ပိုင်နက်ဟု သတ်မှတ်ကာ ထိုနယ်မြေပေါ်တွင် လောင်စန်းနိုင်ငံကို တည်ထောင်လိုက်လေသည်။ မြို့တော်မှာကား ရှည်လျားရစ်ခွေမြို့တော် ဖြစ်လာ၏။
လောင်စန်းနိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း ၁၃၂နှစ်အကြာတွင် လင်းချွန်းယုသည် ကြီးမားလှသော စစ်တပ်ကို ဦးဆောင်ပြီး သတ်ဖြတ်သူမျိုးစိတ်များ၏ မီးလျံအသိုက်ကို ထိုးဖောက်ကာ ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်သိမ်းယူခဲ့၏။ သူတို့၏ တပ်သည် ရွှေရောင်မြစ်ကမ်းပါးထိ နယ်မြေတခေါ်ကြီးကို သိမ်းယူနိုင်ခဲ့ပြီး ထိုနေရာမှာပင် ရွှေရောင်မြစ်ခံတပ်ကို တည်ဆောက်ခဲ့လေသည်။
လောင်စန်းနိုင်ငံတော်တည်ထောင်ပြီး နှစ်ပေါင်း ၃၈၄နှစ်အကြာမှ ခံတပ်တည်ဆောင်ခြင်းကို အပြီးသတ်နိုင်ခဲ့၏။ ထို့နေ့မှစ၍ ရွှေရောင်မြစ်ခံတပ်သည် သတ်ဖြတ်သူမျိုးစိတ်များအား ခုခံရာတွင် အခိုင်အမာ ခံတပ်ကြီး ဖြစ်လာခဲ့လေသည်။
၈၆၃ခုနှစ်မြောက်တွင်တော့ လင်းချွန်းယု နတ်ရွာစံသွားပြီး လင်းလျုချင်း နန်းတက်လာ၏။ ၁၆ရာစုနှစ်တွင် လင်းလျုချင်း နတ်ရွာစံသွားပြီး လင်းပိုင်ယွန် နန်းတက်လာပြန်၏။၂၄ရာစုနှစ်တွင်တော့ လင်းမင်းချီ နန်းတက်လာလေသည်။
ယခုနှစ်သည် လောင်စန်းနိုင်ငံတည်ထောင်ပြီး ၃၁ရာစုမြောက် နှစ်ဖြစ်သည်။ လင်းမင်းချီသည် ယခုတိုင် သူ့ထီးနန်းကို မြဲမြံစွာ ထိန်းသိမ်းထားနိုင်၏။
ရှီကိုင်းဟွမ်ပြောနေသည့် ပြီးပြည့်စုံသော မူလစွမ်းအင် သိပ်သည်းခြင်းနည်းလမ်းဟူသည် လင်းမျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ် ဖြစ်သော ရွှေရောင်အနုလက်ရာကျမ်းစာ ကို ဆိုလိုခြင်း ဖြစ်သည်။
ဘုရင်မျိုးစိတ် ဖြစ်သည်နှင့်အညီ လင်းမျိုးနွယ်ဟူသည် တခြား တော်ဝင်မျိုးနွယ်စုများနှင့် လားလားမျှမတူပေ။ သူတို့သည် လောင်စန်းတနိုင်ငံလုံးကို လက်ခုပ်ထဲမှရေသဖွယ် မှောက်လိုမှောက် လှန်လိုလှန် လုပ်နိုင်သည့်အပြင် အလွန်အင်အားကြီးမားသော မူလစွမ်းရည်များနှင့် ကျင့်ကြံခြင်းနည်းလမ်းများကို ပိုင်ဆိုင်ထား၏။
စုချန်းကဲ့သို့ အလွန်ရဲရင့်သော လူစားမျိုးသည်ပင်လျင် အနီမျိုးနွယ်စုထံမှာ မူလစွမ်းရည်တမျိုးကို ရရှိအောင် အားထုတ်ရမည့်အရေးကို ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့်် တူလှသည်ဟု ကောက်ချက်ချမိလေသည်။
ကျေးဇူးတင်စရာကောင်းသည်မှာ ရှီကိုင်းဟွမ်က သူ့ကို ထိုသို့ပြုလုပ်ရန် မခိုင်းခြင်းပင် ဖြစ်သည်။ ရှီကိုင်းဟွမ်က ပြောလိုက်၏။
"သူတို့ကို လိမ်လည်လှည့်ဖျားပြီး ငါတို့လိုချင်တဲ့ နည်းစနစ်ကို ယူနေဖို့မလိုပါဘူးကွ ဘာလှည့်ကွက်မှ သုံးစရာမလိုပဲ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတမျိုး ရှိနေတယ်"
"ဘာလှည့်ကွက်မှမသုံးပဲ ဘယ်လိုယူရမလဲ ဆရာ"
ရှီကိုင်းဟွမ်က ရှင်းပြလိုက်သည်။
"ဒီလိုကွ အစောပိုင်းကာလတုန်းက ရွှေရောင်မြစ်ကမ်းစပ်မှာ အာကင်နာရှေးဟောင်းပစ္စည်းတွေကို လူတယောက်က မတော်တဆ သွားတွေ့တယ် ဒီကိစ္စကလည်း လျှို့ဝှက်ထားတာ မဟုတ်လေတော့ သတ်ဖြတ်သူတွေကလည်း ဒါကို သိသွားတယ် အဲဒီမှာတင် နှစ်ဖက်စလုံးက တပ်တွေချပြီး ကြီးမားတဲ့ တိုက်ပွဲကြီး ဖြစ်လာတော့မလို့ပဲ ဒါပေမဲ့ ရန်ဖြစ်နေမဲ့အစား အတူတကွ ပူးပေါင်းလုပ်ကြတာ ပိုကောင်းမယ်လို့ တယောက်က အဆိုပြုလာတယ်ကွ"
"ရန်ဖြစ်နေမဲ့အစား ပူးပေါင်းလုပ်ကြမယ် ဟုတ်လား ဆရာ"
စုချန်းက အံ့သြတကြီးနှင့် မေးလိုက်သည်။
ရှီကိုင်းဟွမ်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်ကွ"
"လူတွေနဲ့ သတ်ဖြတ်သူဆိုတာ တစောင်းစေးနဲ့ မျက်ချေးပဲလေဆရာ ခုကျမှ သူတို့က ဘာဖြစ်လို့ သဘောတူလိုက်ပါလိမ့်"
"အမှန်တော့ တူချင်လို့တူတာမဟုတ်ဘူးကွ အာကင်နာရှေးဟောင်းပစ္စည်းတွေကို ရှာတွေ့တဲ့နေရာဟာ သူတို့ဖက်အခြမ်းမှာမဟုတ်ပဲ ကျောက်ခဲပုတ်သင်အသိုက်မှာ ဖြစ်နေလို့သာ မတူချင်ပဲ တူလိုက်ရတာ"
စုချန်း သဘောပေါက်သွားလေပြီ။
နဂါးကျောင်းတော်တွင် နေထိုင်သည့်ကာလတလျှောက် စုချန်း သိလာသည်မှာ သတ်ဖြတ်သူများသည် လူသားများကို ရန်ပြုသကဲ့သို့ သူတို့အချင်းချင်းလည်း မတည့်ကြကြောင်းပင်။
မီးလျံအသိုက်သည် သတ်ဖြတ်သူများအနက် အင်အားအကြီးမားဆုံး ဖြစ်သော်လည်း ၎င်း၏ ပြင်ပတွင် တခြားသတ်ဖြတ်သူများ သီးသန့်အုပ်ချုပ်နေထိုင်သည့် အသိုက်ပေါင်းများစွာလည်း ရှိနေသေး၏။
ယခု အာကင်နာရှေးဟောင်းပစ္စည်းများအား တွေ့ရှိသည့်နေရာမှာ တခြားသတ်ဖြတ်သူများ နေထိုင်ရာ ကျောက်ခဲပုတ်သင်အသိုက်ထဲတွင် ဖြစ်နေသည့်သဘောပင်။
တန်ဖိုးကြီးရတနာသိုက်များ တွေ့ပါက လောင်စန်းနိုင်ငံသည် တခြားနိုင်ငံများအား အရေးတယူ အကြောင်းကြားနေမည်မဟုတ်။ ယခုလည်း ဤသဘောအတိုင်းသာ ဖြစ်သည်။ ကျောက်ခဲပုတ်သင်အသိုက်တွင်း နေထိုင်သူ သတ်ဖြတ်သူများသည် အာကင်နာရှေးဟောင်းပစ္စည်းများအား တခြားသတ်ဖြတ်သူများနှင့် ဝေငှလိုစိတ်မရှိပဲ သူတို့ တအုပ်စုတည်း လက်ဝါးကြီးအုပ်လိုနေခြင်းပင်တည်း။
အကယ်၍ တိုက်ပွဲကြီး ဖြစ်ပွားလာပါက မည်သူက အမြတ်ထွက်သွားမည်ကို ခန့်မှန်းရခက်လှသည်။ ထို့ကြောင့် ကျောက်ခဲပုတ်သင်အသိုက် သတ်ဖြတ်သူများနှင့် လူသားများသည် ဤအခြေအနေတွင် ရန်ဖြစ်နေမည့်အစား ပူးပေါင်းလုပ်ဆောင်ကြရန် ဆုံးဖြတ်လိုက်ကြပုံရသည်။
ရှီကိုင်းဟွမ်က စကားဆက်ပြန်၏။
"အငယ်တန်းမျိုးဆက်တွေကို ရတနာသိုက်ထဲ ပေးဝင်ပြီး ရတနာတွေကို ရှာဖွေခွင့်ပြုဖို့ နှစ်ဖက်လုံးက သဘောတူထားကြတယ်ကွ အဲဒီမှာ စွမ်းဆောင်ရည်ကောင်းပြသူတွေဟာ ဆုချီးမြှင့်ခြင်း ခံရလိမ့်မယ် သိပ်ပြီး အရေးကြီးတဲ့ဟာမျိုးသာမဟုတ်ရင် စိတ်ကြိုက်ဆုလဘ်တခုခုကိုလည်း တောင်းခံနိုင်တယ်"
စုချန်း သဘောပေါက်သွားပေပြီ။
"ဒီတော့ ဆရာဖြစ်စေချင်တာက ကျွန်တော်ဟာ ရတနာသိုက်ထဲ ဝင်ရမယ် ပြီးတာနဲ့ ရွှေရောင်အနုလက်ရာကျမ်းစာကို ဆုလာဘ်အဖြစ် တောင်းခံရမယ်ပေါ့ ဟုတ်လား"
"မှန်တယ် ဒီနည်းလမ်းအတိုင်းသာဆိုရင် မင်းအနေနဲ့ ဘာလှည့်ကွက်မှ သုံးနေစရာမလိုတော့ဘူး ရွှေရောင်အနုလက်ရာကျမ်းစာဟာ လင်းမျိုးနွယ် လျှို့ဝှက်နည်းစနစ်ဆိုပေမဲ့ ဒါဟာ သူတို့ပိုင်ဆိုင်ထားတဲ့ နည်းစနစ်ပေါင်းများစွာထဲက တခုသက်သက်ပဲ မင်းသာ စွမ်းဆောင်ရည်ကောင်း ပြနိုင်ခဲ့ရင် ဒီဆုလာဘ်ကို သူတို့ မငြင်းလောက်ဘူးလို့ ငါထင်တယ်"
"ဒီတော့ ကျွန်တော့အနေနဲ့ ရတနာသိုက်ထဲ ဝင်ခွင့်ရဖို့ ဘာလုပ်ရမလဲ ဆရာ"
"မင်းအနေနဲ့ ပထမဆုံး နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှာ အနိုင်ရရှိအောင် ယှဉ်ပြိုင်ရလိမ့်မယ်"