← Chapters

ပြိုင်ပွဲ ၁

Vol. 27 Ch. 267

ပြိုင်ပွဲ ၁

Vol. 27 Ch. 267

"ဘာကွ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှာ မင်း ဝင်ပြိုင်မယ် ဟုတ်လား"

ဝမ်တောက်ရှန်းက လည်ပင်း အညှစ်ခံလိုက်ရသည့် ကြက်ကလေးတကောင်ပမာ စူးရှစွာ အော်ဟစ်လိုက်၏။ အမှန်တော့ သူ့လည်ပင်းသည် အလွန်ထူထည်းကြီးမားလွန်းနေခဲ့ပြီ ဖြစ်လေရာ ကောင်းကင်ဘုံကိုဖုံးကွယ်ခြင်းလက်ချောင်းကဲ့သို့သော နည်းစနစ်မျိုးကိုသာ မသုံးပါက မည်သူတဦးတယောက်မှ သူ့လည်ပင်းကို ညှစ်နိုင်အံ့တော့မထင်။

သူသည် သူ့ကိုယ်အလေးချိန်နှင့် လားလားမှ မလိုက်ဖက်သည့် ထိုင်ခုံတလုံးပေါ်တွင် ထိုင်နေရင်း စုချန်းကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"နောက်ဆုံးတော့ ပြိုင်ပွဲဝင်ဖို့ မင်း စိတ်ကူးရလာပြီပေါ့လေ"

စုချန်းက မည်သည့်ခံစားချက်မှ မရှိသောဟန်ပန်နှင့် ပြောလိုက်သည်။

"ဒါက တကယ်တမ်းကျ ကျုပ်အတွက်မဟုတ်ပါဘူးဗျာ ကျုပ်ဆရာအဖိုးကြီးအတွက်ပါ သူက ကျုပ်ကို တခုခု လုပ်ခိုင်းချင်နေတာဗျ ဒါကြောင့် ဒီနှစ်ပြိုင်ပွဲထဲ ဝင်ပြိုင်ဖို့ ခွင့်ပြုပေးလိုက်တာ ဒါတင်မကသေးဘူး သူက ကျုပ်ကို ထိပ်ဆုံး၂၀ထဲပါ ဝင်စေချင်နေသေးတာ"

" နည်းနည်းနောနော လိုလားချက်ကြီးမှမဟုတ်တာ နဂါးကျောင်းတော်ထဲက ဘယ်သူမှ လူမိုက်မပါဘူးလို့ မင်းက မပြောလိုက်ဘူးလား"

ပြီးခဲ့သည့်နှစ်များတွင် စုချန်းသည် ကြောင်လက်သည်းဝှက်သကဲ့သို့ နေထိုင်ခဲ့လေရာ ဝမ်တောက်ရှန်းအနေနှင့် စုချန်း၏ အရည်အချင်းကို မခန့်မှန်းနိုငိတော့။ သို့သော် သူ့ဖက်က တခုသေချာသည်မှာ နဂါးကျောင်းတော်သည် တနိုင်ငံလုံးရှိ ပါရမီရှင်များ စုဝေးရာနေရာဖြစ်ကြောင်းကိုပင် ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် လူပေါ်လူဇော်လုပ်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ အထူးသဖြင့် သွေးဗီဇမပါသူတယောက်အတွက် ပို၍မလွယ်ကူပေ။

မှန်၏။ သွေးဗီဇမပါသူတယောက်အနေနှင့် နဂါးကျောင်းတော်တွင် ဆရာကြီးလုပ်ရန် မည်သို့မှ မလွယ်ကူ။

စုချန်းကိုယ်တိုင်ပင် ပြင်းထန်အားကောင်းပြီး သွေးဗီဇမလိုသည့် မူလစွမ်းရည်များကို တတ်ကျွမ်းထားသော်ငြား သွေးဗီဇအင်အားကိုတော့ ကျော်လွှားနိုင်စွမ်း ရှိသေးသည်မဟုတ်ပေ။ ထို့ပြင် စုချန်း၏ မူလစွမ်းရည်များကို ရင်ဆိုင်နိုင်သူ အများအပြားပင် ရှိနေသေး၏။ ထပ်ပြောရလျင် စုချန်း၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်သည်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ထူးထူးခြားခြား တိုးတက်ခဲ့သည်မဟုတ်ပေ။

တဖက်တွင်လည်း ထိုသို့ပြောရခြင်းမှာ ဝမ်တောက်ရှန်းက စုချန်းကို အထင်သေး၍ မဟုတ်ပေ။ ဝမ်တောက်ရှန်းအနေနှင့် စုချန်းလိုလူမျိုးကို အဘယ်မှာ အထင်သေးအံ့နည်း။ သို့သော် အဆင့်၂၀အတွင်းတော့ ဝင်ပါ့မလားဟု မယုံစားရဲပဲ ဖြစ်နေခြင်းသာ ဖြစ်သည်။

"ဘာတုန်း ခင်ဗျားကြီးက ကျုပ်ကို မယုံဘူးလား အစ်ကိုကြီးဝမ်"

"မဟုတ်သေးဘူးကွ ဒီကောင်တွေ ဘယ်လောက်ထိ သန်မာသလဲဆိုတာ ကျုပ် ကောင်းကောင်းသိတယ်ကွ ဒီကောင်တွေထဲမှာ ကျန်းချန်းအန်လို ကချောကချွတ်ကောင်တွေ တကောင်မှမပါဘူး သူတို့ တဦးချင်းစီမှာ ကြောက်စရာကောင်းတဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားကြတယ်ကွ ယေဘုယျအားဖြင့် သူတို့တတွေဟာ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်အဆင့်လောက်ကို အနိုင်ယူနိုင်လောက်တဲ့ ကောင်မျိုးတွေချည်းပဲ ကျုပ်ဆိုလိုတာ ဘာသဘောလဲ မင်း သိပါတယ်နော်"

"ကျုပ် သိပါတယ် ဒါပေမဲ့ ကျုပ်က ခင်ဗျားကြီးကို ရိုက်ပုတ်နိုင်ရင် ပြိုင်ပွဲမှာလဲ အဆင်ပြေလောက်မယ် အောက်မေ့တာပဲဗျ"

စုချန်း၏ စကားကြောင့် ဝမ်တောက်ရှန်း အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းပြီလေ ဒါဆိုလည်းစမ်းကြည့်မယ်ကွာ ကျုပ်က ဒီမှာရပ်နေမယ် မင်းက ကျုပ်ကို ဆယ်ချက်နဲ့ လဲအောင်တိုက်ခိုက်နိုင်ရင် မင်းမှာ အင်အားလုံလောက်တယ်လို့ ကျုပ် ဝန်ခံလိုက်မယ်"

"ခင်ဗျား သေချာတယ်နော်"

စုချန်းက မျက်လုံးပြူးကာ မေးလိုက်သည်။

"သိပ်ကိုသေချာတယ်ကွာ"

ဝမ်တောက်ရှန်းက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ ဒါဆိုလည်း ခင်ဗျား ကိုယ်အလေးချိန်လျော့သွားအောင် ကျုပ် လုပ်ပေးရတော့မှာပေါ့"

စကားဆုံးသည်နှင့် စုချန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာမှာကား ပြုံးစေ့စေ့ ဖြစ်နေ၏။

သိပ်မကြာမီ မူလစွမ်းအင်မျှော်စင်အတွင်းမှ ဝမ်တောက်ရှန်း၏ ငယ်သံပါအောင် အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။

________________×××______________×××___________

နောက်ဆုံးတွင်တော့ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ ကျင်းပမည့်အချိန်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ဤတကြိမ်သည် စုချန်းအဖို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်လေရာ လူတိုင်းလိုလိုသည် အထူးပင် စိတ်ဝင်စားနေကြ၏။ ရှစ်နှစ်တိုင်တိုင် ပုန်းအောင်းနေခဲ့ပြီးမှ နောက်ဆုံးတော့ လူလုံးပြရန် စုချန်းအဖို့ သတ္တိမွေးနိုင်ခဲ့ပြီမဟုတ်ပါလော။ အနည်းဆုံးတော့ သူတို့အနေနှင့် အတင်းပြောရကျိုး နပ်လေပြီ။

လူတိုင်း၏ ပါးစပ်ဖျားတွင် စုချန်းသည် ရေပန်းစားနေ၏။ ဤတကြိမ်တွင်တော့ ပြိုင်ပွဲဝင်ရန် သတ္တိမွေးနိုင်ခဲ့ပြီဟု ပြောဆိုကာ စုချန်းကို မေးငေါ့ရင်း လှောင်ပြောင်နေကြလေသည်။ ပြိုင်ပွဲတွင် စုချန်း အဆင့်တခုခု ချိတ်လိမ့်မည်ဟု မည်သူမှ မထင်ကြပေ။ သူတို့၏ စိတ်ထဲတွင် စုချန်းကား ကြွေသွားသော ကြယ်တပွင့်မျှသာ ဖြစ်လေသည်။

နှစ်တနှစ်၏ ပျမ်းမျှကျောင်းသားဦးရေမှာ ၂၅၀၀ခန့် ရှိ၏။ ထို့ကြောင့် အုပ်စုတစုလျင် ၂၅၀နှင့် အုပ်စု ၁၀စုခွဲပြီး ပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။ အုပ်စုတစုစီ၏ ထိပ်ဆုံး အယောက် ၂၀သာလျင် ထိပ်ဆုံးအဆင့်ကို တက်ရောက်ခွင့််ရှိသည်။ ထိုကျောင်းသားစုစုပေါင်းအယောက်၂၀၀သည် ၎င်းတို့၏ ရမှတ်အလိုက် နဂါးအသွင်ပြောင်းခြင်းစာရင်းတွင် ပါဝင်ခွင့်ရကြလေသည်။

ပြိုင်ပွဲဝင်ကျောင်းသားဦးရေမှာကား အထူးပင် များပြား၏။ ထို့ကြောင့် နဂါးကျောင်းတော်အနေနှင့် လူတိုင်းကို တန်းတူအခွင့်အရေး ပေးမထားချေ။ ထိုအခါ ကျောင်းတော်က ယခင်နှစ်များမှ ထိပ်ဆုံး အယောက်၁၀၀ကို အုပ်စု ၁၀စုထဲတွင် အညီအမျှ ခွဲဝေချထားလိုက်၏။ ၎င်းတို့သည် ရှုံးထွက်ပြိုင်ပွဲ၏ စတုတ္ထနှင့် ပဉ္စမအဆင့် ပြိုင်ပွဲများကို အလိုအလျောက် ဝင်ခွင့်ရရှိထားလေသည်။ ပြိုင်ပွဲ အဆင့်သုံးဆင့်ကို ဖြတ်ကျော်စေပြီး ကျန်ကျောင်းသား ၂၄၀အနက် ၃၀ကို ထပ်မံရွေးထုတ်ပြန်၏။ ထိုကျောင်းသားသုံးဆယ်နှင့် ကြိုတင်ရွေးချယ်ထားသော ကျောင်းသား ၁၀ယောက်၊ ပေါင်း၄၀မှ အယောက်၂၀သာလျင် ထိပ်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

စုချန်းကား အုပ်စု၄တွင် ကျရောက်နေ၏။ တိမ်တိုက်ကျားသစ်လည်း စုချန်းနှင့် တအုပ်စုတည်းပင် ဖြစ်သည်။ သို့သော် တိမ်တိုက်ကျားသစ်ကား ယမန်နှစ်က ထိပ်ဆုံးအယောက်၁၀၀ထဲ ဝင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် အစောပိုင်းပြိုင်ပွဲသုံးဆင့်တွင် ဝင်ပြိုင်စရာမလို။ စုချန်းကတော့ ပြိုင်ပွဲ၏ ပထမအဆင့်မှစတင်၍ ယှဉ်ပြိုင်ရလေသည်။

သို့သော် စတုတ္ထအဆင့်ကျမှ ဝင်ပြိုင်မည့်သူ တိမ်တိုက်ကျားသစ်အား ညွှန်ကြားနေသူမှာကား ပထမအဆင့်ကပင် စတင်ယှဉ်ပြိုင်ရမည့် စုချန်း ဖြစ်နေသည်ကတော့ အံ့သြစရာပင်။

"တိမ်တိုက်ကျားသစ် ဒီနှစ်တော့ ထိပ်ဆုံးအယောက်၂၀ထဲ မဝင်ဝင်အောင်လုပ်ကွာ"

အုပ်စု၄သည်ကား ဆူဆူညံညံနှင့် ပျားပန်းခတ်မျှ ရှုပ်ထွေးလျက်ရှိချေပြီ။

ထိုနေရာတွင် စင်မြင့် ၈စင်တိတိ ရှိနေပြီး စင်မြင့်အသီးသီးတွင် ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ပြိုင်ဘက်အသီးသီးနှင့် ယှဉ်ပြိုင်နေကြ၏။ စင်၏ ပတ်ပတ်လည်တွင်ကား ပြိုင်ပွဲကို ကြည့်ရှုနေကြသော ကျောင်းသားထုကြီး ရှိနေ၏။ ၎င်းတို့သည် ပြိုင်ဘက်များ၏ အားသာချက်၊အားနည်းချက်တို့ကို မပြတ်တမ်း မှတ်တမ်းတင်နေကြလေသည်။

စုချန်းသည် တိမ်တိုက်ကျားသစ်ကို စကားပြောနေရင်း ပြိုင်ပွဲဝင်များတိုက်ခိုက်နေကြသည်ကို စောင့်ကြည့်ကာ မိမိနာမည်အား ခေါ်မည့်အချိန်ကို စောင့်စားလျက်ရှိ၏။

စုချန်း၏ စကားကြောင့် တိမ်တိုက်ကျားသစ်က မျက်မှောင်ကုတ်လိုက်၏။

"စင်ပေါ်မှာက နေရာကန့်သတ်ချက်ရှိတယ်ကွ ဒါကြောင့် ငါ့အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရဘူးဖြစ်နေတယ် ပြီးတော့ ငါမကြိုက်တာက စည်းကမ်းချက်တွေများလွန်းတယ် ဥပမာ ငါ့အနေနဲ့ ပြိုင်ဖက်ရဲ့ မျက်လုံး၊ခွကြား၊သေစေနိုင်တဲ့ နေရာတွေကို တိုက်ခိုက်လို့မရဘူး စသဖြင့်ပေါ့ ပြီးတော့ ဒဏ်ရာလေးနည်းနည်းရတာနဲ့ ရှုံးသွားပြီတဲ့ကဲ သွေးကိုယ်ခန္ဓာနည်းစနစ်အရ ငါဟာ ဒဏ်ရာရလေလေ အားကောင်းလာလေလေပဲ ဒါပေမဲ့ ဒီမှာတော့ နည်းနည်းပါးပါး ထိခိုက်မိတာနဲ့ အရှုံးပေးလိုက်ရပြီ ပြီးခဲတဲ့ တခေါက်တုံးကတောင် ကံကြီးလို့ အဆင့်၄၁ ရတာကွ"

အမှန်တော့ တိမ်တိုက်ကျားသစ်သည် စကားများများ ပြောတတ်သူမဟုတ်။ ဤတကြိမ်တွင်တော့ အတော်လေး နေမထိထိုင်မသာ ဖြစ်နေ၍သာ ပြောလိုက်ဟန်ရှိသည်။

"မင်းမှန်တယ်"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒါဟာ မင်းအတွက် အတော်လေးခက်ခဲလိမ့်မယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ရတနာသိုက်ထဲ ဝင်ခွင့်ရဖို့အတွက် ငါ့အနေနဲ့ ဒီပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြဖို့ လိုနေတယ်ကွ အဲဒါကမှ တကယ့်တိုက်ပွဲ ဖြစ်လာလိမ့်မယ် ရတနာသိုက်ထဲ သွားခွင့်ရမဲ့လူတွေထဲမှာ မင်းပါမှ ငါ့အတွက် အကူအညီ ရလိမ့်မယ်"

"အဲဒီမှာ တကယ့်တိုက်ပွဲနဲ့ ကြုံရမယ်ဆိုရင် လူရွေးတဲ့အခါမှလည်း တကယ့်တိုက်ပွဲနဲ့ပဲ ရွေးသင့်တာပေါ့ ခုကျတော့ ဘာဖြစ်လို့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်နေတာလဲမသိဘူး"

တိမ်တိုက်ကျားသစ်က မျက်မှောင်ကုပ်ရင်း ပြောလိုက်၏။

"တကယ့်တိုက်ပွဲတွေမှာ ဒဏ်ရာရဖို့ သေသွားဖို့ အင်မတန် လွယ်ကူတယ်ကွ ခုလိုအချိန်မှာ ဒဏ်ရာရကုန်လို့ကတော့ အလကားပေါ့ကွာ"

တိမ်တိုက်ကျားသစ်ကို ရှင်းပြနေရင်း စုချန်း ခေါင်းကိုက်လာ၏။

တိမ်တိုက်ကျားသစ်မှအပ တကယ့်တိုက်ပွဲများတွင် အင်အားကြီးမားသူဟူ၍ ချင်းလင်အာသာ ကျန်တော့သည်။ သို့သော် သူမ၏ အနေအထားက တိမ်တိုက်ကျားသစ်ထက် များစွာ ဆိုးဝါးနေ၏။ တိမ်တိုက်ကျားသစ်အနေနှင့် အဆင့်၂၀အတွင်းဝင်ရန် အခွင့်အရေး အနည်းငယ်ရှိသော်လည်း ချင်းလင်အာအဖို့မှာကား မျှော်လင့်နေရန်သာ ရှိသည်။ သူမ၏ ယခင်အဆင့်က ၉၈ ဖြစ်သည်။ ထို့ကြောင့် မည်မျှပင် ကြိုးစားစေကာမူ အဆင့်၂၀အတွင်း ဝင်ရန် လုံးဝမဖြစ်နိုင်။

"နံပါတ် ၃၄ စုချန်း အလှည့်ကျပြီ"

တစုံတယောက်၏ အော်သံ ထွက်ပေါ်လာ၏။

ဤတပွဲကား စုချန်း၏ ပထမတိုက်ပွဲ ဖြစ်သည်။ သူက မျက်မှောင်ကုပ်ကာ စင်မြင့်ဆီသို့ လျှောက်သွားလိုက်၏။ သူ့စိတ်ထဲတွင်တော့ တိမ်တိုက်ကျားသစ်၏ ပြသနာအတွက် အဖြေကို စဉ်းစားနေလေသည်။

စုချန်း၏ ပြိုင်ဘက်မှာ အရပ်ပုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော ပုံစံရှိ၏။ သူက စုချန်းကို တွေ့သည်နှင့် အားရပါးရ ရယ်မောလိုက်သည်။

"နဂါးကျောင်းတော်ရဲ့ နာမည်အကြီးဆုံး ငကြောက်နဲ့တွေ့ရတာ ငါ့အဖို့ ကံကောင်းတာပဲ မင်းကိုကြည့်ရတာ အတော်လေးကို သောကများနေဟန်တူတယ် ဘာလဲ ကြောက်နေပြီလား ကြောက်ရင်လဲ ကိုယ့်ကိုယ်ကို အမှိုက်......"

ထိုသူ စကားမဆုံးလိုက်ပါ။ စုချန်း၏ လက်ထဲမှ မီးလျံငှက်တကောင် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

သူကလည်း မခေ။ ချက်ချင်းပင် အကာအကွယ်ကို နှိုးဆွပြီး ခုခံလိုက်၏။ မီးလျံငှက်သည် အကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွား၏။ မီးတောက်မီးလျံများသည် ထိုသူ၏ တကိုယ်လုံးကို ရိုက်ခတ်သွားပြီး လေထွားရှာသော ကိုယ့်ဆရာ မျက်ဖြူလန်ကာ တခါတည်း မေ့လဲသွားရှာလေသည်။

စုချန်းကား ပထမတပွဲကို အလွယ်တကူပင် ဖြတ်ကျော်နိုက်ခဲ့လေပြီ။

မှတ်ချက်။ သွေးကိုယ်ခန္ဓာနည်းစနစ်ကို တိမ်တိုက်ကျားသစ်က ရှီကိုင်းဟွမ်ထံမှ သင်ယူထားခြင်း ဖြစ်သည်။

All Chapters