← Chapters

ပြိုင်ပွဲ ၂

Vol. 27 Ch. 268

ပြိုင်ပွဲ ၂

Vol. 27 Ch. 268

ပထမအဆင့် ရှုံးထွက်ပြိုင်ပွဲ၃ဆင့်မှာ စုချန်းအတွက် အနည်းငယ်မှပင် စိတ်ပူစရာမလိုချေ။ ထို့ကြောင့် စုချန်းက ထိုကိစ္စကို အချိန်ကုန်ခံ၍ စဉ်းစားနေခြင်းပင် မရှိ။ သို့သော် တိမ်တိုက်ကျားသစ်၏ ပြသနာကတော့ သူ့ကို အတော်လေး ခေါင်းစားစေခဲ့လေသည်။

ထိုအတွက်ကြောင့် ရှုံးထွက်ပြိုင်ပွဲ၃ဆင့်ကို ယှဉ်ပြိုင်နေစဉ်မှာပင် သူ့မျက်နှာသည် မှုန်ကုပ်ကုပ်ဖြစ်နေ၏။ အထူးပင် တည်ကြည်လေးနက်နေ၏။ ထိုအခါ သူ့ပုံစံက လာမည့်ပြိုင်ပွဲများနှင့်ပတ်သက်၍ အကြီးအကျယ် စိတ်ပူဟန်ပေါ်နေတော့သည်။

သို့သော် ထိုအမူအရာကြောင့် စုချန်းကို လျှော့တွက်နေသူတိုင်းသည် ပေါက်ကွဲနေသော မီးလျံငှက်ကြောင့် ခြေကားယားလက်ကားယားနှင့် လွင့်ထွက်ကုန်ကြလေသည်။

ပထမအဆင့် ပြိုင်ပွဲ၃ပွဲတွင် စုချန်းသည် ပြိုင်ဘက်သုံးယောက်ကို ရှင်းပစ်ရန် မီးလျံငှက်ခုနှစ်ကောင်သာ ထုတ်သုံးခဲ့ရ၏။ နောက်ဆုံးပြိုင်ဘက်မှာကား အတော်လေး အင်အားကြီးမားလေရာ စုချန်းအဖို့ ထိုတယောက်တည်းနှင့် မီးလျံငှက်လေးကောင် ထုတ်သုံးခဲ့ရ၏။ ထိုပြိုင်ဘက်သည် မီးလျံငှက်များကိုရှောင်တိမ်းနိုင်သည့်အပြင် ပြန်လည်တုံ့ပြန်နိုင်ခဲ့၏။

စတုတ္ထအဆင့်ပြိုင်ပွဲကိုကား သုံးရက်မြောက်နေ့မနက်တွင် ဆက်လက်ကျင်းပလေသည်။

ပြိုင်ပွဲ၏ စည်းမျဉ်းအရ ပြိုင်ပွဲဝင် အယောက်၄၀စီ အတွဲလိုက်ယှဉ်ပြိုင်သွားရပေလိမ့်မည်။ ရှုံးနိမ့်သူများမှာကား ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ရန် နောက်ဆုံးအခွင့်အရေး တကြိမ်စီ ပြန်လည်ရရှိပေလိမ့်မည်။ သူတို့သည် နောက်တကြိမ် အတွဲလိုက် ထပ်မံယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ထိုအထဲမှ အနိုင်ရရှိသူငါးယာက်သည် မူလ အယောက်၂၀ထဲမှ မိမိကြိုက်နှစ်သက်ရာလူကို စိန်ခေါ်ခွင့်ရှိကာ အနိုင်ရရှိပါက ထိုအယောက်၂၀ထဲတွင် ပါဝင်ခွင့်ရသွားပေလိမ့်မည်။

စုချန်း ပထမဆုံး ယှဉ်ပြိုင်ရမည့်သူမှာ လုံးဝန်းသော မျက်နှာနှင့် ကြီးမားသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းကလေးတယောက်ဖြစ်သည်။

မိန်းကလေးသည် ချောမောလှပေပေ၏။ သို့သော် စကားပြောပုံကတော့ မောက်မာလှသည်။

"ကျွန်မဟာ ကြီးမြတ်တဲ့ ဝမ်ယုဟွဲ့ပဲ ကျွန်မရဲ့လမ်းကို ဘယ်သူမှ လာပိတ်လို့မရဘူး လာပိတ်တဲ့သူ သေရမယ်"

စုချန်းကား ဘာမှပြန်မပြော။ ကိုယ့်ကိုယ်ကို ယုံမှားလွန်နေဟန်ရှိသော မိန်းကလေးကို ကြည့်ကာ ခပ်မဆိတ်သာ ရှိလေသည်။

မည်သို့ဆိုစေ မိန်းကလေးသည် စွမ်းရည်တစုံတရာတော့ ရှိပံပေါ်သည်။ သူမ၏ မိုးစက်ဓားကလည်း မိုးသီးမိုးပေါက်များ ကျလာသည်နှင့် တူလှ၏။ စင်အောက်မှ သူမ၏ ပရိသတ်များမှာကား သူမကို အော်ဟစ်အားပေးနေကြလေသည်။

ပြိုင်ဘက်၏ အထင်ကြီးစရာကောင်းသောဟန်ပန်က စုချန်းကို လှည့်ကွက်အသစ်တချို့ ထုတ်သုံးစေရန် ဖိအားပေးသလို ဖြစ်နေ၏။

မင်းက မိုးရွာတာကို ကြိုက်တယ်ပေါ့ ဟုတ်လား....

ဒါဆိုရင် ငါကလည်း ပိုပြီးပျော်စရာကောင်းသွားအောင် လေတွေ မိုးကြိုးတွေ ထပ်ပေါင်းပေးရမှာပေါ့...

အတွေးနှင့်အတူ စုချန်းသည် မိုးကြိုးဓားကို ပထမဆုံးအကြိမ် ထုတ်ဖော်အသုံးပြုလိုက်၏။ လက်ရှိအချိန်တွင် စုချန်း၏ မိုးကြိုးဓားသည် အောင်မြင်မှု ကြီးကြီးမားမား ရရှိနေခဲ့ပြီ ဖြစ်သည်။ တိုက်ကွက် စတင်ထွက်ပေါ်လာသည်နှင့် မိုးခြိမ်းသံများ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပေါ်ပေါက်လာပြီး တိမ်တိုက်များနှင့် မိုးရေစက်များကို ပြန့်ကျဲပြိုကွဲသွားစေ၏။ မိန်းကလေး၏ တိုက်ခိုက်မှုများအားလုံးသည် တကွက်တည်းနှင့် ချေဖျက်ခံလိုက်ရလေပြီ။

သို့သော် ဤအဆင့်ထိ ရောက်လာသူတိုင်းသည် နှယ်နှယ်ရရ မဟုတ်ကြပေ။ စွမ်းရည်ကိုယ်စီတော့ ရှိကြသည်သာ။ မိမိ၏ မိုးစက်ဓား ရပ်တန့်သွားသည်ကို မြင်တွေ့ရသည်နှင့် မိန်းကလေးသည် ချက်ချင်းလိုလိုပင် နောက်ထပ်ဓားတချောင်းကို ဆွဲထုတ်ပြီး နေနှင့်လ နှစ်ပါးဆိုင်ဓားနည်းစနစ်ကို ထုတ်သုံးလိုက်တော့သည်။

လက်စသတ်တော့ မိန်းကလေးသည် ဓားနှစ်လက်ပညာရှင်ပေတကား။။

အကဲဖြတ်ပြိုင်ပွဲများတွင် လက်နက်ကို အသုံးပြုခွင့် ပေးထား၏။ သို့သော် ကျောင်းဝင်ခွင့်ပြိုင်ပွဲကဲ့သို့ပင် မူလကိရိယာအသုံးပြုခွင့်ကိုတော့ ကန့်သတ်ထားလေသည်။

အမှန်တော့ စုချန်းကိုယ်တိုင်လည်း နောက်ပိုင်းကာလများတွင် မူလကိရိယာများကို သိပ်ပြီး အားကိုးလေ့မရှိတော့။ ယခု မိန်းကလေးက သူ့ကို ဓားနှင့် တိုက်ခိုက်လာသောအခါ တုန့်ပြန်ရန် အကောင်းဆုံးနည်းလမ်းကို ရုတ်တရက် ဝေခွဲမရပဲ ဖြစ်နေလေသည်။

ဤမိန်းကလေးကို ဓားနှင့်ပင် ပြန်တိုက်ရင် ကောင်းမလား...

ဒါမှမဟုတ် အခြားတခုခုနှင့် တုံ့ပြန်ရင်ကောင်းမလား...

စုချန်းက သူမ၏ တိုက်ခိုက်မှုကို ပြန်လည်တိုက်စစ်ဆင်ခြင်းမရှိပဲ ရှောင်တိမ်းနေသည်ကို မြင်တွေ့လိုက်ရသောအခါ မိန်းကလေး၏ စိတ်ထဲတွင် စုချန်းကို အပြတ်ရှင်းပစ်နိုင်တော့မည်ဟု ယူဆသွားလေသည်။ ထိုအခါ သူမက စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်၏။

"စုချန်း ရှင်ဟာ ဓားနှစ်လက်ဘုရင်မရဲ့ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး ဒါပေမဲ့ ရှင့်မှာ အစွမ်းအစတချို့ ရှိနေပုံပေါ်တော့ ကျွန်မက အခွင့်အရေးတခု ပေးလိုက်မယ် ရှင်သာ ဒူးထောက်ပြီး အညံ့ခံမယ်ဆိုရင် ရှင့်ကို ကျွန်မရဲ့ အစေအပါးအဖြစ်......"

မိန်းကလေး၏ ရင့်သီးလှသော စကားကို ကြားလိုက်ရသောအခါ စုချန်း၏ စိတ်ထဲတွင် သူသည် အလကားသက်သက် အချိန်ဖြုန်းနေသည်ဟု ခံစားလိုက်ရလေသည်။

ဒီ လေကြီးတဲ့ကလေးမကိုတော့ တချက်တည်းနဲ့ မှတ်လောက်သားလောက်အောင် လုပ်ပေးမှရတော့မယ်...

ထိုအတွေးပေါ်လာသည်နှင့် စုချန်းသည် ဆက်လက်ရှောင်တိမ်းခြင်းမပြုတော့ပဲ မိန်းကလေးကို လက်ဝါးနှင့် ရိုက်ချလိုက်၏။ လက်ဝါးရိုက်ချက်သည် အကြားအလပ်မရှိအောင် ဖြန့်ကျက်ထားသော ဓားလိပ်ကာကြီးကို ကျော်ဖြတ်ကာ မိန်းကလေး၏မျက်နှာဆီသို့ တမုဟုတ်ချင်း ဝင်ရောက်လာ၏။ လက်ဝါးသည် ပစ်မှတ်ကို ကျကျနနပင် ထိမှန်သွားလေသည်။ မိန်းကလေးသည် လေထဲတွင် ကျွမ်းပစ်ကာ စင်အောက်သို့ ဒလိန့်ကောက်ကွေးနှင့် ပြုတ်ကျသွားရှာ၏။ သူမ၏ သွားနှစ်ချောင်းမှာလည်း သွင်သွင်ကျိုးသွားလေသည်။

မိန်းကလေးသည် ဤအခြေအနေမျိုးကို လုံးဝမျှော်လင့်မထား။ သွားပြီ။ ဓားနှစ်လက်ဘုရင်မ၏ အိပ်မက်ကား ရစရာမရှိအောင် ကျိုးပဲ့ကြေမွသွားခဲ့ရလေပြီ။ မိန်းကလေး၏ မျက်လုံးအစုံမှ မျက်ရည်များ စီးကျလာ၏။

ပြိုင်ပွဲပေါင်း၂၀ကျင်းပပြီးနောက် အနိုင်ရရှိသူ အယောက်၂၀ ပေါ်ထွက်လာ၏။ ရှုံးနိမ့်သူများမှာကား နောက်ဆုံးအခွင့်အရေးအတွက် အတွဲလိုက် ဆက်လက်ယှဉ်ပြိုင်ကြရပြန်သည်။ ထိုအထဲမှ နောက်ဆုံး အနိုင်ရရှိသူငါးယောက် ထွက်ပေါ်လာ၏။ ထိုငါးယောက်သည် မူလ အယောက်၂၀ထဲမှ မိမိနှစ်သက်ရာ ပြိုင်ပွဲဝင်ငါးယောက်ကို စိန်ခေါ်ခွင့်ရှိလေသည်။

ပထမဆုံး စိန်ခေါ်သူက ရှေ့သို့ ခြေတလှမ်းတက်ပြီး စုချန်းကို ညွှန်ပြလိုက်သည်။

"ကျုပ်က မင်းကို စိန်ခေါ်တယ်"

ယုတ္တိဗေဒအရ တွေးလျင် စိန်ခေါ်သူသည် အားအနည်းဆုံးဟု ယူဆရသူကိုသာ စိန်ခေါ်မည်ဖြစ်သည်။ ယခုလည်း စုချန်းကို စိန်ခေါ်လိုက်သူက စုချန်းအား အချိုအချောင်ဟု ယူဆကာ စိန်ခေါ်လိုက်ပုံရသည်။ သို့သော် ထိုအတွေးမှာ အံ့သြစရာမဟုတ်ပေ။ စုချန်းသည် ရှစ်နှစ်တိုင်တိုင် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲကို ရှောင်လွှဲနေခဲ့သူ ဖြစ်သည်။ စုချန်းမှ အချိုအချောင်မဟုတ်လျင် တခြား ဘယ်သူ ရှိမည်နည်း။

စုချန်းအနေနှင့် ပြိုင်ပွဲတချို့ကို အနိုင်ရရှိခဲ့ပြီးဖြစ်သည်။ သို့သော် သူသည် အရိုးရှင်းဆုံးနည်းလမ်းများကိုသာ အသုံးပြုခဲ့လေရာ တဖက်လူများ၏ အမြင်တွင် စုချန်းသည် အင်အားကြီးမားသော မူလစွမ်းရည်တချို့ကို ပိုင်ဆိုင်ထားသော်လည်း ထင်သလောက်အားမကောင်းဟု ထင်မြင်ယူဆသွားစေ၏။

အမှန်တော့ သူ့ကို ထိုသို့ မြင်စေပြီး ပြိုင်ဘက်များကို အငိုက်ရစေရန် စုချန်းက တကူးတက ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သို့သော် သူသည် အလွန်အင်အားကြီးမားသူဖြစ်ကြောင်း၊ ပြိုင်ဘက်များအနေနှင့် သူ့ကို အလေးအနက်ထား၍ ယှဉ်ပြိုင်သင့်ကြောင်း တကူးတက လိုက်ပြောနေရအောင်လည်း စုချန်းက မမိုက်သေး။ သူသာ ဆန္ဒရှိလျင် ဤတချက်ကို ဝှက်ဖဲအဖြစ်သုံး၍ပင် ပြိုင်ဘက်များကို အလဲထိုး၍ ရနိုင်သေးသည်။

မည်သို့ဆိုစေ အများစုအမြင်တွင်ကား စုချန်းသည် ယခုတိုင် ငကြောက်တကောင် ဖြစ်နေဆဲသာ။ ဤအနေအထားတွင် စိမ်ခေါ်သူက စုချန်းအား ရွေးချယ်ခြင်းမှာ အလွန်ဖြစ်သင့်သော ကိစ္စဖြစ်သည်။

စုချန်းအား စိန်ခေါ်လာသူသည် အလွန်အသားညိုပြီး ကြံ့ခိုင်သန်စွန်း၏။ ကျောပေါ်တွင်လည်း ကြီးမားသော ဓားကြီးတလက်ကို လွယ်ပိုးထားလေသည်။

ဤတကြိမ်တွင်တော့ စုချန်း၏ ပြိုင်ဘက်က ဓားကိုဆွဲမထုတ်ပဲ အထင်သေးသောလေသံနှင့် ပြောလိုက်သည်။

"မင်းအနေနဲ့ အရှုံးပေးလိုက်ဖို့သင့်တယ် မင်းဟာ ငါ့ပြိုင်ဘက် မဟုတ်ဘူးကွ"

ဤတပွဲသည် သူနှင့် နဂါးအသွင်ပြောင်းခြင်းစာရင်းအကြား တခုတည်းသော အတားအဆီးဖြစ်လေရာ သူသည် အလွန် သတိကြီးကြီးထားနေဟန်ရှိသည်။ ဤတပွဲကိုသာ အနိုင်ရရှိခဲ့လျင် သူ့အနေနှင့် နဂါးအသွင်ပြောင်းခြင်းစာရင်းသို့ ဝင်ရောက်နိုင်ပြီ။ အထက်တန်းလွှာကျောင်းသာတယောက် ဖြစ်ပြီ။ ရှုံးနိမ့်သွားလျင်တော့ သူသည် ဘာကောင်မှမဟုတ်တော့။

ထို့ကြောင့် သူသည် စတိုက်ပြီဟေ့ ဆိုသည်နှင် ရှိသမျှအင်အားကို ထုတ်ဖော်လိုက်တော့သည်။

ကြီးမားလှသော ဓားကြီးသည် လေထဲကို ထိုးခွဲကာ ရှေ့သို့ တိုးဝင်လာပြီး အပေါ်မှအောက်၊ အောက်မှအပေါ် လူးလားပျံသန်းသွား၏။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်၏ ။ တိကျ၏။ ဓားချက်တိုင်းသည် စုချန်းကို လဲကျသွားစေရန် ရည်ရွယ်လေသည်။

စုချန်းကိုယ်တိုင်လည်း ဤတယောက်ကိုတော့ အတော်လေး သတိကြီးကြီးထားကာ ရင်ဆိုင်ရသည်။ ဤတကြိမ်ပြိုင်ဘက်သည် ကနဦး မိန်းကလေးထက် အင်အားကြီးမားနေသည်မဟုတ်ပါလား။ အင်အားကြီးမားသည်နှင့်အမျှ သတိလည်းကြီးပုံရသည်။

ဓားချက်ဝင်လာသည်နှင့် စုချန်းက နောက်သို့ ခုန်ဆုတ်လိုက်သည်။ ရိုးရိုး ဆုတ်ခြင်းတော့မဟုတ်။ မြူခိုးကြားထဲမှ မြွေခြေလှမ်းကိုအသုံးပြုကာ နောက်ဆုတ်လိုက်ခြင်း ဖြစသည်။ တချိန်တည်းမှာပင် သူက မီးလျံသိမ်းငှက်ကို ထုတ်ဖော်လိုက်လေသည်။

စုချန်း၏ ဤတကွက်သည် ရိုးရှင်းသလောက် အလွန်လက်တွေ့ကျသော အကွက်ဖြစ်သည်။ မြွေခြေလှမ်းကို အသုံးပြုကာ ပြိုင်ဘက်နှင့် သူ့အကြား အကွာအဝေးကို ချဲ့ပစ်လိုက်သည့်အချိန်မှာပင် သူ့အနေနှင့် အဝေးရောက်တိုက်ခိုက်ရေးနည်းလမ်းကို အသုံးပြုရန် အခွင့်အရေး ရသွားခဲ့ပြီဖြစ်သည်။

အကယ်၍ ချီစွမ်းအားပညာရှင်များတွင်သာ အဆင့်များခွဲထားပါက စုချန်းသည် မှော်ဆရာအဆင့်တွင် ရှိပေလိမ့်မည်။ သူသည် ပြိုင်ဘက်များကို အနီးကပ်စရာမလိုပဲ အဝေးမှပင် တိုက်ခိုက်နိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် စင်မြင့်တိုက်ပွဲများတွင် အကွာအဝေး ကန့်သတ်ချက်ရှိ၏။ ထို့ကြောင့် ဤအနေအထားတွင် အကောင်းဆုံးသောနည်းလမ်းမှာ ပြိုင်ဖက်၏ တိုက်ခိုက်မှုကို မြွေခြေလှမ်းနှင့် ရှောင်တိမ်းပေးပြီး တချိန်တည်းလိုလိုမှာပင် တန်ပြန်တိုက်စစ်ဆင်ခြင်းသာ ဖြစ်သည်။

ဓားကိုင်ထားသော စုချန်း၏ ပြိုင်ဘက်သည် တိုက်ခိုက်ရာတွင် ကြမ်းတမ်းရက်စက်သလောက် လျင်မြန်လှသည်။ အင်အားမှာလည်း ပြင်းထန်လှ၏။ သို့သော် စုချန်း၏ ပါးနပ်လိမ္မာသော နည်းပရိယာယ်နှင့် ရင်ဆိုင်ရသောအခါ မည်သို့ ပြန်လည်တိုက်ခိုက်ရမှန်းမသိပဲ ဖြစ်နေ၏။

ထိုအခါ သူသည် ဓားကို ရေပက်မဝင်အောင် ဝေ့ယမ်းလိုက်၏။ ဓားမှထွက်ပေါ်လာသော ချီစွမ်းအင်များသည် ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံထား၏။ ဓားရိပ်ဓားရောင်များသည်ကား လေထဲတွင် တဖြတ်ဖြတ်နှင့် ဝင်းလက်တောက်ပနေလေသည်။

သို့သော် သူတို့သည် ချီစွမ်းအားနယ်ပယ်အတွင်း၌သာ ရှိသေးလေရာ သူတို့၏ အင်အားနှင့် ချီအားလှိုင်းများ ရောက်ရှိနိုင်စွမ်းမှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ဓားမှ ထွက်ပေါ်လာသော အားလှိုင်းများက စုချန်းကို အနည်းငယ်မျှသာ ခြိမ်းခြောက်နိုင်စွမ်းရှိ၏။

စုချန်းသည် မြွေခြေလှမ်းကိုသုံးကာ ရိုက်ခတ်လာသည့် ချီအားလှိုင်းများကို ရှောင်တိမ်းပေးနေ၏။ သို့သော် ရှောင်နေရင်းနှင့်ပင် သူ၏ လှုပ်ရှားနိုင်သည့် ဧရိယာသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ လက်စသတ်တော့ သူ့ပြိုင်ဘက်သည် ဓားကို ရည်ရွယ်ချက်မရှိပဲ ဝေ့ယမ်းနေဟန်ရှိသော်လည်း သူ၏ လှုပ်ရှားမှုကို ကန့်သတ်နိုင်ရန် အားထုတ်နေခြင်းပေတကား။

ထိုအချိန်မှာပင် ချီအားလှိုင်းတခုက စုချန်း၏ အကာအကွယ်ကို ထိမှန်သွား၏။ ဤတကြိမ်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ပထမဆုံးအနေနှင့် စုချန်း မရှောင်တိမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

ဓားကိုင်ထားသော ပြိုင်ဘက်၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်ပေါ်လာ၏။

"မင်းခုတော့ မရှောင်နိုင်တော့ဘူးမလား ငါ့ရဲ့ အနှိုင်းမဲ့ဖိနှိပ်ခေါင်းဖြတ်ခြင်းကို စမ်းကြည့်စမ်း"

ဓားသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နှင့် စုချန်းဆီသို့ တိုးဝင်လာ၏။ ဤတကွက်ကတော့ ဓားကိုင်ထားသောပြိုင်ဘက်၏ အင်အားအပြင်းထန်ဆုံး တိုက်ကွက် ဖြစ်ပုံရသည်။

စုချန်း သက်ပြင်းချလိုက်၏။ ထို့နောက် သူက ရှေ့သို့ ခြေတလှမ်းလှမ်းလိုက်သည်။ ခြေတလှမ်း လှမ်းလိုက်ရုံနှင့် စုချန်း၏ ကိုယ်ခန္ဓာသည် ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ဓားကိုင်ထားသော ပြိုင်ဘက်၏ နောက်ကျောသို့ ရောက်ရှိသွား၏။

ထို့နောက် စုချန်းက ပြိုင်ဘက်ဖြစ်သူကိုပင် ကြည့်မနေပဲ လက်ဝါးကို ရှေ့သို့ ပစ်စလက်ခတ် တွန်းထုတ်လိုက်သည်။ ပါးစပ်ကလည်း သတိပေးလိုက်သေး၏။

"သတိထားကွ မင်းကို စင်အောက်ပြုတ်ကျမသွားစေချင်ဘူး"

ထိုသူက ရှေ့သို့ ခုန်ထွက်ရန် ကြိုးစားလိုက်သေး၏။ သို့သော် ထိုအချိန်တွင် စုချန်း၏ လက်ဝါးက ၎င်း၏ ကျောပြင်ကို ထိမှန်သွားပြီဖြစ်လေသည်။ သူသည် စင်အောက်သို့ ဒလိန့်ကောက်ကွေးနှင့် ပြုတ်ကျသွားလေ၏။

စတုတ္ထအဆင့် ပြိုင်ပွဲကား ပြီးဆုံးသွားပြီ ဖြစ်သည်။

စုချန်းသည်လည်း နဂါးအသွင်ပြောင်းခြင်းစာရင်းသို့ ဝင်ရောက်သွားနိုင်ခဲ့လေပြီတည်း။

All Chapters