← Chapters

ပြိုင်ပွဲ ၃

Vol. 27 Ch. 269

ပြိုင်ပွဲ ၃

Vol. 27 Ch. 269

စုချန်းတယောက် စင်မြင့်ပေါ်မှ ပြန်ဆင်းလာ၏။ ထိုအခါ သူ့အား စိုက်ကြည့်နေသူများ၏ အကြည့်သည် ယခင်နှင့်မတုပဲ မသိမသာ ပြောင်းလဲလျက်ရှိလေပြီ။

သူတို့အားလုံး ငကြောက်၊ သူရဲဘောကြောင်သူဟု ယူဆထားသူသည် စတုတ္ထအဆင့်ပြိုင်ပွဲကို အလွယ်တကူ အနိုင်ရပြီး နဂါးအသွင်ပြောင်းခြင်းစာရင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူတိုအားလုံး စုချန်းအပေါ် အထင်နှင့်အမြင် လွဲနေပြီဖြစ်ကြောင်း သဘောပေါက်စပြုလာကြ၏။ ထိုအခါ တဦးနှင့်တဦး တီးတိုးဝေဖန်ပြောဆိုလျက် ရှိကြကုန်၏။

"သူ နဂါးအသွင်ပြောင်းခြင်းစာရင်းကိုတောင် ဝင်သွားပြီပဲ ကျုပ်တို့အားလုံး သူ့အပေါ် လျှော့တွက်မိပြီနဲ့ တူတယ်"

"ပွဲကတော့ စိတ်ဝင်စားဖို့ကောင်းနေပြီဟေ့ ရှစ်နှစ်လုံးလုံး ပြိုင်ပွဲမဝင်ပဲ နေခဲ့တဲ့လူက ဒီနှစ်မှ ထူးထူးဆန်းဆန်း လာပြိုင်ပြီး နဂါးအသွင်ပြောင်းခြင်းစာရင်းတောင် ဝင်သွားပြီ ကြည့်ရတာ ဒီနှစ်မှာ သူ့အတွက် စိတ်ဝင်စားစရာ တခုခု ရှိနေပုံပေါ်တယ်"

"ပွဲက ပိုပြီး အကြိတ်အနယ် ဖြစ်လာတာပေါ့ကွာ မဟုတ်ရင် တနှစ်လာလဲ ဒီလူ နောက်တနှစ်လာလဲ ဒီလူ ရလဒ်ကလည်း ဘာအပြောင်းလဲမှ မရှိဘူးဆိုတော့ ပျင်းစရာကြီး ဖြစ်နေတာ လူသစ်တွေပါလာပြီး ရလဒ်အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှ ပွဲက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာမှာပေါ့"

"ဟုတ်တယ်ဟေ့ ဟုတ်တယ်"

တီးတိုးစကားပြောသံများကား အထက်ပါအတိုင်း ဟိုမှသည်မှ ထွက်ပေါ်နေလေသည်။ စုချန်းကို လှမ်းကြည့်နေသော သူတို့၏ အကြည့်များတွင်လည်း စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များနှင့် ပြည့်လျမ်းနေ၏။ ယခုနှစ် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲတွင်တော့ တစုံတရာ ထူးထူးခြားခြား ဖြစ်ပျက်လာလိမ့်မည်ဟု သူတို့အားလုံး မျှော်လင့်နေကြလေသည်။

သို့သော် လူတိုင်းကတော့ ထိုကဲ့သို့ တွေးတောနေသည်မဟုတ်။ အုပ်စု၄နှင့် သိပ်မဝေးလှသောနေရာတွင် လူငယ်တယောက်သည် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စုချန်းကို အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်နေလေသည်။ ထိုလူငယ်၏ ဘေးတွင်တော့ နောက်ထပ် လူငယ်တယောက် ရှိနေ၏။ ထိူလူမှာ တခြားလူမဟုတ်။ ပိုင်ယိဟုန်ပင် ဖြစ်သည်။

ဓားကိုင်ထားသော လူငယ်က ပိုင်ယိဟုန်ကို မေးလိုက်သည်။။

"ပစ်မှတ်က အဲဒီကောင်လား"

ပိုင်ယိဟုန်က အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။

"ဟုတ်တယ် အဲဒီကောင်ပဲ ဒီကောင့်ကိုသာ အရေတခြားအသားတခြား လုပ်ပေးနိုင်ရင် တမ်းတခြင်းအနီရောင်ကြာပန်းက ခင်ဗျားဟာပဲ"

"ကောင်းပြီလေ ဒါပေမဲ့ သူ အဆင့်၁၀၀ထဲ ဝင်ကိုဝင်မှရမယ် ဒီလိုမှမဟုတ်ရင် ကျုပ်နဲ့ ဒီကောင် တွေ့ဖို့လမ်းစမရှိတော့ဘူး"

"ဒီကောင် ဝင်မှာပါ ဒီကောင့်အစွမ်း ဘယ်လောက်ရှိသလဲ ကျုပ်ကောင်းကောင်းသိတယ် အဆင့်၁၀၀ထဲဝင်ဖို့လောက်ကတော့ ဒီကောင် လုပ်နိုင်လိမ့်မယ် ဒါပေမဲ့ သေချာတာကတော့ ဒီကောင်က ခင်ဗျားရဲ့ ပြိုင်ဘက်တော့ မဟုတ်ဘူးဗျ"

"ဒီလောက်ဆိုရင် လုံလောက်ပြီ အဆင့်၁၀၀ထဲ ဝင်ပြီဆိုတာနဲ့ ဒီကောင့်ကို ကျုပ် တစစီ ချိုးချေပစ်လိုက်မယ်"

စကားဆုံးသည်နှင့် လူငယ်သည် ဓားကို ကျောတွင်ပြန်ပိုးကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။

"ဟေ့ လျူယွမ်"

ပိုင်ယိဟုန်က လှမ်းခေါ်လိုက်၏။

"ပြော"

လူငယ်က ပြန်ထူးလိုက်သည်။

"ကျုပ်ကို စိတ်မပျက်ပါစေနဲ့ဗျာ"

ပိုင်ယိဟုန်က ပြောလိုက်သည်။ ထိုအခါ လျူယွမ် အမည်ရှိ လူငယ်၏ နှုတ်ခမ်းထောင့်တွင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော အပြုံးပေါ်ပေါက်လာ၏။

ထိုလူငယ် ထွက်ခွာသွားသည်နှင့် ပိုင်ယိဟုန်၏ အကြည့်က စုချန်းဆီသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။ သူ့မျက်လုံးထဲတွင်တော့ ဒေါသမီးလျံများ တငွေ့ငွေ့ တောက်လောင်လျက်ရှိလေသည်။ သူက တီးတိုးရေရွတ်လိုက်၏။

စုချန်း မင်း ငါ့ကို ဒီလို ဆက်ဆံရဲတယ် ခွေးမသား ကြည့်နေ မင်းကိုငါ တစစီ ဖျက်ဆီးပစ်မယ်ကွ....

ဒေါသထွက်လွန်း၍ ပိုင်ယိဟုန်၏ တကိုယ်လုံးသည် တဆတ်ဆတ် တုန်ယင်နေ၏။ သို့သော် သူသည် ဒေါသထွက်နေရင်းနှင့်ပင် ဘာကြောင့်မှန်းမသိ ကြောက်စိတ်ဝင်လာပြန်၏။

မမျှော်လင့်သော အခြေအနေတချို့ကြောင့် ပိုင်ယိဟုန်သည် ကြောက်လန့်စရာ အိပ်မက်ဆိုးမှ ပြန်လည်နိုးထလာခဲ့၏။ သို့သော် သူ့အပေါ် စုချန်း သွတ်သွင်းပေးခဲ့သော အကြောက်တရားက ယခုထိအောင် ပျောက်ကွယ်မသွားသေးချေ။ ယခုလည်း လက်စားချေရန်သာ ပြင်ဆင်နေသည်။ စုချန်းကို ပေါ်တင် ရင်မဆိုင်ရဲ။ ရင်ဆိုင်ဖို့နေနေသာသာ စုချန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့်ပင် ထိုကြောက်စိတ်က ပြန်ပေါ်လာစမြဲ ဖြစ်သည်။

ထိုခံစားချက်သည် ပိုင်ယိဟုန်ကို အကြီးအကျယ် နှိပ်စက်လျက်ရှိလေသည်။ စုချန်းကို သတ်ပစ်မှသာလျင် ထိုကြောက်စိတ်ကို အမြစ်မှ ဆွဲနှုတ်နိုင်မည်မှန်း ပိုင်ယိဟုန် ကောင်းကောင်းသဘောပေါက်ထားလေသည်။

တကယ်တော့ စုချန်းကို လက်စားချေမည့်သူမှာ ပိုင်ယိဟုန် တယောက်တည်းမဟုတ်။

ဆန့်ကျင်ဘက်ထောင့်တထောင့်မှ မျက်လုံးတစုံကလည်း စုချန်းကို တည့်တည့်မတ်မတ်ပင် စိုက်ကြည့်နေပြန်၏။

စုချန်း နဂါးအသွင်ပြောင်းခြင်းစာရင်းသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့သောအခါ ထိုမျက်လုံးပိုင်ရှင်သည် ညစ်တီးညစ်ကျယ်နိုင်သော လေသံနှင့် ရယ်မောလိုက်၏။

"ခွေးမသားစုချန်း မင်းအခုတော့ အောင့်အီးပြီးမနေနိုင်တော့ဘူးမလား မင်းဟာ မျိုးနွယ်စုခြောက်စုကို ဒုက္ခရောက်စေဖို့ အကွက်ချကြံစည်ခဲ့တယ် မင်းဟာ ငါတို့ မျိုးနွယ်စု သခင်လေးတွေကို သတ်ပစ်ခဲ့ရုံတင်မကဘူး ဒုတိယအကြီးအကဲကိုပါ ဒုက္ခရောက်စေခဲ့တယ် မင်းကြောင့် မျိုးနွယ်စုခြောက်စုနဲ့ ဇုမျိုးနွယ်အကြားမှာ ခုချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ ဒီလိုတွေ လုပ်ခဲ့ပြီးမှ လွတ်အောင်ပြေးနိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား မင်း စောင့်နေ စုချန်း မင်း စောင့်နေ နဂါးကျောင်းတော်ကနေ ထွက်ခွာလာတဲ့နေ့ဟာ မင်းရဲ့ သေနေ့ပဲ ဖြစ်စေရမယ်"

စကားဆုံးသည်နှင့် တီးတိုးရယ်မောပြီး ထိုလူသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

နောက်ဆုံးတော့ စုချန်းသည် သူ့အသိုက်ထဲမှ ထွက်လာခဲ့ပြီဖြစ်လေရာ သူ့အား လက်စားချေရန် စောင့်ဆိုင်းနေသူများအဖို့ မဟာအခွင့်အရေးပင် ဖြစ်သည်။

မည်သို့ဆိုစေ သူငယ်ချင်းတချို့ကလည်း ထိုအပြောင်းအလဲကို ကြိုဆိုရန် စောင့်ဆိုင်းနေကြ၏။

စုချန်းအား ပထမဆုံး လာရှာသူမှာ ဂျီဟန်းယင်ဖြစ်သည်။ သူမသည် စုချန်း၏ ဘေးသို့ရောက်သည်နှင့် ရင်းနှီးခင်မင်စွာ လက်သီးနှင့် ဖွဖွကလေး ထိုးလိုက်သည်။ ထို့နောက် သူမက ပြောလိုက်သည်။

"နောက်ဆုံးတော့ သိပ်မဆိုးဘူးလို့ ဆိုရမှာပဲ ရှင်ဟာ အပြင်ကို ထွက်လာပြီး နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ"

ကိုယ်ပျောက်ပိုက်ကွန်ကိစ္စပြီးကတည်းက သူတို့နှစ်ယောက် မတွေ့တာကြာပြီ။ ဤသို့ဖြစ်ရခြင်းမှာ တယောက်နှင့်တယောက် စိမ်းကားသွား၍ မဟုတ်ပေ။ စုချန်းသည် အမြဲတစေ သုတေသနလုပ်ငန်းများနှင့်သာ အလုပ်ရှုပ်နေတတ်ပြီး အပြင်သို့ အလွန်တရာ ထွက်ခဲသောကြောင့်သာ ဖြစ်သည်။ သို့တိုင်အောင် ကျောင်းထဲတွင် မမျှော်လင့်ပဲ တွေ့ဆုံမိပါက စကားစမြီပြောဆိုရန် သူတို့နှစ်ယောက် ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့ဖူးပေ။

ဂျီဟန်းယင်သည် အလွန်မောက်မာပြီး မာနကြီးသူဖြစ်သည်။ ကျောင်းတော်ထဲရှိ မည်သူ့ကိုမှ စိတ်ဝင်စားစရာဟု သတ်မှတ်သူ မဟုတ်ပေ။ သို့သော် စုချန်းအပေါ်တွင်တော့ အထူးပင် အခွင့်အရေးပေးကြောင်း မြင်ရုံနှင့်ပင် သိသာနေ၏။

တခြားလူများ ဘယ်လိုထင်ထင် စုချန်းသည် သူရဲဘောကြောင်သူမဟုတ်မှန်း သူမကတော့ ကောင်းကောင်းသဘောပေါက်ထား၏။ စုချန်း ဘာအတွက်ကြောင့် ဤသို့လုပ်ရမှန်း သူမ၏ ဆရာထံမှ သူမ ကောင်းကောင်းကြားဖူးထားသည် မဟုတ်ပါလား။ တဖက်ကလည်း ဂျီဟန်းယင်ကိုယ်တိုင် စုချန်းကို အတော်လေး လေးစားလျက်ရှိသည်။ ကျောင်းသင်ခန်းစာများတွင် အလွန်ညံ့ဖျင်းသူသည် မိမိထက် ထူးချွန်သော ကျောင်းသားအား လေးစားသည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။

ဂျီဟန်းယင်သည် အလွန် အင်အားကြီးမားပြီး တိုက်ခိုက်ရာတွင် အလွန်ထူးချွန်သူ ဖြစ်သည်။ သို့သော် သူမသည် ကျောင်းသင်ခန်းစာများတွင်ကား ညံ့ဖျင်းလှ၏။ ထို့ကြောင့် စုချန်း၏ သီအိုရီများကို နားလည်နိုင်စွမ်း၊ နည်းပညာအသစ်များ ဖန်တီးနိုင်စွမ်းကို သူမ အမှန်တကယ် လေးစား၏။

အထက်ပါအကြောင်းများကြောင့်ပင် သူမနှင့် စုချန်းအကြားတွင် ကောင်းမွန်သော ဆက်ဆံရေးတရပ် တည်ဆောက်ထားနိုင်သည်ဟု ဆိုရပေလိမ့်မည်။

ဂျီဟန်းယင်၏ စကားကြောင့် စုချန်း ရယ်မောလိုက်သည်။

"ကျုပ်ဆရာက ဝင်ပြိုင်ပါ ဆိုမှတော့ မပြိုင်ချင်လို့လည်း မရတော့ဘူးလေဗျာ"

"အိုး ရှင့်ဆရာအဖိုးကြီးက ဝင်ပြိုင်ခိုင်းတာပေါ့ဟုတ်လား ဒီအဖိုးကြီး ဘာလှည့်ကွက်တွေများ လုပ်ဖို့ြကိုးစားနေတာပါလိမ့်"

"......."

စုချန်း ဘာပြောရမှန်းပင် မသိတော့။

ဂျီဟန်းယင်က သူ့ဟာသူပင် ဆက်ပြောလိုက်၏။

"ထားလိုက်တော့ သူ ဘယ်လိုပဲ စဉ်းစားစဉ်းစား ရှင်ဝင်ပြိုင်ဖြစ်တယ်ဆိုရင် ကောင်းတာပဲပေါ့ ကျွန်မတို့ စကားကောင်းကောင်းမပြောရတာ ဘယ်လောက်တောင်ကြာသွားပြီလဲ ကဲ သွားကြမယ်ရှင့််"

ပြောပြောဆိုဆို သူမသည် စုချန်း၏ လက်ကိုဆွဲကာ ရှေ့သို့ ခြေလှမ်းလိုက်လေသည်။

"ဘယ်ကိုသွားမှာလဲဗျ"

စုချန်းက ပြန်မေးလိုက်သည်။ သို့သော် ဂျီဟန်းယင်က စုချန်းကို အတင်းပင် ဆွဲခေါ်နေ၏။

"ဒီနေ့ ရှင့်ပွဲ မရှိတော့ဘူးမလား လေ့ကျင့်ရေးခန်းမကိုသွားပြီး နည်းနည်းပါးပါး ပညာစမ်းကြည့်ရအောင်"

သူနှင့် ပညာစမ်းချင်နေသော ဂျီဟန်းယင်ကြောင့် စုချန်း ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သို့သော် သူမ နှစ်သိမ့်လိုက်၏။

"ဘာကြောင့် ဒီလောက်ထိ လောနေတာလဲဗျ နဂါးအသွင်ပြောင်းခြင်းစာရင်းဝင်တွေရဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲက စတော့မှာပဲဟာ ခင်ဗျားနဲ့ကျုပ်နဲ့ လက်ရည်စမ်းဖို့ အခွင့်အရေး အများကြီး ရှိပါသေးတယ်"

အဆင့်သတ်မှတ်ချက်ပြိုင်ပွဲသည် ရှုံးထွက်ပြိုင်ပွဲနှင့် မတူပေ။ အမှတ်များကို ရသလောက် စုဆောင်းရသည့် ပြိုင်ပွဲဖြစ်လေရာ ပြိုင်ပွဲဝင်တယောက်သည် တိုက်ပွဲအများအပြားကို ဆင်နွဲရလေ့ရှိသည်။

လက်ရှိ စုချန်း၏ အင်အားအရဆိုလျင် ဂျီဟန်းယင်နှင့် ဆုံတွေ့နိုင်ချေ များစွာရှိနေ၏။ သို့သော် ဂျီဟန်းယင်၏ စကားကြောင့် စုချန်း အံ့သြသင့်သွားရလေသည်။

"သိပ်နောက်ကျသွားပြီရှင့်"

"ဘာကို သိပ်ပြီးနောက်ကျသွားတာလဲဗျ"

စုချန်းက နားမလည်နိုင်ပဲ ပြန်မေးလိုက်၏။

"ကြွယ်ဝချမ်းသာအိမ်မှာ ရှင့်အတွက် လောင်ကြေးဖွင့်ထားပြီးပြီရှင့်"

ကြွယ်ဝချမ်းသာအိမ်ဟူသည် နဂါးကျောင်းတော်အတွင်းရှိ လောင်းကစားပြုလုပ်နိုင်သော နေရာဖြစ်ပြီး ကျောင်းသားတချို့က ဦးစီးဖွင့်လှစ်ထားခြင်း ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲများတွင် နဂါးအသွင်ပြောင်းခြင်းစာရင်းဝင်သူများအတွက် ကြွယ်ဝချမ်းသာအိမ်တွင် လောင်းကြေးများ ဖွင့်လှစ်ထားလေ့ရှိသည်။ ကျောင်းတော်အနေနှင့် ထိုကိစ္စကို အထူးတလည် တားမြစ်ထားခြင်း မရှိပေ။ သို့သော် မူလကျောက်တုံး ၅၀၀ထက် မကျော်စေရန်တော့ ကန့်သတ်ထား၏။

"ကြေးက ဘယ်လောက်လဲဆိုတာ ရှင်သိရဲ့လား"

ဂျီဟန်းယင်က မေးလိုက်၏။ စုချန်းက ပြန်မေးလိုက်သည်။

"ဘယ်လောက်မို့လို့လဲဗျ"

"ရှင်သာ ထိပ်ဆုံး၁၀၀ထဲဝင်ရင် ၁:၁.၈၈၊ ထိပ်ဆုံး၅၀ထဲဝင်ရင် ၁:၃.၆၇ဆ၊ ထိပ်ဆုံး ၂၀ထဲဝင်ရင် ၁:၈၊ ထိပ်ဆုံး ၁၀ယောက်ထဲဝင်ရင် ၁:၁၅ဆ၊ ထိပ်ဆုံးသုံးယောက်ထဲဝင်ရင် ၁:၃၀၊ ပထမရရင်တော့ ၁:၅၀"

"အဲဒီတော့"

စုချန်းက ပြန်မေးလိုက်ပြန်သည်။

"ဒါကြောင့်မို့လို့ ရှင်ရဲ့အင်အားကို ကျွန်မ ဆန်းစစ်ကြည့်မလို့လေ ဒါမှ စိတ်ချလက်ချ လောင်းလို့ရမရ သိမှာပေါ့"

ဂျီဟန်းယင်က ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။

စုချန်း ဘာပြောရမှန်းမသိ ဖြစ်နေ၏။ အတန်ကြာမှ သူက

"ဂျီဟန်းယင် ခင်ဗျား လောင်းကစားလုပ်နေတာလား"

"ဟုတ်တယ်လေ တော်ဝင်မျိုးနွယ်စုဝင်ဖြစ်တိုင်း ငွေပင်ကြီးရှိနေတာမှ မဟုတ်တာရှင့်"

နာရီဝက်ခန့်အကြာ စုချန်းနှင့် ဂျီဟန်းယင်တို့နှစ်ယောက် လေ့ကျင့်ရေးခန်းမမှ ပြန်ထွက်လာ၏။ သူတို့နှစ်ယောက်၏ လက်ရည်စမ်းပွဲ ဘယ်အခြေအနေရှိမှန်း မည်သူမှမသိချေ။

သို့သော် ဂျီဟန်းယင်သည် အိပ်ဆောင်သို့ ပြန်ရောက်သည်နှင့် အစေခံတယောက်ကို လွှတ်ကာ စုချန်း အဆင့်၂၀တွင်း ဝင်ရမည်ဟူသော လောင်းကြေးဘက်မှ မူလကျောက်တုံး ၅၀၀တိတိ လောင်းကြေးထပ်ခိုင်းလိုက်လေသည်။

အမှန်ဆိုလျင် သူမအနေနှင့် စုချန်း အဆင့်၁၀အတွင်း ဝင်ရမည်ဟူသော လောင်းကြေးကိုပင် ကြေးထပ်ရန် စဉ်းစားလိုက်သေးသည်။ စုချန်း၏ စကားကြောင့်သာ သူမအနေနှင့် ထိုစိတ်ကူးကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

စုချန်း ပြောခဲ့သည်မှာကား...

"ကျုပ်အနေနှင့် အဆင့်၂၀အတွင်း စိတ်ချလက်ချ ဝင်နိုင်ရင် တော်ပြီဗျ ဒီလောက်ဆိုရင်ကို ကျုပ်အတွက် လုံလောက်နေပြီ"

"အဆင့်၂၀အတွင်း စိတ်ချလက်ချ ဝင်ရောက်နိုင်ရင်...ဟုတ်လား"

အခန်းထဲရှိ ကျောက်သားထိုင်ခုံပေါ်တွင် ထိုင်ရင်း ဂျီဟန်းယင်က စုချန်းနောက်ဆုံးပြောခဲ့သည့်စကားကို ရေရွတ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင်ကား ထူးဆန်းသော အပြုံးတမျိုး ပေါ်ပေါက်လျက်ရှိသည်။

"ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ ရှင့်ပုံစံဟာ မခံချိမခံသာ ဖြစ်နေတယ်ဆိုတာကိုကော ရှင်သိရဲ့လား စုချန်းရေ"

All Chapters