← Chapters

ပြိုင်ပွဲ ၄

Vol. 27 Ch. 270

ပြိုင်ပွဲ ၄

Vol. 27 Ch. 270

အခန်း ၂၇၀ ပြိုင်ပွဲ ၄

နဂါးအသွင်ပြောင်းခြင်းစာရင်းသို့ ဝင်ရောက်ပြီးနောက်ပိုင်းမှစ၍ ပြိုင်ပွဲ၏ ပုံစံသည် ရှုံးထွက်မဟုတ်တော့ပေ။

ကျောင်းသား၂၀၀အား ၎င်းတို့၏ ယခင်ရလဒ်များအရ နံပါတ်စဉ်လိုက်၏။ ထိုအချိန်မှစ၍ အဆင့်နိမ့်ကျောင်းသားများက ၎င်းတို့ထက် အဆင့်မြင့်သူများအား စတင်၍ စိမ်ခေါ်ခွင့် ရရှိကြမည်ဖြစ်သည်။

စိမ်ခေါ်ရာတွင်လည်း အောက်ပါအတိုင်း စည်းမျဉ်းသုံးမျိုး ခွဲခြားသတ်မှတ်ထား၏။

၁။ ကျောင်းသားတယောက်အနေနှင့် တူညီသော ကျောင်းသားတယောက်ကို တရက်လျင် တကြိမ်ထက်ပို၍ စိမ်ခေါ်ခွင့်မရှိပေ။

၂။ ကျောင်းသားတယောက်သည်လည်း တရက်လျင် ၅ကြိမ်ထက်ပို၍ စိမ်ခေါ်ခွင့်မရှိပေ။ အကယ်၍ တနေ့တည်း ၆ကြိမ် စိမ်ခေါ်မိပါက နောက်လာမည့််ရက်များတွင် သေချာပေါက် အစားပြန်ပေးရပေလိမ့်မည်။

၃။ ကျောင်းသားတယောက်အနေနှင့် မိမိထက် အဆင့်၁၀ကျော် ကွာဟနေသူကို စိမ်ခေါ်ခွင့် မရှိပေ။

အနိုင်ရရှိသွားသော စိမ်ခေါ်သူသည် ပြိုင်ဘက်၏ ရမှတ်များကို ယူခွင့်ရှိပြီး ရှုံးနိမ့်သူ၏ နေရာကို စိမ်ခေါ်သူနာမည်ဖြင့် အစားထိုးလိုက်မည် ဖြစ်သည်။

နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲတိုင်းသည် ဆယ်ရက် ကြာမြင့်လေ့ရှိ၏။ ထိုအထဲမှ ပထမနှစ်ရက်သည် နဂါးအသွင်ပြောင်းခြင်းစာရင်း ဝင်မည့်သူများကို ရှုံးထွက်ပြိုင်ပွဲများနှင့် ဆုံးဖြတ်ပေးခြင်းဖြစ်ပြီး ကျန်ရှစ်ရက်မှာ နဂါးအသွင်ပြောင်းခြင်းစာရင်းဝင်ကျောင်းသားနှစ်ရာအား အဆင့်သတ်မှတ်ပေးမည့်် စိမ်ခေါ်ပွဲများ ကျင်းပပေးခြင်းပင် ဖြစ်သည်။

ယခု စုချန်းသည် ပြီးခဲသည့် ရှစ်နှစ်လုံးလုံး အကဲဖြတ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသောကြောင့် နဂါးအသွင်ပြောင်းခြင်းစာရင်းတွင် သူ့အဆင့်မှာ ၂၀၀ ဖြစ်နေ၏။ အထက်ပါ စည်းမျဉ်းကြောင့် သူသည် ပြိုင်ပွဲတွက် ပထမဆုံး စိမ်ခေါ်ခွင့်ရသူ ဖြစ်လာလေသည်။

"အဲဒီလိုဆိုရင်လည်း ကျုပ်က အဆင့်၁၉၀မှာရှိတဲ့ လူကို စိမ်ခေါ်ပါတယ်ဗျာ"

စုချန်းက မည်သည့် ခံစားချက်မှ မရှိသော ဟန်ပန်နှင့် ပြောလိုက်၏။ သူ့အနေနှင့် အဆင့်၁၀သာ ကွာဟနေသူနှင့် ရင်ဆိုင်တိုက်နေရမည့်အစား တခါတည်း အဆင့်၂၀တွင် ရပ်တည်နေသည့် ပြိုင်ဘက်နှင့်သာ ရင်ဆိုင်လိုက်ချင်တော့သည်။ သို့သော် နဂါးကျောင်းတော်အနေနှင့် အကျိုးမရှိသော စိမ်ခေါ်မှုများကို ရှောင်ရှားနိုင်စေရန် မိမိထက် အဆင့်အများကြီး မြင့်နေသူကို စိမ်ခေါ်ခွင့်ပေးမထားချေ။

သူ့အနေနှင့် ရည်မှန်းချက်ကို ရောက်ရှိလိုပါက တောင်ကြီးတတောင်ကို အောက်ခြေမှ စတက်ရသကဲ့သို့ တဆင့်ပြီးတဆင့် ယှဉ်ပြိုင်သွားရမည်သာ ဖြစ်သည်။ အဆင့်၂၀သို့ ရောက်ရှိလိုပါက ပြိုင်ဘက်များအားလုံးကို အနိုင်ရသည့်တိုင်အောင် သူသည် အနည်းဆုံး တိုက်ပွဲပေါင်း ၁၈ပွဲတိတိ တိုက်ခိုက်ရပေလိမ့်မည်။

အင်း...အတော်လေးကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးပေပဲ...

စုချန်းက အထက်ပါအတိုင်းတွေးမိပြီး စိတ်မောသွား၏။ သို့သော် မတတ်နိုင်။ လုပ်စရာရှိသည်ကိုတော့ လုပ်ရမည်သာ။

ထို့နောက် စုချန်းသည် အဆင့်၂၀အတွင်းသို့ ဦးတည်နေသာ ပထမခြေလှမ်းကို စတင်လိုက်တော့သည်။

သိုသော် ပြိုင်ပွဲစည်းမျဉ်းအရ စုချန်းကိုယ်တိုင်သည် တနေ့လျင် ၅ယောက်ထက်ပို၍ စိမ်ခေါ်ခွင့်မရှိသော်လည်း တိုက်ပွဲကိုတော့ ငါးပွဲထက်ပို၍ တိုက်နေရ၏။ အကြောင်းမှာ စုချန်းကို တစုံတယောက်ကို အနိုင်ရလိုက်ပါက ထိုသူသည် သူ့နောက်သို့ ရောက်သွားကာ နောက်တကြိမ်တွင် သူ့ကို ပြန်လည်၍ စိမ်ခေါ်တတ်သောကြောင့်ပင်။ ကံကောင်းထောက်မသည်မှာကား တိုက်ပွဲတပွဲ ရင်ဆိုင်ပြီးတိုင်း စုချန်းအား လုံလောက်သော အနားယူချိန် ပေးထား၏။ ထို့ကြောင့် တိုက်ပွဲများအားလုံးကိုတော့ ဆက်တိုက် တိုက်ခိုက်နေရန် မလိုတော့ပေ။

သို့တိုင်အောင် အဆင့်မြင့်လာသည်နှင့်အမျှ စုချန်းသည် တနေ့လျင် အနည်းဆုံး ပြိုင်ပွဲဆယ်ပွဲအထိ ယှဉ်ပြိုင်နေရလေသည်။ ပဝါမကူ ရေမရှုစတမ်း ယှဉ်ပြိုင်နေရသည်ဖြစ်လေရာ ပြိုင်ပွဲမှာ အလွန်ပင်ပန်းလှ၏။ တချို့လူများသည် တနေ့လျင် ဆယ်ပွဲမဆိုထားနှင့် ငါးပွဲပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။

နှစ်ရက်အတွင်း စုချန်းသည် အယောက်၁၀၀အတွင်းသို့ ဝင်ရောက်သွားလေရာ နဂါးကျောင်းတော်တခုလုံး ပွက်လောရိုက်နေတော့သည်။ ရှုံးပွဲတပွဲမှ မရှိပဲ ပွဲတိုင်းကို ပြတ်ပြတ်သားသား အနိုင်ရပြီး ထိပ်ဆုံး၁၀၀အတွင်း ဝင်ရောက်သွားခြင်းဖြစ်လေရာ စုချန်း၏ အင်အား ဘယ်လောက်ရှိမှန်း လူတိုင်းလိုလို နားလည်သဘောပေါက်လာ၏။ ယခုဆိုလျင် စုချန်းကို အချိုအချောင်ဟု မည်သူမှ မထင်ရဲတော့ချေ။

ထိုအခါ ကျောင်းသားအတော်များများသည် စုချန်း အဆင့် ဘယ်လောက်ရမည်မှန်း မှန်းဆတွေးတောလာကြလေသည်။ တချို့ကျောင်းသားများမှာကား ကြွယ်ဝချမ်းသာလောင်းကစားအိမ်တွင် စုချန်းဘက်မှ အသည်းအသန် လောင်းကြေးထပ်ကုန်ကြ၏။ စုချန်း၏ လောင်းကြေးကလည်း အဆင့်တက်လာသည်နှင့်အမျှ တဖြည်းဖြည်း မြင့်မားလာလေသည်။ ယုတ်စွအဆုံး စုချန်းသာ ထိပ်ဆုံးနှစ်ဆယ်အတွင်း ဝင်ရောက်ပါက ၁လေး ၈လေး ပေးမည်ဟူသော ကြေးဖွင့်လှစ်မှုသည် ၁လေး ၂.၅လေးအထိ မြင့်တက်လာ၏။ စုချန်း အဆင့်မြင့်လာလေလေ လောင်းကြေးကလည်း ဆက်လက် မြင့်တက်သွားအုံးမည့် သဘောပင်။

ဤယနေ့သည် ခြောက်ရက်မြောက်နေ့ဖြစ်သည်။ စုချန်း၏ ရပ်တည်မှုမှာကား တသမတ်တည်း မြင့်တက်လျက်ရှိ၏။

အဆင့်၁၀၀အတွင်း ဝင်ရောက်နိုင်သည့် ကျောင်းသားတိုင်းသည် ထိုက်သင့်သလောက် အင်အားကောင်းကြသော်လည်း ပြိုင်ပွဲတလျှောက်တွင်တော့ အနည်းဆုံး တကြိမ်စီ သူတို့၏ ဝှက်ဖဲများကို ထုတ်သုံးခဲ့ရသည်သာ။ သို့သော် စုချန်းကတော့ ယခုအချိန်ထိ မည်သည့် ဝှက်ဖဲကိုမှ ထုတ်သုံးသည်မရှိပဲ ပြိုင်ဘက်များကို ရိုးရိုးစင်းစင်းပင် အနိုင်ယူလာခဲ့၏။

အဆင့်၉၀တွင် ရပ်တည်နေသော ပြိုင်ပွဲဝင်သည် မဲနက်သော စစ်သုံးဓားတလက်ကို ကိုင်ဆောင်ထားသည့် လူငယ်တယောက် ဖြစ်သည်။ သူ၏ သွေးဗီဇမှာ မဲနက်သောတိမ်တိုက်သားရဲဆိုး၏ သွေးဗီဇ ဖြစ်သည်။ ထိုလူငယ်သည် တိုက်ပွဲများတွင် ပြိုင်ဘက်၏ အမြင်အာရုံကို ပိတ်ဆို့ရန် အမဲရောင်မြူခိုးများကို ထုတ်လွှတ်၍ တိုက်ခိုက်လေ့ရှိ၏။

သို့သော် လူငယ်၏ အနက်ရောင်မြူခိုးများသည် စုချန်းနှင့်ကျတော့ အလကားဖြစ်သွား၏။ မျက်မမြင်ဘဝမှလာသော စုချန်းသည် အမှောင်ထုထဲတွင် တိုက်ခိုက်ရသည်ကို ကျင့်သားရနေသူ ဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လူငယ်သည် မြူခိုးများကြားမှ လွင့်စင်ကာ စင်အောက်သို့ ပြုတ်ကျသွားလေ၏။ စုချန်းက ခွန်အားကို ထိမ်းသိမ်းထားလေရာ လူငယ်မှာ ဒဏ်ရာတော့မရလိုက်။

မည်သို့ဆိုစေ စုချန်းကတော့ နောက်တပွဲ နိုင်လိုက်ပြန်ချေပြီ။ ထိုအခါ သူအဆင့်သည်လည်း နံပါတ် ၈၀နေရာသို့ ရောက်ရှိလာ၏။

စောင့်ကြည့်နေသူများမှာကား အချင်းချင်း လက်တို့လျက် ရှိကြလေသည်။

"ဒီကောင် နောက်တပွဲ နိုင်သွားပြန်ပြီ တပွဲနိုင်တိုင်း ဆယ်ဆင့်စီတိုးလာတာ အဆင့်၈၀တောင် ရောက်လာပြီ ဒီအတိုင်းဆိုရင် စုချန်းရဲ့ အင်အားကို လျော့တွက်လို့ မရတော့ဘူးကွ"

"ဒီကောင် ရှစ်နှစ်လုံးလုံး အိမ်တွင်းပုန်းလုပ်နေတာ လူတိုင်းကို ခုလို အံ့သြစေချင်လို့များလား မသိဘူး"

"ဘာပဲဖြစ်ဖြစ် ငါတို့အားလုံး ဒီကောင့််ကို မှားယွင်းပြီး အကဲဖြတ်မိကြပြီဟေ့"

"ဒါပေမဲ့ စုချန်းရဲ့ အောင်မြင်မှုဟာ ဒီမှာတင်ပဲ အဆုံးသတ်တော့မယ် ထင်တယ်ကွ"

"မင်းက ဘာကိုဆိုလိုတာလဲ"

"မင်းတို့ မမြင်ဘူးလား ဟိုမှာ လျူယွမ်က စုချန်းကို စိမ်ခေါ်ဖို့ လုပ်နေပြီလေ"

သူတို့စကားပြောဆိုနေစဉ်မှာပင် ဓားကိုင်ထားသောလူငယ်တယောက် စင်ပေါ်သို့တက်လာ၏။ သူ့အမူအရာမှာ ဝင့်ဝါမောက်ကြွားလှသည်။ သူသည် စုချန်းအား အေးစက်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်လျက်ရှိသည်။

စည်းကမ်းအရ စုချန်း၏ နားနေချိန် မကုန်သေးသောကြောင့် သူက စုချန်းအား အလျင်စလို တိုက်ခိုက်ခြင်းမပြုချေ။

၎င်းကိုကြည့်ပြီး တီးတိုးငြင်းခုန်သံများ ညံလာပြန်သည်။

"အဲဒီကောင်က အနှိုင်းမဲ့ဓားလျူယွမ်မလား ဒီကောင်က အဆင့်၃၉မှာပါ ဘယ်လိုလုပ်ပြီး အဆင့်၈၀နောက်ကို ရောက်သွားတာလဲ"

"ဘာကြောင့်လဲဆိုတော့ ဒီကောင်က သူ့ပြိုင်ဘက်တွေကို အရှုံးပေးခဲ့လို့ပေါ့ ဒီကြားထဲ ထပ်လည်းမပြိုင်ခဲ့ဘူးလေ"

ဘာတွေဖြစ်နေမှန်း သိနေဟန်တူသောတယောက်က ဝင်ပြောလိုက်သည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း စုချန်းက အဆင့်တက်နေသလောက် လျူယွမ်ကတော့ အဆင့်ကျနေခြင်း ဖြစ်သည်။

တစုံတယောက်က အခြေအနေကို နားလည်သဘောပေါက်လာဟန်ဖြင့် ဝင်ပြောလိုက်ပြန်သည်။

"လျူယွမ်ကို ကြည့်ရတာ စုချန်းကို စောင့်နေဟန်ပေါ်တယ်"

"ဟုတ်တယ်ဟေ့ ဟုတ်တယ်"

"ဒါဆိုရင် စုချန်းတော့ မလွယ်ဘူးကွ လျူယွမ်ရဲ့ ဓားချက်တွေဟာ အလွန်ရက်စက်ကြမ်းကြုတ်တယ် သူ့ပြိုင်ဘက်တိုင်းဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာချည်းပဲ လျူယွမ်ဟာ သူ့အကြံနဲ့သူ စုချန်းကို စောင့်နေရိုးသာမှန်ရင် ကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့ မဖြစ်နိုင်ဘူး"

"သိပ်သေချာတာပေါ့ စုချန်းတော့ ကံဆိုးရှာပြီကွ ဒီကောင် လျူယွမ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"လျူယွမ်နဲ့ တွေ့နေပြီဆိုတော့ စုချန်းအဖို့ ဆက်တိုက်နေစရာတောင် မလိုတော့ဘူး သူ့အောင်မြင်မှုဟာလည်း ဒီမှာတင်ပဲ အဆုံးသတ်သွားဖို့ သေချာနေပြီကွ"

"ဒီလိုဖြစ်လာတာကလည်း စုချန်းအတွက် တမျိုးကောင်းတယ် လျူယွမ်ကြောင့်သာ ဒဏ်ရာရသွားရင် သူ ဆက်တိုက်နေစရာ မလိုတော့ဘူး သူ့နေရာကိုလည်း သူဆက်ထိန်းထားနိုင်မှာပဲ အနည်းဆုံးတော့ အဆင့်၁၀၀ရဲ့ အပြင်ကို ရောက်သွားစရာ အကြောင်းမရှိတော့ဘူးပေါ့"

ပွဲကြည့်ပရိသတ်များသည် အထက်ပါအတိုင်း တယောက်တပေါက်နှင့် ဝေဖန်နေကြလေသည်။

လျူယွမ်သည် အေးစက်စက်အပြုံးနှင့် စုချန်းကို စိုက်ကြည့်နေ၏။

ထို့နောက် သူက ပြောလိုက်သည်။

"ငါ မှားသွားတယ်ကွ"

"ဟုတ်လား"

စုချန်းက မျက်ခုံးပင့်ရင်း ပြန်မေးလိုက်သည်။

"ဘာတွေ မှားသွားလို့လဲ"

အမှန်တော့ စုချန်း၏ အနားယူချိန်က မပြည့်သေးပေ။ သို့သော် ပြိုင်ဘက်၏ စကားကို စိတ်ဝင်စား၍ စုချန်းက ထောက်ပေးလိုက်ခြင်း ဖြစ်သည်။ အနှိုင်းမဲ့ဓားလျူယွမ်ဟူသော အမည်ကို ယခင်ကတည်းက စုချန်း ကြားဖူး၏။ ၎င်းသည် အမြဲတမ်း ထိပ်ဆုံး ၄၀အတွင်း၌သာ ရှိနေခဲ့သူ ဖြစ်သည်။ ယခုကျမှ အဆင့်၈၀နောက်ရောက်ပြီး စုချန်းကို စိန်ခေါ်လာသည်ကို ကြည့်လျင် ၎င်းသည် စုချန်းအတွက် ရောက်လာသည်မှန်း မေးခွန်းထုတ်နေစရာ မလိုတော့။

လျူယွမ်က စကားစလိုက်သည်။

"ငါက မင်းကို လျှော့တွက်မိခဲ့တယ်ကွ မင်းအနေနဲ့ ထိပ်ဆုံး၁၀၀ထဲရောက်လာရင် အလွန်ဆုံးပဲလို့ ငါထင်မိခဲ့တယ် ဒါကြောင့် မင်းနဲ့ တွေ့ခွင့်ရအောင် ငါ့ပြိုင်ဘက်တွေကို တောက်လျှောက် အရှုံးပေးခဲ့တယ် ဒါပေမဲ့ မင်းတိုက်ခိုက်တာကို ကြည့်ရင် ခွန်အားကို လျှိုပြီး တိုက်ခိုက်နေတာကို တွေ့ရတယ် နောက်ဆုံးတော့ ငါ အချိန်ဖြုန်းသလို ဖြစ်သွားပြီ အမှန်ဆိုရင် ငါ့အနေနဲ့ ဒီလောက်ထိ အရှုံးပေးနေစရာ မလိုလှဘူး အဆင့်၆၀ ဒါမှမဟုတ် ၅၀လောက်ဆိုရင် မင်းနဲ့တွေ့ဖို့ လုံလောက်ပြီပဲဟာ ခုတော့ ငါ့အဆင့်မှန်ပြန်ရဖို့ အများကြီး ပြန်လုပ်ရတော့မယ် တကယ်တော့ ငါဟာ ကိုယ့်ကိုယ်ကို ပြန်ဒုက္ခပေးမိတာပဲကွ"

"အဲဒီလိုလား အစတုန်းက ငါထင်နေတာ ငါနဲ့တွေ့ဖို့ ကြံစည်မိတာကို အမှားလုပ်မိပြီလို့များ မင်း ပြောနေတာလားလို့"

လျူယွမ်၏ မျက်နှာသည် တင်းမာသွား၏။

"စုချန်း မင်း အားမနည်းမှန်း ငါသိတယ် ဒါပေမဲ့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေနဲ့ကွ တယောက်ယောက်က မင်းကို ဆုံးမပေးဖို့ ငါ့ကို တန်ရာတန်ကြေး ပေးထားတယ် ဒါကြောင့် အဆင့်ရှစ်ဆယ်ဆိုတာ မင်း အမျာဆုံး ရောက်မဲ့နေရာပဲ ငါ့ရဲ့ ကြက်သွေးရောင်အနှိုင်းမဲ့ဓားချက်အောင်ဟာ မင်း တောင်းပန်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူးကွ"

စကားဆုံးသည်နှင့် လျူယွမ်က ဓားကို ဆွဲထုတ်ပြီး စုချန်း ဆီသို့ ညွှန်လိုက်သည်။ သူ့ဓားသည် အနီရောင်သန်းနေ၏။

"မင်းကို ခိုင်းလိုက်တာ ဘယ်သူလဲ ငါ့ကို ပြောပြနိုင်မလား"

စုချန်းက မေးလိုက်၏။

"သိချင်ရင် ဘယ်သူတွေကို မင်း ဒုက္ခပေးဖူးသလဲ နည်းနည်းပါးပါး စဉ်းစားကြည့်လေကွာ"

လျူယွမ်၏ စကားကို ကြားသောအခါ စုချန်းက သက်ပြင်းချလိုက်သည်။

"မင်း မပြောချင်ဘူးဆိုရင်လည်း ထိုးကြိတ်ပြီး မေးရတော့မှာပေါ့ ငါထိုးရင် မင်း မပြောပဲ တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာတော့ မမေ့နဲ့အုံးနော်"

စကားဆုံးသည်နှင့် သူက စတင်တိုက်ခိုက်လိုက်လေသည်။

All Chapters