← Chapters

ပြိုင်ပွဲ ၅

Vol. 28 Ch. 271

ပြိုင်ပွဲ ၅

Vol. 28 Ch. 271

စုချန်း စတင်တိုက်ခိုက်လိုက်ပြီဟေ့ ဆိုသည်နှင့် လေထဲတွင် မီးလျံငှက်တကောင် ပေါ်ပေါက်လာပြီး လျူယွမ်ထံသို့ ပျံသန်းသွားလေသည်။

"မင်းအကွက်က ရိုးနေပြီကွ"

လျုယွမ်က ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

စကားဆုံးသည်နှင့် သူ၏ အနှိုင်းမဲ့ဓားသည် လေထဲတွင် လှပစွာ ကခုန်သွားပြီး ကြက်သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ အလင်းတန်းများသည် မီးလျံငှက်ကို ဖောက်ထွင်းဝင်ရောက်သွားလေရာ မီးတောက်မီးလျံများ ပေါက်ကွဲထွက်ပေါ်လာ၏။ စုချန်း၏ မီးလျံငှက်ကို လျူယွမ်က ဓားချက်တချက်တည်းနှင့် ချေဖျက်ပြလိုက်ခြင်းပင်။

"ငါ့ရဲ့ပျက်သုန်းခြင်းဓားနည်းစနစ်ဟာ ဘယ်စွမ်းအင်တိုက်ခိုက်မှုမျိူးကိုမဆို ချေဖျက်နိုင်တယ်ကွ"

လျူယွမ်က စုချန်းကို ဓားနှင့်ရွယ်ရင်း ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။

"မင်းကိုငါ အစောကြီးကတည်းက လေ့လာထားပြီးပြီ မင်းဟာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေကို အတော်လေး ကျွမ်းကျင်ဟန် ရှိတယ် အောင်မြင်မှုလည်း ရနေဟန်ရှိတယ် ဒါပေမဲ့ ငါ့ရဲ့ ဓားကွက်ကတော့ မင်းရဲ့ နည်းစနစ်တွေကို ရပ်တန့်ပစ်နိုင်တယ်ကွ"

ဤသည်မှာပင် လျူယွမ်က စုချန်းကို အထင်သေးနေရသော အကြောင်းတရား ဖြစ်လေ၏။ သူ၏ ပျက်သုန်းခြင်းဓားနည်းစနစ်သည် ရှေးဟာင်းအာကင်နာနည်းစနစ်များကို ဖျက်ဆီးနိုင်သော နည်းလမ်း ဖြစ်နေသည်မဟုတ်ပါလား။

ကြက်သွေးရောင်ဓားသည် မီးလျံငှက်ကို ဖျက်ဆီးပြီးသည်နှင့် စုချန်းဆီသို့ ဆက်လက်တိုးဝင်လာ၏။ ဓားဦးသည် တဆတ်ဆတ် တုန်ခါနေကြောင်း အတိုင်းသား မြင်တွေ့နေရလေသည်။ ဓားမှ ထွက်ပေါ်လာသော ချီအားလှိုင်းများသည် မိုးသက်မုန်တိုင်း ကျလာသည့်သဖွယ် စုချန်း၏ တကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။

"မင်း တတ်နိုင်တာ ဒါအကုန်ပဲလား"

စုချန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မေးလိုက်သည်။

ဓားလှိုင်းများကား စုချန်း၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပေပြီ။ ထိုအချိန်မှာပင် စုချန်းက အသံအုပ်အုပ်နှင့်လအော်ဟစ်လိုက်သည်။

အော်သံကြောင့် လျူယွမ်၏ ညာဖက်နားစည်တွင် မိုးကြိုးပစ်သကဲ့သို့ ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် စုချန်း၏ ကိုယ်ခန္ဓာတွင် အားမာန်ပါသည့် အရှိန်အဝါတမျိုး ဖြစ်ပေါ်လာ၏။ ထိုအရှိန်အဝါသည် ပြင်းထန်သော ဖိအားများကိုပါ တပါတည်း သယ်ဆောင်လာပုံရသည်။

ထို့နောက် သူက လျူယွမ်ကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးအစုံမှာကား သောက်ရှုးကြယ်ကဲ့သို့ ဝင်းလက်တောက်ပလျက်ရှိသည်။ သူ့အမူအရာမှာကား မည်သည့်အရာကိုမှ ဂရုမစိုက်သည့် ဟန်ပန်မျိုးပင်။

စုချန်းကို ကြည့်ပြီး လျူယွမ် အတော်ပင် အံ့သြတုန်လှုပ်သွား၏။ တဖန် သူက စိတ်ကို ပြန်တင်းလိုက်ပြန်သည်။

မင်းဘယ်လောက်ပဲ အင်အားရှိရှိ အနှိုင်းမဲ့ဓားလျူယွမ်ကိုတော့ ရှုံးမှာပါကွာ...

ကြက်သွေးရောင်ဓား၏ မိုးသက်မုန်တိုင်းမှာ ပို၍ ပြင်းထန်လာပြီး မရေမတွက်နိုင်သော ဓားဖျားများက စုချန်းဆီသို့ အဆက်မပြတ် တိုးဝင်လာ၏။

ထိုအချိန်တွင် စုချန်း၏ အားမာန်သည် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာဟန်တူသည်။ ဖျော့တော့သော ရွှေရောင်အစုအဝေးတခုသည် သူ့ကိုယ်မှ တိုးထွက်လာသကဲ့သို့ ထင်ရသည်။ ထိုအချိန်မှာပင် စုချန်းက ရှေ့ကို ခုန်ထွက်ပြီး လျူယွမ်ကို လက်သီးနှင့် လှမ်းထိုးလိုက်တော့သည်။

လက်သီးချက်ကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး ချီအားလှိုင်းများသည် လေထဲအတွင်းသို့ ပျံ့လွင့်သွား၏။ ထိုအားလှိုင်းများသည် လျူယွမ်၏ ဓားကို ပြင်းထန်စွာ ရိုက်ခတ်မိသွားလေရာ လျူယွမ်ခမျာ ဓားကိုပင် မနည်းထိမ်းထားလိုက်ရ၏။ သဘောတရားအားဖြင့် လျူယွမ်၏ ဓားသည် တောင်ကြီးတတောင်ကို ဓားနှင့်ထိုးမိသကဲ့သို့ရှိပြီး တောင်ကြီး၏ ဖိအားနှင့် အလေးချိန်သည် သူ့ဓားချက်ကို ဖယ်ထုတ်လိုက်သကဲ့သို့ ရှိလေသည်။ ထိုအခါ သူ့ဓားသည် နောက်ဆက်တွဲ အားလှိုင်းများကြောင့် လုံးဝဥသုံ ဖိနှိပ်ခံလိုက်ရ၏။

ဘုန်းခနဲ မြည်သံနှင့်အတူ လျူယွမ်သည် နောက်ဘက်သို့ လွင့်စင်သွား၏။ လေထဲတွင် သုံးလေးပတ်ခန့် ကျွမ်းပစ်ပြီးမှ လျူယွမ်သည် လွင့်စင်လာသည့် အရှိန်ကို သတ်နိုင်ကာ စင်မြင့်ပေါ်သို့ ပြန်လည်ဆင်းသက်နိုင်ခဲ့လေသည်။ သူ့အနေနှင့် စင်အောက်သု့ိ ပြုတ်ကျသည်အထိတော့ အခြေအနေ ဆိုးမသွားချေ။ အကြောင်းမှာ စုချန်းက သူ့ကို ချက်ချင်းလက်ငင်း မရှုံးနိမ့်စေချင်သောကြောင့်သာ ဖြစ်သည်။

"ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လျူယွမ်က စုချန်းကို ထိတ်လန့်တကြားနှင့် စိုက်ကြည့်လိုက်သည်။

စုချန်း၏ တကိုယ်လုံးတွင် ရွှေဝါရောင်အလင်းတန်းများ လွှမ်းခြုံထား၏။ ၎င်းသည် အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်နှင့် တူလှသည်။ သို့သော် အက်ဒမန်တင်းနည်းစနစ်သက်သက်တော့ မဟုတ်ချေ။ အဖြူရောင်အလင်းတန်းတချိူ့ကလည်း စုချန်း၏ တကိုယ်လုံးကို စက်ဝိုင်းသဏ္ဍာန် ရစ်ပတ်လျက်ရှိသည်။ အနီးကပ်သာကြည့်လိုက်လျင် ၎င်းသည်ပင် စုချန်း၏ အင်အားများ တိုးပွားလာရသည့် အကြောင်းတရားမှန်း ကွဲကွဲပြားပြား မြင်ရပေလိမ့်မည်။

အားထားရသောတောင်တော်မဟာ နည်းစနစ်ပေတည်း။

အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်နှင့် အားထားရသော တောင်တော်မဟာ နည်းစနစ်နှစ်ရပ်ကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် စုချန်းသည် အဝေးရောက်တိုက်ခိုက်နည်းကျွမ်းကျင်သူတယောက်မှ အနီးကပ်တိုက်ခိုက်ရေးပညာရှင်တယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

စုချန်းသည် ရှေ့သို့တိုးပြီး လျူယွမ်ကို မိုးကြိုးဓားနှင့် တိုက်ခိုက်လိုက်ပြန်၏။

မိုးကြိုးဓားသည် လေထဲတွင် ပျံသန်းသွားပြီး အပေါ်စီးမှနေ၍ လျူယွမ်ဆီသို့ ကွေ့ဝိုက်တိုးဝင်လာ၏။ လျူယွမ်က ဓားကိုမြောက်ပြီး တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက်သည်။ ပြင်းထန်လှသော ဖိအားတခုက လျူယွမ်၏ ဓားကို ဖိနှိပ်လာပြီး သူသည် ထိုဖိအားကို တောင့်မခံနိုင်ပဲ ဖြစ်လာ၏။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လျူယွမ် နောက်တကြိမ် လွင့််စင်သွားပြန်၏။ စုချန်းသည် မျက်စေ့တမှိတ်အတွင်း ကြောက်မက်ဖွယ်ရာ အင်အားများကို ထုတ်ဖော်သုံးစွဲခဲ့ကြောင်း လျူယွမ် လက်ခံလိုက်ရလေပြီ။

လျူယွမ်၏ စိတ်ထဲတွင် နောက်ဆုတ်ထွက်ပြေးလိုစိတ်များ ပေါ်ပေါက်လာ၏။ သို့သော် သူ့ကိုယ်ခန္ဓာက ယခုအချိန်ထိ လေထဲတွင်သာ ရှိနေသေးလေသည်။ စုချန်းသည် လေထဲရှိ လျူယွမ်၏ ကိုယ်ကာယကြီးကို ဖမ်းဆွဲလိုက်ပြီး အော်ဟစ်လိုက်သည်။

"အောက်ကို ပြန်ဆင်းလာစမ်း"

နောက်ထပ်ပြင်းထန်သော တိုက်ကွက်တကွက် ထပ်မံပေါ်ပေါက်လာ၏။ စုချန်း၏ လက်ဝါးရိုက်ချက်ကြောင့် လျူယွမ်တယောက် စင်ပေါ်သို့ ပြုတ်ကျသွားပြန်၏။

ထိုအခါကျမှ သူ့အနေနှင့် အမှားကြီးတခုကို ကျူးလွန်မိပြီဖြစ်ကြောင်း လျုယွမ် သဘောပေါက်လာ၏။

စုချန်းသည် ရှေးဟောင်းအာကင်နာနည်းစနစ်များအပေါ် တခြားမူလစွမ်းရည်များထက် ကျွမ်းကျင်၏။ သို့သော် သူ၏ လက်ရှိခေတ်သုံး မူလစွမ်းရည်များကလည်း အင်အားနည်းလှသည်မဟုတ်ပေ။ အနည်းဆုံးတော့ သာမန်လူများထက် များစွာ သာလွန်နေ၏။

အခြေအနေသည် အဆိုးဆုံးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း လျူယွမ် သဘောပေါက်လိုက်သည်။ ထိုအခါ သူက အားအကိုးရဆုံး နည်းစနစ်တမျိုးကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်၏။

လျူယွမ်၏ ကြက်သွေးရောင်ဓားသည် တဖန် ပြန်လည် တောက်ပလာပြန်၏။

"ပယင်းရောင်ဓားကွ"

လျူယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စုချန်းကို ဓားနှင့် လှမ်းထိုးလိုက်လေသည်။

ဓားသွားမှ မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ ထွက်ပေါ်လာပြီး စုချန်း၏ မျက်လုံးဆီသို့ တိုးဝင်သွား၏။ တချိန်တည်းမှာပင် အဝတ်အစားကို ဆုတ်ဖြဲလိုက်သကဲ့သ်ု့ိ ထူးဆန်းသော အသံတမျိုး ထွက်ပေါ်လာလေသည်။ လျူယွမ်၏ မျက်နှာပေါ်တွင်လည်း အလွန်ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုး ထွက်ပေါ်လာ၏။

ခွေးမသား...မင်းကငါ့ကို ဒီလောက် လွယ်လွယ်နဲ့ အနိုင်ရမယ် ထင်သလား မင်းမျက်လုံးကို မမြင်ရအောင် ငါလုပ်လိုက်ပြီ မင်း ဘယ်လောက် မာနထောင်လွှားအုံးမလဲ ကြည့်ရသေးတာပေါ့.....

ဓားသွားမှ ထွက်ပေါ်လာသော အလင်းရောင်များသည် မျက်စေ့ကန်းသွားလောက်အောင် တောက်ပဝင်းလက်နေပြီး ချီအားလှိုင်းများကလည်း မုန်းတိုင်းကျသကဲ့သို့ ဝုန်းဝုန်းထနေလေသည်။

လျူယွမ်သည် သူ၏ ပယင်းရောင်ဓားနည်းစနစ်ကို လွန်စွာ ယုံကြည်စိတ်ချထားလေသည်။ လက်ရှိအချိန်ထိ ဤဓားကွက်ကို ရှောင်နိုင်သူ မရှိဖူးသေး။ ဤဓားကွက်ကို ရှောင်တိမ်း၍မရ။ ထို့ကြောင့် စုချန်းအနေနှင့် ခုခံရန်သာ ရှိလေသည်။

ထိုအချိန်တွင် စုချန်းက သူ့ကိုယ်ခန္ဓာကို အင်အားပြည့်လာစေရန် မူလစွမ်းအင်များကို ဖြည့်သွင်းလိုက်၏။ သူ့အနေနှင့် အကာအကွယ်ဖော်ထုတ်ရန် အချိန်မရတော့။ ထို့ကြောင့် လျူယွမ်၏ ဓားချက်ကို တောင့်ခံနိုင်လိမ့်မည်မဟုတ်။

လျူယွမ်၏ စိတ်ထဲတွင် ဤတခေါက်တော့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုက်နိုင်ပြီဟု အောက်မေ့လိုက်သည်။ သို့သော် စုချန်း၏ ရက်စက်သော မျက်လုံးအစုံကို အမှတ်မထင် မြင်တွေ့လိုက်ရ၍ သူ ကျောစိမ့်သွား၏။

ထိုအချိန်မှာပင် လျူယွမ်၏ ဓားချက်သည် လေဟာနယ်ကို ဖောက်ထွင်းသွား၏။

ဟာ ဒီကောင် ဘယ်ရောက်သွားတာလဲ....

လျူယွမ် ကြက်သေသေသွား၏။

သွားပြီ...အခြေအနေ မကောင်းတော့ဘူး...

တကယ်လည်း အခြေအနေ မကောင်းတော့ပေ။ အကြောင်းမှာ ပြင်းထန်သော လက်သီးချက်က လျူယွမ်၏ ကျောပြင်ကို ကျကျနနပင် ထိမှန်သွားသောကြောင့် ဖြစ်သည်။ လျူယွမ်တယောက် နောက်တကြိမ် လေထဲသို့ လွင့်စင်သွားပြန်၏။

စုချန်းအသုံးပြုလိုက်သည်မှာကား တယ်လီပသီ မူလစွမ်းရည်ပေတည်း။

ဤတကြိမ်တွင်တော့ လျူယွမ်သည် ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်ပြီး မြေကြီးပေါ်သို့ လဲကျသွားလေသည်။ ထိုအခါ စုချန်းက လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး လျူယွမ်ကို လက်သီးနှင့် ရွယ်ကာ မေးလိုက်သည်။ သူ့လက်သီးသည် ကြောက်စရာ အရှိန်အဝါတမျိုးကို ဖော်ဆောင်လျက် ရှိ၏။

"ပြောစမ်း မင်းကို ခိုင်းလိုက်တာ ဘယ်သူလဲ"

"ကျုပ် ......"

လျူယွမ်သည် အမေးကို ချက်ချင်းမဖြေပဲ တုံ့ဆိုင်းလျက်ရှိသည်။ ထိုအခါ စုချန်းက

"ငါမေးတာ မင်းမဖြေချင်ဘူးဆိုရင်လည်း ထားလိုက်တော့"

ပြောပြောဆိုဆို သူက လျူယွမ်ကို လက်သီးနှင့် ထိုးချလိုက်လေသည်။

သေစမ်း...ဒီကောင်ဟာ..ငါက စဉ်းစားရုံပဲရှိသေးတယ် မင်းမေးခွန်းကို မဖြေဘူးလို့ ပြောသေးလို့လား..

အတွေးနှင့်အတူ လျူယွမ်က ဓားကိုမြောက်ပြီး စုချန်း၏ လက်သီးချက်ကို ကာကွယ်လိုက်သည်။ ထိုအချိန်တွင် သူ၏ မာနထောင်လွှားမှုများအားလုံးသည် လွင့်စင်ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ့အသက်မှာလည်း သေရေးရှင်ရေးအခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။ ထို့ကြောင့် စုချန်း၏ လက်သီးချက်ကို ကာကွယ်လိုက်သော လျူယွမ်၏ ဓားချက်သည် ရှိသမျှအင်အားများအားလုံးပါဝင်နေ၍ ယခင်နှင့်မတူပဲ အတော်လေး ပြင်းထန်နေ၏။

လက်သီးနှင့်ဓားသည် လေထဲမှာပင် ပြင်းထန်စွာ ဆုံတွေ့မိကြပြီး ချီအားလိုှုင်းများက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွား၏။

လျူယွမ်၏ ချီအားလှိုင်းများကြောင့် စုချန်း၏ တကိုယ်လုံးတွင် အသေးစားဒဏ်ရာများ ရရှိသွား၏။ လျူယွမ်ကား သွေးပွက်ပွက်အန်ပြီး နောက်သို့ ဆုတ်သွားလေသည်။

ယခုဆိုလျင် သူတို့နှစ်ယောက်လုံး ဒဏ်ရာအသီးသီး ရရှိသွားပြီ ဖြစ်သည်။

စုချန်းက ရှေ့သို့ခုန်ဝင်ပြီး လျူယွမ်ကို လက်သီးနှင့် လှမ်းထိုးလိုက်ပြန်သည်။ လျူယွမ်ကလည်း ရှေးနည်းအတိုင်း ဓားနှင့်ပြန်လည်ခုခံလိုက်ပြန်သည်။ ဤတကြိမ်တွင်တော့ စုချန်း၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားချက်ကို ကာကွယ်လိုက်၏။ သို့သော် အနည်းငယ်နောက်ကျသွားလေရာ စုချန်း၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ထပ်မံရရှိသွားပြန်သည်။

စုချန်း၏ လက်သီးချက်သည်ကား ကြောက်စရာ အရှိန်အဟုန်ဖြင့် လျူယွမ်ဆီသို့ တိုးဝင်သွားသည်။ ထိုအချိန်တွင် လျူယွမ်က အကာအကွယ်ကို ဖော်ထုတ်ထားပြီး ဖြစ်သည်။ သို့သော် ပြင်းထန်သော လက်သီးချက်ကြောင့် လျူယွမ်၏ အကာအကွယ်သည် ကွဲအက်စပြုလာ၏။

ထိုအချိန်တွင် စုချန်းက လက်သီးချက် ၁၃ချက်တိတိ တဆက်တည်းပစ်သွင်းလိုက်လေသည်။

စုချန်း၏ တကိုယ်လုံးမှာကား လျူယွမ်၏ ဓားချက်ကြောင့် သွေးရဲရဲ သံရဲရဲ ဖြစ်နေချေပြီ။ သို့သော် စုချန်းကား ဂရုမစိုက်။ လျူယွမ်ကိုသာ လက်သီးနှင့် ဆက်ထိုးနေ၏။ အဆက်မပြတ် တိုးဝင်လာသော လက်သီးများကြောင့် လျူယွမ်၏ အကာအကွယ်သည် နောက်ဆုံးတွင် ရစရာမရှိအောင် ပျက်စီးသွားပြီး စုချန်း၏ လက်သီးချက်က သူ့ရင်ဘတ်ကို တည့်မတ်စွာ ထိမှန်သွားလေသည်။

လျူယွမ် သွေးအန်ပြီး နောက်တကြိမ် လွင့်စင်သွားပြန်၏။

"ငါ တောင်းပန်......"

လျူယွမ် ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

လျူယွမ်ကား စကားကို အဆုံးမသတ်လိုက်ရရှာ။ စုချန်း၏ မိုးကြိုးဓားကြောင့် ထပ်မံလွင့်စင်သွားရပြန်သည်။

စုချန်းက လျူယွမ်၏ နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာပီး နောက်ထပ် ခြေကန်တချက် ပစ်သွင်းလိုက်ပြန်၏။

ထိုကန်ချက်ကြောင့် လျူယွမ်၏ နံရိုးအိမ်တခုလုံး ကျိုးကြေသွားပြီး စင်အောက်သို့ ပြုတ်ကျသွားလေသည်။

မြေကြီးပေါ်တွင် လဲကျနေသော လျူယွမ်ကို ကြည့်ပြီး စုချန်းက ပြောလိုက်၏။

"မင်းပြောခဲ့သလိုပဲ မင်းဟာ တောင်းပန်ချိန်တောင် မရလိုက်ဘူးမလား"

All Chapters