← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 28 Ch. 272

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 28 Ch. 272

တိုက်ပွဲမှာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွား၍ စုချန်းတယောက် စိတ်အဆာပင် မပြေလိုက်ချေ။

ဤသည်မှာပင် မူလခေတ်သုံး မူလစွမ်းရည်များ၏ ထူးခြားသော ဝိသေသ လက္ခဏာတခု ဖြစ်သည်။ အကယ်၍ သူတို့ှိနှစ်ယောက်လုံးသာ ရှေးဟောင်းအာကင်နာနည်းစနစ်များကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြပါက သူတို့၏ တိုက်ပွဲသည် ယခုထက်ပို၍ အဆန်းတကြယ်နိုင်လိမ့်မည်။ ပို၍ စိတ်ဝင်စားဖွယ်ကောင်းလိမ့်မည်။ မြန်မြန်ဆန်ဆန် ဝုန်းဒိုင်းကြဲကာ ပြီးဆုံးသွားလိမ့်မည်မဟုတ်ပေ။

လျူယွမ် ရှုံးနိမ့်သွားသည်ကို မြင်တွေ့ရသောအခါ လူအုပ်ကြီးသည် အုန်းအုန်းကြွက်ကြွက် ဖြစ်လာပြန်၏။

ဤတပွဲမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပေ။ လျူယွမ်သည် နှစ်တိုင်းလိုလို နံပါတိ၄၀ ပတ်ဝန်းကျင်တွင် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးသည်ပင် စုချန်း၏ ပက်ပက်စက်စက် ထိုးကြိတ်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။

စုချန်းအပေါ် သူတို့အားလုံး မှားယွင်း၍ ခန့်မှန်းမိခဲ့ကြကြောင်း လူတိုင်းလိုလိုက လက်ခံလိုက်ကြ၏။ မှာယွင်းသည်ဆိုရာတွင်လည်း နည်းနည်းမဟုတ်။ အကြီးကြီး မှားယွင်းခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်တွင်...

စင်မြင့်၏ အပြင်ဘက် မိုးမခပင်လေးအောက်ဝယ် လူငယ်နှစ်ယောက်သည် မတ်တပ်ရပ်ပြီး မြင်ကွင်းကို စိုက်ကြည့်လျက်ရှိ၏။

အရပ်ရှည်ရှည်နှင့် သန်မာတောင့်တင်းဟန်ရှိပြီး ကြီးမားသော ဓားတလက်ကို ကျောပေါ်တွင်လွယ်ကာ ရင်ဘက်တဝက်ခန့်ကို ဖော်ထားသည့် လူငယ်က ပြောလိုက်၏။

"လျူယွမ်ကို အနိုင်ရလိုက်ပေမဲ့ သူ့ဒဏ်ရာကလည်း သိပ်တော့ မသေးလှဘူး လျူယွမ်ဟာ သူ့အင်အားကို အကုန်ထုတ်ပြီး တိုက်ခဲ့ပုံပေါ်တယ် ဘာပဲပြောပြော သူ့စွမ်းဆောင်ရည်က အဆင့်၃၀အတွင်းမှာတော့ ရှိနေတယ်"

ထိုလူငယ်၏ ဘေးနားတွင် မတ်တပ်ရပ်နေသည့် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်က ပြောလိုက်သည်။

"တွန့်ကျန့်ချန်း မင်းအနေနဲ့ သူ့ရဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တွေကိုတော့ မမေ့သင့်ဘူးလေ လျူယွမ် တတ်ကျွမ်းထားတဲ့ မူလစွမ်းရည်ဟာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေကို ဖျက်ဆီးနိုင်တယ် ဒါပေမဲ့ သူ့လို လူတိုင်း လိုက်လုပ်နိုင်မှာ မဟုတ်ဘူး တကယ်လို့ စုချန်းကသာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေနဲ့ မူလခေတ်သုံး နည်းစနစ်တွေကို အချိုးကျကျ ပေါင်းစပ်အသုံးပြုခဲ့ရင် သူဟာ ဒီထက်မြင့်တဲ့အဆင့်ကို ရောက်သွားနိုင်တယ်"

"ဒီလိုပေါင်းစပ်တာမျိုးကို သူ ခုနကပဲ အသုံးပြုခဲ့ပြီးပြီလေ"

"အင်း ဒါဟာ ဒီကောင့်ရဲ့ ထူးခြားချက်ပဲ ဒါပေမဲ့ ပြန်တွေးကြည့်ရင် သိပ်တော့မဆန်းဘူးကွာ တခြား ထူးခြားတဲ့ စွမ်းအင်လည်းမရှိ သွေးဗီဇလည်းမပါတဲ့ လူတယောက်အတွက် အရည်အချင်းထက် အရေအတွက်ကို ပိုပြီး မှီခိုအားထားရတဲ့ သဘောပေါ့ကွာ"

"ဒီကောင့်ဟာဒီကောင် နည်းစနစ်ပေါင်း ထောင်ချီအောင် သင်ထားပါစေ ကောင်းကင်နဲ့မြေကြီးကို ပေါင်းစပ်ပေးနိုင်တဲ့ အင်အားမျိုးမရှိရင် အလကားပေါ့ ငါက ဒီကောင့်ကို တချက်တည်းနဲ့ ရှင်းပစ်နိုင်ပါတယ်"

သန်မာထွားကျိုင်းသည့်လူငယ်က မနှစ်မြို့ဟန်ဖြင့်ပြောရင်း သူ့အဖော်ကို ထွက်ခွာရန် လောဆော်လိုက်၏။

"သွားကြမယ်ဟေ့ ကျန့်စီချွေ့ ရှစ်နှစ်လုံးလုံး ပုန်းအောင်းနေလို့ ဒီကောင့်မှာ ထူးထူးခြားခြား စွမ်းဆောင်ရည်တွေ ရှိလိမ့်မယ်လို့ ထင်နေတာ ဒါပေမဲ့ ကြည့်ရတာ ဒီကောင်တတ်တာ ဒါအကုန်ပဲနဲ့ တူတယ် ဒီနှစ်အတွက် ထိပ်ဆုံးသုံးနေရာကလည်း မင်းရယ် ငါရယ် ဟေးနီလျူက လွဲပြီး ဘယ်သူမှ ရမဲ့ပုံမပေါ်ဘူး"

သူ့လေသံမှာ အတော်လေး စိတ်ပျက်နေဟန်ရှိလေသည်။

"ဘာလဲ မင်းက ဆက်မကြည့်တော့ဘူးလား ဒီကောင့်မှာ တခြားလှည့်ကွက်တွေ ကျန်ရင်ကျန်အုံးမှာပေါ့"

ခရမ်းရောင်ဝတ်စုံ ဝတ်ထားသည့် လူငယ်က မေးလိုက်၏။

"မကြည့်တော့ဘူးဟေ့ မကြည့်တော့ဘူး သွားကြမယ် လျူယွမ်ကို အနိုင်ရလိုက်ကတည်းက ဒီကောင့်ကို ဘယ်သူမှ စိန်ခေါ်မဲ့လူ မရှိတော့ဘူး ငါတို့ ကုချိန်းလွှာကို သွားကြည့်တာကမှ ပိုအကျိူးရှိအုံးမယ် ကုချိန်းလွှာဟာ ကုမျိုးနွယ်စုက လာတဲ့အတွက် ဒီကောင့်ထက်တော့ ကြည့်ရတာ ပိုထိုက်တန်မယ်လို့ ယူဆရတာပဲ"

ကျန့်စီချွေ့အမည်ရှိ လူငယ်က မျက်မှောင်ကုတ်လိုက်သည်။

"ကုမျိုးနွယ်စုက လာတဲ့လူတွေဟာ သိပ်ပြီး စောင့်ကြည့်ရလောက်အောင် မထိုက်တန်ဘူးလို့ ငါတော့ ခံစားမိတယ်ကွ"

ပါးစပ်ကသာ ထိုသို့ ပြောလိုက်သော်လည်း သူသည် တွန့်ကျန့်ချန်းနှင့်အတူ ထွက်ခွာသွားလေသည်။

တွန့်ကျန့်ချန်း၏ စကားက သွေးထွက်အောင် မှန်လှသည်။ လျူယွမ်ကို အနိုင်ရလိုက်သောကြောင့် စုချန်း၏ အင်အားကို လူတိုင်း နားလည်သဘောပေါက်သွား၏။ မည်သူမှ သူ့ကို သတိလက်လွတ်နှင့် စိမ်မခေါ်ရဲတော့။ ထို့ကြောင့် လာမည့်တိုက်ပွဲများတွင် သူသည် အတော်လေး အနားယူခွင့် ရခဲ့လေသည်။

နောက်ဆုံးတော့ စုချန်းသည် အဆင့်၅၀သို့တိုင် ရောက်ရှိလာခဲ့၏။

ပိုင်ယိဟုန်ကား ဒေါသထွက်၍ မဆုံးတော့။

သို့သော် မည်မျှပင် ဒေါသထွက်နေစေကာမူ သူ့အနေနှင့် ဘာမှမတတ်နိုင်တော့။ စုချန်း၏ လက်ချက်ကြောင့် လျူယွမ် အတော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလေရာ သဘောတူညီမှုကို အဆုံးမသတ်နိုင်ခဲ့။ မည်သို့ဆိုစေ လျူယွမ် စိတ်ကျေနပ်စေရန် ပိုင်ယိဟုန်ဖက်မှ ငွေကြေးတချို့ စိတ်ထုတ်ပေးရပေတော့မည်။ သို့မဟုတ်ပါက သူ့အား စေခိုင်းသူမှာ ပိုင်ယိဟုန်ပါဟု လျူယွမ်ပါးစပ်မှ ထုတ်ဖော်ပြောလိုက်ပေလိမ့်မည်။ ထိုအခါ ပိုင်ယိဟုန်၏ ဘဝသည်လည်း ပျက်စီးရပေတော့မည်။

ဤယနေ့အဖို့ ပြိုင်စရာရှိသည်တို့ကို ပြိုင်ပြီးသည်နှင့် စုချန်းသည် တခြားပြိုင်ပွဲများကို ဆက်ကြည့်မနေတော့ပဲ မူလစွမ်းအင်မျှော်စင်သို့ တန်းတန်းမတ်မတ်ပင် ပြန်လာခဲ့၏။ သူ့အတွက် အကဲဖြတ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် ဆရာဖြစ်သူ၏ အမိန့်ကို လိုက်နာခြင်းမျှသာ ဖြစ်သည်။ သူ့အာရုံများအားလုံးသည် ယခုအချိန်ထိ သူ၏ သုတေသနလုပ်ငန်းများအပေါ်တွင် ရှိနေဆဲသာ ဖြစ်သည်။

အတွေးနှင့်အတူ စိတ်အေးလက်အေး လမ်းလျှောက်ရင်း စုချန်းသည် ဝါးတောလေးတစ်တောသို့ ရောက်ရှိလာ၏။ အနှီ ဝါးတော၏ အလွန်တွင်ကား မူလစွမ်းအင်မျှော်စင် ရှိလေသည်။

ဝါးတောအတွင်းသို့ လှမ်းဝင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အနက်ရောင် ကြောင်လေးတစ်ကောင်ကို စုချန်း မြင်တွေ့လိုက်ရသည်။ ကြောင်ကလေး၏ အမွှေးများသည် မဲနက်တောက်ပြောင်နေ၏။ အနှီကြောင်သည် အစိမ်းရောင်တောက်ပသော မျက်လုံးအစုံနှင့် စုချန်းကို လှမ်းကြည့်နေလေသည်။

စုချန်းက ကြောင်ကလေးကို ကြည့်ရင်း ရယ်မောလိုက်၏။

"မင်းက ဘယ်ကနေ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲကွ"

ပြောပြောဆိုဆို သူက ကြောင်ကို ပွေ့ယူရန် လက်ကိုလှမ်းလိုက်သည်။ ထိုအချိန်မှာပင် ကြောင်က စုချန်း၏ လက်ကို လှမ်းကုတ်လာ၏။ စုချန်းကလည်း မည်သို့မှ သဘောမထားပဲ လက်ကို အနည်းငယ် ရှောင်တိမ်းပေးလိုက်သည်။ သို့သော် ကြောင်၏ လက်သည်းက ရုတ်တရက် ဆန့်ထွက်လာပြီး စုချန်း၏ မျက်နှာကို ထပ်မံ ကုတ်ခြစ်လိုက်ပြန်သည်။ ရုတ်တရက် သူမျက်နှာပေါ်သို့ ကျရောက်လာသော ဖိအားကို စုချန်း ခံစားလိုက်ရ၏။

အခြေအနေမှာ တမျိုးဖြစ်နေကြောင်း စုချန်း သဘောပေါက်လိုက်သည်။ ထို့နောက် သူက နောက်ကို လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။ သို့သော် လှုပ်ရှားမှုမှာ မဆိုစလောက် နောက်ကျသွားသောကြောင့် လက်သည်းချက်မှ အလုံးစုံ လွတ်မြောက်အောင်တော့ စုချန်း မရှောင်တိမ်းနိုင်လိုက်။

ကြောင်လက်သည်းသည် စုချန်း၏ မျက်နှာကို ခြစ်မိသွားပြီး သွေးများ ဖြာခနဲ စီးကျလာ၏။ ပြင်းထန်သော စွမ်းအင်လှိုင်းတခုက စုချန်း၏ ကိုယ်တွင်းကို ဖောက်ဝင်သွားပြီး သူ့မျက်နှာတခြမ်းမှာ ကြည့်ရဆိုးသွားလေ၏။

အန္တရာယ်မှာ ဤမျှနှင့် ရပ်တန့်မသွားသေး။ ကြောင်၏ လက်သည်းကုပ်ချက်ကို ရှောင်တိမ်းပြီးစဉ်မှာပင် ထူးဆန်းသော လေတိုးသံသဲ့သဲ့ကို စုချန်း ကြားလိုက်ရသည်။ လေတိုးသံသည် နူးညံ့ငြင်သာလှ၏။ စုချန်းသာ ဆယ်နှစ်တိုင်တိုင် သူ့အကြားအာရုံကို တိုးတက်အောင် လေ့ကျင့်မထားလျင် အနှီ လေတိုးသံကို လုံးဝကြားရလိမ့်မည်မဟုတ်။

အသံသည် သူ့နောက်ကျောမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ရုတ်ချည်းဆိုသလို ညာဘက်သို့ ရောက်သွားပြန်၏။

တစုံတယောက်ကတော့ သူ့ကို ခြုံခိုတိုက်ခိုက်လာခဲ့လေပြီ။

ထိုအချိန်တွင် စုချန်းသည် ကြောင်၏ လက်သည်းကုပ်ချက်ကို ရှောင်တိမ်းလိုက်ရ၍ လေထဲတွင် ရောက်နေ၏။ သူ့တွင် နောက်ထပ် ရှောင်တိမ်းရန် ကန်အား မရှိပဲ ဖြစ်နေလေသည်။ ခြုံခိုတိုက်ခိုက်မှုသည် သူ့ဆီသို့ လျင်မြန်သော အရှိန်အဟုန်နှင့် တိုးဝင်လာ၏။ စုချန်းအနေနှင့် မည်သို့မှ ရှောင်တိမ်းနိုင်ဖွယ်ရာ မရှိတော့။

ထိုအချိန်တွင် စုချန်းက လက်တဖက်ကို မြောက်ပြီး ပျံသန်းလာသောအရာကို လက်သီးနှင့် ထိုးချလိုက်သည်။ သူ့လက်သီးချက်ကြောင့် လေထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ပေါက်ကွဲသံကြောင့် စုချန်း၏ ဤတကွက်ကို မိုးကြိုးဓားဟု ထင်စရာရှိသည်။ သို့သော် အမှန်တော့ မိုးကြိုးဓား မဟုတ်ချေ။

ကျယ်လောင်သော ပေါက်ကွဲသံသည် မိုးကြိုးဓားကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ပဲ မူလစွမ်းအင်များကို အဆုံစွန်သော အကန့်အသတ်ထိ ဖိနှိပ်လိုက်ရာမှ ထွက်ပေါ်လာသော အသံသာ ဖြစ်သည်။

စုချန်း၏ လက်သီးသည် ပျံသန်းလာသော အရာဝတ္တုကို ပြင်းထန်စွာ ထိမှန်သွား၏။ ထိုအရာမှာ ဓားတချောင်း ဖြစ်သည်။ တိတိကျကျ ဆိုရလျင် ပါးလွှာသော အနက်ရောင်ဓားတချောင်း ဖြစ်သည်။ ထိုဓားသည် ကြောက်စရာကောင်းလောက်အောင် ထက်မြက်လှသည့် မူလကိရိယာတမျိုး ဖြစ်သည်။

စုချန်း၏ လက်သီးနှင့် ဓားသည် လမ်းခုလတ်မှာပင် ပြင်းထန်စွာ ထိမှန်သွားပြီး ကြောက်စရာအားလှိုင်းများက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွား၏။ ထိုအချိန်မှာပင် အနက်ရောင်ဓားလေးသည် စတင်၍ အက်ကြောင်းများ ထင်လာ၏။ မျက်စေ့တမှိတ်အတွင်းမှာပင် အက်ကြောင်းများသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် ဓားတချောင်းလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

ခြုံခိုတိုက်ခိုက်သူ(ဝါ)ဓားပိုင်ရှင် နှလုံးတုန်သွား၏။

သူ၏ လုပ်ကြံသတ်ဖြတ်ခြင်းဓားသည် ရန်သူ၏ လက်သီးချက်တချက်တည်း ထိမှန်ရုံနှင့် ပျက်စီးသွားသတဲ့လား....

စုချန်း၏ လက်သီးကြောင့် ဖြစ်ပေည်လာသော အကျိုးဆက်မှာ ဤမျှနှင့် ရပ်တန့်မသွားသေး။ လက်သီးကြောင့် ဖြစ်ပေါ်လာသော အားအဟုန်သည် ရှေ့သို့ဆက်လက်ရွေ့လျားနေပြီး လုပ်ကြံသူကို လွင့်စင်သွားစေ၏။

ထိုအချိန်တွင်ကား စုချန်း၏ ခြေအစုံသည် မြေကြီးနှင့် ထိမိသွားပြီးဖြစ်သည်။ သူသည် ကြောင်ကို လျင်မြန်စွာ ဖမ်းဆီးပြီး လည်မျိုကို တင်းကျပ်စွာ ကိုင်တွယ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်လိုက်သည်။

ဤနေရာတွင် မည်သည့် မူလစွမ်းအင်ပုံစံမှ ရှိမနေပေ။

စုချန်း အတော်လေး အံ့သြသွားသည်။ ပြီးမှ သူက စောင့်ကြည့်သူ ဆရာများ ရောက်မလာသည့်အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွား၏။ ဤအချိန်သည် အကဲဖြတ်ပြိုင်ပွဲ ကျင်းပနေသည့် အချိန်ဖြစ်သည်။ တိုက်ပွဲများမှာ နေရာတိုင်းတွင် ရှိနေ၏။ မူလစွမ်းအင်လှိုင်းများက နေရာအနှံ့တွင် လှုပ်ရှားနေလေရာ ဆရာများအနေနှင့် မည်သည့်နေရာတွင် တိုက်ပွဲဖြစ်နေကြောင်း တိတိကျကျ သိနိုင်ရန် အလွန်ပင် ခက်ခဲနေသည် မဟုတ်ပါလား။

လူသတ်သမားအနေနှင့် စုချန်းကို လုပ်ကြံသတ်ဖြတ်ရန် ဤနေရာကို ရွေးချယ်ထားခြင်းမှာ အံ့သြစရာမရှိတော့။ သူတို့အနေနှင့် ဤသို့လုပ်ကြံရန် ကနဦးကတည်းကဘကြိုတင်ပြင်ဆင်ထားပုံရသည်။ လုပ်ကြံသူအနေနှင့် အတော်လေး စေ့စပ်သေချာပြီး အသေးစိတ်ကျပုံရ၏။

အထက်ပါအတိုင်း တွေးတောပြီး စုချန်းသည် လုပ်ကြံသူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

လုပ်ကြံသူကား စုချန်း၏ လက်သီးကြောင့် အပြင်းအထန် ဒဏ်ရာရသွားပြီ ဖြစ်သည်။

သူသည် မြေကြီးပေါ်တွင် လဲကျနေပြီး အော်ဟစ်နေ၏။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းဓားကို လက်သီးတချက်တည်းနဲ့ ဖျက်ဆီးလိုက်ရအောင် ဘယ်လိုမူလစွမ်းရည်မျိုးမို့လဲ"

သူသည် စုချန်းနှင့် လျူယွမ်တို့၏ တိုက်ပွဲကို မျက်မြင်ကြုံတွေ့လာခဲ့သူဖြစ်သည်။ စုချန်း၏ လက်သီးမှာ ပြင်းထန်ကြောင်း သူ သဘောပေါက်၏။ သို့သော် ဤလောက်ထိ ပြင်းထန်လိမ့်မည်ဟုတော့ မထင်ခဲ့။

အဆင့်၉ မူလကိရိယာကိုပင် လက်သီးတချက်တည်းနှင့် ဖျက်ဆီးလိုက်နိုင်ပေရာ စုချန်း၏ လက်သီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ဤအင်အားမျိုးသည် ချီစုဆောင်းခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တယောက်၏ အင်အားမျိုး မဟုတ်ပေ။

စုချန်းကား ဘာမှပြန်မပြော။ သူက အသက်ကို အားရပါးရ ရှုသွင်းလိုက်သည်။ ထိုသို့ ရှုသွင်းလိုက်စဉ် ဒဏ်ရာရထားသော မျက်နှာတခြမ်းက ဖြူဖွေးသွား၏။

ထို့နောက် စုချန်းက သက်ပြင်းချရင်း ငြင်သာသော လေသံနှင့် ပြောလိုက်သည်။

"မင်းကတော့ တချက်တည်းနဲ့ ငါ့သွေးတွေ အများကြီး ဆုံးရှုံးအောင်လုပ်လိုက်ပြီ ဒီအတွက် ဘယ်လို ပြန်ပေးဆပ်မယ်များ စီစဉ်ထားသတုန်းကွ"

All Chapters