သံချပ်ကာဖောက်ထွင်းရေးဆူးချွန်
Vol. 28 Ch. 273
စုချန်းသည် ဒဏ်ရာရနေသော လုပ်ကြံသူကို ဖမ်းချုပ်ပြီး ၎င်း၏ မျက်နှာတွင် ဝတ်ဆင်ထားသော မျက်နှာဖုံးကို လွှင့်ပစ်လိုက်၏။ ထိုအခါ သူ့အား လုပ်ကြံသူသည် သူတခါမှ မမြင်ဖူးသော လူငယ်တယောက် ဖြစ်နေကြောင်း စုချန်း တွေ့လိုက်ရသည်။ အနှီလူငယ်သည် နဂါးကျောင်းတော်သားတယောက် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် စုချန်းကတော့ ၎င်းကို တခါမှ မမြင်ဖူးချေ။
ထိုအချိန်မှာပင် စုချန်း၏ ခေါင်းထဲတွင် အတွေးတခု လှစ်ခနဲပေါ်ပေါက်လာ၏။ ထို့နောက် သူက လုပ်ကြံသူ၏ လက်ကိုဖြတ်ခနဲ ဆွဲယူပြီး စစ်ဆေးကြည့်လိုက်ရာ ၎င်း၏ လက်ဖမိုးပေါ်တွင် တက်တူးတခုကို တွေ့လိုက်ရသည်။ အခြေအနေကို စုချန်း ချက်ချင်းနားလည်သဘောပေါက်သွား၏။
"ငါ့ကို လုပ်ကြံဖို့ သူ ခိုင်းလိုက်တာပေါ့ ဟုတ်လား"
စုချန်းအား လုပ်ကြံရန် ကြိုးစားသော ကျောင်းသားသည် စုချန်းအား ကြောက်လန့်တကြားနှင့် စိုက်ကြည့်နေရှာ၏။
"ငါ..."
စုချန်းက စကားဖြတ်ပြောလိုက်၏။
"မင်းကို ဘယ်သူ ခိုင်းလိုက်တယ်ဆိုတာ ငါ့ကို ပြောပြနေစရာမလိုတော့ဘူး ငါ မသိချင်တော့ဘူးကွ"
ထို့နောက် စုချန်းသည် အနှီကျောင်းသားနှင့်ကြောင်ကို ကုပ်မှဆွဲပြီး မူလစွမ်းအင်မျှော်စင်သို့ ပြန်လာခဲ့လေသည်။
မျှော်စင်သို့ရောက်သော် သံမဏိက စုချန်းအား ဆီးကြိုနှုတ်ဆက်လေသည်။ သူက ကျောင်းသားနှင့်ကြောင်ကို တွေ့သော် အံ့သြသင့်စွာနှင့် မေးလိုက်သည်။
"ဒါက ဘာတွေလဲ သခင်"
"အစမ်းသပ်ခံအသစ်တွေပေါ့ကွာ"
စုချန်း၏ အဖြေကြောင့် သံမဏိ ပြုံးလိုက်၏။
နောက်ဆုံး အစမ်းသပ်ခံဖြစ်ခဲ့သည့် ဟွမ်းမင် သေဆုံးသွားသည်မှာ သုံးနှစ်ပင် ရှိခဲ့လေပြီ။ ဒီကြားထဲတွင် စုချန်းအတွက် အစမ်းသပ်ခံ လုံးဝမရှိခဲ့။ ဘေးနားတွင် အစေခံများ ရှိသော်လည်း ၎င်းတို့ကို အစမ်းသပ်ခံအဖြစ် စုချန်း သုံးလေ့မရှိ။ သူ့ရန်သူ၊ သူ့ကို သတ်ဖြတ်ရန် ကြိုးစားသူတို့ကိုသာ မိမိ၏ သုတေသနလုပ်ငန်းတွင် အစမ်းသပ်ခံအဖြစ် စုချန်းက အသုံးပြုလေ့ရှိသည်။ ၎င်းမှာ အစမ်းသပ်ခံ ရွေးချယ်ရာတွင် စုချန်း၏ အနိမ့်ဆုံး ကန့်သတ်ချက် ဖြစ်သည်။
ကံမကောင်းအကြောင်းမလှစွာပင် နောက်ဆုံးနှစ်များတွင် စုချန်းကို ဒုက္ခပေးမည့်သူ များများစားစား မရှိခဲ့။ ထို့ကြောင့် သုတေသနအတွက် သင့်လျော်မည့် အစမ်းသပ်ခံမျိုး မရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။
ဤယနေ့တွင်တော့ အစမ်းသပ်ခံတယောက် မိုးပေါ်မှ ပြုတ်ကျသလို ပေါ်ထွက်လာခဲ့ပေပြီ။ ထိုအတွက် စုချန်းနှင့် သံမဏိတို့ ဝမ်းသာသွားကြ၏။
အစမ်းသပ်ခံ မရှိ၍ ခေတ္တဆိုင်းငံ့ထားရသေ သုတေသနတချို့အား ဆက်လက် လုပ်ကိုင်၍ ရပေပြီ။ လုပ်ကြံသူ ကျောင်းသားသည် သူ့အား မည်သည့်ကံကြမ္မာမျိုးက စောင့်မျှော်နေကြောင်း ခုချိန်ထိ သဘောမပေါက်သေးပေ။ သူ့အပေါ်စုချန်းက သနားညှာတာစေရန် တိတ်တခိုး မျှော်လင့်လျက်ရှိ၏။
သို့သော် စုချန်းကတော့ ထိုကျောင်းသား၏ ဆန္ဒကိုအနည်းငယ်မျှပင် စိတ်မဝင်စား။ လတ်တလော သူလိုအပ်နေသည်မှာ လူတယောက်၏ သက်ရှိ ကိုယ်ခန္ဓာ ဖြစ်သည်။ ယုတ်စွအဆုံး သူသည် လုပ်ကြံသူကျောင်းသား မည်သူမည်ဝါမှန်းပင် ဂရုမစိုက်ချေ။
ထို့နောက် စုချန်းသည် လုပ်ကြံသူကျောင်းသားကို သူ၏ သုတေသနအခန်းတွင်းသို့ ခေါ်သွားပြီး ဆေးများ အတင်းသောက်ခိုင်း၏။ တဖန် ၎င်းကို ရွှံ့တွင်းကြီးအတွင်းသို့ ပစ်ချပြီး သူ့အခန်းသို့ ပြန်လာခဲ့လေသည်။
အခန်းထဲသို့ ပြန်ရောက်သည်နှင့် စုချန်းသည် အစိမ်းရောင်တောက်ပနေသော ဆေးပုလင်းကို ဆွဲထုတ်ပြီး အထဲမှ ဆေးရည်များကို တငုံစာခန့် မော့သောက်လိုက်သည်။ ထိုအခါ သူ၏ ဖြူဖွေးနေသော အသားအရေသည် မူလ အရောင်အတိုင်း ပြန်ဖြစ်လာ၏။
စုချန်း၏ ပုံစံကို ကြည့်ပြီး သံမဏိက မေးမြန်းလိုက်သည်။
"သံချပ်ကာဖြိုခွဲရေးဆူးချွန်ကို သုံးလာပြန်ပြီလား သခင်"
သံချပ်ကာဖြိုခွဲရေးဆူးချွန်ဟူသည် မာရန်းချီ ယခင်က အသုံးပြုခဲ့ဖူးသည့် မူလစွမ်းရည်ဖြစ်သည်။ ဤနည်းစနစ်သည် သွေးဗီဇမလိုသော မူလစွမ်းရည်များထဲတွင်မှ အတော်လေး ကြောက်စရာကောင်းသည့် မူလစွမ်းရည်တမျိုး ဖြစ်သည်။ ၎င်းသည် လူတယောက်၏ အသွေးအသားများကို ဖောက်ထွင်းနိုင်သလို စစ်ပွဲများတွင် ဝတ်ဆင်လေ့ရှိသည့် လေးလံသော သံချပ်ကာ ဝတ်စုံတချို့ကိုပင် ဖောက်ထွက်သွားစေနိုင်သော စွမ်းရည်ရှိ၏။ ထိုကြောင့် ဤနည်းစနစ်ကို သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဤနည်းစနစ်၏ မူလစွမ်းအင်သုံစွဲနှုန်းမှာ များပြားလှပေရာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ မဝင်ရောက်ခင်လေးတင်မှ လေ့ကျင့်သင့်သည့် နည်းစနစ်ဖြစ်သည်။ သို့သော် စုချန်းကတော့ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ချီစုဆောင်းခြင်းနယ်ပယ်ကပင် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်လေပြီ။
ထိုအတွက် စုချန်းတွင် အကြောင်းပြချက် ကောင်းကောင်းရှိနေ၏။ ၎င်းမှာ...
စုချန်း၏ အဓိက အားနည်းချက်မှာ သွေးဗီဇမရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူ့လေ့ကျင့်ထားသည့် မူလစွမ်းရည်များ၏ အင်အားကလည်း ကန့်သတ်ချက် အများအပြား ရှိနေ၏။ သူ့အနေနှင့် မီးလျံသိမ်းငှက်ကို ထပ်မံဖန်တီးခဲ့ပြီးနောက် တော်ဝင်မျိုးနွယ်စုဝင်တချို့နှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်ခဲ့သည်။ သို့သော် စုချန်းလိုချင်သည်က လက်ရည်တူယှဉ်ပြိုင်နိုင်ရန်မဟုတ်။ အသာစီးရလိုခြင်း ဖြစ်သည်။
စုချန်းအနေနှင့် သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားလိုပါက သွေးဗီဇနှင့် ယှဉ်တွဲနေသည့် မူလစွမ်းရည်များဖက်တွင်လည်း လမ်းခွဲတခုသို့ ရောက်ရှိထားရန် လိုအပ်နေ၏။ အထူးသဖြင့် မူလစွမ်းရည်များကို ပေါင်းစပ်ရာမှ ရရှိလာသော နည်းစနစ်များထက် သူ့မူပိုင်ဟု ဆိုနိုင်သည့် သတ်ဖြတ်ရေးနည်းစနစ်တရပ် ပိုင်ဆိုင်ထားရန် လိုအပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် စုချန်းသည် နောက်ပိုင်းနှစ်များအတွင်း သံချပ်ကာဖောက်ထွင်းရေးဆူးချွန်အတွက် လိုအပ်ချက်များကို နည်းနိုင်သမျှ နည်းစေရန် ကြိုးစားနေခဲ့လေသည်။
နောက်ဆုံးတော့ သူ အောင်မြင်ခဲ့လေပြီ။
စုချန်း လေ့ကျင့်ထားသော မူလစွမ်းရည်များကို ဝက်ဝံကောင်ရေနှင့် နှိုင်းယှဉ်ကြည့်လျင် ပေါက်ကွဲနေသော မီးလျံငှက်သည် ဝက်ဝံကောင်ရေ ၁၂ကောင်နှင့် ညီမျှပြီး ပြင်းထန်အားကောင်းစွာ ပေါက်ကွဲနေသည့် မီးလျံငှက်မှာမူ ဝက်ဝံကောင်ရေ ၁၈ကောင်နှင့် ညီမျှလေသည်။ မီးလျံသိမ်းငှက်မှာ ဝက်ဝံကောင်ရေ ၂၆ကောင်နှင့် ညီမျှကာ ပြင်းထန်အားကောင်းသော မီးလျံသိမ်းငှက်မှာ ဝက်ဝံကောင်ရေ ၃၆ကောင်နှင့် ညီမျှ၏။ ယခု သံချပ်ကာ ဖောက်ထွင်းရေးဆူးချွန်မှာကား ဝက်ဝံကောင်ရေ ၇၂ကောင်ထိ စွမ်းရည်ရှိပေသည်။ ၎င်းကိုကြည့်လျင် ဤစွမ်းရည်သည် မီးလျံသိမ်းငှက်ထက်ပင် နှစ်ဆပြင်းထန်ကြောင်း သိသာနေ၏။ ၎င်း၏ ဖောက်ထွင်းနိုင်သော စွမ်းရည်ကိုပါ ထပ်ပေါင်းလိုက်သောအခါ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်သည် ကြောက်စရာကောင်းလောက်အောင် အင်အားပြင်းထန်သည့် မူလစွမ်းရည် ဖြစ်လာ၏။ ဤနည်းစနစ်ကြောင့်သာ မဟုတ်လျင် စုချန်းအနေနှင့် အဆင့်၉မူလကိရိယာကို လက်သီးတချက်တည်းနှင့် ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ဤအတွက် သူ ပြန်ပေးလိုက်ရသော အဖိုးအခမှာ ဖောက်ထွင်းရေးဆူးချွန်ကို တကြိမ် အသုံးပြုတိုင်း သူ့ကိုယ်ခန္ဓာ၏ ရုပ်ပိုင်းဆိုင်ရာကို လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်းပင်။
အမှန်တော့ စုချန်းအဖို့ ဤမူလစွမ်းရည်ကို သူ့အသက်နှင့် အလဲအလှယ် ပြုလုပ်၍ အသုံးပြုနေရသည့် သဘောပင်။
ကံကောင်းသည်မှာကား သူ့အနေနှင့် ဤနည်းစနစ်ကို ကြာကြာမသုံးသရွေ့ အသက်ကယ်ဆေးရည်နှင့် ပြန်လည်ကုစားနိုင်ခြင်းပင် ဖြစ်သည်။
သံမဏိ၏ မေးခွန်းကို စုချန်း ပြန်ဖြေလိုက်၏။
"ဟုတ်တယ်ကွ ဒီကောင်က အင်အားသိပ်မကြီးလှပေမဲ့ ထောင်ချောက်ကောင်းကောင်းဆင်ထားတယ် ငါ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲမှုက ငါ့ကို ပြန်ဒုက္ခပေးသွားတာပဲ သူများကို ထောင်ချောက်ဆင်ရတာ ပျော်စရာကောင်းပေမဲ့ ကိုယ်က ထောင်ချောက်ပြန်မိတာရင်တော့ စိတ်ပျက်စရာပဲကွ ပြောပါအုံး ဒီနေ့ တိမ်တိုက်ကျားသစ် ဘယ်လောက်ထိ လုပ်နိုင်ခဲ့သလဲ"
သံမဏိ ခေါင်းခါလိုက်၏။
"သူ လေးပွဲနိုင်ပေမဲ့ ငါးပွဲရှုံးသွားတယ် သခင် ဒါကြောင့် သူ ခုထိ အဆင့်၃၇မှာပဲ ရှိနေသေးတယ် လောလောဆယ်တော့ အခန်းထဲမှာ ဒေါသထွက်နေလေရဲ့"
"ငါ့ကို လတ်တလော အဆင့်သတ်မှတ်ချက်စာရွက် ပေးစမ်းပါအုံးကွာ"
သံမဏိက စာရွက်တရွက်ကို ကမ်းပေးလိုက်၏။
စာရွက်ပေါ်ရှိ နာမည်များကို ဖတ်နေရင်း စုချန်း၏ မျက်လုံးထဲတွင် မြင်နေကျ မျက်နှာများကို မြင်ယောင်နေလေသည်။ ထို့နောက် သူက ပြောလိုက်၏။
"ဒီအတိုင်းဆိုရင်တော့ အခု ငါတို့လုပ်နိုင်တာဆိုလို့......."
နောက်တနေ့ ခုနှစ်ရက်မြောက်နေ့တွင် အကဲဖြတ်ပြိုင်ပွဲသည် ရှေးနေ့များအတိုင်း ပြန်လည်စတင်ခဲ့ပြန်၏။
ယခင်ရက်များကဲ့သို့ပင် စုချန်းသည် အဆင့်၄၀နေရာရှိ ကျောင်းသားကို စိမ်ခေါ်လိုက်၏။ ထိုကျောင်းသားကို အလွယ်တကူ အနိုင်ရရှိပြီးနောက် စုချန်းသည် အဆင့်၃၀နေရာရှိ ကျောင်းသားကို စိမ်ခေါ်ရမည့်အစား အဆင့် ၃၄နေရာရှိ ကျောင်းသားကို ပြောင်းလဲစိမ်ခေါ်လိုက်၏။
၎င်း၏ အမည်မှာ လောင်ဟွမ်းဟု ခေါ်လေသည်။ သူသည် ယမန်နေ့က တိမ်တိုက်ကျားသစ် ရှုံးနိမ့်ခဲ့သော ကျောင်းသားများအနက် တယောက်ဖြစ်သည်။
စင်ပေါ်သို့ရောက်သည်နှင့် စုချန်းသည် ရှည်ရှည်ဝေးဝေး စကားမပြောတော့ပဲ အင်အားပြင်းထန်သော မီးလျံသိမ်းငှက်ကို စတင်ဖော်ထုတ်လိုက်၏။ လွန်ခဲ့သော နှစ်များအတွင်း စုချန်းသာ် အလွန်တိုးတက်လာခဲ့သည် ဖြစ်လေရာ အင်အားပြင်းထန်သော မီးလျံသိမ်းငှက် ဖန်တီးရန် သူ့အနေနှင့် မီးလျံသလင်းကို ကြားခံအဖြစ် အသုံးပြုရန် မလိုတော့။
ကြီးမားသောမီးလျံသိမ်းငှက်သည် လေထဲသို့ ဝုန်းခနဲ ထပျံသွား၏။ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်နှင့် လောင်လွမ်းသည် နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်သည်။ ထို့နောက် သူက လက်ထဲရှိဓားနှင့်် လေထဲသို့ ခုတ်ချလိုက်ရာ အလွန်တောက်ပသော အလင်းတန်းတခုက မီးလျံငှက်ဆီသို့ တိုးဝင်သွား၏။
အဆင့်၄၀အတွင်း ဝင်ရောက်နိုင်ခဲ့သူ မည်သူမဆိုသည် ကောင်းကင်ဘုံ၏ စစ်မှန်သော ရွေးချယ်မှုကို ခံရသူများဖြစ်သည်။ သူတို့အားလုံး၏ အင်အား၊ စွမ်းရည်နှင့် အတွေ့အကြုံမှာ သူတို့၏ အတန်းဖော်များထက် နှာတဖြားမက သာလွန်ကြ၏။
ထို့ကြောင့် လောင်ဟွမ်းသည်လည်း အားနည်းသူတော့ မဟုတ်ပေ။ သူ၏ လှုပ်ရှားမှုက တည်ငြိမ်လှပြီး ဓားချက်တိုင်းသည် ပတ်ဝန်းကျင်လေထုကို ရွေ့လျားစေကာ အားကောင်းသော ဖိအားတချို့ကို ဖြစ်ပေါ်စေ၏။ သူသည် ချီစွမ်းအားနယ်ပယ် ပညာရှင်တယောက်သာ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုကတော့ ထိုထက်မက မြင့်မားနေသယောင် ထင်ရသည်။
သို့သော် သူ ရင်ဆိုင်နေရသော ပြိုင်ဘက်မှာ စုချန်း ဖြစ်နေ၏။ တဖက်လူ၏ အေးဆေးတည်ငြိမ်သော တိုက်ခိုက်ပုံကို မြင်တွေ့ရသောအခါ စုချန်း သက်ပြင်းချလိုက်၏။
"ငါ တောင်းပန်ပါတယ်ကွာ"
စကားဆုံးသည်နှင့် စုချန်း၏ လက်အတွင်းမှ မီးလျံသိမ်းငှက် တကောင်ပြီးတကောင် ထွက်ပေါ်လာတော့သည်။
"ဒါ....ဒါ...."
လောင်ဟွမ်း မျက်လုံးပြူးရလေပြီ။
ပထမမီးလျံသိမ်းငှက်တကောင်ကိုပင် သူအတော်လေး အားစိုက်ခုခံလိုက်ရခြင်း ဖြစ်သည်။ ယခုတော့ စုချန်းက မီးလျံသိမ်းငှက်အကောင်ရေ အတော်များများ ထုတ်ဖော်လိုက်ပါက သူ ဒုက္ခများပေလိမ့်မည်။
အနှီ မီးလျံသိမ်ငှက်များသည် ပထမတကောင်လောက် အားမကြီးသော်လည်း တန်းစီ၍ ပျံသန်းလာသော မီးလျံသိမ်းငှက် အကုန်လုံးကိုတော့ လောင်ဟွမ်း ခုခံနိုင်လိမ့်မည်မဟုတ်။
အခြေအနေမှာ သိပ်မလှတော့မှန်း လောင်ဟွမ်း သဘောပေါက်လိုက်သည်။ သူ့အနေနှင့် စုချန်းလက်ထဲမှ မီးလျံသိမ်းငှက်များ ထပ်မံပေါ်ထွက်လာရန် ခွင့်မပြုနိုင်တော့။ အတွေးနှင်အတူ သူက ဓားကို မြောက်ကာ ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော အားလှိုင်းတခုက စုချန်းဆီသို့ တိုးဝင်လာတော့သည်။
မှော်ဆရာတယောက်နှင့်တိုက်ခိုက်လျင် မည်သူမဆို အနီးကပ်တိုက်ခိုက်သင့်ပေသည်။
ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးအစုံက အရောင်တချက် ဝင်းလက်သွားပြီး လောင်ဟွမ်း၏ လှုပ်ရှားမှုများသည် တစုံတယောက်က ထိန်းချုပ်ထားသကဲ့သို့ ရပ်ဆိုင်းသွား၏။ လောင်ဟွမ်းကိုယ်တိုင်လည်း နေရာမှာပင် ငူငူကြီး ဖြစ်နေတော့သည်။ တဆက်တည်းမှပင် စုချန်းက လက်ကိုဝေ့ယမ်းပြီး အော်ဟစ်လိုက်၏။
"သွားကြစမ်း သိမ်းငှက်အုပ်စု သူ့ကို တိုက်ခိုက်ကြ"
မရေမတွက်နိုင်သော သိမ်းငှက်အုပ်ကြီးသည် မျက်စေ့တမှိတ်အတွင်း လောင်ဟွမ်းအား ဝါးမြိုသွားတော့သည်။
သိမ်းငှက်အုပ်၏ ပေါင်းစပ်တိုက်ခိုက်မှု အရှိန်အဟုန်ကြောင့် လောင်ဟွမ်းတယောက် အဝေးသို့ လွင့်စင်သွား၏။
မရှုမလှ လွင့်စင်သွားရင်းနှင့်ပင် လောင်ဟွမ်း၏ စိတ်ထဲတွင် စဉ်းစားနေသည်မှာကား...
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ တိုက်ခိုက်မှုလဲလို့.....