ကလိန်ကကျစ်
Vol. 28 Ch. 274
စုချန်းသည် သူ့အင်အားကို သတိကြီးစွာထား၍ ထိန်းချုပ်ထားလေရာ လောင်ဟွမ်းတယောက် စင်ပေါ်မှ ပြုတ်ကျသွားသော်လည်း သေလုမြောပါးဒဏ်ရာမျိုးတော့ မရလိုက်ချေ။
ဒိုင်လူကြီးသည် လောင်ဟွမ်းအား စစ်ဆေးလိုက်၏။ လောင်ဟွမ်း ဒဏ်ရာ မပြင်းထန်မှန်း သိလိုက်သည်နှင့် သူပ အဝါရောင်အလံကို ထောင်ပြလိုက်သည်။
သဘောမှာ ပြိုင်ပွဲဝင်သူ၏ အခြေအနေ ကောင်းမွန်သည်။ သို့သော် ဆက်လက်ပြိုင်ပွဲဝင်ရန် မသင့်တော်တော့ ဟူသော သဘောပင်။
တိုက်ဆိုင်လှစွာပင် ထိုအချိန်၌ တိမ်တိုက်ကျားသစ်က လောင်ဟွမ်းအား စိမ်ခေါ်လာ၏။ သို့သော် လောင်ဟွမ်းအနေနှင့် ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့လေရာ သူက အလိုအလျောက် အနိုင်ရရှိသွားတော့သည်။
ပြိုင်ပွဲများ အဆက်မပြတ် ယှဉ်ပြိုင်နေရသော ကာလဖြစ်လေရာ နေ့စဉ်နေ့တိုင်း ဒဏ်ရာရသူများ ရှိနေ၏။ ထို့ကြောင့် လောာင်ဟွမ်း ဒဏ်ရာရသွားခြင်းမှာ သိပ်မဆန်းလှ။ လူတိုင်း၏ စိတ်ထဲတွင် တိမ်တိုက်ကျားသစ်တယောက်တော့ ကံကောင်းသွားပြီဟု ယူဆလိုက်ကြလေသည်။ ိသို့သော် ဤနေ့တွင်တော့ ကံတရားက တိမ်တိုက်ကျားသစ်အပေါ် အတော်လေး မျက်နှာသာပေးနေပုံရသည်။ နောက်တကြိမ်တွင်လည်း တိမ်တိုက်ကျားသစ်၏ ပြိုင်ဘက်သည် နောက်ထပ်ပြိုင်ပွဲဝင်တယောက်ထံတွင် ရှုံးနိမ့်သွားပြန်၏။
တိမ်တိုက်ကျားသစ်၏ ပြိုင်ဘက်ကို ပြိုင်ပွဲမှ မောင်းထုတ်လိုက်သူမှာ စုချန်းပင် ဖြစ်သည်။ မီးလျံသိမ်းငှက်သည် စုချန်း လေ့ကျင့်ခဲ့ဖူးသမျှ ရှေးဟောင်းအင်ကင်နာနည်းစန်များထဲတွင် အအောင်မြင်ဆုံး နည်းစနစ် ဖြစ်ပုံရသည်။ ဤနည်းစနစ်သည် ပြိုင်ဘက်တိုင်းအတွက် အိပ်မက်ဆိုးပမာ ဖြစ်နေတော့၏။
အမှန်တော့ မီးလျံသိမ်းငှက်သည် စုချန်း ၏ ဝှက်ဖဲများအနက်မှ တခုဖြစ်သည်။ ယခုတော့ သူသည် မီးလျံသိမ်းငှက်ကို ပြိုင်ပွဲတိုင်းလိုလိုတွင် ဖောဖောသီသီ အသုံးချနေတော့သည်။
ထိုအချိန်တွင် လူတိုင်း သတိပြုမိလာသည်မှာ မီးလျံသိမ်းငှက် ဆယ်ကောင် သို့မဟုတ် ထိုထက်ပိုသော အရေအတွက်သည် အသက်ရှိသည့် သိမ်းငှက်များပမာ ပစ်မှတ်ကို ပြင်းထန်စွာ တိုက်ခိုက်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် မီးလျံသိမ်းငှက်များနှင့် တိုက်ခိုက်ခံရသူတိုင်းသည် အလဲထိုးခံလိုက်သည်တော့မဟုတ်။ သို့သော် အလဲထိုးမခံရသည့်တိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရကုန်ကြသည်သာ။ တချို့မှာလည်း ပြင်းထန်သောတိုက်ခိုက်မှုကို ခုခံရန် မူလစွမ်းအင်အများအပြား သုံးစွဲလိုက်ရ၍ အားအင်ကုန်ခန်းသွားကြ၏။
တိမ်တိုက်ကျားသစ်၏ စိမ်ခေါ်မှုများမှာ တိကျလှ၏။ သူသည် စုချန်းနှင့် ယှဉ်ပြိုင်ခဲ့ပြီးသူတိုင်းကိုသာ လိုက်လံစိမ်ခေါ်နေလေသည်။ ပြိုင်ပွဲဝင်များအတွက် လုံလောက်သော အနားယူချိန် ပေးထားသော်လည်း အချိန်တိုအတွင်းတွင် ကုန်ဆုံးသွားသော အားအင်များကို ပြန်လည်ဖြည့်တင်းရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
ထို့ကြောင့် ငါးပွဲဆက်တိုက် တိမ်တိုက်ကျားသစ်သည် စုချန်း၏ ခြေရာကိုနင်းရင်း အဆင့်တက်လာခဲ့လေသည်။ အကြိမ်တိုင်းလိုလိုတွင် စုချန်းက ပြိုင်ဘက်ကို အနိုင်ရလိုက်သည်နှင့် နောက်ထပ်စိမ်ခေါ်သူမှာ တိမ်တိုက်ကျားသစ် ဖြစ်နေတတ်၏။
လူတိုင်းသည် ငတုံးငအများ မဟုတ်လေရာ ဘာတွေဖြစ်နေမှန်း တခနအတွင်းမှာပင် နားလည်ကုန်ကြလေသည်။
"သေစမ်း ဒါ ကလိန်ကကျစ် လုပ်နေတာပဲကွ စုချန်း ဒီခွေးမသားဟာ တိမ်တိုက်ကျားသစ်ကို ကူညီနေတာပဲ"
"ထွီ ပြိုင်ပွဲရဲ့အနှစ်သာရက အဆင့်သတ်မှတ်ချက် သက်သက်မှမဟုတ်တာ ဒီကောင်ကိုယ်တိုင် အင်အားမရှိဘူးဆိုရင် ဒီလို အဆင့်တက်လာတော့ကော ဘာထူးမှာလဲ"
"ဒီကောင် ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာ ဘယ်သူများ သိသလဲဟေ့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဒီကောင်ဟာ သူရဲဘောင်ကြောင်တဲ့ကောင်လို အိမ်တွင်းပုန်းနေခဲ့တယ် ခုကျတော့ မမျှော်လင့်ပဲ ဦးဆောင်သူ ဖြစ်နေပါကလား"
"ဒါကျတော့ မင်းတို့အတွေး မှားနေပြီကွ ကြည့်ရတာ ဒီနှစ် ပြိုင်ပွဲဟာ အရင်နှစ်ပြိုင်ပွဲတွေနဲ့ မတူပဲ ကွဲပြားနေလို့ ထင်တယ်"
"ဘာတွေများ ကွဲပြားသွားလို့လဲကွာ"
"သေတော့မသေချာဘူး ဒါပေမဲ့ မတူတာတော့ အမှန်ပဲဟေ့ မဟုတ်ရင် စုချန်းအနေနဲ့ တိမ်တိုက်ကျားသစ် အဆင့်တင်လာအောင် ဘာအတွက် ကြိုးစားနေတာလဲ"
"တကယ်ကို ပေါက်တတ်ကရတွေပါကွာ"
ပရိသတ်များကား အထက်ပါအတိုင်း ဆွေးနွေးငြင်းခုန်လျက် ရှိကြလေသည်။ ူသူတို့ ဘာတွေပင် တွေးနေစေကာမူ စုချန်းနှင့် ပတ်သက်၍ မှန်ကန်သောအရာတခုတော့ ရှိ၏။ ၎င်းမှာ စုချန်း မည်သို့ ကလိန်ကကျစ် လုပ်နေစေကာမူ နဂါးကျောင်းတော်၏ စည်းမျဉ်းကို မဖောက်သရွေ့ ပြသနာမရှိခြင်းပင်။
အမှန်တော့ စုချန်းအနေနှင့် တိမ်တိုက်ကျားသစ် အဆင့်တက်လာစေရန် မည်မျှပင် ကြိုးစားပေးနေစေကာမူ ဤယနေ့ ရှုံးနိမ့်သွားသူများသည် နောက်တနေ့တွင် တိမ်တိုက်ကျားသစ်အား ထပ်မံစိန်ခေါ်ပိုင်ခွင့် ရှိနေသေးသည်။ ထိုအခါ တိမ်တိုက်ကျားသစ်၏ အဆင့်ကလည်း အချိန်မရွေး အောက်သို့ ပြုတ်ကျသွားနိုင်ဖွယ် ရှိ၏။
ထို့ကြောင့် စုချန်းအနေနှင့် တိမ်တိုက်ကျားသစ်ကို မည်မျှ ကူညီစေကာမူ တိမ်တိုက်ကျားသစ်အနေနှင့် လက်ရှိအဆင့်တွင် ပြိုင်ပွဲပြီးဆုံးသည်အထိ တသမတ်တည်း ရှိနေရန် မလွယ်လှပေ။
ရှစ်ရက်မြောက်နေ့တွင် စုချန်းသည် ယခင်နည်းလမ်းအတိုင်း သူ့ထက် အဆင့်မြင့်သူများကို ထပ်မံ စိန်ခေါ်ပြန်၏။
ဤတကြိမ် သူ့ပြိုင်ဘက်မှာ အဆင့်၂၀နေရာရှိ မို့ဝူကျန့် ဖြစ်သည်။
မို့ဝူကျန့်သည် အရှေ့လေနယ်မြေမှဖြစ်ပြီး လမင်းအူသံလေဝံပုလွေ သွေးဗီဇပိုင်ရှင် ဖြစ်သည်။ ကျောင်းဝင်ခွင့်စာမေးပွဲတွင် အရှေ့လေနယ်မြေ၌ နံပါတ်တစ်ရခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း သူသည် အတော်လေး အဆင့်ကျသွားသော်လည်း အင်အားကတော့ မသေးလှပေ။
သို့သော် စုချန်းနှင့် ရင်ဆိုင်တွေ့သည့်အချိန်တွင် မို့ဝူကျန့်၏ အင်အားမှာ အသုံးမကျတော့။ သူတို့နှစ်ယောက်သည် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ပြီးနောက် စုချန်းသာလျင် အနိုင်ရရှိသွား၏။ နောက်ဆုံးတွင် စုချန်းတယောက် အဆင့်၂၀အတွင်း ဝင်ရောက်သွားနိုင်ခဲ့ပေပြီ။
ထိုမြင်ကွင်းသည် လူတိုင်းကို အကြီးအကျယ် အံ့သြမှင်သက်စေခဲ့၏။
သို့သော် သိပ်မကြာမီ ထိုထက် အံ့သြစရာကောင်းသော အဖြစ်အပျက်များ ဖြစ်ပေါ်လာပြန်သည်။
စုချန်းက သူ့ထက် အဆင့်မြင့်သူများအား အနိုင်ရပြီး အဆင့်တက်နေစဉ်တွင် တိမ်တိုက်ကျားသစ်သည် သူ့ထက် အဆင့်နိမ့်သူများ၏ ယှဉ်ပြိုင်မှုကို လက်ခံယှဉ်ပြိုင်နေရလေသည်။ အတတ်နိုင်ဆုံး ပြန်လည်တုံ့ပြန်ရန် ကြိုးစားသော်လည်း တိမ်တိုက်ကျားသစ် မည်သို့မှ မတတ်နိုင်ခဲ့။ ထိုအခါ သူသည် ယခင်ရရှိထားသော အဆင့်များကို ဆုံးရှုံးကာ အဆင့်၃၀နေရာသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။
ထိုအချိန်တွင် တိမ်တိုက်ကျားသစ်သည် ခြောက်ကြိမ်တိတိ စိမ်ခေါ်ခံခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် နောက်ထပ်စိမ်ခေါ်မှုများအား ငြင်းပယ်ခွင့် ရှိသွားပြီ ဖြစ်သည်။
ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်က တစုံတခုကို ပြုလုပ်လိုက်၏။
၎င်းမှ သူက စုချန်းကို စိမ်ခေါ်လိုက်ခြင်း ဖြစ်သည်။
နောက်ထပ်တွေ့မြင်ရသော မြင်ကွင်းက လူတိုင်းကို မျက်လုံးပြူးသွားစေ၏။
စုချန်းက တိမ်တိုက်ကျားသစ်အား အရှုံးပေးလိုက်လေသည်။
ထိုအခါ ပြိုင်ပွဲကို ကြည့်ရှုနေသော ပရိသတ်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
ရွံစရာကောင်းလိုက်တာ...
ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲလို့...
ရှက်စရာကောင်းလိုက်တာကွာ...
ရှက်စရာကောင်းလိုက်တာ.....
စုချန်းသည် သူ့ကိုယ်သူ လှေကားထစ်သဖွယ် အသုံးပြုကာ တိမ်တိုက်ကျားသစ်အား အဆင့်၂၀နေရာသို့ တွန်းတင်ပေးလိုက်ခြင်းဖြစ်သည်။ သူကိုယ်တိုင်ကတော့ အဆင့် ၂၁သို့ ရောက်ရှိသွားလေသည်။
သိသာထင်ရှားသည်မှာ အဆင့်၂၁သည် စုချန်း၏ နောက်ဆုံး ရည်မှန်းချက် မဟုတ်ကြောင်းပင်။ သူ့ကို ကြည့်လိုက်သည်နှင့် ထိပ်ဆုံး အယောက်၂၀အတွင်း ဝင်ရောက်ရန် လုံးဝ စိတ်မပူမှန်း အတိုင်းသား မြင်သာနေ၏။
အဖြစ်အပျက်ကြီးတခုလုံးကား ဟာသဆန်လှသည်။
နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ်အနေနှင့် စုချန်း ယှဉ်ပြိုင်စဉ်က လူတိုင်းက သူ့ကို အထင်သေးခဲ့ကြသည်။ သူတို့၏ အမြင်တွင် စုချန်းသည် သူရဲဘောကြောင်သူ၊ အားနည်းသူ ဖြစ်သည်။ ထိုအချိန်တွင် စုချန်းနှင့် တိမ်တိုက်ကျားသစ်ကို အတူတကွ တွေ့ရသည့်အခါ သူတို့၏ စိတ်ထဲတွင် တိမ်တိုက်ကျားသစ်ကသာ စုချန်းကို အကူအညီပေးနေသူဟု ယူဆခဲ့ကြ၏။
အချိန်ကြာလာသည်နှင့်အမျှ စုချန်း၏ ယခင်အောင်မြင်မှုများသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု လူတိုင်းက ယူဆခဲ့ကြသည်။ ယခုတော့ ထိုအောင်မြင်မှုများသည် သမိုင်းတပတ် ပြန်လည်လာခဲ့ပြန်ချေပြီ။ စုချန်းသည် နဂါးအသွင်ပြောင်းခြင်းစာရင်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သလို တိမ်တိုက်ကျားသစ်ကိုလည်း သူ့ထက် အဆင့်မြင့်သော နေရာသို့ရောက်အောင်တွန်းတင်ပေးနိုင်ခဲြပြီ ဖြစ်သည်။
အဆင့်သတ်မှတ်ချက်များသည် မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲနေရာ လူတိုင်းသည် နားမလည်နိုင်ပဲ ဖြစ်နေကြ၏။ သို့သော် သူတို့အားလုံးသည် တိမ်တိုက်ကျားသစ်၏ အဆင့်တိုးမြင့်လာမှုကို စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ကတော့ အမှန်ပင်။
၎င်းမှာ စုချန်း ရွေးချယ်လိုက်သော နည်းလမ်းနှင့် မဆိုင်။ သွေးဗီဇဆိုင်ရာ ဂုဏ်သိက္ခာများနှင့်သာ သက်ဆိုင်လေသည်။
သွေးဗီဇမပါသူတယောက် ထိပ်ဆုံး၂၀အတွင်း ဝင်ရောက်သွားခြင်းသည် လူအများကို စိတ်မသက်မသာ ဖြစ်စေ၏။ ထိပ်ဆုံး၂၀အတွင်း ဝင်ရောက်နိုင်သူထဲတွင် သွေးဗီဇမပါသူ နှစ်ယောက်ပါနေလျင်ကား သာ၍ ဆိုးလေသည်။
၉ရက်မြောက်နေ့တွင် စုချန်းသည် ယခင်နည်းအတိုင်း သူ့ထက်အဆင့်မြင့်သူကို ထပ်မံစိမ်ခေါ်ပြန်သည်။ သူ့စိတ်ကူးစိတ်သန်းကို စွန့်လွှတ်ရန် လူအများက ဖိအားပေးကြကုန်၏။ သို့သော် စုချန်းကတော့ ဂရုမစိုက်။
ဤတကြိမ် သူ စိမ်ခေါ်လိုက်သူမှာ အဆင့်၁၁နေရာရှိ ဟွာမင်းယန်ဖြစ်သည်။ ဟွာမင်းယန်ကို အနိုင်ယူပြီးနောက် စုချန်းက တိမ်တိုက်ကျားသစ်ကို ယခင်နည်းအတိုင်း ထပ်မံ အရှုံးပေးလိုက်ပြန်၏။
ယခုဆိုလျင် တိမ်တိုက်ကျားသစ်၏ အဆင့်မှာ ၁၁ ဖြစ်သွားလေပြီ။ လူအများစုသည် သူ့ကို စိမ်ခေါ်လိုသော်လည်း ထိုနေရာသို့ မရောက်ရှိနိုင်ပဲ ဖြစ်နေကြလေ၏။
လူအများတွက် ပို၍ စိတ်ဆိုးစရာဖြစ်လာသည်မှာ တိမ်တိုက်ကျားသစ်သည် ခြောက်ကြိမ်တိတိ စိမ်ခေါ်ခံရပြီးပြီဖြစ်၍ မည်သည့်စိမ်ခေါ်မှုကိုမဆို ငြင်းပယ်ခွင့် ရရှိသွားပြီ ဖြစ်သည်။ အမှန်တော့ ဤစည်းမျဉ်းသည် အဆမတန် များပြားသော ပြိုင်ပွဲများကို လက်ခံယှဉ်ပြိုင်ရခြင်းကြောင့် ကျောင်းသားများ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် ကျောင်းတော်က တမင်တကာ ကန့်သတ်ထားသော စည်းမျဉ်း ဖြစ်သည်။ ယခုတော့ ထိုစည်းမျဉ်းကို စုချန်းက တိမ်တိုက်ကျားသစ်အား ကာကွယ်ရန် အသုံးချခဲ့လေပြီ။ ထိုအခါ တိမ်တိုက်ကျားသစ်သည် နောက်ထပ် စိမ်ခေါ်မှုများ အားလုံးကို ရှုံးနိမ့်ပြီး အဆင့်၁၇နေရာသို့ ရောက်ရှိသွားသည့်တိုင်အောင် ထိပ်ဆုံး၂၀အတွင်းမှာပင် ဆက်လက်ရှိနေသေး၏။
မည်သို့ဆိုစေ စည်းမျဉ်း၏ ဟာကွက်ကို အသုံးချ၍ တိမ်တိုက်ကျားသစ်သည် ထိပ်ဆုံး၂၀အတွင်းရှိ သူ့နေရာကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ထားနိုင်ခဲ့လေသည်။
သို့ဆိုတိုင်း တိမ်တိုက်ကျားသစ်အပေါ် ဖိအားပေးစရာနည်းလမ်း လုံးဝမရှိဟုတော့ မဆိုလိုပေ။
အလွယ်ကူဆုံး နည်းလမ်းတခုတော့ ရှိနေ၏။ ထိုနည်းလမ်းမှာ သူတို့အနေနှင့် တိမ်တိုက်ကျားသစ်ကို ထပ်မံစိန်ခေါ်ခွင့် မရှိတော့လေရာ တိမ်တိုက်ကျားသစ်၏ အပေါ်ရှိကျောင်းသားများကို စိမ်ခေါ်သွားရန်သာ ဖြစ်သည်။ အကယ်၍သာ စိမ်ခေါ်ခံရသည့် ကျောင်းသားများအနေနှင့် သူတို့ရရှိထားသည့် အဆင့်များကို စွန့်လွှတ်ပြီး တန်းစီဇယားအောက်ပိုင်းသို့ ဆင်းသွားရန်ဆန္ဒရှိခဲ့ပါက သူတို့အနေနှင့် တိမ်တိုက်ကျားသစ်ကို ဖိအားပေးလာနိုင်ပေလိမ့်မည်။
သို့သော် ထိုကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်မှာ လုံလောက်သော ထိပ်တန်းကျောင်းသား အရေအတွက် လိုအပ်ကာ ထိုကျောင်းသားများအားလုံး တစိတ်တဝမ်းတည်း ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်၏။
ထိုကနေ့ညမှာပင် စုချန်း၏ ကလိန်ကကျစ်လုပ်ရပ်ကို မကျေနပ်သော ကျောင်းသားတစုသည် မဟာမိတ်ဖွဲ့လိုက်ပြီး စုချန်းနှင့် တိမ်တိုက်ကျားသစ်ကို ပညာပေးရန် ဆုံးဖြတ်လိုက်ကြ၏။
ဤယနေ့သည်ကား ဆယ်ရက်မြောက်နေ့ သို့မဟုတ် ပြိုင်ပွဲ၏ နောက်ဆုံးရက် ဖြစ်သည်။
ဤယနေ့တွင် လူတိုင်းလိုလိုသည် နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်ထားကြပြီး ရေကုန်ရေခန်း ကြိုးစားသွားရန် ဆုံးဖြတ်ထားကြ၏။
ပွဲစ၍ပင်မကြာသေး တိမ်တိုက်ကျားသစ်သည် ၆ကြိမ်တိတိ ဆက်တိုက်စိမ်ခေါ်ခံလိုက်ရပြန်၏။ တိမ်တိုက်ကျားသစ်ကလည်း မြန်မြန်ဆန်ဆန်ပင် အရှုံးပေးလိုက်လေရာ သူသည် အဆင့်၁၇မှ အဆင့်၂၃သို့တိုင် ရောက်ရှိသွား၏။ တချိန်တည်းမှာပင် စုချန်းကလည်း အဆင့်၂၄ထိ ကျဆင်းလာ၏။
ထိုအချိန်မှာပင် စုချန်းက စတင်လှုပ်ရှားလာ၏။ သူသည် အဆင့်၁၄နေရာရှိကျောင်းသားကို စိမ်ခေါ်ပြီး ထိုကျောင်းသားကို အနိုင်ယူကာ တိမ်တိုက်ကျားသစ်အား ထိုနေရာသို့ ပို့ပေးလိုက်လေသည်။
မဟာမိတ်ဖွဲ့ထားသော ကျောင်းသားများကလည်း စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ သူတို့သည် တိမ်တိုက်ကျားသစ်ထက် အဆင့်မြင့်သော ကျောင်းသားများကို စတင်စိမ်ခေါ်ကြ၏။ အဆင့်၁၀မှ အဆင့်၁၃ထိ ကျောင်းသားများသည် အစဉ်အလိုက်တိုင်း အရှုံးပေးသွားကြလေရာ စုချန်းနှင့် တိမ်တိုက်ကျားသစ်တို့၏ အဆင့်သည်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာ၏။
ကျောင်းသားတယောက်အနေနှင့် အခြားကျောင်းသားတယောက်ကို တရက်လျင် တကြိမ်သာ စိမ်ခေါ်ခွင့်ရှိလေရာ စုချန်းအနေနှင့် တိမ်တိုက်ကျားသစ်ကို မည်မျှ အရှုံးပေးချင်စေကာမူ တိမ်တိုက်ကျားသစ်ကတော့ စုချန်းကို ဤယနေ့တွင် ထပ်မံစိမ်ခေါ်ခွင့်မရှိတော့ပေ။
ဤအတိုင်းဆိုလျင် တိမ်တိုက်ကျားသစ်သည် ထိပ်ဆုံး၂၀၏ အပြင်သို့ ရောက်သွားတော့မည့်ဟန် ပေါ်နေ၏။ ၎င်းကိုကြည့်ရင်း လူတိုင်း၏ မျက်နှာတွင် အပြုံးကိုယ်စီ ပေါ်ပေါက်လျက်ရှိသည်။ ယ
ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်က နောက်ထပ် စိမ်ခေါ်မှုတခုကို ပြုလုပ်လိုက်သည်။
သို့သော် ဤတကြိမ် သူ စိမ်ခေါ်လိုက်သူမှာကား စုချန်းမဟုတ်။ ဝမ်တောက်ရှန်း ဖြစ်နေ၏။
ဝမ်တောက်ရှန်းကလည်း မဆိုင်းမတွပင် အရှုံးပေးလိုက်လေသည်။
တိမ်တိုက်ကျားသစ်သည် ဝမ်တောက်ရှန်း၏ နေရာကို ဝင်ယူလိုက်နိုင်ပြီ ဖြစ်သည်။
လူတိုင်းလိုလိုသည် အံ့သြသင့်လွန်း၍ စကားပင် မပြောနိုင်ကြတော့ပေ။