← Chapters

ဝိုင်းဝန်းကူညီခြင်း

Vol. 28 Ch. 275

ဝိုင်းဝန်းကူညီခြင်း

Vol. 28 Ch. 275

ပြိုင်ပွဲကျင်းပရာ စင်မြင့်ပေါ်တွင် ထိုင်ခုံများကို စီတန်းကာ ချထား၏။ ထိုင်ခုံအလုံး၂၀ကို အတန်းနှစ်တန်း ခွဲကာ ချထားခြင်း ဖြစ်သည်။

အဆိုပါ ထိုင်ခုံများမှာ ထိပ်ဆုံး ကျောင်းသား၂၀အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ထိုင်ခုံတွင် ထိုင်နေကြသည့်ကျောင်းသားများမှာ အမြဲတမ်းလိုလို ပြောင်းလဲနေ၏။ ဘယ်အချိန်တွင် ဘယ်ကျောင်းသားသည် ထိုနေရာမှာ ဖယ်ရှားခံရမည်ကို မည်သူမှ မသိချေ။

အထူးသဖြင့် တိမ်တိုက်ကျားသစ်လို လူမျိုးများသည် မကြာခန နေရာပြောင်းလဲနေရ၏။ သူသည် မကြာခနဆိုသိလို ရှေ့ကို တက်လာလိုက်၊ တခြားပြိုင်ဘက်များက အနိင်ယူသွား၍ နောက်ကိုရောက်သွားလိုက်နှင့် မကြာခန ထိုင်လိုက်ထလိုက် လုပ်နေရ၏။ နောက်ဆုံးတွင် တိမ်တိုက်ကျားသစ်က ထိုင်ခုံမှာပင် ဝင်မထိုင်တော့ချေ။

သို့သော် တချို့နေရာများမှာကား မည်သည့်အပြောင်းအလဲမှ မရှိကြောင်း သိသိသာသာပင် တွေ့မြင်နေရလေသည်။ ဥပမာအားဖြင့် ထိပ်ဆုံး ငါးနေရာပင် ဖြစ်သည်။

ကျောင်းသား၃ယောက်နှင့် ကျောင်းသူနှစ်ယောက်သည် ထိပ်ဆုံးငါးခုံတွင် မပြောင်းလဲပဲ ထိုင်မြဲထိုင်နေကြ၏။

နံပါတ်တစ်ခုံတွင် ထိုင်နေသူမှာ ဆံပင်များ ကျောပေါ်သို့ ဝဲကျနေသော ကျောင်းသားတယောက်ဖြစ်၏။ သူ့ကို ကြည့်ရသည်မှာ ပျင်းရိပျင်းတွဲဟန်ပန်ရှိပြီး ကမ္ဘာလောကကြီးပေါ်တွင် မည်သည့်အရာကိုမှ ဂရုမစိုက်သည့် ပုံစံပင်။

အမှန်တကယ်လည်း သူ့အတွက် ဘာမှ စိတ်ပူစရာ၊ စိုးရိမ်စရာ မရှိ။ ပြိုင်ပွဲစပြီဟေ့ ဆိုကတည်းက ဤခုံတွင် သူထိုင်နေခဲ့သည်မှာ ကြာမြင့်လှပြီ။ မည်သူမှ သူ့ကို မစိမ်ခေါ်ရဲသလို မည်သူမှ သူ့နေရာကို ခြိမ်းခြောက်နိုင်စွမ်းမရှိ။

သူ့နာမည်မှာကား ဟေးနီလျူ ပင်ဖြစ်လေသည်။ ဒုတိယနှင့် တတိယထိုင်ခုံတွင် ထိုင်နေသူနှစ်ယောက်မှာကား ကြီးမားသော ဓားကြီးကို လွယ်ပိုးထားသူ တွန့်ကျန့်ချန်းနှင့် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသူ ကျန့်စီချွေ့တို့ပင် ဖြစ်ကြ၏။

သူတို့သုံးယောက်လုံးလိုလိုသည် ဂျီဟန်းယင်၊ ယွဲ့လောင်ရှတို့နှင့်အတူ အကြိမ်တရာပြန်လည်ဆန်းစစ်သူများခန်းမ ဦးဆောင်သူများစာရင်းတွင် ပါဝင်နေသူများ ဖြစ်ကြ၏။

အကြိမ်တရာ ပြန်လည်ဆန်းစစ်သူများခန်းမ၏ ဦးဆောင်သူမှာ ဟေးနီလျူ ဖြစ်ပြီး ဒုတိယနေရာမှ လိုက်သူမှာ တွန့်ကျန့်ချန်း ဖြစ်၏။ သူတို့နှစ်ယောက်လုံးသည် ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြပဲ လျှို့ဝှက်ထားကြလေသည်။ သို့သော် သူတို့နှစ်ယောက်သည် ပထမဆုံးအကြိမ် အကဲဖြတ်ပြိုင်ပွဲကတည်းက နှစ်ပေါင်းများစွာ နဂါးအသွင်ပြောင်ခြင်းစာရင်းတွင် နံပါတ်တစ်နှင့် နှစ်နေရာတွင် ရပ်တည်နိုင်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ နာမည်ကို လျှို့ဝှက်ထားခြင်းမှာ အလကားမျှသာ။ ညဏ်နိမ့်သူများပင်လျင် နာမည်ပိုင်ရှင် မည်သူမည်ဝါများမှန်း တွေးတောနိုင်ပေသည်။

သို့သော် သူတို့နှစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ လျှို့ဝှက်ထားနိုင်ဆဲဟု ယူဆကြပုံရသည်။ အကြိမ်တရာ ပြန်လည်စစ်ဆေးသူများခန်းမရှိ သူတို့၏ နာမည်ကို ယခုအချိန်ထိ ဖုံးကွယ်ထားကြဆဲပင်။

ထိပ်ဆုံးသုံးယောက်၏ နောက်တွင်ကား ဂျီဟန်းယင်နှင့် ကုချိန်းလွှာတို့ ရှိနေကြသည်။

ဂျီဟန်းယင်သည် ကုချိန်းလွှာကို ငဲ့ကြည့်လိုက်၏။ ကုချိန်းလွှာသည် မပွင့်တပွင့်နှင့် ပြုံးလျက်ရှိသည်။ ဂျီဟန်းယင်က ကုချိန်းလွှာဘက်ကို ငဲ့ကြည့်လိုက်တိုင်း ကုချိန်းလွှာသည် ဘယ်တော့မှ မျက်နှာချင်းဆိုင် ပြန်ကြည့်လေ့မရှိပေ။ အမြဲတစေ ထိုအမူအရာမျိုးသာ ပြုလုပ်လေ့ရှိ၏။

သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် ပေါ်တင် ငြင်းခုန်ရန်ဖြစ်ခြင်း မရှိသော်ငြား ကိုယ်နည်းလမ်းနှင့်ကိုယ် တဖက်လူကို နှိမ့်ချရန် ကြိုးစားနေကြခြင်းပင်။

သူတို့ငါးယောက်သည် ရွယ်တူကျောင်းသားများအကြားတွင် အဆင့်အမြင့်ဆုံး ချီစွမ်းအားပညာရှင်များ ဖြစ်သည်။ မည်သူမှ သူတို့ကို မစိမ်ခေါ်ရဲ။ အကယ်၍ စိမ်ခေါ်သူ ရှိလာပါကလည်း သူတို့အကြား အင်အားကွာဟချက်ကို သိလို၍သာ ဖြစ်ပေလိမ့်မည်။

ဝမ်တောက်ရှန်းကား အဆင့်၆နေရာတွင် ရှိနေ၏။ သူ့အခြေအနေမှာလည်း ကောင်းကောင်းတည်ငြိမ်သည်ဟု ဆိုနိုင်ပေသည်။ မည်သူမှ သူ့နေရာကို လှုပ်ရှားလာအောင် စွမ်းဆောင်နိုင်ခြင်း မရှိ။

သို့သော် ပြီးခဲ့သည့်် ရက်ပိုင်းအတွင်း ဝမ်တောက်ရှန်းသည် ဘာကြောင့်မှန်းမသိပဲ အဆင့်၁၀သို့ ရောက်ရှိသွား၏။ လူတိုင်းက ထိုကိစ္စကို နားမလည်နိုင်ပဲ ရှိကြလေသည်။

သို့သော် ဝမ်တောက်ရှန်းက တိမ်တိုက်ကျားသစ်ကို အရှုံးပေးလိုက်သည့် အခါတွင်မှ ဝမ်တောက်ရှန်း အဆင့်ကျသွားရသည့်အကြောင်းကို လူတိုင်း နားလည်သဘောပေါက်သွားကြ၏။

လက်စသတ်တော့ ခွေးမသားကြီး ဝမ်တောက်ရှန်းသည် တိမ်တိုက်ကျားသစ်ကို အဆင့်မြှင့်တင်ပေးရန် စုချန်းနှင့် တိတ်တဆိတ် ပူးပေါင်းထားခဲ့ချေပြီတကား။

ဝမ်တောက်ရှန်းကို အနိုင်ယူပြီးနောက် တိမ်တိုက်ကျားသစ်သည် အဆင့်၁၀နေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိပ်ဆုံးငါးယောက်အပြင် သူ့ရှေ့တွင် ရှိနေသူဟူ၍ ယွဲ့လောင်ရှ၊ ဝန်ရှုအန်၊ ကျူးတုံးလှိုင်၊ ယွမ့်မန်းရှီတို့သာ ကျန်တော့၏။

ဝမ်တောက်ရှန်း အရှုံးပေးလိုက်သည်ကို မြင်တွေ့ရသောအခါ ပရိသတ်များထဲမှ မကျေမနပ်နှင့် ဆူဆူညံညံအသံများ ထွက်လာတော့သည်။

"ခေးွမသား ဝမ်တောက်ရှန်း ဒီကောင်ဘာလုပ်တာလဲ"

ဝန်ရှုအန်က ထိုင်ခုံကို လက်သီးနှင့်ထုကာ ဒေါသတကြီးနှင့် ပြောလိုက်၏။

"မင်းလဲ မြင်သားပဲ ဒီကောင်တွေ သူ့ကို အဆင့်မြင့်မြင့်နေရာရအောင် ဝိုင်းပြီးကူညီနေကြတာလေ"

ကျူးတုံးလှိုင်က မကျေမနပ်နှင့် ပြောလိုက်၏။ သူက စကားဆက်ပြန်၏။

"သွေးဗီဇကန့်သတ်ချက်တွေကို ကျော်လွှားဖို့ လုပ်နေတယ်ဆိုတဲ့ စုချန်းရဲ့သတင်းကို အစကတည်းက ငါ ကြားထားတယ် ဒါ ဘာမှ အံ့သြစရာမဟုတ်ဘူး ဒါပေမဲ့ သွေးဗီဇမပါတဲ့ကောင်က ထိပ်ဆုံး၂၀အတွင်း ဝင်လာပြီဆိုရင်တော့ ငါတို့ အတော်ရှက်စရာကောင်းသွားပြီ"

"ဒီကောင်တွေ သူကို တွန်းတင်ပေးရင် ငါတို့က သူ့ကို ဆွဲချလို့ မရဘူးလား"

ယွမ့်မန်းရှီက ရုတ်တရက် ဝင်ပြောလိုက်၏။

ထို့နောက် သူတို့သုံးယောက်သည် တယောက်မျက်နှာ တယောက်ကြည့်ကာ ညစ်ကျယ်ကျယ်နိုင်သော လေသံနှင့် ရယ်မောလိုက်ကြလေသည်။

ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်နောက်ရှိ ကျောင်းသားတယောက်က ဝန်ရှုအန်ကို စိမ်ခေါ်လာ၏။ ဝန်ရှုအန်ကလည်း မြန်မြန်ဆန်ဆန်ပင် အရှုံးပေးလိုက်လေရာ တိမ်တိုက်ကျားသစ်၏ အဆင့်ကို အောက်သို့ နိမ့်ကျသွားပြန်သည်။ သိပ်မကြာခင် ကျူးတုံးလှိုင်၊ ယွမ့်မန်းရှီတို့ကလည်း စိန်ခေါ်လာသူအသီးသီးကို ဝန်ရှုအန်ကဲ့သို့ပင် အရှုံးပေးလိုက်ကြ၏။ ဤသို့နှင့် တိမ်တိုက်ကျားသစ်၏ အဆင့်သည် အောက်သို့ တဖြည်းဖြည်းလျောကျလာပြီး အဆင့််၁၅ အပြင်ဘက်သို့ ရောက်သွားပြန်သည်။

တိမ်တိုက်ကျားသစ်တယောက်တော့ အဆင့်၂၀အတွင်းမှ ကန်ထုတ်ခံရပြီဟု လူတိုင်းက ထင်နေကြ၏။ ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်သစ်က နောက်ထပ် စိမ်ခေါ်မှုတခု ပြုလုပ်လိုက်ပြန်သည်။ ဤတကြိမ် သူ စိမ်ခေါ်လိုက်သူမှာ ယွဲ့လောင်ရှပင် ဖြစ်သည်။

ယွဲ့လောင်ရှကလည်း တိမ်တိုက်ကျားသစ်ကို အရှုံးပေးလိုက်၏။

"ယွဲ့လောင်ရှ မင်း....မင်း....."

လူတိုင်းလိုလိုသည် ယွဲ့လောင်ရှကို အံ့သြတကြီးနှင့် စိုက်ကြည့်နေကြ၏။

ယွဲ့လောင်ရှ၏ ပုံစံမှာကား အေးဆေးတည်ငြိမ်လှသည်။ သူမက ပြောလိုက်၏။

"တိမ်တိုက်ကျားသစ်ဟာ တကယ်တော့ အားနည်းတာ မဟုတ်ဘူး သူ့ရဲ့ တိုက်ခိုက်မှုပုံစံက စင်မြင့်တိုက်ပွဲတွေနဲ့ မသင့်တော်လို့သာ ပြိုင်ပွဲမှာ ရှုံးနိမ့်နေရတာပဲ ဒါကြောင့် သူ့ကို ထိပ်ဆုံး၂၀အတွင်း ဝင်ခွင့်ပေးလို့ ဘာမှ ရှက်စရာမရှိဘူးရှင့်"

"ဟဲ ဟဲ စကားပြောတာတော့ နားထောင်လို့ကောင်းသားပဲ ဒါပေမဲ့ ငါတို့က ဒီကောင့််ကို မလိုလားဘူးကွ မင်းက သူ့ကို အရှုံးပေးရင် ငါတို့က သူ့ကို အပြင်ရောက်အောင် ထပ်ပြီး ကန်ထုတ်ပစ်မှာပဲ ဘယ်သူ့ဘက်မှာ လူပိုများသလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ"

ဝန်ရှုအန်က မကျေမနပ်နှင့် ပြောလိုက်၏။

ယွဲ့လောင်ရှက မျက်ခုံးပင့်ရင်း တစုံတခု ပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဂျီဟန်းယင်က အေးစက်သောလေသံနှင့် ရယ်မောပြီး စကားဖြတ်ပြောလိုက်သည်။

"ရှင်တို့ ဒီလိုလုပ်မယ်ဆိုရင် ကျွန်မဆီက ခွင့်ပြုချက်လိုသေးတယ်ရှင့်"

ယွဲ့လောင်ရှသည် မူလက အဆင့်၆နေရာတွင် ရပ်တည်နေသူဖြစ်သည်။ သူမ၏ အထက်တွင် ဂျီဟန်းယင် ရျှိန၏။ ယခု ယွဲ့လောင်ရှ၏ အဆင့်၆နေရာကို တိမ်တိုက်ကျားသစ်က ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တိမ်တိုက်ကျားသစ်ကို အဆင့်ကျလိုလျင် ဂျီဟန်းယင်က အရှုံးပေးမှ ရပေတော့မည်။ အကြောင်းမှာ တိမ်တိုက်ကျားသစ်သည် ၆ကြိမ်တိတိ သူတပါး၏ စိမ်ခေါ်မှုကို လက်ခံယှဉ်ပြိုင်ပြီးပြီ ဖြစ်သောကြောင့်ပင်။

တနည်းအားဖြင့် ဝန်ရှုအန်တို့၏ အကြံအစည် အထမြောက်ရန်မှာ ဂျီဟန်းယင် သဘောတူညီချက်ကို ရမှ ဖြစ်ပေတော့မည်။

ဂျီဟန်းယင်၏ စကားကြောင့် ဝန်ရှုအန် လုံးဝ အငိုက်မိသွား၏။ သူက အံ့သြတကြီးနှင့် ပြောလိုက်သည်။

"ဟန်းယင် သွေးဗီဇမပါတဲ့ကောင်ကို ငါတို့အုပ်စုထဲ မင်းတကယ်ပဲ ဝင်ခွင့်ပြုတော့မလို့လား"

ဂျီဟန်းယင်ကား ဝန်ရှုအန်ကို ကြည့်ပင်မကြည့်။

"ဒီလိုလုပ်ရတာ ကျွန်မ ပျော်တယ်လေ ဒီတော့ ကျွန်မ ဘာလုပ်လုပ် ရှင်နဲ့ ဘာဆိုင်သလဲ"

ဂျီဟန်းယင်၏ စကားကို ကြားလိုက်သည်နှင့် ဝန်ရှုအန်အပါအဝင် တခြားလူများသည် အခြေအနေကို နားလည်သဘောပေါက်သွားကြ၏။

အသုံးမကျသော ဂျီဟန်းယင်သည်လည်း စုချန်းဘက်မှ ရပ်တည်ရန် ရွေးချယ်လိုက်ချေပြီတကား။

သူတို့အနေနှင့် တိမ်တိုက်ကျားသစ်ကို အဆင့်ချရန် ကြိုးစားလင့်ကစား ဂျီဟန်းယင်သည်လည်း ယွဲ့လောင်ရှကဲ့သို့ပင် တိမ်တိုက်ကျားသစ်ကို အရှုံးပေးကာ နေရာပြောင်းလဲပေးပေလိမ့်မည်။

ထိုအခါ သူတို့အားလုံး၏ အကြည့်က ကုချိန်းလွှာထံသို့ ရောက်ရှိသွားကြပြန်သည်။

ကုချိန်းလွှာက ရေနွေးကို တငုံခန့် စုပ်သောက်ရင်း ငြင်သာသော လေသံနှင့် ပြောလိုက်၏။

"ကျွန်မဟာ အင်အားနည်းပါတယ် ဒီကနေ့ ဒီနေရာမှာ ထိုင်နေရတယ်ဆိုတာလည်း လူတိုင်းက ကူညီခဲ့ကြလို့ပဲ ကျွန်မဟာ ဒီနေရာမှာ အမြဲတမ်းရပ်တည်နိုင်မယ်လို့ ယုံကြည်မှု မရှိပါဘူးရှင် ကျွန်မအနေနဲ့ ရှင်တို့ကို ကူညီချင်ပါတယ် ဒါပေမဲ့ တယောက်ယောက်ကို အရှုံးပေးလိုက်ရင် ကျွန်မရဲ့နေရာကို ပြန်ရောက်အောင် ကျွန်မ လုပ်နိုင်ပါ့မလားလို့ သံသယရှိတယ် ဒါကြောင့် ကျွန်မ တောင်းပန်ပါတယ်...."

အဖြေကတော့ ရှင်းသွားပေပြီ။ သူမအနေနှင့် သူတို့ကို မကူညီနိုင်ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သူတို့သုံးယောက်သည် တယောက်မျက်နှာကို တယောက်ကြည့်ကာ ဟေးနီလျူ၊ တွန့့်ကျန့်ချန်းနှင့် ကျန့်စီချွေ့တို့ဘက် လှည့်ကြည့်လိုက်ကြပြန်၏။

သို့သော် သူတို့ မဖြေခင်ကတည်းက ဘာဖြေမည်မှန်း သိသာနေ၏။

ကျန့်စီချွေ့သည် ထိုင်ခုံမှ ကျောတချက်ဆန့်လိုက်ပြီး ဂျီဟန်းယင်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဟန်းယင်ကတော့ ဒီကိစ္စကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတဲ့ပုံပဲ ဟန်းယင် မကြိုက်တဲ့ကိစ္စကို ငါကလည်း ဘယ်လုပ်ပါ့မလဲကွာ"

ကျန့်စီချွေ့ကား ပိုင်ယိဟုန်ကဲ့သို့ပင် ဂျီဟန်းယင်ကို ချစ်ခင်စွဲလန်းနေသူ ဖြစ်သည်။ သို့သော် ဂျီဟန်းယင်ကား ကျန့်စီချွေ့ကိုလည်း မျက်နှာသာပေးသည်တော့မဟုတ်။ သို့စေကာမူ ကျန်းစီချွေ့အနေနှင့်် ဂျီဟန်းယင်၏ ဆန္ဒကို မလွန်ဆန်ရဲသည်ကတော့ အမှန်ပင်။

တွန့်ကျန့်ချန်းကလည်း စိတ်မဝင်စားဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်၏။

"ပျင်းစရာကောင်းတဲ့ကိစ္စတွေနဲ့ ငါ့ကို မနှောင့်ယှက်ပါနဲ့ကွာ"

ဟေးနီလျူကလည်း ပျင်းရိငြီးငွေ့သော ပုံစံနှင့် ပြောလိုက်၏။

"ထိုင်ခုံတွေ မကြာခန ပြောင်းထိုင်နေရာတာ သိပ်ပျင်းစရာကောင်းတာကွ"

ထိပ်ဆုံးငါးယောက်လုံး လှုပ်လှုပ်ရှားရှား လုပ်လိုဟန်မရှိပေ။ ဆိုလိုသည်မှာ သူတို့အနေနှင့် တိမ်တိုက်ကျားသစ်ကို အဆင့်လျော့ကျစေရန် နည်းလမ်းမရှိတော့ဟု ဆိုလိုခြင်းပင်။

သူတို့အုပ်စုသည် တယောက်ကို တယောက်ကြည့်ကာ လက်မှိုင်ချကုန်ကြလေသည်။ တကယ်တော့ သူတို့သာမဟုတ် ပရိသတ်များအားလုံးလိုလိုသည် အထူးပင် အံ့သြသင့်နေကြ၏။

တိမ်တိုက်ကျားသစ်ကို ဝိုင်းဝန်းကူညီနေသည့်လူအုပ်မှာ များလှချေသည်တကား။

စုချန်း၊ ဝမ်တောက်ရှန်း၊ ယွဲ့လောင်ရှ၊ ဂျီဟန်းယင်၊ ကုချိန်းလွှာ စသည် စသည်.....

ဤမျှ များပြားသာ လူများကို တိမ်တိုက်ကျားသစ်ကို ဝိုင်းဝန်းကူညီနေကြသဖြင့် သူတို့အတွက် ကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုရန် မလိုတော့ပေ။ ထို့ကြောင့် တိမ်တိုက်ကျားသစ်၏ အဖြစ်မှာ လေပြေလေညှင်းများ၏ သယ်ဆောင်ရာနောက်ကို အသာတကြည်နှင့် မြောလွင့်သွားသော သစ်ရွက်ခြောက်ကလေးနှင့်သာ တူနေတော့သည်။

ဤယနေ့သည် ဆယ်ရက်မြောက်နေ့ ဖြစ်လေရာ ပြိုင်ပွဲပြီးဆုံးရန်အချိန်မှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။

တိမ်တိုက်ကျားသစ်သည်လည်း အဆင့်၆နေရာနှင့် ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့လေသည်။ ထို့ကြောင့် သူ့အနေနှင့် လာမည့် ရတနာရှာဖွေပွဲတွင် ပါဝင်ခွင့်ရသွားပြီ ဖြစ်သည်။

All Chapters