← Chapters

လေ့ကျင့်ခြင်း ၁

Vol. 28 Ch. 276

လေ့ကျင့်ခြင်း ၁

Vol. 28 Ch. 276

နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲကား ပြီးဆုံးသွားခဲ့လေပြီ။

၎င်းမှာ လူအများစုအတွက် သာမာန်စာသင်နှစ်တနှစ် ပြီးဆုံးသွားခြင်းသာ ဖြစ်သော်လည်း အောင်မြင်မှုရခဲ့သူများအတွက်တော့ အစမျှသာ ရှိသေးလေသည်။

အကဲဖြတ်ပြိုင်ပွဲ ပြီးဆုံးပြီး နောက်တရက်တွင် စုချန်းနှင့် တခြားလူများသည် နဂါးကျောင်းတော်၏ တိမ်တိုက်ဘဲငန်းနန်းဆောင်သို့ ဆင့်ခေါ်ခြင်း ခံလိုက်ရလေသည်။

သူတို့ ရောက်လာသည့်အချိန်တွင် နန်းဆောင်အတွင်း၌ ကျောင်းသား ရာဂဏန်းမျှ ရှိနေ၏။

စုချန်းတို့ စာသင်နှစ်မှ မဟုတ်သည့် ကျောင်းသားများပင် ခန်းမအတွင်း စုဝေးနေကြ၏။ နှစ်တစ်နှစ်စီ၏ အတော်ဆုံးဟု ဆိုနိုင်သော ကျောင်းသားများအားလုံး လူစုံတက်စုံ ရောက်ရှိနေကြခြင်းပင်။ ကျောင်းသားတိုင်းတွင်လည်း တူညီသော လက္ခဏာကိုယ်စီ ရှိနေကြ၏။ ၎င်းမှာ သူတို့အားလုံသည် ချီစုဆောင်းခြင်းနယ်ပယ်တွင် ရှိနေကြခြင်းပင် ဖြစ်သည်။ သွေးဆူပွက်ခြင်းနယ်ပယ်အောက် အဆင့်မီကျောင်းသားများသာလျင် အာကင်နာရှေးဟောင်းအပျက်အစီး သိုက်အတွင်းသို့ ဝင်ရောက်ခွင့် ရကြပေလိမ့်မည်။

နန်းဆောင်၏ ရှေ့တွင် နဂါးကျောင်းတော် အကြီးအကဲတယောက်က မတ်တပ်ရပ်နေပြီး ကျောင်းသာထုကြီးကို စိုက်ကြည့်နေ၏။ အတန်ကြာမှ သူက ချောင်းတချက်ဟန့်ရင်း ပြောလိုက်သည်။

"ကဲ ကဲ အားလုံးပဲ တိတ်တိတ်လေး နေပေးကြပါ"

ခန်းမအတွင်းရှိ ဆူဆူညံညံအသံများသည် ရုတ်ချည်းလိုပင် ငြိမ်သက်သွားပြီ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။

အကြီးအကဲ အဖိုးကြီးက စကားဆက်ပြန်၏။

"မင်းတို့အားလုံးကို ဒီကနေ့ ဒီနေရာမှာ တွေ့ရတာ သိပ်ကို ဝမ်းသာမိပါတယ် မင်းတို့တတွေဟာ ကျောင်းတော်က မွေးထုတ်ပေးလိုက်တဲ့ ပါရမီအရှိဆုံး အထူးချွန်ဆုံး ကျောင်းသားတွေဆိုတာ ဘာမှ သံသယဖြစ်စရာမလိုဘူး ကျုပ်နာမည်က စီမင်းလီလို့ ခေါ်တယ် ကျုပ်အနေနဲ့ မင်းတို့ကို လေ့ကျင့်ပေးရမဲ့အတွက် အင်မတန်ဝမ်းမြောက်မိတယ် ငါ့လိုလေ့ကျင့်ရေးနည်းပြတယောက် ကောက်ခါငင်ခါနဲ့ ပေါ်လာလို့ တချို့ကလည်း အံ့သြကောင်းအံ့သြနေကြလိမ့်မယ် ပြသနာမရှိဘူး ခနနနေရင် မင်းတို့အကုန်လုံး နားလည်သွားကြလိမ့်မယ် ဒီကနေ့မှာ ကျုပ်အနေနဲ့ မင်းတို့ကို ကြေငြာစရာ တခုရှိတယ် တချို့လည်း ဒါကို သိပြီးဖြစ်လိမ့်မယ် မသိသေးတဲ့လူတွေလည်း ရှိနေလိမ့်မယ် ဘာပဲဖြစ်ဖြစ် အကုန်လုံး သိသွားအောင် ကျုပ်ကပဲ ကြေငြာပေးမယ်"

ထို့နောက် နည်းပြအဖိုးကြီးသည် အာကင်နာ ရှေးဟောင်းအပျက်အစီး ရတနာသိုက်နှင့်ပတ်သက်၍ လောင်စန်းနိုင်ငံတော်နှင့် ကျောက်တုံးပုတ်သင်သတ်ဖြတ်သူအသိုက်အကြား အငြင်းပွားမှုများအကြောင်းကို ကျောင်းသားများအားလုံး သိရှိသွားအောင် ကြေငြာမောင်းခတ်လိုက်တော့သည်။ အပျက်အစီးများသိုက်အတွင်းသို့ ဝင်ရောက်၍ တန်ဖိုးကြီးပစ္စည်း ရှာဖွေရမည်ဟု သိလိုက်ရသောအခါ ကျောင်းသားများအားလုံး အလွန် စိတ်လှုပ်ရှားကုန်ကြ၏။

စီမင်းလီက အေးစက်သောလေသံနှင့် ရယ်မောရင်း စကားဆက်ပြန်သည်။

"သိပ်လဲစိတ်မလှုပ်ရှားကြနဲ့ မင်းတို့အားလုံးကို တခုတော့ ကြိုပြီးသတိပေးထားမယ် အဲဒါက ဘာလဲဆိုတော့ အာကင်နာအပျက်အစီးသိုက်ကြီးဟာ အလွန်တရာမှကို အန္တရာယ်များလှတယ်ဆိုတာပဲ လူတွေနဲ့ သတ်ဖြတ်သူတွေဟာ တဖက်နဲ့တဖက် ဘယ်လောက်မုန်းတီးတယ်ဆိုတာ မင်းတို့ အကုန်လုံး သိပြီးသား ခု ယာယီစစ်ပြေငြိမ်းထားတယ်ဆိုတာလဲ ဒီကိစ္စကို တိုးတိုးတိတ်တိတ် ဖြေရှင်းချင်လို့ပဲ မလိုလားအပ်တဲ့ ရန်ညိုးသိုမှုတွေ ဖြစ်ပေါ်လာရင် ကျုပ်တို့အတွက် အကျိုးအမြတ် နည်းသွားနိုင်တယ် ဒါပေမဲ့ ဒီကောင်တွေနဲ့ မဖြစမနေ ငြိမ်းချမ်းရေးယူထားရမယ်လို့တော့ မဆိုလိုဘူး ဒီအပျက်အစီးသိုက်ထဲ ရောက်တာနဲ့ သူတို့နဲ့ ကျုပ်တို့အကြားမှာအငြင်းပွားမှုတွေ တိုက်ပွဲတွေကတော့ သေချာပေါက် ဖြစ်လာမှာပဲ ဒီတော့ မင်းတို့အားလုံး မြဲမြဲမှတ်ထားကြ အဲဒီနေရာမှာ ကြုံတွေ့ရမဲ့ တိုက်ပွဲတွေဟာ အကြိမ်တစ်ရာပြန်လည်ဆန်းစစ်သူများ ခန်းမထဲက အပျော်တမ်းတိုက်ပွဲတွေမဟုတ်ဘူး သူ့အသက် ကိုယ့်အသက် လုရမဲ့ တိုက်ပွဲမျိုးတွေ တိုက်ပြီဟေ့ဆိုတာနဲ့ ဒီကောင်တွေကို သနားညှာတာလို့မရဘူး ဒီကောင်တွေကလည်း မင်းတို့ကို ဂရုဏာထားမှမဟုတ်ဘူး ဒါကြောင့် ဒီတာဝန်ဟာ မင်းတို့အတွက် ကြိုးတန်းပေါ်လမ်းလျှောက်ရသလို ဖြစ်နေလိမ့်မယ် မင်းတို့ အသက်နဲ့ကိုယ်တွဲလျက် ပြန်လာနိုင်ဖို့ဆိုတာ မင်းတို့ရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်နေတယ်"

သူ့စကားလုံးများသည် လူတိုင်း၏ နှလုံးသားကို အေးစက်စွာ ထိုးဖောက်ဝင်ရောက်သွားလေသည်။

စီမင်းလီက စကားဆက်ပြန်သည်။

"မင်းတို့ ကြောက်သွားသလား စိတ်မပူနဲ့ မင်းတို့ကြောင်တယ်ဆိုရင် အချိန်ရှိသေးတယ် ဒီတာဝန်အတွက် လူအယောက်၄၀ပဲ ရွေးချယ်မယ် ၁၀၀လုံးကို မရွေးဘူး ရွေးချယ်ခံထားရတဲ့ ကျောင်းသား၄၀သာ အပျက်အစီးသိုက်အတွင်း ဝင်ခွင့်ရမယ် ကျန်ကျောင်းသား၆၀ကတော့ တာဝန်က ပယ်ဖျက်ခြင်းခံရမယ် နောက်ဆုံးမှာတော့ ရွေးချယ်ခံရသူ ကျောင်းသား၄၀သာလျင် နဂါးကျောင်းတော်ရဲ့ တကယ့်လက်ရွေးစင် ထိပ်တန်းကျောင်းသားတွေအဖြစ်နဲ့ အာကင်နာအပျက်အစီးသိုက်အတွင်း ဝင်ခွင့်ရလိမ့်မယ်"

ထိုစကားကို ကြားလိုက်သောအခါ ကျောင်းသားတချို့၏ စိတ်ထဲတွင် နောက်ဆုတ်လိုစိတ်များ ပေါ်ပေါက်လာကြ၏။

စီမင်းလီက စကားဆက်ပြန်သည်။

"လူသားမျိုးနွယ်အတွက် ကောင်းကျိုးဆောင်ပေးသူ၊ ဝန်ဆောင်မှုပေးနိုင်သူ ဘယ်သူမဆို သက်ဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိခံစားခွင့်ရှိတယ်"

"ဘယ်လို အကျိုးကျေးဇူးတွေများလဲ ခင်ဗျ"

ကျောင်းသားတယောက်က မေးခွန်းထုတ်လိုက်၏။

အမှန်တကယ်ဆိုလျင် ထိုကျောင်းသား၏မေးခွန်းက ဆရာလုပ်သူ၏ စကားကို ဖြတ်ပြောရာရောက်သဖြင့် ရိုင်းရာကျနေ၏။ သို့သော် လက်ရှိအချိန်တွင် သူ့မေးခွန်းထက် သင့်တော်သော တခြားမေးခွန်း မရှိပေ။

စီမင်းလီက ပြုံးလိုက်၏။

"အာကင်နာသိုက်ထဲကို ဝင်ပြီဆိုတာနဲ့ ဘာအကြောင်းပြချက်မှ ထည့်မတွက်ပဲ အဆင့်သုံး သူရဲကောင်းတံဆိပ် ချီးမြှင့်မယ် ကျန်တာကတော့ မင်းတို့ရဲ့ ရှေးဟောင်းပစ္စည်း စုဆောင်းနိုင်မှုတွေအပေါ် မူတည်ပြီး ချီးမြှင့်ခံရမယ် တကယ်လို့ တယောက်ယောက်ကသာ ချီးကျူးဂုဏ်ပြုလောက်စရာ အကျိုးဆောင်ပေးနိုင်ခဲ့ရင် ဧကရာဇ်ရဲ့ ပစ္စည်းသိုလှောင်ရေးအိမ်ကနေပြီး သူရှာတွေ့တဲ့ ပစ္စည်းနဲ့ တန်ဖိုးချင်း မတိမ်းမယိမ်းဖြစ်တဲ့ မိမိကြိုက်နှစ်သက်ရာပစ္စည်းကို တောင်းဆိုခွင့်ရှိတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ခန်းမအတွင်း အသံများပြန်လည်ဆူညံလာပြန်၏။

သူရဲကောင်းတံဆိပ်ဟူသည် လောင်စန်းနိုင်ငံတွင် အလွန်ထူးခြားသော တံဆိပ်တခုဖြစ်ပြီး ဂုဏ်သိက္ခာအားဖြင့် ကြီးမားလှသလို တခြားအခွင့်အရေးပေါင်းများစွာကိုလည်း ပေးစွမ်းနိုင်၏။

အကယ်၍ စုချန်းတွင်သာ ထိုတံဆိပ်မျိုး ယခင်ကတည်းက ရှိနေခဲ့လျင် မျိုးနွယ်စုခြောက်စုအနေနှင့် ရန်မပြုခင် အနည်းဆုံး နှစ်ကြိမ်ပြန်၍ စဉ်းစားဖွယ်ရာရှိသည်။ အကြောင်းမှာ ထိုတံဆိပ်မျိုးသာ စုချန်း ပိုင်ဆိုင်ထားပါက သူ့ကို ရန်သတ္တုပြုခြင်းသည် ရှီကိုင်းဟွမ်ကို အတိုက်အခံလုပ်ခြင်းသာမကတော့ပဲ လောင်စန်းတပ်မတော်ကိုပါ ဆန့်ကျင်သောသဘော သက်ရောက်နေသောကြောင့်ပင်။

ထို့ကြောင့် သူရဲကောင်းတံဆိပ်ဟူသည် အလွယ်တကူ ရရှိနိုင်သည့်အရာမျိုး မဟုတ်ပေ။

တတိယအဆင့် သူရဲကောင်းတံဆိပ်သည် သူရဲကောင်းတံဆိပ်များတွင် အနိမ့်ဆုံးဖြစ်သော်လည်း ကြီးမြတ်သော ဂုဏ်ဒြပ်နှင့် ထူးခြားသော အကျိုးအမြတ်များကိုတော့ ပေးစွမ်းနိုင်သေးသည်သာ။

ထိုအခါ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အပျက်အစီးသိုက်အတွင်း ဝင်ရောက်ရုံနှင့် တတိယအဆင့်သူရဲကောင်းတံဆိပ် ချီးမြှင့်ခံရမည်ဟူသော မျှော်လင့်ချက်က ကျောင်းသားများ၏ သွေးကို ဆူပွက်လာစေ၏။

ထို့ကြောင့် သူရဲကောင်းတံဆိပ်ဟူသည် ဂုဏ်သိက္ခာရော ရုပ်ဝတ္တုအကျိးအမြတ်များပါ ပေးစွမ်းနိုင်စေသော တံဆိပ်တမျိုးပင် ဖြစ်လေတော့သည်။

ထို့ပြင် သူတို့အနေနှင့် စွမ်းဆောင်ရည်ကောင်းသာ ပြနိုင်ခဲ့လျင် နိုင်ငံတော်သိုလှောင်ရေးအိမ်အတွင်း ဝင်ရောက်၍ ကြိုက်နှစ်သက်ရာ တခုခုကိုလည်း တောင်းဆိုနိုင်ခွင့် ရှိနေသေးသည်။ ဤတချက်သည်ကား အပိုဆုပင် ဖြစ်သည်။

ထိုနေရာတွင် သူရဲကောင်းများအတွက် ကြီးမြတ်သော ချီးကျုးဂုဏ်ပြုမှုများ ရှိနေမည်ကတော့ ဧကန်ပင်။

တကယ်တော့ အန္တရာယ်များလှသောနေရာကို ဝင်ရောက်ရန် ကျောင်းသားများအား အတင်းအကျပ် တောင်းဆိုခြင်းသည် သိပ်မသင့်တော်လှပေ။ ထို့ပြင် ကျောင်းသားအများစုသည် တော်ဝင်မျိုးနွယ်စုဝင်များ ဖြစ်နေကြ၏။ ထို့ကြောင့် ဆုတံဆိပ်နှင့် မျှားကာ ဝင်ချင်သူ ဝင်ကြပေရော့ဆိုသည့် ပုံစံမျိုး လုပ်လိုက်ခြင်းပင်။

သို့သော် ကျောင်းသားတိုင်းလိုလိုသည် ယခုအချိန်တွင် တိုက်ပွဲဝင်စိတ်ဓာတ်များ ပြည့်နှက်နေလေရာ အများစုက လွယ်လွယ်နှင့်တော့ အရှုံးပေးကြမည်မဟုတ်။ သို့သော် သူတို့တွင် လိုအပ်နေသည်က အတွေ့အကြုံဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ရေးနည်းပြ စီမင်းလီ ချိန်သားကိုက် ပေါ်ပေါက်လာခြင်းမှာ ဖြစ်သင့်သော ကိစ္စပင်တည်း။

စီမင်းလီသည် ကျောင်းသားများ၏ စိတ်အခြေအနေကို အကဲခတ်ရင်း အတော်လေး ဝမ်းသာသွားဟန်တူသည်။ သူက ရယ်မောရင်း ပြောလိုက်၏။

"ခုကစပြီး လာမဲ့သုံးလအတွင်း ကျုပ်တို့ အပျက်အစီးသိုက်အတွင်း ဝင်ရောက်မယ် ဒီသုံးလမှာ ကျုပ်ရဲ့တာဝန်က မင်းတို့ကို လေ့ကျင့်ပေးဖို့ပဲ လေ့ကျင့်တဲ့နေရာမှာ အပိုင်းနှစ်ပိုင်းနဲ့ လေ့ကျင့်သွားမယ် တပိုင်းက မင်းတို့အားလုံး အဖွဲ့လိုက် တိုက်ခိုက်တတ်အောင် လေ့ကျင့်သွားမယ် ကျန်တပိုင်းကတော့ လူရွေးချယ်တာပဲ လူရွေးတာကိုတော့ မင်းတို့ထဲက အထူးချွန်ဆုံးဆိုတဲ့ အယောက်၄၀ကို လေ့ကျင့််နေရင်းနဲ့ပဲ ရွေးချယ်သွားမယ်"

ဤနေရာတွင် စီမင်းလီက "အထူးချွန်ဆုံး"ဟူသောစကားလုံးကို အလေးအနက်ထား၍ ပြောကြားလိုက်၏။

မည်သို့ဆိုစေ ကျောင်းသားများ၏ စိတ်ထဲတွင် သတ်ဖြတ်သူမျိုးစိတ်များကို ကြောက်ရွံ့သည့်စိတ်များ တဖြည်းဖြည်း လျော့ပါးသွားပြီဖြစ်သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ စီမင်းလီက လေ့ကျင့်ရေးအစီအစဉ်များနှင့် နက်ဖြန်တွင် လေ့ကျင့်ရေး စတင်မည်ဖြစ်ကြောင်း ကြေငြာလိုက်လေသည်။

လေ့ကျင့်ရေးအစီအစဉ်တွင် တဦးချင်းလေ့ကျင့်ရေးနှင့် အဖွဲ့လိုက်လုပ်ဆောင်မှုများဟူ၍ နှစ်ပိုင်းခွဲထားလေသည်။

ကျောင်းသားတဦးချင်းစီ၏ ကိုယ်ပိုင်အင်အားများ မြင့်မားလာစေရန်မှာ သီးခြားနည်းပြဆရာ မလိုအပ်ပေ။ သို့သော် တခြားစွမ်းရည်များဖြစ်သည့် အာကင်နာအပျက်အစီးများအား စစ်ဆေးခြင်း၊ မူလပုံစံများအား ဓာတ်ပြယ်စေခြင်း၊ အာကင်နာကျောက်စာများအား နားလည်သဘောပေါက်နိုင်ခြင်း စသော စသော စွမ်းရည်တို့မှာကား သီးခြားနည်းပြဆရာများက သင်ကြားပေးရန် လိုအပ်လေသည်။ သို့မှသာ ကျောင်းသားများအနေနှင့် အာကင်နာအပျက်အစီးသိုက်အတွင်းရှိ ရှုပ်ထွေးမှုများကို နားလည်သဘောပေါက်လာပေလိမ့်မည်။ ထိုအခါ ကျောင်းသားများအနေနှင့် သီးခြားသင်တန်းများကို တက်ရောက်ရန် လိုအပ်လာတော့သည်။ လူရွေးချယ်ရာတွင် အဆိုပါ ကျောင်းသား၏ သင်ယူမှုစွမ်းရည်ကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ဥပမာအားဖြင့် ကျောင်းသားနှစ်ယောက်သည် အင်အားချင်းတူညီနေသည်ဆိုပါစို့၊ တခြားဘာသာရပ်တခုကို ပိုမိုကျွမ်းကျင်သည့်ကျောင်းသားက ရွေးချယ်ခံရရန် ပို၍ အခွင့်အလမ်း များနေ၏။

စုချန်းက အာကင်နာကျောက်စာများအား လေ့လာဆန်းစစ်ခြင်းဘာသာရပ်ကို ရွေးချယ်လိုက်သည်။ တကယ်တမ်း သူကျွမ်းကျင်သည်မှာ အဂ္ဂိရတ်ပညာနှင့် ဆေးဝါးဖော်စပ်ခြင်းသာ ဖြစ်သည်။ သို့သော် ဤလေ့ကျင့်ရေးသင်တန်းတွင်တော့ အာကင်နာကျောက်စာဘာသာရပ်ကိုသာ ဆရလ့လာသင်ယူရန် သူ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် သူ့ကိုသူ ဆရာတဦးအဖြစ် သတ်မှတ်နိုင်သည်အထိ ထိုဘာဘာရပ်တွင် စုချန်း ကျွမ်းကျင်လာပေလိမ့်မည်။

တိမ်တိုက်ကျားသစ်မှာမူကား အာကင်နာအပျက်အစီးများအား စစ်ဆေးခြင်းဘာသာရပ်ကို ရွေးချယ်ခဲ့လေသည်။ သူသည် ပုံဖျက်ဖုံးကွယ်ခြင်းနှင့် နေရာတခုကို လေ့လာဆန်းစစ်ရာတွင် အလွန်ကျွမ်းကျင်သူဖြစ်သည်။ သို့သော် အာကင်နာအပျက်အစီးများနှင့် ပတ်သက်၍ကား သူ သိပ်နားမလည်။ မည်သို့ဆိုစေ ဤဘာသာရပ်ကို ရွေးချယ်လိုက်ခြင်းကြောင့် သူသည် မည်သည့််နေရာတွင် ထူးချွန်ကြောင်း ပြသရန် အခွင့်အရေး ရလာခဲ့လေသည်။

သီးခြားဘာသာရပ်အသီးသီးအား ရွေးချယ်ပြီးသည်နှင့် ကျောင်းသားများအားလုံး မိမိတို့ နေထိုင်ရာအခန်းဆီသို့ ပြန်လာကြကုန်၏။ မိမိအခန်းတွင် နေထိုင်ခွင့်ရသည်မှာ သူတို့အားလုံးအတွက် ဤညသည် နောက်ဆုံးဖြစ်သည်။

နက်ဖြန်မှာစ၍ သူတို့အားလုံး လေ့ကျင့်ရေးစခန်းသို့ ပြောင်းရွှေ့ကာ သုံးလတိုင်တိုင် လေ့ကျင့်ရပေတော့မည်။ ဤသုံးလလုံးလုံး သူတို့ အတူတကွ နေထိုင်ရမည်ဖြစ်သည်။

စခန်းသွင်းလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအားလုံး တယောက်နှင့်တယောက် ရင်းနှီးလာစေရန်၊ တယောက်အကြောင်း တယောက်သိလာစေရန်နှင့် သူတို့အကြား ခိုင်မာသော ဆက်ဆံရေးတခုကို ထူထောင်နိုင်စေရန် ဖြစ်သည်။ ထိုမှသာလျင် တဦးနှင့်တဦး ရဲဘော်ရဲဘက်များအဖြစ် ရှုမြင်လာပြီး တိုက်ပွဲတွင် အတူတကွ ပူးပေါင်းတိုက်ခိုက်နိုင်မည် မဟုတ်ပါလား။

အတွင်းရေး ပဋိပက္ခများ၊ ရန်ညိုးများကို ဤနေရာသို့ ယူဆောင်လာသူများသည် စစ်မြေပြင်တွင် တခြားသူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေလိမ့်မည်။ ထိုလူများကိုတော့ မုချ ဖယ်ရှားပစ်ရပေလိမ့်မည်။

ထို့ကြောင့် စခန်းသွင်းလေ့ကျင့်ရာတွင် အခြေခံအကျဆုံးစည်းမျဉ်းမှာ အချင်းချင်းရန်မဖြစ်ရ ဟူ၏။

မည်သည့်အကြောင်းပြချက်မှ မရှိပဲ ပြသနာရှာသူ၊ အချင်းချင်းကို ရန်လုပ်သူသည် သုံးရက်တိုင်တိုင် နေလှမ်းခံရပေလိမ့်မည်။ သွေးဗီဇအရ အချင်းချင်းပေါ် မောက်မာမှု၊ အနိုင်ကျင့်မှုများကိုကား ပို၍ပင် ကန့်သတ်ထား၏။ တားမြစ်ထား၏။

ဤယနေ့တွင် သူတို့အားလုံးသည် သွေးဗီဇ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သွေးဗီဇ မြင့်မားသည်ဖြစ်စေ နိမ့်ကျသည်ဖြစ်စေ လူသားမျိုးနွယ်စုများသာလျင် ဖြစ်ကြလေသည်။

All Chapters