လေ့ကျင့်ခြင်း ၂
Vol. 28 Ch. 277
နောက်တနေ့မနက်တွင် စုချန်း၊ ဝမ်တောက်ရှန်းနှင့် တိမ်တိုက်ကျားသစ်တို့သည် အတူတကွ နိုးထလာကြပြီး စခန်းသွင်းလေ့ကျင့်မည့်နေရာဆီသို့ ဦးတည်လျှောက်လာခဲ့ကြလေသည်။
စခန်းသွင်းလေ့ကျင့်မည့်နေရာသည် နဂါးကျောင်းတော်၏ နယ်နိမိတ်အတွင်း မရှိပေ။ သို့သော် အရိုးပြာတထောငထချောက်နက် ဧရိယာအတွင်းတွင်ကား ရှိလေ၏။
သူတို့အားလုံးသည် စီမင်းလီ၏ အမိန့်အတိုင်း မနက်လင်းသည်နှင့် လေ့ကျင့်ရေးစခန်းနေရာသို့ ထွက်ခွာလာပြီး နေမဝင်မီ မိမိတို့နေထိုင်ကြမည့် ရွက်ဖျင်တဲများကို ကိုယ့်အစီအစဉ်နှင့်ကိုယ် ဆောက်လုပ်ကြရမည်ဖြစ်သည်။
အမှန်တော့ လေ့ကျင့်ရေးအစီအစဉ်သည် ကနဦးကပင် အစပျိုးနေခဲ့လေပြီ။
အရိုးပြာတထောင်ချောက်နက်သို့ တရက်တည်းနှင့် ရောက်အောင်လာရသည့်ကိစ္စမှာ လွယ်ကူသည်မဟုတ်။ လမ်းကြောင်းက ရှည်လျားသည့်အပြင် လမ်းခရီးတလျှောက်တွင် အန္တရာယ်များလှသည့် သားရဲသတ္တဝါဆိုးများ ရှိနေသည်မဟုတ်ပါလား။
လွန်ခဲ့သော အတိတ်ကာလက တောက်ပခြင်းအသင်းသည်ပင် ထိုနေရာသို့ရောက်ရှိရန် နှစ်ရက်လုံးလုံး အချိန်ယူခဲ့ရ၏။
ထို့ကြောင့် ကျောင်းသားများအနေနှင့် လေ့ကျင့်ရေးစခန်းကို အချိန်မီရောက်လိုလျင် သားရဲသတ္တဝါများနှင့် တိုက်ခိုက်နေမည့်အစား အန္တရာယ်များကို ရှောင်ရှားကာ မြန်မြန်ဆန်ဆန် ရွေ့လျားနိုင်ရန် လိုအပ်၏။
ဤနေရာမျိုးတွင်ကား တိမ်တိုက်ကျားသစ်က ထူးချွန်လှပေ၏။ သူ၏ ထောက်လှမ်းခြင်းကို မည်သည့်သားရဲသတ္တဝါဆိုးမှ ကျော်လွှားနိုင်ခဲ့ခြင်းမရှိပေ။ ထိုအခါ သူတို့သုံးယောက်သည် ကျဆုံးခြင်းသိမ်းငှက်တောင်ကို ရောက်သည့်တိုင်အောင် မည်သည့်တုံ့ဆိုင်းမှုမှမရှိပဲ မြန်မြန်ဆန်ဆန်ပင် ချီတက်လာနိုင်ခဲ့၏။ နောက်ဆုံးတွင် သူတို့သုံးယောက်သည် စခန်းသွင်းလေ့ကျင့်မည့်နေရာသို့ အဆင့် ၈၊ ၉၊ ၁၀ နေရာမှ အစဉ်အလိုက် ပန်းဝင်နိုင်ခဲ့လေသည်။ သူတို့ ပထမနေရာမှ ပန်းမဝင်နိုင်ခဲ့ခြင်းမှာလည်း လမ်းခရီးတွင် ပြသနာပေါ်၍မဟုတ်။ ဖက်တီးဝမ်၏ နှေးကွေးမှုကြောင့်သာလျင် ဖြစ်သည်။ ဝမ်တောက်ရှန်းသည် ကောင်းကင်ဘုံကို ဝါးမြိုခြင်းနည်းစနစ် လေ့ကျင့်ပြီးသည့်အချိန်မှစ၍ တိုက်ခိုက်ရေးစွမ်းရည်တိုးပွားလာသလောက် အမြန်နှုန်းကတော့ ကျဆင်းလာခဲ့၏။
ထိုအတွက်ကြောင့်ပင် ဖက်တီးဝမ်သည် တကယ့်တိုက်ပွဲစစ်စစ်များထက် စင်မြင့်ပြိုင်ပွဲများတွင် ပို၍ အသားကျလာခြင်း ဖြစ်သည်။
လေ့ကျင့်ရေးစခန်းသို့ ပထမဦးဆုံးရောက်လာသော လူများထဲတွင် ပါဝင်နေ၍ စုချန်းတို့သုံးယောက်သည် ရွက်ဖျင်တဲထိုးမည့်နေရာကို စိတ်အေးလက်အေးနှင့် ရွေးချယ်ခွင့်ရလိုက်ကြလေသည်။
အရိုးပြာတထောင်ချောက်နက်ဟူသည် ရေကန်ကြီးတကန်၏ ဘေးတွင်တည်ရှိပြီး တောင်ပတ်လည် ဝန်းရံနေသော နေရာမျိုး ဖြစ်သည်။ မြင်ကွင်းက လှသလောက် သတ္တဝါဆိုးများက နေရာတိုင်းတွင် ရှိနေ၏။ ထို့ကြောင့် နေရာကောင်းကောင်း ရွေးချယ်ထားမှသာလျင် မိမိအဖွဲ့ကို အန္တရာယ်မှ လွတ်ကင်းစေပေလိမ့်မည်။
ထို့နောက် သူတို့သုံးယောက်သည် နေရာကောင်းကောင်းကို ရွေးချယ်ကာ လက်စွပ်အတွင်းမှ ရွက်ဖျင်တဲရိုးများ၊ မိုးကာစများကို ဆွဲထုတ်ပြီး တဲထိုးကြလေ၏။ ကျန်ကျောင်းသားများသည်လည်း အလျှိုလျှို ရောက်ရှိလာကြလေရာ အရိုးပြာတထောင်ချောက်နက်အတွင်း စကားပြောသံ၊ သီချင်းဆိုသံများနှင့် သက်ဝင်လှုပ်ရှားစ ပြုလာတော့သည်။
နောက်ဆုံးကျောင်းသားများ ရောက်ရှိလာသည့် အချိန်တွင်တော့ မိုးစုန်းစုန်းချုပ်သွားလေပြီ။
ထိုအချိန်မှာပင် မှုန်တိမှုန်ဝါးအလင်းရောင်နောက်ခံတွင် သန်မာထွားကျိုင်းသော ဆရာတယောက်၏ အရိပ်ကို ကျောင်းသားများအားလုံး မြင်တွေ့လိုက်ရသည်။ ထိုဆရာက ကျယ်လောင်သောအသံနှင့် အော်ဟစ်ပြောဆိုလိုက်၏။
"ကဲ အားလုံးနားထောင်စမ်းဟေ့ ကျုပ်နာမည် ယုချန်းကျို မင်းတို့ရဲ့ အုပ်ချုပ်သူပဲ နောက်ပိုင်းကျရင် မင်းတို့အားလုံး ကျုပ်ကို စိတ်ပျက်သွားလိမ့်မယ်ဆိုတာ ကျုပ် ရဲရဲကြီး အာမခံရဲတယ် မင်းတို့ကိုမင်းတို့ကတော့ နဂါးကျောင်းတော်ရဲ့ အထက်တန်းလွှာ ကျောင်းသားတွေလို့ ထင်ကောင်းထင်နေကြလိမ့်မယ် ကျုပ်အမြင်မှာတော့ မင်းတို့ဟာ ခေါင်းအစခြေအဆုံး ဘာတန်ဖိုးမှမရှိတဲ့ အမှိုက်လိုကောင်တွေပဲ ဒီနေရာမှာ ပါရမီရှင်အုပ်စုတွေ ဘာတွေ မရှိဘူး အကုန်လုံးကို တပြေးညီပဲ အုပ်ချုပ်သွားမယ် လောလောဆယ် လေ့ကျင့်ရေးစခန်းကို ကျောင်းသား ၂၅ယောက် နောက်ကျပြီးမှ ရောက်လာတယ် ဒီတော့ နောက်ကျတဲ့ ဘယ်သူမဆို တောင်သယ်ယူခြင်းပြစ်ဒဏ်ကို ကျခံရလိမ့်မယ်"
စကားဆုံးသည်နှင့်် သူက လက်ဖဝါးများကို လှုပ်ရှားလိုက်ရာ ကျောင်းသား၂၅ယောက်သည် လေထဲသို့ ပျံတက်လာ၏။ ထိုကျောင်သားများမှာ လေ့ကျင့်ရေးစခန်းသို့ နောက်ကျရောက်လာသူများပင်တည်း။
ကျောင်းသား၂၅ယောက် မြေကြီးပေါ်သို့ ဆင်းသက်ချိန်မှာပင် ဘေးဘက်တွင် ဝါးလုံးများနှင့် ချိတ်ထားသည့် ရေပုံး၂၅ပုံးသည် လေထဲသို့ လွင့်ပျံလာပြီး ကျောင်းသားအသီးသီး၏ ပုခုံးပေါ်သို့ ကျရောက်လာ၏။ ဤနေရာသို့ ရောက်ရှိလာသည့် ကျောင်းသားများသည် အင်အားနည်းသူများ မဟုတ်ပေ။ သို့တိုင်အောင် ရေပုံများ၏ အလေးချိန်ကြောင့် ၎င်းတို့၏ ဒူးများ ကွေးညွတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝါးလုံးအစွန်းများတွင် ရစ်ခွေနေသည့် မီးခိုးများကို စင်ကြယ်ခြင်းကျောက်တုံး၏ ခေါ်သည်။ မီးခိုးများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အလေးချိန်မှာကား မသေးလှ။ နွာအကောင်တရာခန့် အလေးချိန်စီးလေသည်။ ထို့ကြောင့် တောင်သယ်ယူခြင်းပြစ်ဒဏ်သည် နာမည်နှင့် ပြစ်ဒဏ် လိုက်ဖက်လှသည်ဟုပင် ဆိုနိုင်၏။
နောက်ဆုံးရောက်လာသူ ကျောင်းသား၂၅ယောက်သည် တောင်သယ်ယူခြင်းပြစ်ဒဏ်နှင့် နဖူးတွေ့ဒူးတွေ့ စတင်ကြုံလိုက်ရပြီ ဖြစ်သည်။ သူတို့အနေနှင့် ဤအလေးချိန်ကို ထိုင်၍ ဖြစ်စေ၊ လမ်းလျှောက်၍ဖြစ်စေ ၂နာရီတိုင်တိုင် ထမ်းပိုးထားရပေလိမ့်မည်။ ဤပြစ်ဒဏ်ကြောင့် သူတို့၏ ပါးစပ်များတွင် ခါးသက်သောအရသာများ သေချာပေါက် ကျန်ရစ်ခဲ့ပေလိမ့်မည်။
တကယ်တော့ ကျန်ကျောင်းသားများမှာလည်း ပို၍ သက်တောင့်သက်သာ နေရသည်တော့မဟုတ်။
နောက်တရက် မိုးလင်းသည်နှင် ယုချန်းကျိုက သူတို့ကို စတင်လေ့ကျင့်ပေးလာသောကြောင့်ပင် ဖြစ်သည်။
ယုချန်းကျို၏ လေ့ကျင့်ရေးအစီအစဉ်က ရိုးရှင်းသလောက် ကြမ်းတမ်းလှ၏။ သူသည် ပထမဆုံး သူတို့အားလုံးကို သုံးယောက် တအုပ်စုစီ ခွဲလိုက်၏။ ထို့နောက် ထိုအုပ်စုများအားလုံးကို နီးစပ်ရာ တောအုပ်များအတွင်း မောင်းသွင်းပြီး အချင်းချင်း တိုက်ခိုက်ခိုင်းတော့သည်။
ရှုံးနိမ့်သူများအားလုံးသည် တောင်သယ်ယူခြင်းပြစ်ဒဏ်ကို ခံရပြီး အနိုင်ရသော အုပ်စုများမှာကား သူတို့ မရှုံးမချင်း ဆက်လက်တိုက်ပွဲဝင်ကြရလေသည်။ ဤအခြေအနေတွင် တဦးချင်းစီ၏ အင်အားမှာ အသင်းအဖွဲ့စိတ်ဓာတ်လောက် အရေးမပါတော့။ အသင်းဝင်တိုင်းလိုလိုသည် မိမိရဲဘော်ရဲဘက်များ၏ အားသာချက်၊ အားနည်းချက်များကို နားလည်သဘောပေါက်ထားပြီး အပေးအယူမျှမျှ ပူးပေါင်းဆောင်ရွက်ရန် အထူးတလည် လိုအပ်လာခဲ့ပြီ ဖြစ်သည်။
အုပ်စုခွဲရာတွင်လည်း ယုချန်းကျိုက သူစိတ်ထင်သလို ကြုံရာကျပန်း ခွဲနေခြင်းဖြစ်လေရာ စုချန်းသည် ဝမ်တောက်ရှန်း၊ တိမ်တိုက်ကျားသစ်တို့နှင့် အုပ်စုကွဲသွားတော့သည်။
စုချန်းသည် သူတခါမှ မမြင်ဖူးသော ကျောင်းသားနှစ်ယောက်နှင့် တအုပ်စုတည်း ကျရောက်သွားခဲ့၏။ သူတို့အုပ်စုသည် ပထမတိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ဒုတိယတိုက်ပွဲကိုတော့ ရှုံးနိမ့်သွားခဲ့လေသည်။
စုချန်း၏ ပထမဆုံးအကြိမ် တောင်သယ်ယူခြင်းပြစ်ဒဏ် ခံယူခြင်း ဖြစ်သည်။
ကြီးမားလှသော အလေးချိန်ကြောင့် တကိုယ်လုံး ကြေမွသွားတော့မည်ကဲ့သို့ စုချန်း ခံစားလိုက်ရ၏။
ထိုအချိန်မှာပင် သူ့နားထဲ၌ အသံတသံ ကြားလိုက်ရသည်။
"မင်းရဲ့ ချီစွမ်းအင်တွေကို အလယ်ပိုင်းပင်လယ်မှာစု ပြီးရင် အင်အားနည်းတဲ့ နေရာတွေဆီ ဖြန့်ကျက်ပေး"
အသံရှင်မှာ ယုချန်းကျို ဖြစ်သည်။
အံ့သြမှုကို ထိန်းသိမ်းပြီး စုချန်းက ယုချန်းကျို ပြောသည့်အတိုင်း လုပ်ဆောင်လိုက်၏။ သူ့ကျောပေါ်ရှိ လေးလံလှသော ဝန်ထုပ်ဝန်ပိုးသည် သိသိသာသာပင် ပေါ့ပါးသွားကြောင်း စုချန်း ခံစားလိုက်ရသည်။
တောင်သယ်ယူခြင်းပြစ်ဒဏ်ဟူသည် ကျင့်ကြံခြင်းပုံစံတမျိုးပင် ဖြစ်ကြောင်း စုချန်း ချက်ချင်း နားလည်သွား၏။ ယုချန်းကျို သင်ပြပေးလိုက်သော နည်းလမ်းသည် ကြီးမားသော အလေးချိန်ကို အထောက်အကူအဖြစ် အသုံးပြုပြီး ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းသည့် နည်းလမ်းတမျိုးပင်ဖြစ်သည်။ ယုချန်းကျို သင်ပေးသည့်နည်းလမ်းအတိုင်း အသုံးပြုလိုက်သည်နှင့် စုချန်းသည် အသက်ရှုနှုန်းကို စတင်ထိန်းချုပ်နိုင်လာ၏။
မည်သို့ဆိုစေ တောင်သယ်ယူခြင်းပြစ်ဒဏ်ကို ခံယူပြီးသည်နှင့် စုချန်းသည် တကိုယ်လုံးပျော့ခွေပြီး ပင်ပန်းနွမ်းနယ်သွား၏။ သူ့အနေနှင့် မြေကြီးတွင် လှဲအိပ်ချလိုက်ချင်သော်လည်း လှဲအိပ်ခွင့်ကား မရရှာ။
နောက်ဆုံးတော့ ပြစ်ဒဏ်ဟူသည် ပြစ်ဒဏ်မျှသာ ဖြစ်သည်။ မည်မျှပင် ကိုယ်ခန္ဓာကို အကျိုးပြုသည်ဆိုစေအုံး၊ ပြစ်ဒဏ်ဟူသည် တိကျသော စည်းမျဉ်းစည်းကမ်းအောက်တွင်သာ ရှိလေသည်။ ကမ္ဘာကြီးပေါ်တွင် ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းသော နည်းစနစ်များစွာ ရှိ၏။ ထို့ကြောင့် ဤနည်းလမ်းမျိုးကို မဖြစ်မနေ အသုံးပြုနေစရာ မလိုလှချေ။
သူ့အနေနှင့် ဤပြစ်ဒဏ်ကို ရှောင်လွှဲလိုပါက လာမည့်တိုက်ပွဲတွင် မရှုံးနိမ့်အောင် ကြိုးစားရန်သာ ရှိတော့သည်။ သူတို့အဖွဲ့အနေနှင့် ပို၍ကောင်းမွန်သော ပူးပေါင်းဆောင်ရာက်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် လိုအပ်နေခဲ့လေပြီ။
ဤသည်မှာပင် ဆရာများအနေနှင့် ကျောင်းသားများကို ပြသရန် ကြိုးစားနေသောအရာ ဖြစ်သည်။
အာကင်နာအပျက်အစီးသိုက်အတွင်းဝယ် အောင်မြင်မှုရရန်နှင့် အသက်ရှင်သန်နိုင်ရန် ရေပက်မဝင်သော အသင်းအဖွဲ့စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိမှသာလျင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တရက်တာ လေ့ကျင့်ခန်းအစီအစဉ်များ ပြီးဆုံးသွားသည်နှင့် အဖွဲ့တိုင်းလိုလိုသည် သူတို့၏ အဖွဲ့ဝင်များနှင့် အချိန်ဖြုန်းကာ တယောက်နှင့်တယောက် မိတ်ဆက်ကြ၏။ အားသာချက် အားနည်းချက်များကို ဖလှယ်ကြ၏။ နောက်တရက်တိုက်ပွဲအတွက် ပူးပေါင်းတိုင်ပင်ကြ၏။
ကျောင်းသားများသည် နေဝင်ရီတရောအချိန်တိုင်အောင် ဆွေးနွေးနေကြ၏။ ထို့နောက်တွင်တော့ ဆရာများအသီးသီးရောက်လာကာ ကျောင်းသားများအား ၎င်းတု့ိယူထားသည့် သီးခြားဘာသာရပ်အလိုက် စုဝေးစေပြီး စတင်သင်ကြားပို့ချကြပြန်သည်။
ဤသို့နှင့် စခန်းသွင်းလေ့ကျင့်ခြင်း၏ ပထမရက်သည် ခရီးထွက်ခြင်း၊ တိုက်ပွဲဝင်ခြင်း၊ လေ့လာသင်ယူခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း စသော များပြားလှသည့် လုပ်ငန်းစဉ်များကြောင့် ကုန်မှန်းမသိ ကုန်ဆုံးသွားလေ၏။
လေ့ကျင့်ရေးစခန်းသို့ရောက်လျင် ကုချိန်းလွှာနှင့် စကားပြာရန် အခွင့်အရေးရလိမ်မည်ဟု ကနဦးက စုချန်း မျှော်လင့်ထားခဲ့၏။ တကယ်တန်းကျတော့ စကားပြောရန်မဆိုထားနှင့် စဉ်းစားရန်ပင် အချိန်မရခဲ့ပေ။
အတန်ကြာအောင် ဆွေးနွေးတိုင်ပင်ပြီးနောက် သူတို့သုံယောက်အဖွဲ့သည် နောက်တရက်အတွက် တိုက်ခိုက်ရမည့်အစီအစဉ်ကို ဆုံးဖြတ်လိုက်နိုင်၏။ ထိုအချိန်တွင် ဆရာများကလည်း သူတို့အား အနားယူရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
သို့သော် ဒုတိယမြောက်နေ့တွင် ထွက်ပေါ်လာသည့် ညွှန်ကြားချက်က လူတိုင်းကို အငိုက်မိစေခဲ့လေသည်။ ထိုညွှန်ကြားချက်မှာ ကနဦး သုံးယောက်အဖွဲ့ကို ဖျက်သိမ်းပြီး လူငါးယောက်စီ ပါဝင်သည့် အဖွဲ့သစ်ကိုယ်စီ ဖွဲ့စည်းရန် ဖြစ်သည်။
ယုချန်းကျိုက အောက်ပါအတိုင်း ပြောလိုက်၏။
"ဟိုကျရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး တချို့ ရှေးဟောင်းသိုက်တွေမှာ ရှိတတ်တဲ့ မူလပုံစံကွက်တွေဟာ လူတွေကို အဝေးရောက်သွားအောင် ပို့ဆောင်နိုင်စွမ်း ရှိတတ်တယ် ဆိုလိုတာက မင်းတို့ဟာ အတူတကွ ဝင်လာတဲ့လူတွေနဲ့ ခရီးဆုံးထိ သွားလို့ရချင်မှ ရမယ် တကယ်လို့ အဲဒီလိုအနေအထားမျိုးသာ ကြုံလာခဲ့ရင် မင်းတို့အနေနဲ့ လုပ်စရာတခုပဲရှိတယ် ရရာလူတွေနဲ့ အဖွဲ့တဖွဲ့ မြန်မြန်ဆန်ဆန် ဖွဲ့စည်းဖို့ပဲ ဒါကို မင်းတို့အနေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ဖို့လိုအပ်တယ် ဒါကြောင့် ဒီလေ့ကျင့်ရေးစခန်းမှာ မင်းတို့ရဲ့အဖွဲ့တွေကို သတ်သတ်မှတ်မှတ် မထားဘူး ဒီလိုပဲ လူဦးရေကိုလည်း တိတိကျကျ သတ်မှတ်မထားဘူး မင်းတို့အနေနဲ့ တဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို အမြန်ဆုံး အကဲဖြတ်နိုင်ပြီး လိုက်လျောညီထွေရှိမဲ့ အသင်းတသင်း အမြန်ဆုံး ဖွဲ့စည်းနိုင်အောင် ကြိုးစားကြရမယ် ကျုပ်အနေနဲ့ မင်းတို့ကို ဘယ်နေရာ ဘယ်အချိန်မှာမဆို တာဝန်တမျိုးမျိုး ပေးကောင်းပေးလာနိုင်တယ် ဒီတာဝန်တွေကို မင်းတို့ရဲ့ ကိုယ်ပိုင်အင်အားကိုသုံးပြီး အောင်မြင်အောင် ဆောင်ရွက်ရလိမ့်မယ်"
ပြောပြောဆိုဆို ယုချန်းကျိုက လက်တဖက်ကို ဝေ့ယမ်းရင်း ပြောလိုက်ပြန်သည်။
"အဖွဲ့တိုင်းအတွက် ဒီကနေ့ တာဝန်ကတော့ သက်တန့်ရောင် တံလျပ်ရစ်ငှက် တကောင်စီ ဒီကို ယူလာဖို့ပဲ ညနေစာမစားခင် ယူလာနိုင်တဲ့ အဖွဲ့တိုင်းကို တာဝန်ပြီးမြောက်တယ်လို့ သတ်မှတ်မယ် နောက်ကျတဲ့ အဖွဲ့တိုင်းကတော့ ပြစ်ဒဏ်ကို ခံယူရလိမ့်မယ် ဒါပေမဲ့ သိပ်လဲစိတ်မပူကြနဲ့ ဒီနေ့အတွက် ပြစ်ဒဏ်က တောင်သယ်ယူခြင်းပြစ်ဒဏ် မဟုတ်တော့ဘူး"
ဤနေရာသို့အရောက်တွင် သူက ဝမ်းသာအားရနိုင်သော အသံဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ဒီကနေ့အတွက် ပြစ်ဒဏ်ကတော့ မိုးကြိုးပြစ်ဒဏ်ပဲဟေ့ ဟား ဟား ဟား"
ပြစ်ဒဏ်၏ နာမည်ကို ကြားရုံနှင့် လျှပ်စစ်အားကို အသုံးပြု၍ ပြစ်ဒဏ်ကျခံသူအား ညှင်းပန်းနှိပ်စက်မည်ဖြစ်ကြောင်း သိသာနေ၏။ ကြည့်ရသည်မှာ တောင်သယ်ယူခြင်းပြစ်ဒဏ်ထက်ပင် ဆိုးဝါးမည့်ပုံပေါ်နေသည်။ ထိုအခါ ကျောင်းသားတိုင်းလိုလိုသည် ကြက်သီးမွှေးညှင်းများ ထကုန်ကြ၏။
"အိုး နေကြအုံးကွ ကျုပ် တခုပြောဖို့ မေ့သွားတယ်"
ယုချန်းကျိုက ကောက်ခါငင်ခါ ပြောလိုက်ပြန်သည်။
"ဒီအရိုးပြာတထောင်ချောက်နက်မှာ အရင်တုန်းက သက်တန့်ရောင် တံလျပ်ရစ်ငှက် မရှိဘူး ဒါကြောင့် နဂါးကျောင်းတော်က ရစ်ငှက်တွေ လာလွှတ်ထားတယ် ဆိုးတာက ဒီကောင်တွေဟာ လွှတ်ပေးလိုက်တာနဲ့ လျှောက်သွားတော့မှာပဲ ဒီတော့ ဒီနယ်နမိတ်အတွင်းမှာ ဒီကောင်တွေ ရှိသေးရဲ့လားဆိုတာ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ဘူး အရေးကြီးဆုံးအချက်က ကျောင်းတော်က လွှတ်ပေးတဲ့ ရစ်ငှက်ဟာ ၁၅ကောင်တိတိပဲ ရှိတယ် ဒါကြောင့် ဘာပြောပြော အဖွဲ့၂၀ထဲက ၅ဖွဲ့ကတော့ ပြစ်ဒဏ်ကျခံရဖို့ သေချာနေပြီ"
ထိုစကားကို ကြားလိုက်သည်နှင့် ကျောင်းသားများသည် တယောက်မျက်နှာကို တယောက်ကြည့်ပြီး ရှေ့သို့ တဟုန်ထိုး ပြေးသွားကြလေသည်။
အရူးပမာ ပြေးလွှားနေကြသော ကျောင်းသားများကို ကြည့်ရင်း ယုချန်းကျို အားရပါးရ အော်ဟစ်ရယ်မောလိုက်၏။