← Chapters

အမဲလိုက်ခံရခြင်း ၁

Vol. 28 Ch. 278

အမဲလိုက်ခံရခြင်း ၁

Vol. 28 Ch. 278

နောက်ဆုံးတော့ အဖွဲ့ပေါင်း၂၀အနက် ၇ဖွဲ့သာလျင် သက်တန့်ရောင် တံလျပ်ရစ်ငှက်နှင့်အတူ ပြန်လာနိုင်ခဲ့ကြ၏။ အခြား ၈ဖွဲ့မှာကား အရိုးပြာတထောင်ချောက်နက်အပြင်ဘက်သို့ ရောက်သွားပြီး လမ်းမှားကာ အမျိုးအမည်မသိသော နေရာများသို့ ရောက်သွားကုန်ကြ၏။

တိမ်တိုက်ကျားသစ်သည် ဤတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့၏။ သူ့အဖို့တော့ တံလျပ်ရစ်ငှက်ကို ဖမ်းဆီးရခြင်းသည် ထမင်းစားရေသောက်မျှသာ။

စုချန်းကတော့ ကံမကောင်းရှာ။ သူသည် တာဝန်ကို ကျေပြွန်အောင် မထမ်းဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် မိုးကြိုးပြစ်ဒဏ်၏ အရသာကို မြိုးမြိုးမြက်မြက် ခံစားလိုက်ရ၏။

အဖွဲ့၂ဖွဲ့မှ ကျောင်းသားများကား လိမ္မာပါးနပ်ဟန်တူသည်။ သူတို့အနေနှင့် တံလျပ်ရစ်ငှက်ကို ရအောင်မဖမ်းဆီးနိုင်မှန်း သဘောပေါက်ကြလေရာ တခြားအဖွဲ့မှ ဖမ်းဆီးလာသော ရစ်ငှက်ကို လုယူရန် ကြိုးစားကြ၏။ ထိုအခါ သူတို့နှစ်ဖွဲ့သည် ပြင်းပြင်းထန်ထန် အပြစ်ပေးခံလိုက်ရ၏။ ပြစ်ဒဏ်မှာကား တနေကုန် ကြာပွတ်စာ မိသွားခြင်းပင်။

ယုချန်းကျိုသည် ထိုကျောင်းသားများကို ရက်ရက်စက်စက်ပင် ရိုက်နှက်ရင်း အောက်ပါအတိုင်း ပြောလိုက်၏။

"မင်းတို့ကို စခန်းသွင်းလေ့ကျင့်ရေး အစတည်းက သတိပေးထားပြီးသား တိုက်ခိုက်ရေးသင်ခန်းစာချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ ဘာအကြောင်းနဲ့မှ မတိုက်ခိုက်ရဘူးလို့ ကျုပ်က မင်းတို့ကို ခိုးကြောင်ခိုးဝှက်လုပ်ဖို့ သင်ပေးနေတာ မဟုတ်ဘူး အဖွဲ့လိုက် တိုက်ခိုက်တတ်အောင် လေ့ကျင့်ပေးနေတာ ရှေ့မှာ ကြုံတွေ့ရမှာ စင်မြင့်ပေါ်က ပြိုင်ပွဲတွေမဟုတ်ဘူး တကယ့် တိုက်ပွဲစစ်စစ်တွေကွ"

ကြာပွတ်ရိုက်ချက်ကြောင့် ကျောင်းသားများ၏ အရေပြားများ အသားနီလန်ကုန်ပြီး သွေးများစီးကျလာလေသည်။

ကျန်ကျောင်းသားများအားလုံးသည် ငြိမ်သက်စွာ မတ်တပ်ရပ်ရင်း အပြစ်ပေးခံနေရသည့် ကျောင်းသားဆယ်ယောက်ကို ငေးကြည့်နေခဲ့ကြ၏။ ဤအခိုက်အတန့်သည် သူတို့၏ မှတ်ညဏ်တွင် ရာသက်ပန် စွဲထင်သွားတော့မည် ဖြစ်သည်။

ညအိပ်ရာမဝင်မီတွင်တော့ ကျောင်းသားများအကြား ယခင်ကထက်ပို၍ ပြောဆိုဆက်ဆံမှု ပိုမိုများပြားလာခဲ့လေသည်။ သူတို့သည် အချင်းချင်း ကိုယ့်ကိုယ်ကို မိတ်ဆက်ကြ၏။ အတွေ့အကြုံများ ဖလှယ်ကြ၏။ မည်သူမည်ဝါသည် မည်သည့်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ပုံသေတွက်ထား၍ မရတော့လေရာ လူတိုင်းအကြောင်းကို သိထားလေလေ အဖွဲ့တဖွဲ့ မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်ချေ ပိုများလေလေပင် မဟုတ်ပါလား။

ယုတ်စွအဆုံး အလွန်တရာ မာနကြီးလှသော ဂျီဟန်းယင်လို လူစားမျိုးပင် မိမိ၏ မာနကို ချိုးနှိမ်ပြီး တခြားလူများနှင့် ပြောဆိုဆက်ဆံစပြုလာ၏။

နောက်ဆုံးတော့ လူတိုင်းလိုလိုသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျကုန်ကြလေသည်။

လူတိုင်းလိုလိုသည် ပြင်းပြင်းထန်ထန် အလုပ်လုပ်ရခြင်းကြောင့်် အလွန်ပင်ပန်းနေကြလေရာ မြန်မြန်ဆန်ဆန်ပင် အိပ်မောကျသွားကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် စုချန်းကတော့ အိပ်မက်နယ်ပယ်သို့ သွားရောက်ကာ ရှေးဟောင်းအာကင်နာနည်းစနစ်များကို ကျင့်ကြံအားထုတ်လျက်ရှိ၏။

သို့သော် လေ့ကျင့်ရေးစခန်းတွင်တော့ ဤအလေ့အထက စုချန်းကို ဒုက္ခရောက်စေခဲ့လေသည်။ အိပ်မက်နယ်ပယ်အတွင်း ဝင်ရောက်လိုက်သည်နှင့် သူ့မျက်စေ့ရှေ့ရှိ ကမ္ဘာကြီးတခုလုံး တုန်ခါသွားသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။ တုန်ခါမှုက ပြင်းထန်လှပေရာ သူ့ပတ်ပတ်လည်ရှိ အရာဝတ္တုများအားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ပြီဟုပင် စုချန်း ထင်မြင်မိ၏။ ထိုအချိန်မှာပင် စုချန်းအောက်ရှိ မြေကြီးမှာ အက်ကွဲလာပြီး သူ့တကိုယ်လုံး ထိုအပေါက်ထဲသို့ ပြုတ်ကျသွားတော့သည်။

အား!!!

စုချန်း ကြောက်လန့်တကြားနှင့်် အော်ဟစ်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သူ့ကို သစ်သားတိုင်တတိုင်ဝယ် ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ထားမှန်း တွေ့လိုက်ရ၏။

တနေရာတွင်လည်း ယုချန်းကျိုက မတ်တပ်ရပ်ကာ သူတို့အား ဆဲဆိုငေါက်ငမ်းလျက်ရှိသည်။

"ခွေးမသားတွေ အမှိုက်လိုကောင်တွေ မင်းတို့ အိပ်မက်နယ်ပယ်ထဲရောက်နေရင် ပြင်ပကမ္ဘာမှာ မြန်မြန်ဆန်ဆန် မတုံ့ပြန်နိုင်ဘူးဆိုတာ မင်းတို့ ဆရာတွေက မသင်ပေးလိုက်ဘူးလား လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်အခြေအနေမျိုး မဟုတ်ရင် အိပ်မက်နယ်ပယ်ထဲ ဘယ်တော့မှ မဝင်ကြနဲ့ကွ မဟုတ်လို့ကတော့ မင်းတို့ ကိုယ့်ဟာကိုယ် သတ်သေတာနဲ့ အတူတူပဲ ဒီလောက်တောင် အိပ်မက်နယ်ပယ်ထဲ ဝင်ချင်တဲ့ကောင်တွေ ဒီညတော့ သစ်သားတိုင်နဲ့ ဖက်ပြီး အိပ်ကျပေတော့"

စုချန်းက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ ကျန်ကျောင်းသား၂၀ခန့်သည်လည်း သူ့ကဲ့သို့ပင် သစ်သားတိုင်နှင့် ပူးကပ်ချည်နှောင်ခံထားရမှန်း တွေ့လိုက်ရ၏။ သူက ခပ်လှမ်းလှမ်းကို ကြည့်လိုက်ပြန်ရာ လေ့ကျင့်ရေးကွင်းပြင်ကြီးတခုလုံး ဖျက်ဆီးခံထားရသည်ကို တွေ့မြင်လိုက်ပြန်၏။ ရွက်ဖျင်တဲများမှာကား မုန်တိုင်းဝင်မွှေသွားသကဲ့သို့ ရစရာမရှိအောင် ပျက်စီးလျက်ရှိလေသည်။

သို့သော် ရွက်ဖျင်တဲအားလုံး ပျက်စီးနေသည်တော့ မဟုတ်ပေ။ တဲလေးလုံးမှာ အပျက်အစီးများ ကြားထဲတွင် ထီးထီးတည်း ကျန်ရှိလျက်ရှိလေသည်။

"ဘာတွေဖြစ်နေတာလဲဟ"

တချို့တလေမှာ ခုချိန်ထိ ဘာဖြစ်နေမှန်း သဘောမပေါက်သေးပဲ နဝေတိမ်တောင် ဖြစ်နေကြဟန်တူသည်။ စုချန်းကတော့ အခြေအနေကို မှန်းဆနိုင်ခဲ့ပြီဖြစ်လေရာ တိမ်တိုက်ကျားသစ်ကို လှည့်ကြည့်လိုက်၏။

တိမ်တိုက်ကျားသစ်က စုချန်းရှိရာသို့ လျှောက်လာပြီး ပြောလိုက်၏။

"ဆရာတချို့ ရုတ်တရက်ရောက်လာပြီး အငိုက်ဖမ်းဝင်တိုက်တာကွ"

အခြေအနေမှာ စုချန်း မျှော်လင့်ထားသကဲ့သို့ပင်။

ဤအတောအတွင်းဝယ် သူသည် အတော်လေး နမော်နမဲ့ နိုင်ခဲ့၏။ သူ့အနေနှင့် လေ့လာသင်ယူရာတွင်သာ အထူးတလည် အာရုံစိုက်နေခဲပြီး စခန်းသွင်းလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်ကို မေ့လျော့နေခဲ့မိ၏။

ဆရာများ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ၏ စိတ်ထဲတွင် စစ်မှန်သောတိုက်ပွဲအသွင်သဏ္ဍာန်ကို ခံစားမိလာစေရန် ရည်ရွယ်မှန်း သူ ချက်ချင်း သဘောပေါက်လိုက်၏။

တိမ်တိုက်ကျားသစ်က စကားဆက်ပြန်သည်။

ဆရာတွေ ခြုံခိုတိုက်ခိုက်တာကို ထောက်လှမ်းနိုင်တဲ့ အဖွဲ့တွေကတော့ ရွက်ဖျင်တဲ အဖျက်မခံရဘူး ခြုံခိုတာခံလိုက်ရတဲ့ အဖွဲ့တွေကတော့ မြင်တဲ့အတိုင်း တဲအိမ်တွေ ဖျက်ဆီးခံလိုက်ရတယ် မင်းလို အိပ်မက်နယ်ပယ်ထဲ ရောက်နေတဲ့အဖွဲ့တွေ တုံ့ပြန်မှုနှေးကွေးတဲ့ အဖွဲ့တွေကတော့ ဒီလို ကံကြမ္မာမျိုးကို ကြုံတွေ့လိုက်ရတယ်"

"........"

စုချန်းက ရုတ်တရက် မေးလိုက်ပြန်သည်။

"မင်းကော"

တိမ်တိုက်ကျားသစ်က မပွင့်တပွင့်ပြုံးရင်း အကောင်းပကတိ ကျန်နေသော တဲအိမ်ငယ်ကို လက်ညိုးထိုးပြရင်း ပြောလိုက်၏။

"ငါ့ဟာ ဟိုမှာလေကွာ"

ထင်သည့်အတိုင်းပါပေ။

နောက်တရက် မိုးလင်းသည်နှင့် ယုချန်းကျိုသည် သူတို့အား အလင်းပြန်ကျောက်ဆောင်တွင် စောင့်ဆိုင်းနေ၏။

သူ့နောက်တွင်တော့ ကြီးမားသော အနက်ရောင်အဝတ်စများနှင့် အုပ်ထားသည့် တစုံတခု ရှိနေလေသည်။

ကျောင်းသားများ အစုံအလင် ရောက်ရှိလာပြီး တန်းစီပြီးသည်နှင့် ယုချန်းကျိုက စကားစလိုက်သည်။

"ဒီကနေ့ လုပ်မဲ့ သင်ခန်းစာကတော့ ကြီးမားသော တောအုပ်အတွင်းက ထွက်ပြေးလွတ်မြောက်ခြင်းဆိုတဲ့ သင်ခန်းစာပဲ စစ်မြေပြင်မှာ မင်းတို့အနေနဲ့ အခြေအနေအမျိုးမျိုး ကြုံရနိုင်တယ် တခါတလေ မင်းတို့ အသာစီးရထားတာ ရှိမယ် တခါတလေမှာတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုတဲ့ သဘောမျိုးနဲ့ ထွက်ပြေးရတာလည်း ရှိနိုင်တယ် ဒီနေ့ကတော့ ကြီးမားလှတဲ့ အန္တရာယ်မျိုးနဲ့ ကြုံတဲ့အခါ အသက်ရှင်သန်ခွင့်ရအောင် မင်းတို့ ဘယ်လို လွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတဲ့ စွမ်းရည်ကို စမ်းသပ်မှာပဲ ဖြစ်တယ်"

စကားဆုံးသည်နှင့် သူက အနက်ရောင်အဝတ်စများကို ဖယ်လိုက်ရာ ကြီးမားသော မူလပုံစံကွက်လှောင်အိမ်များ ပေါ်ပေါက်လာ၏။ ထိုလှောင်အိမ်များ အတွင်းတွင်တော့ နတ်ဆိုးသတ္တဝါများ ရှိနေကြလေသည်။

နတ်ဆိုးသတ္တဝါများ!!!

လှောင်အိမ်များထဲတွင် နတ်ဆိုးသတ္တဝါများ အမှန်တကယ်ပင် ရှိနေကြ၏။

ကျောင်းသားတိုင်းလိုလို၏ နှလုံးသားများသည် အေးခဲကုန်ကြ၏။

ယုချန်းကျိုက ပြောလိုက်ပြန်သည်။

"ဟုတ်တယ် နတ်ဆိုးသတ္တဝါတွေပဲ ဒီတခေါက် မင်းတို့ရဲ့ပစ်မှတ်က နတ်ဆိုးသတ္တဝါတွေ ဒါပေမဲ့ မင်းတို့ရဲ့ တာဝန်က သူတို့ကို သတ်ပစ်ဖို့မဟုတ်ဘူး သူတို့လက်ထဲ လွတ်အောင်ပြေးဖို့ အသက်ရှင်နိုင်အောင် ကြိုးစားကြဖို့ပဲ"

လူတိုင်းလိုလိုသည် ကြောက်လန့်လွန်း၍ ထိန်းချုပ်မရအောင် တုန်လှုပ်လာကြ၏။ ထိုစဉ် ကျောင်းသားတယောက်က ဝင်မေးလိုက်၏။

"တကယ်လို့ ကျွန်တော်တို့ လွတ်အောင် မပြေးနိုင်ဘူးဆိုရင်ကော"

"ဒါဆိုလဲ မင်းတို့ သေလိုက်ပေါ့ကွာ"

ယုချန်းကျိုက ပြန်ပြောလိုက်၏။

လူတိုင်းလိုလိုသည် ကြက်သေသေသွားကြကုန်၏။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သည့် လက်တွေ့လေ့ကျင့်ခန်းပင်နည်း။ ဤသတ္တဝါများသည် သာမာန်သတ္တဝါများမဟုတ်။ နတ်ဆိုးသတ္တဝါများ ဖြစ်ကြသည်။

အနိမ့်ဆုံးအဆင့်ဆိုသည့် နတ်ဆိုးသတ္တဝါများသည်ပင် အသန်မာဆုံးဆိုသည့် သားရဲသတ္တဝါဆိုးများထက် အင်အားကြီးမား၏။ ၎င်းတို့၏ အင်အားသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်နှင့်ပင် ညီမျှလေသည်။

အရိုးပြာတထောင်ချောက်နက်အတွင်း အင်အားအကြီးမားဆုံး သားရဲသတ္တဝါဆိုးဟု ဆိုနိုင်သည့် နဂါးငါးတကောင်သည်ပင် ကျောင်းသားများအတွက် အိပ်မက်ဆိုး ဖြစ်နေခဲ့ပြီ။ ယခုကျတော့ နတ်ဆိုးသတ္တဝါအုပ်စုနှင့် ရင်ဆိုင်ရမတဲ့လား။ ဘယ်လောက်တောင် ဟာသဆန်လိုက်လေသနည်း။

ထို့ကြောင့် ဤတာဝန်မှာ ကျောင်းသားများအား ကိုယ့်ဆခါင်းကိုဖြတ်ပြီး သတ်သေကြစမ်းဟု အမိန့်ပေးနေသည်နှင့််ပင် တူနေသေး၏။

လူတိုင်းလိုလိုသည် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြ၏။ ထိုအချိန်မှာပင် ယုချန်းကျိုက ရယ်မောလိုက်သည်။

"သိပ်လဲစိတ်မပူကြပါနဲကွ ဒီတခေါက်ဖမ်းလာတာ အနိမ့်ဆုံးအဆင့် နတ်ဆိုးသတ္တဝါတွေချည်းပဲ ပြီးတော့ ဆေးတိုက်ကျွေးပြီး သူတို့ရဲ့အင်အားကိုလည်း ကန့်သတ်ထားသေးတယ်"

ထိုစကားကြောင့် လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်ဝင်းလက်လာပြန်သည်။

ကျောင်းသားတယောက်က မေးလိုက်ပြန်၏။

"သူတို့ရဲ့ အင်အားကို ဘယ်လောက်ထိ လျှော့ထားသလဲဗျ"

ယုချန်းကျိုက ရှင်းပြလိုက်၏။

"ဒါကတော့ အတိအကျပြောဖို့ နည်းနည်းခက်တယ်ကွ ကျုပ်အနေနဲ့ သေသေချာချာ ပြောနိုင်တာတခုက သူတို့ရဲ့အင်အားကိုတော့ သေချာပေါက် လျော့ထားတယ်ဆိုတာပဲ တချို့က ၁၀ရာခိုင်နှုန်းလောက် ဖြစ်မယ် တချို့ကတော့ ၉၀ရာခိုင်နှုန်းလောက် ဖြစ်ရင်လည်းဖြစ်နေမယ် တကယ့် တိုက်ပွဲတွေမှာ ရန်သူရဲ့ အင်အားကို ခန့်မှန်းတာဟာ အင်မတန် အရေးပါတဲ့ စွမ်းရည်ပဲ မင်းတို့ ရန်သူ့အင်အားကို မှားယွင်းတွက်ချက်မိရင် ရွေးချယ်မှုမှားမယ် ရွေးချယ်မှုမှားရင် မင်းတို့ပြန်ရမှာ အရှုံးနဲ့အသေပဲ ရှိတယ် ဒါကြောင့် ဒီလေ့ကျင့်ခန်းအစီအစဉ်မှာလည်း မင်းတို့တတွေ နတ်ဆိုးသတ္တဝါတွေကို ပြန်တိုက်ဖို့ ရွေးချယ်နိုင်တယ် နတ်ဆိုးသတ္တဝါကို သတ်နိုင်တဲ့အဖွဲ့က ဆုချီးမြှင့်ခံရမယ် ကိုယ့်အင်အားကိုယ်ကို မတွက်ဆနိုင်ပဲ နတ်ဆိုးသတ္တဝါကို ပြန်တိုက်မိရင်တော့ မင်းတို့ သေမှာပဲ"

ထိုစကားကို ကြားလိုက်သောအခါ လူတိုင်းလိုလိုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

နောက်ဆုံးတော့ ယနေ့ပြုလုပ်မည့် လေ့ကျင့်ခန်း၏ စစ်မှန်သော ရည်ရွယ်ချက်ကို သူတို့ သဘောပေါက်စပြုလာခဲ့ပြီ ဖြစ်သည်။

ဤလေ့ကျင့်ခန်းသည် တဖက်ရန်သူ၏ အင်အားကို မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်စွမ်းကို ဆန်းစစ်ရုံတင်မက ပြန်လည်တုံ့ပြန်မည်နည်းလမ်းကို မှန်ကန်စွာ ရွေးချယ်နိုင်စွမ်း ရှိမရှိကိုပါ စမ်းသပ်လိုက်ခြင်းပေတကား။

ကျောင်းသားများ၏ လေးနက်တည်ကြည်သော ပုံစံကိုကြည့်ပြီး ယုချန်းကျိုက အားရကျေနပ်သွားဟန်ဖြင့် ခေါင်းတချက်ညိတ်ကာ ပြောလိုက်ပြန်သည်။

"မင်းတို့အနေနဲ့ ထွက်ပြေးမဲ့နည်းလမ်းကို ရွေးချယ်လို့ရတယ်ဆိုတာ မေ့မသွားပါနဲ့ ဒီနေရာတခုရှိတာက မင်းတို့ဟာ ထွက်ပြေးလို့တော့ရတယ် ဒါပေမဲ့ အရိုးပြာတထောင်ချောက်နက်ရဲ့ အပြင်ဘက်ကို ကျွံသွားခွင့်တော့ မရှိဘူး ဒီကနေ့အတွက် တဖွဲ့ကို ကျောင်းသားလေးယောက်စီနဲ့ ဖွဲ့စည်းမယ် ကဲ ကျုပ်ဆီလာပြီး နံပါတ်တွေ လာယူကြ တယောက်ကို နံပါတ်တခုစီရမယ် နံပါတ်တူတိုင်းဟာ တဖွဲ့စီ ဖြစ်မယ် အဖွဲ့တိုင်းအတွက် နတ်ဆိုးသတ္တဝါတကောင်စီ သတ်မှတ်ထားတယ် မင်းတို့ရဲ့ရန်သူ အင်အားကောင်းမယ် အင်အားနည်းမယ်ဆိုတာကတော့ မင်းတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်"

စုချန်း၏ နံပါတ်မှာ ၁၂ ဖြစ်သည်။

သိပ်မကြာခင်အချိန်အတွင်းမှာပင် ကျောင်းသားများသည် မိမိတို့ ရရှိထားသည့် နံပါတ်အပေါ်မူတည်၍ အဖွဲ့များ ဖွဲ့စည်းကြလေသည်။

ထိုအချိန်မှာပင် ကျောင်းသားတယောက်က လက်ကိုမြောက်ကာ အော်ဟစ်ခေါ်လိုက်၏။

"နံပါတ်၁၂ ရထားတဲ့လူတွေ ဒီကိုလာကြဟေ့"

စုချန်းက အသံထွက်ပေါ်လာသော နေရာသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် လူသုံးယောက် မတ်တပ်ရပ်နေကြောင်း မြင်တွေ့လိုက်ရ၏။

ထိုအထဲမှတယောက်မှာ ကုချိန်းလွှာ ဖြစ်နေလေသည်။

All Chapters