← Chapters

အမဲလိုက်ခံရခြင်း ၂

Vol. 28 Ch. 279

အမဲလိုက်ခံရခြင်း ၂

Vol. 28 Ch. 279

နောက်ဆုံးတော့ သူသည် သူမ၏ ရှေ့တွင် နောက်တကြိမ် ရပ်မိလျက်သား ရှိနေခဲ့ပြန်လေပြီ။

စုချန်း၏ နှလုံးသားသည် တသိမ့်သိမ့်နှင့် လှုပ်ရှားစပြုလာ၏။

အုပ်စုအတွင်းရှိ ကျန်ကျောင်းသားနှစ်ယောက်သည် ယနေ့ပြုလုပ်မည့် လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အစီအစဉ် ဆွဲနေကြ၏။ သို့သော် စုချန်းတယောက်မှာကား စိတ်နှင်ကိုယ် မကပ်မိသကဲ့သို့ ရှိလေသည်။

ကုချိန်လွှာသည်လည်း စုချန်းနှင့် အတူတူပင် ဖြစ်သည်။ သူမသည် စုချန်းနှင့် တသင်းတည်း အတူကျရောက်လိမ့်မည်ဟု လုံးဝမျှော်လင့်မထား။ ထို့ကြောင့် သူမသည်လည်း သိသိသာသာပင် အံ့သြနေရှာ၏။

"အမွှေးတိုင်သုံးချောင်းထွန်းစာ အချိန်ကုန်တာနဲ့ နတ်ဆိုးသတ္တဝါတွေကို စလွှတ်မယ် ဒီတော့ ကျုပ်တို့အတွက် ပြင်ဆင်ချိန်က အဲဒီလောက်ပဲ ရတယ် ကျုပ်တို့ရွေးစရာ နှစ်လမ်းရှိတယ် နေရာကောင်းကောင်းရှာပြီး ပုန်းနေကြမလား ဒါမှမဟုတ် ထောင်ချောက်ဆင်ပြီး ပြန်တိုက်ကြမလားဆိုတာပဲ ကျုပ်ကတော့ ထောင်ချောက်ကောင်းကောင်းတခုလောက်ဆင်ပြီး အဲဒီထောင်ချောက်ကို ကျုပ်တို့နောက်လိုက်လာတဲ့ နတ်ဆိုးသတ္တဝါရဲ့ အင်အားကို စမ်းသပ်တဲ့နေရာမှာ သုံးဖို့ အကြံပြုချင်တယ် နတ်ဆိုးသတ္တဝါရဲ့ အင်အားကို သိမှ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားကြတာပေါ့"

အဖွဲ့ဝင်တဦးဖြစ်သည့် ဝေပင်းက အကြံပြုလိုက်၏။

"ထောင်ချောက်ဆင်ဖို့ဆိုတာ အချိန်သိပ်ကြာလွန်းတယ် ပြီးတော့ သာမာန်ထောင်ချောက်တွေက ကျုပ်တို့ပစ်မှတ်ရဲ့ အင်အားကို တွက်ဆတဲ့နေရာမှာ အကူအညီ မပေးနိုင်လောက်ဘူး ကျုပ်ကတော့ ပြန်တိုက်မဲ့အစီအစဉ်ကို ကန့်ကွက်ချင်တယ် ကျုပ် ဆေးတမျိုး သိထားတယ် ဒီဆေးက ကျုပ်တို့ကိုယ်က ထွက်လာတဲ့ အနံ့တွေကို ဖုံးကွယ်ပေးနိုင်တယ် ဒါဆိုရင် နတ်ဆိုးသတ္တဝါကြီး ကျုပ်တို့နောက် လိုက်လာတာကို ရှောင်လွဲနိုင်မှာပဲ"

ကျန်အဖွဲ့ဝင်တဦးဖြစ်သည့် လျူကျင်းက ပြောလိုက်ပြန်သည်။

"ခင်ဗျားတို့နှစ်ယောက်ကော ဘယ်လိုထင်သလဲ"

သူတို့နှစ်ယောက်က စုချန်းနှင့်ကုချိန်းလွှာတို့ဖက်လှည့်ကာ ရုတ်တရက် မေးလိုက်၏။

"ဟေး ဒီမှာ မေးနေတယ်လေကွာ"

အသံကြောင့် စုချန်းနှင့် ကုချိန်းလွှာသည် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့နှစ်ယောက် တယောက်ကိုတယောက် ငေးစိုက်ကြည့်နေစဉ်မှာပင် ကျန်အဖွဲ့ဝင်နှစ်ယောက်က လေ့ကျင့်ခန်းအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်နေကြကြောင်း စုချန်းတို့ သဘောပေါက်လိုက်၏။

"မင်းတို့နှစ်ယောက်က ဘာဖြစ်နေကြတာလဲ"

တယောက်က တစုံတရာကို သဘောပေါက်ဟန်ဖြင့် မေးလိုက်၏။

"ဘာမှမဖြစ်ပါဘူး တောင်းပန်ပါတယ်ဗျာ"

စုချန်းက တောင်းပန်ရင်း ဝင်ရောက်ဆွေးနွေးလိုက်သည်။

"ကျုပ်ကတော့ လျူကျင်းရဲ့အကြံကို သဘောတူတယ် ကျုပ်တို့အနေနဲ့ အရင်ဆုံး လွတ်အောင်ပြေးဖို့ပဲ အာရုံစိုက်သင့်တယ် ဒါပေမဲ့ အနံပျောက်အောင်လုပ်တဲ့နည်းက ရေရှည်လှည့်စားနိုင်မယ်လို့တော့ ကျုပ်မထင်ဘူး အနည်းဆုံး ဆရာတွေကတော့ ကျုပ်တို့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး သေချာပေါက် ကျုပ်တို့ကတော့ အမဲလိုက်ခံရပြီ"

"သွားရင်းလာရင်းနဲ့ ဘယ်လိုလှည့်ကွက်မျိုး လုပ်ရင်ကောင်းမလဲ စဉ်းစားကြတာပေါ့"

ကုချိန်းလွှာက ပြောလိုက်၏။

ထို့နောက် သူတို့လေးယောက်သည် အတူတကွ ထွက်ခွာလာခဲ့ကြလေသည်။

လမ်းလျှောက်နေရင်းနှင့်ပင် စုချန်းက ကုချိန်းလွှာအနီးသို့ ရုတ်တရက် တိုးကပ်ပြီး မေးလိုက်၏။

"ခင်ဗျား ဘာလို့ ကျုပ်ကို ရှောင်နေတာလဲ"

စုချန်းသည် ကုချိန်းလွှာကို အကြိမ်ပေါင်းများစွာ သွားရောက်တွေ့ဆုံခဲ့၏။ အကြိမ်တိုင်းလိုလိုပင် ကုချိန်းလွှာက ငြင်းပယ်ခဲ့လေသည်။

ကုချိန်းလွှာက စုချန်းဘက်သို့လှည့်ကာ ပြောလိုက်၏။

"လေ့ကျင့်နေတဲ့အချိန်မှာ ဒီကိစ္စကို ကျွန်မ မဆွေးနွေးချင်ဘူးရှင့်"

"ဒီတော့ ဘယ်အချိန်ကျမှ ဒီကိစ္စကို ဆွေးနွေးချင်စိတ် ပေါ်လာမှာလဲ ကျုပ်တို့ အပျက်အစီးသိုက်ထဲကို ဝင်ပြီးမှလား"

ကုချိန်းလွှာက ခြေလှမ်းကို သွက်သွက်လှမ်းလိုက်သည်။

"ရှင့်မှာ ချစ်ခင်နှစ်သက်ရမဲ့ မိန်းကလေး ရှိနေပြီမလား ဘာကြောင့် ကျွန်မကို လာပြီး စိတ်အနှောင့်အယှက် ပေးနေတာလဲ"

စုချန်း အံ့သြသွား၏။

ချစ်ခင်နှစ်သက်ရမဲ့ မိန်းကလေးဆိုပါလား...ဘာလဲဟ...

သို့သော် ကုချိန်းလွှာ ရည်ညွှန်းသည့်မိန်းကလေးသည် ဇုချန်းညှိုမှန်း စုချန်း ချက်ချင်းနားလည်သွား၏။

ထိုအခါ စိတ်အနှောင့်အယှက် ဖြစ်ရမည့်အစား သူ ဝမ်းသာသွားလေသည်။

"ဘာလဲ ခင်ဗျား မနာလိုဖြစ်နေတာမလား ဒီတော့ ခင်ဗျား ကျုပ်ကို ခုချိန်ထိ ဂရုစိုက်နေသေးတယ်ပေါ့ဟုတ်လား ကျုပ်ကို ဂရုမစိုက်ရင် ဒီလိုစကားမျိုး ဘယ်ပြောပါ့မလဲ"

စုချန်း၏ စကားကြောင်း ကုချိန်းလွှာ ရှုးရှုးရှဲရှဲနှင့် ဒေါသထွက်သွား၏။

"ဘယ်သူက မနာလိုဖြစ်နေလို့လဲ ဟင်း အရှက်မရှိလိုက်တာ"

စုချန်းက ကုချိန်းလွှာ၏စကားကို ခွန်းတုံ့ပြန်မနေပဲ လေသံအေးအေးနှင့် ရှင်းပြလိုက်၏။

"တကယ်တော့ ခင်ဗျား တွေ့လိုက်တဲ့မိန်းကလေးက ကျုပ်ကို သတ်ဖို့လာခဲ့တာဗျ"

စုချန်၏ စကားကို ကြားလိုက်သောအခါ ကုချိန်းလွှာ၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်ယင်သွား၏။ ထို့နောက် သူမက ခြေလှမ်းများကို ရပ်တန့်ကာ စုချန်းကို လှည့်ကြည့်လိုက်လေသည်။

စုချန်း၏ စကားက ကုချိန်းလွှာ၏ အားနည်းချက်ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားပုံရလေသည်။

မည်မျှပင် ဟန်ဆောင်နေစေကာမူ ဘာမှမထူးမှန်း သူမ၏ ဆိုးရွားလှသော သရုပ်ဆောင်မှုကိုကြည့်ရင်း စုချန်း တွေးတောလျက်ရှိသည်။ သူမ၏ မျက်နှာပေါ်တွင် စုချန်းအပေါ် အချစ်မပြယ်သေးမှန်း ထင်းထင်းကြီး ပေါ်နေရှာ၏။ ထိုတဒင်္ဂဝယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုများ တိုးပွားလာသလို စုချန်း ခံစားလိုက်ရသည်။

စုချန်း ရယ်မောလိုက်၏။

"ကျုပ်ကို ဂရုမစိုက်သလို ဟန်ဆောင်ပြီး မနေနိုင်တော့ဘူးမလား"

စုချန်း၏ စကားကြောင့် ကုချိန်းလွှာ ခေါင်းငုံ့သွား၏။ ထို့နောက် သူမက အသံတိုးတိုးနှင့် ပြောလိုက်၏။

"ကျွန်မ ဘယ်တုန်းက ရှင့်ကို ဂရုစိုက်မိလို့လဲ"

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ကျုပ်ကိုသတ်ဖို့လာတဲ့ အဲဒီမိန်းကလေးဟာ နတ်ဆိုးဧငရာဇ်သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုကပဲ ဒါပေမဲ့ ကျုပ်က သူ့ကို အသုံးချပြီး သူတို့ကို ကောင်းကောင်းပြန်ဒုကခပေးနိုင်ခဲ့တယ် နောက်ဆုံးမှာတော့ ကျုပ်ဟာ နတ်ဆိုးအရှင်သခင်အဆင့်သွေးဗီဇပိုင်ရှင်သုံးယောက်နဲ့ အဆင့်မြင့်နတ်ဆိုးသတ္တဝါသွေးဗီဇပိုင်ရှင်သုံးယောက်ကို လှည့်ကွက်သုံးပြီး သတ်ပစ်နိုင်ခဲ့တယ် အိုး နေအုံး အဲဒီထဲမှာ ရှင်သန်ခြင်းကျောင်းတော်က တယောက်တောင် ပါသေးသဗျ"

ကုချိန်းလွှာကား အံ့သြသင့်လွန်း၍ စုချန်းကို မျက်လုံးကြီးပြူးကာ စိုက်ကြည့်နေလေ၏။

စုချန်းကား ဈန်ဝင်နေချေပြီ။

"လွန်ခဲ့တဲ့ နှစ်တွေထဲမှာ လူအတော်များများက ကျုပ်ကို သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတယ် ဒါပေမဲ့ ခုချိန်ထိ ကျုပ်ဟာ ကောင်းကောင်းမွန်မွန် အသက်ရှင်နေတုန်းပဲ နတ်ဆိုးဧကရာဇ်တော်ဝင်မျိုးနွယ်စုတွေဟာ ကျုပ်ကို အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ကြဘူး အဲဒီလိုပဲ ကုမျိုးနွယ်ဟာလည်း စွမ်းဆောင်နိုင်မှာမဟုတ်ဘူး ကုချိန်းလွှာ ကျုပ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ် အဲဒီလိုပဲ ခင်ဗျားကိုလည်း ကာကွယ်နိုင်တယ် ဘာတွေပဲ ဖြစ်လာပါစေ မင်းနဲ့အတူရှိနေရင် ဘာမဆို ရင်ဆိုင်ရဲပါတယ် ကုချိန်းလွှာရယ်"

ကုချိန်းလွှာကား ဘာပြောရမှန်းပင် မသိတော့။ စုချန်း၏ စကားသံများက သူမ၏ ဦးခေါင်းထဲတွင် ပဲ့တင်ထပ်ကာ ပြန်လည်ကြားယောင်နေလေသည်။

စုချန်းသည် တခွန်းမှ ကြီးကြီးကျယ်ကျယ် မပြော။ သို့သော် သူ၏ အေးဆေးတည်ငြိမ်သောလေသံက မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်းဟူသော အဓိပ္ပါယ်ကို သယ်ဆောင်လာသလို ရှိနေ၏။

စစ်မှန်သော ယုံကြည်မှု တနည်းအားဖြင့် အရာရာကို ဖြေရှင်းနိုင်သည်ဟု အမှန်တကယ် ယုံကြည်ထားခြင်း ဖြစ်သည်။ စုချန်းသည် ထိုစကားလုံးများကို ကိုယ့်ကိုယ်ကို လှုံ့ဆော်ရန် အပေါ်ယံသက်သက် ပြောဆိုနေခြင်းမျိုး မဟုတ်။ ချစ်ခြင်းတရားကို အရင်းခံ၍ အရိုးခံသက်သက်နှင့် ယုံကြည်စွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကုချိန်းလွှာကား လုံးဝမှင်သက်နေ၏။ တယောက်ယောက်၏ စကားသံကသာ သူတို့ကို မနှောင့်ယှက်ခဲ့လျင် စုချန်း၏ ပွေ့ဖက်မှုကို သူမကိုယ်တိုင် ခွင့်ပြုမိတော့မည်ကဲ့သို့ ရှိလေသည်။ ထိုအချိန်မှာပင်...

"ဟေ့ မြန်မြန်လာလေ ခင်ဗျားတို့နှစ်ယောက်က ဘာလုပ်နေတာလဲ"

စိတ်မရှည်နိုင်သော ဝေပင်းက လှမ်းအော်လိုက်ခြင်း ဖြစ်သည်။

ကုချိန်းလွှာ အသိပြန်ဝင်လာ၏။ သူမက နောက်ကိုဆုတ်ရင်း စုချန်း၏ ပွေ့ဖက်လာသော လက်တို့ကို ဖြတ်ခနဲ ရှောင်တိမ်းလိုက်လေသည်။

စုချန်း သက်ပြင်းချလိုက်၏။ မဟာ့မဟာ အခွင့်အရေးကြီး လွဲချော်သွားပြီမှန်း သူ သဘောပေါက်လိုက်၏။ ယခုတော့ ဤအခွင့်အရေးမျိုး ရရန် သူ့အဖို့ နောက်တကြိမ် ထပ်မံကြိုးစားရပေအုံးမည်။ သို့သော် ဆင်ခြင်တုံတရားက သူမ၏ အသိညဏ်ကို သတိပေးနေမည်ဖြစ်လေရာ ဤအခွင့်အရေးမျိုး နောက်တကြိမ်ရဖို့ မလွယ်တော့။

မည်သို့ဆိုစေ ဝေပင်း၏ သတိပေးမှုကြောင့် သူတို့နှစ်ယောက်လုံး လေ့ကျင့်ခန်းအစီအစဉ်ပေါ် ပြန်လည်အာရုံရောက်လာကြ၏။

နောက်ဆုံးတော့ သူတို့တဖွဲ့လုံးသည် နတ်ဆိုးသတ္တဝါ၏ အင်အားကို စမ်းသပ်ရန် ထောင်ချောက်တခု မဖန်တီးမီ အနံ့ဖျောက်ဆေးဝါးကို အလျင်အသုံးပြုထားရန် စိတ်တူကိုယ်တူ ဆုံးဖြတ်လိုက်ကြ၏။ သို့မှသာ အခြေအနေမဟန်ပါက လက်လွတ်ခြေလွတ် ထွက်ပြေးနိုင်မည်မဟုတ်ပါလား။

လက်ရှိအချိန်တွင်တော့ စုချန်းသည် သူ၏ စိတ်အာရုံအားလုံးကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များအပေါ်တွင်သာ အာရုံစိုက်ထားလိုက်၏။ သူတို့ ထောင်ချောက်တခု ဖန်တီးပြီးစဉ်မှာပင် အဝေးဆီမှ နတ်ဆိုးသတ္တဝါများ၏ အော်ဟစ်ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ နတ်ဆိုးသတ္တဝါများအား ထောင်ချောက်အတွင်းမှ လွှတ်းပေးလိုက်ပြီဖြစ်ကြောင်း ကျောင်းသားတိုင်းလိုလိုက နားလည်သဘောပေါက်လိုက်ကြ၏။

"ကျုပ်တု့ိအားလုံး မြန်မြန်ဆန်ဆန် လှုပ်ရှားမှရတော့မယ်ဗျို့"

လျူကျင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူတို့သုံးယောက်သည် ထောင်ချောက်ကို မြန်မြန်ဆန်ဆတ်ပင် လက်စသတ်လိုက်ကြပြီး ထိုနေရာမှာ အမြန်ဆုံး ဆုတ်ခွာလိုက်ကြလေသည်။

ကျောက်စိမ်းမျက်လုံးတိမ်တိုက်သဝေ နတ်ဆိုးသတ္တဝါ ထိုနေရာသို့ရောက်လာရန် သူတို့ ကြာကြာမစောင့်လိုက်ရချေ။ အကြောင်းမှာ သူတို့သည် သားရဲညှို့ငင်ဆေးရည်ကို အသုံးပြုထားသောကြောင့်ပင်။ တိမ်တိုက်သဝေနတ်ဆိုးသတ္တဝါကြီးသည် သူတို့၏ ထောင်ချောက်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာ၏။ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အလင်းရောင်များ ပြိုးပြက်ဝင်းလက်ကာ ထောင်ချောက်သည် အသက်ဝင်လာ၏။

စုချန်းတို့၏ ထောင်ချောက်က မူလစွမ်းအင်ပုံစံ ဖြစ်သည်။ သတ္တဝါကြီး ထောင်ချောက်ကို ထိမိသည်နှင့် ထောင်ချောက်သည် အသက်ဝင်လာကာ မိုးကြိုးသန္တာချည်စများ ထွက်လာပေလိမ့်မည်။ ဤထောင်ချောက်မျိုးသည် အနည်းငယ်မှ အင်အားနည်းခြင်းမရှိပေ။

သို့သော် အဆိုပါ တိုက်ခိုက်မှုသည် သတ္တဝါကြီး၏ အရေပြားကို ထိမိသည်နှင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။ သတ္တဝါကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး သူ့ပါးစပ်အတွင်းမှ လေမုန်တိုင်းတခုကို ထုတ်လွှတ်လိုက်၏။ အဆိုပါ လေမုန်တိုင်းသည် ချာချာလည်အောင် မွှေ့ယမ်းပြီး စုချန်းတို့၏ ထောင်ချောက်ကို ရစရာမရှိအောင် ဖျက်ဆီးလိုက်လေသည်။

ဝေပင်းသည် ထိုအချင်းအရာကို ဂရုတစိုက်နှင့် ကြည့်နေရင်း ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်၏။

"သေရောဟေ့ ဒီကောင်ကြီးမှာ အင်အား၆၀ရာခိုင်နှုန်းလောက် ကျန်နေသေးတယ်"

နဂါးကျောင်းတော်မှ ကျောင်းသားများသည် နတ်ဆိုးသတ္တဝါပေါင်းများစွာ၏ အကြောင်းကို နားလည်ထားလေရာ သဲလွန်စအနည်းငယ် ရရုံနှင့် ၎င်းတို့၏ အင်အားကို တိတိကျကျ ခန့်မှန်းနိုင်၏။

မိုးကြိုးသန္တာထောင်ချောက်မှာ ကျောင်းသားများ ထိန်းချုပ်နိုင်သည့် ထောင်ချောက်များအနက်မှ အင်အားအပြင်းထန်ဆုံး ထောင်ချောက်ဖြစ်သည်။ အနှီထောင်ချောက်မျိုးကိုပင် နတ်ဆိုးသတ္တဝါကြီးက အလွယ်တကူ ဖျက်ဆီးလိုက်လေရာ သူတို့အဖွဲ့အနေနှင့် သိပ်ကံမကောင်းသည်ကတော့ သေချာနေခဲ့လေပြီ။

"ပြေးကြမယ်ဟေ့"

စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

နောက်ဆုံးတော့ သူတို့လေးယောက်သည် ပြန်လည်တိုက်ခိုက်မည့်အစီအစဉ်ကို လက်လျှော့လိုက်ပြီး ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ခြေကုန်သုတ်ကြရတော့သည်။

တိမ်တိုက်သဝေနတ်ဆိုးသတ္တဝါကြီးသည် ခေါင်းကိုအနည်းငယ် ငဲ့ကာ အနံ့ခံရင်း ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်၏။ စုချန်း ကြိုတင်မျှော်လင့်ထားသကဲ့သို့ပင် သူတို့၏ အနံ့ဖျောက်ဆေးဝါးသည် အသုံးဝင်ဟန်မတူ။ အကြောင်းမှာ သတ္တဝါကြီးသည် အနံ့ခံပြီးသည်နှင့် သူတို့ဆီသို့ တည့်တည့်မတ်မတ်ပင် ပြေးလွှားလာသောကြောင့်ပင်။ သတ္တဝါကြီး၏ အပြေးနှုန်းမှာကား မြန်ဆန်လှပေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်းလိုလိုသည် မျက်လုံးပြူးကုန်ကြ၏။

အဆင့်နိမ့်နတ်ဆိုးသတ္တဝါပင်ဖြစ်သော်လည်း တိမ်တိုက်သဝေသတ္တဝါကြီး၏ အမြန်နှုန်းမှာ ကြောက်စရာကောင်းလှ၏။ ၎င်းသည် လေထဲသို့ ခြေလက်များကို ဆန့်တန်းကာ လွှားခနဲ လွှားခနဲခုန်ရင်း စုချန်းတို့အဖွဲ့ဆီသို့ ဦးတည်ပြေးဝင်လာခဲ့လေပြီ။

နတ်ဆိုးသတ္တဝါများဟူသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ကာယကိုသာ အသုံးပြု၍ တိုက်ခိုက်တတ်သော သားရဲသတ္တဝါဆိုးများထက် များစွာ အန္တရာယ်ကြီးမား၏။ အကြောင်းမှာ နတ်ဆိုးသတ္တဝါများဟူသည် ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များကို စုပ်ယူအသုံးချနိုင်သောကြောင့်ပင်။ အလွန်အဆင့်မြင့်သည် နတ်ဆိုးသတ္တဝါတကောင်သည် မုန်တိုင်းများကို ဖန်တီးနိုင်၏။ လေထဲတွင် လမ်းလျှောက်နိုင်၏။ ထိုမျှသာမကသေး အခြားသော စွမ်းရည်အများအပြားကိုလည်း ထုတ်ဖော်နိုင်လေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် သားရဲမျိုးစိတ်များဟူသည် မူလစွမ်းအင်ကို ထိန်းချုပ်ရာတွင် အကျွမ်းကျင်ဆုံး မျိုးစိတ်များ ဖြစ်ကြသည်။ လူသားများသာ သားရဲမျိုးစိတ်များ၏ သွေးဗီဇကို ထုတ်ယူအသုံးချနိုင်ခြင်းမရှိခဲ့ပါက ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကိုပင် မြင်ဖူးခဲ့လိမ့်မည်မဟုတ်ပေ။

နောက်ပိုင်းကာလများတွင် မူလစွမ်းအင် ပါးလျားလာခြင်းကြောင့်် ၎င်းတို့၏ အင်အား လျော့နည်းသွားသည် ဆိုသော်ငြား မူလစွမ်းအင်ကိုကား လွယ်လင့်တကူ ထိန်းချုပ်နိင်နေဆဲသာတည်း။

ယခုလည်း တိမ်တိုက်သဝေ သတ္တဝါကြီးသည် ခြေလက်များကို လေထဲသို့ ဆန့်ထုတ်ပြီး စုချန်းတို့ရှိရာသို့ တဟုန်ထိုး ပြေးလွှားလာ၏။ ၎င်း၏ အစိမ်းရောင်မျက်လုံးများမှာကား ဝင်းလက်တောက်ပနေလေသည်။

All Chapters