← Chapters

အမဲလိုက်ခံရခြင်း ၃

Vol. 28 Ch. 280

အမဲလိုက်ခံရခြင်း ၃

Vol. 28 Ch. 280

"ပြေးကြဟေ့ ပြေးကြ"

သွေးရူးသွေးတန်း အော်ဟစ်သံများ တောအုပ်အတွင်း ပျံ့လွင့်လာ၏။ နေရာတိုင်းလိုလိုသည် ကျောင်းသားများသည် ကြောက်လန့်တကြားနှင့် အော်ဟစ်နေကြလေသည်။

ကြောက်လန့်စရာ နတ်ဆိုးသတ္တဝါများသည် တောအုပ်အတွင်း ဟိုမှသည်မှ ရွေ့လျားကာ ထွက်ပြေးနေသော ကျောင်းသားများကို လိုက်လံဖမ်းဆီးနေကြ၏။

စုချန်းသည် ရှေ့သို့ တဟုန်ထိုး ပြေးလွှားနေ၏။ တိမ်တိုက်သဝေ နတ်ဆိုးသတ္တဝါကြီးကလည်း သူ့နောက်မှ ထပိချပ်မကွာ လိုက်ပါလာလေသည်။ ၎င်း၏ ရွေ့လျားမှုက မြန်ဆန်လှပေရာ သူတို့ကို ဖမ်းဆီးမိရန် အချိန်သိပ်မကြာတော့ပေ။

သေစမ်း...ထွက်ပြေးရမဲ့ တာဝန်ဆိုပဲ...နာမည်နဲ့ လိုက်ပါပေ...

သူတို့ ခြေလွတ်လက်လွတ် ထွက်ပြေးနေရခြင်းကို မည်သူမှ ကြားဝင်ဟန့်တားခြင်းမရှိစေကာမူ တိမ်တိုက်သဝေ နတ်ဆိုးသတ္တဝါကြီး၏ လက်မှ လွတ်မြောက်အောင် ထွက်ပြေးရန်မှာ မလွယ်လှ။ သူတို့အနေနှင့် အရိုးပြာတထောင်ချောက်နက် အပြင်ဘက်သို့ ထွက်ပြေးခွင့်မရှိလေရာ အခြေအနေမှာ ဘေးကျပ်နံကျပ်နိုင်လှ၏။

တကယ်တော့ ဤတာဝန်သည် သူတို့အား သေတွင်းသို့ ပို့ဆောင်လိုက်သည်နှင့်သာ တူနေတော့သည်။ စုချန်း၊ ကုချိန်းလွှာနှင့် ကျန်လူများသည် စဉ်းစားရင်းနှင့် ဒေါသထွက်လာကြ၏။ မည်မျှပင် ဒေါသထွက်နေစေကာမူ သူတို့ကား အံကြိတ်ရုံသာ တတ်နိုင်ပြီး တိမ်တိုက်သဝေနတ်ဆိုးသတ္တဝါကြီး၏ အမဲလိုက်ခြင်းမှ လွတ်မြောက်စေရန် ခြေကုန်သုတ်နေကြရှာ၏။

သို့သော် တိမ်တိုက်သဝေနတ်ဆိုးသတ္တဝါကြီးကား နီးသထက် နီးလာ၏။

သူ့ခွန်အားအရဆိုလျင် ဤအကွာအဝေးမှပင် စုချန်းတို့အား တိုက်ခိုက်နိုင်ပေသည်။ သို့သော် သတ္တဝါကြီးမှာ အမဲလိုက်နေရခြင်းကိုပင် နှစ်သက်နေဟန်ရှိ၏။ အဝေးမှ တိုက်ခိုက်ခြင်းမရှိပဲ ကျောင်းသားများအနီးသို့သာ ဆက်လက်တိုးကပ်နေလေသည်။

ထိုအခါ စုချန်းနှင့် တခြားကျောင်းသားများ၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

မှန်ပေ၏။ စိတ်ပျက်အားငယ်ခြင်း ဖြစ်သည်။

သူတို့အနေနှင့် သတ္တဝါကြီးကို အနိုင်ရစရာ အကြောင်းမရှိ။ တဖန် ထွက်ပြေး၍လည်း မလွတ်ပဲ လည်စင်းပေးရတော့မည့် အနေအထားမျိုး ဖြစ်နေလေရာ စိတ်မပျက်ပဲ အဘယ်မှာ နေနိုင်အံ့နည်း။

"ကျုပ်တို့အားလုံး လူခွဲပြီး ပြေးကြမယ်"

လျူကျင်းက အော်ဟစ်ပြောဆိုလိုက်သည်။ ထိုအခါ စုချန်းက

"နေပါအုံး ကျုပ်တို့ နည်းနည်းလောက်ထပ်ပြီး ကြိုးစားကြည့်ကြမယ် ဒီကောင်ကြီးကို ရွှံံ့ဘီလူးရှိတဲ့နေရာဆီ မြှားခေါ်သွားပြီး သူတို့အချင်းချင်းကို ရန်တိုက်ပေးကြမယ်"

ဟု ပြန်လည် အော်ပြောလိုက်၏။

"ဝေးလွန်းတယ် ကျွန်မတို့မှာ အချိန်မရှိတော့ဘူး"

ကုချိန်းလွှာက နောက်ကို ကြည့်ရင်း ပြန်အော်လိုက်ပြန်၏။

အမှန်တကယ်လည်း တိမ်တိုက်သဝေ နတ်ဆိုးသတ္တဝါကြီးသည် နီးသထက် နီးကပ်လာပြီ ဖြစ်သည်။

ထိုအချိန်မှာပင် သတ္တဝါကြီးက ပါးစပ်ကို ဟလိုက်ရာ လေများ တဝူးဝူး တိုက်ခတ်လာပြီး နဂါးကြီးတကောင်အဖြစ် အသွင်ပြောင်းသွားလေသည်။ လေတိုက်ခတ်ရာ လမ်းကြောင်းတလေလျှောက်ရှိ သစ်ပင်ကြီးငယ်များမှာ လဲပြိုကုန်၏။ ဖုန်မှုန့်များ အလိပ်လိပ် ထလာ၏။ လေတိုက်ခတ်မှုကြောင့် ကောင်းကင်ကြီးတခုလုံးပင် မဲမဲမှောင်သွားသကဲ့သို့ ထင်မှတ်ရလေသည်။

နတ်ဆိုးသတ္တဝါများအနက် အဆင့်အနိမ်ဆုံးကောင်စားမျိုး ဖြစ်သော်လည်း ပင်ပင်ပန်းပန်း အားမထုတ်ရပဲ ဤမျှ ပြင်းထန်လှသော စွမ်းအင်များကို ထုတ်လွှတ်နိုင်စွမ်း ရှိနေသည်တကား။ ဤသည်မှာပင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံရသည့် မူလမျိုးစိတ်များ၏ စွမ်းရည်စစ်စစ်ပေတည်း။

နဂါးတကောင်ကဲ့သို့သော လေလှိုင်းများသည် တွန့်လိန်ကွေးကောက်ကာ စုချန်းတို့ဆီသို့ တဟုန်ထိုး တိုးဝင်လာ၏။ လေလှိုင်းဒဏ်ကို ကြံ့ကြံ့ခံ ခုခံရန်မှတပါး သူတို့လေးယောက်အနေနှင့် တခြားရွေးစရာလမ်းမရှိတော့။

ထိုအချိန်မှာပင် ကုချိန်းလွှာက မြူခိုးကြားမှမြွေခြေလှမ်းကို နှိုးဆွလိုက်ရာ သူမ၏ ကိုယ်ခန္ဓာသည် မြားတစင်းပမာ ရှေ့သို့ တဟုန်ထိုး ပျံသန်းသွား၏။ သူမ၏ လက်ထဲမှ မိုးမခရွက်လက်တဆုပ်စာခန့်ကလည်း ဓားသွားများပမာ သတ္တဝါကြီးထံသို့ တိုးဝင်သွားလေသည်။ ကုချိန်းလွှာ စတင်တိုက်ခိုက်သည်နှင့်် ဝေပင်း၊ လျူကျင်းနှင့် စုချန်းတို့ကလည်း ၎င်းတို့၏ မူလစွမ်းရည်အသီးသီးကို ထုတ်ဖော်တိုက်ခိုက်လိုက်ကြ၏။

သို့သော် သူတို့၏ တိုက်ခိုက်မှုများ အနီးသို့ရောက်သည်နှင့် သတ္တဝါကြီးက ပါးစပ်ဖွင့်ကာ အော်ဟစ်လိုက်ပြန်ရာ ပြင်းထန်လှသော လေလှိုင်းများ ထွက်ပေါ်လာပြီး စုချန်းတို့ လေးယောက်၏ တိုက်ကွက်များအားလုံး အဟောသိကံ ဖြစ်သွားရရှာသည်။

သူတို့၏ မူလစွမ်းရည်များသည် သတ္တဝါကြီး၏ အင်အားနဲ့ နှိုင်းယှဉ်ပါက သမုဒ္ဒရာကြီးအား ရေနှင့်ဖြန်းသကဲ့သို့သာ ရှိလေတော့သည်။

ချက်ချင်းလိုလိုပင် သတ္တဝါကြီးက ပါးစပ်ကိုဖွင့်ကာ အော်ဟစ်လိုက်ပြန်၏။ ဤတကြိမ်တွင်တော့ မရေမတွက်နိုင်သော လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး သူတို့ဆီသို့ တိုးဝင်လာပြန်သည်။

ကျောက်စိမ်းမျက်လုံး တိမ်တိုက်သဝေ နတ်ဆိုးသတ္တဝါကြီးကား လေထုကို ထင်ထားသည်ထက်ပို၍ ထိန်းချုပ်နိုင်စွမ်း ရှိနေသည်တကား။

ထိုအခါ လေးဦးသားအဖွဲ့သည် နောက်ကို လျင်မြန်စွာ ဆုတ်ပေးလိုက်ရပြန်၏။

ထိုအချိန်မှာပင် ကုချိန်းလွှာက သူမ၏ လက်များကို ရှေ့တိုးနောက်ငင် အနည်းငယ် လှုပ်ရှားပြီး သူမ၏ ရှေ့တည့်တည့်သို့ လက်နှင့် တွန်းထုတ်လိုက်၏။ ထိုအခါ ပြာလဲ့လဲ့ အလင်းရောင်တန်းများ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာပြီး သတ္တဝါကြီး၏ လှုပ်ရှားမှုသည် မသိမသာ တုံ့ဆိုင်းလာ၏။ နောက်ဆုံးတွင် ၎င်း၏ တကိုယ်လုံးကို ရေခဲများ ဖုံးလွှမ်းသွားပြီး လှုပ်ရှားမှုများ လုံးဝရပ်တန့်သွားလေသည်။

ကုချိန်းလွှာ အသုံးပြုလိုက်သည်မှာ ကုမျိုးနွယ်မူပိုင်နည်းစနစ်များအနက်မှ တတိယမြောက်နည်းစနစ်ဖြစ်သော ရေခဲအလွှာ နည်းစနစ် ဖြစ်သည်။

ထိုအခြင်းအရာကို မြင်တွေ့လိုက်ရသောအခါ ဝေပင်းနှင့် လျုကျင်းတို့၏ မျက်လုံးအစုံသည် ပြူးကျယ်ဝိုင်းစက်သွား၏။

သို့သော် ချက်ချင်းဆိုသလိုပင် ရေခဲအလွှာသည် အက်ကွဲစပြုလာ၏။ ရေခဲအလွှာနည်းစနစ်သည်လည်း တိမ်တိုက်သဝေ သတ္တဝါကြီးကို ကြာကြာ ထိန်းချုပ်နိုင်ပုံမရ။

ကုချိန်းလွှာကိုယ်တိုင်လည်း မျက်လုံးပြူးသွားလေသည်။ သူမသည် ရှိသမျှ စွမ်းအင်များကို မြန်ဆန်စွာ လည်ပတ်စေပြီး ဆက်လက် ဖိအားပေးရန် ကြိုးစားလိုက်၏။ ထိုအခါ သူမ၏ နောက်ကျောတွင် ပျံသန်းနေသော မြွေကြီးတကောင်၏ အရိပ်သဏ္ဍာန်ပင် ထင်ဟပ်လာလေသည်။ ကုချိန်းလွှာ အစွမ်းကုန်ကြိုးစားနေသည်မှာ ယုံမှားစရာမရှိ။

သို့သော် ရေခဲအလွှာမှာကား ပို၍ပင် အက်ကွဲလာ၏။

သတ္တဝါကြီးကို ဖုံးလွှမ်းနေသည့် ရေခဲအလွှာသည် အက်ရာအများအပြား ထင်လာ၏။ ထို့နောက် ရေခဲအလွှာကြီးတခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။

ကုချိန်းလွှာသည်လည်း ကျယ်လောင်စွာ အော်ဟစ်ပြီး နောက်သို့လွင့်စင်သွား၏။

ထိုအချိန်တွင် သတ္တဝါကြီးက ပါးစပ်ကို ဟလိုက်ရာ များပြားလှသော လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး ကုချိန်းလွှာကို ဖမ်းယူလိုက်လေသည်။

"ကုချိန်းလွှာ"

စုချန်း အထိတ်တလန့်နှင့် အော်ဟစ်လိုက်သည်။

သတ္တဝါကြီးကား ကုချိန်းလွှာကို လေလှိုင်းရေဘဝဲလက်တံများနှင့် ဖမ်းယူပြီး သူ့ပါးစပ်အတွင်း ဆွဲထည့်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဝေပင်းနှင့် လျူကျင်းတို့မှာကား ကြောက်လန့်လွန်း၍ ဘာလုပ်ရမှန်းမသိပဲ ဖြစ်နေကြလေသည်။

ဘုန်း!!!!!!

ကျယ်လောင်သော အသံနက်ကြီး ထွက်ပေါ်လာပြီး မီးခိုးငွေ့များ နေရာအနှံ့ ဖုံးလွှမ်းသွား၏။

မိုးကြိုးမီးလျံစက်လုံးးသည် သတ္တဝါကြီး၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ်ပင် ကျရောက်သွားခြင်း ဖြစ်သည်။ သတ္တဝါကြီး၏ ကိုယ်ပေါ်တွင် အက်ကြောင်းရာ အသေးစားပင် ဖြစ်ပေါ်လာရာ မီးလျံစက်လုံး မည်မျှ ပြင်းထန်မှန်း မေးခွန်းထုတ်နေစရာမလိုတော့။

ထိုအချိန်မှာပင် စုချန်းက ဆေးပုလင်တလုံးကို ဆွဲထုတ်ပြီး ဆေးရည်များကို ကိုယ်ပေါ်သို့ လောင်းချလိုက်၏။

သားရဲညှို့ငင်ဆေးရည်ပေတည်း။

တချိန်တည်းမှာပင် သူက တိမ်တိုက်သဝေသတ္တဝါကြီးကို ပုံစံမျိုးစုံနှင့် လှောင်ပြောင်ပြတော့သည်။

"ခွေးမသားကြီး မင်း အူတွေအသည်းတွေ ကြိုက်တယ်ဆိုရင် ငါ့ဆီလာလေကွာ"

မီးလျံမိုးကြိုးစက်လုံးနှင့်တိုက်ခိုက်မှု၊ စုချန်း၏ လှောင်ပြောင်မှု၊ သားရဲညှို့ငင်ဆေးရည် ဤသုံးရပ် ပေါင်းဆုံလိုက်ခြင်းသည် တိမ်တိုက်သဝေသတ္တဝါကြီး၏ အာရုံကို ဆွဲဆောင်လိုက်နိုင်ပုံရသည်။ သတ္တဝါကြီးသည် ကုချိန်းလွှာကို ဝါးမြိုရန် မကြိုးစားတော့ပဲ လေထဲသို့ လွှင့်ပစ်ကာ စုချန်းနောက်သို့ လိုက်ပါလာတော့သည်။

အခွင့်အရေးကို လက်လွတ်မခံပဲ စုချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အားလုံး လူခွဲပြီး ပြေးကြပေတော့ ဒီကောင်ကြီးကို ကျုပ် မြှားခေါ်သွားလိုက်မယ်"

"စုချန်း"

ကုချန်းလွှာ အထိတ်တလန့်နှင့် အော်ဟစ်လိုက်၏။

"တိတ်တိတ်နေစမ်း အသက်ရှင်ဖို့ ဒီတနည်းပဲ ရှိတော့တယ်"

ပြောပြောဆိုဆို စုချန်းသည် ပြင်းထန်စွာ ပေါက်ကွဲနေသော မီးလျံသိမ်းငှက်နှင့် သတ္တဝါကြီးကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

ဤတကြိမ် စုချန်း၏ တိုက်ခိုက်မှုက အတော်လေး ပြင်းထန်လေရာ သတ္တဝါကြီးပင် နာကျင်သွားဟန်ပေါ်၏။ ထို့နောက် ကြောက်လန့်စရာ သတ္တဝါကြီးသည် စုချန်းနောက်သို့ ထပ်ချက်မကွာ လိုက်ပါရင်း တောအုပ်အတွင်း တိုးဝင်ပျောက်ကွယ်သွားလေသည်။

"စုချန်း"

ကုချိန်းလွှာ ဝမ်းပမ်းတနည်းနှင့် အော်ဟစ်လိုက်သည်။

သူမကား စုချန်းနောက်သို့ ပြေးလိုက်လိုလှ၏။ သို့သော် ဝေပင်းနှင့် လျူကျင်းတို့က သူမကို အတင်းဝိုင်းချုပ်ကာ ဆန့်ကျင်ဘက်အရပ်သို့ ခေါ်ဆောင်သွားကြလေသည်။ စုချန်းကား သတ္တဝါကြီးကို မျှားခေါ်သွားခြင်းဖြစ်သည်။ ဤအခြေအနေတွင် သူ့နောက်သို့ လိုက်သွားခြင်းက ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် မခြား။

______________×××________________×××___________

ရှိသမျှအင်အားကို ထန်ကုန်ထုတ်သုံးကာ စုချန်းတယောက် အူသည်းလှိုက်သည်း ပြေးလွှားလျက်ရှိ၏။

စိတ်ပျက်စရာကောင်းသည်မှာကား စုချန်းအဖို့ မည်မျှပင် ကြိုးစားစေကာမူ သတ္တဝါကြီးလက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်း မရှိပေ။ အကြောင်းမှာ တိမ်တိုက်သဝေသတ္တဝါကြီးသည် လေကို လိုအပ်သလို ထိန်းချုပ်နိုင်သောကြောင့်ပေတည်း။

သတ္တဝါကြီးကား စုချန်းနောက်မှာ ကြွက်ကိုကြောင်ကဆော့သလို လိုက်နေရသည်ကိုပင် နှစ်သိမ့်ကျေနပ်ဟန်တူသည်။ အနည်းငယ်မှ အလျင်လိုခြင်းမရှိ။ သို့သော် အချိန်ကြာလာတော့ သူလည်း စိတ်မရှည်နိုင်တော့ဟန်ရှိ၏။

အကြောင်းမှာ လေလှိုင်းများကို အသုံးပြု၍ ဓားသဏ္ဍာန် ဖန်တီးပြီး စုချန်း၏ ကျောပြင်ကို ခုတ်ချလိုက်သောကြောင့်ပင်။

စုချန်း၏ အကာအကွယ်တခုလုံး ကွဲအက်သွားပြီး လေထဲသို့ လွင့်စင်သွား၏။ လေထဲမှာပင် စုချန်းက မီးလျံသိမ်းငှင်တကောင်ကို ဖန်တီးပြီး သတ္တဝါကြီးကို ပြန်လည်တုံ့ပြန်လိုက်၏။ ဤအကွာအဝေးသည် အဝေးမှ တိုက်ခိုက်ရန် အထိရောက်ဆုံးသော အကွာအဝေးဖြစ်သည်။ အခြေအနေနှင့် လိုက်လျောညီထွေစွာ စုချန်းက မီးလျံသိမ်းငှက်ကို အသုံးချလိုက်ခြင်းပင်။ သတ္တဝါကြီး၏ ကိုယ်ပေါ်တွင် နောက်ထပ် ခြစ်ရာတခု ထပ်မံ ဖြစ်ပေါ်လာပြန်၏။

ဤတကြိမ်တွင်တော့ သတ္တဝါကြီးသည် အတော်လေး ဒေါသထွက်လာပုံရလေသည်။

၎င်းသည် ရှေ့သို့ လျင်မြန်စွာ ခုန်ထွက်လာပြီး စုချန်း မြေကြီးပေါ် ပြုတ်ကျလာမည့်နေရာတွင် ပါးစပ်ကြီးဟကာ အသင့်စောင့်နေ၏။ သဘောကတော့ "ဒီကောင့်ကို သတ်ဖို့ အပင်ပန်းခံစရာ မလိုတော့ဘူး ငါ့ပါးစပ်ထဲ အလိုလို ပြုတ်ကျလာမှာပဲ" ဟူသော သဘောပင်။

သတ္တဝါကြီး၏ ဤတကွက်ကို မြင်သည်နှင့် စုချန်း၏ မျက်လုံးအစုံမှာ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူက အော်ဟစ်ကြုံးဝါးလိုက်သည်။

"ခွေးမသားကြီး သေပေတော့"

ထို့နောက် သူက တိမ်တိုက်သဝေသတ္တဝါကြီးကို လက်သီးနှင့် ထိုးချလိုက်တော့သည်။

သံချပ်ကာြဖိုခွဲရေးဆူးချွန်ပေတည်း။

တကယ်တော့ စုချန်းသည် တချိန်လုံး ဤအခွင့်အရေးမျိုးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုအခွင့်အရေးမျိုး ပေါ်ပေါက်လာရန် သူသည် သတ္တဝါကြီးကို ဒေါသထွက်လာအောင် လုပ်ပေးခဲ့ရ၏။ စိတ်မရှည်အောင် ကြိုးစားခဲ့ရ၏။

လက်သီးချက်သည် မြားတစင်းပမာ လေကိုခွင်း၍ တိုးဝင်လာ၏။ အလွန်အန္တရာယ်ကြီးမားသည့် လက်သီးချက်ဖြစ်သည်။ ယုတ်စွအဆုံး တိမ်တိုက်သဝေသတ္တဝါကြီးသည်ပင် ဤလက်သီးချက်က တခုခုတော့ တခုခုပဲဟု ယူဆသွားပုံရ၏။ ၎င်းသည် စုချန်းအား ဆက်လက်ဝါးမြိုရန် မကြိုးစားတော့ပဲ ခေါင်းကိုငဲ့ပေးလိုက်၏။ တဆက်တည်းမှာပင် သူ့ကိုယ်ခန္ဓာမှ ကြည်လင်သော အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။

သို့သော် စုချန်း၏ လက်သီးချက်သည်ကား သတ္တဝါကြီး၏ အကာအကွယ်ကို ဖောက်ထွင်းသွားပြီး ၎င်း၏ မျက်နှာကို ကျကျနနပင် ထိုးမိသွားလေသည်။ မူလစွမ်းအင်အကာအကွယ်များကို ဖောက်ထွင်းသွားနိုင်သည့် သံချပ်ကာဖြိုခွဲရေးဆူးချွန်၏ စွမ်းရည်ပေတည်း။

သို့သော် သံချပ်ကာဖြိုခွဲရေးဆူးချွန်သက်သက်တော့ ဟုတ်ပုံမရ။ လက်သီးသည် သတ္တဝါကြီး၏ မျက်နှာကို ထိမိသည်နှင့် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာပြီး ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။ ဖောက်ခွဲရေးလက်သီးပင် ဖြစ်သည်။

ဖောက်ခွဲရေးလက်သီးမှာ ဟွမ်းမင်က ဦးလေးဆယ့်တစ်အား ဒဏ်ရာရစေခဲ့သည့် နည်းစနစ်ဖြစ်သည်။ ဤလက်သီးကွက်၏ စွမ်းရည်မှာ မူလစွမ်းအင်ကို တနေရာတည်းတွင် ပုံအောထားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်စေခြင်းပင်။

အာဝူး!!!!

နာကျင်စွာ အော်ဟစ်သံကြီး တောအုပ်အနှံ့ ပျံ့လွင့်သွား၏။ လေ့ကျင့်ရေးအစီအစဉ် စကတည်းက သတ္တဝါကြီး ပထမဆုံးအကြိမ် နာကျင်စွာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

စုချန်း၏ လက်သီးကြောင့် သတ္တဝါကြီး၏ နှာခေါင်းတခုလုံး အဝတ်စုတ်ရေညှစ်ထားသကဲ့သို့ ဖြစ်သွား၏။ ပါးပေါ်တွင်လည်း ကြောက်စရာ အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာလေသည်။ ဖောက်ခွဲရေးလက်သီးသည် ဖောက်ထွင်းနိုင်သော စွမ်းရည် သိပ်မရှိသော်လည်း ပေါက်ကွဲနိုင်သော စွမ်းရည်မှာကား ပြင်းထန်လှ၏။ ၎င်းကို သံချပ်ကာ ဖြိုခွဲရေးဆူးချွန်နှင့် တွဲဖက်အသုံးပြုလိုက်သောအခါတွင်ကား သတ္တဝါကြီးကို ကြီးမားသော ဒဏ်ရာကို ဖြစ်ပေါ်စေခဲ့လေသည်။

လူတဦးတည်း၏ လက်ချက်ဖြင့် နတ်ဆိုးသတ္တဝါကြီးကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားစေခြင်းသည် အလွန်ရှားပါးလှ၏။ ၎င်းသည် နဂါးကျောင်းတော်မှ မည်သည့်ကျောင်းသားမဆိုထက်ပင် သာလွန်သော စွမ်းရည်ဖြစ်သည်။ တနည်းအားဖြင့် စုချန်းအတွက် ကြီးမားသော အောင်မြင်မှုဟုလည်း ဆိုနိုင်၏။

သို့သော် စုချန်းကား ဝမ်းမသာနိုင်။

တကယ်တော့ သူရည်ရွယ်ထားသည်မှာ သတ္တဝါကြီး၏ မျက်လုံးကို ဖြစ်သည်။ သူသည် သံချပ်ကာဖြိုခွဲရေးဆူးချွန်နှင့် သတ္တဝါကြီး၏ မျက်လုံးကိုဖောက်ထွင်းပြီး ဖောက်ခွဲရေးလက်သီးနှင့် ၎င်း၏ ဦးနှောက်ကို တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ တိုက်ပွဲအဖြေကို ပြောင်းလဲရန် ဤတနည်းသာ ရှိကြောင်း သူ ကောင်းကောင်း သိထားသည်မဟုတ်ပါလား။ ယခုတော့ သူ့အစီအစဉ်က လွဲချော်သွားလေသည်။

ထိုအခါ လက်သီးချက်ကြောင့်် ရရှိသွားသည့် သတ္တဝါကြီး၏ ဒဏ်ရာကိုကြည့်ရင်း စုချန်း အကြီးအကျယ် စိတ်ပျက်သွား၏။

သွားပြီ...အစီအစဉ်တခုလုံး ရှုံးနိမ့်သွားပြီ...

မှန်၏။ စုချန်း၏ တိုက်ခိုက်ရေးအစီအစဉ်က အမှန်တကယ် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ သူသည် သတ္တဝါကြီး၏ နှာခေါင်းကို ပျက်စီးစေကာ ၎င်းကို ဒဏ်ရာရစေနိုင်ခဲ့၏။ သို့သော် သတ္တဝါကြီး၏ အင်အားနှင့် နှိုင်းယှဉ်လျင် ဤဒဏ်ရာမျိုးက ဘာမှပြောပလောက်သည်မဟုတ်။ ယခုတော့ ဤအခွင့်အရေးမျိုး နှစ်ကြိမ်ပြန်မရနိုင်တော့။ အခွင့်အရေး ပြန်ရလျင်ပင် စုချန်းအနေနှင့် နောက်တကြိမ် ဤကဲ့သို့ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတော့။ ကနဦးတိုက်ခိုက်မှုတွင် သူ၏ မူလစွမ်းအင်များ အလွန်အကျွံ သုံးစွဲခဲ့ရသည်မဟုတ်ပါလား။

ထို့ကြောင့် တိုက်ပွဲမှာ အဆုံးသတ်သွားပြီဟု ဆိုနိုင်လေသည်။

ထိုအချိန်တွင် သတ္တဝါကြီးက စုချန်းကို လက်သည်းနှင့် လှမ်းပုတ်လိုက်၏။ လက်သည်းချက်ကြောင့် အရိုးကျိုးသံ သဲ့သဲ့ ထွက်ပေါ်လာပြီး စုချန်းတကိုယ်လုံး နောက်ဘက်သို့ လွင့်စင်သွားလေသည်။

သူ့ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်၏။ သူ့တကိုယ်လုံးမှာကား ပြင်းထန်စွာ နာကျင်နေလေပြီ။ လှုပ်ရှားရန် အားကုန်ထုတ်နေရသည့် အခြေအနေမျိုးပင် ဖြစ်သည်။ လက်သည်းချက်ကြောင့် အနည်းဆုံး နံရိုးခြောက်ချောင်းကျိုးသွားသည်မှာကား သေချာနေ၏။

ထိုအချိန်တွင် သတ္တဝါကြီးသည် စုချန်းထံသို့ တရွေ့ရွေ့နှင့် ချည်းကပ်လာလေသည်။ ဤတကြိမ်တွင်တော့ ၎င်းက လေထဲမှ ခုန်ပျံလာသည်မဟုတ်။ မြေကြီးပေါ်တွင် တလှမ်းချင်းလျှောက်လာခြင်း ဖြစ်သည်။ ၎င်း၏ ကိုယ်ပေါ်မှ သတ်ဖြတ်လိုသော အရှိန်အဝါတမျိုး ထွက်ပေါ်နေ၏။

မရဏမင်း၏ကောင်းချီးပေးသံ သောသောညံနေခဲ့ချေပြီတကား။

သူ့ဆီသို့ တရွေ့ရွေ့တိုးကပ်လာသော သတ္တဝါကြီး၏ နှာခေါင်းသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကြောင်း စုချန်း မြင်တွေ့နေရလေသည်။ အံ့သြစရာကောင်းလှပါဘိတောင်း။

နတ်ဆိုးသတ္တဝါများဟူသည် သားရဲသတ္တဝါဆိုးများနှင့် မတူကြောင်း စုချန်း ကြားဖူးသည်။ ယခုတော့ မတူသည်သာ မဟုတ်။ ၎င်းတို့၏ စွမ်းရည်သည် များစွာကွာခြင်းနေ၏။ နတ်ဆိုးသတ္တဝါတကောင်နှင့် နှိုင်းယှဉ်လျင် စုချန်း၏ အင်အားမှာ ရယ်ဖွယ်ရာပင် ကောင်းနေသေး၏။

ထိုအချိန်တွင် သတ္တဝါကြီးသည် စုချန်းအနီးသို့ ရောက်လာပြီး အေးစက်သောမျက်လုံးအစုံဖြင့် စိုက်ကြည့်နေ၏။ တဆက်တည်းမှာပင် ၎င်း၏ ပါးစပ်အတွင်းမှ လေစီးကြောင်းတခု ထွက်ပေါ်လာပြီး စုချန်း၏ လက်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးနှင့် ကိုင်ထားသည့် မိုးကြိုးမီးလျံစက်လုံးကို အဝေးသို့ ဖယ်ထုတ်ပစ်လိုက်လေသည်။

သွားပြီ။ စုချန်း၏ နောက်ဆုံး မျှော်လင့်ချက်ကား လုံးဝဥသုံ ပျက်သုန်းသွားခဲ့လေပြီ။

ဤတကြိမ် သူအသုံးပြုရန် ပြင်ဆင်ထားသည့် မီးလျံစက်လုံးသည် သာမာန်စက်လုံးမျိုး မဟုတ်။ များပြားလှသော ဆေးဘက်ဝင်ပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်ပြုလုပ်ထား၍ အလွန်အင်အားပြင်းထန်၏။ တနည်းအားဖြင့် ဤစက်လုံးသည် စုချန်း၏ နောက်ဆုံး အားထားရာဟု ဆိုနိုင်သည်။

ယခုတော့ မိုးကြိုးမီးလျံစက်လုံးသည် သတ္တဝါကြီး၏ လက်ချက်ကြောင့် အဝေးသို့ လွင့်စင်သွားခဲ့ရလေပြီ။

သို့သော် စုချန်းက အားမလျှော့သေးပဲ သေစေနိုင်သောစုန်းမ မူလစွမ်းရည်ကို နှိုးဆွလိုက်၏။ ထိုအခါ သတ္တဝါကြီး၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွား၏။

ထို့နောက် ၎င်းက စုချန်းကို ပြူးကျယ်သော မျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း ပြောလာ၏။

"ဒါ ဘာမှမဟုတ်ဘူးဆိုရင်တောင် ငါ့အနေနဲ့ နောက်တခါ သတိမပေါ့ရဲတော့ဘူးကွ"

စုချန်း အလွန်အံ့သြသွား၏။ သူ့မျက်လုံးများမှာလည်း ပြူးကျယ်ဝိုင်းစက်သွားလေသည်။

"ခင်ဗျား...စကားပြောနိုင်တယ်"

ကျောက်စိမ်းမျက်လုံးတိုက်တိုက်သဝေ သတ္တဝါကြီးက မျက်မှောင်ကုတ်ရင်း ဖြေလိုက်၏။

"ငါတို့ နတ်ဆိုးသတ္တဝါတွေမှာ ကိုယ်ပိုင်အသိညဏ်ရှိတယ် ကိုယ်ပိုင်အသိညဏ်ရှိမှတော့ လူစကားသင်တာ ဘာခက်လို့လဲ ဘာလဲ ငါတို့ စကားပြောတာ သိပ်ထူးဆန်းနေလို့လား"

ထိုသို့ ပြောဆိုပြီးသည်နှင့် သတ္တဝါကြီးသည် နောက်သို့ တလှမ်းချင်းဆုတ်ကာ တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ အဝေးဆီမှ ၎င်း၏ စကားသံက စုချန်း၏ နားအတွင်းသို့ တိုးဝင်လာ၏။

"ကောင်လေး ဒါ လေ့ကျင့်ရေးအစီအစဉ်မို့လို့ မင်းကံကောင်းသွားတယ် တခြားအချိန်သာဆိုရင်တော့ ငါ့ကို ဒဏ်ရာရအောင်လုပ်လို့ မင်းကို တစစီဆွဲဖြဲပစ်မှာပဲကွ"

All Chapters