← Chapters

အခန်း (၂၀၁)

Vol. 14 Ch. 201

အခန်း (၂၀၁)

Vol. 14 Ch. 201

“သူတို့ကို သေအောင် သတ်လိုက်တော့ရော ဘာထူးမှာလဲ။ မင်းရဲ့လက်တွေ ညစ်ပတ်သွားမှာ မကြောက်ဘူးလား…”

အိုမင်းနေသော အသံတစ်ခုက ရွမ်ရှို့၏နောက်မှနေ၍ ရုတ်တရက် မေးလိုက်သည်။

ပထမတော့ အမျိုးသမီးများက အံ့ဩသွားကြပြီး ရွမ်ရှို့ကို ဒေါသထွက်နေသော်လည်း ချက်ချင်း ကြောက်လန့်သွားခဲ့သည်။ သူတို့က သူမကို ထိုကဲ့သို့ ပုံစံမျိုးနှင့် ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်၏။

သို့သော် အဘိုးအိုတစ်ယောက် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့က သက်ပြင်းချလိုက်မိသည်။ မည်သို့ဖြစ်စေကာမူ ထိုအဘိုးအိုက မြို့ငယ်လေးထဲတွင် လူတိုင်း ရင်းနှီးနေသော လူတစ်ယောက် ဖြစ်သည်။ နှစ်ပေါင်းများစွာ အတောအတွင်း ကြွယ်ဝချမ်းသာသူများဖြစ်စေ၊ ဆင်းရဲသူများဖြစ်စေ၊ လူတိုင်းက ထိုအဘိုးအိုနှင့် ဆက်ဆံရန် လိုအပ်သည်။

ပို၍တိတိကျကျပြောရလျှင် သူတို့က သူ၏ယန်မိသားစုဆေးဆိုင်နှင့် ဆက်ဆံရန် လိုအပ်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ ငရဲမင်းကပင် သူ့လက်ထဲမှ လူတစ်ယောက်ကို ခေါ်သွားချင်သည်ဆိုလျှင် ထိုဆေးဆိုင်၏ ခွင့်ပြုချက်ကို တောင်းခံရန် လိုအပ်ပါလိမ့်မည်။ တစ်ခုတည်းသော ပြဿနာကတော့ ထိုဆေးဆိုင် တောင်းဆိုသော ငွေကြေးက အလွန်များပြားနေခြင်း ဖြစ်သည်။ ထိုအရာကို လူတိုင်းက မကြိုက်ကြပေ။

ရွမ်ရှို့က အဘိုးအိုကို တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။ အဘိုးကြီးယန်က သူ့၏ ဆေးတံကြီးထဲမှ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီး ပါးစပ်ကြမ်းသော အမျိုးသမီးများကို လှည့်ကြည့်လိုက်သည်။ သူတို့က လှည့်စားပြီး ကောက်ကျစ်သည်ဟု သတ်မှတ်နိုင်ခြင်း မရှိသော်လည်း သူတို့က သနားကြင်နာတတ်သည်ဟု သတ်မှတ်နိုင်ခြင်းလည်း မရှိချေ။

ချန်းပင်အန်း မိဘများ ဆုံးရှုံးသွားပြီး အသက်ရှင်ရန် ကြိုးစားခဲ့ရသည့်အချိန်၌ သူ၏ အိမ်နီးချင်းများနှင့် လမ်းကြားထဲမှ တခြားလူများဆီမှ အကူအညီတချို့ကို ရခဲ့သည်။ မည်သို့ဖြစ်စေကာမူ ချန်းပင်အန်း၏ မိဘများက သနားကြင်နာတတ်ပြီး ရက်ရောသူများ ဖြစ်ကြ၏။ လူသားများ၏ နှလုံးသားက အသွေးအသားနှင့် ဖန်တီးထားခြင်း ဖြစ်သည်။

ဥပမာအနေနှင့် ပြောရလျှင် ချန်းပင်အန်းကို ကုစန့်၏ အမေနှင့် သေဆုံးသွားခဲ့သော တခြားအကြီးအကဲများစွာက အိမ်သို့ခေါ်ပြီး စားစရာများ ကျွေးခဲ့ကြသည်။ ထိုစားစရာများက ကောင်းမွန်ခြင်းတော့ မရှိပေ။ ထို့ပြင် ထိုအိမ်နီးချင်းများက ဆောင်းရာသီ ရောက်သည့်အချိန်တိုင်း သူ့ကို အဝတ်ဟောင်းများ ပေးတတ်၏။ ထိုအဝတ်များက အပေါက်အပြဲများ ဗလပွဖြစ်နေသော်လည်း အနည်းဆုံးတော့ သူက အသက်ရှင်နေနိုင်သည်။

သို့သော် ထိုအရာက ကမ္ဘာကြီးအကြောင်း တွေးတောနိုင်သည့် စိတ်ဝင်စားစရာ အရာတစ်ခုလည်း ဖြစ်သည်။ တချို့လူများက သူတို့ တတ်နိုင်သမျှ ချန်းပင်အန်းကို လှိုက်လှိုက်လှဲလှဲ ကူညီပေးကြ၏။ ထိုသို့ လုပ်ဆောင်နေစဉ် အတောအတွင်း ထိုလူများကတော့ ပြန်လည် ရယူလိုစိတ် မရှိကြပေ။

ထိုလူငယ်လေးက အောင်မြင်သွားသည့်အချိန်တွင်တော့ သူတို့၏ ရင်ထဲမှနေ၍ ဝမ်းသာမှုကို ခံစားခဲ့ရသည်။ ထိုလူများက သူတို့၏ မျိုးဆက်များကို မှတ်ချက်တချို့ပင် ပြောခဲ့ကြသည်။ လူကောင်းများက ကံကောင်းမှုများနှင့် ပြည့်နှက်နေသည်ဟု ပြောတတ်ကြ၏။

သူတို့အနေနှင့် ပြောရလျှင် ကောင်းကင်ဘုံက မျက်လုံးပွင့်လာပြီး ထိုလင်မယားနှစ်ယောက်၏ ကံကောင်းမှုများ အားလုံးကို ယခု သူတို့၏သားဆီသို့ ပေးလိုက်သည်ဟုပင် ပြောနေခဲ့ကြသည်။ ထိုအရာနှင့်အတူ ထိုလူများက အနာဂတ်အတွက် မျှော်လင့်ချက်များ ၊ ရည်မှန်းချက်များကို အနည်းငယ် ခံစားလာခဲ့ရ၏။ သူတို့၏ မိသားစုကလည်း ထိုကဲ့သို့ ကံကောင်းမှုမျိုး ရရန် အိပ်မက်မက်နေကြသည်။

တစ်ဖက်တွင်တော့ တချို့လူများက လူငယ်လေးကို ကူညီရန် ငွေကြေးလုံးဝ မပေးခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် သူတို့က ဆိုးရွားသော မှတ်ချက်များ ပေးရသည်ကိုပင် အလွန် သဘောကျကြသည်။ ချန်းပင်အန်း၏ အလှည့်အပြောင်းများ ပြီးဆုံးသွားခဲ့ပြီးနောက် ထိုလူများက သူ့ဆီမှနေ၍ နေခင်းကြောင်တောင် ဓားပြတိုက်ရန်ပင် ကြိုးစားနေကြသည်။

သူတို့အားလုံးက လိုအပ်ချိန်တွင် ကူညီပေးခဲ့သော ဗောဓိသတ္တများအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားကြ၏။ သူတို့က နဂါးစီးလမ်းကြားထဲတွင် ရှိနေသော ဈေးဆိုင်နှစ်ဆိုင်သို့ သွားပြီး စားစရာများ၊ ပစ္စည်းများကို အခမဲ့ ယူဆောင်နေကြသည်။ သူတို့က ပစ္စည်းအခမဲ့ယူရန် သူတို့ မိသားစုတစ်ခုလုံးကိုပင် ခေါ်ဆောင်သွားခဲ့သေး၏။

သို့သော် ရွမ်ရှို့က ထိုအရာကို အမြဲတမ်း သည်းခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမက ထိုလူများနှင့် စကားမများချင်၍ ဖြစ်ပြီး ထိုလူများက ချန်းပင်အန်းနှင့် ပတ်သက်၍ မကောင်းသောသတင်းများ လွှင့်မှာကို မလိုချင်ခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းတွင် သူမက ဈေးဆိုင်နှစ်ဆိုင်၏ အခြေအနေကိုလည်း ဆိုးရွားမသွားစေချင်ပေ။

ထို့ကြောင့် သူမက ထိုဆုံးရှုံးမှုများအတွက် သူမ၏ငွေကြေးကိုသာ စိုက်ထုတ်ပြီး ဖြေရှင်းပေးနေခဲ့၏။ ထိုအရာက များပြားသော ပမာဏတော့ မဟုတ်ချေ။ တစ်နှစ်လျှင် ငွေစ (၄၀၀)၊ (၅၀၀) ဝန်းကျင်သာ ရှိသည်။

ရွှံ့ပုလင်းလမ်းကြားနှင့် တရုတ်ဇီးသီးပွင့်လမ်းကြား၏ ဆင်းရဲနွမ်းပါးသော သဘာဝအရ အောက်ခြေမိသားစုများက တစ်နှစ်လျှင် ငွေစအနည်းငယ် မြင်တွေ့ရန်ပင် ခက်ခဲသည်။ ထိုအရာက သူတို့အတွက်တော့ အတော်လေး များပြားသော ပမာဏဖြစ်၏။

အဘိုးကြီးယန်က ကလေးခေါ်မလာတော့သော အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်သည်။

“ရုံးတော်မှာ အလုပ်လုပ်နေတဲ့ မင်း ယောကျ်ားကို သွားပြောလိုက်။ ပြီးတော့ဒီကိစ္စကို သူ့အထက်မှာရှိတဲ့ အကြီးအကဲကိုလည်း သွားပြီး သတိပေးလိုက်မယ်။ ကောင်းကင်ဘုံက ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းကို မြင်နိုင်တယ်။ ဒီလို မကောင်းတဲ့ လုပ်ရပ်မျိုးက ဘယ်အချိန်မှာ တော်သင့်ပြီဆိုတာကို နားလည်တာ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ မင်းရဲ့ကလေးတွေက နောက်ပိုင်း ဘာမျိုးဆက်မှ ရှိလာမှာ မဟုတ်တော့ဘူး။ တကယ်လို့ သူတို့ကသာ ဒုက္ခခံရမယ်ဆိုရင် ဘယ်သူကမှ အကောင်အထည် ပေါ်လာမှာ မဟုတ်တော့ဘူး…”

အမျိုးသမီးက အနည်းငယ် အပြစ်ရှိသွားသလို ခံစားလိုက်ရသည်။ သို့သော် သူမက ပြောလိုက်သေး၏။

“အဘိုးကြီးယန် ဘာတွေပြောနေတာလဲ။ ကျွန်မက သိပ်နားမလည်ဘူး…”

“တကယ်လို့ မင်းက နားမလည်ဘူးဆိုရင်လည်း ထွက်သွားလိုက်တော့…”

အဘိုးအိုက မီးခိုးငွေ့များကို မှုတ်ထုတ်ပြီး ဆက်ပြောလိုက်သည်။

“ကောင်းပြီလေ။ ငါက မင်းတို့တွေ နားလည်နိုင်တဲ့ အရာတစ်ခု ပြောမယ်။ နောက်ပိုင်း ငါ့ရဲ့ဆေးဆိုင်ကနေ ဆေးဝယ်တဲ့အချိန်ကျရင် မင်းတို့အားလုံး နှစ်ဆပေးရမယ်။ တကယ်လို့ လူတစ်ယောက် သေတော့မယ်ဆိုရင်လည်း ယန်မိသားစု ဆေးဆိုင်က သမားတော်က မင်းတို့ရဲ့အိမ်တွေကို သွားမှာ မဟုတ်ဘူး။ အဲဒီအစား မင်းတို့အတွက် အခေါင်းတွေပဲ သေချာပေါက် ပြင်ဆင်ပေးမယ်…”

အမျိုးသမီးက ထိတ်လန့်သွားခဲ့သည်။

အဘိုးကြီးယန်က သူ့အမေ၏ဘေးတွင် ကြောက်ရွံ့တုန်လှုပ်စွာ ရပ်နေသော ကလေးငယ်ကို ကြည့်ပြီး ခေါင်းခါ၍ သက်ပြင်းချလိုက်မိ၏။

“နှမြောစရာပဲ။ ဘာမှတန်ဖိုးမရှိတဲ့ ငွေစ(၁၀၀)လောက်က မင်းရဲ့ အင်မော်တယ်လမ်းကြောင်းကို ဖျက်ဆီးပစ်လိုက်ပြီ။ နောက်ပိုင်း မင်းက အနောက်ဘက်မှာရှိတဲ့ တောင်တစ်တောင်မှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ ကျရှုံးခဲ့မယ်ဆိုရင် ၊ နောက်ပိုင်း မွေးရပ်မြေထဲမှာ အခက်အခဲတွေ ၊ ဒုက္ခတွေ တွေ့ပြီး ထွက်သွားရမယ်ဆိုရင်တော့ ငါ ပြောခဲ့တဲ့ စကားတွေကို သေချာပြန်ပြီး စဉ်းစားပါ..”

အဘိုးအိုက ထွက်သွားရင်း ပြောလိုက်သည်။

“ရှို့ရှို့…

တကယ်လို့ သူတို့က ခဏကြာတဲ့အထိ ထွက်မသွားသေးဘူးဆိုရင်တော့ သူတို့ကို သေအောင် ရိုက်လိုက်လို့ရတယ်။ ဒီလိုလုပ်တာက ကျိုးကြောင်းဆီလျော်မှုရှိတယ်။ ဘယ်သူကမှ ဘာမှပြောမှာ မဟုတ်ဘူး။ သူတို့ကို သတ်ပြီးသွားရင် သူတို့ရဲ့ အလောင်းတွေကိုလည်း ယူဖို့မလိုဘူး။ သူတို့ကို ရွှံ့ပုလင်းလမ်းကြားထဲမှာပဲ ပစ်ထားလိုက်။ လက်တွေ ညစ်ပတ်ပြီးသွားရင်တော့ မင်းရဲ့လက်တွေကို နဂါးနှုတ်ခမ်းမွေးစမ်းချောင်းထဲမှာ သွားပြီး ဆေးကြောလိုက်…”

မူလတုန်းကတော့ ရွမ်ရှို့က အဘိုးကြီးယန်အပေါ် ဆိုးရွားသော ခံစားချက်တစ်ခု ရှိသည်။ သူက အလွန်ကောင်းသည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ သူက သူ၏ အစစ်အမှန်သဘာဝကို ဖုံးကွယ်ထားသော မီးခိုးငွေ့အလွှာတစ်ခု ရှိနေသည်ဟု ခံစားမိနေခဲ့၏။ ထို့အတွက်ကြောင့် သူမက သူ့အပေါ် ထင်မြင်ချက် အနည်းငယ် ဆိုးရွားသလို ခံစားခဲ့ရသည်။

သို့သော် ယခုတော့ သူ့အပေါ် သူမ၏ထင်မြင်ချက်က သိသိသာသာ တိုးမြှင့်လာခဲ့၏။ သူမက အပြုံးနှင့် ပြောလိုက်သည်။

“ကျွန်မက ချန်းပင်အန်းနှင့်အတူ ဆရာကြီးရဲ့ ဆိုင်ကိုလာပြီး နှစ်သစ်ကူးဆုတောင်းပေးပါ့မယ်…”

အဘိုးကြီးယန်က ခေါင်းညိတ်ပြလိုက်သည်။ သူက သူမ၏ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ခြင်း မရှိချေ။

သူက လမ်းကြားလေးကို ဖြတ်လျှောက်သွားသည့်အချိန်တွင် ချောက်ကမ်းပါး၏ ဘေးနံရံကဲ့သို့ ပျက်စီးပြီး လူသူကင်းမဲ့နေသော အိမ်အိုကြီးများစွာကို တွေ့ခဲ့ရသည်။ အဆုံးတွင်တော့ အနည်းငယ်က ပြင်ဆင်ပြီး ဘဝအသစ်များ ပြန်လည်စတင်နေကြ၏။ မိသားစုပေါင်းများစွာတွင် မျိုးဆက်အနည်းငယ်သာ ရှိနေပြီး တချို့ကတော့ ပိုကောင်းလာစေရန် ပျောက်ကွယ်သွားခဲ့ကြခြင်း ဖြစ်သည်။

လီအာ့၏ ဇနီးအကြောင်း စဉ်းစားမိလိုက်ပြီး ကျိုးကြောင်းဆီလျော်၍ နားလည်နိုင်သော မိန်းကလေးကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် အဘိုးအိုဆီ၌ ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်လာခဲ့သည်။ တစ်ဝက်က ကောင်းမွန်သော ခံစားချက်များ ရှိနေပြီး တစ်ဝက်က ဆိုးရွားသော ခံစားချက်များ ဖြစ်နေသည်။

မြို့ငယ်လေးတစ်ခုလုံးကို ကြည့်လိုက်မည်ဆိုလျှင် နှလုံးသားကင်းမဲ့ပြီး ရိုင်းစိုင်းသော ထိုအမျိုးသမီးကသာ အဘိုးအိုကို ထိုစကားလုံးများ ပြောရဲ၏။ အရေးကြီးဆုံးအရာကတော့ အဘိုးအိုက ရန်ပွဲတွင် သူမကို အနိုင်မရနိုင်ခဲ့ပေ။

တစ်ကြိမ်တွင်တော့ အဘိုးကြီးယန်က ထိုအမျိုးသမီး၏ ကျိန်ဆဲပြောဆိုမှုကြောင့် သည်းခံနိုင်ခြင်း မရှိတော့ချေ။ သူက အလွန်ဆိုးရွားသော ထိုမိန်းမ၏ ပါးစပ်ကို ထိန်းချုပ်ရန် လီအာ့ကို ပြောဆိုခဲ့သည်။ အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် လီအာ့၏ အဖြေကြောင့် အဘိုးအိုက ပို၍ပင် ဒေါသထွက်သွားခဲ့၏။

လီအာ့က ပြောခဲ့သည်။

“ဆရာ…

တကယ်လို့ ဆရာ ဒေါသထွက်တယ်ဆိုရင် ကျွန်တော့်ကိုပဲ ရိုက်လိုက်ပါလား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မျက်နှာကိုတော့ မရိုက်ပါနဲ့။ တကယ်လို့ ကျွန်တော့်မိန်းမက အဲဒါကို တွေ့သွားမယ်ဆိုရင် ဆရာ့ကို အပြစ်တင်ဖို့ နောက်တစ်ကြိမ် ရောက်လာလိမ့်မယ်…”

အကယ်၍ လီအာ့၏ သမီးကြောင့်သာ မဟုတ်လျှင် အဘိုးကြီးယန်က ထိုအမျိုးသမီးကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်ချင်နေခဲ့၏။

ထိုအမျိုးသမီး(၃)ယောက်က ရွှံ့ပုလင်းလမ်းကြားထဲတွင် တစ်စက္ကန့်မျှ ဆက်နေရဲခြင်း မရှိချေ။ သူတို့က တက်ကြွစွာ ရောက်လာခဲ့ကြပြီး ယခုတော့ စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားခဲ့ရ၏။ လမ်းကြားထဲမှ ထွက်သွားပြီးနောက် သူတို့က အချင်းချင်း ငြင်းခုံနေကြသေးသည်။ သူတို့က ပြဿနာကို အချင်းချင်း လွှဲချနေကြပြီး သူတို့၏အပြစ်ကို ပေါ့စေချင်နေကြသည်။

အဘိုးကြီးယန် ပြောခဲ့သော ကလေးငယ်ကတော့ သူတို့၏ အမေနှင့် တခြားသူများ ငြင်းခုံနေသည်ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူက လမ်းကြားလေးထဲကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ရင်ထဲ၌ လုံးဝကို လှစ်ဟာနေသလို ခံစားနေခဲ့ရ၏။

သူက အလွန်အရေးပါသောအရာတစ်ခုကို ဆုံးရှုံးလိုက်ရသလို ဖြစ်သွားသည်။ ထိုခံစားမှုက စားမရသော ဟင်းတစ်ခွက်ကဲ့သို့၊ ပုဆိန်မရှိတော့သော သစ်ခုတ်သမားတစ်ယောက်ကဲ့သို့ ဖြစ်၏။

အမျိုးသမီး(၃)ယောက်က စိတ်ပျက်လက်ပျက်နှင့် အဝေးကို ထွက်ခွာသွားပြီးနောက် ချန်းပင်အန်း၏ ခြံဝင်းတံခါးတွင် ရှိနေသော တံခါးနတ်ဘုရားနှစ်ယောက်က အစစ်အမှန်ဝိညာဉ်များ ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရသည်။ ထိုအရာက အလွန်အမင်းကို ထူးဆန်း၏။

လူတစ်ယောက်က ဈေးဆိုင်မှ သာမန်တံခါးနတ်ဘုရား ကပ်ခွာကို ဝယ်လိုက်မည်ဆိုလျှင်ပင် သူတို့က အနည်းငယ် စွမ်းအားအနည်းငယ် ပိုင်ဆိုင်ထားနေသေးသည်။ ထိုအရာများက လေနှင့် မုန်တိုင်းကြောင့် လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်သော စွမ်းအားများသာ ဖြစ်သော်လည်း ကြောက်စရာကောင်းသော လေတိုက်နှုန်းများ၊ အငွေ့အသက်များကိုတော့ ခံနိုင်ရည်မရှိဟု ဆိုလိုခြင်း မဟုတ်ချေ။

ထို့ကြောင့်လည်း လူများက နှစ်သစ်ကူးချိန်ရောက်တိုင်း တံခါးနတ်ဘုရား ကပ်ခွာအသစ်များ ဝယ်ယူရန် လိုအပ်ကြခြင်း ဖြစ်သည်။ ထိုအရာက ပျော်ပွဲရွှင်ပွဲတစ်ခု ဖန်တီးရုံသက်သက် မဟုတ်ချေ။

သို့သော် ချန်းပင်အန်း၏ ခြံဝင်းတံခါးတွင် ကပ်ထားသော ပုံရိပ်နှစ်ခုက တာ့လီအင်ပါယာ၏ ပင်မဒေါက်တိုင်ဖြစ်သော ကလန်နှစ်ခု၏ တည်ထောင်သူများ ဖြစ်ကြသည်။ ထိုအရာက ယွမ်ကလန်နှင့် ချောင်ကလန်မှ ဖြစ်ကြ၏။ ထိုကလန်နှစ်ခုက အလွန်တိုးတက်ပြီး ကိုးကွယ်ယုံကြည်မှု အမြောက်အမြားရကြသည်။ ထို့ကြောင့် တံခါးနတ်ဘုရား ကပ်ခွာများက ချက်ချင်း ပျောက်ကွယ်သွားရန် လုံးဝ မဖြစ်နိုင်ပေ။

ရွမ်ရှို့က မျက်မှောင်ကြုတ်ပြီး လျှောက်လာခဲ့၏။ သူမက ထိုစာရွက်များကို လက်နှင့် ကိုင်ကြည့်လိုက်ရာ တံခါးနတ်ဘုရား ကပ်ခွာများပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရောက်လာခဲ့သည်။ ထိုအလင်းတန်းက အမှန်တရားဆန်သော အငွေ့အသက်များ ပြည့်နေခဲ့၏။ သို့သော် သာမန်မျက်လုံးနှင့် မြင်တွေ့နိုင်ခြင်း မရှိသော အရာတစ်ခုလည်း ဖြစ်သည်။

ထိုအရာကို လုပ်ဆောင်လိုက်ပြီးနောက် ရွမ်ရှို့က ကျေနပ်စွာ ထွက်ခွာသွားခဲ့၏။ ခြံဝင်းတံခါးတွင် ရှိနေသော တံခါးနတ်ဘုရား ကပ်ခွာ၏ အခြေအနေကိုတော့ အစိမ်းဝတ်မိန်းမပျိုက စိတ်ဝင်စားခြင်း မရှိချေ။ သူမက လျှိုရှန်းယန်၏ နေအိမ်ရှိနေသော လမ်းကြားလေးထဲသို့ လျှောက်လာခဲ့သည်။

သူမက တိုးတိုးလေး လေချွန်လိုက်ပြီး သိပ်မကြာခင် ခွေးတစ်ကောင်က သူမဆီကို ပြေးလာပြီး သူမကို လှည့်ပတ်နေခဲ့၏။ သူမက မွှေးပျံ့သော ဆေးလုံးလေးတစ်လုံးကို အပြုံးနှင့် ပစ်ပေးလိုက်သည်။ ထိုခွေးက ထိုအရာကို ချက်ချင်း စားလိုက်ပြီး မိန်းမပျို၏ နောက်မှနေ၍ တိတ်တဆိတ် လိုက်လာခဲ့သည်။ သူက အမြီးလေးကို သိမ်မွေ့စွာ ဝှေ့ယမ်းနေခဲ့သည်။

လူတစ်ယောက်က တာအိုကို နားလည်သွားသည့်အချိန်တွင် ကြက်နှင့် ခွေးများကလည်း သူတို့နှင့်အတူ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ပါလိမ့်မည်။ လူတစ်ယောက်က တခြားလူများနှင့် နှိုင်းယှဉ်ပြီး ဒေါသထွက်နေရန် မသင့်လှပေ။ အကယ်၍ ကျင့်ကြံသူတစ်ယောက်ကသာ ထိုမြင်ကွင်းကို မြင်ရမည်ဆိုလျှင် ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်ပြီး ဒေါသထွက်သွားပါလိမ့်မည်။

ပထမတော့ ရွမ်ရှို့က တွေ့ချင်နေသောသူကို မတွေ့ခဲ့ရသည့်အတွက် အနည်းငယ် စိတ်ပျက်သွားမိခဲ့သည်။ သို့သော် ယခုတော့ သူမက အနည်းငယ် ဝမ်းသာလာခဲ့၏။ သူ့ကို သွား သွားကြည့်သင့်သည် မဟုတ်ပေလော။ သူက ထိုတိရစ္ဆာန်လေးများကို စောင့်ရှောက်ပေးရန် သူမကို တောင်းဆိုထားခဲ့သည်။ ထို့ကြောင့် ထိုကြက်များဖြစ်စေ၊ ခွေးအိုကြီးဖြစ်စေ သေချာဂရုစိုက်ပေးနေခဲ့သည်။

အစိမ်းဝတ်မိန်းမပျိုက အလွန်ပျော်ရွှင်စွာ လမ်းလျှောက်နေခဲ့ပြီး သူမ၏ ကျစ်ဆံမြီးလေးကလည်း လှုပ်ရှားနေခဲ့၏။ ကောင်းကင်ကြီးက မြင့်မားပြီး ကမ္ဘာမြေကြီးက ကျယ်ပြန့်သည်။ သို့သော် ဤနေရာတွင် ရှိနေသော မြင်ကွင်းများက အကောင်းဆုံး ဖြစ်၏။

ချန်းပင်အန်းကို လော်ပိုသို့ ပြန်ခေါ်လာပြီးနောက် ဝေ့ပိုက နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူက ပိယွင်တောင်သို့ မသွားခဲ့ဘဲ လော်ပိုတောင်ထိပ်ပေါ်သို့ တိုက်ရိုက် တက်သွားခဲ့၏။

သူ့မြင်ကွင်းထဲတွင် ပေါ်လာသည်မှာ အလွန်ကြီးကျယ်ခမ်းနားသော တောင်တန်းနတ်ဘုရားကျောင်းဆောင်တစ်ခု ဖြစ်သည်။ ထိုကျောင်းဆောင်၏ ရှေ့တွင်တော့ ထူးခြားသော အဖြူရောင်ကျောက်စိမ်းများနှင့် ဖန်တီးထားသည့် မြေကွက်လပ်ကြီးတစ်ခု ရှိနေသည်။ ထိုကျောက်စိမ်းများက သံအဆီအနှစ်များကဲ့သို့ အစွမ်းထက်သည်။

ကျောင်းဆောင်ထဲတွင်တော့ တောင်တန်းနတ်ဘုရား၏ ရွှေရုပ်တုတစ်ခု ထုလုပ်ထားသည်။ သို့သော် ယခုအချိန်ထိ လူအများ ကိုးကွယ်ယုံကြည်ရန် ဖွင့်လှစ်ပေးခြင်း မရှိသေးပေ။

ဝေ့ပိုက အင်္ကျီလက်ကို ညင်သာစွာ လှုပ်ရှားလိုက်ပြီး ရှေ့သို့ လျှောက်သွားခဲ့သည်။ ထိုတောင်တန်းနတ်ဘုရား ရောက်လာသည်ကို သတိထားမိသည့်အခါ တာ့လီအင်ပါယာမှ အလုပ်သမားရေးရာ အရာရှိက သူ့ကို လာရောက်နှုတ်ဆက်ခဲ့သည်။

လက်(၁၀)ချောင်းလုံး အေးစက်နေသော အရာရှိကို မြင်လိုက်ရသည့်အခါ ဝေ့ပိုက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဖြည်းညင်းစွာ ပြောဆိုနေခဲ့သည်။ သူတို့စကားပြောနေသည့်အချိန်တွင် ဝေ့ပို၏ စိတ်ထဲ၌ အနည်းငယ် သက်ပြင်းချလိုက်မိ၏။

လုတိုင်းပြည်၏ လက်အောက်ခံ တိုင်းပြည်ငယ်လေးအဖြစ်မှနေ၍ ကုန်းမြေကြီး၏ မြောက်ပိုင်းတစ်ခွင်လုံးကို အုပ်စိုးနိုင်သည့် အခြေအနေအထိ ပြောင်းလဲနိုင်သော တာ့လီအင်ပါယာ၏ နန်းတွင်းစုန့်ကလန်က သေချာပေါက် ကံကောင်းမှုကို မှီခိုနေခဲ့ခြင်း မဟုတ်ချေ။

ပြင်ပအရာရှိက တောင်တန်းနတ်ဘုရားကျောင်းဆောင်ထဲသို့ ဝင်မလာခဲ့ကြချေ။ ထိုအစား တံခါးအပြင်ဘက်တွင် ရပ်လိုက်ပြီး ဝေ့ပိုတစ်ယောက်တည်းသာ ဝင်လာခဲ့၏။ ထို့နောက် အရာရှိက အလျင်အမြန် ထွက်သွားခဲ့သည်။ သူက တည်ဆောက်ရေး ကိစ္စရပ်များကို ဆက်လက် ကြည့်ကြပ်ရဦးမည် ဖြစ်၏။ ထိုကိစ္စရပ်များက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ သူကိုယ်တိုင် ကြည့်ကြပ်ရမည် ဖြစ်သည်။

တာ့လီအင်ပါယာ၏ နန်းတွင်းထဲတွင် မည်သည့်အရာမျှ အကျိုးမဲ့ဖြစ်မလာ ဟူသော စကားတစ်ခွန်း ရှိသည်။ ထိုအရာများက အထွေထွေရေးရာဌာနမှ အရာရှိများ၏ အဆင့်အတန်းမြင့်မားမှုကို ဖော်ပြထားခြင်း ဖြစ်သည်။

‘အသားတုံးကြီးကြီး လှီးခြင်း၊ ရန်သူများကို ပြတ်ပြတ်သားသား သတ်ဖြတ်ခြင်းနှင့် ချပ်ဝတ် ဝတ်ထားသော မြင်းကိုစီး၍ ရန်သူ့ပိုင်နက်ထဲတွင် ချေမှုန်းခြင်း’ ဟူသော စကားလုံးကတော့ စစ်မက်ရေးရာဌာနမှ သိုင်းပညာရှင်များကို ဖော်ပြရန် အသုံးပြုကြသည်။

နောက်ဆုံးတွင်တော့ ‘ရွှံ့ကိုစား၊ ဖုန်ကို စား၊ အနောက်မြောက်ဘက်က လေလှိုင်းကို သောက်သည်’ဟူသော စကားလုံးကတော့ အလုပ်သမားရေးရာဌာနမှ အရာရှိများကို ဖော်ပြရန် အသုံးပြုတတ်ကြသည်။

သို့သော် ချမ်းသာကြွယ်ဝသော ကလန်တစ်ခုမှ ရောက်လာသည့် ပြင်ပအရာရှိကတော့ အလွန်အသေးစိတ် လုပ်ဆောင်နေခဲ့သည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တခြားအင်ပါယာများတွင် တွေ့မြင်ရရန် အလွန်ခက်ခဲသည်။

ဝေ့ပိုက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး တံခါးကြီးကို ပိတ်လိုက်သည်။ တောင်တန်းနတ်ဘုရားကျောင်းဆောင်၏ အတွင်းထဲတွင်တော့ အလွန်မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာနေသည့် အမွှေးတိုင်များ ရှိနေ၏။ လော်ပိုတောင်၏ တောင်တန်းနတ်ဘုရား ရုပ်တုကို ပင်မခန်းမကြီးထဲတွင် ကိုးကွယ်ထားခဲ့ပြီး ထိုအရာက သန့်စင်သော ရွှေနှင့် ထုဆစ်ထားသော ဦးခေါင်းတစ်လုံး ရှိနေသည့် ထူးဆန်းသော ရုပ်တုလည်း ဖြစ်သည်။

ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားသော လူတစ်ယောက်၏ နတ်ဘုရားခန္ဓာကိုယ်က တောင်တန်းနတ်ဘုရား ရုပ်တုဆီမှ ထွက်လာခဲ့သည်။ သူ့၏ လည်ပင်းအပေါ်ဘက်တွင်တော့ ရွှေရောင်တလက်လက် တောက်ပနေခဲ့၏။ ထိုအရာက ရုပ်တုကဲ့သို့ ထူးခြားမှုတော့ မရှိပေ။

ထိုလူကတော့ လော်ပို၏ တောင်တန်းနတ်ဘုရား စုန့်ယုကျန်း ဖြစ်သည်။ သူက လုံချွမ်းတိုင်းပြည်ထဲတွင် မီးဖိုကြီးကြပ်သူ အရာရှိလည်း ဖြစ်ခဲ့သည်။ သူက မြို့ငယ်လေးထဲတွင် နှစ်ပေါင်း (၂၀) ခန့် နေထိုင်ခဲ့၏။

အတိတ်တွင်တော့ ရွှံ့ပုလင်းလမ်းကြားမှ စုန့်ကျိရှင်းက သူ့၏ တရားမဝင် မွေးစားသားဖြစ်သည်ဟု လူအများက မှားယွင်းယူဆမိခဲ့ကြသည်။ အမိုးတံတားရှိ ‘မြင့်တက်လာသည့် လေလှိုင်း၊ ဖျက်ဆီးနေသည့် ရေလှိုင်း’ဟူသော ဆိုင်းဘုတ်ကလည်း စုန့်ယုကျန်းကိုယ်တိုင် ကြီးကြပ်တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့နောက် စုန့်ယုကျန်းက မြို့ငယ်လေးထဲမှ ထွက်သွားပြီး မြို့တော်သို့ ပြန်သွားခဲ့သည်။ တစ်ဖန် မြို့ငယ်လေးဆီသို့ နောက်တစ်ကြိမ် ပြန်လွှတ်ခံခဲ့ရ၏။ ထိုအချိန်တွင် သူ့လည်ပင်းကို လူတစ်ယောက်က ဖြတ်ပစ်ခဲ့ပြီး သူ့ခေါင်းကို သေတ္တာတစ်ခုထဲတွင် သိမ်းဆည်းထားခဲ့သည်။ လူတစ်ယောက်ကို သတ်ဖြတ်နှုတ်ပိတ်ခြင်းက သာမန်ဥပမာတစ်ခုသာ ဖြစ်သည်။

စုန့်ယုကျန်းက နန်းတွင်းစုန့်ကလန်၏ မကောင်းသော လျှို့ဝှက်ချက်များ၊ အတွင်းရေးပြဿနာများစွာကို သိနေခဲ့သည်။ ထို့ကြောင့် သူက တချိန်ချိန်တွင် အသတ်ခံရမည်ဖြစ်ကြောင်း နားလည်ထားခဲ့၏။ အမှန်အတိုင်းပြောရလျှင် အမှန်တရားကို မြတ်နိုးသော ထိုအရာရှိက မြို့တော်သို့ ပြန်သွားသည့် ခရီးလမ်းတွင် သူ့ကိုယ်သူ သေရန်ပင် ပြင်ဆင်ထားခဲ့သည်။

သူက အဆုံးထိ သစ္စာရှိမှုကို ပြသခဲ့ပြီး သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် တုန်လှုပ်သွားခြင်း မရှိချေ။ ထို့ကြောင့်လည်း တာ့လီအင်ပါယာမှ မိဖုရား စေလွှတ်ခဲ့သော လုတိုင်းပြည်မှ ဝမ်ယိဖူက လှိုက်လှိုက်လှဲလှဲ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

“ကြည့်ရတာတော့ စာသင်သားတွေအားလုံး မောက်မာကြတာ မဟုတ်လောက်ဘူး..”

Translated by Hein Htet.

All Chapters