အခန်း (၂၀၂)
Vol. 14 Ch. 202
လော်ပိုတောင်၏ တောင်တန်းနတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် စုန့်ယုကျန်းက မြောက်ပိုင်းတောင်၏ တရားဝင်နတ်ဘုရားတစ်ပါး ဖြစ်လာတော့မည့်သူကို သေချာပေါက် အရိုအသေပေးရမည်ဖြစ်သည်။
“ဒီနတ်ဘုရားငယ်လေးက အဆင့်မြင့်နတ်ဘုရားကို အရိုအသေပေးပါတယ်…”
ဝေ့ပိုက မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ သူက ဘေးသို့ လျှောက်သွားခဲ့ပြီး လက်ကာပြ၍ ပြောလိုက်၏။
“ဒီလိုလုပ်ဖို့မလိုပါဘူး ဆရာကြီးစုန့်…”
သို့သော် စုန့်ယုကျန်းက အရိုအသေပေးနေသည့် ပုံစံအတိုင်း ဝေ့ပိုကို ပြန်လှည့်ကြည့်လိုက်သည်။ သူက ပြန်ဖြေလိုက်၏။
“စီနီယာတွေက ဒီလိုဆိုမှတော့ ကျွန်တော်တို့က ချွင်းချက်ထားလို့မရဘူးလေ…”
ဝေ့ပိုလည်း ရွေးချယ်စရာမရှိတော့သည့်အတွက် စုန့်ယုကျန်း၏ အရိုအသေပေးမှုကို ပြည့်ပြည့်ဝဝ လက်ခံလိုက်ရသည်။
“မင်းတို့စာသင်သားတွေက တော်တော်ရူးမိုက်တာပဲ။ မင်းတို့တွေက အသက်ရှင်နေချိန်ပဲဖြစ်ဖြစ် သေသွားတဲ့အချိန်ပဲဖြစ်ဖြစ် အကုန်အတူတူပဲ…”
သူက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
စုန့်ယုကျန်းက နောက်ကျောကို ပြန်မတ်လိုက်ပြီးနောက် ကျေနပ်စွာပြုံးလိုက်၏။
ဝေ့ပိုက ရယ်ရင်း မေးလိုက်သည်။
“မင်းက တောင်တန်းနတ်ဘုရားတစ်ပါး ဖြစ်လာပြီးသွားတဲ့အချိန် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အထွေထွေရေးရာဌာနက လူတစ်ယောက် ဒါမှမဟုတ် နက္ခတ်ရေးရာဌာနက လူတစ်ယောက်ယောက်က ပြောခဲ့လို့လား…”
“သူတို့က ကျွန်တော့်ကို ဘာစကားမှ မပြောရဲပါဘူး…”
စုန့်ယုကျန်းက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်အမူအရာနှင့် ပြန်ဖြေလိုက်သည်။
“နတ်ဘုရားပူဇော်ပွဲ ပြီးသွားတဲ့အချိန် သူတို့အားလုံးက တတ်နိုင်သမျှ တောင်ပေါ်ကနေ မြန်မြန်ထွက်သွားကြတယ်။ သူတို့က ကျွန်တော့်ကို တောင်တန်းနတ်ဘုရားတစ်ပါးလို့ မသတ်မှတ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ကပ်ဘေးနတ်ဘုရားတစ်ပါးလို့ပဲ သတ်မှတ်ထားခဲ့တယ်။ ဒီကိစ္စတွေကို သေချာရှင်းပြပေးဖို့ ကျွန်တော်က မြောက်ပိုင်းနတ်ဘုရားကိုပဲ ဒုက္ခပေးရတော့မယ်…”
ဝေ့ပိုက ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေးတွင် ရပ်နေသော စုန့်ယုကျန်းကို ပြောလိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ခန်းမကြီးထဲ၌ မြူခိုးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဖုံးကွယ်သွားခဲ့၏။
သိပ်မကြာခင် ပြည့်စုံသော လော်ပိုတောင်၏ မြင်ကွင်းက ကြမ်းပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ တောင်တန်းနှင့် မြစ်ချောင်းများက ခွဲခြား၍မရနိုင်ပေ။ ထို့ကြောင့် အခြေခံအားဖြင့် တောင်တန်းနတ်ဘုရားတစ်ပါးက သူတို့၏တောင်တန်းကို အုပ်စိုးရန် တာဝန်ရှိကြသော်လည်း သူတို့၏တောင်တန်းပေါ်မှ မြစ်ဖျားခံလာသော စမ်းချောင်းများ၊ မြစ်များ သို့မဟုတ် တောင်ခြေမှ ဖြတ်သန်းစီးဆင်းသွားသော မြစ်များအပေါ် အနည်းနှင့်အများ ထိန်းချုပ်နိုင်စွမ်းရှိကြသည်။
ထို့အတွက်ကြောင့် ရေနတ်ဘုရားများ အထူးသဖြင့် အဆင့်နိမ့်သော မြစ်အစောင့်အရှောက်များက တောင်တန်းနတ်ဘုရားများကဲ့သို့ အစွမ်းနှင့် အဆင့်အတန်းမျိုး မရှိကြပေ။ ထို့ကြောင့်လည်း ရေလမ်းကြောင်းနတ်ဘုရားများက တောင်တန်းနတ်ဘုရားများနှင့် ပတ်သက်မှုများ တည်ဆောက်ရန် ကြိုးစားကြခြင်းဖြစ်သည်။
ဝေ့ပိုက လော်ပိုတောင်၏ မြေပုံပေါ်တွင် ရှိနေသော တောင်တန်းနတ်ဘုရား ကျောင်းဆောင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ငါက အဆင်မပြေတဲ့အရာတွေကို အရင်ဆုံး ပြောရလိမ့်မယ်။ အမှန်အတိုင်း ပြောရရင်တော့ ငါတို့လို တောင်တန်းနဲ့ မြစ်နတ်ဘုရားတွေမှာ ရည်ရွယ်ချက်တွေ အများကြီးမရှိဘူး။ ငါတို့ရဲ့နာမည်က အကျိုးဆောင်စာအုပ်ထဲမှာ ရှိနေပြီး ငါတို့က အမွှေးတိုင်နဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ရနိုင်တဲ့ အကျိုးအမြတ်တစ်ခုပဲ ရှိတယ်…”
“ငါတို့က အစွမ်းကို လေ့ကျင့်ဖို့ မလိုအပ်သလို ငါတို့ရဲ့စိတ်ကို လေ့ကျင့်ဖို့လည်း မလိုအပ်ဘူး။ ငါတို့က လျှို့ဝှက်တဲ့ ကုသိုလ်ကောင်းမှုကို စုစည်းရမယ်။ ပြီးတော့ ဒီကုန်းမြေကြီးရဲ့ကံကြမ္မာကို ထိန်းသိမ်းပြီး တိုင်းပြည်ကို ကူညီပေးရမယ်….”
“လက်ရှိအခြေအနေကို လွန်ခဲ့တဲ့ (၁၀)နှစ်နဲ့ နှိုင်းယှဉ်ရမယ်။ ပြီးတော့ လူသားတွေ ဖန်တီးထားတဲ့ ကပ်ဆိုးတွေ၊ သဘာဝကပ်ဆိုးတွေ တိုးလာလား လျော့သွားလားဆိုတာကို စစ်ဆေးကြည့်ရမယ်။ လူဦးရေ တိုးလာလား လျော့နည်းသွားလားဆိုတာကိုလည်း စစ်ဆေးကြည့်ရမယ်။ စာသင်သားတွေ မြင့်တက်လာလား။ ကျင့်ကြံသူတွေ အခြေချနေလား။ ပြီးတော့ မကောင်းတဲ့ နိမိတ်ဆိုးတွေ ပေါ်လာလားဆိုတာကို ကြည့်ရလိမ့်မယ်။ ဒါက နတ်ဘုရားတစ်ပါးရနိုင်တဲ့ ကုသိုလ်တွေလို့ ပြောလို့ရပြီး တရားဝင် တိုင်းပြည်ရေး အောင်မြင်မှုတစ်ခုလို့လည်း တိုင်းတာနိုင်တယ်…”
စုန့်ယုကျန်းက အရာရှိတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခု ဝေ့ပိုက နတ်ဘုရားများနှင့် ပတ်သက်သောအရာများကို သူ နားလည်သော ဘာသာစကားနှင့်သာ အသုံးပြု၍ ရှင်းပြနေခြင်းဖြစ်သည်။ သိပ်မကြာခင် သူက နားလည်သွားခဲ့၏။ ထိုအရာက နားလည်ရန်လည်း အလွန်လွယ်ကူလှသည်။
ဝေ့ပိုက အပြုံးနှင့် ဆက်ပြောလိုက်၏။
“အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ ငါတို့ရဲ့အကျိုးဆောင်မှုတွေ ၊ မကောင်းတဲ့ လုပ်ရပ်တွေအားလုံးကို တိုင်းပြည် နန်းတွင်းထဲမှာ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားတယ်။ ဒါကြောင့် မင်းက တောင်တန်းနတ်ဘုရားတစ်ပါး ဖြစ်လာပြီးရင် ငါနဲ့ပဲ ဖြေရှင်းရမယ်လို့ မစဉ်းစားနဲ့။ အမှန်အတိုင်းပြောရရင် မင်း အမှန်တကယ် ရင်ဆိုင်ရမှာက တာ့လီအင်ပါယာရဲ့ နန်းတွင်း ဖြစ်နေတုန်းပဲ…”
“လုံချွမ်စီရင်စုထဲမှာ တောင်တန်းနတ်ဘုရားကျောင်းဆောင် (၃)ခုရှိတယ်။ ငါကတော့ ပိယွင်တောင်ပေါ်မှာ ကျောင်းဆောင်တစ်ခု ပိုင်ဆိုင်ထားတယ်။ မင်းက လော်ပိုတောင်ပေါ်မှာ ပိုင်ဆိုင်ထားပြီး မြောက်ပိုင်းမှာလည်း ကျောင်းဆောင် ပိုင်ဆိုင်ထားတဲ့ နောက်ထပ်တောင်တန်းနတ်ဘုရားတစ်ပါးရှိတယ်…”
“ဒါက သာမန်မဟုတ်တဲ့အခြေအနေတစ်ခုပဲ။ ပြောရမယ်ဆိုရင် ကိုးကွယ်မှု အလုံအလောက်မရတဲ့ ဘုန်းတော်ကြီးတွေလိုပဲ။ နောက်ပိုင်းမှာ မင်းက တော်တော်လေး ခေါင်းကိုက်ရလိမ့်မယ်။ ပြီးတော့ မင်းက လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ အမွှေးတိုင် အတွက်လည်း တိုက်ခိုက်ဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ မင်းက ငါနဲ့တော့ ယှဉ်ပြိုင်ဖို့ မလိုအပ်ပါဘူး…”
“ကျွန်တော်လည်း မလုပ်ရဲပါဘူး…”
စုန့်ယုကျန်းက စနောက်သည့် အမူအရာနှင့် ပြောလိုက်သည်။
“ဒါက ကိုယ့်ထက် အဆင့်မြင့်တဲ့သူကို ရန်စလိုက်သလိုပဲလေ။ ကျွန်တော် အသက်ရှင်နေတုန်းက အဲဒီလိုအရာမျိုးကို တကယ်ကြုံရမယ်ဆိုရင် ကျွန်တော်က ဘေးထွက်နေပြီး အရာရှိအဖြစ်ကနေ အနားယူမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ဖူးတယ်။ အဆိုးတကာ့ အဆိုးဆုံး ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်က သေခြင်းတရားကို ရိုးရိုးရှင်းရှင်း လက်ခံလိုက်မှာပဲ။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ သေသွားဖို့ကတောင် တော်တော်လေး ခက်ခဲနေပြီ..”
ထိုစကားကို ပြောလိုက်ပြီးနောက် စုန့်ယုကျန်းက တောင်းပန်ရန် နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုရှိနေပြီး ပြောလိုက်၏။
“တောင်တန်းနတ်ဘုရားဝေ့…
နတ်ဘုရားဝေ့ ခဏခဏ ရောက်လာလို့ လော်ပိုတောင်က ကံကောင်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ ထွက်လာဖို့ အမြဲတမ်း ရှက်ရွံ့နေခဲ့တာ။ ဒီအတွေးကြောင့် ကျွန်တော် တကယ်ကို ကြောက်လန့်မိပါတယ်။ ကျွန်တော်က ပိယွင်တောင်ကို လာပြီး နတ်ဘုရားကို တွေ့သင့်တာ…”
သူက မြို့ငယ်လေးထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော အဆင့်နိမ့်အရာရှိ တစ်ပါး ဖြစ်သည်။ သူက သူ သဘောကျသည့်အရာကိုသာ လုပ်ဆောင်တတ်သည့် လူတစ်ယောက်ဖြစ်ပြီး သူ့လက်နှစ်ဖက်က ညစ်ပတ်နေခဲ့သည်။ သူက သူ၏အချိန်အများစုကို ထူးဆန်းသော နဂါးမီးဖိုကြီး (၃၀)နှင့်သာ အချိန်ကုန်ခဲ့ရသည်။ ထို့ကြောင့် စုန့်ယုကျန်း၏ အရာရှိအငွေ့အသက်များက အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ စနောက်ခြင်းကို မဆိုထားနှင့် သူက ဆဲဆိုကြိမ်းမောင်းသည့် စကားလုံးများစွာကိုပင် ရင်းနှီးနေခဲ့၏။
“ကောင်းပြီလေ။ ဆရာကြီးစုန့်က အရာရှိအဖြစ်ကနေ တခြားတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ချက်ချင်း ပြောင်းလဲရမှာပေါ့။ ဒါက နားလည်ပေးလို့ ရနိုင်ပါတယ်…”
ဝေ့ပိုက မှတ်ချက်ပေးလိုက်သည်။
စုန့်ယုကျန်းက အပြုံးနှင့် မေးလိုက်၏။
“မြောက်ပိုင်းမှာရှိတဲ့ တောင်တန်းနတ်ဘုရားကရော ဘယ်သူလဲ…”
ကျားနှစ်ကောင်က ဂူတစ်ခုတည်းတွင် နေထိုင်၍ မရနိုင်ပေ။ ဗုဒ္ဓကပင် ကိုးကွယ်ယုံကြည်မှုများအတွက် တိုက်ခိုက်ရမည်ဖြစ်၏။ ထို့ကြောင့် သူတို့လို နတ်ဘုရားများကတော့ အသက်ရှင်ရပ်တည်ရန်အတွက် ကိုးကွယ်ယုံကြည်မှုများကို ပို၍ပင် လိုအပ်နိုင်သည်။ နောက်ကွယ်တွင် ရှိနေသော လှည့်စားမှုများကလည်း သာမန်လူသားတိုင်းပြည်၏ နန်းတွင်းပြဿနာများထက် လျော့ကျလိမ့်မည် မဟုတ်ချေ။
ဝေ့ပိုက ခဏကြာစဉ်းစားပြီးနောက် အသံတိုးတိုးနှင့် ပြောလိုက်၏။
“သူကလည်း ရင်ဆိုင်ဖို့လွယ်တဲ့လူတော့ မဟုတ်ဘူး။ သူ အသက်ရှင်နေတုန်းက အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့တယ်။ သူက တော်တော်လေး ကြောက်စရာကောင်းပြီး သဘောထားဆိုးတယ်။ သူက ဝမ်ချန်းစံအိမ်နဲ့ စစ်ကျောင်းသူတော်စင်ကျောင်းဆောင်ထဲမှာရှိတဲ့ နတ်ဘုရားတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်လို့ ငါကြားတယ်…”
“အရာရှိတစ်ယောက်က ဒီလိုသဘောထားမျိုး မရှိသင့်ဘူး…”
စုန့်ယုကျန်းက စနောက်သည့် အမူအရာနှင့် ပြောလိုက်သည်။
“မှားယွင်းတဲ့ကျောင်းဆောင်တစ်ခုကို သွားပြီး မှားယွင်းတဲ့ နတ်ဘုရားတစ်ပါးကို ကိုးကွယ်ယုံကြည်တဲ့ လုပ်ရပ်မျိုးက သေချာပေါက် ပြောင်းလဲမှုတွေ ၊ အခက်အခဲတွေပဲ ဖြစ်လာလိမ့်မယ်…”
ထိုစကားကြောင့် ဝေ့ပိုက အားရပါးရရယ်ပြီး လက်မထောင်ပြလိုက်၏။
“ဟားဟားဟားဟား၊ ဒီစကားတွေကိုကြားတော့ ငါ့ရဲ့ဒေါသတွေလည်း ပြေသွားပါပြီ..”
ထို့နောက် သူက လက်ညှိုးတစ်ချောင်း ထောင်လိုက်ရာ လော်ပိုတောင်ထဲတွင် ရှိနေသော မြူခိုးများက တဖြည်းဖြည်း ပို၍မြင့်မားလာခဲ့သည်။ အဆုံးတွင်တော့ သူတို့၏ရှေ့တွင် တစ်နေရာမှ မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။ ထိုအရာက မြစ်တစ်မြစ်၏ ပုံရိပ်ဖြစ်ပြီး လူတစ်ယောက်က ထိုမြစ်ပေါ်တွင် ကန့်လန့်ဖြတ်၍ ကြိုးတစ်ချောင်း ချည်ထားခဲ့သည်။ ထိုကြိုးကိုတော့ ထိုမြစ်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိသော သစ်ပင်နှစ်ခုတွင် တွဲချည်ထားခြင်းဖြစ်သည်။ ထို့နောက် ထိုလူက ပုလင်းငယ်လေး တစ်လုံးကို ဖွင့်လိုက်ပြီး ထိုကြိုးပေါ်တွင် ချိတ်ထားခဲ့၏။
သစ်ပင်တစ်ပင်ပေါ်တွင်တော့ ပန်းရောင်ဝတ် ကလေးမလေးတစ်ယောက်က ခုန်ပေါက်နေပြီး ကြိုးကို လှုပ်ယမ်း ဆော့ကစားနေခဲ့သည်။ ထို့ကြောင့် မြစ်ပေါ်တွင် ရှိနေသော ပုလင်းလေးက အထက်အောက် လှုပ်ရှားနေခဲ့၏။
“ဒါက အရည်အသွေး တော်တော်လေးကောင်းတဲ့ ပဲ့တင်သံ ပုလင်းတစ်လုံးပဲ…”
ဝေ့ပိုက ရှင်းပြလိုက်သည်။
“အဲဒီအရာက လောကကြီးထဲမှာရှိနေတဲ့ လှပတဲ့အသံတွေ အများကြီးကို စုဆောင်းနိုင်တယ်။ လူတစ်ယောက်က ကြိုးကို ပေါ့ပေါ့ပါးပါးလေး လှုပ်ရှားလိုက်ရုံနဲ့ ဒီပုလင်းလေးက ရေထဲမှာရှိတဲ့ အသံတွေကို စုပ်ယူနိုင်တယ်။ မဟုတ်ရင် အဲဒီအရာကို ဖြည့်ဖို့အတွက် တော်တော်လေး အချိန်ပေးရလိမ့်မယ်…”
“ဒီပုလင်းလေးက ချေန်းပင်အန်း ပိုင်တာလား…”
စုန့်ယုကျန်းက မေးလိုက်သည်။
“ဟုတ်တယ်။ ဒါနဲ့ ချန်းပင်အန်းအပေါ် မင်းက ဘယ်လိုသဘောရလဲ…”
ဝေ့ပိုက ခေါင်းညိတ်ပြီး မေးလိုက်သည်။
“စုန့်ကျိရှင်း….ကျွန်တော်နဲ့ မင်းသားလေးရဲ့ပတ်သက်မှုကြောင့် ချန်းပင်အန်း ကြီးပြင်းလာခဲ့ရတဲ့ အရာအားလုံးကို ကျွန်တော် သိထားတယ်။ ကျွန်တော်က သူနဲ့ ပတ်သက်ပြီး အရမ်းကောင်းတဲ့ သဘောထားတစ်ခု ရှိပါတယ်။ ကျွန်တော်က လော်ပိုတောင်ရဲ့ တောင်တန်းနတ်ဘုရားတစ်ပါး ဖြစ်လာတာလည်း အရမ်းကောင်းတယ်လို့ တွေးမိတယ်…”
စုန့်ယုကျန်းက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
ဝေ့ပိုက သူ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော တောင်တန်းနတ်ဘုရားကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ တစ်ချိန်လုံး ဆရာကြီးစုန့်ဟုသာ ခေါ်ခဲ့သည့်လူကိုမျက်ခုံးပင့်၍ ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“မင်းက ဖြစ်နိုင်ချေတစ်ခုကို မစဉ်းစားမိဘူးလို့တော့ မပြောနဲ့။ တာ့လီအင်ပါယာက ချန်းပင်အန်းကို စောင့်ကြည့်ဖို့အတွက် မင်းကို ဒီရာထူးပေးလိုက်တာရော မဖြစ်နိုင်ဘူးလား။ တစ်နေ့နေ့မှာ ဒီလိုနိမ့်ကျတဲ့လုပ်ရပ်တွေက မင်းရဲ့မသိစိတ်ကို ဆန့်ကျင်နေနိုင်တယ်လို့တောင် ပြောလို့ရတယ်…”
စုန့်ယုကျန်း၏ မျက်နှာပေါ်တွင် လွတ်လပ်ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ပြန်ပြောလိုက်၏။
“ကျွန်တော့်ဆီမှာလည်း ထင်မြင်ချက်တစ်ခု ရှိပါတယ်။ တာ့လီအင်ပါယာက ဒီကိစ္စအတွက် သွေးတွေ၊ ချွေးတွေ အများကြီး အားထုတ်ခဲ့တယ်။ သူတို့က နန်းတွင်းမိသားစုဝင်တွေ အများကြီးကို သတ်ပစ်ပြီး အမိုးအကာတွေ တည်ဆောက်ခဲ့တယ်။ နတ်ဘုရားဝေ့လည်း သိနေမယ်လို့ထင်တယ်။ တာ့လီအင်ပါယာက ကြိုမမြင်နိုင်တဲ့ အဖြစ်အပျက်တွေကို ကာကွယ်ဖို့အတွက် အစီအစဉ်တွေ သေချာပေါက် ရှိနေမှာပဲ။ အခု ချန်းပင်အန်းရဲ့ ကံကြမ္မာတွေက ပြောင်းလဲလာပြီ မဟုတ်လား…”
‘ကြီးမြတ်တဲ့ တာ့လီအင်ပါယာ..’
သူ အသက်ရှင်နေစဉ် သူ၏တိုင်းပြည်နှင့်ပတ်သက်ပြီး အလွန်ဂုဏ်ယူခဲ့သည်။ ယခု သူက သေသွားပြီး တောင်တန်းနတ်ဘုရား ဖြစ်လာသည့်အချိန်တွင်လည်း ဂုဏ်ယူဝင့်ကြွားနေဆဲသာ ဖြစ်၏။ ထိုအရာက သေဆုံးသွားသည်ကိုပင် ပြင်ဆင်၍ မရနိုင်သော အရာတစ်ခုဟု ကောက်ချက်ချ၍ ရနိုင်သည်။
ဝေ့ပိုက အချိန်တော်တော်ကြာ တိတ်ဆိတ်သွားခဲ့၏။ သူက မြူခိုးများကို အင်္ကျီလက်ထဲသို့ ပြန်လည်စုစည်းလိုက်သည်။ ထိုမြူခိုးများက အချိန်တော်တော်ကြာ လှည့်ပတ်ပျံသန်းနေပြီးနောက် အိမ်သို့ ပြန်ရောက်လာသော ငှက်များကဲ့သို့ဖြစ်နေ၏။
စုန့်ယုကျန်းက ထိုမြူခိုးများထဲတွင် ဝမ်းသာပျော်ရွှင်မှုကို ခံစားမိနေခဲ့သည်။
ဝေ့ပိုက အပြုံးနှင့်ပြောလိုက်၏။
“ကောင်းတယ်၊ ငါ နားလည်ပြီ…”
ထို့နောက် သူလည်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။
စုန့်ယုကျန်းက ကျောင်းဆောင်၏ခန်းမထဲတွင် တစ်ယောက်တည်းထိုင်ပြီး သက်ပြင်းချလိုက်မိသည်။ သူက အရာရှိတစ်ယောက်အဖြစ် အမှန်တကယ် မသင့်တော်ခြင်းပေလော။ သူက နေရာတိုင်းတွင် အခက်အခဲ အတားအဆီးမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ ယခင်တုန်းကကော သေပြီးသွားသည့်အချိန်တွင်ကော အတူတူသာဖြစ်၏။
အဖြူရောင်ဝတ် တောင်တန်းနတ်ဘုရားဝေ့ပိုက တောင်တန်းများပေါ်သို့ လှည့်ပတ်သွားခဲ့သည့် လမ်းတစ်လျှောက်တွင် လူငယ်လေး ချန်းပင်အန်းကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ သူ၏ရည်ရွယ်ချက်ကို မည်သူက နားမလည်ဘဲနေမည်နည်း။
စုန့်ယုကျန်းကလည်း နားလည်နေခဲ့သည်။ မြောက်ပိုင်းတွင်ရှိသော တောင်တန်းနတ်ဘုရားကလည်း သေချာပေါက် နားလည်နိုင်၏။ ထိုအချိန်တွင် ပတ်ဝန်းကျင်တောင်တန်းများကို ဝယ်ယူထားခဲ့ကြသော အင်မော်တယ် အဖွဲ့အစည်းများစွာကလည်း ထိုအရာကို နားလည်ကြမည် မဟုတ်ပေလော။ သူတို့ကလည်း ဝေ့ပို၏ရည်ရွယ်ချက်ကို သေချာသိနေကြသည်။
ထိုလူငယ်လေးကို ခေါ်ပြီး တောင်တန်းကြီးများကို ရည်ရွယ်ချက်ရှိရှိ လှည့်ပတ်သွားလာခဲ့သည်မှာ ဝေ့ပိုက သူတို့အားလုံးကို တစ်စုံတစ်ခု ပြသနေခြင်းဖြစ်သည်။ ချန်းပင်အန်းကို သူ ကိုယ်တိုင် ကာကွယ်ပေးထားခြင်းဖြစ်၏။ အပြင်လူများက မည်ကဲ့သို့သော နောက်ခံအင်အားမျိုး ရှိစေကာမူ သူ့ပိုင်နက်ထဲ၌ အကျိုးအမြတ် ရယူချင်သည်ဆိုလျှင် မြောက်ပိုင်းတောင်မှ တရားဝင်နတ်ဘုရားအသစ်၏ အစွမ်းကို စဉ်းစားရန် လိုအပ်သည်။
ထိုအရာကလည်း ဝေ့ပိုက သာမန်တောင်တန်းနတ်ဘုရားတစ်ပါး မဟုတ်ခြင်းကြောင့်လည်း ဖြစ်သည်။ သူက နောက်ပိုင်းတွင် ကန်ကြည့်ကျောင်းတော်၏ မြောက်ဘက် ဖြစ်လာနိုင်သော မြောက်ပိုင်းတောင်၏ အစွမ်းထက်ဆုံးနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ခြင်းကြောင့် ဖြစ်သည်။
ပြောရမည်ဆိုလျှင်တော့ သူက စွမ်းအားအရဖြစ်စေ၊ ပိုင်နက်အရဖြစ်စေ၊ လွှမ်းမိုးမှုအရဖြစ်စေ အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းတစ်ဝက်ခန့်ကို လွှမ်းမိုးနိုင်စွမ်းရှိသော မြောက်ပိုင်းတောင်၏ အစွမ်းထက်ဆုံးနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည်။
…………
နှစ်သစ်ရောက်ပြီး တတိယမြောက်နေ့တွင် လူတစ်ယောက်က တောင်တန်းများနှင့် မြစ်များကို လှည့်ပတ်သွားလာနေခဲ့၏။ မြို့ငယ်လေး၏ အနောက်ဘက်တွင် ရှိနေသော တောင်တန်းများထဲတွင် ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားသည့် စာသင်သားပုံစံ လူငယ်တစ်ယောက်နှင့် တခြားလူငယ်တစ်ယောက် ရှိသည်။
သူတို့က လက်ထဲတွင် ဝါးတောင်ဝှေးများကို ကိုင်ထားကြပြီး တောင်ကုန်းများပေါ်တွင် သွားလာနေကြသည်။ သူတို့က လော်ပိုတောင်ပေါ်ကို တက်သည့်အချိန်ကဲ့သို့ တောင်ဝှေးများကို အားကိုးနေကြရ၏။
စာသင်သားလူငယ်က နောက်ကျောတွင် စာအုပ်သေတ္တာလေးတစ်ခုကို လွယ်ထားသည်။ စာသင်သားလက်ထောက်ကတော့ အလွန်အမင်းကို ချောမောပြီး အပြစ်အနာအဆာ မရှိသော သူ၏ရုပ်ရည်က မိန်းမလှလေး တစ်ယောက်ထက် နိမ့်ကျနေခြင်း မရှိချေ။
စာသင်သားလူငယ်ကတော့ မြို့ငယ်လေးမှ လာခဲ့ခြင်း ဖြစ်သည်။ ယခု သူက လုံဝေတိုင်းပြည် ချန်းကလန် တည်ထောင်ထားသော ကျောင်းအသစ်တွင် လက်ထောက်ဆရာ တစ်ယောက်အဖြစ် တာဝန်ယူထားသည်။ သူက နာမည်ဂုဏ်သတင်း အနည်းငယ်သာရှိပြီး အလွန် ဗဟုသုတပြည့်စုံသော ကွန်ဖြူးရှပ်စာသင်သားများထက် အတော်လေးကို နိမ့်ကျသည်။ ထို့ကြောင့် သူက ဆရာဟူသော နာမည်နှင့် ထိုက်တန်ခြင်း မရှိသေးပေ။
သို့သော် သီးသန့်ကျောင်းတော်လေးထဲတွင် ရှိနေသော ကလေးများကတော့ သူ့ကို သဘောအကျဆုံး ဖြစ်ကြသည်။ သူတို့က သူ ပြောပြသော အံ့ဩမှင်တက်ဖွယ်ရာ ပုံပြင်များကို နားထောင်ချင်ကြ၏။ ဥပမာအနေနှင့် ပြောရလျှင် မြွေခွေးဝိညာဉ်များက စာသင်သားများကို မည်သို့ဆွဲဆောင်တတ်ကြောင်း ပုံပြင်ဇာတ်လမ်းများ ဖြစ်သည်။
စာသင်သားလက်ထောက်ကတော့ ထိုကလေးငယ်များထဲမှ တစ်ယောက်ဖြစ်ပြီး သူက လူငယ်လေးကို နားပူနားဆာလုပ်ခဲ့သည့်အတွက်ကြောင့်သာ သူ့ဆရာအဖြစ် တဖြည်းဖြည်း သဘောတူလိုက်ရခြင်း ဖြစ်သည်။
သူက လမ်းလျှောက်နေရင်း မေးလိုက်၏။
“ဆရာ... တာအိုသူတော်စင်တစ်ယောက်က မှတ်ချက်ပေးခဲ့ဖူးတယ်။ ဘဝဆိုတာ ကန့်သတ်ချက် ရှိတယ်။ ဗဟုသုတကတော့ ကန့်သတ်ချက်မရှိဘူးတဲ့။ ကန့်သတ်ထားတဲ့ အရာတွေနဲ့ အကန့်အသတ်မရှိတဲ့အရာတွေကို လိုက်နာရတာက တော်တော်လေး ပင်ပန်းတဲ့တာဝန်တစ်ခုပဲ။ ဒါဆိုရင် ကျွန်တော်တို့က ဘယ်လိုလုပ်သင့်လဲ…”
ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားသော လူငယ်လေးက တစ်စုံတစ်ခုကို စဉ်းစားနေခဲ့သည်။ ထို့ကြောင့် သူက ကောင်လေး၏ မေးခွန်းကို ချက်ချင်းပြန်မဖြေခဲ့ပေ။
ထိုလူငယ်လေးက သူ့ဆရာ၏ သင်ကြားမှုများကို ခေါင်းထဲတွင် ပြန်လည်စဉ်းစားနေခဲ့၏။ ထို့ကြောင့် သူက မေးလိုက်သည်။
“လူသားတွေရဲ့သက်တမ်းက စမ်းချောင်းတစ်ခုကို ဖြတ်သွားရတဲ့ အချိန်လောက်ပဲ ရှိတယ်လို့ သူတော်စင်က ပြောခဲ့ဖူးတယ်။ ဒါက တခြားစကားလုံးတစ်ခုကို ရှင်းရှင်းလင်းလင်း ထောက်ခံပေးလိုက်တာပဲ။ ဒီလိုဆိုတော့ရော ကျွန်တော်တို့က ဘာလုပ်သင့်လဲ…”
စာသင်သားလူငယ်က သတိပြန်ဝင်လာပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ဒါကြောင့်လည်း ငါတို့က ကျင့်ကြံဖို့ လိုအပ်တာပေါ့။ ငါတို့က အတားအဆီးတစ်ခုကို ဖြတ်ကျော်နိုင်တဲ့ အချိန်တိုင်း ငါတို့ရဲ့သက်တမ်းက (၁၀)နှစ်၊ နှစ်(၁၀၀)လောက် သက်တမ်းရှည်သွားတယ်။ ဒါကြောင့် ငါတို့က ပိုများတဲ့စာအုပ်တွေကို ဖတ်ဖို့လိုတယ်..”
ထိုအရာက မေးခွန်းကို အကြွင်းမဲ့ ပြန်ဖြေနိုင်ခြင်းမရှိကြောင်း လူငယ်က ခံစားမိခဲ့သည်။
“ဒါပေမဲ့ ကျွန်တော်တို့ ကွန်ဖြူးရှပ်စာသင်သားတွေက ကျင့်ကြံမှု မြင့်တက်လာမယ်ဆိုရင်တောင် စာပေလေ့လာရတဲ့ အရေးပါဆုံး ဦးတည်ချက်ကတော့ လူသားတွေကို ကယ်တင်ပေးဖို့ပဲ။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လောကကြီးကို ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်အောင် ဖန်တီးဖို့။ ကျွန်တော်တို့က တာအိုသခင်တွေ မဟုတ်ကြဘူး။ သူတို့ကတော့ တစ်ကိုယ်ရည်လွတ်မြောက်မှုကို ရှာဖွေပြီး သီးခြားတာအိုတစ်ခုကို လိုချင်ကြတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဘယ်လိုလုပ်သင့်လဲ…”
“လူတစ်ယောက်မှာ သန့်စင်မှုနှင့် လိုက်လျောမှုတွေ မရှိရင် တခြားသူတွေကို လှုပ်ရှားစေနိုင်မှာ မဟုတ်ဘူး…”
လူငယ်က အပြုံးနှင့် စကားလုံး(၈)လုံး ပြန်ဖြေလိုက်သည်။
‘တည်ငြိမ်စွာ ရပ်တန့်ခြင်း၊ အလွန်လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေကန်များကို ငေးကြည့်ခြင်း..’
သူက နောက်ထပ်စကားလုံး(၈)လုံးကို ထပ်ဖြည့်ပြီး ပြောလိုက်သည်။
‘ကမ္ဘာမြေကြီးကို ငုံ့ကြည့်ပြီး သဘာဝအတိုင်း လုပ်ဆောင်ခြင်း…’
နောက်ဆုံးစကားလုံး(၄)လုံးကို ကြားလိုက်ရသည့်အခါ လူငယ်လေးက အရှေ့ပိုင်းကုန်းမြေကြီးတွင် အလွန်နာမည်ကျော်ကြားသော တာအိုဂိုဏ်းတစ်ခုကို အမှတ်ရသွားခဲ့သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
“လောကကြီးက ဖရိုဖရဲဖြစ်နေပြီဆိုတာကို ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ လောကကြီးက ဖရိုဖရဲဖြစ်နေတဲ့အချိန် တာအိုသခင်တွေက သူတို့ရဲ့ တောင်တန်းတွေထဲကနေ ထွက်လာပြီး လူသားတွေကို ကယ်တင်ဖို့အတွက် လူသားကမ္ဘာကြီးကို ရောက်လာကြတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓပညာရှင်တွေကတော့ တံခါးပိတ်ပြီး သူတို့ရဲ့ကျမ်းစာတွေကိုပဲ ရွတ်ဖတ်နေကြတယ်..”
“ကမ္ဘာကြီး ငြိမ်းချမ်းနေတဲ့အချိန် တာအိုသခင်တွေက အေးအေးချမ်းချမ်း လေ့ကျင့်ဖို့အတွက် သူတို့ရဲ့တောင်တန်းတွေထဲကို ဝင်သွားကြလိမ့်မယ်။ ဗုဒ္ဓပညာရှင်တွေကတော့ တံခါးဖွင့်ပြီး တခြားသူတွေဆီက ငွေကြေးတွေ အလှူခံကြတယ်…”
“ဆရာ... ကြည့်ရတာတော့ တာအိုသခင်တွေက တော်တော်လေး ကောင်းသလိုပဲ။ ဗုဒ္ဓဘုန်းတော်ကြီးတွေကတော့ သိပ်ပြီးတော့ မကောင်းသလိုပဲ။ ဒါကြောင့်လည်း သူတို့က ကျွန်တော်တို့ကုန်းမြေကြီးထဲမှာ နာမည်မကျော်ကြတာ ဖြစ်မယ်။ ဗုဒ္ဓလမ်းစဉ်က ဆက်ပြီး တိုးတက်မှုမရှိတော့တာ သဘာဝကျပါတယ်…”
စာသင်သားလူငယ်က ခေါင်းခါပြလိုက်ပြီး အပြုံးနှင့် ရှင်းပြလိုက်သည်။
“ဒါတွေက စာသင်သားတချို့ ဒေါသထွက်ထွက်နဲ့ ပြောတဲ့စကားလုံးတွေ၊ ထင်မြင်ချက်တွေ သက်သက်ပဲ။ ဒါက အခြေအမြစ် လုံးဝမရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အကြောင်းပြချက်တွေ နည်းနေတယ်။ ဒါက အခြေအနေတစ်ရပ်လုံးကို ယေဘုယျခြုံပြီး ပြောပြလိုက်တဲ့ ဥပမာတစ်ခုလို ဖြစ်နေတယ်။ ဒါက ဆိုးရွားတဲ့ အရာတစ်ခုပဲ။ ဒီတော့ ဒီလိုစကားမျိုးကို မပြောတာက ပိုပြီးတော့ကောင်းတယ်..”
“သင်ကြားမှု(၃)သွယ်က ကိုယ်တိုင်တည်ထောင်နိုင်မှတော့ သင်ကြားမှုတစ်ခုချင်းဆီတိုင်းမှာ ထူးခြားတဲ့အစွမ်းတွေ ရှိတယ်ဆိုတာ သဘာဝပဲ။ ပြီးတော့ အဲဒီသင်ကြားမှု(၃)သွယ်မှာရှိတဲ့ လမ်းစဉ်တွေက အရမ်းကို ရှုပ်ထွေးတယ်။ သူတို့ဆီကနေ ဂိုဏ်းခွဲတွေ အများကြီးလည်း ရှိတယ်။ ဒါကြောင့် ရှုပ်ထွေးမှုက ပိုပြီးတော့များပြားလာတယ်။ ဒါကြောင့် ငါတို့က အဲဒီသင်ကြားမှု(၃)သွယ်ရဲ့ အကြောင်းအရာအားလုံးကို ကောင်းကောင်းနားလည်ချင်တယ်ဆိုရင် သူတို့ရဲ့အုတ်မြစ်ကို လိုက်မှပဲရမယ်။ အဲဒါမှပဲ မင်းက သူတို့တွေကို မှန်မှန်ကန်ကန် မှတ်ချက်ပေးဖို့ အရည်အချင်းရှိတယ်။ မဟုတ်ရင်တော့ မင်းက ဒီကိစ္စတွေကို အပေါ်ယံလောက်ပဲ နားလည်ပြီး မှတ်ချက်ပေးတာက အရမ်းဆိုးရွားသွားလိမ့်မယ်..”
“မင်းက တာအိုသခင်တစ်ယောက် ဒါမှမဟုတ် မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးကို မြင်လိုက်တာနဲ့ သင်ကြားမှုတစ်ခုလုံးကို အကြမ်းဖျင်း မှတ်ချက်ပေးလို့မရဘူး…”
ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားသော လူငယ်က အဝေးတွင် ရှိနေသော တောင်ထိပ်ကြီးကိုကြည့်ပြီး ဆက်ပြောလိုက်သည်။
“လမ်းစဉ်(၃)သွယ်က အချင်းချင်း ဆွေးနွေးတတ်ကြပြီး လမ်းစဉ်တစ်ခုချင်းဆီရဲ့ ကိုယ်စားလှယ်တွေကလည်း သူတို့သင်ကြားမှုရဲ့ အခြေခံတွေကို ရှင်းပြတတ်ကြတယ်။ ဒီကိစ္စရဲ့ထူးခြားမှုတွေကို တွေးကြည့်လို့တောင်မရဘူး။ ဒါကြောင့် ဒါက အန္တရာယ်အများဆုံး အဖြစ်အပျက်တစ်ခုလို့တောင် သတ်မှတ်နိုင်တယ်..”
ကောင်လေးက အံ့ဩသွားခဲ့ပြီး ပြန်မေးလိုက်သည်။
“ဆရာ...
ဒါက လူ(၃)ယောက်တည်း အချင်းချင်း ဆွေးနွေးနေကြတာလေ။ ဘာလို့အန္တရာယ်များရတာလဲ…”
ထိုလူငယ်က အဝေးတွင် ရှိနေသော တောင်တန်းကြီးကို ငေးကြည့်နေရာမှ ပြန်လှည့်လာခဲ့သည်။ သူက ရှေ့တည့်တည့်ကိုကြည့်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်၏။
“ဒါက ဆွေးနွေးပွဲတစ်ခုဆိုမှတော့ လူတစ်ယောက်ကို နားလည်ဖို့ လိုအပ်တဲ့အပြင် ကိုယ့်ရဲ့သင်ကြားမှုနှင့် ပတ်သက်ပြီး အားနည်းချက်နဲ့ အားသာချက်တွေကို နားလည်ဖို့လိုတယ်။ ပြီးတော့ တခြားသင်ကြားမှုနှစ်ခုရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း နားလည်ဖို့လိုတယ်။ ဒီလိုအရာမျိုးကို ရမှပဲ တခြားသူတွေကို အောင်အောင်မြင်မြင် ဖြောင်းဖြဖို့ အခွင့်အရေးရှိလိမ့်မယ်…”
“ဒါကြောင့် တခြားသင်ကြားမှုတွေရဲ့ အတွေးအခေါ်တွေ၊ စည်းမျဉ်းတွေကို လေ့လာတဲ့အချိန်မှာ တချို့လူတွေက ဉာဏ်အလင်းပွင့်မှုတွေ၊ ရုတ်တရက် နိုးထမှုတွေကို ကြုံကြရတာပဲ။ ဆွေးနွေးပွဲမစခင် အချိန်မှာတောင် လူတစ်ယောက်က တခြားလမ်းစဉ်ကို ပြောင်းလဲသွားတဲ့ အဖြစ်အပျက်မျိုးတွေ ရှိခဲ့တယ်…”
အလွန်ချောမောသော လူငယ်လေးက အနည်းငယ် ရှုပ်ထွေးနေခဲ့ပြီး သူကတော့ သူ့ဆရာ ပြောသည့်စကားလုံး၏ တစ်ဝက်ခန့်ကိုသာ နားလည်ခဲ့သည်။
စာသင်သားလူငယ်က အပြုံးနှင့် ပြောလိုက်၏။
“အခုအချိန်မှာ ဒီကိစ္စတွေကို ဆက်ပြီး စဉ်းစားဖို့ မလိုဘူး။ ရှေ့ကို ဆက်သွားကြမယ်…”
လူငယ်က ခေါင်းညိတ်ပြလိုက်သည်။ သူ့နာမည်က ချွေးစစ်ဖြစ်ပြီး ထိုအရာက သူ့ကိုယ်သူ ပေးထားသော နာမည်တစ်ခုလည်းဖြစ်သည်။ သူက မြို့ငယ်လေးထဲတွင် ရှိနေသော ယွမ်ကလန်၏ ဘိုးဘေးနယ်မြေတွင် နေထိုင်ခဲ့သော်လည်း ယွမ်ကလန်၏ မျိုးဆက်တစ်ယောက်တော့ မဟုတ်ချေ။
သူ့ရှေ့တွင် လမ်းလျှောက်နေသော ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားသည့် လူငယ်ကတော့ တခြားလူမဟုတ်ဘဲ လီကျိရှန်ဖြစ်၏။ သူ့လက်ထဲတွင် ကိုင်ထားသော ဝါးတောင်ဝှေးအပြင် သူ၏ခါး၌ သစ်သားတံဆိပ်ပြားလေးနှစ်ခုလည်း ချိတ်ထားသေးသည်။ ထိုအဆောင်ကတော့ အလွန်ရိုးရှင်းပြီး လှပ၏။ သူ့ခါးတွင် ချိတ်ထားသော အဆောင်များက သဘာဝတရားကြီးနှင့် တစ်ထပ်တည်း ဖြစ်နေသည်။
ချွေးစစ်က မနေနိုင်တော့ဘဲ နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
“ဆရာ...
ဘာလို့ ကျွန်တော်တို့က တောင်တန်းထဲကို ဝင်လာရတာလဲ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ…”
“တချို့သူတွေလုပ်ရပ်က အရမ်းမှားတယ်လို့ ငါ ခံစားမိနေလို့ပဲ…”
လီကျိရှန်က ပြန်ဖြေလိုက်သည်။
“သူတို့ရဲ့လုပ်ရပ်တွေက မှားနေတဲ့အတွက် သူတို့က ဒီလိုလမ်းမှားကို တခြားသူတွေ ဆက်လျှောက်ခွင့်မပေးသင့်ဘူး။ ငါက ဒါကိုပြင်ဆင်ဖို့အတွက် အစွမ်းကုန်ကြိုးစားဖို့ လိုအပ်တယ်…”
ချွေးစစ်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။
“ဆရာက အမြဲတမ်းမှန်တာပဲ…”
လီကျိရှန်က ခေါင်းခါပြီး ပြောလိုက်သည်။
“သင်ကြားမှုပဲဖြစ်ဖြစ်၊ ကျောင်းတော်တစ်ခုရဲ့ အတွေးအခေါ်ပုံစံပဲဖြစ်ဖြစ် ၊ စာအုပ်ထဲမှာ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ အဖိုးတန်သင်ကြားမှုတွေပဲဖြစ်ဖြစ် အမြဲတမ်း လျစ်လျူရှုလို့ မရနိုင်ဘူး…”
လူငယ်လေးက အလွန်တွေဝေသွားခဲ့သည်။
“မင်းက ဒီနေ့ နောက်ဆုံးမေးခွန်းတစ်ခု မေးလို့ရသေးတယ်…”
လီကျိရှန်က စနောက်၍ပြောလိုက်သည်။
ချွေးစစ်က ဝမ်းသာသွားခဲ့ပြီး မေးလိုက်၏။
“ပညာတတ်တစ်ယောက်ရဲ့မှတ်စုအရ ဒီကမ္ဘာကြီးထဲမှာ အစွမ်းထက်တဲ့ ဖိနှိပ်ခြင်းကျောင်းဆောင်(၉)ခုအကြောင်း ရေးထားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျောင်းဆောင်က နာမည် ဘာလို့ကွဲပြားရတာလဲ…”
လီကျိရှန်က ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
“မင်းက ပိုင်ကျိဖိနှိပ်ခြင်းကျောင်းဆောင်လို့ခေါ်တဲ့ ဖိနှိပ်ခြင်းကျောင်းဆောင် အကြောင်းကို ပြောချင်တာလား။ ဘာလို့လဲဆိုတော့ ပိုင်ကျိဆိုတာက လူတစ်ယောက်ရဲ့နာမည် ဖြစ်နေလို့ပဲ။ ဒီတော့ အဲဒီအရာကို ပိုင်ဖိနှိပ်ခြင်းကျောင်းဆောင် ဒါမှမဟုတ် ကျိဖိနှိပ်ခြင်းကျောင်းဆောင်လို့ ခေါ်မယ်ဆိုရင် မသင့်တော်ဘူး မဟုတ်လား…”
ထိုလူငယ်လေးက သေချာစဉ်းစားနေခဲ့ပြီး နောက်ထပ်မေးခွန်းတစ်ခု မေးချင်ခဲ့သည်။ သို့သော် သူက မမေးရဲပေ။
လီကျိရှန်က အပြုံးနှင့် ပြောလိုက်၏။
“မေးပါ။ ဒီနေ့ ရာသီဥတုက အရမ်းကောင်းတယ်။ မြေစ်တွေကလည်း အရမ်းလှနေတယ်။ မင်းက နောက်ထပ်မေးခွန်းနည်းနည်း ထပ်မေးနိုင်သေးတယ်..”
ချွေးစစ်က အလွန်ဝမ်းသာသွားခဲ့ပြီး သူ့ဆရာ၏ဘေးသို့ ခုန်လာခဲ့သည်။
“အစွမ်းထက် ဖိနှိပ်ခြင်းကျောင်းဆောင်အောက်မှာ ဖိနှိပ်ထားတဲ့ ပိုင်ကျိဆိုတာက ကျင့်ကြံသူတိုင်း ပိုင်ဆိုင်ထားတဲ့ ပိုင်ကျိမှတ်တမ်းနှင့် ပတ်သက်နေတာလား..”
လီကျိရှန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ သူတို့က ပတ်သက်မှုရှိတယ်။ အမှန်အတိုင်းပြောရရင် သူတို့နှစ်ယောက်လုံးက နာမည်တစ်ခုတည်းပဲ…”
လူငယ်လေးက လျှာကိုသပ်လိုက်ပြီး အံ့ဩသွားခဲ့သည်။
“ဆရာ...
ဒီအရာနှင့် ပတ်သက်ပြီး ပိုပြီးလေးနက်တဲ့ ရှင်းပြချက်တွေ ရှိသေးလား…”
လီကျိရှန်က ခေါင်းမော့ပြီး တစ်နေရာကို တောင်းပန်သလို လှမ်းကြည့်လိုက်သည်။ ထို့နောက် လူငယ်လေးကို သတိပေးလိုက်၏။
“ကွန်ဖြူးရှပ်သူတော်စင်တွေက ငါတို့ကို သင်ပေးထားတယ်။ လူတစ်ယောက်က အကြီးအကဲတစ်ယောက်ကို ကိုယ်စားပြုတဲ့ နာမည်တစ်ခု ဒါမှမဟုတ် သင်္ကေတတစ်ခုကို တိုက်ရိုက်ပြောတာမျိုး ရှောင်ကြဉ်သင့်တယ်..။ ဒါက ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲမှာရှိနေတဲ့ သူတော်စင်တွေကိုပဲ ရည်ညွှန်းတာ မဟုတ်ဘူး။ လမ်းစဉ်(၃)သွယ်နှင့် အတွေးအခေါ်(၁၀၀)ကျောင်းမှာရှိတဲ့ သူတော်စင်တွေလည်း အတူတူပဲ…”
“ပိုင်ကျိဆိုတာကောလား…”
ချွေးစစ်က ဇဝေဇဝါ ဖြစ်သွားသော အမူအရာနှင့် မေးလိုက်သည်။
လီကျိရှန်က အပြုံးနှင့် သူ့နဖူးကို ပုတ်လိုက်၏။
“မင်းက ဘယ်လိုထင်လို့လဲ…”
လူငယ်လေးက ကျယ်လောင်စွာ ရယ်လိုက်ပြီး ထိုအကြောင်းအရာကို ဆက်မတွေးတော့ပေ။ သူတို့နှစ်ယောက်က တောင်တန်းများ၊ မြစ်များကို ဖြတ်ကျော်၍ လမ်းလျှောက်လာကြပြီး လော်ပိုတောင်ဆီသို့ ဦးတည်လာခဲ့၏။
…………….
အရှေ့ပိုင်းကုန်းမြေကြီး၏ အနောက်ဘက်ကမ်းစပ်တွင် ရှိနေသော နေရာတစ်ခုတွင်…
တောင်ထိပ်တစ်ခုပေါ်၌ သားမွေးဝတ်ရုံ ဝတ်ထားသော လူတစ်ယောက် ရပ်နေသည်။ သူ့စိတ်က အနည်းငယ် ပေါ့ပါးနေသော်လည်း သူက အရှေ့ဘက်ကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်လိုက်၏။
ပိုးဖဲဝတ်စုံဝတ်ထားပြီး ဦးထုပ်ဆောင်းထားသော အမျိုးသမီးတစ်ယောက်က သူ့နားတွင် ရပ်နေခဲ့သည်။ သူမကတော့ နှင်းကျနေသော ညအချိန်တွင် တောင်ပေါ်မှ ပြုတ်ကျလာသော မြွေခွေးဝိညာဉ် ဖြစ်သည်။
“အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ သူတော်စင်တချို့က ဆရာ့ရဲ့မကောင်းကြောင်းတွေ ပြောနေလို့လား။ ဒီအစေခံမလေးက သူတို့ကို သွားပြီး သင်ခန်းစာပေးလိုက်ရမလား…”
သူမက ဂရုစိုက်၍ မေးလိုက်သည်။
ထိုလူက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“အဲဒါက တာ့လီအင်ပါယာက အဆင့်(၆) ချီကျင့်ကြံသူတစ်ယောက်ပါပဲ။ ဒီကမ္ဘာကြီးက အခုအချိန်ထိ ဖရိုဖရဲမဖြစ်သေးဘူး။ ဒါပေမဲ့ အရှေ့ပိုင်းကုန်းမြေကြီးကတော့ အေးအေးဆေးဆေး နေလို့မရတော့မဲ့ပုံစံမျိုး ဖြစ်နေပြီ…”
အမျိုးသမီးက အံ့ဩမှင်တက်သွားခဲ့ပြီး ပါးစပ်ပိတ်ထားခဲ့သည်။ သူမက စကားနည်းနည်းသာ ပြောသည်မှာ ပိုကောင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိခဲ့၏။
Translated by Hein Htet.