အခန်း (၂၀၃)
Vol. 14 Ch. 203
ဝေ့ပိုက ချန်းပင်အန်းကို ဝါးအဆောက်အဦးအနားတွင် တွေ့လိုက်ရသည်။ သူက ထိုလူငယ်လေးကို လှမ်းကြည့်လိုက်သည့်အချိန်တွင် ကွင်းပြင်ကြီးထဲရှိ နေရောင်အောက်တွင် မတ်တပ်ကျင့်စဉ် လေ့ကျင့်နေကြောင်း တွေ့လိုက်ရ၏။
ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့ကတော့ သူတို့၏ဆရာထက်ပင် ပို၍အရှင်သခင်ကဲ့သို့ ထင်မှတ်ရသည်။ သူတို့က ဝါးထိုင်ခုံများပေါ်တွင် ထိုင်ပြီး မုန့်ပဲသရေစာများကို စားသုံးနေခဲ့ကြ၏။
ဝေ့ပိုက ချန်းပင်အန်း၏ အနားသို့ လျှောက်သွားခဲ့သည်။ သို့သော် သူက ထိုလူငယ်လေးကို နှောင့်ယှက်ခဲ့ခြင်းမရှိဘဲ သူ၏မတ်တပ်ကျင့်စဉ် ပြီးဆုံးသွားသည့်အချိန်ထိ စောင့်နေခဲ့သည်။
ထို့နောက်တွင်မှသာ ဝေ့ပိုက ပန်းရောင်ဝတ် ကလေးမလေးကို ဝါးထိုင်ခုံနှစ်ခု ယူလာရန် ခိုင်းစေလိုက်သည်။ သူက သူမ၏ဆရာနှင့် ဆွေးနွေးစရာကိစ္စတစ်ခု ရှိကြောင်းလည်း ပြောခဲ့သည်။ ပန်းရောင်ဝတ်ကလေးမလေးက ဘာမျှမလုပ်ရသေးခင် စိမ်းပြာဝတ်ကောင်လေးက လက်တစ်ဖက်နှင့် ထိုင်ခုံတစ်ခုကို ယူပြီး အလွန်အမိန့်နာခံတတ်သော နောက်လိုက်ငယ်သားတစ်ယောက်ကဲ့သို့ ပြေးလာခဲ့သည်။
ဝါးထိုင်ခုံကို အောက်သို့ ချလိုက်ပြီးနောက် သူက အင်္ကျီလက်နှင့် ထိုင်ခုံကို သေချာသုတ်ပေးလိုက်လေသည်။ သူက ကလေးမလေး၏ အနားသို့ ပြန်ရောက်လာပြီး အထင်သေးနေသော သူမ၏အမူအရာကို မြင်သည့်အခါ သူ မှန်သော အမူအရာနှင့် ပြောလိုက်၏။
"နင်က ဘာနားလည်လို့လဲ။ အခြေအနေကို နားလည်တတ်တာကမှ တကယ့်လူကောင်းလို့ခေါ်တယ်…"
ဝေ့ပိုနှင့် ချန်းပင်အန်းတို့က ဝါးထိုင်ခုံများပေါ်တွင် ထိုင်လိုက်ကြသည်။ ဝေ့ပိုက အရင်ဆုံး ပြောလိုက်၏။
"ငါက အဲဒီအချိန်မှာ ဝါးအဆောက်အဦးကို ခိုးကြည့်ခဲ့တဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းရဲ့ အဲဒီဓားလေးနဲ့ မင်းရဲ့တိုက်ပွဲက မင်းထင်ထားတာထက် အဆပေါင်းများစွာ ပိုပြီးတော့ အန္တရာယ်များတယ်။ ဒီတော့ မင်းက လမ်းမှားကို အလွယ်တကူ ရောက်သွားနိုင်တယ်။ အမှန်အတိုင်းပြောရရင် မင်းက နေရာမှာတောင် ချက်ချင်း အသတ်ခံရနိုင်တယ်…"
ချန်းပင်အန်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ဝေ့ပို၏ ရင်ထဲတွင် ရှိနေသော အဖုအထစ်လေးကို ပျောက်ကွယ်သွားစေရန် လက်ခံပေးလိုက်သည်။
"ဓားကျင့်ကြံသူတွေက ကိစ္စနှစ်ခုကို အာရုံစိုက်ဖို့ လိုအပ်တယ်။ ဓားကို လေ့ကျင့်တာနဲ့ ဓားကို သန့်စင်တာ။ ဓားကို လေ့ကျင့်တာကတော့ ဓားသိုင်းကျမ်းတွေကို လေ့ကျင့်တာလို့ ဆိုလိုတာပဲ။ ဓားကို သန့်စင်တာကတော့ လူတစ်ယောက်ရဲ့ ဓားနဲ့အသက် တစ်ပြိုင်တည်းကို အားဖြည့်ဖို့ ရည်ညွှန်းချင်တာ…"
ဝေ့ပိုက ဖြည်းညင်းစွာ ပြောလိုက်သည်။
သူက ခဏရပ်လိုက်ပြီးနောက် ဓားသမားများအတွက် အရေးပါဆုံး ကိစ္စရပ်များကို အသေးစိတ် ရှင်းပြနေခဲ့သည်။ သူကတော့ ယနေ့စကားဝိုင်းကို အလွန်အလေးထားကြောင်း သိသာနေ၏။
"ငါက အဲဒီဓားလေးရဲ့ အရည်အသွေးကို မဆုံးဖြတ်နိုင်ဘူး။ ဒါကြောင့် ငါက ကောက်ချက်ချဖို့လည်း မလွယ်ဘူး။ ဒါပေမဲ့ ငါ ပြောပြလို့ရနိုင်တဲ့ ယေဘုယျစည်းမျဉ်းတချို့တော့ ရှိတယ်။ ဥပမာအနေနဲ့ ပြောရရင် ဓားတစ်ချောင်းကို သန့်စင်တာ ဒါမှမဟုတ် အသက်ဓားပျံတစ်ချောင်းကို သန့်စင်တာက အဖိုးတန်အရင်းအမြစ်တွေ အများကြီးလိုအပ်တဲ့ ကိစ္စတွေပဲ…”
“ဒါကြောင့် မတူညီတဲ့ တောင်တန်းတွေကို လှည့်ပတ်ပြီး ပြရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်ကတော့ မင်းကို ကိစ္စတစ်ခု နားလည်စေချင်လို့ပဲ။ ကျင့်ကြံခြင်းဆိုတာက ရွှေငွေတွေ ပြည့်နှက်နေတဲ့ တောင်မြင့်ကြီးတွေကို ဝါးမြိုရသလို ကိစ္စမျိုးပဲ…”
“သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေက နောက်မျိုးဆက်ပေါင်းများစွာ စားသုံးနိုင်ကြတယ်လို့ သူဌေးတွေက ပြောတတ်ကြတယ်။ ဒါပေမဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်လာရင်တော့ သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေက တစ်သက်လုံး သုံးလို့ရပါ့မလားလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ သင်ကြားမှု(၃)သွယ် တည်ထောင်သူတွေကတော့ ချွင်းချက် ဖြစ်နိုင်သေးတယ်…"
သူတို့၏နောက်တွင် ရှိနေသော ပန်းရောင်ဝတ် ကလေးမလေးက မတ်မတ်ထိုင်ပြီး ထိုစကားများကို သေချာနားထောင်နေခဲ့သည်။ ထိုစည်းမျဉ်းများက သူမလို မီးစပါးအုံးမြွေတစ်ကောင်နှင့် လုံးဝမသက်ဆိုင်ပေ။ သို့သော် သူမ၏ဆရာနှင့် အလွန်သက်ဆိုင်နေသည်။ ထို့ကြောင့် သူမက ထိုအရာကို ပျင်းရိနေပြီး ဂရုတစိုက် နားမထောင်ဘဲ မည်သို့ နေနိုင်မည်နည်း။ အကယ်၍ သူမ၏ဆရာကသာ တစ်စုံတစ်ခုကို လွဲချော်သွားမည်ဆိုလျှင် နောက်ပိုင်းတွင် သူမက ပြန်ပြောပြရန် အကူအညီပေးနိုင်သည်။
ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးကတော့ ပျင်းရိနေသော အမူအရာနှင့် မျက်ခုံးပင့်လိုက်မိ၏။
ချန်းပင်အန်းကတော့ ဝေ့ပို၏ရှင်းပြမှုများကို သေချာအာရုံစိုက်၍ နားထောင်နေခဲ့သည်။ အကယ်၍ ဝေ့ပိုကသာ ယနေ့သူ့ကို လာ၍ စကားမပြောလျှင် သူက ထိုကိစ္စများနှင့် ပတ်သက်ပြီး ရွမ်ရှို့ဆီတွင် မေးမြန်းရန် ပန်းပဲဆိုင်သို့ သိပ်မကြာခင် သွားတော့မည်ဖြစ်သည်။
ဝေ့ပိုက သူ၏လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲသို့ ထည့်ထားခဲ့သည်။ ထိုအရာက လူငယ်လေး ချွေးချန်းနှင့် အတော်လေးတူညီနေသည့် လုပ်ရပ်တစ်ခုဖြစ်၏။
"ချီကျင့်ကြံသူတစ်ယောက် ရင်ဆိုင်ရတဲ့ ပထမဆုံးအတားအဆီးကတော့ သူတို့က ဓားသမား တစ်ယောက်ဖြစ်နိုင်တဲ့ ပါရမီ ရှိမရှိပဲ။ ဓားသမားတစ်ယောက် ဖြစ်လာပြီးရင် သူတို့ရင်ဆိုင်ရတဲ့ ဒုတိယအတားအဆီးကတော့ ဓားပျံတစ်လက် ဝယ်ဖို့ ငွေကြေးရှိမရှိ ဆိုတာပဲ။ ဒီအတားအဆီးကလည်း နိမ့်ကျနေတာတော့ မဟုတ်ဘူး…”
“ဓားတစ်ချောင်းရဲ့ မာကျောမှုက ဓားသွားရဲ့သိပ်သည်းမှုအပေါ် မူတည်တယ်။ ဒါကြောင့် ပန်းပဲဆိုင်တွေက ဓားကို အကြိမ်ပေါင်း(၁၀၀)၊ အကြိမ်ပေါင်း (၁)ထောင်လောက် တူနဲ့ထုပေးဖို့ လိုအပ်တယ်…”
“ဓားတစ်ချောင်းရဲ့ ထက်မြက်မှုကတော့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။ ဒါကြောင့်လည်း နဂါးခေါင်းဖြတ်စင်မြင့်က အရမ်းဈေးကြီးပြီး တန်ဖိုးရှိနေရတာပဲ။ အမှန်အတိုင်း ပြောရရင် သူတော်စင်ရွမ်ချုံကတောင် ဒီနဂါးခေါင်းဖြတ်စင်မြင့်တစ်ခုလုံးကို သူတစ်ယောက်တည်းအတွက် မယူရဲဘူး။ ဖုန်းရွှယ်ကျောင်းဆောင်နဲ့ စစ်တောင်တန်းတို့ကို ဖိတ်ခေါ်ပြီးမှပဲ သူတို့က အညီအမျှ ခွဲဝေရဲတာ…"
ချန်းပင်အန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ သူတော်စင်များပင် မသက်မသာ ဖြစ်ရသော အချိန်များ ရှိနေသေး၏။
ဝေ့ပိုက သူ့နောက်တွင် ရှိနေသော တောင်မြင့်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအရာက ဧရာမနဂါးခေါင်းဖြတ်စင်မြင့်တစ်ခု တည်ရှိနေသော တောင်မြင့်ကြီးလည်း ဖြစ်၏။
“နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေရင်တောင် ဓားသွေးကျောက်နှင့် ပတ်သက်လာရင် အရမ်းမြင့်မားတဲ့ လိုအပ်ချက်တွေ ရှိလာတယ်။ ဒါကြောင့်လည်း နဂါးခေါင်းဖြတ်စင်မြင့်က အရမ်းကို ဈေးကြီးနေရတာပဲ။ လိုအပ်ချက်က အရမ်းမြင့်ပေမဲ့ အရေအတွက်ကတော့ အရမ်းနည်းတယ်။ လူတော်တော်များများကတော့ သူတို့ကို ရောင်းချမယ့်အစား လက်ထဲမှာပဲ သိမ်းထားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကို ကိုင်ဆောင်ထားတာက အကျိုးအမြတ် အာမခံနိုင်တယ်လေ…”
“လူတစ်ယောက်ကသာ အသက်ကယ်ဖို့ ငွေမလိုဘူးဆိုရင် သူတို့ရဲ့ နဂါးခေါင်းဖြတ်စင်မြင့်ကို လုံးဝရောင်းချမှာ မဟုတ်ဘူး။ တကယ်လို့ အဝတ်ထုတ်ဆိုင်က လက်ဝါးအရွယ် နဂါးခေါင်းဖြတ်စင်မြင့်တစ်ခုကို ရောင်းတော့မယ်လို့ သတင်းပေးလိုက်မယ်ဆိုရင် နွားချိုတောင်တစ်ခုလုံးကတောင် လူပင်လယ်ကြီးနဲ့ ပြည့်သွားလိမ့်မယ်…”
ဝေ့ပိုက လူငယ်လေးကို လက်ညှိုးထိုးပြီး ဆက်ပြောလိုက်သည်။
"ချန်းပင်အန်း…
မင်းက ဘာလို့ အဲဒီမြွေကျောက်တုံးတွေကို တန်ဖိုးမရှိတဲ့ အမှိုက်တွေလို ပေးပစ်နေရတာလဲ။ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ သာမန်ဆေးလုံးတွေ ၊ ဆေးရည်တွေက ဘယ်လောက်ပဲ အကျိုးသက်ရောက်မှုရှိရှိ ၊ ဘယ်လောက်ပဲ အရည်အသွေးမြင့်မြင့် ၊ သူတို့က လူတစ်ယောက်ရဲ့ သွေးကြောမှတ်ပေါ်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတချို့တော့ သေချာပေါက် ဖြစ်လာစေနိုင်တာပဲ။ အဲဒီအရာကို ရှောင်လွှဲဖို့ အရမ်းခက်တယ်။ အကျိုးသက်ရောက်မှုကလည်း ဖယ်ရှားဖို့ တော်တော်လေး ခက်တယ်…”
“အစပိုင်းမှာတော့ လူတစ်ယောက်က အဲဒီဆိုးကျိုးတွေကို ဖိနှိပ်ပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ မထင်မရှား သွေးကြောမှတ်တချို့ထဲမှာ သိမ်းဆည်းထားလို့ရတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ကျင့်စဉ်အဆင့်က မြင့်တက်လာမယ်ဆိုရင်တော့ မသန့်စင်တဲ့အရာတွေ စုဆောင်းလာမှုက တဖြည်းဖြည်း ထင်ရှားလာလိမ့်မယ်…”
“အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းတွေကိုသုံးပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့အချိန်ကျရင် အဲဒီမသန့်စင်မှုတွေက ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်။ ဒါက မဟာတာအိုလမ်းစဉ်ကို နှောင့်ယှက်နိုင်တဲ့ အရာတစ်ခုပဲ…”
“အဆင့် (၁၀) ချီကျင့်ကြံသူတွေက သာမန်လူသားကမ္ဘာကြီးထဲမှာ သူတော်စင်တွေအဖြစ် သတ်မှတ်နိုင်တယ်။ ဘာလို့ လူတော်တော်များများက တစ်နေရာတည်းမှာပဲနေပြီး လှည့်ပတ်သွားလာတာမျိုး မရှိရတာပဲ။ သူတို့က လိပ်အိုကြီးတွေလို ဘဝမျိုးကို သဘောကျနေလို့လား။ သေချာပေါက် မဟုတ်ဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီမသန့်စင်တဲ့အရာတွေကို သေချာဂရုစိုက်ပြီး ဖယ်ရှားနေရတဲ့အတွက်ကြောင့်ပဲ…"
စိမ်းပြာဝတ်ကောင်လေးက အနည်းငယ် ကြောက်လန့်သွားခဲ့သည်။ သူက လှည့်ပတ်သွားလာနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး မတ်မတ်ထိုင်လိုက်၏။ သူက တခြားနေရာများကို လှည့်ပတ်ပြီး မကြည့်ရဲတော့ပေ။
ပန်းရောင်ဝတ် ကလေးမလေးကလည်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။ အမှန်အတိုင်းပြောရလျှင် သူမက သူမ၏ဆရာပေးသော အရည်အသွေးမြင့်သော မြွေကျောက်တုံး တတိယတစ်တုံးကိုသာ စဉ်းစားနေမိခဲ့သည်။ သူမက ထိုကျောက်တုံးကို မစားခဲ့ပေ။
"ချန်းပင်အန်း…
အခု ငါက မင်းကို လျှို့ဝှက်ကိစ္စတချို့ ပြောချင်တယ်…"
ဝေ့ပိုက လေးလေးနက်နက်အမူအရာနှင့် ပြောလိုက်၏။
"ငါက ဒီကိစ္စအတွက် သင့်တင့်တဲ့ တန်ဖိုးတစ်ခု ပေးရမယ်ဆိုရင်တောင် မင်းက တခြားသူတွေကို အလွယ်တကူ ထုတ်မပြောဖို့ မျှော်လင့်တယ်…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့။ ရွမ်ရှို့နဲ့ အစ်ကိုလီတို့အပြင် ဒီမြို့ငယ်လေးထဲမှာ ကျွန်တော်နဲ့ စကားပြောတဲ့သူ များများမရှိဘူး…"
ထိုစကားကိုကြားသည့်အခါ ဝေ့ပိုက ဆက်ပြောလိုက်၏။
"မင်းက ကျောက်စက်ပန်းဆွဲတောင်အကြောင်းကို ကြားဖူးလား…"
ချန်းပင်အန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သို့သော် သူက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက ခေါင်းမညိတ်သလို ခေါင်းခါခဲ့ခြင်းလည်း မရှိချေ။
ထိုလူငယ်၏ အပြုအမူကို မြင်သည့်အခါ အိုက်လျန်က ထိုအရာနှင့် ပတ်သက်ပြီး သူ့ကို ပြောပြခဲ့သည်ဟု ဝေ့ပိုက ယူဆခဲ့သည်။ ထိုအရာက ထူးဆန်းနေခြင်းလည်း မရှိချေ။ သူက ရှင်းပြလိုက်၏။
"ကျောက်စက်ပန်းဆွဲတောင်ကို တာအိုဘိုးဘေးရဲ့ တပည့်(၃)ယောက်ထဲက တစ်ယောက် ဖန်တီးထားခဲ့တာ။ သူက ခန့်မှန်းလို့မရနိုင်တဲ့ အရင်းအမြစ်တစ်ခုကိုလည်း သုံးထားခဲ့တယ်။ အဲဒါက ဒီကမ္ဘာကြီးထဲမှာ အကြီးဆုံးတောင်တန်းတံဆိပ် တစ်ခုလို့လည်း ပြောလို့ရတယ်။ အဲဒီအရာကို အဆုံးမဲ့တာအိုစွမ်းအားတွေနဲ့ ထောက်ပံ့ထားတာ။ ဒါကြောင့်လည်း ဖျက်ဆီးလို့ မရနိုင်တာပဲ…”
“ကျောက်စက်ပန်းဆွဲတောင်က လူသားကမ္ဘာကြီးနှင့် နတ်ဆိုးကမ္ဘာကြီးရဲ့ နယ်စပ်မှာ ရှိတယ်။ အဲဒါက ကမ္ဘာနှစ်ခုရဲ့ကြားထဲမှာ ပထမဆုံး အကာအကွယ်တစ်ခုလို့လည်း ပြောလို့ရသလို နောက်ဆုံးခံတပ်လည်း ဖြစ်နိုင်တယ်…"
"ဘာလို့ နောက်ဆုံးခံတပ်ဖြစ်ရတာလဲ…"
ချန်းပင်အန်းက မေးလိုက်၏။
ဝေ့ပိုက ပြုံးရုံလေးပြုံးပြီး ပြန်ဖြေလိုက်သည်။
"ဒီရေလှိုင်းတွေက ကျောက်တန်းကြီးတွေကို ထိုးဖောက်လာရင် ဘယ်အရာကရော ထိန်းထားနိုင်မှာလဲ…"
အဖြူဝတ် တောင်တန်းနတ်ဘုရားက ထိုင်ခုံတွင် မှီထိုင်လိုက်သည်။ သူက အပေါ်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်၏။
"နာမည်ကျော်ဓားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့ ပြည့်စုံကျူပင်ကုန်းမြေကြီးက ဓားသမားတွေအပြင် အရှေ့ပိုင်းကုန်းမြေကြီးကို ရောက်လာတဲ့ ဓားသမားတွေအားလုံးက မြို့ငယ်လေးရဲ့ အပေါ်ဘက်ကို ဆင်းသက်လာကြပြီး ယာယီပေါ်လာခဲ့ကြဖူးတယ်…”
“ဒါပေမဲ့ တစ်ကြိမ်မှာတော့ ကမ္ဘာကြီးထဲမှာရှိတဲ့ ဓားသမားအားလုံးကိုတော့ ကျောက်စက်ပန်းဆွဲတောင်ဆီ ဆင့်ခေါ်နေခဲ့တယ်။ သူတို့က တောင်တန်းကို ဖြတ်ကျော်ပြီး အဲဒီမြို့ထဲကို ဝင်သွားကြလိမ့်မယ်။ သူတို့က မဟာတံတိုင်းပေါ်မှာရပ်ပြီး တိုက်ခိုက်ကြရလိမ့်မယ်။ သူတို့က သေခြင်းရှင်ခြင်းကြားထဲမှာ သူတို့ရဲ့ ဓားတာအိုကို မြှင့်တင်ကြရလိမ့်မယ်…”
“ဓားချီမဟာတံတိုင်းက ဒီလောကကြီးထဲမှာရှိတဲ့ ဓားအင်မော်တယ်တွေကို အများဆုံး စုစည်းနိုင်တဲ့ နေရာတစ်ခုပဲ။ အဲဒီနေရာက ဒီလောကကြီးထဲမှာ နာမည်ကျော် ဓားအင်မော်တယ် အများစု ဆုံစည်းနေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးနဲ့ အကြီးကျယ်ဆုံးလုပ်ရပ်မျိုးတွေ လုပ်ဆောင်နိုင်တဲ့ ဓားအင်မော်တယ်တွေကို မြင်တွေ့ခွင့်ရတဲ့ နေရာတစ်ခုပဲ။ ဒါပေမဲ့ သူတို့မှာ လိုအပ်နေတဲ့အရာကို မင်းသိလား…"
ဝေ့ပိုက ချန်းပင်အန်းကို လှည့်ကြည့်လိုက်သည်။
ချန်းပင်အန်းက ခေါင်းခါပြရုံသာ တတ်နိုင်တော့၏။
"သူတို့မှာ ဓား လိုအပ်နေတယ်…"
ဝေ့ပိုက ပြောလိုက်သည်။
"တိုက်ပွဲတွေက အရမ်းကို ပြင်းထန်ပြီး အရမ်းကို စိပ်နေတဲ့အတွက် ဓားသမားတွေ ယူသွားတဲ့ နတ်ဘုရားဓားတွေက ကျိုးသွားတာတွေ၊ ဓားချီစွမ်းအင် ပျက်စီးသွားတာတွေ၊ သူတို့ရဲ့ပိုင်ရှင် သေဆုံးသွားတာတွေ ဖြစ်တတ်တယ်။ ကုန်းမြေအသီးသီးမှာ ထိပ်တန်းစာရင်းဝင်တဲ့ နာမည်ကျော်ဓားတွေ ရှိကြတယ်။ အဲဒီအတွက်ကြောင့်လည်း ဓားချီမဟာတံတိုင်းမှာ မွေးဖွားကြတဲ့ ဓားသမားတွေက ဓားကောင်းတစ်လက်ရဖို့ အရမ်းကိုခက်တယ်…”
“ပြီးတော့ နတ်ဆိုးမျိုးနွယ်စုမှာလည်း တော်တော်လေး အံ့ဩစရာကောင်းတဲ့ ဓားကျင့်ကြံသူတွေ ရှိကြတယ်။ အဲဒီနတ်ဆိုးဓားကျင့်ကြံသူတွေက သေဆုံးသွားတဲ့ နာမည်ကျော်ဓားတွေကို စုဆောင်းရတာ သဘောကျတယ်။ ဒီတော့ သူတို့နဲ့ တိုက်ခိုက်နေရတဲ့ ဓားသမားတွေက ဓားအရေအတွက် အမြောက်အများ လိုအပ်တယ်။ အမှန်အတိုင်းပြောရရင် သူတို့က ပြင်ပကမ္ဘာကြီးကနေ ဓားတွေ ဆက်တိုက်ဝယ်နိုင်ဖို့အတွက် ကျောက်စက်ပန်းဆွဲတောင်နှင့် ချိတ်ဆက်ထားဖို့တောင် လိုအပ်တယ်…”
“ဒီအတွက်ကြောင့်လည်း ကုန်သည်တွေ အမြောက်အများက ကျောက်စက်ပန်းဆွဲတောင်ရဲ့ အပြင်ဘက်မှာ စုစည်းနေကြတယ်။ အဲဒီလူတွေက ဈေးမြှင့်ပြီး သူတို့ရဲ့ထုတ်ကုန်တွေကို မက်လောက်စရာတန်ကြေးနှင့် ရောင်းချကြတယ်။ လူပေါင်းများစွာကတော့ အဲဒီအရာရဲ့ ကျေးဇူးကြောင့် ကြွယ်ဝချမ်းသာလာကြတာပဲ…"
ချန်းပင်အန်းက တစ်စုံတစ်ခု ပြောချင်နေသော်လည်း ထိုစကားကို မပြောခဲ့ပေ။
ဝေ့ပိုက လူငယ်လေး၏ အတွေးကို နားလည်နေသည့်အလား ပြောလိုက်၏။ "လူတိုင်းက မင်းနဲ့အတူတူပဲလို့ တွေးနေတာလား။ လူတိုင်းက မင်းလို ရတနာတွေကို အလွယ်တကူ ပေးပစ်တဲ့ အရူးတစ်ယောက်လို့ ထင်နေတာလား။ သူတို့က အဲဒီအရာကို ကုသိုလ်ယူဖို့ လိုအပ်ဦးမှာလား…"
ထိုကောင်လေး၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက နှာခေါင်းကို လက်နှင့် ပွတ်လိုက်ပြီး နောက်ပိုင်းတွင် သူ၏မသိစိတ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု စဉ်းစားမိလာခဲ့၏။ သူက နောက်ပိုင်းတွင် သူ့ကိုယ်သူ အနည်းငယ်ပို၍ ကောင်းမွန်စွာ ဆက်ဆံသင့်သည်။
ချန်းပင်အန်းက တိတ်ဆိတ်နေခဲ့၏။
"ချန်းပင်အန်း…
ငါပြောတဲ့ စကားတွေကို ခေါင်းထဲထည့်မထားပါနဲ့။ အမှန်အတိုင်း ပြောရရင် ငါက မင်းကို တော်တော်လေးစားမိတယ်…"
ဝေ့ပို၏ မျက်နှာပေါ်တွင် တောင်းပန်လိုသော အမူအရာတစ်ခုပေါ်လာပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထိုစကားလုံးများက သူ့ရင်ထဲတွင် အချိန်တော်တော်ကြာ ရှိနေသလို ထင်မှတ်ရ၏။ သူက ထိုစကားများကို ပြောလိုက်ရသည့်အတွက် အနည်းငယ် စိတ်ထဲပေါ့သွားသလို ခံစားလိုက်ရ၏။
သူက သေချာအလေးအနက်ထားပြီး ထပ်ပြောလိုက်၏။
"ငါသိထားတဲ့ အချက်အလက်တွေကိုပဲ စဉ်းစားကြည့်ရမယ်ဆိုရင် အဲဒီကမ္ဘာကြီးထဲမှာ ငါနှင့် ရင်းနှီးတဲ့ ထိပ်တန်းဓားအင်မော်တယ် အနည်းဆုံး (၃)ယောက်ရှိတယ်။ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်နှင့် အဖျက်စွမ်းအားတွေက လုံးဝခန့်မှန်းကြည့်လို့ မရနိုင်ဘူး။ အခု နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အဲဒီမှာ ထိပ်တန်းဓားအင်မော်တယ်တွေ နည်းသွားလား များလာလားဆိုတာတော့ ငါလည်း သေချာမပြောနိုင်တော့ဘူး…"
ဝေ့ပိုက သူ့ခေါင်းကို လက်နှင့်ရိုက်ပြီး ရယ်လိုက်၏။
"ငါပြောဖို့ မေ့တော့မလို့။ နတ်ဆိုးမျိုးနွယ်စုက ဘာကြောင့် ဓားချီမဟာတံတိုင်းကို မရပ်မနား တိုက်ခိုက်နေရတာလဲ သိလား။ အဖြေကတော့ အရမ်းရိုးရှင်းပါတယ်။ သူတို့ရဲ့ ကမ္ဘာကြီးထဲမှာရှိတဲ့ ပတ်ဝန်းကျင်က အရမ်းကို ပြင်းထန်တယ်။ လေထုထဲမှာရှိတဲ့ စွမ်းအားတွေကလည်း အရမ်းနည်းတဲ့အတွက် ကျင့်ကြံမှုအတွက် အဆင်မပြေဘူး။ ဒါပေမဲ့ သူတို့ဆီမှာ အစွမ်းထက်တဲ့ ခန္ဓာကိုယ်တွေ ရှိကြတယ်။ သူတို့က တိုက်ခိုက်စွမ်းရည်လည်း အရမ်းမြင့်မားကြတယ်။ ဒါကြောင့် နတ်ဆိုးကမ္ဘာကြီးက ပိုပြီးအစွမ်းထက်တဲ့ နတ်ဆိုးတွေကို မွေးထုတ်ပေးနိုင်တဲ့ ဧရာမသားဖေါက်စက်ကြီး တစ်ခုလိုပဲ…”
“အစွမ်းထက်တဲ့လူတွေက နယ်မြေအများဆုံးကို စိုးမိုးနိုင်တယ်။ ကျင့်ကြံရေးအရင်းအမြစ် အများဆုံးကို ပိုင်ဆိုင်နိုင်ပြီး မျိုးဆက်အများဆုံးလည်း ရှိတယ်။ အဲဒီအချိန်မှာ ငါတို့လူသားကမ္ဘာကြီးကတော့ သူတို့ရဲ့ မျက်လုံးထဲမှာ အဆီတဝင်းဝင်းဖြစ်နေတဲ့ အသားတုံးတွေလိုပဲ။ သူတို့က နတ်ဆိုးတွေရဲ့ ပန်းကန်လုံးထဲမှာရှိတဲ့ အသားစတွေလိုပဲ..။ ငါတို့တွေက သူတို့အတွက် စားစရာတွေလို ဖြစ်နေတာ။ ဒါကြောင့် သူတို့က မျက်စိရှေ့မှာရှိတဲ့ အဆီတဝင်းဝင်းနဲ့ အသားတွေကို အရယူဖို့ ကြိုးစားနေတာ သဘာဝပဲ.."
ဝေ့ပို၏ အမူအရာက တဖြည်းဖြည်း တည်ငြိမ်လာပြီး ဆက်ပြောလိုက်၏။
"အမှန်အတိုင်းပြောရရင် ဘယ်သူက မှန်လဲ၊ ဘယ်သူက မှားလဲဆိုတာ ငါတို့က ဘယ်လိုဆုံးဖြတ်မလဲ။ တစ်ဖက်က အသက်ရှင်ရပ်တည်ဖို့အတွက် နယ်မြေချဲ့ထွင်ဖို့ ကြိုးစားနေတယ်။ ပြီးတော့ သူတို့ရဲ့မျိုးဆက်တွေကို ပိုကောင်းတဲ့ ဘဝတစ်ခု ပေးချင်နေတယ်။ တစ်ဖက်ကတော့ သူတို့ရဲ့ ပိုင်နက်ကို ကာကွယ်ပြီး အခြေအနေတွေ ပိုဆိုးမလာအောင် ထိန်းသိမ်းထားချင်နေတယ်။ တကယ်လို့ တတိယအဖွဲ့တစ်ခုကသာ ဒီရုန်းကန်မှုတွေကို စောင့်ကြည့်နေမယ်ဆိုရင် ဒါက ကောင်းတာနဲ့ ဆိုးတာ ခွဲခြားမှုတစ်ခုလို မြင်နိုင်မှာ မဟုတ်တော့ဘူး…”
“ပိယွင်တောင်ကို ရောက်လာပြီး တရားဝင်တောင်တန်းနတ်ဘုရားတစ်ယောက် ဖြစ်လာဖို့ သဘောတူပြီးမှပဲ တာ့လီအင်ပါယာကနေ တော်တော်လေးကို အရေးပါတဲ့ အဲဒီလျှို့ဝှက်ချက်တွေကို သိခွင့်ရခဲ့တယ်။ ငါ နောက်ထပ်ပြောမယ့် စကားတွေကိုတော့ မင်းက ပုံပြင်လို့ပဲ သတ်မှတ်နိုင်တယ်။ မင်းက အဲဒီအရာတွေကို အလေးအနက်ထားစရာ မလိုဘူး…”
“တစ်ချိန်တုန်းက တော်တော်လေးကို ဆိုးရွားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေက ပူးပေါင်းပြီး ဓားချီမဟာတံတိုင်းကို ရောက်လာခဲ့တယ်။ သူတို့က အစွမ်းထက်ဆုံး လူသားကျင့်ကြံသူတွေနဲ့ ဆွေးနွေးပြီး တိုက်ပွဲတွေရပ်ဖို့ အပေးအယူလုပ်ခဲ့တယ်။ အဲဒီအစား သူတို့က ကျောက်စက်ပန်းဆွဲတောင်ရဲ့တစ်ဖက်မှာ အရှေ့ပိုင်းကုန်းမြေကြီးလောက် အရွယ်အစားရှိတဲ့ နယ်မြေတစ်ခုကို ရယူနိုင်ဖို့ပဲ မျှော်လင့်နေတယ်…”
“ဒါပေမဲ့ လူသားကျင့်ကြံသူတွေကတော့ သဘောမတူခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တစ်လက်မပေးရင် တစ်မိုင်ယူမယ်ဆိုတဲ့ သဘောတရားကို ကလေးတွေကတောင် နားလည်တယ်လေ။ အဲဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာ နှစ်ဖက်စလုံးက အလောင်းအစားလုပ်ဖို့ သဘောတူခဲ့ကြတယ်။ အဲဒါကြောင့် နှစ်ဖက်စလုံးက သူတို့ရဲ့ အစွမ်းထက်ဆုံးပညာရှင် (၁၃) ယောက်ကို စေလွှတ်ပြီး တိုက်ပွဲတွေ တိုက်ခိုက်ခိုင်းတယ်…”
“အမှန်အတိုင်းပြောရရင် ဒီတိုက်ပွဲက မကြာသေးခင်ကမှ ဖြစ်လာခဲ့တာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပေါ့။ စုစုပေါင်း သီးသန့်တိုက်ပွဲ (၁၃) ခု။ တိုက်ပွဲအများဆုံး အနိုင်ရတဲ့အဖွဲ့က အလောင်းအစားကို အနိုင်ရလိမ့်မယ်။ တကယ်လို့ နတ်ဆိုးမျိုးနွယ်စုက အနိုင်ရမယ်ဆိုရင် သူတို့က ရဲမက်တွေတစ်ယောက်မှ စတေးဖို့မလိုဘဲ ဓားချီမဟာတံတိုင်းကို ထိန်းချုပ်နိုင်လိမ့်မယ်။ တကယ်လို့ ငါတို့နိုင်မယ်ဆိုရင်တော့ နတ်ဆိုးကမ္ဘာကြီးထဲမှာရှိတဲ့ ဓားတွေ အားလုံးကို ရလိမ့်မယ်…"
ထိုစကားကို ပြောလိုက်ပြီးနောက် ဝေ့ပိုက ခံစားချက်များ ပြည့်နှက်နေသည့် အမူအရာနှင့် မတ်တပ်ရပ်လိုက်မိသည်။
"ငါတို့က တိုက်ခိုက်ကြရမယ်။ ဘာလို့ ငါတို့က ဒီအလောင်းအစားကို လက်မခံရဲရမှာလဲ။ မင်း သိလား…"
ဝေ့ပိုက အလွန်တက်ကြွသော အမူအရာနှင့် တောင်ဘက်ကို လက်ညှိုးထိုးပြလိုက်၏။
"လူသားကမ္ဘာကြီးက ကျင့်ကြံသူ (၁၃)ယောက် ရဖို့အတွက် တော်တော်လေးကို ခေါင်းစားခဲ့ရတယ်။ အလယ်မြေနတ်ဘုရားကုန်းမြေကြီးက လုချန်း။ သူ့ရဲ့အသိပညာနှင့် အတွေးအခေါ်တွေက သဘာဝကျောင်းတော်တွေထဲမှာ ရှိတဲ့ သင်ကြားမှုတစ်ဝက်လောက်ရှိတယ်လို့ ပြောကြတယ်။ နတ်ဆိုးမျိုးနွယ်စုကို တွက်ချက်ပေးဖို့အတွက် အရမ်းကိုကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရတဲ့ တာအိုဘိုးဘေးတစ်ယောက်လည်း ရှိသေးတယ်။ ဒါက နောက်ဆုတ်လို့မရတဲ့ အထွဋ်အထိပ်တိုက်ပွဲတစ်ခုပဲ…”
“နှစ်ဖက်စလုံးက သူတို့ရဲ့ အစွမ်းထက်ဆုံးကျင့်ကြံသူ (၁၃)ယောက်ကို စေလွှတ်မယ်လို့ သဘောတူပြီးသွားပြီ။ ဒီတော့ သေချာပေါက် လုပ်ရမှာဖြစ်ပြီး ကမ္ဘာနှစ်ခုရဲ့ ကြားထဲမှာရှိတဲ့ နယ်စပ်ကို ဖျက်ဆီးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာနှစ်ခုရဲ့ မတည်ငြိမ်မှုက ကောင်းတာထက် ဆိုးတာကိုပဲ ပိုပြီးတော့ ဖြစ်လာစေနိုင်တယ်လေ။ ဒီတော့ မျှတတဲ့ တိုက်ပွဲတစ်ခုဆိုတာ လုံးဝမရှိနိုင်တော့ဘူး…”
“တိုက်ပွဲတစ်ခုကလွဲရင် ဓားချီမဟာတံတိုင်းကို စောင့်ကြပ်နေတဲ့ လူသားကျင့်ကြံသူတွေက ပထမဆုံး တိုက်ပွဲ (၇) ပွဲကို အနိုင်ရခဲ့တယ်။ ငါတို့က (၆) ပွဲ အနိုင်ရထားတဲ့အတွက် သေချာပေါက် အနိုင်ရတော့မယ့် ပုံစံမျိုးပဲ။ ဒါပေမဲ့ ငါတို့က (၈)ကြိမ်မြောက် တိုက်ပွဲကို ရှုံးနိမ့်ခဲ့ရတယ်။ အဲဒီမိန်းကလေး ဓားပညာရှင်က ပထမဆုံး အသတ်ခံရတဲ့ လူသားတစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ငါတို့က ဆက်တိုက်ရှုံးနိမ့်ခဲ့ရတယ်။ နောက်ဆုံး (၁၂) ကြိမ်မြောက် တိုက်ပွဲအထိပဲ…”
“(၁၂) ကြိမ်မြောက်တိုက်ပွဲမှာတော့ ဓားချီမဟာတံတိုင်းက အနိုင်ရဖို့ အရမ်းကို ယုံကြည်ချက် ရှိနေတယ်။ အဲဒီလူသားဓားအင်မော်တယ်က တော်တော်လေးကို အစွမ်းထက်တယ်လို့ လူအများက အသိအမှတ်ပြုထားပြီး တိုက်ပွဲ (၁၀၀)အတွင်း တစ်ပွဲမှ မရှုံးဖူးသေးဘူး။ ဒါပေမဲ့ သူက ရှုံးနိမ့်သွားပြီး တိုက်ပွဲထဲမှာ ဒုတိယမြောက် သေသွားတဲ့ လူသားတစ်ယောက်ဖြစ်လာခဲ့တယ်…”
“အဲဒီနောက်မှာတော့ လူသားကမ္ဘာကြီးတစ်ခုလုံးက စိတ်ဓာတ်ကျသွားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီရှုံးနိမ့်မှုကို လူတိုင်းက လက်မခံနိုင်ခဲ့လို့ပဲ။ ဓားချီမဟာတံတိုင်းက နောက်ဆုံးဓားအင်မော်တယ် အစွမ်းမထက်တဲ့အတွက်ကြောင့် မဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ သူက အရမ်းကို အစွမ်းထက်တယ်။ အရမ်းကို အစွမ်းထက်လွန်းတဲ့အတွက် သူက ပြိုင်ဘက်ကင်းပဲ…”
“ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ နောက်ဆုံးကျင့်ကြံသူ အဲဒီနတ်ဆိုးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအတွင်း နတ်ဆိုးမျိုးနွယ်စုရဲ့ ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံး နတ်ဆိုး(၃)ယောက်ထဲက တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ သူက နှစ်ပေါင်း(၁၀၀၀)လောက် တိတ်တဆိတ်လေ့ကျင့်နေပြီး သူသေကိုယ်သေ စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်အောင်မြင်ခဲ့တယ်။ ဒါကြောင့် သူက အစွမ်းထက်ဆုံး နတ်ဆိုး(၃)ယောက်ထဲမှာတောင် စာရင်းမရှိခဲ့ဘူး…”
“လုကလန်က ဘိုးဘေးအိုကြီးက တွက်ချက်မှု လုပ်ဆောင်ဖို့အတွက် တော်တော်လေးကို စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမဲ့ တွက်ချက်မှုက အဲဒီနတ်ဆိုးကို အဖြေမထုတ်နိုင်ခဲ့ဘူး။ ဒါကြောင့် နတ်ဆိုးမျိုးနွယ်စုက သူတို့ရဲ့အစီအစဉ်တွေကို ခိုးမကြည့်နိုင်အောင် တော်တော်လေး ကြိုးစားအားထုတ်ထားတယ်ဆိုတာ သိသာတယ်…”
“အဲဒီနတ်ဆိုးကလည်း ဓားကျင့်ကြံသူတစ်ယောက်ပဲ။ အဆင့် (၁၃) ဓားကျင့်ကြံသူတစ်ယောက်။ သမိုင်းကြောင်းထဲမှာ နတ်ဆိုးမျိုးနွယ်စုက ဓားချီမဟာတံတိုင်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေ အတောအတွင်း အဲဒီနတ်ဆိုးက ပထမဆုံး တက်လာပြီး မဟာတံတိုင်းကနေ နောက်ဆုံးထွက်သွားတဲ့လူပဲ…"
ချန်းပင်အန်း၏နောက်တွင် ထိုင်၍ ထိုအကြောင်းအရာများကို နားထောင်နေရင်း စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့၏ မျက်နှာအမူအရာက ဖြူဖျော့ဖျော့ဖြစ်နေခဲ့သည်။
သာမန်လူများထက် စိတ်ပိုင်းဆိုင်ရာ အဆပေါင်းများစွာ ပို၍သန်မာသော ချန်းပင်အန်းကပင် လက်သီးကို တင်းတင်းဆုပ်၍ ဒူးနှစ်ဖက်ကို လက်သီးနှင့် ထုနေမိခဲ့သည်။ သူ့နောက်ကျောတွင်လည်း ချွေးများ စိုရွှဲနေပြီး အတော်လေး စိတ်လှုပ်ရှားနေကြောင်း သိသာနေခဲ့၏။
ဝေ့ပိုက အားရပါးရ ရယ်လိုက်သည်။ သူက ရှေ့ကိုလျှောက်သွားခဲ့ပြီး သူ၏လက်ညှိုးနှင့် တောင်ဘက်ကို လက်ညှိုးထိုးပြလိုက်၏။ သူ၏အင်္ကျီလက်က လေထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့သည်။
ပြန်လှည့်လာပြီးနောက် သူက လက်သီးဆုပ်၍ ပြောလိုက်၏။
"ဒါပေမဲ့ ငါတို့က အနိုင်ရခဲ့သေးတယ်။ အဲဒီနတ်ဆိုးကို လူတစ်ယောက်က သတ်နိုင်ခဲ့တယ်။ လူတိုင်းက သူ့ကို အိုက်လျန်လို့ခေါ်တယ်။ သူ ဘယ်နေရာကနေ ရောက်လာတယ်ဆိုတာ ဘယ်သူမှမသိဘူး။ သူ ဘယ်ကို သွားမလဲဆိုတာလည်း ဘယ်သူမှ မသိဘူး။ သူက ဓားချီမဟာတံတိုင်းမှာ အစွမ်းထက်ဆုံးနတ်ဆိုးကို သတ်လိုက်တဲ့ လူတစ်ယောက်ဆိုတာပဲ ငါတို့က သိတယ်…"
ဝေ့ပိုက အလွန်ဝမ်းသာနေသောအမူအရာနှင့် ကောင်းကင်ပေါ်ကိုကြည့်၍ လက်နှစ်ဖက်ကို မြှောက်ပြီး အော်ဟစ်လိုက်သည်။
"သူ့နာမည်က အိုက်လျန်လို့ခေါ်တယ်…”
ချန်းပင်အန်းက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး ဝါးခမောက်နှင့်လူကိုယ်တိုင် အမိုက်စား ဟု နာမည်ပေးထားသော ဝါးအဆောက်အဦးငယ်လေးကို လှမ်းကြည့်လိုက်သည်။
ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာနေခဲ့၏။ သူက သူတို့ ပထမဆုံး တွေ့ခဲ့သည့်အချိန်ကို မှတ်မိနေသေးသည်။
ဝါးခမောက်ကို ဆောင်း ၊ နောက်တွင် မြည်းတစ်ကောင်ကို ဆွဲ ၊ ခါးတွင် ဓားမောက်တစ်ချောင်း ချိတ်ထားသော သက်လတ်ပိုင်းလူကြီးက လူငယ်လေးကို အပြုံးနှင့် မိတ်ဆက်ခဲ့သည်။
“ငါ့နာမည်က အိုက်လျန်…။ လျန်ဆိုတာက သနားကြင်နာမှုကို ပြောချင်တာ။ ငါက ဓားသမားတစ်ယောက်ပါ…”
Translated by Hein Htet.