အခန်း (၂၀၄)
Vol. 14 Ch. 204
ဝေ့ပိုက ထိုခေါင်းစဉ်ကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သော်လည်း နောက်ထပ် ပြောပြခဲ့ခြင်း မရှိတော့ချေ။ စာရေးသားခြင်းနှင့် ပုံဆွဲခြင်းတွင် နေရာလွတ်တချို့ ချန်ထားရသည်။ တခြားသော အကြောင်းအရာများနှင့် ပတ်သက်လာသည့် အချိန်တွင်လည်း အလားတူစည်းမျဉ်းတချို့ကို အသုံးပြုရသေး၏။
အလွန်နူးညံ့သော အဖြူရောင်ဝတ်စုံတစ်ခုက လေထဲသို့ ပျံသန်းသွားခဲ့ပြီး တိမ်တိုက်ပင်လယ်ကြီးထဲမှ အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။ လော်ပိုတောင်မှ ထွက်လာပြီးနောက် ဝေ့ပိုက အရှိန်လျှော့လိုက်ပြီး အနီးအနားတွင် ရှိနေသော တိမ်တိုက်တစ်ခုကို ဆုပ်ယူလိုက်သည်။ သူက နှင်းလုံးကြီးတစ်ခု လုပ်ဆောင်နေသလို ထင်မှတ်ရ၏။
ထို့နောက် သူက တိမ်တိုက်များကို ဆက်လက်ပေါင်းစည်းနေပြီး သူ၏စွမ်းအားများက တဖြည်းဖြည်း တိုးမြင့်လာခဲ့သည်။ သူက ထိုတိမ်တိုက်ကို အတင်းအကျပ် စုစည်းလိုက်ပြီးနောက် သူ့လက်ထဲတွင် ကျောက်တုံးတစ်တုံးခန့် အရွယ်အစားရှိသော အဖြူရောင်အလုံးတစ်ခု ဖြစ်လာခဲ့သည်။
လေထဲတွင် ပျံဝဲနေရင်း သူက မြို့ငယ်လေးထဲရှိ နဂါးနှုတ်ခမ်းမွေးမြစ်၏ အရင်းအမြစ်နေရာ တစ်ခုကို လှည့်ကြည့်လိုက်သည်။ သူက ထိုအဖြူရောင် အလုံးလေးကို တောင်တန်းထဲတွင် ရှိနေသော စမ်းချောင်းတစ်ခုဆီသို့ လှမ်းပစ်လိုက်သည်။
ထိုအရာက အောက်သို့ ကျသွားပြီး သိပ်မကြာခင် စိမ်းပြာရောင်ငါးတစ်ကောင် ခုန်လာပြီး ထိုအရာကို ဝါးမျိုလိုက်သည်။ ထို့နောက် စိမ်းပြာရောင်ငါးက ရေစီးကြောင်းအတိုင်း အောက်ကိုဆက်၍ ကူးခတ်သွားပြီး တောင်တန်းထဲမှ ထွက်သွားခဲ့၏။ ထို့နောက် အမိုးတံတား ၊ ပန်းပဲဆိုင်တို့ကို ဖြတ်ပြီး တဖြည်းဖြည်း နဂါးနှုတ်ခမ်းမွေးမြစ်နှင့် သံအဆောင်မြစ်တို့ ကြားထဲတွင် ရှိနေသောနေရာကို ရောက်လာခဲ့သည်။ ထိုနေရာတွင် မြစ်ကြီးက ဆက်၍ စီးသွားခဲ့၏။
လူတစ်ယောက်မျှ မရှိသော သံအဆောင်မြစ်၏ ကမ်းစပ်တွင်တော့ ယန်ဟွာဟုခေါ်သော မြစ်နတ်ဘုရားမက မြစ်ပေါ်တွင် ကန့်လန့်ဖြတ်လဲနေသည့် မိုးမခပင်အိုကြီး၏ ပင်စည်ပေါ်တွင် ထိုင်နေခဲ့သည်။ သူမက စိတ်အေးလက်အေး မျက်လုံးမှိတ်ပြီး အနားယူနေခဲ့၏။ သို့သော် မြစ်နတ်ဘုရားမ၏ အလှတရားကို သူမ၏မျက်နှာဖုံးက ဖုံးကွယ်ထားခဲ့သည်။
ထိုအချိန်တွင် သူမက ချက်ချင်း မျက်လုံးဖွင့်လိုက်၏။ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် စိမ်းပြာရောင်ငါးလေးက သူမ၏လက်ဖဝါးထဲတွင် ချက်ချင်း ပေါ်လာခဲ့၏။ သူမက လက်ညှိုးတစ်ချောင်းကိုသုံးပြီး ဗိုက်ကို ပွတ်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသော အဖြူရောင်အလုံးလေးတစ်ခုကို တွေ့လိုက်ရသည်။
ထို့နောက် သူမက ထိုငါး၏ ဗိုက်တွင် ရှိနေသော အကွဲကြောင်းလေးကို လက်ဖြင့် ညင်သာစွာပွတ်ပေးပြီး မူလအတိုင်း ပြန်ချုပ်ပေးခဲ့သည်။ ထိုစိမ်းပြာရောင်ငါးလေးက လက်ထဲမှ လွတ်သွားပြီး ရေထဲသို့ ကျသွားခဲ့၏။ သူက အလွန်ဝမ်းသာပျော်ရွှင်နေပုံရသည်။ သူ၏အကြေးခွံများကလည်း ယခင်တုန်းကထက် ပို၍တောက်ပလာခဲ့၏။
ယန်ဟွာက သူမ၏လက်ထဲတွင် ရှိနေသော အဖြူရောင်အလုံးလေးကို ငုံ့ကြည့်လိုက်သည်။ ထိုအဖြူရောင်အလုံးလေး၏ အတွင်းထဲတွင် တိမ်တိုက်အငွေ့အသက်များ လွင့်မျောနေခဲ့၏။ ထိုအဖြူလုံးလေးက အလွန်အဖိုးတန်သည်။ ထိုအရာက မြစ်နတ်ဘုရားများအတွက် အလွန်အမင်းကို အကျိုးရှိစေသော အရာတစ်ခုလည်းဖြစ်၏။
မြစ်နတ်ဘုရားများနှင့် တောင်တန်းနတ်ဘုရားများ အားလုံးတွင် သူတို့၏ ကိုယ်ပိုင်စားစရာများ ရှိကြသည်။ ဥပမာအနေနှင့် ပြောရလျှင် ရေအဆီအနှစ်နှင့် တိမ်တိုက်အဆီအနှစ် နှစ်ခုလုံးက ထိတွေ့၍ မရနိုင်သော တောင်တန်းနှင့်မြစ်၏ အငွေ့အသက်များမှ စုစည်းလာပြီး ထိတွေ့၍ရနိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မသန့်စင်မှုများကို ခွဲထုတ်လိုက်ပြီး အနှစ်သာရများသာ ကျန်ခဲ့မည်ဆိုလျှင် ထိုအရာများ၏တန်ဖိုးက နတ်ဘုရားလက်နက်များအတွက် နဂါးခေါင်းဖြတ်စင်မြင့်၊ ရေနဂါးများအတွက် မြွေကျောက်တုံးလေးများ၏ တန်ဖိုးကဲ့သို့ပင် ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ထိုအရာများအားလုံးက အတော်လေးကို အရေးပါ၏။
ယန်ဟွာက မော့ကြည့်လိုက်ရာ တိမ်တိုက်ထဲတွင်ရပ်နေသည့် လူတစ်ယောက်ကို ဝိုးတဝါး မြင်လိုက်ရသည်။ သူ၏နားတွင် ရွှေနားကွင်းတစ်ခုကို ဝတ်ထားခဲ့၏။ မကြာသေးခင်အချိန်တွင် ထိုလူက ကျင့်စဉ်အဆင့် နိမ့်ကျသော အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောတွင် မိုအတွေးအခေါ်ဂိုဏ်းမှ တပည့်တစ်ယောက်၊ တာ့လီအင်ပါယာ၏ အစောင့်အရှောက်များထဲမှ တစ်ယောက်ဖြစ်သော ရှုယောင်နှင့်အတူ စီးနင်းလိုက်ပါသွားခဲ့သည်။ ရေဆန်ကို ကူးခတ်သွားပြီး ဤနေရာကို ဖြတ်သွားပြီးနောက် သူတို့က အဝေးတွင်ရှိနေသော တောင်တန်းများဆီသို့ ဦးတည်သွားခဲ့၏။
သို့သော် ဝေ့ပိုက တာ့လီအင်ပါယာ မြောက်ပိုင်းတောင်၏ တရားဝင်နတ်ဘုရား ဖြစ်လာလိမ့်မည်ဟု ယန်ဟွာလည်း လုံးဝမတွေးထားခဲ့ပေ။ ယခု သူ့အဆင့်က သူမထက်ပင် အဆပေါင်းများစွာ ပို၍မြင့်နေသေးသည်။ ဝေ့ပိုက ဘာကြောင့် သူမအပေါ် စိတ်သဘောထားကောင်းမွန်နေကြောင်း ယန်ဟွာလည်း မသေချာသေးပေ။ သူ၏အခြေအနေက မတည်မငြိမ် ဖြစ်နေသည့်အတွက် တခြားသူများကို သိမ်းသွင်းရန် လိုအပ်နေခြင်းပေလော။
ယန်ဟွာက အေးစက်စွာ ပြုံးလိုက်၏။ သူမက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသော အဖြူရောင်အလုံးလေးကို ဖျက်ဆီးလိုက်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအားများအားလုံးက သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာခဲ့၏။
သူမ၏ဆံပင်များက လေထဲတွင် လှုပ်ရှားနေပြီး ခြေထောက်အောက်တွင် ရှိနေသော မြစ်ထဲတွင်လည်း လှိုင်းလုံးများ ပေါ်လာခဲ့သည်။ ပိုင်ရှင် အဆင့်တက်သွားသည့်အတွက် မြစ်ကြီးကလည်း သူ၏ဝမ်းမြောက်မှုကို ဖော်ပြနေသလို ထင်မှတ်ရ၏။
ဝေ့ပိုက အဝေးတွင် ရှိနေသော သံအဆောင်မြစ်ကို ကြည့်နေရာမှ ပြန်လှည့်လာပြီး ပိယွင်တောင်ကို ပြန်လာခဲ့သည်။ သူက တိမ်တိုက်တစ်ခု စီးနင်းပြီး တောင်တန်းများကိုဖြတ်၍ ပျံသန်းလာခဲ့သည်။ ထိုနေရာတွင် ရံဖန်ရံခါ သူ့ကို လှမ်းအော် နှုတ်ဆက်နေသော ချီကျင့်ကြံသူများကိုလည်း တွေ့ရသည်။
ယခင်တုန်းကဆိုလျှင် ဝေ့ပိုက သူတို့ကို အပြုံးနှင့် ပြန်လည်နှုတ်ဆက်တတ်သည်။ သို့သော် ယနေ့တော့ ထိုသို့လုပ်ဆောင်ရန် ခံစားချက်မရှိချေ။ သူက တောင်ထိပ်နှစ်ခု၏ ကြားထဲတွင် ဆက်သွယ်ထားသော သံကြိုးတံတားတစ်ခု၏ရှေ့ကို ရောက်လာခဲ့သည်။ ထိုတံတားက ဆောက်လုပ်နေဆဲသာဖြစ်ပြီး ထိုအရာက မြင်းနှစ်ကောင်ဆွဲသော မြင်းလှည်းများ သွားလာရန် လုံလောက်သည့် အကျယ်မျိုးရှိသည်။
တောင်ပေါ်တွင် တိုက်ခတ်သော လေပြင်းများက မည်မျှအစွမ်းထက်စေကာမူ ထိုတံတားက အနည်းငယ်လေးသာ လှုပ်ရှားသွားပါလိမ့်မည်။ ထိုအရာကလည်း မိုးအတွေးအခေါ်ဂိုဏ်းမှ ချီကျင့်ကြံသူများနှင့် ဗိသုကာပညာရှင်များက လေပြင်းတိုက်ခတ်မှုအခြေအနေကို ခန့်မှန်းတွက်ချက်ပြီး တံတားကို တည်ဆောက်ထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အမှားအယွင်း လုံးဝမရှိနိုင်ပေ။
ရှားသစ်သားများကို တံတားကြမ်းခင်းပေါ်တွင် ခင်းထားသည်။ ထိုအရာက အလွန်အမင်းကို မာကျောသော သစ်သားအမျိုးအစားလည်း ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် အောက်ဘုံ(၅)ဆင့်မှ ဓားသမားတစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုကပင် ထိုသစ်သားပေါ်၌ အပေါက်ငယ်လေးတစ်ခုသာ ဖြစ်လာစေနိုင်မည်။ သံကြိုးများကလည်း ထိပ်တန်းအရည်အသွေးရှိသော သံအဆီအနှစ်မှ ထုလုပ်ထားခြင်းဖြစ်သည်။
မည်သို့ဖြစ်စေကာမူ နှစ်ပေါင်း(၁၀၀)ခန့် သက်တမ်းရှိသော ဆိုင်များက လူသာမန်လူသားကမ္ဘာကြီးထဲတွင် အလွန်နာမည်ကျော်ကြားသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ကျင့်ကြံခြင်းကမ္ဘာကြီးထဲတွင်တော့ နှစ်ပေါင်း(၅၀၀)ခန့် သမိုင်းကြောင်းရှိသော နေရာများကသာ အမှန်တကယ် လေးစားစရာနေရာများဟု သတ်မှတ်နိုင်သည်။
အဖြူရောင်ဝတ် တောင်တန်းနတ်ဘုရားက ထိုသစ်သားပြားများကို ဖြတ်သွားပြီး ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်မိ၏။
“တော်တော်လေး မြင့်မားပြီး ကြီးကျယ်တဲ့ တောင်မြင့်ကြီးပဲ…”
ဝေ့ပိုက ရပ်လိုက်ပြီး တံတားလက်ရန်းပေါ်သို့ လက်တင်လိုက်သည်။ သူက အဝေးကို ငေးကြည့်နေမိခဲ့၏။ သူက တာ့လီအင်ပါယာ မြောက်ပိုင်းတောင်၏ တရားဝင်နတ်ဘုရားတစ်ပါး ဖြစ်လာရသည့် အကြောင်းအရင်း အနည်းဆုံး တစ်ဝက်ခန့်ကိုတော့ သိနေခဲ့သည်။ ထိုအရာကတော့ ဝါးခမောက်နှင့် ဝါးဓားမောက် ကိုင်ထားခဲ့သော လူကြောင့်ဖြစ်သည်။
ထိုလူနှင့်တွေ့ခဲ့ပြီးမှသာ သူ့အပေါ်တွင် ချမှတ်ထားသည့် ကန့်သတ်ချက်များ၊ လျှို့ဝှက်ကျိန်စာများ ပျက်စီးသွားကြောင်း တာ့လီအင်ပါယာက တွေ့ခဲ့ရသည်။ ပထမတွင် အင်မော်တယ်များကြောင့် သနားစရာကောင်းသော တောင်ထိပ်သခင်အဖြစ် လျော့ကျသွားခဲ့ပြီးနောက် သူက သွားစားပွဲတောင်၏ တောင်တန်းနတ်ဘုရားအဖြစ် မူလနေရာကို ပြန်ရောက်လာနိုင်ခဲ့သည်။ ထိုအရာများအားလုံးက ဝါးဓားမောက်၏ တိုက်ခိုက်မှုကျေးဇူးကြောင့် ဖြစ်၏။
အမှန်အတိုင်းပြောရလျှင်တော့ ဝေ့ပို ကိုယ်တိုင်ပင် အချိန်တော်တော်ကြာပြီးမှသာ ထိုအရာကို နားလည်လာခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့နတ်ဘုရားခန္ဓာကိုယ်၏ ထူးခြားသောအခြေအနေကိုလည်း ဝေ့ပိုက တဖြည်းဖြည်း စတင်နားလည်လာခဲ့ရသည်။
ပန်းကန်လုံးငယ်လေးတစ်ခုက ရေခဲတောင်တစ်ခုလုံးကို မည်သို့ထိန်းသိမ်းထားနိုင်မည်နည်း။ သေချာပေါက် ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သူက နတ်ဘုရားရေတိုင်းပြည်၏ မြောက်ပိုင်းတောင်တွင် တရားဝင်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည့်အပြင် အလွန်မြင့်မားသော အမွှေးတိုင်နှင့် ပူဇော်ကိုးကွယ်ပူဇော်မှုများကို ရရှိခဲ့ဖူးသည်။
ထို့နောက် အင်မော်တယ်တစ်ယောက်က အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကိုသုံးပြီး သူ့ကို ကန့်သတ်ထားခဲ့၏။ ယခုတော့ တာ့လီအင်ပါယာ၏ မြောက်ပိုင်းနယ်မြေထဲတွင် ကိုးကွယ်ယုံကြည်မှုနှင့် အမွှေးတိုင်များကို လက်ခံရမည်လော။
သွားစားပွဲတောင်မှ ထွက်လာခဲ့သည့်အချိန်တွင် ထိုအရာက မဖြစ်နိုင်သော တာဝန်တစ်ခုဟု ဝေ့ပိုက ခံစားမိခဲ့သည်။ ထိုကဲ့သို့သော အမွှေးတိုင်နှင့် စွမ်းအားများအားလုံးကို လက်ခံရယူရန် ကြိုးစားခြင်းက သူ၏ကိုယ်ပိုင်အစွမ်းကို အထင်ကြီးနေခြင်းသာဖြစ်၏။ ထိုအရာက သစ်ပင်ကြီးတစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသော တီကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေပါလိမ့်မည်။
အကယ်၍ သူက ထိုအရာကို အတင်းအကြပ် ကြိုးစားလိုက်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်က ပျက်စီးသွားပြီး သူ၏အခြေခံအုတ်မြစ်ကလည်း ပျက်စီးသွားနိုင်သည်။ သို့သော် ယခုတော့ ဝေ့ပိုက သူ့နယ်မြေထဲတွင် ရှိနေသော ထူးဆန်းသည့် တောင်တန်း(၃၀)ခန့်ကို အုပ်ချုပ်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ ထို့ကြောင့်လည်း သူက ချန်းပင်အန်းအပေါ် စိတ်ဆန္ဒကောင်းများ ပြသနေခြင်းဖြစ်ပြီး သူ့ကို ပတ်ပတ်လည်တောင်တန်းများသို့ ခေါ်သွားပြနေခြင်းလည်း ဖြစ်၏။ ထိုလူငယ်လေးက သူ၏အကာအကွယ်အောက်တွင်ရှိနေကြောင်း လူတိုင်းကို ပြောပြနေခြင်းလည်း ဖြစ်သည်။
ပထမအချက်ကတော့ ချန်းပင်အန်းက သဘောမကျစရာ အချက် မရှိချေ။ ဒုတိယတစ်ချက်ကတော့ သူက အိုက်လျန်ကို ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။ တတိယတစ်ချက်ကတော့ တစ်နေ့နေ့တွင် အိုက်လျန်က ဤကမ္ဘာကြီးထဲသို့ ပြန်လာနိုင်ချေရှိသည်။
တတိယအကြောင်းပြချက်ကတော့ အရေးအပါဆုံးဖြစ်၏။ အကယ်၍ အိုက်လျန်ကသာ တစ်နေ့နေ့ ဤကမ္ဘာကြီးထဲသို့ အမှန်တကယ် ပြန်ရောက်လာမည်ဆိုလျှင် ထိုလူက သူ၏စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး အတော်လေး မကျေမနပ်ဖြစ်နေမှာကို စိုးရိမ်နေခဲ့သည်။
သွားစားပွဲတောင်တွင် ဝါးဓားမောက်၏ တိုက်ခိုက်မှုကြောင့် သူ၏ကျင့်စဉ်အဆင့်က သိသိသာသာ တိုးတက်လာစေခဲ့သည်။ ပိယွင်တောင်ပေါ်တွင် ဝါးဓားမောက်၏ နောက်တစ်ကြိမ် တိုက်ခိုက်မှုက သူ့ကို မူလအခြေအနေသို့ ပြန်ရောက်သွားစေနိုင်၏။
အကယ်၍ သူက သွားစခန်းတောင်မှ ဝေ့ပိုသာ ဖြစ်နေဦးမည်ဆိုလျှင်တော့ ထိုအရာကို အလေးထားလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုတော့ သူက ထိုသို့လုပ်ဆောင်ရဲခြင်း မရှိချေ။ ထိုအရာကလည်း တာ့လီအင်ပါယာ၏ ထာဝရနွေဦးနန်းတော်ထဲတွင် လေ့ကျင့်နေသော မိန်းကလေးကြောင့်ဖြစ်သည်။
ဝေ့ပိုက တောင်ဘက်ကိုလှည့်ကြည့်လိုက်၏။ ထိုအရာက တာ့လီအင်ပါယာ၏ အဝေးတောင်ဘက်ဆီကို ကြည့်နေခြင်းဖြစ်သည်။ သူက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“မင်းက သေချာပေါက် ကောင်းမွန်တဲ့ဘဝမှာ နေရမှာပါ။ ဒါပေမဲ့ စာသင်သားတွေကိုတော့ သဘောမကျမိစေနဲ့။ စာသင်သားတွေက ချစ်ခြင်းမေတ္တာတရားအပေါ် မျှော်လင့်ချက်အနည်းဆုံးလူတွေပဲ…”
……….
လော်ပိုတောင်တွင် ရှိနေသော ဝါးအဆောက်အအုံ၏အပြင်ဘက်တွင် ထိုင်နေရင်း စိမ်းပြာဝတ်ကောင်လေးက ဝေ့ပို၏ဇာတ်လမ်းများကို နားထောင်ပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်စေရန် သာမန်မြွေကျောက်တုံးတစ်တုံး စားချင်ခဲ့သည်။ စိမ်းပြာဝတ်ကောင်လေးက မြွေကျောက်တုံးကို ကိုင်ကြည့်လိုက်သည့်အချိန်တွင် ချန်းပင်အန်း၏အမူအရာကို တွေးမိသွားခဲ့သည်။
သူက ဝါးအဆောက်အအုံကို လှည့်ကြည့်နေမိခဲ့၏။ သူက အံ့ဩနေသည့်အမူအရာနှင့် ပြောလိုက်သည်။
“ငါ့ဆရာကတောင် မျက်ရည်ကျလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဆရာက တကယ့်ကို ခံစားချက်တွေပြည့်နေတဲ့ လူမျိုးပဲ။ ဒါက သူနဲ့ဘာမှမဆိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေမဲ့ သူကတော့ မျက်ရည်ကျလောက်အောင်တောင် စိတ်လှုပ်ရှားနေတယ်…”
“ဆရာသာ နောက်ပိုင်း လောကတစ်ခွင်ကို ခရီးသွားလာတဲ့အချိန်ကျရင် အဲဒီအရာမျိုးက သေချာပေါက် စိတ်လှုပ်ရှားစရာ ဖြစ်လိမ့်မယ်။ သူက မတရားမှုကို တွေ့တဲ့အချိန်မှာ သူ့ကို အကူအညီတောင်းနေတဲ့ မိန်းကလေးတွေကို သေချာပေါက် သွားကယ်လိမ့်မယ်။ ပြီးတော့ ဆရာက ဆက်ဆံရေးပေါင်းစုံမှာ အရမ်းကို အတွေ့အကြုံ ရှိလာလိမ့်မယ်…”
ထိုကောင်လေး၏စိတ်ထဲတွင်တော့ လောကတစ်ခွင် သွားလာသော ချန်းပင်အန်း၏ ခရီးစဉ်များတွင် လှပပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုများ သေချာပေါက် ပြည့်နှက်နေလိမ့်မည်။ သူက ထိုအရာကို စဉ်းစားကြည့်ရုံနှင့် တဖြည်းဖြည်းပို၍ ဝမ်းသာလာခဲ့၏။
ထိုအချိန်တွင် ပန်းရောင်ဝတ်မိန်းကလေးကတော့ ဝေ့ပို၏ဇာတ်လမ်းကြောင့် ထိတ်လန့်အံ့ဩနေသလို ခံစားနေရသေးသည်။ သူမ၏အမူအရာက ရှုပ်ထွေးနေပြီး စိတ်ထဲတွင်လည်း မတည်ငြိမ်နိုင်သေးပေ။
သူမက စိမ်းပြာဝတ်ကောင်လေးကို လှည့်ကြည့်လိုက်ပြီး တိတ်တဆိတ် မေးလိုက်သည်။
“ဆရာ အဆင်ပြေရဲ့လား။ အဲဒီကမ္ဘာကြီးမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်စုက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တယ်။ လူသားကမ္ဘာကြီးထဲမှာရှိတဲ့ သာမန်လူသားတွေ ၊ အင်မော်တယ်တွေက အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါဦးမလား…။ ဘာလို့ကျင့်ကြံသူတွေက ငါတို့ကို ဖိနှိပ်ပြီး အစုလိုက်အပြုံလိုက် မသတ်ရတာလဲ…”
စိမ်းပြာဝတ်ကောင်လေးက ခဏတာစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“သူတို့က ငါတို့ကို လမ်းဘေးမှာ ရှိနေတဲ့ ခွေးချေးတွေလိုပဲ သတ်မှတ်ထားလို့ပေါ့။ ငါတို့ကို နင်းမိရင်တောင် သူတို့ရဲ့ဖိနပ်တွေ ညစ်ပတ်သွားနိုင်တယ်လေ…”
ပန်းရောင်ဝတ် ကလေးမလေးက ထိုအဖြေကို တစ်ဝက်သာ ယုံကြည်ခဲ့သည်။ သို့သော် သူမက တခြားသော ဖြေရှင်းချက်ကိုလည်း စဉ်းစားမိခြင်း မရှိချေ။ ထို့ကြောင့် သူမ၏ခေါင်းထဲတွင် ထိုစိုးရိမ်မှုများကို ဖယ်ရှားထားခဲ့ရ၏။
ဝေ့ပို ထွက်သွားပြီဖြစ်သော်လည်း ချန်းပင်အန်းက အလျင်အမြန်မတ်တတ်ရပ်ပြီး ဝါးအဆောက်အအုံထဲသို့ ပြန်သွားခဲ့ခြင်း မရှိသေးပေ။ သူက ဝါးထိုင်ခုံငယ်လေးပေါ်တွင် တစ်ယောက်တည်း တိတ်တဆိတ် ထိုင်နေခဲ့၏။ နွေဦးရာသီလေပြင်းများက အေးစက်နေသေးပြီး ထိုကောင်လေး၏ အဝတ်အစားများကတော့ လေထဲတွင် လွတ်လပ်စွာ လှုပ်ရှားနေခဲ့၏။
ဝေ့ပိုက ထွက်မသွားခင် အပြုံးနှင့် ပြောခဲ့သေးသည်။
“အိုက်လျန်က ဓားတစ်လက် ရှာနေတယ်လို့ ပြောတယ်။ အဲဒါက သူ့ရဲ့အစွမ်းနဲ့ ထိုက်တန်တဲ့ ဓားတစ်လက်ပေါ့...”
သူက သံအဆောင်မြစ်၏ကမ်းစပ်တွင် ထိုလူနှင့်တွေ့ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း အမှတ်ရသွားသည်။ လက်တစ်ဖက်တွင် ဝါးဦးထုပ်ကို ကိုင်ထားပြီး သူ၏ တခြားလက်တစ်ဖက်နှင့် ဝါးဓားမောက်ကို ပေါ့ပေါ့ပါးပါး ပုတ်၍ ပြောခဲ့ဖူး၏။
“ငါက အခုချိန်ထိ ငါနဲ့ထိုက်တန်တဲ့ ဓားတစ်လက် မတွေ့သေးဘူး။ ငါက ဒီကမ္ဘာကြီးထဲမှာ ဓားကိုင်ထားတဲ့သူတိုင်းကို အရှက်ခွဲဖို့အတွက် အဲဒီဓားကို သုံးချင်တာ…”
ဝေ့ပိုက ဆက်ပြောခဲ့သေးသည်။
“သူက အဆင့်(၁၃)အထွဋ်အထိပ်မှာ ရောက်နေတဲ့ ဓားသမားတစ်ယောက်လို့ လူတချို့က ပြောကြတယ်။ အဲဒီနတ်ဆိုးနဲ့ သူ့ရဲ့တိုက်ပွဲအတွင်းသူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားက အကောင်းဆုံးထဲက တစ်လက် မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူက အဲဒီဓားနဲ့ သုံးရတာ အသားကျနေတယ်။ ဒါကြောင့် သူက နောက်ထပ်ဓားတစ်လက် မပြောင်းချင်ခဲ့ဘူး။ အဲဒီဓား ပျက်စီးသွားတဲ့အချိန်မှာ သူက ပိုကောင်းတဲ့ ဓားတစ်လက်ကို ရှာဖွေဖို့ လိုအပ်တယ်…”
“စဉ်းစားကြည့်စမ်း။ တကယ်လို့ အိုက်လျန်ကသာ သူသဘောကျတဲ့ ဓားတစ်လက်ကို ရှာတွေ့သွားမယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ အမှန်အတိုင်းပြောရရင်တော့ သူက သူ့ရဲ့တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ ဓားတစ်လက်ကို ရှာဖွေနိုင်တယ်ဆိုရင်တောင် ဘာတွေဖြစ်လာမှာလဲ…”
“အဲဒီလိုဓားတစ်လက်နဲ့တင် လုံလောက်သွားပြီ။ သူ့ရဲ့တိုက်ခိုက်စွမ်းရည်ကို အဆင့်တစ်ဆင့်လောက်ထိ မြှင့်တင်ပေးဖို့တောင် လုံလောက်တယ်။ အဲဒီအချိန်ကျရင် သူက အဆင့်(၁၄)အထွဋ်အထိပ် တိုက်ခိုက်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မယ်။ ဓားသမား တစ်ယောက်အတွက်တော့ သူက တာအိုဘိုးဘေး၊ ဗုဒ္ဓနဲ့ အဓိပတိသူတော်စင်တို့ကိုတောင် စိန်ခေါ်နိုင်လိမ့်မယ်။ ဒါက လုံးဝကို မျှော်မှန်းကြည့်လို့မရနိုင်တဲ့ အရာမျိုးပဲ…။ အဲဒီလိုဓားတစ်လက်ကို ရပြီးသွားရင် အိုက်လျန်က ဘယ်လောက်တောင် အံ့ဩစရာကောင်းလာလိုက်မလဲ…”
ထိုစကားကို ပြောပြီးနောက် ဝေ့ပိုက ထွက်သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် လေးစားအံ့ဩမှုများ ပြည့်နှက်နေပြီး သူကတော့ အလွန်ကြီးကျယ်ခမ်းနားသော တောင်မြင့်ကြီးတစ်လုံးကို မော့ကြည့်နေရသလို ဖြစ်နေသည်။
စာသင်သားသူတော်စင်၏ ပန်းချီကားထဲကို ဝင်ရောက်ခဲ့ပြီးနောက် ချန်းပင်အန်းက ဓားချက်တစ်ချက် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအချိန်ကျမှ အိုက်လျန်က မည်သည့်အရာကို လက်လွှတ်ခဲ့ရကြောင်း ချန်းပင်အန်းက နားလည်သွားခဲ့၏။
မိုးရွာနေသောအချိန် အိုက်လျန်နှင့်အတူ တောင်ပေါ်မှ ဆင်းလာသည့်အချိန်တွင် ဝါးခမောက် ဆောင်းထားသောသူက လူငယ်လေးကို ပြောခဲ့သည်။
“မင်းသိလား။ ငါ့အတွက် ကောင်းတယ်လို့ တွေးထားတဲ့အရာတစ်ခုကို မင်း ယူသွားတယ်။ တကယ်လို့ မင်းသာ တစ်နေ့နေ့ အဲဒီနေရာမှာ အနည်းဆုံး စကားလုံး(၂)ခု (၃)ခုလောက် ရေးထွင်းနိုင်လောက်အောင် အစွမ်းမထက်ဘူးဆိုရင် ငါကိုယ်တိုင် မင်းကို လာရိုက်မယ်…”
ထိုအချိန်တွင်တော့ ချန်းပင်အန်းက အေးအေးဆေးဆေး ပြောခဲ့သော အိုက်လျန်၏ စကားလုံးကို နားမလည်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဝါးခမောက်ဆောင်းထားသော ထိုလူက ထိုစကားလုံးများကို ပြောသည့်အချိန်တွင် တည်ငြိမ်အေးချမ်းနေခြင်းကြောင့် ဖြစ်သည်။ ရလဒ်အနေနှင့် လူငယ်လေးက သူ့ဆုံးဖြတ်ချက်၏ အစစ်အမှန် အဓိပ္ပာယ်ကို လုံးဝနားမလည်ခဲ့ပေ။
ထိုအချိန်တွင်တော့ အလွန်အစွမ်းထက်ပြီး အံ့ဩစရာကောင်းသော ဓားဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း သဲလွန်စ မရှိသေးပေ။ သူက အိုက်လျန်၏ အစစ်အမှန်စွမ်းရည်ကိုလည်း လုံးဝမသိသေးပေ။
အကယ်၍ ချန်းပင်အန်းကသာ အိုက်လျန်နှင့် မခွဲခွာခင် ထိုအကြောင်းအရာများကို သိခွင့်ရခဲ့မည်ဆိုလျှင် ဓားဝိညာဉ်ဖြစ်သော အင်မော်တယ်အစ်မကြီးကို သေချာပေါက် တောင်းဆိုပေးမိပါလိမ့်မည်။ သူမက တခြားသခင်တစ်ယောက်၏နောက်ကို လိုက်ရန် တောင်းဆိုမိခဲ့မည်ဖြစ်၏။ ထိုလူ၏နာမည်က အိုက်လျန်ဟုခေါ်ပြီး သူက ဓားသမားတစ်ယောက် ဖြစ်သည်။ အလွန်ကောင်းသော လူတစ်ယောက်လည်းဖြစ်၏။
အိုက်လျန်က တစ်ခွန်းမျှ မပြောခဲ့သည့်အတွက် လူငယ်လေးကလည်း မည်သည့်အရာမျှ မသိခဲ့ရပေ။ အိုက်လျန်က သူ့ကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီး နောက်ဆုံးတွင်တော့ လူငယ်လေးက အမှန်တရားကို သိခွင့်ရခဲ့သည်။ အိုက်လျန်က မည်မျှရုန့်ရင်းကြမ်းတမ်းခဲ့သနည်း။ သူက ရုန့်ရင်းကြမ်းတမ်းတတ်သော လူတစ်ယောက်အဖြစ် မည်သည့်အရည်အချင်းနှင့် သူ့ကိုဆူပူခဲ့သနည်း။
ချန်းပင်အန်းက အချိန်တော်တော်ကြာ တွေးတောနေမိခဲ့သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ဝါးအဆောက်အအုံဆီသို့ ပြန်လျှောက်သွားခဲ့၏။
ထိုအရာကို မြင်သည့်အခါ စိမ်းပြာဝတ်ကောင်လေးက တိတ်တဆိတ် မေးလိုက်သည်။
“ဆရာ အဆင်ပြေရဲ့လား။ ဝေ့ပို၏ဇာတ်လမ်းကြောင့် ကြောက်သွားတာလား။ အဲဒီလိုအရာတွေကို ဘာမှကြောက်ဖို့မလိုပါဘူး။ ကျောက်စက်ပန်းဆွဲတောင်လား။ ဓားချီမဟာတံတိုင်းလား။ အိုက်လျန်လား။ မဟာနတ်ဆိုး ဓားအင်မော်တယ်လား။ အဲဒီအရာတွေက ကျွန်တော်တို့နဲ့ အတော်လေး အလှမ်းဝေးတယ်။ တကယ်လို့ ကောင်းကင်ကြီး ပြိုကျသွားမယ်ဆိုရင်တောင် ကျွန်တော်တို့က အဲဒီအရာတွေကို စိုးရိမ်နေဖို့ မလိုအပ်ဘူး…”
“ကွန်ဖြူးရှပ်သူတော်စင်တွေက စကားပြောရုံ ဆိုတာထက်ပိုတယ်။ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က တော်တော်အံ့ဩဖို့ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နာမည်ထူးထူးဆန်းဆန်းနဲ့ အဲဒီဓားအင်မော်တယ်က ဘယ်လောက်ပဲအစွမ်းထက်ထက် ကျွန်တော်တို့နဲ့ ပြဿနာရှိမှာ မဟုတ်ပါဘူး။ ဒီလိုလူမျိုးမှာသေချာပေါက်ခေါင်း(၃)လုံး၊ လက်(၆)ဖက် ရှိနိုင်တယ်။ တကယ်လို့ နတ်ဘုရားတွေ၊ အင်မော်တယ်တွေ ဆိုရင်တောင် သူ့လမ်းမှာ ရပ်နေတဲ့သူတိုင်းကို အတားအဆီးမရှိ သတ်ပစ်မှာပဲ..”
“အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာအခွင့်အရေးရှိတယ်ဆိုရင်တောင် အဲဒီလိုလူမျိုးကို မတွေ့ချင်ဘူး။ သူတို့က အရမ်းကြောက်ဖို့ကောင်းတယ်။ သူတို့ရဲ့ အကြည့်တစ်ချက်ကတောင် ကျွန်တော့်ရဲ့အရိုးတွေကို အမှုန့်ဖြစ်သွားစေနိုင်တယ်..”
ချန်းပင်အန်းက ထိုကောင်လေး၏ခေါင်းကိုပွတ်ပြီး ပြုံးလိုက်သည်။
“ငါ အဆင်ပြေပါတယ်…”
သူက ဝါးအဆောက်အဦး၏ ဒုတိယအထပ်သို့ လျှောက်သွားပြီး သူ၏သစ်သားဓားကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ဝရံတာ၏ တံစက်မြိတ်အောက်သို့ လျှောက်သွားခဲ့၏။ သူက သစ်သားဓားကို ခေါင်းပေါ်တွင် မြှောက်ပြီး စိတ်ထဲတွင် စကား(၂)ခွန်းကို ရေရွတ်လိုက်သည်။
“ငါက ဓားသမားတစ်ယောက်ပဲ…ဒါက အတည်ဖြစ်သွားပြီ…”
Translated by Hein Htet.