← Chapters

အခန်း (၂၀၆)

Vol. 14 Ch. 206

အခန်း (၂၀၆)

Vol. 14 Ch. 206

ချွေးချန်းက သစ်ခါးစံအိမ် ဆက်သွယ်ရေးစခန်းဆီသို့ လမ်းလျှောက်သွားနေသည့် အချိန်တွင် သူ့ခါးတွင် ချိတ်ထားသော ကျောက်စိမ်းပြားလေးကို လက်ညှိုးနှင့် လက်မသုံး၍ နှိပ်နေခဲ့သည်။ နန်းတွင်းဝတ်စုံ ဝတ်ထားသော မိန်းမပျိုကတော့ တည်ငြိမ်သောအမူအရာနှင့် သူ့နောက်မှ ကပ်လိုက်လာနေခဲ့သည်။

ချွေးချန်းက စားပွဲခုံတစ်ခုတွင် ထိုင်ပြီး အရက်(၃)အိုး ယူလာပေးရန် ဆက်သွယ်ရေးစခန်းလက်ထောက်တာဝန်ခံကို ပြောလိုက်သည်။ ဆက်သွယ်ရေးစခန်းလက်ထောက်တာဝန်ခံက အရက်အိုးများနှင့်အတူ ရောက်လာခဲ့သည့်အချိန်တွင် ပတ်ပတ်လည်၌ ရှိနေသော လူတိုင်းကတော့ အလွန်အမင်းကို စိုးရိမ်ထိတ်လန့်နေသလို ခံစားနေကြရ၏။

ချွေးချန်းက လက်ကာပြလိုက်ပြီး ထိုအရက်အိုးများက သူ့ကို ဧည့်ခံရန် မဟုတ်ကြောင်း ပြောလိုက်သည်။ သူက အရက်အိုးကို ဖွင့်လိုက်ပြီးနောက် တစ်ချိန်တည်းတွင် တခြားလက်တစ်ဖက်နှင့် လှုပ်ရှားလိုက်၏။ သူက စားပွဲခုံဘေးတွင် ရပ်နေသော မိန်းမပျိုကို ထိုင်ရန် အချက်ပြလိုက်သည်။

သူက အပြုံးနှင့် ပြောလိုက်၏။

"ဒီလောက်ထိ ဂရုစိုက်ပြီး ထိန်းချုပ်ထားဖို့ မလိုပါဘူး။ ငါက မင်းကို စောင့်ကြည့်ပြီး ကာကွယ်ပေးနေတာ။ မင်းကမှ ဒီကမ္ဘာငယ်လေးရဲ့ အစစ်အမှန်ပိုင်ရှင်ပဲ…"

ချွေးချန်းက အရက်အိုးကို မြှောက်ပြီး သောက်ကြည့်လိုက်သည်။ ထိုအရာက မြို့ငယ်လေးထဲမှ သာမန်အရည်အသွေး နိမ့်ကျသော သာမန်အရက်တစ်မျိုးသာ ဖြစ်၏။ သို့သော် သူကတော့ များများ စဉ်းစားနေခဲ့ခြင်း မရှိချေ။ ယခင်တုန်းက သူ့ဆရာကို သစ္စာဖောက်ခဲ့ပြီးနောက် သူက ဓားတစ်ချောင်းနှင့်အတူ လောကတစ်ခွင်လုံးကို လှည့်ပတ်သွားလာခဲ့သည်။ ထိုအချိန်တွင် သူ မကြုံခဲ့ဖူးသော အခက်အခဲများ ရှိဦးမည်လော။

ချွေးချန်းက အခက်အခဲများကို ခံနိုင်ရည်ရှိပြီး ကံကောင်းမှုများကို ရရှိနိုင်သည့် လူတစ်ယောက်ဟု သူ့ကိုယ်သူ သတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူက ယနေ့ထိ အသက်ရှင်နေနိုင်ခြင်းကြောင့် ဖြစ်၏။

ချွေးချန်းက မသက်မသာဖြစ်နေသော မိန်းမပျိုကို ကြည့်ပြီး အပြုံးနှင့် မေးလိုက်သည်။

"ကျစ်ကွေး...

နက္ခတ်ရေးရာဌာနမှာ နင် ပြောခဲ့တဲ့ စကားတွေအားလုံးကို မှတ်တမ်းတင်ထားတယ်။ ငါက စကားလုံးတိုင်းကိုလည်း သေချာဂရုတစိုက် ဖတ်နေတယ်။ ဒါကြောင့် ခုချိန်ထိ ငါ့ကို မပြောရသေးတဲ့ တခြားဇာတ်လမ်းတွေ ရှိနေသေးလား။ အသေးအဖွဲ ကိစ္စလေးတွေဆိုရင်လည်း ကိစ္စမရှိဘူး။ ဥပမာအနေနဲ့ ပြောရရင် ချောင်ကျိနဲ့ ရှဲ့ရှစ်တို့ ငယ်ငယ်တုန်းက သူတို့ရဲ့အနားမှာ သက်တူရွယ်တူ တခြားစိတ်ဝင်စားစရာ ကောင်းတဲ့လူတွေ ရှိသေးလား။ ဒါမှမဟုတ်ရင်လည်း သူတို့ထဲက တစ်ယောက်ယောက်က ဒုက္ခတွေခံစားရပြီး အခုချိန်ထိ အသက်ရှင်နေသေးတဲ့သူ ရှိသေးလား။ ငယ်ငယ်လေးကတည်းက အထီးကျန်ပြီး တစ်ယောက်တည်း နေတတ်တဲ့သူမျိုးရော ရှိလား…"

ထိုမိန်းမပျိုကတော့ တာ့လီအင်ပါယာ၏ မင်းသား စုန့်ကျိရှင်း၏ အစေခံမလေး ကျစ်ကွေး ဖြစ်သည်။ သူမ၏ အစစ်အမှန်နာမည်က ဝမ်ကျူးဖြစ်ပြီး သူမ၏ အဆင့်အတန်းကတော့ အလွန်အမင်းကို ထူးခြားသည်။ သူမက ဤကမ္ဘာကြီးထဲတွင် နောက်ဆုံးသော အစစ်အမှန်နဂါး၏ စိတ်ဝိညာဉ်မှ ဖြစ်ပေါ်လာသော ကျောက်စိမ်းလေးတစ်ပွင့် ဖြစ်သည်။

ကျစ်ကွေးက ခဏကြာ စဉ်းစားပြီး ခေါင်းခါ၍ ပြောလိုက်၏။

"မရှိတော့ဘူး။ နောက်ထပ် ဘာမှမရှိတော့ဘူး…"

ချွေးချန်းက ရယ်လိုက်၏။ သို့သော် သူကတော့ ဒေါသထွက်နေခြင်းမရှိဘဲ အရက်ကိုသာ တစ်ယောက်တည်း ဆက်သောက်နေခဲ့သည်။ ခဏကြာပြီးနောက် ဆက်သွယ်ရေးစခန်းထဲသို့ လူ(၃)ယောက် ဝင်လာခဲ့၏။

ကြွယ်ဝချမ်းသာသော ချောင်ကျိ၊ ပီပီသသ စကားမပြောသော ရှဲ့ရှစ်နှင့် မိုအတွေးအခေါ်ဂိုဏ်းမှ ရှုယောင်တို့ ဖြစ်ကြသည်။ လီကျူးသုခဘုံထဲမှ ထွက်လာခဲ့သော အစွမ်းထက်ပညာရှင်နှစ်ယောက်က မိန်းမပျိုလေးကို တွေ့လိုက်ရပြီး သူမ၏ အငွေ့အသက်ကို အတည်ပြုပြီးသွားသည့်အချိန်တွင် ချောင်ကျိက ခဏကြာ လှုပ်ရှားသွားခဲ့ပြီး ဗိုက်ကိုလက်နှင့်ဖိ၍ အားရပါးရ ရယ်လိုက်သည်။

သူက ကျစ်ကွေးကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

"တကယ့်ကို ရှက်စရာပဲ။ အရင်တုန်းကတော့ ငါက ကြောက်လန့်ပြီး သေတော့မလို ဖြစ်ခဲ့တာ။ အခုတော့ နူးညံ့ပျော့ပျောင်းတဲ့ သနားစရာ မိန်းကလေး တစ်ယောက်ပါပဲလား…"

ထိုအချိန်တွင် ရှဲ့ရှစ်ကတော့ လက်သီးဆုပ်ပြီး မိန်းမပျိုကို ဦးညွှတ်လိုက်သည်။

"ကျွန်တော်က မက်မွန်ရွက်လမ်းကြားထဲက ရှဲ့ရှစ်ပါ။ ကျွန်တော့်ရဲ့အသက်ကို (၂)ကြိမ် ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေး…"

ကျစ်ကွေး၏ အမူအရာက အေးစက်နေသည်။ သူမက ရှဲ့ရှစ်ကိုကြည့်ပြီး အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်၏။ ချောင်ကျိကိုတော့ သူမက ပြန်လှည့်ကြည့်ခဲ့ခြင်းပင် မရှိခဲ့ပေ။

ရှုယောင်က လက်ပိုက်ထားပြီး တံခါးကို မှီထားသည်။ သူက မျက်လုံးမှိတ်ပြီး စိတ်ကို အနားပေးနေခဲ့၏။ အကယ်၍ ယနေ့ ဆွေးနွေးမှုကသာ ချောချောမွေ့မွေ့ ပြီးဆုံးသွားမည်ဆိုလျှင် ကိစ္စရပ်များက သူနှင့် လုံးဝမသက်ဆိုင်တော့ပေ။ သို့သော် ဆွေးနွေးမှုက ပျက်စီးသွားမည်ဆိုလျှင်တော့ ထိုကိစ္စများက သူနှင့် အရာအားလုံး သက်ဆိုင်လာပါလိမ့်မည်။

ချောင်ကျိက ဆက်၍ ရယ်မောနေရင်း မိန်းမပျိုနှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။ သူက ရတနာတစ်ခုကို ကြည့်နေရသည့်အလား သူ၏အမူအရာက ပြောင်းလဲနေခဲ့၏။ သူက လက်သီးကိုလည်း တင်းတင်းဆုပ်ထားပုံပေါ်သည်။

သူက အပြုံးနှင့် ပြောလိုက်၏။

“အရင်တုန်းက ငါက သံကြိုးရေတွင်းပေါ်မှာ မတ်တပ်ရပ်ပြီး ရေတွင်းထဲကို ငုံ့ကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ဝက်လောက်ကို ရောက်တဲ့အချိန်မှာ သံကြိုးရေတွင်းက လှုပ်ရှားလာပြီး ရေတွင်းထဲမှာရှိတဲ့ ရေတွေက ငါ့ခြေထောက်နားထိ မြင့်တက်လာတယ်။ ငါက အရမ်းကို ကြောက်လန့်သွားခဲ့တာ။ ငါက အောက်ကိုတောင် ဆက်ပြီးတော့ မဆင်းရဲခဲ့ဘူး။ အမှန်အတိုင်း ပြောရရင် ငါ ထွက်ပြေးတဲ့အချိန် ငါ့ရဲ့ဘောင်းဘီကို ဆွဲတင်ဖို့တောင် အချိန်မရခဲ့ဘူး…”

“အဲဒီအချိန်တုန်းက မြင်ကွင်းကတော့ တော်တော်လေးကို ကြောက်လန့်သွားခဲ့တာ။ ငါက ဘဝတစ်လျှောက်လုံး ရှက်စရာကောင်းတဲ့အရာတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီအတွေ့အကြုံကတော့ ထိပ်ဆုံး(၃)ခုထဲမှာ အပါအဝင်ပဲ…”

"တကယ်လို့ နင်သာ မြန်မြန်ထွက်မပြေးသွားဘူးဆိုရင် နင့်ရဲ့ဗိုက်တွေ ပေါက်ကွဲသွားတဲ့အထိ တွင်းထဲက ရေတွေကို သောက်ရတော့မှာ…"

ချောင်ကျိက သူ၏မုတ်ဆိတ်မွေးကို လက်ညှိုးလေးနှင့်သပ်ပြီး ရယ်လိုက်သည်။

"အဲဒီနောက် တစ်လလုံးလုံး ငါ မှတ်မိပါသေးတယ်။ ငါက နေ့တိုင်း သံကြိုးရေတွင်းကနေ မီတာပေါင်းများစွာ အကွာမှာရပ်ပြီး တွင်းထဲကို ဒေါသတကြီး ကျောက်တုံးတွေ ပစ်ထည့်နေခဲ့တာ။ အဲဒီကျောက်တုံးတွေက နင့်ကို မထိခဲ့ဘူးလား။ အနည်းဆုံးတော့ တစ်လုံးလောက်က နင့်ကို ထိခဲ့တယ် မဟုတ်လား…"

ကျစ်ကွေးက သူ့ကို စိုက်ကြည့်ပြီး ခနဲ့သလို ပြုံးလိုက်သည်။

"နင်က တကယ်ဆိုးတဲ့လူပဲ။ ငါက စမ်းချောင်းထဲမှာ နင့်ကို ရေနှစ်ပြီး မသတ်ခဲ့မိတာ တော်တော်လေး နောင်တရတယ်…"

ချောင်ကျိက ဒေါသထွက်နေခဲ့ခြင်း မရှိချေ။ ထိုအစား အပြုံးနှင့် ရှင်းပြလိုက်၏။

“ငါ ငယ်ငယ်တုန်းက တော်တော်လေးကို နောက်ပြောင်တတ်တယ်လေ။ ဒါပေမဲ့ ငါက သူတစ်ပါး ပျက်စီးအောင် လုပ်တတ်တဲ့ ကလေးတစ်ယောက်ပဲ။ ငါက တခြားကလေးတွေနဲ့အတူ စမ်းချောင်းထဲမှာ သွားဆော့တဲ့အချိန် တခြားသူတွေထက် နည်းနည်းလေးပိုပြီး ရွံစရာကောင်းတယ်။ ဒါပေမဲ့ ငါက ဘာလုပ်နိုင်မှာလဲ။ ငယ်ငယ်လေးကတည်းက ငါ့နောက်မှာရှိတဲ့ ရေလှိုင်းထဲကနေ ပူပေါင်းတွေ ထွက်လာတာကို ကြည့်ရတာ သဘောကျတယ်လေ။ ဒါပေမဲ့ ငါက တော်တော်လေးကို သနားကြင်နာပြီး ခွင့်လွှတ်တတ်တဲ့လူတစ်ယောက်ပါ…"

"ညအချိန် သံကြိုးရေတွင်းထဲကို ခွေးနက်သွေး ပုလင်းတစ်ဝက် တိတ်တဆိတ် လောင်းချခဲ့တာ ဘယ်သူလဲ…"

ကျစ်ကွေးက အေးစက်သော အပြုံးနှင့် စုံစမ်းစစ်ဆေးလိုက်သည်။

ချောင်ကျိက ကောက်ကျစ်စွာပြုံးပြီး ပြန်ဖြေလိုက်၏။

"အဲဒီခွေးနက်ရဲ့သွေးက မကောင်းဆိုးဝါးတွေကို ဖယ်ရှားနိုင်တယ်လို့ အကြီးအကဲတွေ ပြောတာကို ငါကြားဖူးတယ်…"

ကျစ်ကွေးက ထိုလူကို ကြည့်နေရင်း အတော်လေးကို စိတ်ရှုပ်နေခဲ့သည်။ သူ ငယ်ငယ်တုန်းက ထိုကဲ့သို့ ဖြစ်ခဲ့ပြီး ယခု အသက်ကြီးလာသည့်အချိန်တွင် ပို၍ပင် ဆိုးရွားနေသည်။

ရှဲ့ရှစ်ကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့၏။

ကျစ်ကွေးက ခဏကြာစဉ်းစားပြီးနောက် မေးလိုက်သည်။

"နင်တို့ထဲမှာ ဘယ်သူက အစစ်အမှန်ကောင်းကင်သခင်လဲ။ ဘယ်သူက အစစ်အမှန် ဓားအင်မော်တယ်တစ်ယောက်လဲ…"

ချောင်ကျိက သူ၏အရက်ခွက်ကိုမြှောက်ပြီး တာ့လီအင်ပါယာ တော်ဝင်နန်းဆရာ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှဲ့ရှစ်ကို လက်ညှိုးထိုးပြလိုက်သည်။

"သူက ပြည့်စုံကျူပင် ကုန်းမြေကြီးရဲ့ အစစ်အမှန်သခင်ပဲ။ သူက တာအိုလမ်းစဉ် ကောင်းကင်သခင်၊ မတူညီတဲ့ အင်ပါယာတွေရဲ့ တောင် (၅)တောင်ကလွဲရင် တောင်ပေါင်းများစွာမှာ သူ့ရဲ့မျိုးဆက်တွေ ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းတွေရှိတယ်။ ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်မှာရှိတဲ့ တာအိုအဖွဲ့အစည်းတွေရဲ့ စကားအရ သူက အစွမ်းထက်ဆုံး လူတစ်ယောက်ပဲ။ တခြားအဖွဲ့အစည်းတွေအားလုံးကတော့ သာမန်လမ်းဘေးအဖွဲ့အစည်းတွေ လောက်ပဲ….”

“အမှန်အတိုင်းပြောရရင် ဂိုဏ်းတွေရဲ့ အစစ်အမှန်သခင်တွေနဲ့ တိုင်းပြည်တွေရဲ့ အစစ်အမှန်သခင်တွေက ရှဲ့ရှစ်ရဲ့ ခြေဖျားကိုတောင် မမှီကြပါဘူး။ ဒီလိုလူတစ်ယောက်ရဲ့ရှေ့မှာ သူတို့တွေအားလုံးက အားနည်းပြီး သနားစရာကောင်းတယ်။ သူတို့အကုန်လုံးက အတူတူပဲ…"

"ပါးစပ်ပိတ်ထားစမ်း…"

ရှဲ့ရှစ်က မှောင်မည်းနေသော မျက်နှာအမူအရာနှင့် ပြောလိုက်သည်။

ချောင်ကျိက တောင်းပန်ချင်ယောင်ဆောင်ပြီး ပြောလိုက်၏။

"ကောင်းပါပြီ၊ ကောင်းပါပြီ။ ငါ ဘာမှ ထပ်ပြီးတော့ မပြောတော့ဘူး။ ငါက အားနည်းတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်နေသေးတဲ့အချိန်မှာ မင်းကို တာအိုလမ်းစဉ် ကောင်းကင်သခင်ဖြစ်လာဖို့ ဘယ်သူက ပြောခဲ့တာလဲ။ ငါကတော့ မင်းကို တကယ်ပဲ မဆန့်ကျင်ရဲဘူး…”

တိုင်းပြည်တစ်ပြည်၏ တာအိုသခင်အဖြစ် တာဝန်ပေးသည့်အချိန်တွင် ထိုအရာက အင်ပါယာတစ်ပါး သို့မဟုတ် ဘုရင်တစ်ပါး၏ ထောက်ပံ့မှုတစ်ခုထက် ပိုသည်။ အရေးကြီးဆုံးအရာကတော့ တာအိုကုန်းမြေကြီးတစ်ခု၏ တာအိုသခင်တစ်ယောက် သို့မဟုတ် တာအိုပညာရှင်တစ်ယောက်၏ အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်၏။

ဥပမာအနေနှင့် ပြောရလျှင် အရှေ့ပိုင်းကုန်းမြေကြီး နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ ချီကျန်းက ဤကုန်းမြေကြီး၏ တာအိုသခင် ဖြစ်သည်။ သူ၏အသိအမှတ်ပြုမှုကို ရရှိပြီးလျှင် လူတစ်ယောက်က ကုန်းမြေကြီးပေါ်တွင် ရှိနေသော ကောင်းကင်သခင် တစ်ဝက်ကျော်၏ အသိအမှတ်ပြုမှုကိုလည်း ရရှိရန် လိုအပ်သေး၏။

အဆုံးတွင်တော့ လူတစ်ယောက်က အလယ်မြေနတ်ဘုရား ကုန်းမြေကြီးထဲတွင် ရှိနေသော ဂိုဏ်းတစ်ဂိုဏ်းမှ အမိန့်စာကို တောင်းဆိုရန် လိုအပ်သည်။ ထိုအရာများ အားလုံးပြီးဆုံးမှသာ တိုင်းပြည်တစ်ခု၏ တာအိုသခင်တစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မည်။

အမှန်တကယ်လည်း ပြည့်စုံကျူပင် ကုန်းမြေကြီး၏ တာအိုသခင်က ရှဲ့ရှစ် ကိုယ်တိုင် ဖြစ်သည်။ ထို့ကြောင့် သူ့ဂိုဏ်းက ကိုးကွယ်ယုံကြည်မှုများ၊ အမွေအနှစ် အများဆုံးကို လက်ခံရရှိခဲ့သည်။ သို့သော် ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်တွင် ဓားကျင့်ကြံသူများသာ ဖွံ့ဖြိုးတိုးတက်နေသည့်အတွက်ကြောင့် ၊ ထိုနေရာတွင် ဗုဒ္ဓဂိုဏ်းက တာအိုကျင့်ကြံသူများထက် ပို၍နောက်လိုက်များသည့်အတွက်ကြောင့် ထိုကုန်းမြေကြီးထဲတွင် ကောင်းကင်သခင်တစ်ယောက်မျှ ရှိမလာခဲ့ပေ။ ကောင်းကင်သခင်တစ်ဝက်သာ ရှိနေပြီး ထိုအရာကလည်း ရှဲ့ရှစ်သာ ဖြစ်သည်။

အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော အခြေအနေကလည်း ပိုသာနေခြင်း မရှိချေ။ လူသားကမ္ဘာကြီးထဲတွင် ရှိနေသော ကုန်းမြေကြီး (၉)ခုထဲတွင် အသေးဆုံးဖြစ်သည့်အတွက် အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ကောင်းကင်သခင် တစ်ယောက်သာ ရှိသည်။ ထိုအရာကလည်း တာအိုဂိုဏ်းက ဗုဒ္ဓဂိုဏ်းများထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ကောင်းကင်သခင်အသစ်ကလည်း မကြာသေးခင်ကမှ အဆင့် (၁၂)ကို တက်လှမ်းသွားနိုင်ခဲ့သည်။ ထိုလူကလည်း တောင်ပိုင်းစမ်းချောင်းတိုင်းပြည် နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ ချီကျန်း ဖြစ်၏။ ရှဲ့ရှစ်ကဲ့သို့ သူကလည်း တာအိုလမ်းစဉ် အရှင်သခင်အသစ် ဖြစ်လာသည့်အချိန်တွင် ကုန်းမြေကြီးထဲတွင် ဆုံးဖြတ်နိုင်စွမ်းတစ်ခု ရှိလာခဲ့သည်။

တခြားကုန်းမြေကြီးများနှင့် ပတ်သက်လာသည့်အချိန်တွင် ဥပမာအနေနှင့် ပြောရလျှင်တော့ အလွန်ကျယ်ပြန့်သော တောင်ပိုင်း ဝဲကတော့ကုန်းမြေကြီးကဲ့သို့သော တခြားကုန်းမြေကြီးများတွင်တော့ ကောင်းကင်သခင် အရေအတွက်က လက်တစ်ဖက်နှင့် ရေတွက်၍ပင် မရနိုင်ပေ။ အလယ်မြေ နတ်ဘုရားကုန်းမြေကြီးကိုတော့ ပြောပြရန်ပင် မလိုတော့ပေ။

“ငါက ကိစ္စတွေကို တိုတိုတုတ်တုတ်နဲ့ ပြတ်ပြတ်သားသားပဲ ဖြစ်ချင်တယ်…"

ရှဲ့ရှစ်က ပြောလိုက်သည်။

"ငါတို့က အသက်ကြွေထည် ပျက်စီးသွားတဲ့ကိစ္စကို ထားလိုက်လို့ရတယ်။ ဒါပေမဲ့ တာ့လီအင်ပါယာက လူ(၃)ယောက်ကိုတော့ ငါ့မှာ မေးစရာတစ်ခုရှိတယ်…"

ချွေးချန်းက သူ့၏အရက်ခွက်ကို ပြန်ချထားလိုက်ပြီး အပြုံးနှင့် မေးလိုက်၏။

"ခဏနေပါဦး။ မင်းက အဲဒီကိစ္စကို ဘေးဖယ်ထားလို့ရတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ တာ့လီအင်ပါယာရဲ့ မီးဖိုကြီးကြပ်သူအရာရှိက ချန်းပင်အန်းရဲ့ အသက်ကြွေထည် ဖျက်စီးခံလိုက်ရတဲ့အပေါ် တာဝန်ရှိတယ်။ အဲဒီအချိန်မှာ ချန်းပင်အန်းရဲ့ ပါရမီကိုလည်း ကြွေထည်ပိုင်ရှင်က အတည်ပြုပြီးသွားပြီ။ သူ့မှာ ဘာမှထူးခြားတဲ့အရာမရှိဘူး။ သူ့ရဲ့ပါရမီက အလယ်အလတ် အနိမ့်တန်းလို့ သတ်မှတ်နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ဘာအမှားမှမရှိဘူး…”

“ဒုတိယတစ်ချက်ကတော့ ချန်းပင်အန်းရဲ့ အသက်ကြွေထည် ပျက်စီးသွားတဲ့အချိန်မှာ တာ့လီအင်ပါယာက လျော်ကြေးပေးရမယ့်သူတိုင်းကို လျော်ကြေးပေးပြီးသွားပြီ။ ကြွေထည်ပိုင်ရှင်ကလည်း အဲဒီအရာကို ခေါင်းညိတ်ပြီး လက်ခံပြီးသွားပြီ။ သူကလည်း လျော်ကြေးကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့တယ်။ ရှဲ့ရှစ်... သူက မင်းရဲ့အသက်ကို (၂)ကြိမ် ကယ်တင်ခဲ့တယ်။ မင်းက သူ့ကို ဘာကျေးဇူးတရားမှ မသိတတ်တော့ဘူးလား…"

ရှဲ့ရှစ်က အားရပါးရရယ်ပြီး ပြောလိုက်သည်။

"သေချာပေါက် ငါက ကျေးဇူးသိတတ်ရမှာပေါ့။ တကယ်လို့ မင်းက ငါတို့ရဲ့ တောင်းဆိုမှုကို ငြင်းဆန်မယ်ဆိုရင် အဲဒီအချိန် ငါက တာ့လီအင်ပါယာရဲ့ မြောက်ပိုင်းနယ်မြေတွေကို တိုက်ခိုက်တဲ့အဖွဲ့ထဲမှာ ဝင်မပါဘူး…”

“တကယ်လို့ မင်းက ငါတို့ရဲ့တောင်းဆိုမှုကို လက်ခံမယ်ဆိုရင်တော့ ငါက တာ့လီအင်ပါယာကနေ လက်ရင်းတပည့် နှစ်ယောက်(၃)ယောက်လောက်ကို ခေါ်သွားပေးမယ်။ သူတို့တွေကို သေချာကြိုးစားအားထုတ်ပြီး ပျိုးထောင်ပေးမယ်။ ငါက ဘယ်အရာမှ ထိမ်ချန်ထားမှာမဟုတ်ဘူး…”

“မင်းတို့အားလုံးက အခြေအနေတွေကို သိနေပြီဆိုမှတော့ ငါလည်း ဒါပဲပြောနိုင်တယ်။ သိပ်မကြာခင် ငါက ကောင်းကင်သခင်အဆင့်ကို တက်လှမ်းတော့မယ်။ ငါ့ရဲ့အသက်အရွယ်နဲ့ ငါက ကုန်းမြေကြီး(၉)ခုထဲမှာရှိတဲ့ တာအိုကောင်းကင်သခင်တွေ အားလုံးထဲမှာ အငယ်ဆုံးကောင်းကင်သခင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်…”

“ငါက မနှိမ့်ချတဲ့အတွက်တော့ ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ငါ့ရဲ့အနာဂတ်က အရမ်းကို အံ့ဩစရာကောင်းတယ်။ ပြီးတော့ ငါ့ရဲ့ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ပြီးတဲ့အချိန်မှာ ငါက နှစ်ပေါင်းတစ်ထောင်အတွင်း လက်ရင်းတပည့်(၃)ယောက်ပဲ ခေါ်ခဲ့တယ်…"

ချွေးချန်းက ကျစ်ကွေးကို လက်ညှိုးထိုးပြပြီး မေးလိုက်၏။

"သူကရော မင်းရဲ့တပည့်တွေထဲက တစ်ယောက်ဖြစ်နိုင်လား…"

ရှဲ့ရှစ်က ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

"သူ့ကို ထည့်မတွက်ဘူး။ တကယ်လို့ သူသာ ဆန္ဒရှိတယ်ဆိုရင်တော့ အဲဒီလူ(၃)ယောက်ထဲ မပါဘဲ ငါ့ရဲ့တပည့် ဖြစ်လို့ရတယ်…"

ချွေးချန်းက တိတ်ဆိတ်စွာ စဉ်းစားနေခဲ့သည်။

ကျစ်ကွေးကလည်း အနည်းငယ် စိတ်လွင့်နေပုံရ၏။ အမှန်အတိုင်း ပြောရလျှင် လက်ရှိအချိန်၌ သူမက အနည်းငယ် စိုးရိမ်နေမိခဲ့သည်။ သူမက သူမ၏ခြံဝင်းကို သွားရောက်စစ်ဆေးရန် ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်သွားချင်နေခဲ့၏။ အကယ်၍ ခြံထောင့်ထဲတွင် ရှိနေသော ကြက်ကလေးများက အစာလွန်ပြီး သေသွားမည်ဆိုလျှင်ပင် အနည်းဆုံးတော့ သူမက သူတို့၏အလောင်းကို မြင်မှသာ လက်လျှော့နိုင်ပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သူတို့သာ အသက်ရှင်နေသေးသ၍ သူမက သူတို့ကို နောက်တစ်ကြိမ် မြင်သည့်အချိန်တွင် သေအောင်သတ်၍ ရသည်။

ထိုသတ္တဝါလေးများက သူမကိုယ်တိုင် အစာကျွေးပြီး မွေးမြူလာခဲ့ရခြင်း ဖြစ်သည့်အတွက် သူတို့က တောကြောင်များနှင့် ခွေးများ၏ ပါးစပ်ထဲတွင် သေသွားရသည်မှာ အဓိပ္ပာယ်မရှိလှပေ။

Translated by Hein Htet.

All Chapters