အခန်း (၂၀၇)
Vol. 14 Ch. 207
ချန်းပင်အန်းနှင့်လီကျိရှန်တို့က လှေကားပေါ်သို့ တက်လာပြီး ဝါးအဆောက်အဦး၏ ဒုတိယထပ်သို့ တက်သွားခဲ့ကြသည်။ သူတို့က ထိုနေရာတွင်ရပ်ပြီး အဝေးကို ငေးကြည့်နေကြ၏။ ထိုအချိန်တွင် လူငယ်လေး ချွေးစစ်နှင့် တခြားသော ကလေးနှစ်ယောက်ကတော့ အောက်ထပ်တွင် ကျန်နေခဲ့ပြီး အချင်းချင်း ကြည့်နေကြသည်။
“ဖုလုလမ်းကြားနဲ့ မက်မွန်ရွက်လမ်းကြားတို့ရဲ့ နောက်ကွယ်မှာရှိတဲ့ အဓိပ္ပာယ်ကို မင်းသိလား…”
လီကျိရှန်က မေးလိုက်သည်။
ချန်းပင်အန်းက ခေါင်းခါ၍ တုံ့ပြန်လိုက်၏။ သူ သိသည်မှာ ထိုလမ်းကြားလေးထဲတွင် နေထိုင်သော လူများက အလွန်အမင်းကို ကြွယ်ဝချမ်းသာခြင်းသာ ဖြစ်သည်။ လမ်းများကို အပြာရောင် ကျောက်ပြားများဖြင့် ခင်းထားပြီး စံအိမ်များ၏ အပြင်ဘက်တွင်လည်း ကျောက်ခြင်္သေ့များ ရှိနေသည်။ အမှန်အတိုင်း ပြောရလျှင် သူတို့၏ အိမ်ရှေ့တံခါးတွင် ရှိနေသော တံခါးနတ်ဘုရားများကပင် ပို၍ သက်ဝင်ပြီး လှုပ်ရှားနေပုံရသည်။
လီကျိရှန်က လက်ထဲတွင် မက်မွန်သစ်သားအဆောင်ကို ကိုင်ထားပြီး ရှင်းပြလိုက်၏။
“ကံကြမ္မာဆိုတာက အဆောင်တွေနဲ့ တသားတည်း ဖြစ်နေတယ်။ လမ်းတွေရဲ့ ပထမစကားလုံးက အဆောင်ရဲ့ စကားလုံးကို ကိုယ်စားပြုတယ်။ မက်မွန်ရွက်လမ်းကြားထဲမှာ ‘မက်မွန်’ဆိုတဲ့ စကားလုံးက ဒီမက်မွန်သစ်သားအဆောင်မှာ ရှိတဲ့ မက်မွန်ကို ကိုယ်စားပြုတယ်။ လမ်းကြားနှစ်ခုရဲ့ နာမည်တွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ငါတို့က မက်မွန်သစ်သားအဆောင်ကို ရလိမ့်မယ်…”
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် နားလည်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“မြို့ငယ်လေးထဲမှာ အရမ်းကိုကြီးမားတဲ့ အခွင့်အရေးတစ်ခုရှိတယ်။ ဒီမက်မွန်သစ်သားအဆောင်ကတော့ ရွှေငါးနဲ့ တခြားသတ္တဝါလေးတွေလိုမျိုး ဒြပ်စင်(၅)ပါး အခွင့်အရေးထက်တောင် အဆပေါင်းများစွာ ပိုပြီးတော့ ကြီးမားနိုင်တယ်။
လီကျိရှန်က အခြေအနေကို ဆက်ပြီး ရှင်းပြလိုက်သည်။
“ငါက နှစ်ကုန်ခါနီးမှာ ထူးဆန်းတဲ့ အိမ်မက်တစ်ခု မက်တယ်။ ငါက လူပေါင်းများစွာနဲ့ ကိစ္စရပ်ပေါင်းများစွာကို မြင်နေတဲ့အကြောင်းဆိုတာပဲ ဝိုးတဝါး မှတ်မိနိုင်တယ်။ ဒါပေမဲ့ ငါ နိုးလာရင် အရာအားလုံးကို မေ့သွားတာပဲ။ ငါက လူတစ်ယောက်နဲ့ ကျားတစ်ပွဲ ကစားနေတယ်။ ငါက မက်မွန်သစ်သားအဆောင်ထဲမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေအကြောင်း လေ့လာရတာကိုလည်း သဘောကျတယ်။ အရမ်းကို ရှုပ်ထွေးတဲ့ သဘာဝတရားကြီးက လျှို့ဝှက်ဆန်းကြယ်နေတာလည်း ဖြစ်နိုင်တယ်။ အဲဒီအရာကို ရှင်းပြဖို့ အမှန်တကယ်လည်း ခက်ခဲတယ်…”
လီကျိရှန်က ဝါးအဆောက်အဦးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ပထမတုန်းကတော့ ငါက ဝါးအဆောက်အဦးရဲ့ ရှေ့တံခါးမှာ ဒီမက်မွန်သစ်သားအဆောင်ကို ကပ်ချင်နေခဲ့တာ။ ဒါဆိုရင် မကောင်းဆိုးဝါးတွေကို တားဆီးနိုင်တဲ့အပြင် ထူးခြားဆန်းကြယ်တဲ့ အစွမ်းမျိုးစုံကိုလည်း ကာကွယ်နိုင်လိမ့်မယ်။ ဒီစကားက နည်းနည်းလေး ပိုတယ်လို့ ထင်ရပေမဲ့ ဒီမက်မွန်သစ်သားအဆောင်က ဒီဝါးအဆောက်အဦးကိုတော့ အမှန်တကယ် ကာကွယ်ပေးနိုင်တယ်။ ပြီးတော့ ပိုပြီးကြံ့ခိုင်လာအောင် လုပ်ပေးနိုင်တယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီမက်မွန်သစ်သားအဆောင် ရှိနေတဲ့အတွက်ကြောင့် သစ်ပင်ပန်းမန်မျိုးစုံမှာ အနှစ်သာရတွေ ကြီးထွားလာလိမ့်မယ်…”
ထိုစကားကို ပြောလိုက်ပြီးနောက် လီကျိရှန်က ပြုံးလိုက်ပြီး ချန်းပင်အန်းကို ပေးလိုက်သည်။ သူက အပြုံးနှင့် မေးလိုက်၏။
“ချန်းပင်အန်း …
မင်းက ဒါကို တကယ်မလိုချင်ဘူးလား။ ဒီလိုအခွင့်အရေးမျိုးက နောက်တစ်ကြိမ် ရောက်လာမှာ မဟုတ်တော့ဘူး…”
“ဒါက အံ့ဩစရာကောင်းတဲ့ ပစ္စည်းတစ်ခုဆိုမှတော့ အစ်ကိုလီအတွက်ပဲ သိမ်းထားသင့်ပါတယ်…”
ချန်းပင်အန်းက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
“အစ်ကိုလီက သိပ်မကြာခင် ခရီးရှည်ကြီးတစ်ခု သွားရတော့မှာ မဟုတ်လား။ ကျွန်တော်ကတော့ အခုမှ ခရီးရှည်ကြီးကနေ ပြန်ရောက်လာတာ။ ပြီးတော့ အဲဒီခရီးစဉ်မှာ အံ့ဩစရာကောင်းပြီး ဆန်းကြယ်တဲ့အရာတွေနဲ့ အန္တရာယ်မျိုးစုံကိုလည်း တွေ့ခဲ့ရတယ်။ ဒါကြောင့် ဒီလိုအစွမ်းထက်တဲ့ အင်မော်တယ်ပစ္စည်းမျိုးကို အစ်ကိုလီက သေချာပေါက် လိုအပ်လိမ့်မယ်…”
လီကျိရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး မေးလိုက်သည်။
“ငါ့ဆီမှာ အင်မော်တယ်ပစ္စည်းတွေ အလုံအလောက် မရှိဘူးလို့ မင်းက ခံစားမိနေတာလား…”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက လှုပ်ရှားသွားခဲ့သည်။
လီကျိရှန်က ရွှံ့ပုလင်းလမ်းကြားထဲတွင် ချောင်ကျွင်းနှင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲကို ချက်ချင်း အမှတ်ရသွားခဲ့၏။ သို့သော် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူက စာအုပ်တချို့ထဲမှာ စကားတစ်ခွန်းကို အမှတ်ရသွားခဲ့သည်။
“များများရှိရင် ပိုကောင်းတာပေါ့…”
သူက ပြန်ဖြေလိုက်၏။
လီကျိရှန်က အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ သူလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် မက်မွန်သစ်သားအဆောင်ကို ပြန်သိမ်းထားလိုက်ရသည်။ ထိုအရာကို သူ့ခါးတွင် ပြန်ချိတ်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
“ဒါက ဝါးအဆောက်အဦးရဲ့ တံခါးနဲ့ လုံးဝကို လိုက်ဖက်တယ်။
အမှန်အတိုင်း ပြောရလျှင် လီကျိရှန်က အောက်သို့ဆင်းပြီး ရှေ့တံခါးကိုပင် ပြန်လှည့်ကြည့်လိုက်သေးသည်။ သူက မှတ်ချက်ပေးလိုက်၏။
“တော်တော်လေးကို လိုက်ဖက်တာပဲ…”
အမှန်အတိုင်း ပြောရလျှင် လက်ရှိအချိန်၌ ထိုလူငယ်က အနည်းငယ် ကလေးဆန်နေခဲ့သည်။
ချန်းပင်အန်းက ရယ်ချင်နေသော်လည်း ထိုအရာက အနည်းငယ် ရိုင်းပြသည်ဟု ခံစားမိခဲ့၏။ ထို့ကြောင့် သူက ရယ်ချင်စိတ်ကို ထိန်းထားခဲ့သည်။ ပထမတွင် ချန်းပင်အန်းက လီကျိရှန်နှင့် ဆက်ဆံခဲ့သည်မှာ သူက လီပေါင်ဖျင်၏ အစ်ကိုကြီး ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်သည်။
သို့သော် သူနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆက်ဆံခဲ့ရပြီးနောက် ချန်းပင်အန်းက ထိုလူငယ်စာသင်သားလေးကို တဖြည်းဖြည်း ပို၍ သဘောကျလာခဲ့သည်။ ထိုအရာကလည်း လီကျိရှန်၏ အငွေ့အသက်က အမှန်တရားဆန်ခြင်းကြောင့် မဟုတ်သလို သူက ချောင်ကျွင်းကိုပင် နိုင်သော စွမ်းရည်ရှိနေသည့် ချီကျင့်ကြံသူတစ်ယောက် ဖြစ်နေခြင်းကြောင့်လည်း မဟုတ်ချေ။ ထိုအစား ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးအပေါ် ထိုလူငယ်လေး၏ ဆက်ဆံမှုက စိတ်အေးချမ်းသာစေလိုခြင်းကြောင့် ဖြစ်သည်။
ထိုအရာက ဓားကျင့်ကြံသူများအပေါ် အိုက်လျန် ပေးခဲ့သော တူညီသည့် ခံစားမှုများကဲ့သို့ ဖြစ်နေသလို ဆရာချီက ကွန်ဖြူးရှပ်စာသင်သားများကို ပေးခဲ့သော တူညီသည့် ခံစားမှုတစ်ခုကဲ့သို့လည်း ဖြစ်သည်။ အိုက်လျန်က ဓားပညာနှင့် ပတ်သက်ပြီး ချန်းပင်အန်းကို လုံးဝ မပြောခဲ့သည့်အပြင် ဆရာချီကလည်း ကြီးကျယ်ခမ်းနားသော စည်းမျဉ်းများကို ချန်းပင်အန်းဆီ မပြောပြခဲ့ချေ။
သို့သော် အိုက်လျန်က အစွမ်းထက်ဆုံး ဓားသမားတစ်ယောက် ဖြစ်ပြီး ဆရာချီက ဗဟုသုတ အပြည့်စုံဆုံး စာသင်သားတစ်ယောက် ဖြစ်သည်ဟု လူငယ်လေးက သတ်မှတ်ထားခဲ့သည်။ စိတ်ထဲတွင်တော့ ချန်းပင်အန်းက သူတို့လို လူတစ်ယောက် ဖြစ်လာရန် မျှော်လင့်နေခဲ့၏။ သို့သော် သူက ထိုကဲ့သို့သော ရည်မှန်းချက်များကို တခြားလူတစ်ယောက်ဆီသို့ လုံးဝ မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည်ဟု တခြားသူများ တွေးနေမှာကို ကြောက်လန့်နေခြင်းကြောင့် ဖြစ်သည်။
ထိုအချိန်တွင် လီကျိရှန်က ရုတ်တရက် ဆုံးဖြတ်ပြီး ပြောလိုက်၏။
“မဟုတ်ဘူး၊ ငါ ဒီလိုမျိုး ထွက်မသွားနိုင်ဘူး။ ငါ့ရဲ့မသိစိတ်က ငါ့ကို ဒီလိုလုပ်ဖို့ ခွင့်မပြုဘူး။ ငါ ဒီလိုထွက်သွားလို့လည်း မရဘူး…”
ချန်းပင်အန်းက စကားပြောရန် ပြင်လိုက်သည်။
သို့သော် လီကျိရှန်က သူ့ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်၏။ သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“ချန်းပင်အန်း …
ငါက နားငြီးစရာ စကားနည်းနည်းလောက်တော့ ပြောမယ်။ နောက်ပိုင်း တခြားသူတွေနဲ့ ဆက်ဆံတဲ့အချိန်ကျရင် မင်းရဲ့စံနှုန်းတွေကိုသုံးပြီး လူတိုင်းကို တိုင်းတာ တာမျိုး ရှောင်ကြဉ်ရမယ်။ ဥပမာအနေနဲ့ ပြောရရင် မက်မွန်သစ်သားအဆောင်ကို ယူဖို့ ငြင်းဆန်လိုက်တာက မင်းအတွက် သေချာပေါက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုလို မင်းက ခံစားမိလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက ငါ လီကျိရှန်အတွက် အကောင်းဆုံးဖြစ်မယ်လို့ မင်းက တွေးနေလို့ပဲ။ ဒါကြောင့် ဒီလိုရွေးချယ်မှုတွေ လုပ်ပြီးသွားရင် မင်းက အပြစ်ရှိတယ်လို့ မခံစားရဘူး…”
“ဟုတ်တယ်၊ အဲဒါက အရမ်းမှန်တယ်။ ဒါပေမဲ့ ဒီကမ္ဘာကြီးထဲမှာ လူပေါင်းစုံရှိတယ်ဆိုတာကို မင်းက နားလည်ထားရမယ်။ မင်းက အဲဒီအရာကို သေချာခံစားရမယ်။ အဲဒီအပြင် မင်းဘေးမှာ ရှိတဲ့သူတွေက စိတ်အေးချမ်းသာသလို ခံစားဖို့ကိုလည်း မင်းက စဉ်းစားပေးဖို့ လိုအပ်တယ်…”
လီကျိရှန်က ချန်းပင်အန်း၏ ပုခုံးကို ပုတ်ပြီး ဆက်ပြောလိုက်၏။
“ငါ မင်းကို အခက်တွေ့အောင် တွန်းအားပေးနေတယ်လို့ပဲ သတ်မှတ်လိုက်ပါ။ မင်းက ဒါကို အလွန်အကျွံစဉ်းစားဖို့ မလိုဘူး။ တကယ်လို့ တခြားတစ်ယောက်သာဆိုရင် ငါက ဒီလိုစကားတွေလည်း ပြောနေမှာ မဟုတ်ဘူး…”
“ဒါပေမဲ့ မင်းကတော့ မတူဘူး ချန်းပင်အန်း။ မင်းက အရမ်းကောင်းတဲ့ လူတစ်ယောက်လို့ငါက ခံစားမိတယ်။ မင်းက ပိုပြီးတော့ ကောင်းလာနိုင်တယ်။ အမှန်အတိုင်းပြောရရင် အနားမှာ မင်း ရှိနေတဲ့အချိန်တိုင်း ငါကိုယ်တိုင်ကတောင် ရှက်ရွံ့မှုကို ခံစားမိတယ်။ မင်းက အဲဒီအရာကို သိလား…”
ချန်းပင်အန်းက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
‘ငါက အဲဒီလောက်တောင် ကောင်းတာလား…’
လီကျိရှန်က အားရပါးရရယ်လိုက်ပြီး လေသာဆောင်ဆီသို့ လျှောက်သွားခဲ့သည်။ သူက အောက်တွင် ရှိနေသော စာသင်သားလက်ထောက်ကို လက်ဝှေ့ယမ်းပြပြီး ပြောလိုက်၏။
“ငါ့ရဲ့အထုပ်ကို အပေါ်ယူလာခဲ့ပါ။ ငါက ပစ္စည်းတစ်ခု သုံးဖို့လိုတယ်…”
“ကောင်းပါပြီ ခဏစောင့်ပေးပါ ဆရာ…”
ချွေးစစ်က ပြန်ဖြေလိုက်သည်။
အလွန်ချောမောခန့်ညားပြီး ကျွဲရိုင်းလေးကဲ့သို့ ထင်မှတ်ရသော လူငယ်လေးက အပေါ်သို့ အလျင်အမြန် တက်လာခဲ့သည်။ သူက ပုခုံးပေါ်တွင် အထုပ်ကြီးတစ်ခုကို သယ်လာခဲ့၏။ ထိုအရာက ရတနာ(၁၀၀)ခန့်အထိ ရှိနေသော အထုပ်တစ်ခု ဖြစ်သည်။ သူတို့ ခရီးသွားသည့်အချိန်၌ စာသင်သားများ သယ်ဆောင်သွားတတ်သည့် အရာမျိုးလည်း ဖြစ်၏။
ထိုအထုပ်ထဲတွင်တော့ လက်ရေးစုတ်တံများ၊ မင်၊ စာရွက်နှင့် မင်ကျောက်တုံးတစ်စုံ ရှိသည်။ ထိုပစ္စည်းများက အတော်လေးကို အိုမင်းနေပြီး ဈေးကြီးသည့် ပုံစံမျိုး မရှိချေ။
လီကျိရှန်က စုတ်တံတစ်ခုကို ကောက်ယူလိုက်သည်။ ထိုအရာက အနည်းငယ် သေးငယ်ပြီး သာမန်စကားလုံးများကို ရေးသားရာတွင် သိပ်သိပ်သည်းသည်း ရှိသည်။ လေနှင်းစုတ်တံဟူသော စကားလုံးများကလည်း ထိုစုတ်တံ၏ အပေါ်ဘက်တွင် ရေးထိုးထား၏။ ထိုအရာကို ဝါးနှင့်ဖန်တီးထားခြင်း ဖြစ်သည်။
သို့သော် မျိုးရိုးစဉ်ဆက်များစွာ လက်ဆင့်ကမ်းလာပြီး နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီးနောက် ယခု ထိုစုတ်တံဆီမှ အနီရောင်အလင်းတန်းလေး အနည်းငယ် တောက်ပနေခဲ့သည်။ ထိုထက်ပို၍ ထူးခြားသည်မှာ စုတ်တံ၏ မာကျောသော ထိပ်ဖျားဆီမှ ရွှေရောင်အလင်းတန်းလေးတစ်ခု တောက်ပနေပြီး ထိုအရာက ထက်မြက်သော စုတ်တံတစ်ခုကဲ့သို့ ဖြစ်နေသည်။
လီကျိရှန်က ထိုစုတ်တံကို ကောက်ယူလိုက်ပြီး ဝါးထိုင်ခုံ၏ တစ်ဝက်ခန့်တွင် အလွန်သေးငယ်သော စကားလုံးများကို ရေးသားလိုက်သည့်အချိန်၌ ချန်းပင်အန်းက လှုပ်ရှားသွားခဲ့သည်။ ‘အကယ်၍ နတ်ဘုရားများသာ ကူညီပေးခဲ့လျှင်’ ဟူသော စာကြောင်း ဖြစ်သည်။ ချန်းပင်အန်းက ထိုစကားလုံးလေးများကို မြင်တွေ့နေရကြောင်း လီကျိရှန်က ရှင်းရှင်းလင်းလင်း သတိထားမိသည်။
သူက စုတ်တံကို အသာအယာ မြှောက်ပြီး အပြုံးနှင့် ရှင်းပြလိုက်၏။
“စာအုပ်တစ်အုပ်ရဲ့ အဓိပ္ပာယ်က အကြိမ်ပေါင်းများစွာ ဖတ်မှပဲ ရှင်းရှင်းလင်းလင်း သိလာလိမ့်မယ်။ အလားတူ ဆိုရိုးစကားတွေက သိုင်းပညာလေ့ကျင့်မှုမှာလည်း အသုံးချလို့ရတယ်။ တကယ်လို့ ဝိညာဉ်တစ်ခု ရှိမလာဘူးဆိုရင် လက်သီးကိုလည်း မောင်းနှင်နိုင်မှာ မဟုတ်ဘူး။ ဒါက ဝေဝါးပြီး အဓိပ္ပာယ်မရှိသလို ထင်ရပေမဲ့ တကယ့်အစစ်အမှန်ကတော့ အဲဒီလိုမဟုတ်ဘူး…”
“ဒီစကားလုံးတွေ ၊ စကားစုတွေရဲ့ အနှစ်သာရက လုံ့လဝီရိယရှိမှုနဲ့ ကြိုးစားအားထုတ်မှုကို ပြောချင်တာပဲ။ လေ့ကျင့်ခြင်းက ပြည့်စုံမှုကို ဖြစ်စေနိုင်တယ်။ ပြည့်စုံခြင်းက လျှို့ဝှက်ဆန်းကြယ်မှုတွေ ပေါက်ဖွားလာစေနိုင်တယ်။ ဒီအကြောင်းအရာတွေကို ခြေတစ်လှမ်းချင်းဆီ ချည်းကပ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ နားလည်လာလိမ့်မယ်။ စည်းမျဉ်းတစ်ခုကို နားလည်တာက စည်းမျဉ်းတွေအားလုံးကို နားလည်တာနဲ့ အတူတူပဲ…”
ထိုအချိန်တွင် ချွေးစစ်က ရုတ်တရက် နားလည်မှု ရသွားခဲ့သည်။ သူက အလွန်ထူးခြားသော စည်းမျဉ်းတစ်ခု၏ အနှစ်သာရတစ်ခုကို ဖမ်းဆုပ်မိသွားသလို ထင်မှတ်ရသည်။ သူက နားနှစ်ဖက်ကို စွင့်ထားပြီး ပါးကို လက်နှင့် ထောက်ထား၏။ သူ့ပုံစံက စိတ်မရှည်နိုင်သလို ထင်မှတ်ရသည်။
ငယ်ငယ်ကတည်းက စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့သော ပန်းရောင်ဝတ် ကလေးမလေးကလည်း အံ့ဩမှင်တက်သွားခဲ့၏။ သူမက အရက်တစ်အိုး သောက်လိုက်ရသလို ထင်မှတ်ရပြီး မူးဝေနေသလို ခံစားလိုက်ရသည်။
စိမ်းပြာရောင်ဝတ် ကောင်လေးကသာ သက်ရောက်မှုမရှိဘဲ လက်ရန်းပေါ်တွင်ထိုင်၍ နှာခေါင်းညှစ်နေခဲ့၏။ အမှန်အတိုင်း ပြောရလျှင်တော့ သူက ချွေးစစ်နှင့် ပန်းရောင်ဝတ် ကလေးမလေးတို့၏ ထူးဆန်းသောအပြုအမူကို မြင်လိုက်ရမှသာ အံ့ဩမှင်တက်သွားမိခြင်း ဖြစ်သည်။
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အလွန်အမင်း ခံစားခဲ့မိခြင်း မရှိချေ။ သို့သော် ထိုစကားလုံးများကို သေချာမှတ်ထားခဲ့သည်။ လီကျိရှန်က စုတ်တံ၏ ထိပ်ဖျားကို လေနှင့် အသာအယာ မှုတ်လိုက်၏။
ထိုအချိန်တွင် မာကျောသော စုတ်တံက ရုတ်တရက် စတင်ပျော့ပျောင်းလာခဲ့သည်။ ဓားတစ်လက်ကဲ့သို့ ထက်မြက်ပုံရသည်ကိုပင် ယခုတော့ ဝိညာဉ်စွမ်းအားများ ရှိလာသလို ထင်မှတ်ရသည်။
လီကျိရှန်က အပြုံးနှင့် ပြောလိုက်၏။
“လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်မယ်ဆိုရင် မင်းက သူတို့ကို တစ်ရက်စာ ကျွေးနိုင်လိမ့်မယ်။ ဒါပေမဲ့ သူတို့ကို ငါးဖမ်းနည်း သင်ပေးလိုက်မယ်ဆိုရင်တော့ တစ်ဘဝစာ ဝမ်းဝအောင် ကူညီပေးနိုင်လိမ့်မယ်။ မင်းက ဒီမက်မွန်သစ်သားအဆောင်ကို လက်ခံဖို့ ငြင်းဆန်လိုက်မှတော့ ငါလည်း ငါ့ရဲ့စွမ်းရည်တချို့ကို ထုတ်ပြရတော့မှာပေါ့…”
“ငါက စာအုပ်တွေထဲကနေ ထူးခြားတဲ့ ဗဟုသုတတွေကို မရသေးဘူး။ ဒါပေမဲ့ ငါက တံဆိပ်ဖန်တီးတာနဲ့ အဆောင်ရေးသားတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ ဒီနေ့ ငါက ဒီဝါးအဆောက်အဦးရဲ့ ဝါးချောင်းလေးတွေပေါ်မှာ အဆောင်တွေနဲ့ စကားလုံးတွေ ရေးပေးမယ်။ စိတ်မပူပါနဲ့။ ငါရေးပြီးသွားရင် အဲဒီစကားလုံးတွေနဲ့ အဆောင်တွေကို သာမန်မျက်လုံးနဲ့ မြင်ရမှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် သူတို့က ဒီဝါးအဆောက်အဦးရဲ့ အလှတရားတွေကို သက်ရောက်စေမှာ မဟုတ်ဘူး…”
“ဒါပေမဲ့ နောက်ပိုင်းမှာ ဒီစကားလုံးတွေ ၊ အဆောင်တွေက ထူးခြားတဲ့ဖြစ်စဉ်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းက အံ့ဩနေဖို့ မလိုဘူး။ ဒီနေ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အဆောင် ဘယ်လိုဆွဲရတယ်ဆိုတာ မင်းကို သင်ကြားပေးဖို့ပဲ။ မင်းက လုပ်ငန်းစဉ်တချို့ကို နားလည်တယ်လို့ ခံစားမိတဲ့အချိန်မှပဲ ငါက ရပ်မယ်။ ဘာမှ စိုးရိမ်နေဖို့လည်း မလိုဘူး။ ငါက ဖြည်းဖြည်းချင်းပဲ အဆောင်တွေကို ဆွဲမယ်။ မင်းက အဲဒီအရာတွေကို ဖြည်းဖြည်းချင်း လိုက်ကြည့်ထားနိုင်တယ်…”
ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်မိသည်။
“အစ်ကိုလီ …
ကျွန်တော်က တော်တော်လေး ဉာဏ်ထိုင်းတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး စိတ်ထဲမှာ ပြင်ဆင်ထားပေးပါ…”
လီကျိရှန်က ညင်သာစွာ လှုပ်ရှားလိုက်သည်။ သူက ဝါးအဆောက်အဦးကို မျက်နှာချင်းဆိုင်နေသည့်အချိန်တွင် နံရံအလွတ်တစ်ခုကို မျက်နှာချင်းဆိုင်နေသလို ထင်မှတ်ရ၏။ လက်တစ်ဖက်ကို နောက်ပစ်ထားပြီး လက်တစ်ဖက်တွင် စုတ်တံကို ကိုင်၍ သူက ပထမဆုံးအမှတ်အသားကို နေရာချလိုက်သည်။
“တကယ်လို့ တခြားသူတွေကို သနားကြင်နာမှုနဲ့ ဆက်ဆံတာက ဉာဏ်တုံးတာဆိုရင်၊ တကယ်လို့ ဝီရိယရှိပြီး ဇွဲကောင်းတာက ဉာဏ်တုံးတယ်ဆိုရင် အဲဒါက ဒီကမ္ဘာကြီးရဲ့ ပြဿနာလို့ပဲ ပြောလို့ရတယ်။ ချန်းပင်အန်း … မင်းက ဒီလို ဉာဏ်တုံးမှုကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်ဖို့ ငါ မျှော်လင့်တယ်…”
လီကျိရှန်က အပြုံးနှင့် ပြောလိုက်၏။
ချန်းပင်အန်းက ခေါင်းကုတ်လိုက်သည်။ သူနှင့် အဘိုးကြီးယောင်၏ ပတ်သက်မှုကြောင့် သူက ငယ်ငယ်ကတည်းက အပြစ်တင်ခံရမှုကို အသားကျနေပြီးသား ဖြစ်သည်။ တစ်ချိန်တည်းတွင် သူက အံ့ဩစရာကောင်းသော တခြားလူများ၏ သဘာဝကို ကြည့်နေရခြင်းကိုလည်း အသားကျနေခဲ့၏။ ထို့ကြောင့် ယနေ့ လီကျိရှန်၏ ချီးကျူးမှုကိုတော့ အတော်လေး အသားမကျသေးပေ။
လီကျိရှန်က ခဏကြာ စဉ်းစားပြီးနောက် ပြန်လှည့်ပြီး ပြောလိုက်၏။
“အဆောင်တွေကို ရေးဆွဲတဲ့နေရာမှာ တာအိုဂိုဏ်းက အဆောင်တွေကတော့ အမြဲတမ်း နယ်ပယ်တိုင်းမှာ ခေါင်းဆောင်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါတို့က အဆောင်တွေကို ရေးဆွဲတဲ့အချိန်မှာ တာအိုလမ်းစဉ်ဂိုဏ်းခွဲတွေ စည်းမျဉ်းတွေအတိုင်း တောင့်တောင့်ကြီး ဖြစ်နေဖို့ မလိုအပ်ဘူး…”
“လောကကြီးရဲ့ အဓိကစည်းမျဉ်းတွေကတော့ ပျက်စီးနေတဲ့ အရာတွေရဲ့ ပြောင်းလဲမှုကို ထင်ဟပ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေအဖြစ် ပြောင်းလဲတာပဲ။ အဲဒီအရာက မင်းရဲ့လက်သီးသိုင်းကို လေ့ကျင့်နေသလို ပုံစံမျိုးပဲ…”
လီကျိရှန်က အပြုံးနှင့် ဆက်ပြောလိုက်သည်။
“အဲဒါက အရမ်းလှတယ်…”
လက်သီးသိုင်းကို လေ့ကျင့်နေသော လူငယ်လေးတစ်ယောက် ရှိခဲ့ဖူးသည်။ သူက တောင်တန်းများပေါ်၌ ရှိနေသည့်အချိန်တွင် တောင်တန်းများကို ငေးကြည့်နေပြီး ရေထဲ၌ ရှိနေသည့်အချိန်တွင် ရေသံများကို နားထောင်နိုင်သည်။ ဤကမ္ဘာကြီးထဲတွင် ထိုပုံရိပ်ထက် ပို၍ကဗျာဆန်သော ပုံရိပ်မရှိတော့ဟုပင် လီကျိရှန်ကတော့ ခံစားမိခဲ့သည်။
သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး သူ၏ အာရုံများကို စုစည်းလိုက်သည်။ သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ရှင်းပြလိုက်၏။
“အဆောင်ရေးဆွဲတဲ့အချိန်မှာ အဆောင်စာရွက်တစ်ခု ရှိဖို့ လိုအပ်တယ်။ အဆောင်စာရွက်တွေက ဒီကမ္ဘာကြီးထဲမှာ နေရာတကာ ရနိုင်တယ်။ ဒါပေမဲ့ မင်းကတော့ အခြေခံကနေ စတင်ဖို့ လိုအပ်သလို တစ်ကြိမ်မှာ ခြေတစ်လှမ်းပဲ လျှောက်ဖို့ လိုအပ်တယ်။ အရေးကြီးဆုံးအရာကတော့ စာရွက်တွေနဲ့ ဝီရိယရှိရှိ စတင်ဖို့ပဲ။ မင်းက ဒီနေရာမှာ ပြီးဆုံးသွားရင် ငါက မင်းကို တော်တော်လေး အရည်အသွေးကောင်းတဲ့ အဆောင်စာရွက်တစ်ထပ်လည်း ပေးမယ်။ ပြီးတော့ အဆောင်တွေကို ဘယ်လိုရေးဆွဲရလဲဆိုတာ လမ်းညွှန်ပေးနိုင်တဲ့ လမ်းညွှန်စာအုပ်တစ်ခုလည်း ပေးမယ်…”
“အချိန်ခဏအတွင်းတော့ အဆောင်စာရွက်တွေ ထပ်ဝယ်ဖို့ မလိုသေးဘူး။ ဒါပေမဲ့ ငါမင်းကို ပေးလိုက်တဲ့ စာရွက်တွေ ကုန်သွားပြီဆိုရင်တော့ ဒီအရာနဲ့ ပတ်သက်ပြီး စိုးရိမ်ရလိမ့်မယ်။ ဒါကတော့ မလွဲမသွေ ကြုံရမှာပဲ။ ကျင့်ကြံမှုမှာ အဓိကစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ ငွေကြေးအမြောက်အများ သုံးရဖို့ပဲ။ ဓားကျင့်ကြံသူတွေက ဓားပျံတွေကို မြှင့်တင်ဖို့ လိုအပ်သလို အဆောင်ကျင့်ကြံသူတွေကလည်း အဆောင်စာရွက်အမြောက်အများ သုံးဖို့ လိုအပ်တယ်။ ဒါက ရှောင်လွှဲလို့မရတဲ့ အရာတွေပဲ…”
“အစစ်အမှန် ချီစွမ်းအားတစ်ခုကို ဒီစုတ်တံရဲ့ထိပ်ဖျားထဲ ပေါင်းစပ်လိုက်မယ်။ ပြီးတော့ သွေးကြောလေးတွေက ကြာပန်းမြစ်လေးတွေ ကြားထဲမှာ အချင်းချင်း ဆက်သွယ်ထားသလိုပုံစံမျိုး စုတ်ချက်ကို တစ်ဆက်တည်း ဆွဲရလိမ့်မယ်။ စကားလုံးတွေက ကွဲကွဲနေနိုင်ပေမဲ့ အနှစ်သာရကတော့ အချင်းချင်း ဆက်သွယ်ထားရလိမ့်မယ်…”
“တောင်ထိပ်နှစ်ခုပုံစံမျိုးပဲ။ သူတို့က အဝေးကနေ အချင်းချင်း ဆက်သွယ်နေပြီး အချင်းချင်း တုံ့ပြန်နိုင်ပြီး အချင်းချင်း ဆက်သွယ်မှုကို ထိန်းသိမ်းထားရမယ်။ ချန်းပင်အန်း ငါ့ကို သေချာ သေချာလိုက်ကြည့်ထား…”
လီကျိရှန်က လေနှင်းစုတ်တံကို သူ၏တခြားလက်တစ်ဖက်ထဲသို့ ထည့်လိုက်ပြီး သူ၏ အင်္ကျီလက်နှင့် သုတ်လိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးမှသာ သူက စာရေးစုတ်တံကို စာရေးသားသည့်လက်ထဲသို့ ပြန်ထည့်လိုက်သည်။
သူက ချန်းပင်အန်းကို အပြုံးနှင့်ကြည့်ပြီး ရှင်းပြလိုက်၏။
“ငါက ဒါကိုတော့ မင်းဆီကနေ သင်ထားတာ။ တချို့တာဝန်တွေ ပြီးသွားတဲ့အချိန်မှာ လူတစ်ယောက်က လေးစားမှုကို ပြသဖို့လိုအပ်တယ်။ မင်းနဲ့ယှဉ်လိုက်ရင် ငါက ဒီနေရာမှာ အားနည်းတယ်။ ဒါကြောင့် မင်းရဲ့သဘောထားကို မြင်ပြီးသွားတဲ့အချိန်မှာ ငါက မင်းရဲ့အပြုအမူကို အတုခိုးဖို့ ဆုံးဖြတ်လိုက်တယ်…”
ဖုလုလမ်းကြားထဲတွင် ရှိနေသော လီကလန်၏ စံအိမ်ထဲတွင် လီကျိရှန်နှင့် ပထမဆုံးတစ်ကြိမ် တွေ့သည့်အချိန်၌ ချန်းပင်အန်းက မြေအိုးလေးကို မြေကြီးပေါ်တွင် ချလိုက်ပြီး သူ့လက်နှစ်ဖက်ကို သန့်ရှင်းရေးလုပ်ပြီးမှသာ လီကျိရှန်ဆီမှ စာအုပ်များကို လက်ခံခဲ့သည်။ သို့သော် သူ၏အသေးအဖွဲလုပ်ရပ်လေးက လီကျိရှန်ဆီမှ ထိုကဲ့သို့သော တုံ့ပြန်မှုကို ရလိမ့်မည်ဟု ချန်းပင်အန်းလည်း လုံးဝမထင်ထားခဲ့ပေ။
နောက်ဆုံးတွင်တော့ လီကျိရှန်က အဆောင်များကို စတင်ရေးဆွဲခဲ့သည်။ အမှန်အတိုင်းပြောရလျှင်တော့ သူ့ပုံစံက စကားလုံးများကို အားကြိုးမာန်တက် ရေးသားနေသော စာသင်သားတစ်ယောက်နှင့် တူညီ၏။ အဆောက်အဦးပေါ်တွင် ရပ်နေမည်ဆိုလျှင် လူတစ်ယောက်က အဝေးတွင် ရှိနေသော ကြီးကျယ်ခမ်းနားသည့် နေမင်းကြီးကို မြင်တွေ့နိုင်သည်။
လီကျိရှန်၏ လက်ရေးက အလွန် အလွန်သပ်ရပ်ပြီး ညင်သာသည်။ ပုံစံအနေနှင့် ပြောရမည်ဆိုလျှင် သူ၏လက်ရေးက အရသာကင်းမဲ့နေသော တာအိုသခင် လုချန်း၏ လက်ရေးနှင့် တူညီသည်ဟု ထင်မှတ်ရ၏။ သို့သော် စိတ်ဝိညာဉ်အရ ပြောရမည်ဆိုလျှင်တော့ သူတို့၏လက်ရေးက လုံးဝကို ကွဲပြားနေပုံပေါ်သည်။
ချန်းပင်အန်းက လီကျိရှန်၏လက်ရေးအပေါ် လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခု ရှိနေသော်လည်း ထိုခံစားမှု၏နောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်ကိုတော့ ရှင်းမပြနိုင်ပေ။ ထို့နောက် လီကျိရှန်က ကဗျာများ၊ ကွန်ဖြူးရှပ်ကျမ်းစာများ၊ တာအိုကျမ်းစာများနှင့် အတွေးအခေါ်(၁၀၀)ကျောင်းမှ ကဗျာများ၊ စကားစုများ၊ စကားလုံးများကို စတင်ရေးသားနေခဲ့သည်။ သူက ထိုအရာများကို အံ့ဩစရာကောင်းသည်ဟု သတ်မှတ်ထားခဲ့ခြင်း ဖြစ်၏။
သူက နံရံထိပ်ဖျားတွင် ရေးသားရန်အတွက် ခြေဖျားထောက်ရသည့် အချိန်လည်း ရှိသည်။ တစ်ခါတစ်ရံ နံရံ၏အောက်ခြေတွင် ရေးသားရန်အတွက် အောက်သို့ ငုံ့ရသည့်အချိန်လည်း ရှိ၏။ သူက တစ်နေရာမှ တစ်နေရာသို့ လှုပ်ရှားနေပြီး သူ၏စုတ်တံပေါ်ကိုသာ အာရုံစိုက်ထားခဲ့သည်။ သူက အာရုံစိုက်၍ ရေးသားနေပြီး ရေးသားနေသည့်အချိန်တွင် အလွန်ဝမ်းသာနေသလို ခံစားနေရ၏။
သူ၏ စာသင်သားလက်ထောက် ချွေးစစ်ကပင် အောက်ထပ်မှနေ၍ ထိုင်ခုံတစ်ခုကို ယူလာပေးခဲ့ရသည်။ သူက ထိုင်ခုံပေါ်တွင် ရပ်ပြီး လွတ်လပ်ပေါ့ပါးစွာ စာရေးသားနေခဲ့၏။ တစ်ခါတစ်ရံ သူက ကျမ်းပြင်ပေါ်တွင်ထိုင်ပြီး စာရေးသားခဲ့သည်။
‘ကောင်းကင်ဘုံမှာရှိတဲ့ အင်မော်တယ်တွေ အံ့ဩသွားမှာကြောက်လို့ ငါက စကားကျယ်ကျယ် မပြောရဲဘူး..’
‘တောင်ပေါ်ဓားပြတွေကို အနိုင်ရဖို့က လွယ်တယ်။ နှလုံးသားဓားပြကို အနိုင်ရဖို့က ခက်တယ်..’
‘လူသားတွေက မနိုးထသေးတဲ့ ဗုဒ္ဓတွေပဲ။ ဗုဒ္ဓ ဆိုတာကတော့ နိုးထလာတဲ့ လူသားပဲ..’
‘ပဲ့တင်သံတွေက တောင်တန်းတွေနဲ့ ရေတွေရဲ့ကြားထဲမှာ ထွက်လာနိုင်တယ်..’
‘ဆရာတစ်ယောက်ရဲ့လမ်းစဉ်က သဘာဝတရားကြီးကို စစ်မှန်စေဖို့ဖြစ်ပြီး တခြားသူတွေအပေါ် စေတနာထားဖို့ လေ့ကျင့်ဖို့ပဲ…’
သူက ထိုစကားစုများကို ရေးသားနေခဲ့သည်။ ချန်းပင်အန်းက နားလည်သည်ဟူသော စကားကို မပြောမချင်း လီကျိရှန်က ဝါးနံရံပေါ်တွင် ဆက်၍ရေးသားနေခဲ့သည်။ သူက အားသွန်ခွန်စိုက် ရေးသားနေပြီး ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ရေးသားနေခဲ့၏။
သူက စကားလုံးတစ်ခုဆီကို လျင်မြန်စွာ ရေးသားနေပြီး ထိုစကားလုံး ပြီးဆုံးခါနီးသည့်အချိန်တွင် သူတို့၏ပတ်ပတ်လည်၌ ရှိနေသော ရွှေရောင်အလင်းတန်းများက ဝါးနံရံများထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် အလွန်ထူးခြားဆန်းကြယ်သော အဓိပ္ပာယ်ကတော့ ကျန်နေသေး၏။ အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။
ထိုအချိန်တွင် စိမ်းပြာရောင်ကောင်လေးက လမ်းကြားပေါ်မှ ခုန်ဆင်းလာခဲ့၏။ သူက ပန်းရောင်ဝတ် ကလေးမလေးဆီသို့ လျှောက်သွားပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။
“သူ ဘာတွေရေးနေတာလဲ…”
ပန်းရောင်ဝတ် ကလေးမလေးက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်၏။
“ငါက စကားလုံးတွေအားလုံးကို မှတ်မိတယ်။ ဒါပေမဲ့ အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကိုတော့ နားမလည်ဘူး။ အဲဒီစကားလုံးတွေက အရမ်းကို ဆန်းကြယ်လွန်းတယ်….”
“ဒါက နင် ဉာဏ်တုံးလို့နေမှာပေါ့…”
စိမ်းပြာဝတ် ကောင်လေးက အပြုံးနှင့်ပြောလိုက်သည်။
ချွေးစစ်က သူတို့ကို ပြန်လှည့်ကြည့်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
“ဆရာ စာရေးနေတာကို မနှောင့်ယှက်နဲ့…”
စိမ်းပြာဝတ်ကောင်လေးက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြန်ပြောလိုက်သည်။
“ကောင်လေး ဒါက ငါ့အိမ်။ တကယ်လို့ မင်းက ဆက်ပြီးတော့ ပြောနေမယ်ဆိုရင်တော့ ငါက မင်းကို ကန်ထုတ်လိုက်ရလိမ့်မယ်…”
“မင်းမှာ မျက်လုံးတွေရှိပေမဲ့ တန်ဖိုးရှိပြီး ထူးခြားတဲ့ ဒီစကားလုံးတွေရဲ့ သဘာဝကိုမှ နားမလည်တာ။ ဆရာရဲ့ ကြိုးစားအားထုတ်မှုတွေက အလကားပဲ…”
ချွေးစစ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက လက်ပိုက်ထားပြီး လက်ရန်းကိုမှီ၍ ပြောလိုက်၏။
“မင်းက ငါ့ကို ဘာလုပ်နိုင်လို့လဲ။ ငါ့ရဲ့ဆရာကပဲ ဒီအရာတွေနဲ့ပတ်သက်ပြီး ငါ့ကို သင်ပေးဖို့ အခွင့်အရေးရှိတယ်…”
လီကျိရှန်က စာရေးနေပြီး ချန်းပင်အန်းက စိုက်ကြည့်နေသည်။ သူတို့နှစ်ယောက်ကတော့ နောက်ကွယ်တွင် ရှိနေသော အသေးအဖွဲပြဿနာလေးကို မကြားသလို ထင်ရ၏။ ကောင်းကင်ကြီးက တဖြည်းဖြည်း မည်းမှောင်လာပြီး လီကျိရှန်ကတော့ စြင်္ကံ၏တစ်ဖက်အစွန်းတွင် ရပ်နေခဲ့သည်။
သူက ရေးသားနေခြင်းကို ရပ်တန့်ပြီး အပြုံးနှင့် မေးလိုက်၏။
“ဘယ်လိုလဲ…”
ချန်းပင်အန်းက အပြုံးနှင့် ခေါင်းခါပြလိုက်သည်။
“ကောင်းပြီ ငါတို့က အောက်ထပ်ကို သွားကြမယ်…”
လီကျိရှန်က အပြုံးနှင့် သိမ်မွေ့ညင်သာစွာ ပြောလိုက်၏။ သူတို့က ဝါးအဆောက်အဦး၏ အောက်ထပ်ကို ဆင်းလာခဲ့ကြသည်။
ပန်းရောင်ဝတ် ကလေးမလေးနှင့် ချွေးစစ်တို့ကလည်း လက်ထဲတွင် ဖယောင်းတိုင်များကို ကိုင်ပြီး လိုက်လာကြ၏။ စိမ်းပြာဝတ်ကောင်လေးက တစ်ယောက်တည်း ပွစိပွစိ ပြောနေသော်လည်း သူက နံရံပေါ်တွင် ရှိနေသော စကားလုံးများကို စိတ်ပါလက်ပါ စိုက်ကြည့်နေကြောင်း သိသာနေသည်။
မြစ်ထဲတွင် ရပ်နေသော ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က ပြောခဲ့ဖူးသည်။ အချိန်ဟူသည်မှာ ရေစီးကြောင်းကဲ့သို့ ဖြစ်နေပြီး နေ့ရောညပါ ရပ်တန့်သွားခြင်း မရှိချေ။ ယနေ့ကလည်း ထိုကဲ့သို့ ပုံရိပ်တစ်ခုသာ ဖြစ်သည်။
ရုတ်တရက်ဆိုသလို ချွေးစစ်၏လက်က ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ သူ့လက်ထဲတွင် ကိုင်ထားသော ဖယောင်းတိုင်က အောက်ခြေကို ရောက်လုနီးပါးဖြစ်ပြီး သူ့လက်ကို လောင်ကျွမ်းနေခြင်း ဖြစ်သည်။ ချောမောခန့်ညားသော လူငယ်လေးက ဖယောင်းတိုင်အသစ်နှင့် တိတ်တဆိတ် အစားထိုးလိုက်၏။
လီကျိရှန်က ‘အဆောင်များကို လောင်ကျွမ်းခြင်းနှင့် တစ္ဆေများကို ဖျက်ဆီးခြင်း’ဟူသော စကားလုံးများကို ရေးသားနေသည့်အချိန်တွင် ချန်းပင်အန်းက ရုတ်တရက် ပြောလိုက်၏။
“ခဏနေပါဦး…”
လီကျိရှန်က ရေးသားနေခြင်းကို ရပ်တန့်လိုက်ပြီး လူငယ်လေးကို ပြန်လှည့်ကြည့်လိုက်သည်။ သူက အားရပါးရရယ်ပြီး ပြောလိုက်၏။
“အဲဒါဆိုရင်တော့ ဟုတ်သွားပြီ…”
ကွန်ဖြူးရှပ်စာသင်သား၏ မျက်နှာက အနည်းငယ် ဖြူဖျော့ဖျော့ဖြစ်နေပြီး သူ့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သို့သော် သူကတော့ အားအင်တက်ကြွနေသလို ဖြစ်နေသေး၏။ သူက အသက်ကို ဝဝရှူလိုက်ပြီး စုတ်တံကို လူငယ်လေးဆီသို့ ပေးလိုက်သည်။
“ချန်းပင်အန်း …
ဒီလေနှင်းစုတ်တံက မင်းအတွက် ငါ့ရဲ့လက်ဆောင်ပဲ။ မင်းက ဒီအရာကို ကျက်သရေမရှိအောင် မလုပ်ဘူးလို့ ငါ ယုံကြည်တယ်…”
ထိုအချိန်တွင် ချန်းပင်အန်းက အကြီးမားဆုံးပြဿနာတစ်ခုကို အမှတ်ရသွားခဲ့၏။
“ကျွန်တော်က ချီကျင့်ကြံသူတစ်ယောက် ဖြစ်မလာနိုင်ဘူး။ ဒါပေမဲ့ အဆောင်တွေကို ရေးဆွဲရတာက ချီစွမ်းအားတွေကို သုံးဖို့ လိုတယ်။ ဒီလိုဆိုရင် ကျွန်တော်က ဘယ်လိုအဆောင်ရေးဆွဲရမှာလဲ…”
လီကျိရှန်က အပြုံးနှင့် ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
“ငါက မင်း အဆောင်ဆွဲဖို့အတွက် လမ်းညွှန်စာအုပ်တစ်ခု ပေးမယ်။ ဒီလမ်းညွှန်စာအုပ်ထဲမှာ မတူညီတဲ့ အဆောင်အမျိုးအစားတွေ အများကြီးပါတယ်။ ဒါပေမဲ့ အဲဒီအဆောင်တွေရဲ့ အရည်အသွေးကတော့ သိပ်ပြီး မြင့်မှာမဟုတ်ဘူး။ ဒါကြောင့် စွမ်းအားကုန်ဆုံးမှုကလည်း သိပ်ပြီးတော့ မမြင့်ဘူး။ ဒီလိုဆိုရင်တောင် တချို့လိုအပ်ချက်တွေကတော့ သင့်တော်တဲ့ သွေးကြောမှတ်တွေကို ထိန်းသိမ်းထားဖို့ လိုအပ်သေးတယ်။ အဆောင်ဘယ်လိုဆွဲရမလဲဆိုတာ သင်ယူပြီးသွားရင် မင်းက သိုင်းပညာ ကျင့်ကြံမှုလမ်းကြောင်းကိုလည်း ပိုပြီးတော့ ကောင်းကောင်းမွန်မွန် လျှောက်လှမ်းနိုင်လိမ့်မယ်…”
“သိုင်းပညာရှင်တွေကလည်း ချီစွမ်းအားတွေကို ပိုင်ဆိုင်ကြတယ်။ ဒါက ချီကျင့်ကြံသူတွေ ချီစွမ်းအားစုပ်ယူတဲ့နည်းလမ်းနဲ့တော့ လုံးဝဆန့်ကျင်နေတာပေါ့။ ဒါကြောင့် မင်း ဆွဲတဲ့ အဆောင်တစ်ခုချင်းဆီတိုင်းက စမ်းသပ်မှုတစ်ခုလိုပဲ ဖြစ်လာလိမ့်မယ်။ ရဲရင့်တဲ့သူက တိုက်ပွဲထဲမှာ အနိုင်ရနိုင်ပါလိမ့်မယ်။ ဒါကြောင့် မင်းက အတည်ငြိမ်ဆုံး ချီစွမ်းအားတွေနဲ့ အဆောင်ကို အမြန်ဆုံးဆွဲဖို့ လိုအပ်တယ်။ မဟုတ်ရင် မင်းက နည်းနည်းလောက် တုံ့ဆိုင်းသွားတာနဲ့ အဆောင်ပြီးအောင်ဆွဲဖို့ ခက်လိမ့်မယ်။ မင်းကသာ သည်းခံနိုင်စွမ်းရှိမယ်ဆိုရင် ရေစက်တစ်စက်ကတောင် ကျောက်တုံး တစ်တုံးကို ဖောက်ထွက်သွားနိုင်တယ်။ အဆောင်တွေကို ရေးဆွဲတာနဲ့တင် ကန့်သတ်ထားတာမဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ မင်းရဲ့ခန္ဓာကိုယ်ကို ဖိနှိပ်နိုင်ပြီး မင်းရဲ့စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်လိမ့်မယ်…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျွန်တော်နားလည်ပါပြီ…”
အချိန်က အတော်လေးကို ညဉ့်နက်နေပြီဖြစ်သည်။ လီကျိရှန်က ပြန်လှည့်ပြီး အဝေးတစ်နေရာတွင် ရှိနေသော တောင်တန်းကြီးများကို ငေးကြည့်နေခဲ့၏။
“ဒီတစ်ခေါက် နှုတ်ဆက်ပြီးသွားရင်...”
သူကတော့ ကျန်ရှိနေသော အတွေးများကို ဆက်မပြောခဲ့ပေ။ ဝမ်းနည်းနေသော ခံစားချက်များကို ဖယ်ရှားလိုက်ပြီး ပြုံးလိုက်၏။
“ငါက ပြင်ပကမ္ဘာကြီးကို အမြဲတမ်း သွားကြည့်ချင်နေခဲ့တာ။ ငါ့ရဲ့အစီအစဉ်က နည်းနည်းလောက် စောသွားရုံပါပဲ။ ဒါလည်း မဆိုးပါဘူးလေ…”
ထို့နောက် လီကျိရှန်က ထိုည လော်ပိုတောင်တွင် ဆက်နေရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။ သူက အမှောင်ထဲတွင် ချွေးစစ်နှင့်အတူ တောင်ပေါ်မှ ဆင်းသွားခဲ့၏။ အမှန်အတိုင်းပြောရလျှင် စာသင်သားလူငယ်က ချန်းပင်အန်းကို တောင်ခြေထိပင် လိုက်မပို့ခိုင်းခဲ့ပေ။
ချန်းပင်အန်းကတော့ ဝါးအဆောင်အအုံ၏ အပြင်ဘက်တွင် ရပ်နေရင်း တစ်စုံတစ်ခုကို ဆုံးရှုံးသွားရသလို ခံစားလိုက်ရသည်။
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့် မှတ်ချက်ပေးလိုက်၏။
“ဆရာ …
သူက တော်တော်လေးကို ကောင်းတယ်။ သူက အစွမ်းထက်တဲ့အပြင် သမာသမတ်ရှိပြီး သစ္စာရှိတယ်။ ကျွန်တော် သူ့ကို သဘောကျတယ်။ သူက ကျွန်တော်နဲ့ ညီအစ်ကိုဖြစ်ဖို့ အရည်အချင်းရှိတယ်…”
“မင်းက ဖြစ်ချင်ပေမဲ့ သူ့မှာ ဆန္ဒရှိပါ့မလား…”
ချန်းပင်အန်းက ပြန်ပြောလိုက်သည်။
ကောင်လေး၏ မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသော အမူအရာတစ်ခုပေါ်လာပြီး ဂုဏ်ယူစွာ ပြောလိုက်၏။
“ဒီကမ္ဘာကြီးထဲမှာ ကျွန်တော်နဲ့ ညီအစ်ကိုဖြစ်ဖို့ ငြင်းဆန်ရဲတဲ့သူ ရှိသေးလို့လား။ သူတို့က ဉာဏ်တုံးလို့လား ဒါမှမဟုတ် တခြားတစ်ခုခုလား…”
“တခြားသူတွေက ဉာဏ်တုံးတာ မတုံးတာကို ငါမသိဘူး။ ဒါပေမဲ့ မင်းက ဉာဏ်တုံးလား မတုံးလားဆိုတာကိုတော့ ငါ ကောင်းကောင်း သိတယ်…”
ချန်းပင်အန်းက ပြုံးလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက အားရပါးရ ရယ်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။
“ကျွန်တော်က သေချာပေါက် ဉာဏ်ကောင်းပါတယ်…”
ပန်းရောင်ဝတ် ကလေးမလေး၏ မျက်လုံးထဲတွင် သနားနေသော အမူအရာတစ်ခု ပေါ်လာပြီး သူမ၏အနားတွင် ထိုင်နေသော အဖော်ကို ကြည့်လိုက်သည်။ အတိတ်တွင်တော့ သူက ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သည်ဟူ၍ အမြဲလိုလို ခံစားခဲ့ရသည်။ သို့သော် ယခုတော့ သူက အတော်လေးကို နှိမ့်ချပြီး ဉာဏ်ထိုင်းသည်ဟူ၍ သူမက ရုတ်တရက် ခံစားလာခဲ့ရ၏။
စိမ်းပြာဝတ်ကောင်လေးဆီတွင် ထက်မြက်သော အာရုံတစ်ခုရှိသည်။ သူက သနားနေသော ထိုကလေးမလေး၏ အကြည့်ကို လျင်မြန်စွာ သတိထားမိသွား၏။
“အရူးမလေး…
နင်က ဒါကို လက်မခံချင်ဘူးလား။ ဒါဆိုလည်း တစ်ယောက်ချင်း တိုက်ခိုက်မယ်လေ…”
ပန်းရောင်ဝတ် ကလေးမလေးက ချန်းပင်အန်း၏ နောက်တွင် ပုန်းနေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူမက အရူးမဟုတ်ပေ။
…………
လရောင်က ကျိုးတို့ကျဲတဲ ကျလာနေပြီး လီကျိရှန်က လူငယ်လေး ချွေးစစ်နှင့်အတူ လော်ပိုတောင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။ တောင်ပေါ်မှ ထွက်လာပြီးနောက် သူက စမ်းချောင်းနားတွင် ငုံ့ပြီး လက်ထဲတွင် ရေအနည်းငယ် ခပ်၍ မျက်နှာကို ဆေးကြောသန့်စင်လိုက်သည်။
သူက အချိန်အကြာကြီး စာရေးသားရန် အာရုံစိုက်ခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ အမြောက်အမြား ကုန်ဆုံးခဲ့ရသည်။ လီကျိရှန်က အပေါ်ကို မော့ကြည့်လိုက်ရာ စမ်းချောင်း၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော အဘိုးအို တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအဘိုးအိုက ဆေးတံကြီးထဲမှ မီးခိုးငွေ့များကို မှုတ်ထုတ်နေခဲ့၏။
သူက မတ်တပ်ရပ်ပြီး အရိုအသေပေးလိုက်သည်။
“လီကျိရှန်က ဆရာကြီးယန်ကို အရိုအသေပေးပါတယ်…”
အဘိုးအိုက ဘေးသို့ တည်ငြိမ်စွာ ရှောင်လိုက်ပြီး စာသင်သား၏ အရိုအသေပေးမှုကို ရှောင်တိမ်းလိုက်သည်။
လီကျိရှန်က ခါးပြန်မတ်လာပြီးမှသာ အဘိုးကြီးယန်က ပြောလိုက်၏။
“မင်းက ချန်းပင်အန်းအတွက် တွက်ချက်ပေးဖို့ ငါ အကူအညီတောင်းချင်တယ်။ အဲဒါဖြစ်နိုင်ပါ့မလား…”
“ဖြစ်နိုင်တာပေါ့…”
လီကျိရှန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သူက လုံးဝ တွန့်ဆုတ်နေခဲ့ခြင်း မရှိချေ။
“ဟင်း... ငါက ဒီအကူအညီကို သေချာပေါက်ပြန်ပြီး ပေးဆပ်ပါ့မယ်…”
အဘိုးကြီးယန်က ပြောလိုက်၏။
လီကျိရှန်က ထိုအကြောင်းကို မှတ်ချက်ပေးခဲ့ခြင်းမရှိဘဲ တိုက်ရိုက်ပြောလိုက်သည်။ “မြင်းဖြောင့်တစ်ခုက မဟာတာအိုလမ်းကြောင်းပေါ်ကို ရောက်နေပြီ။ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ တောင်တန်းတွေကို ရှင်းလင်းပြီး မြစ်တွေကို ဖြတ်သွားတယ်။ ဒီတော့ သူက တတ်နိုင်သမျှမြန်မြန် ခရီးရှည်ကြီးတစ်ခုသွားဖို့ အကြံပေးချင်တယ်။ တောင်ပိုင်းကို သွားမယ်ဆိုရင် အကျိုးအမြတ်တွေ ရှိနေတယ်…”
“ငါ မင်းကို ယုံပါတယ်…”
အဘိုးကြီးယန်က အပြုံးနှင့် ပြောလိုက်၏။
လီကျိရှန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော် သူက ထိုအကြောင်းနှင့် ပတ်သက်ပြီး အဘိုးအိုကို မေးခွန်းမထုတ်ခဲ့ပေ။
အဘိုးအိုက လူငယ်စာသင်သားလေး၏ ခါးတွင် ချိတ်ထားသော မက်မွန်သစ်သားအဆောင်ကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် အလွန်ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားခဲ့၏။ ထိုအဘိုးအိုက ခရမ်းရောင် မီးခိုးငွေ့လေးတစ်ခုသာ ဖြစ်သည်။
လူငယ်စာသင်သားနှင့် သူ၏ စာသင်သားလက်ထောက်တို့က ခရီးကို ဆက်၍ ထွက်သွားကြ၏။
“ဆရာ...
တကယ်လို့ ဆရာက ခရီးရှည်ကြီးတစ်ခု သွားမယ်ဆိုရင် ကျွန်တော့်ကိုရော ဆရာနဲ့အတူ ခေါ်သွားလို့ရနိုင်မလား…”
ချွေးစစ်က မေးလိုက်သည်။
“ရတာပေါ့…”
လီကျိရှန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“တကယ်လားဆရာ…”
လူငယ်လေးက အလွန်အံ့ဩသွားခဲ့၏။
ပထမတွင်တော့ သူ့ကို ခေါ်သွားရန် သူ့ဆရာကို တောင်းဆိုရသည်မှာ အလွန်ခက်ခဲလိမ့်မည်ဟု ချွေးစစ်က တွေးထားခဲ့သည်။ သို့သော် ထိုမျှ လွယ်ကူနေခြင်းပေလော။
“ဘာလို့လဲဆိုတော့ လူတစ်ယောက်က မင်းကို ငါနဲ့အတူ လိုက်သွားစေချင်လို့ပဲ။ ဒါလည်း မဆိုးဘူးလို့ ငါလည်း ထင်တယ်လေ…”
လီကျိရှန်က တိုးတိုးလေး ရှင်းပြလိုက်သည်။
လူငယ်လေးက အချိန်တော်တော်ကြာ တိတ်ဆိတ်သွားခဲ့၏။ သူက ဦးညွှတ်လိုက်ပြီး စိတ်ဓာတ်ကျနေသော အမူအရာနှင့် မေးလိုက်သည်။
“ဆရာ...
ကျွန်တော် ဘယ်နေရာကနေ ရောက်လာတယ်ဆိုတာ သိချင်တယ်…”
လီကျိရှန်က သက်ပြင်းချပြီး ပြန်ဖြေလိုက်၏။
“ဒါက ပြန်ဖြေဖို့ လွယ်ကူတဲ့မေးခွန်းတစ်ခု မဟုတ်ဘူး။ မင်းက ဘယ်ကိုသွားချင်တယ်ဆိုတာ အရင်ဆုံး မစဉ်းစားသင့်ဘူးလား…”
“ကျွန်တော် ဘာလို့ အရင်ဆုံး မစဉ်းစားမိရတာလဲ…”
ချွေးစစ်က ချက်ချင်း ဝမ်းသာသွားပြီး ပြောလိုက်၏။
“ကျွန်တော်က ဘယ်နေရာကို သွားနိုင်မှာလဲ။ ကျွန်တော်က ဆရာ့ရဲ့နောက်ကို လိုက်မယ်။ ဆရာ သွားတဲ့နေရာတိုင်းကို သွားမယ်…”
လီကျိရှန်က အပြုံးနှင့် တိတ်ဆိတ်နေခဲ့သည်။
လမင်းကြီးက တောက်ပနေပြီး ကောင်းကင်ပေါ်တွင် ကြယ်များက ကျိုးတို့ကျဲတဲသာ ရှိသည်။ ထို့ကြောင့် လန်းဆန်းသန့်ရှင်းပြီး တက်ကြွသော ခံစားမှုတစ်ခုကို ခံစားခဲ့ရ၏။ စိတ်ထဲတွင် ထိုလူနှင့်တွေ့ခဲ့ပြီးနောက် ကမ္ဘာကြီးက နောက်တစ်ကြိမ် လှပလာခဲ့သည်။
လက်ရှိအချိန်တွင် ချွေးစစ်ကတော့ သူ့ဆရာ၏ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။ သူကလည်း သူ့ဆရာကဲ့သို့ ဝမ်းသာနေခဲ့၏။ သူ့ခြေလှမ်းများက ပေါ့ပါးသွက်လက်ပြီး ပျော်ရွှင်နေခဲ့သည်။
ထိုညတွင် လော်ပိုတောင်ကတော့ (၃)ကြိမ်ထက်မနည်း ဖြည်းညင်းစွာ နိမ့်ကျသွားခဲ့သည်။ ထိုအချိန်အတောအတွင်း ဝေ့ပိုက အနီးတွင် ရှိနေသော တောင်ထိပ်ပေါ်တွင် ရပ်နေပြီး ဖြည်းဖြည်းချင်းဆီ နိမ့်ဝင်သွားသော လော်ပိုတောင်ကြီးကို စိုက်ကြည့်နေမိသေးသည်။ ဤကမ္ဘာကြီးထဲတွင် အလွန်ထူးခြားဆန်းကြယ်သော စကားလုံးများက ထိုမျှ ထိုမျှကြီးကျယ်ခမ်းနားလွန်းလှသည်။
ဝေ့ပိုက အပြုံးနှင့် မှတ်ချက်ပေးလိုက်၏။
“အံ့ဩဖို့ကောင်းတယ်။ အရမ်းအံ့ဩဖို့ကောင်းတယ်။ လီကျိရှန်က ဘယ်သူလဲဆိုတာ ငါကိုယ်တိုင်တောင် တကယ် စိတ်ဝင်စားလာပြီ။ မင်းနဲ့ ချန်းကလန် ချန်းကလန်ရဲ့ သစ်ပင်ကြီးကြားထဲမှာ တကယ်ပဲ ဘာပတ်သက်မှုမှ မရှိဘူးလား။ ဒါဆိုရင် မင်းက ဘယ်သူလဲ…”
ညအချိန်က နေ့အဖြစ် ပြောင်းလဲလာပြီး ဝေ့ပိုကတော့ အဝေးတွင် ရှိနေသော ဝါးအဆောက်အဦးကို စိုက်ကြည့်နေမိသေးသည်။ ဆက်သွယ်မှုများက ရှုပ်ထွေးနေပြီး နေနှင့် လကလည်း အလင်းရောင်အတွက်သာ ဖြစ်သည်။
ဝါးအဆောက်အဦး၏ အပြင်ဘက်တွင် ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်က အိပ်စက်လိုခြင်း မရှိသည့်အတွက် သူတို့က ဝါးထိုင်ခုံ(၃)ခုတွင် တန်းစီ၍ထိုင်ပြီး နေထွက်ချိန်ကို စောင့်နေခဲ့ကြသည်။
“သာမန်မြွေကျောက်တုံးတစ်တုံးအတွက် ငွေစ(၁)သောင်း။ အဲဒါက အရမ်းဈေးကြီးလား…”
ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးကို ရုတ်တရက် မေးလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက အံ့ဩသွားခဲ့၏။
“အဲဒါက အရမ်းဈေးကြီးလို့လား…”
ချန်းပင်အန်းက စိုးရိမ်ထိတ်လန့်စွာ ထပ်မေးလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက်ခုန်ထလိုက်ပြီး အော်ပြောလိုက်၏။
“ငွေစတစ်သောင်းပဲလား။ ဆရာ … ဆရာက ကျွန်တော့်ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား…”
ချန်းပင်အန်းက စိတ်အေးသွားခဲ့ပြီး မေးလိုက်၏။
“ဒါဆိုရင် ငွေစ(၁၁၀၀၀)ဆိုရင်ရော…”
“ဆရာ …
တကယ်လို့ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် အိမ်ကနေ ထွက်ပြေးတော့မယ်..”
စိမ်းပြာဝတ်ကောင်လေးက ဒေါသတကြီး ပြောလိုက်သည်။
ချန်းပင်အန်းက သူ့စကားကို အလေးအနက်မထားခဲ့ပေ။ သူက စိတ်ဝင်တစား မေးလိုက်၏။
“ကျင့်ကြံသူတွေက ပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့အချိန်မှာ ဘယ်လိုငွေကြေးမျိုးကို အသုံးပြုကြတာလဲ…”
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့်ပြန်ဖြေလိုက်၏။
“ခဏစောင့်ဦးဆရာ။ ကျွန်တော်က ကျင့်ကြံသူတွေသုံးတဲ့ ငွေကြေးကို ပြမယ်။ ကျွန်တော်က တော်တော်လေး ချမ်းသာတယ်လေ။ ဆရာ သိတယ် မဟုတ်လား…”
သူက အင်္ကျီလက်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် သူနှင့်အတူ အမြဲလိုလိုသယ်ဆောင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် အိတ်ဆောင်ရတနာလေးထဲမှနေ၍ ကျောက်စိမ်းမျိုးစုံ မြေပေါ်တွင် ပေါ်လာခဲ့သည်။ ထိုအရာများက တောင်တန်းငယ်လေး တစ်ခုကဲ့သို့ ဖြစ်နေ၏။ သူတို့အားလုံးက ကြေးပြားပုံသဏ္ဌာန် ထွင်းထုထားခြင်း ဖြစ်သည်။ စုစုပေါင်း မတူညီသော အမျိုးအစား (၃)မျိုးရှိနေပြီး တစ်မျိုးဆီက အရွယ်အစား ကွဲပြားကြသည်။
ကောင်လေးက ထိုင်ချလိုက်ပြီး မတူညီသော ကျောက်စိမ်းပြားမျိုးစုံကို ချန်းပင်အန်းသိအောင် ပြောပြနေခဲ့သည်။ ထိုကျောက်စိမ်းများ၏ ဈေးနှုန်းနှင့် သူတို့၏တန်ဖိုးကိုလည်း ပြောပြနေခဲ့၏။ ထိုအရာက အင်မော်တယ်များ အသုံးပြုသော ငွေကြေးတစ်ခု ငွေကြေးဖြစ်သည်။
အနည်းငယ်ဆင်းရဲသော ချန်းပင်အန်းက ထိုင်ခုံပေါ်မှ အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ဝါးအဆောက်အဦး၏ ဘေးတွင် ထိုင်ချလိုက်သည်။ သူက လူငယ် စိမ်းပြာဝတ်ကောင်လေး ရှင်းပြမှုများကို သေချာဂရုတစိုက် နားထောင်နေခဲ့၏။
အဆုံးတွင်တော့ သူက ရုတ်တရက် မေးလိုက်သည်။
“ငါက ရတနာတောင်ကို ရွမ်ရှို့ဆီ ပေးချင်တယ်။ ဒါက သင့်တော်တယ်လို့ထင်လား.”
ပန်းရောင်ဝတ်ကလေးမလေးက မျက်ခုံးပင့်လိုက်မိ၏။ သူမဆီတွင် ပြန်ပြောစရာစကားလုံး မရှိချေ။
စိမ်းပြာဝတ်ကောင်လေးက ဒူးထောက်ပြီး ပြောလိုက်၏။
“ဆရာ …
ဒါက ဆရာ့ရဲ့စိတ်ဝိညာဉ်ကို မထိခိုက်စေနိုင်ဘူးလား။ ဆရာက သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်။ ဆရာ … ကျေးဇူးပြုပြီး အလျင်စလို မလုပ်ပါနဲ့။ ရွမ်ရှို့က ဒီကမ္ဘာကြီးထဲမှာ အကောင်းဆုံးမိန်းကလေးတစ်ယောက်ဆိုတာ ကျွန်တော်လည်း သေချာပေါက်မငြင်းပါဘူး။ ဒါပေမဲ့ သူက အခုချိန်ထိ ဆရာ့ကို လက်မထပ်ရသေးသလို ဆရာ့ရဲ့မိန်းမလည်း မဟုတ်သေးဘူး…”
ချန်းပင်အန်းက လက်ထပ်ပွဲနှင့် ပတ်သက်ပြီး ထိုကောင်လေးပြောနေသည့် စကားများကို လျစ်လျူရှုထားခဲ့သည်။ သူက ရိုးရှင်းစွာ ခေါင်းခါပြီး ပြောလိုက်၏။
“ငါ့စိတ်က မထိခိုက်နိုင်ဘူး…”
စိမ်းပြာဝတ်ကောင်လေးက အော်ဟစ်ငိုကြွေးလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တော့ စိတ်ထိခိုက်တယ်လေ…”
Translated by Hein Htet.