အခန်း (၂၀၈)
Vol. 14 Ch. 208
မြို့ငယ်လေးထဲတွင် ရှိနေသော သီးသန့်ကျောင်းလေးထဲတွင် အရပ်ပုပု အဘိုးအိုတစ်ယောက်ရှိသည်။သူက ဆရာတစ်ယောက်ဖြစ်သော်လည်း သူ၏ရုပ်ရည်က ထူးခြားမှုမရှိဘဲ ဖရိုဖရဲဖြစ်နေ၏။
သူ့နာမည်က ချန်းကျန်းယုံဖြစ်ပြီး သူက အရက်သောက်ရသည်ကို သဘောကျသည်။ အရက်မူးသွားပြီးနောက် သူက လက်ညှိုးကို လေထဲသို့ထောင်ပြီး လေထဲတွင် မျဉ်းကြောင်းများ ရေးဆွဲနေတတ်သည်။ သူ မည်သည့်အရာ ရေးနေခြင်း၊ မည်သည့်ပုံဆွဲနေခြင်းကိုတော့ မည်သူကမျှ မသိကြပေ။
သူက အရက်မူးပြီး အဓိပ္ပာယ်မရှိသည့်စကားများကို ပြောသည့်အချိန်တွင် တာ့လီအင်ပါယာ၏ ဘာသာစကားကို မပြောသည့်အပြင် အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားကိုလည်း မပြောခဲ့ပေ။ ပြောရမည်ဆိုလျှင် သူပြောနေသည့်အရာကိုလည်း မည်သူကမျှ မသိကြပေ။
ထိုအဘိုးအို၏ မျိုးရိုးနာမည်က ချန်းဖြစ်သော်လည်း သူက လုံဝေတိုင်းပြည် ချန်းကလန်မှ မျိုးဆက်တစ်ယောက်တော့မဟုတ်ချေ။ သို့သော် အထူးဧည့်သည်တော် ချန်းစုန့်ဖုန်းက ထိုအဘိုးအိုကို တလေးတစား ဆက်ဆံရသည်။
အမှန်အတိုင်းပြောရလျှင်တော့ သီးသန့်ကျောင်းလေးထဲတွင် ရှိနေသော တခြား တခြားဆရာများကတော့ ရင်းနှီးဖော်ရွေမှုမရှိသည့် ထိုအဘိုးအိုအပေါ် ကောင်းမွန်သော ခံစားချက်များ မရှိခဲ့ကြပေ။
ယနေ့တော့ ဖရိုဖရဲဖြစ်နေသော အဘိုးအိုက အရက်သောက်နေရင်း အမိုးတံတားပေါ်ကို ဖြတ်၍ ပန်းပဲဆိုင်ဆီကို လှမ်းလျှောက်လာခဲ့သည်။ သူက မွေးရပ်မြေ၏ ဘာသာစကားကို သုံးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကျောက်စိမ်းရေကို ဖြတ်ပြီး ပျံသန်းမယ်... မြင့်မားတဲ့ တောင်တန်းတွေ ရှေ့ကို ရောက်လာမယ်....ကောင်းကင် အစီအရင်တွေကို စီးနင်းမယ်....အဆုံးမဲ့စကြဝဠာကြီးထဲမှာ လှည့်လည်သွားလာမယ်..."
"တိမ်တိုက်တွေ လှုပ်ရှားရင် မိုးတွေရွာမယ်။ ကောင်းကင်ကြီးပြိုကျရင် ပင်လယ်တွေ မြင့်တက်လာမယ်။ အရမ်းကိုကြီးကျယ်ခမ်းနားမှာပဲ..."
အဘိုးအိုက ပန်းပဲဆိုင်ကို ရောက်သည့်အချိန်မှသာ လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။ သူက ဖိတ်ခေါ်ထားခြင်းမရှိဘဲ အထဲကို မဝင်ခဲ့ပေ။ ထိုအစား နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းကို သွားပြီး မျက်နှာကို ဆေးကြောသန့်စင်လိုက်၏။
အေးမြသော ရေများက သူ့ကို အမူးပြေအောင် လုပ်ပေးနိုင်ခြင်း မရှိသည့်အတွက် ထိုအဘိုးအိုက မြေကြီးပေါ်တွင် လှဲနေရန် ဆုံးဖြတ်လိုက်ပြီး စမ်းချောင်းလေးထဲသို့ ခေါင်းတစ်ခုလုံး နှစ်လိုက်သည်။ သူက ခေါင်းကို ဒေါသတကြီး ခါလိုက်ပြီးနောက် ရေထဲမှ မော့လိုက်ပြီး အားရပါးရ ရယ်လိုက်၏။
"ခုမှပဲ လန်းဆန်းအေးမြသွားတော့တာပဲ.."
သူက မတ်တပ်ရပ်ပြီး ရုတ်တရက် သက်ပြင်းချလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ဤမြို့ငယ်လေးထဲတွင် ရှိနေသော ချန်းကလန်မျိုးဆက်များအားလုံး၏ ဆိုးရွားသော အခြေအနေကို စဉ်းစားမိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုလူများက တခြားကလန်မှ အစေခံများ ၊ အစောင့်များ ဖြစ်နေကြသည်။
အဘိုးအိုက သူတို့နှင့် လေးနက်သော ပတ်သက်မှုများ မရှိသည့်အပြင် ကမ္ဘာကြီး၏ အခက်အခဲများကို နားလည်နေသည်။ ချန်းကလန်၏ မျိုးဆက်များက သူတို့၏ ဘိုးဘေးများအတွက် အရှက်တရားများ ဖြစ်လာခြင်းကို သူလည်း အပြစ်မတင်နိုင်ပေ။
မည်သို့ဖြစ်စေကာမူ သူ့လို မျိုးရိုးနာမည်တူသော လူပေါင်းများစွာ ရှိနေသေးသည်။ စိတ်ပျက်နေသော ခံစားချက်များက သူ့ကို လွှမ်းမိုးသွားခွင့် မပေးခဲ့ပေ။
သူက အရက်အိုးကို နောက်တစ်ကြိမ် ဖွင့်လိုက်၏။ လက်ရှိအချိန်တွင်တော့ သူက စဉ်းစား တွေဝေနေမိခဲ့သည်။ စိတ်ထဲတွင် အချိန်အတော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အပြစ်သားတစ်ယောက်ကဲ့သို့ အရက်အနည်းငယ် သောက်လိုက်၏။
"တကယ်လို့ ဒါကသာ တောင်ပိုင်း ဝဲကတော့ ကုန်းမြေကြီးမှာဆိုရင် မှတ်တမ်းရှိနေတဲ့ ချန်းကလန်ရဲ့မျိုးဆက်တွေဆိုရင် ဘယ်လောက်ပဲဆင်းရဲဆင်းရဲ ဒီလိုဆိုးရွားတဲ့ အခြေအနေမျိုးကို သေချာပေါက် ရောက်သွားမှာ မဟုတ်ဘူး။ မဟုတ်ရင် သူတို့က သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်ကို အရှက်ခွဲနေသလို ဖြစ်သွားလိမ့်မယ်.."
သူက တီးတိုးရေရွတ်လိုက်သည်။
ထိုစကားကို ပြောလိုက်ပြီးနောက် အဘိုးအိုက သူ့ကိုယ်သူ လက်ဝါးနှင့် ရိုက်လိုက်ပြီး ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
"အရှက်မရှိတဲ့ အဘိုးကြီး ...
မင်းက ပါးစပ်ကို ထပ်ပြီးတော့ မထိန်းနိုင်ပြန်ဘူး။ မင်းက နောက်ထပ် အရက်မသောက်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတယ်။ ဒါပေမယ့် ဒီမှာလာပြီး အရက်သောက်နေပြန်တယ်..."
ထိုသို့ ဖြစ်လာပြီးနောက် အဘိုးအိုက သူ့ကိုယ်သူ ရိုက်လိုက်ပြီး ပြုံးလိုက်မိသည်။ အရာအားလုံးက ဖြစ်ပြီးသွားခဲ့ပြီဖြစ်သည်။
သူက နောက်ထပ်အရက်နှစ်ငုံ သောက်လိုက်ပြီးနောက် သူ့ကိုယ်သူ လက်ဝါးနှင့် နှစ်ချက် အပြစ်ပေးလိုက်ပြန်သည်။ နောက်ဆုံးတွင်တော့ မိန်းမချောလေးဆီမှ ဝယ်လာခဲ့သော အရက်နှစ်ငုံ သောက်လိုက်ပြီးနောက် အဘိုးအိုက ကျေနပ်သွားခဲ့၏။
သူက ပန်းပဲဆိုင်ဆီသို့ လျှောက်သွားပြီး ရွမ်ချုံ၏နာမည်ကို ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
သိပ်မကြာခင် ရွမ်ချုံက ဓားမီးဖိုထဲမှ ထွက်လာခဲ့ပြီး သူ၏ပန်းပဲဝတ်စုံကို ဖယ်ရှားလိုက်သည်။ သူက ထိုဝတ်စုံကို လူငယ်လေးတစ်ယောက်ဆီသို့ ပစ်ပေးလိုက်၏။
အဘိုးအိုက ဖုန်းရွှယ်ကျောင်းဆောင်မှ သူတော်စင်ရွမ်ချုံကို ပြောလိုက်သည်။
"ရွမ်ချုံ...
မင်းက ချီကျင့်ချွန်ကို မမှီဘူး။ မင်းက ချီကျင့်ချွန်ထက် အဆပေါင်းများစွာ ပိုနိမ့်တယ်..."
ရွမ်ချုံကတော့ ထိုစကားကို အလေးမထားခဲ့ပေ။ သူက ထိုအဘိုးအို၏ အပြုအမူနှင့် အသားကျနေပြီးသားဖြစ်သည်။ သူက ချန်းကျန်းယုံကို နှုတ်ဆက်ခဲ့ခြင်းမရှိဘဲ အဘိုးအို၏ရှေ့တွင် တိတ်တဆိတ်သာ ရပ်နေခဲ့သည်။
ထိုအစား သူ့နောက်တွင် ရပ်နေသော မျက်ခုံးရှည်နှင့် လူငယ်လေးကသာ မကျေမနပ် ဖြစ်သွားသည့် အမူအရာနှင့် မျက်မှောင်ကြုတ်လိုက်မိ၏။ သို့သော် လူငယ်လေးက သူ၏ခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။
ရွမ်ချုံက ရှေ့မှ ဦးဆောင်ခေါ်သွားပြီး ချန်းကျန်းယုံက သူ့ဘေးမှ လျှောက်လာခဲ့သည်။ သို့သော် အဘိုးအိုက ရွမ်ချုံကို မျက်နှာသာ မပေးချင်သေးပေ။ သူက ဈေးထဲမှ မိန်းမကြီးများကဲ့သို့ ပွစိပွစိ ဆက်ပြောနေသေး၏။
ယခုတစ်ကြိမ်တော့ သူက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီး၏ တရားဝင်ဘာသာစကားကို အသုံးပြု၍ ပြောနေခြင်းဖြစ်သည်။ ထိုဘာသာစကားတွင် ထူးခြားသော အလှတရားတစ်ခု ရှိနေခဲ့၏။
"ရွမ်ချုံ ...
ချီကျင့်ချွန်ကို ကြည့်လိုက်စမ်း။ သူ့ရဲ့မျိုးဆက်က ငါတို့ ပစ်မှတ်ထားတာကို ခံခဲ့ရတယ်။ ဒါတောင် သူကတော့ မကျေနပ်မှုတွေကို မေတ္တာတရားနဲ့ပြန်ပြီးတော့ ပေးဆပ်ချင်နေတုန်းပဲ။ သူက အဲဒီသစ်ပင်ကြီးကို ဆက်ပြီးတော့ စောင့်ရှောက်ချင်နေတုန်းပဲ။ တကယ်လို့ ငါသာဆိုရင် အဲဒီမိန်းကလေး ချန်သွမ့်ကို ပစ်မှတ်ထားခဲ့မှာပဲ။ အုတ်ဂူမှာရှိတဲ့ သစ်ပင်ကြီးက ငါ ပြန်ရောက်လာပြီး သိပ်မကြာခင် ငါ့ခြေထောက်အောက်မှာ ပျက်စီးသွားရမှာပဲ။ သူတို့ကို ခဏလောက် ပျော်ရွှင်ခွင့် ပေးလိုက်ပြီးမှ အမှန်တရား ဖျက်စီးခံလိုက်ရတာကို ရင်ဆိုင်ရတယ်။ ဒါကမှ ပျော်စရာကောင်းတာမဟုတ်လား..."
"ဒါပေမယ့် ချီကျင့်ချွန်က ဒီလိုအရာမျိုးကို မလုပ်တတ်တဲ့ လူမှန်ကြီးတစ်ယောက်ဖြစ်နေတာတော့ ရှက်စရာကောင်းတယ်။ ဒါကြောင့် သူက ဘိုးဘေးရဲ့ပုခုံးပေါ်က နေလုံးတစ်ခု ယူသွားတာကိုတောင် ငါတို့ရဲ့ ဘိုးဘေးက အဲဒီလူကို ပြဿနာမရှာချင်ခဲ့ဘူး။ ငါတို့ဘိုးဘေးက အဲဒီနေလုံးကို နှစ်ပေါင်း(၁၀၀) ငှားယူသွားဖို့ သူ့ကို ခွင့်ပြုခဲ့တယ်.."
"ဒါပေမယ့် မင်းကိုကြည့်လိုက်စမ်း။ ငါ ဒီလိုပြောတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ မင်းဆီမှာ ဘာစည်းမျဉ်းမရှိသလို ဘာရည်မှန်းချက်မှလည်း မရှိဘူး။ မင်းရဲ့ကျင့်စဉ်အဆင့်ကလည်း ရှေ့ကို တစ်လက်မလောက် ဆက်တိုးဖို့တောင် မအောင်မြင်တော့ဘူး.."
"အဆုံးမှာတော့ မင်းက ကြောင်တွေ ၊ ခွေးတွေလို တပည့် (၂)ယောက် ၊ (၃)ယောက်လောက်ကိုပဲ ခေါ်လိုက်ရတယ်။ အဲဒီမျက်ခုံးရှည်ကောင်လေးကို ကြည့်လိုက်စမ်း။ သူက သူ့ကလန်ရဲ့ ကံကြမ္မာကိုပဲ အားကိုးနေရတာ။ သူက အဲဒီအရာကို ဘယ်လောက်ကြာကြာ ခံစားနိုင်မှာလဲ။ နှစ်ပေါင်း (၁၀၀)လား ဒါမှမဟုတ် နှစ်ပေါင်း (၂၀၀)လား."
ထိုစကား ပြောလိုက်ပြီးနောက် အဘိုးအိုက မျက်ခုံးရှည်နှင့် လူငယ်ကို ပြုံးပြလိုက်သည်။
ပထမတော့ အလွန်အမင်းကို ရှုပ်ထွေးနေသော လူငယ်က အနည်းငယ် ဒေါသထွက်သလို ခံစားခဲ့ရ၏။ ထိုအဘိုးအိုက သူ့ဆရာအပေါ် လေးစားမှုမရှိသည့် အတွက် သူက မကျေမနပ်ဖြစ်နေခဲ့သည်။
သို့သော် အဘိုးအိုက သူ့ကို အပြုံးနှင့် ကြည့်နေသည့်အချိန်တွင်တော့ သဘောကောင်းသော လူငယ်လေးက ခေါင်းညိတ်တုံ့ပြန်လိုက်၏။ သူက အဘိုးအို၏ မကောင်းသော လှည့်ကွက်များကို ရှင်းရှင်းလင်းလင်း သိနေပုံရသည်။ အဘိုးအိုက သူ့ကို ကျိန်ဆဲနေကြောင်းကိုတော့ သူလည်း လုံးဝမသိခဲ့ပေ။
ရွမ်ချုံက ချန်းကျန်းယုံကို အစိမ်းရောင်ဝါး ထိုင်ခုံများ စီတန်းထားသော တံစက်မြိတ်အောက်ကို ခေါ်လာခဲ့သည်။
သူတို့(၃)ယောက် ထိုင်လိုက်ပြီးနောက် အဘိုးအိုက အေးစက်စွာ ပြောလိုက်၏။
"လက်မပျောက်သွားတဲ့ အဲဒီမိန်းကလေးက တဖြည်းဖြည်း ပိုပြီးတော့ ဉာဏ်ထိုင်းလာပြီ။ သူက မင်းနဲ့ တူညီတဲ့တာအိုကို လျှောက်လှမ်းတဲ့ လူတစ်ယောက် ဟုတ်လို့လား..."
"နောက်ဆုံးတစ်ယောက်က ပိုပြီးတော့တောင် ရယ်စရာကောင်းသေးတယ်။ သူက ဝက်ဝံဝိညာဉ်တစ်ကောင်ပဲ။ ဒါပေမယ့် သူကတော့ ချောမောခန့်ညားတဲ့ လူငယ်လေးတစ်ယောက်အဖြစ် ပြောင်းလဲထားသေးတယ်..."
"ဟားဟားဟား ...ရွမ်ချုံ...
ငါတော့ ရယ်ရလွန်းလို့ သေသွားတော့မှာပဲ။ မင်းက ဒါကို ရှက်စရာကောင်းတယ်လို့ မမြင်ဘူးဆိုရင်တောင် ငါကတော့ မင်းကိုယ်စား ရှက်မိတယ်.."
နောက်ဆုံးတွင်တော့ ရွမ်ချုံက ပြောလိုက်သည်။
"မင်းက ခုထိမပြီးသေးဘူးလား။ တကယ်လို့ မင်းပြီးသွားပြီဆိုရင် ငါ မင်းကို အရက်တိုက်မယ်.."
ရွမ်ချုံက မျက်ခုံးရှည်နှင့် လူငယ်လေးကို အရက်သွားယူရန် ခိုင်းလိုက်သည်။
"ငါ့ကို အရက်တိုက်မှာလား။ ကောင်းပြီလေ ...။ ငါက အရက်သောက်တာကလွဲရင် တခြားအရာတွေကို မကြိုက်ဘူး။ ငါက ဓလေ့ထုံးတမ်းတွေကို ရိုးရိုးရှင်းရှင်းပဲ လိုက်နာတယ်။ ဧည့်သည်က အိမ်ရှင်ကို နမူနာယူသင့်တယ် မဟုတ်လား။ သူတော်စင်ရွမ်ချုံ .... ဒါက ဧည့်သည်တွေကို ကြိုဆိုတဲ့ သူတော်စင်ရွမ်ချုံရဲ့ နည်းလမ်းဆိုမှတော့ ငါလည်း ဒီအရက်ကို ဝမ်းမြောက်ဝမ်းသာ သောက်ရတော့မှာပေါ့..."
ဝါးထိုင်ခုံပေါ်တွင် ထိုင်နေသော အဘိုးအိုက ရွမ်ချုံကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ဒါပေမယ့် အရက်သောက်တာက သပ်သပ်၊ တပည့်လက်ခံတာက သပ်သပ်ပဲ။ မင်းက ဖုန်းရွှယ်ကျောင်းဆောင်ကနေ ထွက်သွားပြီး ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းက ကိုယ်ပိုင်တောင်တန်းတွေလည်း ရထားပြီးသွားပြီ။ ဒီတော့ တပည့်လက်ခံတဲ့ကိစ္စကို ငါတို့ ဆွေးနွေးရမယ့်အချိန်ရောက်ပြီ..."
"တကယ်လို့ အဲဒီအရာနဲ့ ပတ်သက်လာမယ်ဆိုရင်တော့ ငါက မင်းကို တပည့်(၃)ယောက် ရှာဖို့ ကူညီပေးနိုင်တယ်။ ငါတို့က လက်ရှိတစ်ယောက်ကိုတော့ လဲဖို့လိုတယ်။ ငါတို့က သူတို့အားလုံးကို လူလဲပစ်ဖို့လိုတယ်။ တကယ်လို့ မင်းက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးပေါ်မှာရှိတဲ့ ချန်းကလန်ရဲ့ မျိုးဆက်တွေကိုပဲ ရွေးချယ်မယ်ဆိုရင်တောင် သူတို့က မင်းရဲ့လက်ရှိ တရားမဝင်တပည့် (၃)ယောက်ထက် ပိုပြီးတော့ အစွမ်းထက်မယ်ဆိုတာ ငါအာမခံနိုင်သေးတယ်.."
ရွမ်ချုံကတော့ လှုပ်ရှားသွားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"တပည့်ရွေးချယ်တဲ့အချိန်မှာ ငါက သူတို့ရဲ့ ပါရမီကို မစဉ်းစားဘူး။ သူတို့ရဲ့ အရည်အချင်းကိုလည်း မစဉ်းစားဘူး။ သူတို့ရဲ့ အကျင့်စာရိတ္တကိုပဲ စဉ်းစားတယ်.."
အဘိုးအိုက ဒေါသထွက်သွားပြီး ပြောလိုက်သည်။
"မင်းက ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားမျိုး ပြန်ဖြေမယ်ဆိုတာ ငါသိတယ် ရွမ်ချုံ။ မင်းက တော်တော်ခေါင်းမာတဲ့ ငါးတစ်ကောင်ပဲ..."
ရှားရှားပါးပါးအဖြစ် ရွမ်ချုံက အပြုံးနှင့် မေးလိုက်၏။
"ဒါဆိုရင် မင်းက ဘာလို့ငါ့ရဲ့မိတ်ဆွေ ဖြစ်နေသေးတာလဲ ချန်းကျန်းယုံ..."
ချီကျင့်ချွန်ကဲ့သို့သော ကွန်ဖြူးရှပ်စာသင်သားတစ်ယောက် သေဆုံးသွားပြီးနောက် စစ်ကျောင်းသူတော်စင်တစ်ယောက်ဖြစ်သည့် ရွမ်ချုံက လီကျူးသုခဘုံ၏ အုပ်ချုပ်သူတစ်ယောက် မည်သို့ဖြစ်လာနိုင်ခဲ့သနည်း။
အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းကတော့ ရွမ်ချုံ၏ ကျင့်စဉ်အဆင့်ကြောင့်ဖြစ်သည်။ သို့သော် တခြားသော အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းကတော့ နောက်ကွယ်တွင် ရှိနေသော သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်၏ လွှမ်းမိုးမှုကြောင့်သာဖြစ်၏။ ရွမ်ချုံက ထိုအရာကို ငြင်းဆန်ရန် လုံးဝမကြိုးစားခဲ့ပေ။
"ဘာလို့လဲဆိုတော့ ငါ ဖြစ်ချင်လို့လေ။ အဲဒါက မင်းကိစ္စလား..."
အဘိုးအိုက ဒေါသတကြီး ပြန်ပြောလိုက်သည်။
ထို့နောက် သူက ပြန်လှည့်လာပြီး အော်ပြောလိုက်၏။
"ငါ့အရက်ဘယ်မှာလဲ။ မင်း ငါ့ကို အရက်တိုက်မယ် ပြောတယ်။ ဘာလို့ ခုချိန်ထိ ရောက်မလာသေးတာလဲ။ အဲဒီကောင်စုတ်လေးက ဘာဖြစ်နေတာလဲ။ သူက ငါ့ကို တမင်တကာ ဒေါသထွက်အောင် လုပ်နေတာလား..."
ရွမ်ချုံက အလွန်နားငြီးသော မိတ်ဆွေဟောင်းကြီးကို ကြည့်ပြီး အပြုံးနှင့် မေးလိုက်သည်။
"ဘာလဲ။ လုံချွမ်စီရင်စုကို ရောက်လာပြီး မြို့ထဲမှာရှိတဲ့ ချန်းကလန်နှစ်ခုရဲ့ ဆိုးဆိုးဝါးဝါး အခြေအနေကို မြင်တော့ စိတ်ပျက်နေသလို ခံစားနေရတာလား။ ငါက ဒီစကားကို ပြောလို့ အပြစ်မတင်နဲ့။ ဒါပေမယ့် အဲဒီဂိုဏ်းခွဲနှစ်ခုက မင်းတို့သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်နဲ့ ဘာမှမဆိုင်ဘူး။ မင်းက ဘာတွေဒေါသထွက်နေတာလဲ..."
"ထားလိုက်ပါတော့။ တွေးလိုက်ရုံနဲ့တောင် ဒေါသထွက်တယ်..."
အဘိုးအိုက သက်ပြင်းချပြီး ရွမ်ချုံကို လှည့်ကြည့်၍ ပြောလိုက်၏။
"မင်းက ရှို့ရှို့ရဲ့လုံခြုံရေးအတွက် ပုန်းနေချင်တယ်။ ဒါပေမယ့် အခုအခြေအနေကို ကြည့်လိုက်ဦး။ မင်းက ပြဿနာတွေ ၊ လှည့်ကွက်တွေ ပြည့်နေတဲ့ နေရာတစ်ခုမှာ ပိတ်မိနေတာပဲ။ မင်းရဲ့လုပ်ရပ်က အဆင်ပြေလို့လား..."
ရွမ်ချုံက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
"ဘာမှထိခိုက်စရာမရှိဘူး။ တစ်ခါတစ်ရံ အမှားတစ်ခုကနေလည်း အကျိုးအမြတ် ရှိသွားနိုင်တယ်လေ..."
"မင်းက ခေါင်းမာနေတော့လည်း ထားလိုက်ပါတော့။ ဒါပေမယ့် အမှားကို ဝန်မခံတာကတော့ သေချာပေါက် မကောင်းဘူးနော်..."
အဘိုးအိုက ပြစ်တင်ပြောဆိုလိုက်သည်။
"တကယ်လို့ ငါက ဒုက္ခရောက်တယ်ဆိုရင် မင်းကို သေချာပေါက် အကူအညီတောင်းမှာပါ.."
ရွမ်ချုံက တိုးတိုးလေး ပြောလိုက်သည်။
ထိုအချိန် ချန်းကျန်းယုံ၏ မျက်လုံးထောင့်တွင် အဝေးမှနေ၍ လမ်းလျှောက်လာသော အစိမ်းဝတ်မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏အနားတွင်တော့ မျက်ခုံးရှည်နှင့် လူငယ်လေး ရှိနေပြီး သူတို့က အရက်အိုးကို အတူတကွ ယူလာကြသည်။
အဘိုးအိုက ထိုမိန်းမပျိုကို အပြုံးနှင့် လက်ဝှေ့ယမ်းပြလိုက်သည်။
"ရှို့ရှို့ ...ဒီကိုလာလေ။ ဟေ့..ဟေ့...ဘာလို့ လှည့်သွားရတာလဲ။ ရှို့ရှို့ မသွားနဲ့လေ။ သမီးမှာ သဘောကျရတဲ့သူ ရှိပြီလား။ မရှိသေးဘူးဆိုရင် ဦးလေး တစ်ယောက် ရှာပေးမယ်လေ။ ဒီလိုအရှေ့ပိုင်းကုန်းမြေကြီးထဲက လူတွေကို မကြည့်နဲ့။ သူတို့က ကြမ်းကြမ်းတမ်းတမ်းနဲ့ လူရိုင်းဆန်တယ်။ ဒီမှာ ဘယ်လိုလူကောင်းတွေ ရှိနိုင်မှာလဲ..."
"ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်းနဲ့ တာ့လီအင်ပါယာက စုန့်ချန်ကျင့်တို့ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့က ရှို့ရှို့အတွက် အရမ်းအသက်ကြီးနေပြီ။ တကယ်လို့ ရှို့ရှို့က လူကောင်းတစ်ယောက်ကို ရှာချင်တယ်ဆိုရင် တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲမှာ ရှာသင့်တယ်။ ဟူး...ရှို့ရှို့ထွက်သွားပြီပဲ..."
အဘိုးအိုက စိတ်ပျက်လက်ပျက်နှင့် ခေါင်းကို လက်နှင့် ကိုင်လိုက်သည်။ မျက်ခုံးရှည်နှင့် လူငယ်လေးကတော့ လမ်းလျှောက်လာပြီး သူ့ကို အရက်နှစ်အိုး ပေးလိုက်သည်မှာ ကံကောင်းသွား၏။ ချန်းကျန်းယုံက အရက်အိုးတစ်လုံးကို ခြေထောက်နားတွင် ချလိုက်ပြီး တခြားအရက်အိုးကို ဖွင့်၍ သောက်လိုက်ပြန်၏။
ရွမ်ချုံက အရက်အိုးကို ယူလိုက်သော်လည်း သောက်မည့် ပုံစံမျိုး မရှိချေ။
"ပတ်ပတ်လည်ကို ကြည့်ပြီး မင်းတို့သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်က ချောင်ကျွင်းကိုပဲ တွေ့ခဲ့တာ မဟုတ်လား။ ငါ မှတ်မိသလောက် ပြောရမယ်ဆိုရင် သူက အသက်(၁၀၀)လောက်တောင် ရှိနေပြီ.."
"ချောင်ကျွင်းက ဘာများမှားနေလို့လဲ."
အဘိုးအိုက အနည်းငယ် စိုးရိမ်သွားခဲ့သည်။
"သူက တော်တော်လေးကောင်းပါတယ်။ တကယ်လို့ သူသာ ငယ်ငယ်တုန်းက ပစ်မှတ်ထားခံရပြီး ထိခိုက်သွားခဲ့တာ မရှိဘူးဆိုရင် ဝေ့ကျင်းထက် ပိုပြီးတော့ ဆိုးမှာမဟုတ်ဘူး။ နောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် နောက်ပိုင်းမှ တိုးတက်လာတဲ့ မြေပြင်ဓားအင်မော်တယ် တစ်ယောက် (၂)ယောက်မှ မကတာ။ တကယ်လို့ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ဘိုးဘေး ချောင်ကျိက အစွမ်းမထက်လို့ သွားပြီးတော့ အပြစ်တင်လိုက်.."
"တကယ်လို့ သူသာ ချန်းကလန်ရဲ့မျိုးဆက် တစ်ယောက်ဆိုရင် ဘယ်သူကရော ဒီလိုပါရမီရှင်မျိုးကို ပစ်မှတ်ထားရဲမှာလဲ..."
ရွမ်ချုံက စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ သူကတော့ ချောင်ကျွင်းအပေါ် အလွန်ဆိုးရွားသော ခံစားမှုတစ်ခု ရှိနေသည်။
အဘိုးအိုက သက်ပြင်းချပြီး မေးလိုက်၏။
"ဒါပေမယ့် ဒါက တော်တော်ထူးဆန်းတယ်လို့ ငါတွေးမိတယ်။ သူတို့အားလုံးက မျိုးရိုးနာမည်အတူတူပဲ။ ဒီတော့ မြို့ငယ်လေးထဲမှာရှိတဲ့ မျိုးဆက်တွေက ဘာလို့ ဒီလိုသနားစရာကောင်းတဲ့ အခြေအနေမျိုး ရောက်သွားကြရတာလဲ။ သူတို့ရဲ့ကံကြမ္မာတွေ အားလုံးက ဘယ်ရောက်သွားခဲ့တာလဲ။ လွန်ခဲ့တဲ့ နှစ်(၁)ထောင် ဒါမှမဟုတ် နှစ်(၂)ထောင် အတောအတွင်း ချန်းမျိုးရိုးရှိနေတဲ့ လူတစ်ယောက်မှ အရှေ့ပိုင်းကုန်းမြေကြီး ဒါမှမဟုတ် တခြားကုန်းမြေကြီးမှာ မအောင်မြင်ခဲ့ဘူးလား..."
ရွမ်ချုံက ခဏကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ငါသိရသလောက်တော့ တစ်ယောက်မှ မရှိဘူး..."
ချန်းကျန်းယုံက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။ သူက ထပ်ပြောလိုက်၏။
"ဒါက ဟုတ်မယ်ထင်တယ်။ ဒါပေမယ့် ဖြစ်နိုင်တာက .."
လက်ရှိအချိန်တွင် ရွမ်ချုံက ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေရသလိုပုံစံမျိုး ဖြစ်သွားပြီး ချက်ချင်းပြန်ပြောလိုက်သည်။
"ချန်းကျန်းယုံ ....
မင်းက ဘယ်အချိန်တုန်းကများ ဒီလောက်တောင် ရွံစရာကောင်းလာတာလဲ..."
အဘိုးအိုက လက်တစ်ဖက် မြှောက်လိုက်သည်။ သူ၏လက်ချောင်းလေးများက တုန်ခါနေခဲ့၏။
"ငါက အစစ်အမှန်နဂါးတစ်ကောင်ကို ထပ်ပြီးတော့ မဆွဲနိုင်တော့ဘူး။ ငါက ခြေ(၄)ချောင်း မြွေတချို့ပဲ ဆွဲနိုင်တော့တယ်။ ကျန်းယုံ ဟုတ်လား။ ငါက နောက်ပိုင်းမှာ ငါ့နာမည်ကို ချန်းယုံလို့ ပြင်သင့်နေပြီ.."
သူက အရက်အနည်းငယ် သောက်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"တကယ်လို့ အရင်တုန်းကဆိုရင်တော့ ငါ့ရဲ့စကားတွေမှာ လေးနက်မှုတချို့ ရှိနေနိုင်သေးတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှမ်းမိုးမှုလည်း ရှိနိုင်တယ်။ ဒါပေမယ့် အခုတော့ ငါလုပ်နိုင်တဲ့အရာ ဘာမှမရှိတော့ဘူး.."
ရွမ်ချုံက ဒေါသထွက်သွားပြီး ပြန်ပြောလိုက်သည်။
"သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုရင် .."
အဘိုးအိုက ရွမ်ချုံ၏စကားကို ဖြတ်ပြီး ပြောလိုက်သည်။
"ဘယ်ကလန်မှာရော လူကောင်းနှင့် လူဆိုးတွေ ရောမနေလို့လဲ။ ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ တာအိုဂိုဏ်းတွေထဲမှာတောင် သူတော်စင်တွေ ၊ ကျင့်ဝတ်ပညာရှိတွေနဲ့ အဆင့်မြင့်ပညာရှိတွေရဲ့ ကြားထဲမှာတောင် ကွဲပြားမှုတွေ ရှိနေသေးတာပဲ မဟုတ်လား။ အဆင့်ကွဲပြားမှုဆိုတာရော ရှိသေးတာပဲ မဟုတ်လား။ ဒီလိုဆိုမှတော့ ဒါက မင်းထင်နေသလို မဆိုးသေးပါဘူး..."
ရွမ်ချုံက တိတ်ဆိတ်သွားခဲ့သည်။ သူ့ခေါင်းထဲတွင် လေးလံသော ခံစားချက်များ ရှိနေ၏။ သူ့ နှလုံးသားကို အလွန်ကြီးမားသော တောင်မြင့်ကြီးတစ်ခုက ဖိနှိပ်ထားသလို ဖြစ်နေခဲ့သည်။
လူသားများ၏ အစွမ်းက ကန့်သတ်ချက်ရှိနေသည်။ ထိုစကားက သူတော်စင်များအတွက်ပင် အတူတူသာဖြစ်၏။
Translated by Hein Htet.