← Chapters

အခန်း (၂၀၉)

Vol. 14 Ch. 209

အခန်း (၂၀၉)

Vol. 14 Ch. 209

ချန်းပင်အန်းက ပျော်ရွှင်စရာနှစ်သစ် ဖြစ်ကြောင်း ဆုတောင်းပေးရန် မိတ်ဆွေ သူငယ်ချင်းများဆီသို့ သွားရောက်လည်ပတ်နိုင်ခြင်း မရှိသော်လည်း လော်ပိုတောင်တွင် တစ်ယောက်တည်း တိတ်တဆိတ်နေထိုင်နေသည်မှာ အဓိပ္ပာယ်တော့မရှိခဲ့ပေ။

ထို့ကြောင့် ချန်းပင်အန်းက ကလေးနှစ်ယောက်ကို ဦးဆောင်ပြီး လော်ပိုတောင်ထဲမှထွက်၍ မြို့ငယ်လေးဆီသို့ ပြန်ရောက်လာခဲ့သည်။ ယခုမြို့ငယ်လေးက ခုံရုံးဝါတိုင်းပြည်၏ စီရင်စုမြို့များထက် နိမ့်ကျမှုမရှိသော အလုပ်အကိုင်များ ရှိနေကြသည်။

သို့သော် သံကြိုးရေတွင်းထဲတွင် သံကြိုးမရှိတော့သလို လမ်းမပေါ်တွင်လည်း ရှေးဟောင်းသစ်ခါးပင်အိုကြီး ပျောက်ဆုံးနေခဲ့သည်။ သီးသန့်ကျောင်းလေးထဲတွင်လည်း ဆရာချီ ပျောက်ဆုံးနေခဲ့၏။

မြို့ငယ်လေးက မည်မျှပင်စည်ကားနေစေကာမူ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများက မည်မျှပင်ပျော်စရာကောင်းစေကာမူ ချန်းပင်အန်းကတော့ အနည်းငယ် စိတ်ဓာတ်ကျနေသလို ခံစားနေရသေးသည်။

လမ်းကြားလေး၏အနားသို့ ရောက်လာပြီးနောက် စိမ်းပြာဝတ်ကောင်လေးက တည့်တည့်သာပြောလိုက်၏။

“ဆရာ …

ကျွန်တော်က အန္တရာယ်ရှိတဲ့အရာ ဘာမှမလုပ်တော့ဘူး။ ဒီတစ်ကြိမ် ကျွန်တော်တို့က ရွှံ့ပုလင်းလမ်းကြားထဲကို ပြန်လာတဲ့အချိန် ကျွန်တော့်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်တဲ့ လူတစ်ယောက် တွေ့ရမယ်ဆိုရင် ကျွန်တော်က တောင်တန်းထဲမှာပဲနေပြီး ဆရာ့ရဲ့ဘိုးဘေးနေအိမ်ကို လုံးဝပြန်မလာတော့ဘူး။ အဲဒီအချိန်ကျရင်တော့ ကျွန်တော်က သစ္စာမရှိလို့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့…”

သူတို့က ရွှံ့ပုလင်းလမ်းကြား၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည့်အချိန်တွင် လေလှိုင်းများထဲ၌ မက်မွန်သစ်ကိုင်းခြောက်လေးကဲ့သို့ ပိန်ပိန်ပါးပါးနှင့် ရင်းနှီးသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏လက်ထဲတွင် ရေပုံးတစ်ပုံးရှိနေပြီး သူမက တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော ရေတွင်းမှ ပြန်ရောက်လာခြင်းဖြစ်ပုံရသည်။ သူမက ခက်ခက်ခဲခဲ သယ်နေရပုံရ၏။

ခဏကြာပြီးနောက် သူမက ရေပုံးကို မြေကြီးပေါ်သို့ ချထားရန် ဆုံးဖြတ်လိုက်သည်။ ထိုမိန်းမပျိုက ခါးကုန်းပြီး ရေပုံးကိုချ၍ အသက်ကို အမောတကောရှူနေရ၏။ ရေပုံးထဲမှ ရေများကလည်း ပတ်ပတ်လည်သို့ လွင့်စင်သွားခဲ့သည်။ သို့သော် မိန်းမပျိုကတော့ ထိုအရာကို အလေးထားခဲ့ခြင်း မရှိချေ။

သူမကတော့ စုန့်ကျိရှင်း၏အစေခံမလေး ကျစ်ကွေးဖြစ်သည်။ တိတိကျကျ ပြောရမည်ဆိုလျှင်တော့ ဝမ်ကျူးဖြစ်၏။ သူမက မည်သူ၏အစေခံမလေး ဖြစ်ချင်လဲဟူသည့် အကြောင်းအရာကတော့ ထိုမိန်းကလေး၏ ရွေးချယ်မှု ဖြစ်သည့်အတွက် ချန်းပင်အန်းက အပြစ်တင်ခဲ့ခြင်း မရှိချေ။

မည်သို့ဖြစ်စေကာမူ ငှက်တစ်ကောင်က ကောင်းမွန်သော သစ်ကိုင်းတစ်ခုတွင်သာ နားခိုရန် ရွေးချယ်ပါလိမ့်မည်။ ပါရမီရှိသော လူတစ်ယောက်ကလည်း အလုပ်အကျွေးပြုရန် ထိုက်တန်သော သခင်တစ်ယောက်ကိုသာ ရွေးချယ်ပါလိမ့်မည်။ ချန်းပင်အန်းက ထိုအရာကို စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ဖူး၏။ ထို့ကြောင့် လူတစ်ယောက်ကလည်း ထိုစည်းမျဉ်းကို လိုက်နာသည်မှာ သဘာဝသာဖြစ်သည်။

နှင်းမုန်တိုင်းများ သည်းထန်စွာ တိုက်ခတ်နေခဲ့သည့် ညအချိန် ထိုမိန်းမပျိုက နှင်းတောထဲ၌ လဲကျသွားသည့်အချိန်တွင် သူ့အိမ်ရှေ့သို့ ရောက်နေခဲ့သည်။ သူမက နောက်ဆုံးစွမ်းအားများကိုသုံးပြီး ခြံဝန်းတံခါးကို ခေါက်ခဲ့၏။ လူကယ်ခြင်း မကယ်ခြင်းကတော့ ချန်းပင်အန်း၏ရွေးချယ်မှုသာ ဖြစ်သည်။ ထိုကျေးဇူးတရားကို ပြန်ဆပ်ခြင်း မဆပ်ခြင်းကတော့ တစ်ဖက်လူ၏ရွေးချယ်မှုသာဖြစ်၏။

သို့သော် သူတို့၏ပြန်လည်ဆုံတွေ့မှုကတော့ ထင်ထားသည်ထက်ပင် ပို၍လျင်မြန်နေခဲ့သည်။ ချန်းပင်အန်း၏ စိတ်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ပေါ်လာခဲ့၏။

ကျစ်ကွေးကလည်း ချန်းပင်အန်းကို မြင်လိုက်ရပြီး သူမက ထိုလူငယ်လေးကို ကြည့်နေရင်း နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ သူက ယခုအချိန်ထိ မြက်ဖိနပ်များကို စီးနေသေးပြီး သူ့ခေါင်းပေါ်တွင်တော့ ဆံထိုးတစ်ချောင်း ရှိနေခဲ့သည်။ သူက အနည်းငယ်ပို၍ အရပ်ရှည်လာပြီး လမ်းကြားလေးများထဲတွင် သွားလာနေသည့် အချိန်ကကဲ့သို့ အထီးကျန်ဆန်သောပုံစံမျိုး မရှိတော့ပေ။ ယခု သူ့နောက်မှနေ၍ ကလေးငယ်နှစ်ယောက် လိုက်လာနေခဲ့၏။

ကျစ်ကွေးက စကားတစ်ခွန်းမျှမပြောခဲ့ပေ။

ချန်းပင်အန်းက သူမကို လက်ပြနှုတ်ဆက်တော့မည့်အချိန်တွင် စိမ်းပြာဝတ်ကောင်လေးက သူ့ကို ရှေ့သို့ တက်မသွားစေရန် တားဆီးထားပြီး ဒေါသထွက်နေခဲ့သည်။ သူ တင်မက ပန်းရောင်ဝတ်ကလေးမလေးကလည်း သူ့နောက်တွင် ပုန်းနေပြီး သူ၏အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့၏။ သူတို့က အံကြိတ်ထားကြပြီး အသက်ပင်မရှူရဲကြပေ။ သူတို့က သရဲတစ္ဆေများကို တွေ့သည့်အတွက် ကြောက်လန့်နေသော သာမန်လူများကဲ့သို့ဖြစ်နေ၏။ သူတို့က နေ့ခင်းကြောင်တောင် သရဲတစ်ကောင်ကို တွေ့နေရသလို ဖြစ်နေသည်။

စိမ်းပြာဝတ်ကောင်လေးဆီတွင်တော့ နောင်တတရားများ ပြည့်နှက်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက ထိုစကားလုံးများကို ကျယ်လောင်စွာ ပြောခဲ့မိခြင်းကြောင့် ဖြစ်သည်။ ယခုအခြေအနေက သူ့အတွက်တော့ အတော်လေး ဆိုးရွားနေခဲ့၏။

“ဆရာ …

ကျွန်မကြောက်တယ်။ ဒါက သေရတာထက်တောင် ပိုပြီးတော့ ကြောက်ဖို့ကောင်းသေးတယ်…”

ပန်းရောင်ဝတ်ကလေးမလေးက ချန်းပင်အန်း၏နောက်တွင် ပုန်းနေရင်း တီးတိုးပြောလိုက်သည်။

ချန်းပင်အန်းက သက်ပြင်းချပြီးပြောလိုက်၏။

“ဒါဆိုလည်း မင်းတို့က မြို့ထဲမှာရှိတဲ့ တစ်နေရာရာကို အရင်ဆုံးသွားလိုက်။ ဥပမာအနေနဲ့ ပြောရရင် နဂါးစီးလမ်းကြားထဲမှာရှိတဲ့ ငါ့ဆိုင်လေးကို သွားပြီး ကူညီပေးလို့ရတယ်။ ငါက မင်းတို့ကို ပြီးမှလာရှာတော့မယ်….”

ကလေးနှစ်ယောက်က အလွန်စိတ်သက်သာရာရသွားကြသည်။ သူတို့က ချက်ချင်း အဝေးကို လှည့်ထွက်သွားခဲ့ကြ၏။ ချန်းပင်အန်းကတော့ ရွှံ့ပုလင်းလမ်းကြားထဲသို့ တစ်ယောက်တည်း လျှောက်လာခဲ့သည်။ သူ့စိတ်ထဲတွင်တော့ လွန်ခဲ့သော နှစ်ပေါင်းများစွာ အတောအတွင်း ဖြစ်ပေါ်ခဲ့သော မြင်ကွင်းပေါင်းများစွာထဲမှ တစ်ခုက ပြန်ပေါ်လာခဲ့၏။

လူငယ်လေးက မိန်းမပျိုကို ရေပုံးသယ်ရန် ကူညီပေးခဲ့ပြီး သူတို့နှစ်ယောက်က လမ်းကြားထဲသို့ အတူတူလျှောက်လာခဲ့ကြသည်။

“အဲဒီကလေးနှစ်ယောက်က နင့်ရဲ့စာသင်သားလက်ထောက်နဲ့ အစေခံလား…”

ကျစ်ကွေးက မေးလိုက်သည်။

“ငါက တစ်ယောက်ယောက်ရဲ့ဆရာ ဖြစ်နေတဲ့ပုံစံနဲ့ တူလို့လား။ သူတို့က ငါ့ကိုဆရာလို့ခေါ်တယ်ဆိုတာ ဒီတိုင်းရိုးရိုးပါပဲ…”

ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ဪ ဟုတ်ပါပြီ…”

ကျစ်ကွေးက ပြန်ဖြေလိုက်သည်။

သူတို့က ချောင်ကလန်၏ ဘိုးဘေးနေအိမ်ကို ဖြတ်လျှောက်သွားသည့်အချိန်တွင် ခြံဝန်းတံခါးက ပွင့်နေကြောင်းတွေ့လိုက်ရသည်။ ချောင်ကျိက တံခါးရှေ့တွင်ထိုင်နေပြီး နေကြာစေ့ စားနေခဲ့၏။ ချောင်ကျွင်းကတော့ နံရံပေါ်တွင် ထိုင်ပြီး နေကြာစေ့စားနေခဲ့သည်။ သူတို့နှစ်ယောက်က ဒီနေရာတွင် ပြပွဲတစ်ခုကြည့်ရန် ရောက်လာသလို ထင်မှတ်ရ၏။

“သခင်မလေး …

ဒီကောင်လေးက မင်းရဲ့ချစ်သူလား…”

ချောင်ကျိက အပြုံးနှင့်မေးလိုက်သည်။

“မနက်အစောကြီးရှိသေးတယ်။ မင်းတို့နှစ်ယောက်က ကြည်နူးနေကြတာပဲ။ ဒါကြောင့် ငါနဲ့ ချောင်ကျွင်းလို အဘိုးကြီးနှစ်ယောက်ကတောင် အားကျနေရပြီ….”

ချောင်ကျွင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး သူတို့နှစ်ယောက်ကို မျက်မှောင်ကြုတ်၍ ကြည့်နေခဲ့သည်။ သူ့ခါးတွင် ဓားရှည်တစ်လက်နှင့် ဓားတိုတစ်လက် ချိတ်ထားခဲ့၏။

သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ငါတို့က အားကျတယ်။ အရမ်းအားကျနေတာ…”

“ဘမျိုးဘိုးတူဆိုတာပဲ ရှိမှာပဲလေ။ ဒါကြောင့်လည်း နင်တို့ရဲ့ဘိုးဘေးနေအိမ်က ပျက်စီးသွားတာ…”

ကျစ်ကွေးက အေးစက်စွာ ပြောလိုက်သည်။

ချောင်ကျိက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးမှာ အစွမ်းထက် မြေပြင်ဓားအင်မော်တယ် တစ်ယောက် ဖြစ်သည်။ သူက ပင်လယ်ဖိနှိပ်ကျောင်းဆောင်၏ ပိုင်ရှင်တစ်ဝက်လည်း ဖြစ်သည်။ သို့သော် သူက ဒေါသထွက်သွားခြင်း မရှိချေ။

သူက ပို၍ပင် ကျေနပ်စွာ ပြုံးလိုက်၏။

“ဟုတ်တယ် … သခင်မလေးပြောတာ မှန်တယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ငါတို့ချောင်ကလန်မှာ ဘာလို့အခုချိန်ထိ အမွှေးတိုင်ဝိညာဉ်တစ်ခုမှ မရှိရသေးတာလဲ။ ငါက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲမှာ အောင်မြင်နေပြီ။ အခြေခံကျကျ ပြောရမယ်ဆိုရင်တော့ ဒီနေရာမှာရှိတဲ့အရာတွေကလည်း ပိုပြီးတော့ကြီးကျယ်ခမ်းနားသင့်နေပြီလေ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ချောင်ကလန်က ဒီလိုသနားစရာအခြေအနေမျိုးကို လျော့ကျသွားရတာလဲ…”

ကျစ်ကွေးက အရှိန်လျော့လိုက်ခြင်း မရှိဘဲ ချောင်ကျိကို ပြန်လှည့်ကြည့်၍ အပြစ်ကင်းစင်စွာ ပြောလိုက်၏။

“ကောင်းကင်ဘုံရဲ့ဒုက္ခတွေကို ရှောင်တိမ်းလို့ရနိုင်တယ်။ ဒါပေမယ့် ကိုယ်တိုင်ဖန်တီးထားတဲ့ ဒုက္ခတွေကတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ရှင်တို့ကလန်ရဲ့ အမွှေးတိုင်ဝိညာဉ်တွေကို ဝါးမြိုလိုက်တာလို့များ မစဉ်းစားမိဘူးလား…”

“ဘယ်လိုပဲဖြစ်ဖြစ် မြို့ငယ်လေးထဲမှာ စွမ်းအင်မျိုးစုံကို တားဆီးထားတယ်။ ဒီတော့ ဘိုးဘေးကောင်းချီးတွေကို အားကိုးပြီး အမွှေးတိုင်ဝိညာဉ်တစ်ကောင်ကို ပျိုးထောင်ရတာက ကောင်းကင်ပေါ်ကို တက်လှမ်းရတာထက်တောင် ပိုပြီးတော့ ခက်ခဲသေးတယ်။ နဂိုကတည်းက ရှင်တို့ချောင်ကလန်မှာ အမွှေးတိုင်ဝိညာဉ်တစ်ခုမှ မရှိတာ မဟုတ်လား…”

ချောင်ကျိက အားရပါးရရယ်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ဒါက တော်တော်လေးလည်း သင့်တော်ပါတယ်။ သခင်မလေးရဲ့စကားက မှန်တာပဲ။ ဒီလမ်းကြားကြီးက အိုမင်းပြီး ပျက်စီးနေပြီ။ ဒီတော့ နင်းတဲ့အချိန်ကျရင် ချိုင့်ခွက်ထဲ မကျအောင် ဂရုစိုက်ပါ..”

ကျစ်ကွေး၏မျက်နှာက မည်းမှောင်သွားခဲ့ပြီး သူမက ထိုအဘိုးကြီးများကို ကျော်ဖြတ်၍ လျှောက်သွားခဲ့သည်။ ချန်းပင်အန်းကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့၏။

ချောင်ကျွင်းက အပြုံးနှင့်မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ အဘိုးကြီးချောင်။ တောင်ပိုင်းဝဲကတော့ကုန်းမြေကြီးထဲမှာ ခင်ဗျားရဲ့အောင်မြင်မှုတွေအရ အမိုးပေါ်မှာ အချင်းချင်း တိုက်ခိုက်နေတဲ့ အမွှေးတိုင်ဝိညာဉ်တွေ ဖန်တီးသင့်တယ် မဟုတ်လား…”

ချောင်ကျိက ထိုအကြောင်းအရာကို ဂရုမစိုက်ခဲ့ပေ။ သူက ပြန်ဖြေလိုက်၏။

“လီကျူးသုခဘုံထဲမှာ အမွှေးတိုင်ဝိညာဉ်တွေပေါ်လာဖို့ အရမ်းခက်တယ်ဆိုတာတော့ အမှန်ပဲ။ သူက ဒီစကားကို ပြောတဲ့အချိန်မှာ ငါတို့ကို လိမ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ရှဲ့ရှစ်နဲ့ ငါ့ရဲ့အောင်မြင်မှုတွေအရ အနည်းဆုံး အမွှေးတိုင်ဝိညာဉ်တစ်ကောင် ၊ နှစ်ကောင်တော့ ကျန်နေသင့်တယ်။ ဥပမာအနေနဲ့ပြောရရင် မက်မွန်ရွက်လမ်းကြားထဲမှာရှိတဲ့ အမွှေးတိုင်ဝိညာဉ်တစ်စုံရဲ့တည်ရှိမှုကြောင့် ရှဲ့ကလန်က ပျက်စီးမသွားသေးဘဲ နှစ်ရာပေါင်းများစွာ ထိန်းသိမ်းထားနိုင်သေးတယ်။ မဟုတ်ရင် သူတို့ကလည်း အစောကြီးကတည်းက ချောင်ကလန်နဲ့ အလားတူ ကံကြမ္မာမျိုးကို ကြုံနေရပြီ။ သူတို့ရဲ့စံအိမ်က ပျက်စီးပြီး မျိုးဆက်တွေအားလုံးလည်း သေသွားလောက်ပြီ…”

ချောင်ကျွင်းက အံ့ဩနေသော အမူအယာနှင့် နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး ပြောလိုက်သည်။

“သူတို့ကို အဲဒီမိန်းကလေးက သတ်လိုက်တာလား။ ဒါကြောင့် ခင်ဗျားက သူ့အပေါ် ဒီလောက်ရင်းနှီးနေရသေးတာလား။ ခင်ဗျားက သူ့ကို အိပ်ရာထဲခေါ်ဖို့ ကြိုးစားနေတာလား…”

ထိုအချိန်တွင် အမိုးပေါ်မှနေ၍ အနီရောင်မြေခွေးတစ်ကောင် ချောင်ကျွင်း၏ခေါင်းပေါ်သို့ ခုန်ဆင်းလာခဲ့သည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။

“သူနဲ့အိပ်မှာလား။ အဘိုးကြီးချောင်က အဲဒီလိုလုပ်ဖို့ သတ္တိမရှိသေးဘူး။ အခုအချိန်မှာ အဲဒီမိန်းကလေးက အစွမ်းထက်ပညာရှင်ပေါင်းများစွာရဲ့ အာရုံစိုက်မှုကိုခံနေရတယ်။ ဒါကြောင့် အဘိုးကြီးချောင်က အဆင့်တစ်ဆင့် ပိုမြင့်နေရင်တောင် သူ့ကို တပ်မက်ရဲမှာမဟုတ်ဘူး။ အများဆုံး သူက စနောက်တဲ့စကားလုံးမျိုးပဲ ပြောရဲလိမ့်မယ်။ ဒါက ဘာမှအကျိုးသက်ရောက်မှုမရှိတဲ့ အပေါ်ယံစကားလုံးတွေသက်သက်ပဲ…”

ချောင်ကျိက ပြန်လှည့်လာပြီး ပြုံးလိုက်သည်။

“ဝေးဝေးသွားစမ်း။ နင့်ရဲ့မြေခွေးရနံ့တွေက မွေးရပ်မြေရဲ့အနံ့တွေကို ခံစားလို့မရအောင် တားဆီးထားတယ်…”

ချောင်ကျွင်း၏ခေါင်းပေါ်တွင် ရှိနေသော မြေခွေးက ခြေထောက်တစ်ဖက်ကိုမြှောက်ပြီး ညွှန်ပြလိုက်သည်။ တစ်ချိန်တည်းတွင် ခြေထောက်ကို အားနှင့်ကန်ပြီး ပြောလိုက်၏။

“လာစမ်းပါ။ နင်က အရမ်းအစွမ်းထက်နေတယ်ဆိုရင်လည်း နင့်ရဲ့လက်ကောက်ဝတ်မှာရှိတဲ့ အသက်ဓားပျံကိုထုတ်ပြီး ငါ့ကို တိုက်ခိုက်လိုက်လေ။ ချောင်ကျိ… တကယ်လို့ နင်က ဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ နင်က ငါ့ရဲ့မြေးပဲ။ လာစမ်းပါ။ ငါ့ကို စိတ်ပါလက်ပါ တိုက်ခိုက်စမ်းပါ။ တကယ်လို့ ငါ ရှောင်မယ်ဆိုရင် ငါက နင့်ရဲ့မြေးမလေး လုပ်မယ်…”

ချောင်ကျွင်းက ခေါင်းခါလိုက်သော်လည်း အနီရောင်မြေခွေးက ပြုတ်ကျသွားခဲ့ခြင်း မရှိချေ။

“ခင်ဗျားတို့နှစ်ယောက်က အချင်းချင်း တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ထားလိုက်တော့။ ခင်ဗျားက ကျုပ်ကိုပြဿနာထဲ ဆွဲမထည့်လို့မရဘူးလား…”

သူက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

“ရိုးရိုးသားသားပြောရမယ်ဆိုရင် အဘိုးကြီးချောင်က (၃၈)ယောက်မြောက် သခင်မလေးတစ်ယောက်ကို ရှာထားတယ်။ တကယ်လို့ နင်သာ ဒါကို လက်မခံနိုင်ဘူးဆိုရင် သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်လိုက်ပေါ့။ သူ့ရဲ့အရေပြားကို နင့်ရဲ့အင်္ကျီအသစ်အဖြစ် သုံးလိုက်လေ။ နင်က အဲဒီအရာနဲ့ ရင်းနှီးနေတာပဲလေ။ ဒါဆိုရင် ဘာလို့ နင့်ရဲ့စိတ်ပျက်မှုတွေကို ငါ့အပေါ် ဖြေလျှော့ချင်နေရတာလဲ…”

“အဲဒီအဘိုးကြီးက ဖင်ကြီးတဲ့မိန်းမတွေကို ကြိုက်တယ်။ နှစ်ပေါင်းများစွာ ကြာပေမယ့် သူက နည်းနည်းလေးတောင် ပြောင်းမသွားဘူး။ ရွေံစရာကောင်းတယ်..”

အနီရောင်မြေခွေးလေးက ခနဲ့သလို ပြောလိုက်သည်။

ချောင်ကျိက ရှေ့တံခါးတွင် ထိုင်ချလိုက်ပြီး နေကြာစေ့ကို နောက်တစ်ကြိမ် စားနေခဲ့လေသည်။

“ကျုပ်..သိတယ်…”

ချောင်ကျွင်းက ပြန်ဖြေလိုက်သည်။

“ကျုပ်သိတယ်တဲ့လား…”

ချောင်ကျိက ထိုစကားလုံးများကို ဂရုတစိုက် စဉ်းစားကြည့်နေပြီး အေးစက်စွာ ပြုံးလိုက်သည်။

“မင်းက အဲဒီလိုစကားမျိုး ပြောဖို့ အရည်အချင်းရှိလို့လား…”

“ကောင်းပြီ .. ၊ ကောင်းပါပြီ။ ကျွန်တော် နားလည်တယ်…”

ချောင်ကျွင်းက အနည်းငယ် ယဉ်ကျေးသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။

ချောင်ကျိက အိမ်ထဲသို့ ဝင်သွားပြီး ပြောလိုက်၏။

“အဆင့်(၉) အမှိုက်ကောင်…”

ချောင်ကျွင်းက လုံးဝကို စိတ်ဝင်စားခြင်း မရှိချေ။

………..

ချန်းပင်အန်းက အိမ်နီးချင်း၏ အိမ်ရှေ့သို့ ရောက်လာပြီး ရေပုံးကို မိန်းကလေးဆီသို့ ပြန်ပေးလိုက်သည်။

“စုန့်ကျိရှင်းကော နင်နဲ့အတူ ပြန်မလာဘူးလား…”

သူက ပုံမှန်အတိုင်း မေးလိုက်၏။

သို့သော် ကျစ်ကွေးက သူ့မေးခွန်းကို ဘေးဖယ်ထားပြီး မေးလိုက်၏။

“ငါ့ရဲ့ ကြက်မကြီးနဲ့ ကြက်ကလေးတွေ ဘာဖြစ်သွားပြီလဲ…”

“ငါ မသိဘူး…”

ချန်းပင်အန်းက ဇဝေဇဝါ ဖြစ်နေသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။

ထိုမိန်းမပျိုက သူ၏အမူအရာကို သေချာစိုက်ကြည့်နေပြီး ရုတ်တရက် ပြုံးလိုက်၏။ သူမက ထိုအကြောင်းကို ထပ်မေးနေခြင်းမရှိဘဲ လက်နှင့် လေထဲတွင် တိုင်းပြလိုက်သည်။

“အခု စုန့်မူက နင့်ထက် ဒီလောက်တောင် အရပ်ပိုရှည်နေပြီ…”

“အော် ဟုတ်လား…”

ချန်းပင်အန်းက ပြန်လှည့်ပြီး သူ့ခြံဝန်းဆီသို့ လျှောက်သွားခဲ့သည်။ ခြံဝန်းတံခါးကို ဖွင့်ပြီး အတွင်းထဲသို့ ဝင်သွားခဲ့ပြီးနောက် ရှေ့တံခါးတွင် ရှိနေသော ကံကြမ္မာ စကားလုံးများက ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရသည်။

သူက ဒေါသထွက်သွားပြီး အိမ်နှစ်ခု၏ ကြားထဲတွင် ရှိနေသော နံရံဆီသို့ လျှောက်သွား၍ မေးမြန်းလိုက်၏။

“ကျစ်ကွေး …

ငါ့ရဲ့ကံကြမ္မာစာသားတွေ ဘယ်မှာလဲ…”

သို့သော် သူက ဒေါသတကြီး လျင်မြန်စွာ ရယ်လိုက်မိသည်။ ထိုကံကြမ္မာ စာသားများကို အိမ်နီးချင်း၏ အိမ်ရှေ့တံခါးပေါ်တွင် ကပ်ထားခြင်း ဖြစ်သည်။

ကျစ်ကွေးက ရေပုံးကို မီးဖိုချောင်ဘေးတွင် ချလိုက်ပြီး တည်ငြိမ်စွာ လျှောက်လာခဲ့၏။ သူမကလည်း အပြစ်ကင်းစင်သော အမူအရာနှင့် ပြန်ဖြေလိုက်သည်။

“ငါ မသိဘူးလေ…”

ထိုအရာက အစောပိုင်းတွင် သူမကို ချန်းပင်အန်း ပေးခဲ့သော အဖြေအတိုင်း အတိအကျ ဖြစ်သည်။

“ငါ့ကိုပြန်ပေးပါ…”

ချန်းပင်အန်းက ဒေါသတကြီး ပြန်တောင်းလိုက်၏။

ကျစ်ကွေးက မျက်လုံးပြူးသွားပြီး ပြန်ဖြေလိုက်သည်။

“ငါက မီးဖိုချောင်ထဲမှာ သစ်သားရုပ်ထုကို တမင်တကာ ချန်ထားခဲ့တယ်။ နင်က အဲဒီအရာကို နေရာရွှေ့လိုက်တယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး ငါ ဘာမှမပြောခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား…”

ချန်းပင်အန်းက ပြန်ပြောစရာ စကားလုံး မရှိခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သက်၍ သူက အမှန်တကယ်လည်း မှားနေခဲ့၏။

“နင်က ဆရာချီရဲ့သီးသန့်ကျောင်းလေးမှာရော စာသားတွေ ကပ်ခဲ့သေးလား…”

ကျစ်ကွေးက ရုတ်တရက် မေးလိုက်သည်။

ချန်းပင်အန်းက ခဏကြာ စဉ်းစားပြီး ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။

“ငါ ကပ်ခဲ့တယ်။ ငါက စာသားတွေနဲ့ ကံကြမ္မာ စကားလုံးတွေ နှစ်ခုလုံး ကပ်ခဲ့တယ်..”

သူက သူမနှင့် ထိုကိစ္စကို ဆက်၍ ဆွေးနွေးလိုခြင်း မရှိချေ။ ထို့ကြောင့် သူက အိမ်ထဲသို့ ဝင်သွားပြီး နောက်ဆုံးကျန်နေသည့် ကံကြမ္မာစကားလုံးကို ယူလိုက်၏။ ထို့နောက် လှေကားတစ်ခုကို ကိုင်ပြီး ရှေ့တံခါးပေါ်တွင် ကပ်လိုက်သည်။

ခြံဝန်းနံရံဘေးတွင် ရပ်နေသော ကျစ်ကွေးက သူ့ကို ပြောလိုက်၏။

“အဲဒါတွေက တော်တော်လေး ကြည့်ရဆိုးတယ်…”

ချန်းပင်အန်းက စိတ်ဝင်စားခြင်း မရှိချေ။ သူက လက်ချောင်းလေးများကို သုံးပြီး အနီရောင်စာရွက်ကို ရှေ့တံခါးပေါ်တွင် ကော်နှင့် သေချာကပ်လိုက်၏။

“ငါ အတည်ပြောတာ။ ငါ ဘာလို့ နင့်ကို လိမ်ရမှာလဲ။ ချန်းပင်အန်း … နင်က ဘာလို့ ဒီလောက်တောင် ခေါင်းမာပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရတာလဲ။ ဒီလိုရုပ်ဆိုးတဲ့ ကံကြမ္မာစာသားတွေက နိမိတ်ဆိုးတွေနဲ့ အတူတူပဲ…”

မိန်းမပျိုက စိုးရိမ်နေသော အသံနှင့် ပြောလိုက်သည်။

ချန်းပင်အန်းက လှေကားမှ ပြန်ဆင်းလာပြီး မော့ကြည့်လိုက်၏။ ထိုကံကြမ္မာစကားလုံးများက ရုပ်မဆိုးကြောင်း သူက သေချာနေသည်။

သို့သော် ကျစ်ကွေးကတော့ လက်ခံလိုခြင်း မရှိချေ။ သူမက ဆက်ပြောလိုက်၏။

“အဲဒါက တော်တော်လေး ရုပ်ဆိုးတယ်။ နင်က ငါ့ကိုမယုံဘူးဆိုရင် ချောင်ကျိနဲ့ တခြား ကျင့်ကြံသူတွေကို သွားမေးကြည့်လိုက်။ ငါ နင့်ကို မလိမ်ဘူးဆိုတာ နားလည်လိမ့်မယ်။ နင့်ရဲ့ခန္ဓာကိုယ်နဲ့ အမြင်က သာမန်လူတွေလိုပဲ။ ဒီတော့ နင့်ရဲ့ကြည့်ရှုနိုင်စွမ်းကလည်း ငါတို့ထက် နိမ့်တယ်…”

ချန်းပင်အန်းက အတွင်းထဲသို့ လျှောက်သွားပြီး တံခါးကို ကျယ်လောင်စွာ ပိတ်လိုက်သည်။ (၁၅) မိနစ်ခန့်ကြာပြီးနောက် ထိုကောင်လေးက ရှေ့တံခါးကို ဖွင့်၍ အပြင်ဘက်သို့ တိတ်တဆိတ် ထွက်လာခဲ့၏။ သူက ကံကြမ္မာစကားလုံးများကို မျက်လုံးပြူး၍ သေချာစိုက်ကြည့်နေခဲ့သည်။ ထိုအရာက ရုပ်ဆိုးခြင်း မရှိချေ။

သူ့ကို သတိထားမိသည့်အလား ကျစ်ကွေးက တံခါးဖွင့်ပြီး ခေါင်းထွက်လာ၏။ သူမ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်၏။

“အဲဒါက တော်တော်လေး ရုပ်ဆိုးတယ်…”

ချန်းပင်အန်းက မနေနိုင်တော့ဘဲ အနည်းငယ် စိတ်ရှုပ်သွားခဲ့၏။ သူက ထိုင်ခုံတစ်ခုထုတ်ပြီး ရှေ့တံခါးဘေးတွင် ထိုင်နေခဲ့သည်။ ခဏကြာပြီးနောက် သူက ကြွေထည်ဖုတ်သည့် နည်းလမ်းကို စတင်လေ့ကျင့်နေခဲ့၏။

ခြံဝန်းနံရံဘေးတွင် ထိုင်နေသည့် ကျစ်ကွေးက ကြွေထည်အလုပ်သမားတစ်ယောက် မဟုတ်တော့သော ကောင်လေးကို ကြည့်နေမိခဲ့သည်။ ခဏကြာပြီးနောက် သူမလည်း ပျင်းလာပြီး အခန်းထဲသို့ ဝင်သွားအိပ်ခဲ့သည်။

သူမက အိပ်ရာပေါ်တွင် လှဲပြီး စဉ်းစားနေခဲ့၏။ ချောင်ကလန်၏ ဘိုးဘေးနှင့် အိမ်တံခါးထုတ်တမ်းမှနေ၍ အမွှေးတိုင်ဝိညာဉ်တစ်ကောင်သာ မွေးဖွားလာခဲ့သည်။ ထိုအရာက အလွန်အမင်းကို အရည်အသွေးမြင့်မားသော အမွှေးတိုင်ဝိညာဉ်တစ်ကောင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က ရွှေရောင် တလက်လက် တောက်ပနေခဲ့သည်။ အကယ်၍ အနာအဆာ အနည်းငယ်သာ မရှိလျှင် ထိုအရာက တစ်ကိုယ်လုံး ရွှေရောင်ခန္ဓာကိုယ် ဖြစ်နိုင်မည်။ သို့သော် ထိုအမွှေးတိုင်ဝိညာဉ်က သူမ၏ ဗိုက်ကို ဖြည့်ပေးရန် မလုံလောက်သည်မှာတော့ ကံဆိုးသွားသည်။

တစ်ဖက်ခြံတွင် …

ချန်းပင်အန်း၏စိတ်က ကြွေထည်ဖုတ်သည့်နည်းလမ်းကို လေ့ကျင့်နေရင်း သူ့စိတ်က ရေလှိုင်းများကဲ့သို့ တည်ငြိမ်နေခဲ့သည်။ သူ အနားယူနေသည့်အချိန်တွင် သူ၏ကံကြမ္မာအကြောင်းကို စတင် စဉ်းစားနေခဲ့၏။ ရတနာတောင်၊ တိမ်တိုက်နီတောင်နှင့် အင်မော်တယ်မြက်ပင်တောင်တို့က ရွမ်ချုံ ပိုင်ဆိုင်သောတောင်များနှင့် နီးကပ်နေသည်။ ထို့ကြောင့် သူတို့၏ သဘောတူညီမှုအရ ထိုတောင်များကို ရွမ်ချုံဆီသို့ အခမဲ့ ငှားရမ်းထားနိုင်သည်။

ထိုတောင်များက အချင်းချင်း ကပ်နေသည့်အတွက်ကြောင့် ရွမ်ချုံက အနောက်ပိုင်းနယ်မြေထဲတွင် အကြီးဆုံးပိုင်နက်တစ်ခုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ တစ်ဖက်တွင်တော့ ရွမ်ချုံက ချန်းပင်အန်း၏ တောင်များကို ကြည့်ရှုစောင့်ရှောက်ပေးရမည်ဖြစ်ပြီး ပြဿနာများ မဖြစ်အောင် ကာကွယ်ပေးရမည် ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ချန်းပင်အန်းက ရွမ်ချုံအပေါ် အလွန်အမင်း ကျေးဇူးတင်နေခဲ့၏။

ကျန့်ကျူးတောင်နှင့် ပတ်သက်၍ ထိုနေရာကိုတော့ ပြောစရာတစ်ခုမျှ မရှိချေ။ ထိုအရာက အလွန်သေးငယ်သော တောင်တစ်တောင်ဖြစ်ပြီး အရည်အသွေးမရှိသော နေရာငယ်လေးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ထိုနေရာတွင် သုခဘုံတစ်ခု ဖန်တီးရန် မဖြစ်နိုင်ချေ။ အိမ်ငယ်လေးတစ်လုံး တည်ဆောက်၍သာ ရနိုင်သည်။

အမှန်အတိုင်းပြောရလျှင် ချန်းပင်အန်းတစ်ယောက်တည်းကသာ ထိုတောင်ကို ရွှေအဆီအနှစ် ကြေးပြားတစ်ပြား အသုံးပြုလိုခြင်း ဖြစ်သည်။ သို့သော် သူက လော်ပိုတောင်ကို သေချာစနစ်တကျ စီမံခန့်ခွဲရန် လိုအပ်၏။

ချန်းပင်အန်းက ဝါးအဆောက်အဦး၏ ထူးခြားသော သဘာဝကို သေချာသိနေခဲ့သည်။ ထို့ပြင် လော်ပိုတောင်တွင် တောင်တန်း၏ကံကြမ္မာကို စောင့်ရှောက်ရန် ကူညီပေးနေသော တောင်တန်းနတ်ဘုရား ကျောင်းဆောင်တစ်ခုလည်း ရှိနေသေးသည်။ ထိုနေရာက အလွန်ကောင်းမွန်သော မြေမျက်နှာသွင်ပြင်ရှိနေသည့် အဖိုးတန်နယ်မြေတစ်ခု ဖြစ်၏။

ထို့ပြင် ရေနဂါးတစ်ကောင်ဖြစ်လာရန် ရည်မှန်းချက် ရှိနေသော အနက်ရောင် စပါးအုံးမြွေတစ်ကောင်က ထိုနေရာတွင် အစောင့်အရှောက်သဖွယ် ရှိနေသည်။ ယခု ရေနဂါးမျိုးနွယ်နှင့် ပတ်သက်နေသော နောက်ထပ်ကလေးနှစ်ယောက်ကလည်း သူ့နောက်မှ လိုက်လာနေခဲ့၏။

ထို့ကြောင့် ချန်းပင်အန်းက စိမ်းပြာဝတ် ကောင်လေးနှင့် မြွေကျောက်တုံးများကို အပေးအယူလုပ်ရန် စဉ်းစားနေခဲ့သည်။ သူက လော်ပိုတောင်ကို ရတနာများ ပြည့်နှက်နေသော နေရာတစ်ခုအဖြစ် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ ထိုအရာက အနာဂတ်တွင် သူ့ကို ထိန်းသိမ်းထားနိုင်သော နေရာတစ်ခု ဖြစ်လာရန် မျှော်လင့်နေခဲ့သည်။

ချန်းပင်အန်းက ငွေကြေးကို သဘောကျသည်။ ထို့ကြောင့်လည်း သူ ငယ်ငယ်ကတည်းက ငွေကြေးရရန် ခက်ခဲမှုကို နားလည်နေခဲ့၏။ သို့သော် သူက ချမ်းသာလာသည့်အချိန်တွင် အလွန်ကပ်စေးနည်းသည့် လူတစ်ယောက်ဖြစ်သည်ဟု ဆိုလိုခဲ့ခြင်းလည်း မဟုတ်ချေ။

ထိုလူငယ်လေးက အနာဂတ်တွင် ဓားသိုင်းကို လေ့ကျင့်ရန် ဆုံးဖြတ်ထားသည်။ သို့သော် မည်သို့ လေ့ကျင့်ရမည်ဖြစ်ကြောင်း အတည်မပြုရသေးခင် မည်မျှပင် စိတ်မရှည်စေကာမူစိုးရိမ်ထိတ်လန့်နေစေကာမူ အကူအညီမဖြစ်နိုင်ပေ။ သူက ယောင်ရှန်သိုင်းကျမ်းကိုသာ စိတ်နှစ်ပြီး ဆက်၍ သေချာပေါက် လေ့ကျင့်ရပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သူက အကြိမ်ရေ (၁)သန်း လေ့ကျင့်မည်ဟု ကတိပေးထားပြီးသား ဖြစ်သည်။ ယခု သူက ထိုပစ်မှတ်ကို ရောက်ရန် အတော်လေး အလှမ်းကွာနေသေး၏။

အဆောင်ရေးဆွဲခြင်းနှင့် ပတ်သက်၍ ထိုအရာကလည်း မတူညီသော ဓားပညာကျင့်ကြံမှုတစ်ခုဟု သတ်မှတ်နိုင်သည်။ လက်သီးသိုင်းလေ့ကျင့်ခြင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အားဖြည့်ရန် နည်းလမ်းတစ်ခုဖြစ်ပြီး အဆောင်ရေးဆွဲခြင်းကတော့ လူတစ်ယောက်၏ သွေးကြောများကို အားဖြည့်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာနှစ်ခုက အချင်းချင်း ပဋိပက္ခမရှိဘဲ အချင်းချင်း ဖြည့်စွက်ပေးနိုင်ကြသည်။

ချန်းပင်အန်းက လမ်းလျှောက်ကျင့်စဉ် မလုပ်ဖြစ်သည်မှာ အချိန်အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။ ထိုအစား သူက အဆောင်ရေးဆွဲရန် အသုံးချရမည် ဖြစ်၏။ သို့သော် အဆောင်ရေးဆွဲခြင်းက အဆောင်စာရွက်များ လိုအပ်၏။ အဆောင်စာရွက်များက တန်ဖိုးရှိသော ရွှေနှင့်ငွေများ လိုအပ်၏။ ထိုအရာကို စဉ်းစားကြည့်လိုက်သည့် အချိန်တွင် ချန်းပင်အန်းက အနည်းငယ်အားနည်းပြီး ထိတ်လန့်သွားသလို ခံစားခဲ့ရသည်။ အဆုံးတွင်တော့ သူက ငွေကြေးအနည်းငယ်သာ ရရှိနိုင်သေးသည်။

ထိုအရာများက ချန်းပင်အန်း လက်ရှိရင်ဆိုင်နေရသော အကြီးမားဆုံး စိတ်ပျက်မှုများ ဖြစ်ပြီး သူက ထိုအရာကို ယာယီထိန်းချုပ်နိုင်စွမ်း မရှိချေ။ သူက ဓားဝိညာဉ် သူ့ကို ပေးခဲ့သော အိတ်ဆောင်ရတနာကိုလည်း အသုံးပြု၍ မရနိုင်သေးပေ။ သူက ပိုင်ဆိုင်မှုအများစုကို ပန်းပဲဆိုင်တွင် ထားသည်မှာ အလုံခြုံဆုံးဟု ခံစားမိသော်လည်း ထိုအရာက အဆင်ပြေသော အရာတစ်ခုတော့ မဟုတ်ချေ။

ချွေးတုံရှန်းနှင့် စိမ်းပြာဝတ် ကောင်လေးတို့၏ ရတနာနှင့် အိတ်ဆောင်ရတနာများကြောင့် ထိုရတနာများက မည်မျှ အဖိုးတန်ပြီး လက်တွေ့အသုံးဝင်ကြောင်း ချန်းပင်အန်းက သိနေခဲ့သည်။ ထို့ကြောင့်လည်း ထိုရတနာများက အလွန်ရှားပါးနေရခြင်း ဖြစ်၏။ အစွမ်းထက်သော ကျင့်ကြံသူများကပင် ထိုကဲ့သို့ ရတနာမျိုး လူတိုင်း မရှိနိုင်ပေ။

ချန်းပင်အန်းက တောင်ဘက်ကို လှမ်းကြည့်လိုက်၏။ ဆရာရွမ်၏ ဓားအခြေအနေက မည်သို့ ရှိနေသနည်း။ ရွမ်ချုံက နင်ယောင်အတွက် နတ်ဘုရားဓားတစ်လက် ဖန်တီးပေးမည်ဟု ကတိပေးထားခဲ့သည်။ ဆရာရွမ်က ထိုဓားကို ထုလုပ်ပြီးသွားသည့်အချိန်တွင် နင်ယောင်က သင့်တော်သော လက်နက်အသစ်တစ်ခု ရလာပါလိမ့်မည်။

လက်ရှိအချိန်တွင် သူ့ဆီ၌ သစ်သားဓား ရှိနေသေး၏။ သူက ထိုဓားများ၏ နာမည်ကို နတ်ဆိုးဖိနှိပ်ခြင်းနှင့် မိစ္ဆာသတ်ဖြတ်ခြင်းဟူသော နာမည်များပေးရန် စဉ်းစားခဲ့သည်။ နာမည်များပေးခြင်းက အကောင်းဆုံး အကြံဉာဏ်တစ်ခုဖြစ်ကြောင်း ခံစားမိခဲ့သည်။

ထို့နောက် စာသင်သားသူတော်စင် ပေးထားခဲ့သော ‘မြို့တော်ငယ်’ဟု ခေါ်သည့် ဓားငယ်လေးလည်း ရှိနေသေးသည်။ သို့သော် ထိုအရာကို ‘ပထမ’ဟူသော နာမည် ပြောင်းလိုက်ခြင်းက ပို၍သင့်တော်သည်ဟု ချန်းပင်အန်းက ခံစားမိခဲ့သည်။

မည်သို့ဖြစ်စေကာမူ နှစ်သစ်ကူးပထမဆုံးနေ့၏ မနက်ခင်းတွင် ထိုဓားငယ်လေးက ပထမဆုံးအကြိမ်အဖြစ် ဓားပျံတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည်နှင့် သူ၏ ချီစွမ်းအင်ပင်လယ်ကြီးထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ဓားငယ်လေးက စတင်ပျံသန်းလာပြီး နောက်တစ်ကြိမ် ဖျက်ဆီးနေပြန်သည်။

ချန်းပင်အန်း၏မျက်နှာက နီရဲနေပြီး နာကျင်မှုကို ခံစားနေခဲ့ရသည်။ သူက သက်ပြင်းချလိုက်ပြီး သူ့အိမ်ထဲသို့ ပြန်ရန် အချိန်မရခဲ့ပေ။ အဆုံးတွင်တော့ သူက လျင်မြန်ပြီး ကြမ်းတမ်းခက်ထန်သော ဓားငယ်လေး၏ ရန်စမှုကို ခုခံရန် မတ်တပ်ကျင့်စဉ်ကိုသာ လေ့ကျင့်လိုက်ရသည်။ သူက အတော်လေးကို ဆိုးဆိုးရွားရွား ခံစားနေခဲ့ရ၏။

တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာ ချွေးချန်းက မြို့ငယ်လေးနှင့် အနီးဆုံးတွင် ရှိနေသော ဆက်သွယ်ရေးစခန်းထဲတွင် ခဏကြာ နေထိုင်ခဲ့သည်။ သူက ထိုအရာနှင့် ပတ်သက်၍ ကြီးကြီးမားမား ပြဿနာတစ်ခု မရှိခဲ့သလို သူရှိနေခြင်းကို ဖုံးကွယ်ခြင်းမျိုးလည်း မလုပ်ခဲ့ပေ။

ယနေ့ တော်ဝင်နန်းဆရာ ချွေးချန်းက ဆက်သွယ်ရေးစခန်းထဲမှ ထွက်လာပြီး ဓားသမား ရှုယောင်ကို သူ့နောက်မှ လိုက်မလာရန် ပြောထားခဲ့သည်။ သူက တစ်ယောက်တည်း အဝေးကို လမ်းလျှောက်သွားခဲ့၏။

သူ၏ ခြေလှမ်းတစ်လှမ်းချင်းဆီက နှစ်ကီလိုမီတာခန့် ကွာဝေးပြီး အဆုံးတွင်တော့ သူက လမ်းကြားလေးတစ်ခုထဲတွင် ရပ်နေသော အဘိုးအိုတစ်ယောက်၏ ရှေ့ကို ရောက်လာခဲ့သည်။

ခြေဗလာနှင့် ဖရိုဖရဲဖြစ်နေသော အဘိုးအိုက ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ဆင်ထားသော တော်ဝင်နန်းဆရာကို မှင်တက်မိစွာ စိုက်ကြည့်နေမိခဲ့သည်။ သူ၏ မျက်လုံးများက မှှုန်ဝါးနေပြီး သူက နောက်ဆုံးကျန်နေသည့် အသိစိတ်ကို အားကိုး၍ ထူးဆန်းသော မေးခွန်းတစ်ခု မေးလိုက်သည်။

“မင်းက ငါ့မြေး မဟုတ်ဘူး။ ငါ့ မြေး ဘယ်မှာလဲ…”

ချွေးချန်း၏ မျက်လုံးထဲတွင် အလွန်ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တိတ်တိတ်နေရန်သာ ရွေးချယ်ခဲ့၏။

တစ်ကိုယ်လုံး ဖုန်မှုန့်များ ၊ မြက်ပင်များ လွှမ်းခြုံနေသော အဘိုးအိုက ဆက်မေးလိုက်သည်။

“ငါ့မြေး ဘယ်မှာလဲ။ ငါ မင်းကိုမတွေ့ချင်ဘူး။ ငါ့မြေးကိုပဲ တွေ့ချင်တယ်…”

ချွေးချန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့သည်။ သူ၏ လက်ချောင်းလေးများက လှုပ်ရှားနေပြီး အနည်းငယ် တုန်ယင်နေခဲ့၏။

ဖရိုဖရဲ အဘိုးအိုက ရုတ်တရက် ဒေါသထွက်လာပြီး အော်ပြောလိုက်သည်။

“ငါ့မြေး ဘယ်မှာလဲလို့ ။ မင်း ငါ့မြေးကို ဘယ်နေရာမှာ ဖွက်ထားတာလဲ။ ချန်းအာကို ငါ့ဆီ မြန်မြန်ပြန်ပေးစမ်း…”

ထိုစကားကို ပြောလိုက်ပြီးနောက် အဘိုးအို၏ အငွေ့အသက်များက ချက်ချင်းပင် အောက်ခြေသို့ ရောက်သွားခဲ့သည်။

“ငါက ငါ့မြေးရဲ့ နာမည်ကို ပြောင်းပေးရမယ်။ ငါက သူ့နာမည်ကို ပိုကောင်းတဲ့ စကားလုံးတွေနဲ့ ပြောင်းပေးရမယ်…”

သူက တီးတိုး ရေရွတ်လိုက်သည်။

ချွေးချန်း၏ မျက်နှာပေါ်တွင် ဝမ်းနည်းနေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အသံနှင့် ပြောလိုက်သည်။

“ဒါက မတူညီတဲ့ ဘဝတစ်ခုလိုမျိုးပဲ။ မဟုတ်သေးဘူး။ ဒီလောက်လည်း မရိုးရှင်းဘူး။ ဒီဖြစ်စဉ်က တော်တော်လေးကို ရှင်းလင်းနေတယ်…”

ဖရိုဖရဲ အဘိုးအိုက ချွေးချန်းကို ဘေးသို့ တွန်းဖယ်လိုက်သည်။ သူက ရှေ့ကို ဆက်လျှောက်သွားပြီး တစ်ယောက်တည်း တီးတိုး ရေရွတ်နေခဲ့၏။

“ငါ့လမ်းကနေ ဘေးဖယ်လိုက်။ ချန်းအာကို ရှာတာ မနှောင့်ယှက်နဲ့။ ငါက သူ့ဆရာကို သွားရှာပြီး ချန်းအာအတွက် နာမည်အသစ်ပေးလို့ရမရ မေးရမယ်…”

ချွေးချန်းက နေရာတွင် ရပ်နေပြီး အဘိုးအိုကို တားဆီးခဲ့ခြင်း မရှိချေ။

သူက အဝေးကို ကြည့်လိုက်ရာ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရသည်။ ထိုဘုန်းတော်ကြီးက သူ၏ခြေဖဝါးနှင့် လောကကြီးကို တိုင်းတာနေသည်။ သူက ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ဖြစ်၏။

Translated by Hein Htet.

All Chapters