← Chapters

အခန်း (၂၀၀)

Vol. 14 Ch. 200

အခန်း (၂၀၀)

Vol. 14 Ch. 200

ဝေ့ပိုက ချန်းပင်အန်းကို ထီးသစ်ပင်တောင်သို့ ခေါ်လာခဲ့သည်။ အကယ်၍ လူတစ်ယောက်က တောင်ခြေ၌ ရပ်ပြီး အပေါ်သို့ မော့ကြည့်လိုက်မည်ဆိုလျှင်ပင် ထိုတောင်မြင့်ကြီးက အလွန်အံ့ဩစရာကောင်းသည်ဟု တွေးမိကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုတောင်တန်းကြီးတစ်ခုလုံးက အလျားလိုက် လှီးဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

အနက်ရောင် စပါးအုံးမြွေက သူတို့ကို တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်သွားသည့် အချိန်တွင် ဖုန်များ ပြည့်နှက်နေ၏။ ထိုတောင်ထိပ်ပေါ်တွင် (၂)ကီလိုမီတာ (၃)ကီလိုမီတာခန့် ပတ်ပတ်လည်သာ ရှိသည်ဟု လူတစ်ယောက်က ပြောခဲ့ဖူးသည်။ နောက်ပိုင်းတွင်တော့ ထိုတောင်ထိပ်က ပို့ဆောင်ရေးစခန်းတစ်ခု ဖြစ်လာပါလိမ့်မည်။

သို့သော် ထိုအရာက သာမန်လူသားကမ္ဘာကြီးမှ ပို့ဆောင်ရေးစခန်းများနှင့် လုံးဝကို ကွဲပြားနေခဲ့၏။ သာမန်လူသားကမ္ဘာတွင်တော့ သင်္ဘောငယ်လေးများက ရေလမ်းကြောင်းများထဲတွင် လူနှင့်ကုန်စည်များကို သယ်ယူပို့ဆောင်ပေးကြရသည်။

ကျင့်ကြံရေးကမ္ဘာကြီးထဲတွင်တော့ ပို့ဆောင်ရေးစခန်းများက တိမ်တိုက် ပင်လယ်ကြီးများကို ဖြတ်ကျော်ပြီး လူအများကို ပို့ဆောင်ရန် ရည်ရွယ်ထားသည်။ ထိုသင်္ဘောများကို မည်သို့ခေါ်လဲဟူသည့်အရာနှင့် ပတ်သက်၍ ဝေ့ပိုက ချန်းပင်အန်းကို မပြောပြခဲ့ပေ။

ထီးသစ်ပင်တောင်ကို ဖြတ်ကျော်လာပြီးနောက် သူတို့က ရှန်ရှို့တောင်နှင့် အတော်လေးကို နီးကပ်လာခဲ့သည်။ သူတို့နှင့် ဦးတည်ချက်ကြားထဲတွင် တောင်နှစ်တောင်သာ ကွာခြားတော့၏။

ထိုအရာက ချန်းပင်အန်း၏ ရတနာတောင်နှင့် တောင်ပိုင်းစမ်းချောင်းတိုင်းပြည်မှ ကျင့်ကြံသူတစ်ယောက်၏ နွားချိုတောင်ဖြစ်သည်။ နွားချိုတောင်က မြင့်မားမှု မရှိသော်လည်း အသွင်အပြင်က အတော်လေးကို သိမ်မွေ့ပြီး ခိုင်မာသည်။ တောင်ခြေမှနေ၍ တောင်ထိပ်ထိအောင် အဆောက်အဦးများစွာက မြွေလိမ်မြွေကောက် ရှိနေခဲ့၏။

ဝေ့ပိုက အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောမှနေ၍ ခုန်ဆင်းလိုက်ပြီး ချန်းပင်အန်းကိုလည်း ဆင်းလာရန် ပြောလိုက်သည်။ ထို့နောက် သူက အနက်ရောင်စပါးအုံးမြွေကို တောင်ခြေတွင် စောင့်နေပြီး ဘယ်မျှမသွားရန် အမိန့်ပေးလိုက်သည်။

ထိုနေရာတွင် အမိုးခုံးတစ်ခု ရှိနေပြီး ထိုအမိုးခုံးပေါ်တွင် တောက်ပသော ရွှေရောင်စကားလုံး(၃)လုံးနှင့် ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခု ချိတ်ထားသည်။

“အဝတ်ထုပ်ဆိုင်…”

ဝေ့ပိုက ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူက လမ်းလျှောက်နေရင်း ရှင်းပြလိုက်သည်။

“ဒီနေရာက အပေါင်ဆိုင်ပဲ။ တစ်ချိန်တည်းမှာပဲ ရှေးဟောင်းပစ္စည်းဆိုင်လို့လည်း ပြောလို့ရတယ်။ ဒီနေရာမှာ ထူးဆန်းပြီး အံ့ဩစရာကောင်းတဲ့ ပစ္စည်းမျိုးစုံကို တွေ့နိုင်တယ်။ အရာအားလုံးကို ရောင်းချနိုင်သလို ဝယ်လို့လည်းရတယ်။ အရောင်းအဝယ်ပြီးသွားရင် လက်တစ်ဖက်နဲ့ ငွေကို ပေးပြီး တခြားလက်တစ်ဖက်နှင့် ပစ္စည်းကို ယူရလိမ့်မယ်…”

“ဒီနေရာရဲ့ အစောပိုင်း တည်ထောင်သူကတော့ မထင်မရှား ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့မှာရှိတာက စုတ်ပြတ်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေ ပြည့်နေတဲ့ အဝတ်ထုပ်တစ်ခုပဲ။ သူက ပစ္စည်းတွေ ဝယ်ဖို့ ရောင်းဖို့အတွက် နေရာတိုင်းကို သွားခဲ့တယ်။ သူရလာတဲ့ အရာတွေနှင့် မတူကွဲပြားတဲ့ ဘဝတစ်ခုကို နေနိုင်ခဲ့တယ်…”

“အောင်မြင်သွားတဲ့အချိန်မှာ သူက ဒီနေရာကို အဝတ်ထုပ်ဆိုင်လို့ ရိုးရိုးရှင်းရှင်းပဲ နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ နွားချိုတောင်က သူ့ရဲ့ ဆိုင်ခွဲတွေထဲက တစ်ခုပဲ။ ဒီနေရာမှာ ရှိတဲ့ အဆောက်အဦးတစ်ခုချင်းဆီတိုင်းမှာ မတူညီတဲ့ ရှေးဟောင်းပစ္စည်း တစ်မျိုးဆီကို ရောင်းချတယ်။ အဆောက်အဦးအများစုက ဆောက်လုပ်ရေး ပြီးသွားကြပြီ။ ဒီတော့ ပစ္စည်းကောင်းတွေ နည်းနည်းဆီ သယ်လာပြီး ဒီထဲမှာ ထည့်ထားတယ်။ သူတို့တွေက ထီးသစ်ပင်တောင်ပေါ်မှာရှိတဲ့ ပို့ဆောင်ရေးစခန်း ဆောက်ပြီးသွားတဲ့ အချိန်ကို စောင့်နေတာ။ ပြီးရင်တော့ တခြားနေရာတွေကို ကုန်ပစ္စည်းတွေ ပို့လို့ရပြီ…”

နွားချိုတောင်တွင် ရှိနေသော လူတိုင်းက အဖြူဝတ် ဝေ့ပိုကို တလေးတစား ဆက်ဆံကြသည်။ အဝတ်ထုပ်ဆိုင်မှ တာဝန်ခံဖြစ်စေ၊ တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်စေ၊ ဤနေရာသို့ ရောက်လာကြသော သူရဲကောင်း ကျင့်ကြံသူများဖြစ်စေ၊ သူတို့အားလုံးက ဝေ့ပိုကို တလေးတစား ဆက်ဆံကြ၏။ ဝေ့ပိုက မြောက်ပိုင်းတောင်၏ တရားဝင်နတ်ဘုရားတစ်ပါး သေချာပေါက် ဖြစ်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူများက သူ့ကို အလွန်လေးစားစွာ ဆက်ဆံနေကြခြင်း ဖြစ်၏။

ရလဒ်အနေနှင့် တောင်ပေါ်သို့ သွားသော သူတို့၏ ခရီးလမ်းက အလွန်အမင်းကို ချောမွေ့နေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် အဝတ်ထုပ်ဆိုင်က သူတို့ကို ခေါ်ဆောင်သွားပြီး မတူညီသော အဆောက်အဦးများ ၊ ရောင်းချနေသည့် ပစ္စည်းများကြောင်း ရှင်းပြရန် မိန်းမပျိုတစ်ယောက်ကိုပင် စေလွှတ်ပေးခဲ့သည်။ ထိုအရာက ချန်းပင်အန်းအတွက်တော့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့၏။

တစ်ပိုင်းတစ်စ အဆောက်အဦးထဲတွင်တော့ တာအိုကျမ်းစာမှ စာသားများ ရေးထိုးထားသော အစိမ်းရောင် ကဗျာအိုးလေးတစ်ခု ရှိသည်။ စုစုပေါင်း (၇)လုံးရှိနေပြီး အမြင့်ဆုံးကတော့ လူ့ခန္ဓာကိုယ် တစ်ဝက်နီးပါးခန့် ရှိသည်။ သူတို့ထဲတွင် အနိမ့်ဆုံးကတော့ လက်မောင်းတစ်ဖက်ခန့် အရှည်ရှိ၏။

ထိုအိုးထဲတွင် ရေများ ပြည့်နေပြီး ထိုရေများအားလုံးက ဤကမ္ဘာကြီးထဲတွင် နာမည်အကျော်ကြားဆုံး စမ်းချောင်း(၁၀၀)ဆီမှ ရလာခဲ့ခြင်းဖြစ်သည်ဟု ပြောပြခဲ့သည်။ နွေဦးရေများက ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး အလင်းတန်းများကဲ့သို့ ချောမွေ့စွာ စီးဆင်းနေသည်။ ထိုအရာက ဧည့်သည်များကို ဧည့်ခံရန်အတွက် ရေနွေးကြိုရန် အသင့်တော်ဆုံး ဖြစ်သည်။

“လူတွေက စားစရာမရှိဘဲ တစ်ရက် နေနိုင်တယ်။ ဒါပေမဲ့ ရေမရှိဘဲ တစ်မနက်တောင် မနေနိုင်ကြဘူး။ ဒါကြောင့် ရေသောက်တာက နံပါတ်(၁)ပဲလို့ သာမန်လူသားတွေကတောင် ဆိုရိုးစကားတွေ ပြောခဲ့ကြတာ။ ကျွန်မတို့ အဝတ်ထုပ်ဆိုင်မှာ မတူညီတဲ့ နယ်မြေအသီးသီးမှာရှိတဲ့ နွေဦးရေတွေရဲ့ အရည်အသွေးကို တိတိကျကျ တိုင်းတာနိုင်တဲ့ အထူးကျင့်ကြံသူတွေ ရှိတယ်..”

“ငွေရောင်ဘူးလေးတွေနဲ့ ပေတံအသေးလေးကို သုံးပြီး အဲဒီကျင့်ကြံသူတွေက ရေကို အလေးချိန်ချိန်ပြီး သူတို့ရဲ့အရည်အသွေးကို တိုင်းတာ စစ်ဆေးနိုင်ကြတယ်။ ပေါ့ပါးမှု၊ ကြည်လင်မှုနဲ့ ချိုသာမှုဆိုတဲ့ အရည်အသွေး(၃)မျိုးလုံး ပိုင်ဆိုင်ထားတဲ့ ရေတွေကိုပဲ ဒီအစိမ်းရောင် ကဗျာအိုးလေးထဲမှာ သိုလှောင်ထားကြတာ…”

“ဒါတွေက ဝတ်မှုန်လေးတွေ၊ ကျောက်စိမ်းအရည်တွေလို့ ကျွန်မက မခေါ်ရဲပါဘူး။ ဒါပေမဲ့ ဒီရေထဲမှာ သေချာပေါက် စွမ်းအင်တွေ ပါနေမယ်ဆိုတာတော့ ကျွန်မက အာမခံတယ်။ ဒီရေတစ်စက်ချင်းဆီတိုင်းက အရည်အသွေးမြင့်မားပြီး ဘာနဲ့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး…”

ထိုမိန်းမပျိုက ထူးထူးခြားခြား လှပခြင်းမရှိသော်လည်း သူမ၏အသံက နွေးထွေးပြီး သိမ်မွေ့ညင်သာလှသည်။ စကားပြောလိုက်သည့်အချိန်တိုင်း လေပြေလေညင်းလေးတစ်ခု တိုက်ခတ်သွားသလို ခံစားရ၏။

ကြည့်ရှုခြင်းအဆောက်အဦးထဲတွင်တော့ သူတို့က လူတစ်ရပ်နီးပါးခန့် အမြင့်ရှိသော ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။ ထိုပန်းချီကားများပေါ်တွင်တော့ အံ့ဩမှင်တက်ဖွယ်ရာ မိန်းမပျို (၁၂) ယောက်ကို ပန်းချီဆွဲထားသည်။ ထိုမိန်းမပျိုတစ်ယောက်ချင်းဆီက သူတို့၏ ပြည်နယ်များ၊ တိုင်းပြည်များထဲတွင် အလှဆုံးမိန်းကလေးများ ဖြစ်ကြ၏။

သူတို့ကို ကျွမ်းကျင်သော ပန်းချီဆရာတစ်ယောက်က ခြယ်သထားခြင်းဖြစ်ပြီး ထိုအရာများနှင့် ပတ်သက်၍ ပို၍ထူးခြားသည်မှာတော့ ထိုမိန်းကလေးများက အစစ်အမှန်ကဲ့သို့ အသက်ဝင်နေသလို ထင်မှတ်ရခြင်း ဖြစ်သည်။ တချို့က ခေါင်းငုံ့၍ တူရိယာများ တီးမှုတ်နေပြီး သူတို့၏အင်္ကျီလက်များကတော့ ရေလှိုင်းများကဲ့သို့ လှုပ်ရှားနေသည်။ တချို့ကတော့ လက်နှစ်ဖက်ကို မေးထောက်ပြီး အဝေးကို ငေးကြည့်နေကြ၏။ တချို့ကတော့ လက်ထဲတွင် ယပ်တောင်များကို ကိုင်ထားပြီး အလွန်အပြစ်ကင်းစင်၍ လှပသော ပုံသဏ္ဍာန်များ ရှိကြသည်။

သေချာကြည့်လိုက်မည်ဆိုလျှင် ထိုပန်းချီကားချပ်များထဲ၌ ထူးခြားသော ကိုယ်ပိုင် ပန်းချီလက်ရာများ ရှိနေသည့် မိန်းမလှလေးများ ပြည့်နှက်နေခဲ့သည်။ ထိုအရာက ပြောပြ၍ မရနိုင်လောက်အောင် လှပသော မြင်ကွင်းတစ်ခုလည်း ဖြစ်၏။

အမည်နာမ (၂၄)မျိုးနှင့် စီရင်ထားသော ပန်းချီကားချပ်များလည်း ရှိနေသေးသည်။ ထိုအတွင်းထဲတွင် ပိုးကောင်များ နိုးထလာခြင်း၊ မိုးကြိုးသံများ ထွက်ပေါ်လာသည့် မြင်ကွင်းများနှင့် လျှပ်စီးများ တောက်ပနေသည့် မြင်ကွင်းများလည်း ပါဝင်နေသည်။ တစ်ချိန်တည်းတွင် ကြည်လင်ခြင်းနှင့် တောက်ပခြင်း ဟူသော ပန်းချီကားကတော့ တစက်စက် ကျဆင်းနေသော မိုးရေများ၊ ဆောင်းဦးရာသီ အလယ်ပိုင်း ဟူသည့် ပန်းချီကားကတော့ ကောင်းကင်ပေါ်တွင် ထိန်ထိန်သာပြီး လှပလွန်းသော လပြည့်ဝန်းကြီး ပုံရိပ်တစ်ခုနှင့် တခြားပန်းချီကားမျိုးစုံ ဖြစ်ကြသည်။

သူတို့က အလွန်ထူးခြားဆန်းကြယ်သော ပန်းချီလက်ရာများ ဖြစ်ကြပြီး ထိုပန်းချီကားများကို ကြည့်မိသူတိုင်းက အံ့ဩဘနန်း လက်ခုပ်တီးမိကြပါလိမ့်မည်။

ဝေ့ပို ရှိနေသည့်အတွက်ကြောင့် ထိုမိန်းမပျိုက ချွင်းချက်ထားပြီး သူတို့ကို အဝတ်ထုပ်ဆိုင်၏ သီးသန့်ဥယျာဉ်ထဲသို့ပင် လှည့်ပတ်ခေါ်ဆောင်သွားခဲ့သည်။ သူတို့ လမ်းလျှောက်နေသည့်အချိန်တွင် သူတို့က ထူးဆန်းပြီး အံ့ဩဖွယ်ရာ အပင်မျိုးစုံ စိုက်ပျိုးနေသည့် လယ်သမားကျင့်ကြံသူများကို တွေ့ခဲ့ရသည်။

အဝတ်ထုပ်ဆိုင်က ထူးခြား ဈေးကြီးသော ပန်းပွင့်များ၊ သစ်ပင်များကို ရောင်းချပေးသည့်အပြင် ထိုဥယျာဉ်များကလည်း ထိုနယ်မြေ၏ ကံကြမ္မာကို ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ တစ်ချိန်တည်းတွင် ထိုကဲ့သို့သော ဥယျာဉ်မျိုးက မျက်လုံးနှင့် စိတ်ကို ကျေနပ်နှစ်သိမ့်စေနိုင်၏။ ထို့ကြောင့် အင်မော်တယ်အဖွဲ့အစည်းများအားလုံးက ထိုကဲ့သို့သော ဥယျာဉ်မျိုးကို အလွန် အလွန်တန်ဖိုးထားကြသည်။

အဝတ်ထုပ်ဆိုင်ကို လှည့်ပတ်သွားလာခဲ့ရပြီး အံ့ဩဖွယ်ရာ ကိစ္စရပ်များစွာကို မြင်လိုက်ရပြီးနောက် အမှန်တကယ် ချမ်းသာသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း ချန်းပင်အန်းလည်း နားလည်သွားခဲ့သည်။

နောက်ဆုံးတွင်တော့ စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် နာမည်မပြောခဲ့သော မိန်းမပျိုက သူတို့ကို နှုတ်ဆက်လိုက်သည်။

တောင်ပေါ်မှ ဆင်းလာပြီး အမိုးခုံးမှ ဖြတ်ကျော်လာပြီးနောက် ဝေ့ပိုက ချန်းပင်အန်းကို ပြန်လှည့်ကြည့်ရန် ပြောလိုက်သည်။ ထို့နောက် သူက လူငယ်လေး၏ မျက်လုံးရှေ့တွင် လက်ဖျောက်တီးပြီး အပြုံးနှင့် ပြောလိုက်၏။

“နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်။ တစ်ခုခု ပြောင်းလဲသွားသေးလား…”

ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်ရာ ယခု နွားချိုတောင်တွင် စိမ်းပြာရောင်မြူခိုးများ လွှမ်းခြုံနေကြောင်း တွေ့လိုက်ရသည်။ မကြာခဏဆိုသလို ထိုမြူခိုးများထဲတွင် အဖြူရောင်လျှပ်စီးကြောင်းများ လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။

“ဒါက တောင်တန်းအကာအကွယ်ဝင်္ကပါလို့ ခေါ်တယ်။ နွားချိုတောင် အသုံးပြုတဲ့ ဝင်္ကပါက နာမည်ကျော် မြူခိုးတိမ်တိုက် အိမ်မက်ပိုက်ကွန်ကနေ ဆင်းသက်လာတာ။ နဂိုတုန်းကတော့ အဲဒီအရာက ကွန်ဖြူးရှပ်သူတော်စင်တစ်ယောက်ရဲ့ မြေမျက်နှာသွင်ပြင် ပန်းချီကားတစ်ချပ်ပဲ။ ဒါပေမဲ့ နောက်ပိုင်းမျိုးဆက်တွေက ဆက်တိုက် ဆန်းစစ်ပြီး သန့်စင်ခဲ့တဲ့အတွက်ကြောင့် တဖြည်းဖြည်း ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားတယ်…”

“ဒီမြူခိုးတိမ်တိုက် အိမ်မက်ပိုက်ကွန်က အကာအကွယ်ဝင်္ကပါတစ်ခုအပြင် မကောင်းဆိုးဝါးတွေ၊ အညစ်အကြေးတွေကို ခုခံနိုင်တဲ့ ဖုန်းရွှေကို ထိန်းချုပ်ပြီး လေထုကို သန့်စင်ပေးနိုင်တယ်…”

“တော်တော်အံ့ဩဖို့ကောင်းတာပဲ…”

ချန်းပင်အန်းက သက်ပြင်းချလိုက်မိသည်။

“မင်းက အရမ်းဆင်းရဲတယ်လို့ ရုတ်တရက် ခံစားမိသွားပြီလား…”

ဝေ့ပိုက အပြုံးနှင့် မေးလိုက်သည်။

ချန်းပင်အန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

“ကျွန်တော်က ဆင်းရဲတယ်လို့ မခံစားရပါဘူး။ ဒါပေမဲ့ ကျွန်တော်က မချမ်းသာဘူးလို့တော့ ခံစားရတယ်…”

ထိုစကားကို ကြားသည့်အခါ ဝေ့ပိုက အားရပါးရ ရယ်လိုက်မိသည်။ ထို့နောက် သူတို့(၄)ယောက်က အနက်ရောင်စပါးအုံးမြွေ၏ နောက်ကျောပေါ်သို့ ပြန်တက်လိုက်ပြီး ရှန်ရှို့တောင်သို့ ဆက်၍ ခရီးထွက်လာကြသည်။

ကျင့်ကြံရေးကမ္ဘာကြီးထဲတွင် အပေးအယူလုပ်သည့်အချိန်တိုင်း တစ်ခါတစ်ရံ ရွှေနှင့် ငွေများကိုလည်း အသုံးပြုနိုင်ကြောင်း ဝေ့ပိုက ချန်းပင်အန်းကို ပြောပြခဲ့သည်။ သို့သော် ထိုအရာက အရေအတွက်တစ်ခုသာ ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ ရွှေငွေများကို အသုံးပြုရခြင်းက အတော်လေးကို ပြဿနာများလွန်းလှ၏။ နှစ်ဖက်စလုံးဆီ၌ ရှားပါးပြီး အဖိုးတန်သည့် အိတ်ဆောင်ရတနာတစ်ခုမရှိလျှင် အတော်လေးကို ပြဿနာများနိုင်သည်။

ဥပမာအနေနှင့် ပြောရလျှင် အကယ်၍ အင်မော်တယ်ရတနာတစ်ခုက ငွေစ(၈)သိန်း တန်ကြေးရှိသည်ဆိုလျှင် မည်သို့လုပ်ဆောင်မည်နည်း။ အကယ်၍ ထိုအရာကို ငွေသားအဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် ပမာဏက ပို၍ပင် ကြောက်စရာ ကောင်းသွားနိုင်သည်။ ထို့ကြောင့် ကျင့်ကြံရေးဂိုဏ်းများကြားထဲတွင် ကုန်သွယ်မှုက အထူးငွေကြေးများကို အသုံးပြု၍ လုပ်ဆောင်တတ်သည်။

ခဏကြာပြီးနောက် သူတို့က ရှန်ရှို့တောင်ကို အနီးကပ် မြင်လာရ၏။ ထိုတောင်က အလွန်အမင်းကို မြင့်မားလှသည်။ ပိယွင်တောင်ကြောင့်သာ မဟုတ်လျှင် ထိုတောင်က မြို့ငယ်လေး၏ အနီးနားတွင် အမြင့်ဆုံးနှင့် အလှပဆုံးတောင်အဖြစ် သတ်မှတ်နိုင်ပါလိမ့်မည်။ အမှန်အတိုင်းပြောရလျှင် ထိုအရာက တခြားတောင်မြင့်ကြီးများအားလုံးကို ဖိနှိပ်ရန် လုံလောက်အောင် ကြီးကျယ်ခမ်းနား၏။

“ရွမ်ရှို့ တောင်ထဲမှာ ရှိလား…”

ချန်းပင်အန်းက မေးလိုက်သည်။

“သူ မရှိဘူး….”

ဝေ့ပိုက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

ရှန်ရှို့တောင်၏ တစ်ဖက်တွင် အလွန်မက်စောက်သော တောင်မျက်နှာပြင် ရှိသည်။ နောက်ကွယ်တွင် လှုပ်ရှားနေသော တိမ်တိုက်ပင်လယ်ကြီးတစ်ခုလည်း ရှိနေပြီး ထိုမျက်နှာပြင်ပေါ်တွင် စကားလုံး(၄)လုံးကို ရေးသားထားသည်။

‘ကောင်းကင်ဘုံက ရှန်ရှို့တောင်ကို ဖန်တီးခဲ့တယ်….’

လူတစ်ယောက်က ပျံသန်းနိုင်ခြင်း မရှိသေး၍ ချီကျင့်ကြံသူများက အပေါ်ကို မော့ကြည့်လျှင်ပင် ထိုတောင်မြင့်ကြီး၏ အစစ်အမှန်ပုံရိပ်ကို မမြင်နိုင်ပေ။ သို့သော် ဆရာရွမ် ဖန်တီးထားခဲ့သော စည်းမျဉ်းများကြောင့် မည်သည့်ကျင့်ကြံသူကမျှ ခွင့်ပြုချက်မရှိဘဲ လုံချွမ်စီရင်စုထဲတွင် ပျံသန်း၍ မရပေ။

ထိုအရာက ဤနယ်မြေထဲတွင် ရှိနေသော ချီကျင့်ကြံသူများစွာအတွက် မလိုလားအပ်သော အခက်အခဲများစွာကို ဖန်တီးပေးခဲ့သည်။ ထို့ကြောင့် ပြဿနာများစွာလည်း ကြုံခဲ့ရ၏။ ယခင်တုန်းက ဓားအင်မော်တယ်အဖွဲ့များက ရှေးဟောင်းကုန်းမြေကြီးကို ဖြတ်ကျော်ပြီး တောင်ပိုင်းသို့ ပျံသန်းသွားလာခဲ့သည့်အချိန်တွင် မြို့ငယ်လေးကို ဖြတ်သွားသည့်အချိန်၌ အောက်သို့ ဆင်းလာခဲ့ရသည်။ သူတို့က သူတို့၏စိတ်သဘောထားကို ဖော်ပြရန်အတွက် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်၏။

ပန်းပဲဆရာ ရွမ်ချုံအပေါ် သူတို့၏သဘောထားကို ဖော်ပြခြင်းအပြင် ဤလူသားကမ္ဘာကြီးထဲတွင် သူတို့အတွက် အရေးပါဆုံးအရာများထဲမှ တစ်ခုကတော့ စည်းမျဉ်းများ ဖြစ်သည်။

ကျောက်စက်ပန်းဆွဲတောင်သို့ ဦးတည်နေသော ထိုဓားကျင့်ကြံသူအဖွဲ့ထဲတွင် မြေပြင်ဓားအင်မော်တယ် တစ်ယောက်ထက်မက ပါနေခဲ့သည့်အတွက်ရွမ်ချုံ၏အစွမ်းနှင့် လွှမ်းမိုးမှုက တဖြည်းဖြည်းမြင့်တက်လာခဲ့၏။ ရလဒ်အနေနှင့် တာ့လီအင်ပါယာထဲတွင် ရွမ်ချုံ၏ ရပ်တည်မှုက အဆင့်တစ်ခုထိ မြင့်တက်လာခဲ့၏။

တချို့ကတော့ ကောင်းမွန်သည့်အရာများအတွက် ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။ ဤလောကကြီးထဲတွင် အင်မော်တယ်တစ်ယောက် ဖြစ်လာသည်နှင့် လူတိုင်းက လွတ်လပ်ပေါ့ပါးမှုကို လိုချင်ကြသည်။ ထိုလူက ကျင့်ဝတ်နှင့် သာမန်စည်းမျဉ်းစည်းကမ်းများစွာကို လျစ်လျူရှုထားနိုင်သည်။

သို့သော် လမ်းစဉ်(၃)သွယ်နှင့် ကွန်ဖြူးရှပ်ကျောင်းတော် (၇၂) ခု ရှိနေသေးသည်ကို မေ့လျော့၍ မရနိုင်ပေ။ ထို့ပြင် အစွမ်းထက်သော ဖိနှိပ်ခြင်းကျောင်းဆောင်(၉)ခုလည်း ရှိနေသေး၏။ တောင်တန်း၊ ပင်လယ်၊ ဝိညာဉ်၊ နတ်ဆိုး၊ ဓားအင်မော်တယ်များ စသည့်အရာမျိုးစုံ ဖြစ်ကြသည်။ အစွမ်းထက်သော ဖိနှိပ်ခြင်း ကျောင်းဆောင်(၉)ခု မဖိနှိပ်နိုင်သော အရာတစ်ခုမျှ မရှိချေ။

ရွမ်ချုံက ထိုစည်းမျဉ်းများကို ကိုယ်တိုင်ဖန်တီးထားခဲ့ပြီး သူက ဖုန်းရွှယ်ကျောင်းဆောင်မှ ထွက်လာခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက ကွန်ဖြူးရှပ်တပည့်တစ်ယောက် မဟုတ်ချေ။ သို့သော် သူ၏စည်းမျဉ်းများက ကွန်ဖြူးရှပ်လမ်းစဉ် မဟာတာအိုကို လိုက်နာနေသည့်အတွက် ကွန်ဖြူးရှပ်အုပ်ချုပ်သူများကလည်း သူ့ကို အဆုံးထိ ထောက်ပံ့ပေးနေကြ၏။

အဆုံးတွင်တော့ ရွမ်ချုံ၏ စည်းမျဉ်းငယ်လေးများက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ထိုအရာက နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပတ်သက်မှုတစ်ခုလည်း ဖြစ်၏။

တစ်ချိန်တုန်းက ကျင့်ဝတ်သူတော်စင်ကိုယ်တိုင် လောကကြီးထဲတွင် လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းများ ချမှတ်ခဲ့ဖူးသည်။ ထိုအရာများက မမြင်ရသလို ထိတွေ့၍ မရနိုင်သော စည်းမျဉ်းများ ဖြစ်ကြသော်လည်း ထိုစည်းမျဉ်းများက ပြိုင်ဘက်ကင်း ဖြစ်သည်။

ဝေ့ပိုက တောင်ပေါ်သို့ တက်ရန် အနက်ရောင်စပါးအုံးမြွေကို အမိန့်မပေးခဲ့ပေ။ ထိုအစား သူက ပြန်လှည့်သွားရန် အမိန့်ပေးခဲ့ပြီး သူတို့ လာလမ်းအတိုင်း ပြန်သွားခဲ့သည်။

ထို့နောက် သူက တင်ပျဉ်ခွေထိုင်၍ သက်ပြင်းချပြီး ပြောလိုက်၏။

“ဒီနေရာလိုပဲ မတူညီတဲ့ တိုင်းပြည်တွေ၊ အင်ပါယာတွေမှာ အင်မော်တယ်စံအိမ်တွေ အများကြီး ရှိကြတယ်။ အဖွဲ့အစည်းတွေနှင့် ဂိုဏ်းတွေက သူတို့ရဲ့ ကိုယ်ပိုင်တောင်တန်းတွေ တည်ထောင်ကြပြီး တောင်တန်းအကြီးအကဲတွေအဖြစ် သတ်မှတ်ကြတယ်။ တချို့ကလည်း ပင်လယ်တွေထဲမှာ အခြေချပြီး နဂါးဘုရင်တွေအဖြစ် လုပ်ဆောင်ကြတယ်။ တချို့အုပ်ချုပ်သူတွေကတော့ အဲဒီအင်အားစုတွေကို တိုင်းပြည် ကာကွယ်ဖို့အတွက် သတ်မှတ်ကြတယ်။ တချို့ဘုရင်တွေကတော့ အဲဒီအဖွဲ့အစည်းတွေကို တိကျလွတ်လပ်တဲ့ အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ကြတယ်…”

“နောက်ပိုင်းလူတွေကတော့ မတူညီတဲ့ မျိုးရိုးနာမည်ရှိနေတဲ့ နယ်မြေအုပ်ချုပ်သူတွေလို့လည်း သတ်မှတ်ကြတယ်။ သူတို့ရဲ့ သဘာဝက နန်းတွင်းဦးဆောင်မှုအပေါ် အကျိုးသက်ရောက်မှု မရှိဘူး။ ဒါပေမဲ့ အဲဒီအင်အားစုတွေက အရမ်းအစွမ်းထက်တဲ့အတွက်ကြောင့် ဘုရင်တချို့ကလည်း သူတို့ကို လက်ခံပြီး သူတို့အပေါ် တလေးတစား ဆက်ဆံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူသားတိုင်းပြည်တွေနှင့် အင်မော်တယ်အဖွဲ့အစည်းတွေက အချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်တာ ကျင့်ဝတ်သူတော်စင်ရဲ့ ကျေးဇူးကြောင့်ပဲ…”

ချန်းပင်အန်းက ဝေ့ပို၏အနားတွင် ထိုင်ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“ဒီကိစ္စတွေက ကျွန်တော်နဲ့ အရမ်းအလှမ်းဝေးသေးတယ်…”

ဝေ့ပိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“တကယ်လို့ သူတို့က အရမ်းအလှမ်းဝေးသေးတယ်လို့ မင်းက တွေးမယ်ဆိုရင်တော့ သူတို့က အရမ်းအလှမ်းဝေးမှာပေါ့။ ဒါပေမဲ့ သူတို့က နီးစပ်တယ်လို့ မင်းက တွေးမယ်ဆိုရင်လည်း သူတို့က အရမ်းနီးလာမှာပဲ…”

ချန်းပင်အန်းက ရှန်ရှို့တောင်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။

“အဲဒီလိုလား…”

…………..

ရွှံ့ပုလင်းလမ်းကြားထဲတွင် ချန်းပင်အန်း၏ အိမ်အပြင်ဘက်၌ အစိမ်းဝတ်မိန်းကလေးတစ်ယောက် ရပ်နေခဲ့သည်။ ပိတ်ထားသော ခြံဝန်းတံခါးကို ကြည့်ပြီးနောက် သူမက နှစ်သစ်ကူးစာသားများနှင့် တံခါးနတ်ဘုရားများကို ကြည့်၍ လှည့်ထွက်သွားခဲ့သည်။

သို့သော် အမျိုးသမီး(၃)ယောက်က လျင်မြန်စွာ လျှောက်လာကြပြီး သူတို့နှင့်အတူ အသက် (၁၀)နှစ်ခန့် အရွယ်ရှိသော ကလေးနှစ်ယောက်ကို ခေါ်လာခဲ့သည်။ မိန်းမပျိုကို မြင်လိုက်ရသည့်အခါ သူတို့က အပြုံးနှင့် ပြောလိုက်၏။

“ဪ ရှို့ရှို့လည်း ဒီမှာရှိတာပဲ…”

ရွမ်ရှို့က သူတို့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူမက အနည်းငယ် စိတ်ညစ်သွားခဲ့၏။

သာမန်အမျိုးသမီးများကတော့ ထိုအရာကို စဉ်းစားနေခဲ့ခြင်း မရှိချေ။ ထိုမိန်းမပျို၏ အဖေက မည်ကဲ့သို့သော နတ်ဘုရားအင်မော်တယ်မျိုးဖြစ်ကြောင်း သူတို့က မသိသော်လည်း ဆရာရွမ်က အလွန်အမင်းကို အစွမ်းထက်သော လူတစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းမိနေကြသည်။

မြို့ငယ်လေးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ကောလာဟလမျိုးစုံ ပျံ့နှံ့နေခဲ့၏။ တိုင်းပြည်အရာရှိကပင် ထိုသတ်လတ်ပိုင်းလူကြီးနှင့် တန်းတူယှဉ်နိုင်သည်ဟု ပြောဆိုရဲခြင်း မရှိချေ။ ထိုအမျိုးသမီးများက ထိုအရာကို လုံးဝဂရုမစိုက်ကြဘဲ ထိုအရာက မြှောက်ပင့်ပြောဆိုခြင်းသာ ဖြစ်မည်ဟု ယုံကြည်နေကြသည်။

သို့သော် မုန့်ဆိုင်နှင့် ကုန်စုံဆိုင်တွင် ရွမ်ရှို့နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ရပြီးနောက် သူတို့၏ အကြောက်တရားများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ယခုတော့ ထိုအမျိုးသမီးများက အတော်လေး စိတ်အေးသွားသလို ခံစားလိုက်ရပြီး ရွမ်ရှို့ဆီတွင် ချမ်းသာသော သခင်မလေးတစ်ယောက်၏ အကျင့်စရိုက်မျိုး မရှိကြောင်း ခံစားမိခဲ့သည်။ သူမက အပြုံးမရှိခြင်း တစ်မျိုးတည်းသာ ရှိ၏။

ရွမ်ရှို့က မူလတုန်းကအတိုင်း သူတို့ကို လျစ်လျူရှုနေဆဲ ဖြစ်သည်။ သူမက ထိုအမျိုးသမီးများကို သည်းခံခဲ့ခြင်းမရှိသလို စကားတစ်ခွန်းမျှလည်း ပြန်မပြောခဲ့ပေ။ သို့သော် နောက်ဆုံးတွင်တော့ သူမက ရပ်မနေနိုင်တော့ပေ။

သူမက သူတို့ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“ရှင်တို့တွေက ဆိုင်က ပစ္စည်းတွေကို ယူတဲ့အချိန် ပိုက်ဆံမပေးရင်တောင် ထားလိုက်တော့။ ကျွန်မက ဒါကို ချန်းပင်အန်းဆီကနေ ဖုံးကွယ်ပေးထားပြီး ကျွန်မကိုယ်တိုင် စိုက်ပေးနိုင်တယ်။ ဒါပေမဲ့ ရှင်တို့က ချန်းပင်အန်းရဲ့ အိမ်ကိုတောင် လာပြီး ပြဿနာရှာချင်သေးတာလား…”

“ညီမလေးရှို့ရှို့ …

ငါတို့နဲ့ ပင်အန်းလေးရဲ့ ပတ်သက်မှုကို မင်း မသိဘူးလား။ ငါတို့က သူ့အမေ ငယ်ငယ်လေးကတည်းက အရမ်းရင်းနှီးကြတယ်။ ဒါကြောင့် ပင်အန်းလေးရဲ့ မိဘတွေ ဆုံးသွားတဲ့အချိန်မှာ ငါတို့က သူတို့ရဲ့အသုဘအတွက် ငွေအားတွေ ၊ လူအားတွေ စိုက်ပေးခဲ့ရတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ပင်အန်းလေးက တစ်ယောက်တည်း အထီးကျန်ပြီး အကူအညီမဲ့နေတယ်။ တကယ်လို့ ငါတို့လို သဘောကောင်းတဲ့ အိမ်နီးချင်းတွေ ကူညီပေးတာကြောင့်သာ မဟုတ်ရင် အဲဒီကလေးက အစာငတ်ပြီး သေသွားတာ ကြာလှပြီ။ ဘာကြောင့် ဒီနေ့ထိ အသက်ရှင်နိုင်ဦးမှာလဲ…”

“ဟုတ်တယ်၊ အဲဒါဟုတ်တယ်။ ပင်အန်းလေးက ငါ့ကို တွေ့တဲ့အချိန်မှာ ငါ့ကို ဒုတိယဒေါ်လေးလို့တောင် ခေါ်ရဦးမှာ။ သူ ငါ့အိမ်ကနေ စားစရာတွေ အလကား လာယူတဲ့အချိန် ငါကိုယ်တိုင် မစားရက်တဲ့ အသားတွေ ၊ ငါးတွေကိုတောင် သူ့ကို ကျွေးခဲ့ရတာ။ အမှန်အတိုင်းပြောရရင် ငါက ငါ့သားတွေကိုတောင် မကျွေးခဲ့ဘူး။ အဲဒီအစား ပင်အန်းလေးကိုပဲ အကုန်လုံး ကျွေးခဲ့တာ..။ ဒီလိုသနားကြင်နာမှုမျိုးက တန်ဖိုးဖြတ်လို့မရဘူး…”

“အခု ပင်အန်းလေးက ချမ်းသာသွားပြီ။ သူ့မှာ ဈေးဆိုင်နှစ်ဆိုင်ရှိတဲ့အပြင် တောင်တန်းတွေ အများကြီးလည်း ပိုင်ဆိုင်သွားပြီ။ ဒီလိုဆိုမှတော့ ငါတို့က ငါတို့ရဲ့ ကျေးဇူးတရားတွေကို ပြန်တောင်းတာ မှားလို့လား။ ဒီလိုနှလုံးသားကင်းမဲ့တဲ့ အရာမျိုးကို ဘယ်သူက လုပ်နိုင်မှာလဲ…”

“ရှို့ရှို့ …

မင်းက ချမ်းသာတဲ့ မိသားစုက ဆိုတာ ငါတို့သိတယ်။ ဒါကြောင့် ငါတို့အားလုံးက မင်းကို တလေးတစား ဆက်ဆံနေတာ။ မင်းက ဒါကိုတော့ ငြင်းလို့မရဘူး မဟုတ်လား။ ဒါပေမဲ့ မင်းက ငါတို့လို ဆင်းရဲတဲ့ မိသားစုတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို နားလည်မှာမဟုတ်ဘူး။ ငါတို့က ကလေးတွေကို ကျောင်းမပို့နိုင်ဘူး။ နဂါးမီးဖိုကြီးထဲမှာရှိတဲ့ အခြေအနေတွေက ပိုပြီးတော့တောင် ဆိုးသေးတယ်။ အရာအားလုံးက ငါတို့အတွက် အမှန်တကယ်ကို ခက်ခဲတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ပင်အန်းလေးဆီကနေ ငွေစတစ်သောင်းလောက် တောင်းနေတာမှ မဟုတ်တာ…”

“အခု နှစ်သစ်ကူး မဟုတ်ဘူးလား ။ နင့်ရဲ့ရင်ထဲကအတိုင်း ပြောစမ်းပါ။ ဒီကလေးတွေက သူတို့ရဲ့အစ်ကိုကြီး ပင်အန်းဆီကနေ နှစ်သစ်ကူး လက်ဆောင်အဖြစ် ငွေစနည်းနည်းလောက် တောင်းတာ မှားလို့လား…”

ရွမ်ရှို့၏ အမူအရာက အေးစက်နေပြီး သူမက တည့်တည့်ပြန်ဖြေလိုက်သည်။

“အဲဒါ အရမ်းမှားတယ်လို့ ကျွန်မထင်တယ်…”

ထိုအချိန်တွင် လမ်းကြားလေးထဲ၌ အိုးတိုးအမ်းတမ်း အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ အမျိုးသမီးတစ်ယောက်က သူမ၏ပေါင်ကို ရိုက်ပြီး ပြောလိုက်၏။

“ရှို့ရှို့ …

ဒီလိုစကားမျိုး ပြောလို့ မရဘူးလေ။ အရင်တစ်ခါ ပင်အန်းလေး မြို့ကနေ ထွက်သွားတဲ့အချိန် ငါတို့ကို ကျေးဇူးတင်တဲ့ လက်ဆောင်တွေ ပို့ဖို့ လူတစ်ယောက်တောင် လွှတ်ခဲ့တာ မဟုတ်ဘူးလား။ ငါတို့က ငါတို့ရဲ့ မသိစိတ်ကို ဆန့်ကျင်ပြီး အဲဒီအရာကို မငြင်းခဲ့ဘူး…”

“ဟုတ်တယ် ။ ငါတို့က အဲဒီလက်ဆောင်တချို့ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ အဲဒီအရာတွေက ကြေးပြားတွေနှင့်ပဲ လဲလို့ မရဘူး။ ငါတို့အားလုံးက ဆင်းရဲတဲ့လူတွေပဲ။ တကယ်လို့ ငါတို့က ဆန်နှင့် စားစရာတွေ မတတ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ။ ငါတို့လို လူကြီးတွေကို ထားလိုက်ဦး။ ငါတို့ကလေးတွေ ဘယ်လိုလုပ်မလဲ။ သူတို့က အရမ်းငယ်သေးတယ်။ ရှို့ရှို့… ငါ့သားရဲ့ လက်ပိန်ပိန်လေးကို ကြည့်လိုက်ပါဦး။ သူက ပင်အန်းလေး ငယ်ငယ်တုန်းကနဲ့ ဘာမှမကွာဘူး။ မင်းက အဲဒါကို ကြည့်ရက်နိုင်လို့လား…”

ရွမ်ရှို့က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ကျွန်မက အဲဒါကို ကြည့်နိုင်တယ်…”

အမျိုးသမီး(၃)ယောက်က တိတ်ဆိတ်သွားခဲ့၏။ အမျိုးသမီးတစ်ယောက်က သတိပြန်ဝင်လာပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

“သူနှင့် ထပ်ပြီးတော့ စကားမပြောနဲ့တော့။ အဲဒီအစား ချန်းပင်အန်းကိုပဲ သွားရှာကြမယ်။ တကယ်လို့ သူက ငါတို့ရဲ့ တောင်းဆိုမှုတွေကို ပယ်ချချင်သေးတယ်ဆိုရင်တော့ ငါတို့က သူ့ကို နာကျင်အောင် ရိုက်လို့ရတယ်။ သူက သူ့ရဲ့ဂုဏ်သိက္ခာကိုတော့ ဂရုစိုက်ဦးမှာပါ…”

တခြားအမျိုးသမီးနှစ်ယောက်ကလည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။ ထိုနည်းလမ်းက သေချာပေါက် အကျိုးရှိနိုင်၏။ အမျိုးသမီးတစ်ယောက်၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာ အမူအရာတစ်ခု ပေါ်လာပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“ချန်းပင်အန်း အကြောက်ဆုံးက သူ့မိဘတွေကို မကောင်းကြောင်း ပြောမှာကိုပဲ။ ဒီတော့ ဒါက သေချာပေါက် အကျိုးအရှိဆုံးနည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်…”

“ထွက်သွားကြစမ်း….”

ရွမ်ရှို့က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရွှံ့ပုလင်းလမ်းကြား၏ တခြားတစ်ဖက်ကို လက်ညှိုးထိုးပြလိုက်သည်။

သူမက ခံစားချက်ကင်းမဲ့စွာ ဆက်ပြောလိုက်၏။

“မဟုတ်ရင် ကျွန်မက ရှင်တို့အားလုံးကို သတ်ပစ်ရလိမ့်မယ်…”

Translated by Hein Htet.

All Chapters